ပြောပြစရာတွေ တပုံကြီးရှိသေးတယ် (၂)

ashinindakaApril 2, 20111min895

Ashinindaka သို့ လျှောက်ထားလွှာဆိုပြီး
Researcher ဆိုသူရေးလိုက်တဲ့စာထဲက ဒုက္ခသစ္စာနဲ့ပတ်သက်လို့
သူ့အမြင်မှာ ဗုဒ္ဓဝါဒဟာ အဆိုးမြင်ဝါဒများဖြစ်နေသလားဆိုတဲ့ သံသယကို
ရှင်းလင်းတင်ပြခဲ့ပါတယ်။

သူ့စာပါ နောက်အကြောင်းအရာတစ်ခုကို ဆက်ဆွေးနွေးကြည့်ရအောင်။
သူရေးထားတာက
ရဟန်းတွေသည် လောကီကို တကယ်စွန့်ခွါနိုင်မှ
ရဟန်းဝတ်သင့်တယ်လို့ တပည့်တော်ထင်ပါတယ်။…….
…..လောကီကို အမှန်တကယ် မစွန့်လွှတ်နိုင်လျှင်
ရဟန်းမဝတ်သင့်ဟု တပည့်တော် ထင်ပါတယ် တဲ့။

ဒီစာပိုဒ်ထဲက လောကီ ဆိုတာ ဘယ်လိုဟာမျိုးကို လောကီလို့ ဆိုလိုပါသလဲ။
ပရဟိတလုပ်ငန်းအပါအဝင် လူ့အလုပ်ဆို ဘာမှ မလုပ်ပဲ
(ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားကဲ့သို့) တကယ့်ကို အကုန်စွန့်ပြီး
သစ်တစ်ပင်အောက် ဝါးတစ်ပင်အောက်ကို သွားပြီး တရားထိုင်နိုင်မှ
ရဟန်းဝတ်သင့်တယ်လို့ ဆိုလိုပါသလား။
ဒီလိုမျိုးနည်းနဲ့မှ ရဟန်းဝတ်ရမယ်ဆိုရင်
ဗုဒ္ဓဘာသာသာသနာ ဒီလောက်ကြာ တည်တန့်နိုင်စရာ အကြောင်းမရှိပါဘူး။
ဘာလို့လဲ?
မြန်မာနိုင်ငံရှိ လေးသိန်းခန့်မျှသော သံဃာတော်တွေကို
ရဟန်းဝတ်ရခြင်းအကြောင်းကို စစ်တမ်းကောက်လိုက်မယ်ဆိုရင်
ဒီလိုမျိုးနည်းနဲ့ရဟန်းဝတ်လာတဲ့သူ ရာဂဏန်းမျှလောက်သာ ရှိမှာမို့လို့ပါ။

အများစုက ရိုးရာယဉ်ကျေးမှုအရ သာသနာ့ဘောင်မှာ
ကိုရင်ဝတ် ရဟန်းဝတ်လာကြတာပါ။

အညာဘက်ကျေးရွာဒေသတွေမှာ
အသက် ၁၂ နှစ်၊ ၁၅ နှစ်ဝန်းကျင်ကလေးတွေကို
မိဘတွေက အလှူအတန်းပြုလုပ်ပြီး ကိုရင်ဝတ်စေပါတယ်။
ကိုရင်ဝတ်နဲ့ပျော်မွေ့တဲ့သူကို မြို့စာသင်တိုက်တွေကို
ရွာဦးကျောင်းဆရာတော်က ပို့ပေးပါတယ်။
ဒီလိုနဲ့ မြို့စာသင်တိုက်ကျောင်းတွေမှာ စာသင်၊
ပထမကြီးတန်းအောင်၊ ဓမ္မာစရိယအောင်၊
ပိဋကတ်သုံးပုံအောင် ဆရာတော်ကြီးတွေ ဖြစ်သွားကြတာပါ။

