လဖက်သုပ်နဲ့လား

ashinindakaMarch 21, 20111min1017

ဘုရားရှင် ဘုရားအဖြစ်သို့ရောက်ပြီးနောက်
ဘုရားအဖြစ်သို့ရောက်ခဲ့တဲ့ မဟာဗောဓိပင်အောက်မှာပဲ
(၇) ရက်ပတ်လုံး တင်ပလ္လင်ခွေမဖြုတ်ပဲ
လွတ်လပ်မှုအရသာ (ဝိမုတ္တိသုခ – The Bliss of Emancipation) ကို
ခံစားလျက် ထိုင်နေပါတယ်။

ပထမ (၇) ရက်ရဲ့ နောက်ဆုံးတစ်ညမှာတော့
ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုလုံ (အစုန်)၊ ပဋိလုံ (အဆန်) နှလုံးသွင်းတယ်။

ပဋိစ္စသမုပ္ပါဒ်ကို အင်္ဂလိပ်လိုတော့ အမျိုးမျိုး ပြန်ဆိုနေကြတယ်။
တချို့က Dependent Origination,
တချို့က Dependent Arising,
တချို့က Conditioned Arising,
တချို့က Conditioned Genesis.

မြန်မာပြည်က နာမည်ကြီးမိုးကုတ်ရိပ်သာဆရာတော်များကတော့
မိုးကုတ်ဆရာတော်ကြီးတီထွင်ခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးထဲက
အကွက်လေးတွေကို
ဒုတ်ခလေးနဲ့ ထောက်ကာ ထောက်ကာ
အကြောင်းကြောင့် အကျိုးဖြစ်၊ အကြောင်းကြောင့် အကျိုးဖြစ် ဆိုပြီး
ယောဂီများကို သင်ကြားပြသနေတာ မကြာမကြာတွေ့ဘူးတယ်။
ဒါ့ကြောင့် ဒီပဋိစ္စသမုပ္ပါဒ်ဆိုတာကို
အကြောင်းကြောင့်အကျိုးဖြစ်တဲ့တရားဒေသနာတော်ကြီးလို့
မြန်မာလို ဘာသာပြန်ရလိမ့်မယ်။

လူသားအပါအဝင် သက်ရှိသတ္တဝါတွေရဲ့
မွေးဖွားမှု၊ သေဆုံးမှု၊ တဖန် ပြန်လည်မွေးဖွားမှု စတဲ့ ဖြစ်စဉ်တွေကို ဟောကြားထားတဲ့ဒေသနာတော်ကြီးပါ။
ဒီတရားဒေသနာတော်ကြီးထဲမှာ
ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်နေတဲ့ မွေး၊ အို၊ သေ (ဇာတိ၊ ဇရာ၊ မရဏ) သဘာဝတရားတွေကို ဟောထား ပြောထားတာပါ။ ဘာမှ လုပ်ကြံပြီး ပြောထားတာ မပါပါဘူး။
အပိုမဆလာ မပါပါဘူး။

ဒါကို ဘုရားရှင်ကိုယ်တိုင်ကလဲ ပြောခဲ့ဘူးပါတယ်။
ဒီကမ္ဘာလောကကြီးမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်သည်ဖြစ်စေ၊
မပေါ်ပေါက်သည်ဖြစ်စေ၊ အကြောင်းကြောင့် အကျိုးဖြစ်တဲ့သဘောတရား
(ပဋိစ္စသမုပ္ပါဒ်) ကတော့ ရှိနေမှာပါတဲ့။

တစ်ခါတုန်းက ရှင်အာနန္ဒာကြီးက
“ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးက ခက်ခဲနက်နဲတယ်လို့ ပြောနေကြပေမဲ့
တပည့်တော်အတွက်တော့ ရှင်းလင်းနေတာပဲဘုရား” လို့ မြတ်စွာဘုရားကို လျှောက်တယ်၊

ဒီတော့ မြတ်စွာဘုရားက
“ဒီလိုတော့ မပြောလိုက်ပါနဲ့ အာနန္ဒာရယ်၊
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးက အင်မတန်နက်နဲတာပါ။
ဒီလိုနက်နဲတဲ့အတွက် ပဋိစ္စသမုပ္ပါဒ်တရားကို ခြေခြေမြစ်မြစ် မသိကြဘူး။
မသိကြလို့လဲ သတ္တဝါတစ်တွေ သံသရာရှည်နေကြရတာပေါ့” လို့ မိန့်ဘူးပါတယ်။

