တရွာလုံး ပျော်တဲ့ သင်္ကြန်…

hmeeMarch 23, 20111min1272

 

မြန်မာပြည်သူ ပြည်သားတိုင်း မြို.ရွာ ကျေးလက်မကျန် ပျော်ကြတာ နှစ်သစ်ကူးတဲ့ သင်္ကြန်မှာပါ။ ရေပက်ခံ မထွက်ဘူးဖူးလို.  ပြောနိုင်ပေမဲ့  ရေပက်တော့ ခံဖူးကြမှာပါ။ ဒါမှမဟုတ် ပျော်တတ်လို. ပျော်နေသူတွေကို ကြည့်ပြီး နဲနဲလေးတော့ အပျော်ကူးပြီး ပြုံးတော့ပြုံးမိမှာ  မလွဲနိုင်ဘူးနော်။ ကျွန်မအတွက်တော. တောသင်္ကြန်ရော မြို.သင်္ကြန်ပါ နှစ်ခုစလုံး ပါဝင်နွှဲပျော်ဖူးပါတယ်။  ကလေးဘဝက ကလေးလိုပျော် လူငယ်ဘဝမှာတော. လူငယ်ဘာဝပျော်ခဲ့ပြီး လူလတ်ပိုင်းရောက်တော့လည်း ခံစားချက် တမျိုးပြောင်းလာပြီး ပျော်တာပေါ့။ ဒါပေမဲ. သေချာတာကတော့ ငယ်ငယ်က တောမှာ ပျော်ခဲ့တာကတော့ အပျော်ဆုံးပါပဲ။ လူတိုင်းလည်းသိကြမှာပါ  သင်္ကြန် တတွင်းလုံး ပျော်ပြီး နှစ်ဆန်းတရက်နေ့မှာတော. ကုသိုလ်ယူကြတယ်လေ။  ဒါပေမဲ့ အမြဲတမ်းတော. မဟုတ်နိုင်ဘူးနော်  တခါတရံ အခွင့်အရေး ကြုံလာတဲ့အခါ ရတဲ့အခွင့်အရေးကို လက်မလွှတ်ချင်တာနဲ. အစဉ်အမြဲ လုပ်နေကျနဲ. ဆန်.ကျင်ပြီး အကုသိုလ်ကို တပျော်တပါး အုပ်စုဖွဲ.ပြီး လုပ်တတ်တာလည်း လူတွေပါပဲနော်။