အသက် ၁၂ နှစ်၊ ၁၅ နှစ်ဝန်းကျင်ရှိတဲ့ လူငယ်ကလေးတွေအတွက်
ကိုရင်ဝတ်စဉ်အခါက လောကီဆိုတာလည်း မသိပါဘူး။
လောကုတ္တရာဆိုတာလည်း မသိပါဘူး။
သူကိုရင်ဝတ်တာ ပျော်လို့ ဝတ်တာပါ။
ကိုရင်ဝတ်နဲ့ပျော်တဲ့နေရာမှာ ပုဂ္ဂိုလ်အသီးသီးပေါ်မူတည်ပြီး
အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

အငယ်တုန်းက ပျော်မွေ့ပေမဲ့ အသက်ကြီးပြီး ဝါတော်တွေ တော်တော်များများရမှ
လူဝတ်ကြောင်ဘဝ ပြန်ပြောင်းသွားတာတွေလည်း အများကြီးပါဘဲ။

ငယ်ငယ်တုန်းက ဘာမှမသိပဲ ကိုရင်ဝတ်ပြီး
အသက်အရွယ်ရလာလို့ ဗုဒ္ဓစာစာပေတွေ သင်ကြားခွင့်ရလာကာ
စိတ်ထားတွေ ပြောင်းလဲသွားတာအများကြီးပါ။
ဒီလိုမျိုးတွေထဲမှာ တချို့ တကယ့်ဆရာတော်ကြီးတွေ ဖြစ်ကုန်ကြတာပဲ။

တချို့ ဓမ္မကထိက ဆရာတော်ကြီးတွေ၊
တချို့ တရားပြဆရာတော်ကြီးတွေ
တချို့ ပိဋကတစ်ပုံအောင်၊ နှစ်ပုံအောင်၊ သုံးပုံအောင် ဆရာတော်ကြီးတွေဟာ
ငယ်စဉ်အခါက လောကီအာရုံတွေကို
ဘုရားလောင်းသိဒ္ဓတ္ထမင်းသားလို ငြီးငွေ့ပြီး ဝတ်လာကြတာမဟုတ်ပါဘူး။
ဗုဒ္ဓစာပေတွေကို သင်ရင်း ပို့ချရင်း ဗုဒ္ဓစာပေတွေကို ရေရှည်တည်တန့်အောင်
ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါလားဆိုတဲ့အသိနဲ့
စာပေတွေကို ကျက်မှတ် သင်ယူ၊ သင်ပေး လုပ်နေကြတာပါ။
စာပေထဲကအသိတွေရပြီး တရားထူးတွေ ရသွားကြတာပါ။

Researcher ဆိုသူပြောသလို လောကီအာရုံတွေကို ငြီးငွေ့မှသာ
ရဟန်းဝတ်ရရင်ဖြင့် ဗုဒ္ဓစာပေဖြစ်တဲ့ ပိဋကတ်ကို ရည်ရှည်တည်တံ့အောင်
ထမ်းဆောင်ပေးမဲ့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ နည်းပါးသွားပြီး
ဗုဒ္ဓဘာသာ ကမ္ဘာမြေပေါ်က မြန်မြန်ဆန်ဆန်ပျောက်ကွယ်သွားနိုင်ပါတယ်။

ဆက်ပြောပါရစေ။
ငယ်ငယ်တုန်းက မိဘတွေ ဆရာတော်တွေက
ကိုရင်ဝတ်စေချင်လို့ ဝတ်လားရင်းက သာသနာ့ဘောင်မှာ ပျော်မွေ့ပြီး
ဗုဒ္ဓစာပေများ သင်ယူကြပါတယ်။
မိမိနိုင်ငံရဲ့ အခြေအနေကို ကြည့်ပြီး
ပရဟိတလုပ်ငန်းတွေ လုပ်လိုစိတ်တွေ ပေါက်လာပါတယ်။
ဒီလိုလုပ်တာဟာ နိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်တာပါ။
နိုင်ငံကသာ တကယ်တမ်းပြည့်စုံတဲ့နိုင်ငံဖြစ်နေရင်
ဒီပရဟိတလုပ်ငန်းတွေ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်ကြမှာပါ။
အေးရာအေးကြောင်း တရားဘာဝနာပဲ ရှုမှတ်ဖြစ်ဖို့များမှာပါ။