ဘုရားရှင်မိန့်တဲ့ဟာကို ဒီလို နားလည်မိတယ်။
ပဋိစ္စသမုပ္ပါဒ်တရားက နက်နဲတယ်၊ နားလည်ဘို့မလွယ်ဘူး။
နားမလည်လို့လဲ သံသရာရှည်နေကြတာ၊ နားလည်ရင် သံသရာတိုမယ်၊
သံသရာက လွတ်မြောက်မယ်။
ဒါ့ကြောင့် ပဋိစ္စသမုပ္ပါဒ်တရားကို သိအောင်လုပ်ရပါမယ်။

စာပေမှာကလဲ
“ပဋိစ္စသမုပ္ပါဒ်ကို သိမှ တရားကို သိတာ၊
တရားကို သိမှ ပဋိစ္စသမုပ္ပါဒ်ကို သိတာ”
လို့ တိုက်ရိုက်ပါပါတယ်။

မြန်မာပြည်မှာ (အားလုံးက ဘုရားရှင်ဟောကြားခဲ့တဲ့နည်းတွေအတိုင်း ကျင့်ကြံနေကြပေမဲ့) မဟာစည်ဆရာတော်ဘုရားကြီးရဲ့ နည်း (မဟာစည်နည်း) နဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့နည်း (မိုးကုတ်နည်း) ဆိုတာတွေ ရှိပါတယ်။

အဲ့ဒီနည်းတွေရဲ့ တရားရိပ်သာခွဲတွေလဲ တော်တော်ပေါများပါတယ်။
ဆရာတော်ကြီးနှစ်ပါးလုံးက စာတတ်ကြီးတွေ၊
တကယ်ကျင့်ကြံထားတဲ့ ဆရာတော်ကြီးတွေဆိုတော့ ဟောပြောချက်တွေက
ရှင်းနေတာပဲ။ လင်းနေတာပဲ၊ နားဝင်လွယ်တယ်။

သိရသလောက်တော့ မဟာစည်ဆရာတော်ကြီးရော မိုးကုတ်ဆရာတော်ကြီးပါ
ဒီ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ကျယ်ကျယ်ပြန့်ပြန့် တခန်းတနား ဟောကြားခဲ့တယ်။
ဒါပေမဲ့ အခုခေတ်ပိုင်းမှာတော့ ပဋိစ္စသမုပ္ပါဒ်လို့ ပြောလိုက်တာနဲ့
မိုးကုတ်နည်း ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးကို မျက်စိထဲ တန်းမြင်ယောင်တော့တာပဲ။
မဟာစည်ဆရာတော်နည်း (သို့မဟုတ်) မဟာစည်နည်းလို့
ဘယ်သူမှ မမှတ်ယူကြတော့ဘူး။
တချို့ မဟာစည်ဆို ပဋိစ္စသမုပ္ပါဒ်ဟောတယ်လို့တောင် မထင်ကြတော့ဘူး။

မိုးကုတ်ဆရာတော်ကြီးရဲ့ နည်းကို အားသန်တဲ့ လိုက်ဟောတဲ့
နောက်မျိုးဆက် ဆရာတော်တွေက
သူတို့တရားစခန်းပွဲဖွင့်တဲ့အခါတိုင်း ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးကို ထောင်ကာ  သင်ပေးလေ့ရှိတယ်။ စက်ဝိုင်းကြီးကို လက်မလွှတ်တော့ဘူး။
လက်လွှတ်လို့လဲ မရတော့ဘူး။
စက်ဝိုင်းနဲ့ မိုးကုတ် တစ်သားတည်း ဖြစ်နေပြီ။

ဆရာတော်အများစုကတော့ ကျကျနန ပိုင်ပိုင်နိုင်နိုင် ကွက်ကွက်ကွင်းကွင်း
ရှင်းပြ ဟောပြနိုင်ကြပါတယ်။
ဒါပေမဲ့ အချို့ဆရာတော်တွေက မြတ်စွာဘုရားကိုယ်တော်တိုင်
နက်နဲပါတယ်လို့ပြောခဲ့တဲ့ ဒီပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးကို
စာပေလဲ ကျကျနနမသင်ဘူး၊ တရားလဲ ကျကျနနအားမထုတ်ဘူးပဲနဲ့
အာဘောင်အာရင်းသန်သန် ပလ္လင်ပေါ်ကနေပြီး
အဝိဇ္ဇာလား၊ တခြားလားလို့ မေးနေတာကို တွေ့တွေ့နေရတယ်။