ကျွန်မတို.ရွာမှာ အများနည်းတူ သင်္ကြန်ပွဲ လုပ်လေ.ရှိပါတယ်။ ဘယ်အချိန်ကစပြီး ဘယ်လိုလူတွေက စလုပ်လည်း မသိပေမဲ့ နှစ်စဉ်သမာရိုးကျ လုပ်စဉ်တိုင်းလုပ်ကျတာပါ။ သိပ်တော့ မထူးဆန်းပေမဲ့ ရွာဓလေ့ မသိသူတွေအတွက်တော့ ထူးဆန်းမှာပါ။ အကြိုနေ.မှာ သင်္ကြန်ကြိုဖို. သင်္ကြန်ပန်းလိုက်ခူးရပါတယ်။ မြို.မှာတော. ဈေးထဲက လွယ်လွယ်ကူကူ ဝယ်လို.ရပေမဲ့ တောမှာတော. ကိုယ်တိုင်လိုက်ပြီး နေ.နံစုံအောင် လိုက်ခူးရတယ်။ ပန်းတွေ လိုချင်တာ အစုံအလင်ရတော့ အိမ်ရှေ့မှာ စင်ထိုးပြီး သင်္ကြန်ကြိုတာပေါ့ ။ သင်္ကြန်အကျနေ.လည်း ရောက်ရော ကိုယ့်အိမ်ရှေ.မှာ သစ်သားစည်ပိုင်းကိုထား တုံကင်ကိုနှိပ်ပြီး ရေဖြည်.ထည့်ကာ  ကော်ရေခွက်နဲ. လမ်းကလာသမျှလူကို ပက်ရပါတယ်။ ဒါပေမဲ့ တောဆိုတော့ ဘယ်မှာရေပက်ခံကား လာပါ့မလဲ ချောက်တီးချောက်ချက် လာတဲ့သူပဲပက်ရတာပေါ့။ ကိုယ့်ဘာသာ ကိုယ်ပက်မဲ့ရေနှိပ်ရတာ စားတော့မစားသာဘူးလေ။ ဘုန်ကြီးကျောင်း ဥပုတ်စောင့် သွားတဲ့သူကြတော့လည်း မပက်ရ လူကလည်းမလာနဲ့ တခါတလေ ကိုယ့်မောင်နှမတွေ တယောက်တလှည့် ပက်ချင်ပက် ဒါမှမဟုတ် လမ်းတဖက်အိမ်က  ကိုယ့်လိုရေပက်တဲ့ ကလေးအချင်းချင်း ပြန်ပက်ပေါ့။ ကျွန်မတို. အတွက်က ရေပက်တာ အဓိကမဟုတ်ဘူးလေ အဲဒီနောက်မှာ အကြောင်းတခု ရှိနေသေးတယ်။ အဲဒါကတော. မြစ်ထဲမှာ ရေကူး ရေဆော့ပြီး ကဲဖို.လေ။ အိမ်ရှေ.မှာ ရေကို ဟန်ပြပက်ပြီး လူမလာတာ အကြောင်းပြ မြစ်ထဲရေသွားကူးမှာလေ။ နေ.လည်ရေချိုးချိန် မြစ်ထဲသွား ရေကူးခွင့်ပေးပေမဲ့ ညနေကိုတော့ အမေက ကျွန်မတို.ကို တခြားကလေးတွေလို ရေကူးခွင့် မပေးပါဘူး။ ကလေးငယ်တွေ မိဘမပါပဲ ရေကူးမကျွမ်းကျင်ပဲ ရေခိုးကူးရင်း ရေနစ်ပြီး တိမ်းပါးရတော့ မိဘတွေ ရင်ကွဲရတဲ့ သာဓကတွေ ရှိလို.လည်း စိုးရိမ်လို.ခွင့်မပြုတာပါ။ အဲ..သင်္ကြန်ဆိုရင်တော့ ကစားခွင့် ပေးတာကတော့ ကလေးလူကြီး တော်တော်များများ မြစ်ထဲမှာ ရေကစားတဲ့အတွက် မတော်တဆ ကလေးတယောက်ရေနစ်ရင် နီးရာလူက ဆယ်နိုင်ကယ်နိုင်လို. ကစားခွင့်ပြုတာပါ။ ဒါလည်း ကန်.သတ်ချက်နဲ. ဖြစ်ပြီး အရမ်းစောလွန်းရင် ခွင့်မပြုသလို နောက်ကျအောင်လည်း နေခွင့်မပေးပါဘူး။အိမ်ထဲမှာ  အလုပ်ရှုပ်နေတဲ့  အမေ့ကို လမ်းမှာလည်း လူမလာဘူး မြစ်ထဲမှာ  ရေကူးရင်းပက်မယ်လို. လှမ်းပြောတော့ အမေ့ရဲ. အေးအေး ဆိုတဲ. အသံတောင်မဆုံးသေးခင် ဟေး..လို.အော်ပြီး မြစ်ဆီကို ရေဆော.ဖို. ပြေးကြပါတော.တယ်။

နွေရာသီဖြစ်လို.  မြစ်ထဲမှာ ရေကခန်းစပြု နေပြီမို. သိပ်တော့မနက်တော.ပါဘူး ကျွန်မတို. ကလေးတွေအတွက် ရင်စို.လောက် အထိပဲ နက်ပြီး မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်း လမ်းလျှောက်ဖြတ်လို.ရတဲ့ အနေအထားပါ။ ရေထဲမှာ တယောက်နဲ.တယောက်ပက်လိုက် ရေကူးလိုက် မြစ်ဆိပ်ကိုလည်း ရေလောင်းပြီး လျှောအောင်လုပ်ထားတဲ့  သဘာဝဖြစ် မြစ်ဆိပ် စီးဆောကို ပြေးတက်ပြီး လျှောစီးလိုက်နဲ. တညနေလုံးကဲလိုက်တာ အမေလိုက်လာပြီး နင်တို. အခုမြစ်ထဲက တက်လာမလား ငါဒုတ်နဲ. ဆင်းလာရမလား ဆိုမှ  ခပ်ကုတ်ကုတ်ပြန်လာတဲ့ အချိန်မှာတော. ချမ်းလွန်းလို. မေးကတခိုက်ခိုက် ဖြစ်နေပြီး လက်တွေမှာ ပဲကြီးရေစိမ်ထားသလို တွန်.လိမ်နေပြီလေ။ အိမ်ရောက်တော့ အဖေအသင့် နှိပ်ပေးထားတဲ့ ရေချိုးပြီး နွေးနွေးထွေးထွေး နေလိုက်မှ အချမ်းသက်သာလာတာပါ။ အဲဒီလို မပြောင်းမလဲပဲ ၃ ရက်လုံးဆော့တာပါ။ ကျွန်မတို. အတွက် သင်္ကြန်ဟာ ရေကစားတာ မဟုတ်ပါဘူး ရေကူးပါမစ် အပြည့်နဲ. ကောင်းကောင်း ကဲရတာလေ။ ရွာသင်္ကြန်မို. မဏ္ဍပ်လည်းမရှိသလို ရေပက်ခံ လည်တာလည်း မရှိပါဘူး။ ကလေးတွေသာ လမ်းသွားလမ်းလာတွေပက် ကလေးအချင်းချင်းပက် လို.ပဲတော့ မထင်ပါနဲ. ဘာလို.လဲဆိုတော. သင်္ကြန်အတက်နေ.မှာ ကာလသားတွေ ပျော်တဲ့ပွဲလည်း ရှိပါသေးတယ်။ နောက်ဆုံးညမှာ တရွာလုံး အပျိုရှိတဲ့အိမ်တွေကို လျှောက်သွားပြီး ရေပက်တာပါ။ တရွာတည်းနေ တရေတည်းသောက်ပြီး ငယ်ငယ်ကတည်းက အတူတ ူအရွယ်ရောက်လာတာမို.  ဘယ်အိမ်မှာ ဘယ်သူရှိတယ် နေတယ်ဆိုတာ အတပ်ကို သိလို. မရှိဘူးလို. ငြင်းမရတာကြောင့် မိမိအိမ်ရှေ.မှ ရေလောင်းချင်လို. အိမ်ပေါ်မှ ခဏဆင်းခဲ့ပေးပါလို. တောင်းဆိုလာရင် မဖြစ်မနေဆင်းပြီး ရေလောင်းခံရပါတယ်။ လူငယ်တွေဖြစ်ပေမဲ့ ယဉ်ယဉ်ကျေးကျေး အစဉ်အလာတိုင်း  တောင်းဆိုတာဖြစ်လို. လူကြီးတွေကလည်း ကြည်ကြည်သာသာ ခွင့်ပြုပေးရပါတယ်။ တကယ့်ကို ယဉ်ယဉ်ကျေးကျေးနဲ.  ပျော်ရတဲ့ ရွာသင်္ကြန်ပွဲလေးပါ။ အခုတော့ ကာလရွေ.လာလို. ခောတ်မှီလာလို.လည်း ပြောချင်ပြောလို.ရမှာ ဖြစ်လို.  မြို.ပြနဲ.တူလာတဲ့အတွက် လူငယ်တွေက မူးလာတဲ့အတွက် မိဘတွေက သူတို.သမီးတွေကို ရေလောင်းခွင့် မပေးတော့တဲ့ အတွက် ဒီယဉ်ကျေးမှု ပျောက်နေပါပြီ။