နိုင်ငံခြားသားယောဂီတစ်ယောက် မဟာစည်ကို တရားလာထိုင်တယ်တဲ့။
တရားပြတဲ့ဘုန်းကြီးတွေ အနည်းဆုံးသောတာပန်အဆင့်လောက်တော့ ရှိသင့်တယ်လို့
သူ ပြန်ခါနီး ပြောသွားဘူးတယ်လို့ ကြားဘူးတယ်။
တရားပြတဲ့ ဘုန်းကြီးတွေ
သောတာပန်လောက်ဖြစ်အောင်
ကြိုးစားနိုင်ရင်တော့ ကောင်းတာပေါ့လေ။

သို့သော်လဲပဲ တရားပြမဲ့ ဘုန်းကြီးတွေ သောတာပန်အဆင့်မရောက်တောင်
စာပေကို ဓမ္မာစရိယလောက်ထိ သေသေချာချာ ကျကျနန သင်ယူပြီး
ဆရာနည်းမိမိတော့ တရားအားထုတ်ဘူးသင့်တယ်လို့ ယူဆတယ်။

မိုးကုတ်ကမ္မဋ္ဌာနာစရိယဆရာတော်တွေ
အမေး၊ အဖြေလေး လုပ်လုပ်ပြီး တရားဟောတတ်တာနဲ့စပ်လို့
ဟိုတလောက ဟာသလုပ်ခဲ့တာလေးကို သွားသတိရမိတယ်။

မိုးကုတ်ကမ္မဋ္ဌာနာစရိယဆရာတော်တွေက တရားဟောရင်း
အမေး အဖြေလုပ်တဲ့အခါ အဖြေကို အက်ကြောင်းလေး ပေးပေးပြီး မေးတတ်ပါတယ်။
ဆိုပါစို့။
ယောဂီကို “အဝိဇ္ဇာပါဘုရား” လို့ ဖြေစေချင်ရင်
ကဲ၊ ယောဂီတို့၊ ဒါ အဝိဇ္ဇာလား၊ တခြားလား လို့ မေးပါတယ်။
ဘယ်ယောဂီကမှ တခြားပါဘုရားလို့ မဖြေပါဘူး။
အဝိဇ္ဇာပါဘုရား ပေါ့

တဏှာလား၊ တခြားလား (တဏှာပါဘုရား၊)
ဇာတိကြောင့်လား၊ တခြားကြောင့်လား (ဇာတိကြောင့်ပါဘုရား) စသဖြင့်။

တစ်နေ့ မိုးကုတ်ကမ္မဋ္ဌာနာစရိယဆရာတော်တစ်ပါးရဲ့ ကျောင်းကို အလည်သွားတော့
ဆရာတော်က
ရေးနွေးဘုန်းပေးဘို့ ခေါ်ပါတယ်။
ဒါနဲ့
မိုးကုတ်ဓမ္မကထိကလေသံနဲ့ ပြန်မေးမိတယ်။

လဖက်သုတ်နဲ့လား၊ တခြားနဲ့လား လို့။

7 comments

  • ashinindaka

    March 21, 2011 at 6:06 am

    ဒကာကြောင်ကြီး ဖတ်ပြီးသား။ သူကတော့ ပုဇွန်ခြောက်လေးနဲ့ပါဘုရား တဲ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 21, 2011 at 8:39 am

    မြတ်စွာဘုရားရှင်၏ တစ်ချို ့သော တရားတော်တွေကို
    တစ်ပုဒ်၊ တစ်ကြောင်း နာကြားမိသောအခါ တစ်ချက်ကလေး ငြိမ်ပြီးနှလုံးသွင်းလိုက်ရင်
    တော်တော်လေး သံဝေဂဉဏ်တွေရမိပါတယ်။
    ဒါ့ကြောင့်လည်း ဖော်ပြပါ
    ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်ကို နှလုံးသွင်းကြည့်တဲ့ခါ ငါဟာ ငါမဟုတ်ဘူးဆိုတာကို
    မိမိနှလုံးသွင်းသလောက်မြင်လာရပါတယ်
    ဒါပေမယ့် အကုသိုလ်က များတာလားမသိပါ
    တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ
    ဓမ္မပဒ ထဲက အောက်ပါ အကြောင်းနှင့်လည်း ချိန်ဆမိပါတယ်