နှစ်ဆန်းတရက်နေ.ကတော့ အဟောင်းတွေပျောက် အသစ်တွေရောက်တယ်လို. အယူရှိသလို ဒီနေ.မှာ စိတ်ကောင်း နှလုံးကောင်းမွေး ကောင်းတာလုပ်မှ တနှစ်ပတ်လုံး ကံကောင်းမယ်လို.လဲ အယူအဆက ရှိပြန်သမို. ကောင်းတာကိုပဲ ကြိုးစားပြီးလုပ်ကိုင်ကြတာ ဓမ္မတာမို.  အားလုံးဟာ အကောင်းဆုံးတွေပဲ ရွေးပြီးလုပ်ကြပါတယ်။ နှစ်တိုင်း မနက်အစော ရွာဘုန်းကြီးကျောင်းက ဘုရားစေတီကို ရေသပ်ပါယ်ကုသိုလ် ယူဖို. မိန်းမပျိုလေးတွေက မြစ်ထဲမှ ရေကိုခပ်ပေးပြီး ကာလသားတွေကတော့ ဘုရားပေါ်မှ နေပြီး မိန်ခလေးတွေခပ်လာတဲ့ ရေအိုးများထဲမှ ရေကိုဘုရားပေါ်လောင်းချပြီး သန်.ရှင်းရေးလုပ်ကြပါတယ်။ ညနေဘက်ရောက်ရင်ဖြင်. ရွာဦးမှစပြီး ရွာနောက်ပိုင်းထိ လမ်းဆုံတိုင်းမှာ အန္တရာယ်ကင်းပရိတ် ကို ရွာဦးကျောင်းမှ ကျောင်းထိုင်ဆရာတော် နှင့် အတူ ဦးပုဇဉ်းတွေမှ ရွတ်ဖတ်လေ့ရှိပါတယ်။  ဒါကတော.နှစ်စဉ်လုပ်နေကျ အကြောင်းတွေဖြစ်ပေမဲ့ တနှစ်မှာတော. တကယ်ကို ထူးခြားဖြစ်စဉ်လေး ဖြစ်သွားခဲ့ပြီး တရွာလုံး စိတ်တူကိုယ်တူ အကုသိုလ်ယူပွဲလေးတခုက အခုလို ကုသိုလ်ယူတဲ့ နှစ်ဆန်းတရက်နေ.မှာမှ  တိုက်တိုက်ဆိုင်ဆိုင်  ဖြစ်သွားခဲ့တာပါ။