    ၃၄။ ရေတည်းဟူသော မှီရာ တည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ ပစ်ချထားအပ်သော ငါးသည်
    တဖျပ်ဖျပ် တုန်လှုပ် သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကို ပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍
    ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။
    တစ်ကယ်ခက်ပါတယ် တဏှာဆိုတာ ကာမဆက်ဆံခြင်းမှ မဟုတ်ပါဘူး
    ငါ့၌ တရားရှိ၏ဟု မာန်တက်မိရင်တောင် တဏှာလို ့မြင်မိပါတယ်။
    နောက်တစ်ခုက ဓမ္မကထိကတွေ သောတပန်တည်တာလားဘာတည်တာလားတော့မသိပါ
    တပည့်တော်အမြင်ပါဘုရား
    မြတ်စွာဘုရား၏ ဓမ္မတရားတော်တို ့ကို အစဉ်မပြတ် မှတ်ယူ နာကြားသူမှာ ဓမ္မဖြင့် ထုံမွှန်းသောသဘောရှိနေမယ်လို ့
    ခိုင်ခိုင်မာမာယုံကြည်မိပါတယ်
    ဓမ္မတရားတွေကို ထိုက်သလောက်သိရှိထားတဲ့သူတစ်ယောက်အနေနဲ ့
    အသက်ရှင်စဉ်မှာတော့ မသိပါ
    ဇိဝန်ချုပ်တော့မယ်လို ့သိတဲ့အခါ အဲ့သည်အချိန်
    သံဝေဂတစ်ချက်ရတာနဲ ့ကိုယ်နားလည်ထားတဲ့
    ပညာတွေဟာ အနိစ္စဆိုတဲ့ သတိသံဝေဂဆီကိုတန်းသွားပါတယ်
    ဒါ့ကြောင့် ဓမ္မတရားကို သိထားတာဟာ အကျိုးလုံးဝမနည်းဘူးလို ့ထင်ပါတယ်
    ဆိုလိုတာက ဇိဝန်ချုပ်ခါနီးမှ အရိယာကပ်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေ မနည်းမနော ရှိမယ်ထင်မိပါတယ်
    ဒီနေရာမှာ အားပြိုင်ကြတာက
    မြတ်စွာဘုရားရှင်ရဲ ့ တရားတော်ဒသနတွေကို သေခြာသင်ယူတွေးခေါ်တတ်တဲ့သူရယ်
    ကျင့်စဉ်တွေကို ပြင်းပြင်းထန်ထန်ကျင့်ကြသူတွေမှာ ပြိုင်ကြတာပါ
    သေချာတာကတော့ ပြိုင်နေတာကိုက
    ခပ်လွဲလွဲလေး ဖြစ်နေမလားပါ
    အမလေး တော်တော်ရှည်အောင်မန်းတာတောင် လိုရင်းရောက်ရဲ ့လားသိဘူး ဘုရား

    • ashinindaka

      March 21, 2011 at 8:43 am

      ဒကာပုပြောချင်တာကို နားလည်သလိုလိုပါဘဲ။ ရေးရေးပေါ့။

    • bigcat

      March 22, 2011 at 2:43 am

      တပည့်တော်က ပုဇွန်ခြောက်ပဲတောင်းတာ။ ဘဒ္ဒန္တကိုပုကတော့ ကျောက်ပုဇွန်ထုပ် lobster စားပြီး ဘုန်းကြီးစာချ သွားကြောင်းပါ။

  • peacemaker35183777

    March 21, 2011 at 8:53 am

    အရှင်ဘုရား ငါစွဲဟာတော်တော်ခက်ပါတယ်ဘုရား။အသက်ကြီးလာလေငါတွေများလာလေပါပဲဘုရား။

    • ashinindaka

      March 22, 2011 at 2:54 am

      အစားအသောက်နဲ့ပတ်သက်လို့ကတော့ အားကိုးရတယ်ဟေ့။ အာဂဒကာတွေပဲ။

  • morenyan

    March 22, 2011 at 3:52 am

    မနက်လား ညလား
    လဘက်သုပ်နဲ့ဆိုတာလေ

Leave a Reply