သင်္ကြန်မရောက်ခင် ၊သင်္ကြန်တွင်းနဲ. တခါတရံ သင်္ကြန်ပြီးမှ ဖြစ်ဖြစ် သင်္ကြန်မိုးရွာတတ်ပါတယ်။ အဲဒီ. မိုးကြောင့်လည်း သင်္ကြန်သင်္ကေတ ပိတောက်က ပွင့်ရရှာတယ်လေ။ နှစ်စဉ်ရွာနေကြမို. လူတိုင်းလည်းသိနေလို. မထူးဆန်းတော့တဲ့ ဒီမိုးက သင်္ကြန်အတက်နေ. ညမှာ တော်တော်ပြင်းပြင်းထန်ထန် ရွာတာမို. ရေလည်းအတော်ပါပါတယ်။ ရွာကလည်း မြစ်ကမ်းတလျှောက် တည်ထားတဲ့ ရွာဖြစ်သမို. အများစု မြစ်ရေကို သုံးကြတာဖြစ်သလို  မြစ်ထဲမှာ တခုခုထူးခြားတာနဲ. ချက်ချင်းလိုလို သိကြပါတယ်။  မြစ်ရဲ.အရှေ.ဘက်မှာ အရှေ.ရိုးမရှိပြီး တချို.သူတွေက တောင်ပေါ်မှာ ယာခင်းထွင်ပြီး ယာလုပ်တာမို. အခုလို နွေမှာ တောင်ယာမီးရှို.လို. တခြားအရိုင်းပင်တွေလည်း မီးကူးလောင်တတ်ပါတယ်။  အဲဒီလို မီးလောင်ခံရတဲ့ အပင်တပင်ရဲ.ပြာက မိုးရေနဲ.အတူပါလာပြီး မြစ်ထဲကိုစီးဝင်လာတဲ့အခါ သူ.ရဲ့ပြာကြောင့် မြစ်ထဲမှာ ရှိတဲ့ ငါးတွေ မူးမေ့ပြီး ရေပြင်မှာပေါ်လာတဲ့ အတွက်ကြောင့် ရေနည်းနေတဲ့မြစ် တပြင်လုံး  ငါးတွေနဲ. ဖွေးဖွေးဖြူ နေတယ်လေ။ နောက်တနေ. မနက်မိုးလင်းတော. တယောက်ကစမြင်ပြီး တယောက်ကစ တရွာလုံးသိပြီး ထည့်စရာ တောင်းပလုံးတွေ ယူငင်ကြပြီး တရွာလုံး လူကြီးကလေးမကျန် မြစ်ထဲဆင်း ငါးဖမ်းတာပေါ့။ ကလေးတွေက ကမ်းစပ်ကနေဖမ်း လူကြီးတွေက မြစ်လယ်မှာပေါ်တဲ့ ငါးကောင်းတွေဖမ်းနဲ. နှစ်ဆန်းတရက်နေ.မှာ ပျော်ပျော်ကြီး အကုသိုလ်ယူကြတာများ ကမ်းပေါ်ကနေ ရပ်ကြည်.နေတဲ့ ဆရာတော်ကိုတောင် မမြင်ကြတော.ပါဘူး။

လူ.လောဘများ ကြောက်စရာကောင်းပုံ ကတော. မြစ်ထဲ ကောက်စရာငါးမရှိတော့မှ အားလုံးအိမ်ပြန်ပြီး ချက်သင့်တာချက် အခြောက်းလှမ်းဖို. လုပ်သူလုပ်နဲ. လုပ်နေတာများ ဒီနေ.ဟာ နှစ်ဆန်းတရက်နေ.ဖြစ်တာလည်းမေ ့  အန္တရာယ်ကင်းပရိတ်ရွတ်ဖို.လည်း မေ့နေကြလို.  ပရိတ်ရွတ်ပွဲကို နောက်တနေ. နှစ်ဆန်းနှစ်ရက်နေ.ကို  ရွှေ.လိုက်ရပါတော.တယ်။

2 comments

  • MaMa

    March 24, 2011 at 2:05 am

    မြန်မာနဲ့ သင်္ကြန်ဆိုတာ ခွဲမရအောင်ပါပဲ။ လူတိုင်းလူတိုင်းမှာ သင်္ကြန်အမှတ်တရလေးတွေ ရှိနေကြမှာပါပဲ။ သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံ မျှဝေတော့ ရှုထောင့်ပိုစုံသွားတာပေ့ါ။

  • Shwe Tike Soe

    March 24, 2011 at 2:31 am

    သင်္ကြန်ဆိုတာ တစ်နှစ်တစ်ခေါက် ပါ.. တစ်နှစ်လုံး တနယ်တကျေးမှာ အလုပ်တွေလုပ်ပြီး ပင်ပန်းမှုတွေကို
    ကိုယ်နယ်ကိုပြန် သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေနဲ. ပျော်ပျော်ပါးပါး အပန်းဖြေရင် မိဘဆွေမျိုးတွေကို သွားကန်တော့ရတာပေါ့
    သင်္ကြန်ဆိုတာ ပျော်တတ်နေတတ်ရင် အရမ်းကောင်းတဲ့ မြန်မာ့ရိုးရာ ပွဲလေးပါ..

Leave a Reply