ဆိုကြပါစို့။
သီတဂူဆရာတော်ကြီးအနေနဲ့ စစ်ကိုင်းတောင်မှာ ရေအင်မတန်ရှားပါးလို့
သီတဂူရေအလှူတော်တည်းဟူသော ပရဟိတလုပ်ငန်းကို လုပ်ဖြစ်တာပါ။
အကယ်၍ စစ်ကိုင်းတောင်မှာ ရေပေါများနေရင် ဒီလုပ်ငန်း လုပ်စရာအကြောင်းမရှိပါဘူး။

မန္တလေးမှာရှိတဲ့ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကလည်း
ပရဟိတကျောင်းပါဘဲ။ အဲ့ကျောင်းကဆရာတော်တွေ ဘာလို့
ဒီလိုပရဟိတလုပ်ငန်းဖြစ်တဲ့ ဒီပညာရေးစာသင်ကျောင်းဖွင့်ထားရတာလဲ။

ရှင်းပါတယ်။ လိုအပ်လို့ကို ဖွင့်ထားတာပါ။

ကျောင်းအနီးအနားက အချို့မိသားစုတွေ အစိုးရတန်းကျောင်းတွေမှာ
မထားနိုင်လို့ ထိုထိုမိသားစုတွေအတွက် ဖောင်တော်ဦးဆရာတော်များက
ပရဟိတလုပ်ငန်းဖြစ်တဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို ဖွင့်ထားရတာပါ။

ဒီလိုပရဟိတလုပ်နေတဲ့ဆရာတော်ကြီးများမှာလည်း
အကန့်အသတ်လေးတွေ ရှိကြမယ်လို့ ယုံကြည်ပါတယ်။
အကန့်အသတ်ဆိုတာက
ငါဘယ်အသက်အရွယ်အထိ ဒီလုပ်ငန်းလုပ်မယ်။
ဘယ်အချိန်အထိ ဒီအလုပ်လုပ်မယ်။ ပြီးရင် ပင်မလုပ်ငန်းဖြစ်တဲ့
တရားဘာဝနာအလုပ်လုပ်မယ်ဆိုတဲ့ အကန့်အသတ်တွေ ရှိမှာပါ။

ဒီလိုပရဟိတလုပ်ငန်းတွေ လုပ်နေလို့
ဒီဆရာတော်ကြီးတွေရဲ့ သီလ၊ သမာဓိ၊ ပညာတွေ
မရှိဘူးလို့တော့ မပြောလိုက်ပါနဲ့။
ဆရာတော်ကြီးတွေရဲ့ သီလစွမ်းအား၊ သမာဓိစွမ်းအား၊ ပညာစွမ်းအားတွေက
ပိုတောင် ကြီးမားပါသေးတယ်။
မကြီးမားရင်လည်း ပရဟိတလုပ်ငန်းကို လုပ်လို့မရပါဘူး။

ဒါ့ကြောင့် ပရဟိတလုပ်ငန်းလုပ်တဲ့ဘုန်းကြီးတွေကို
လျှော့မတွက်ဖို့ Researcher ဆိုသူကို ပြောပါရစေ။

ဦးဇင်းရဲ့ ပို့စ်ထဲမှာ
နိဗ္ဗာန်ရှေးရှုတဲ့ ရဟန်း ၊သံဃာ တော်တွေနဲ့ ၊
ပရဟိတ အကျိုးဆောင်ရွက်တော်မူနေတဲ့ ရဟန်း သံဃာတော်တွေဆိုပြီး
ရေးသားထာတာဟာ စာဖတ်သူ ထင်သာမြင်သာအောင် ရေးပြထားတာပါ။
ရဟန်းသံဃာသရုပ်က ဒီထက်မက များပါတယ်။

ဟိုတလောက ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းတဖြစ်လဲ
ဘွဲ့အမည် ဦးကိတ္တိဆိုလား။ အဲ့ဒီဦးဇင်းကြီးက
ရန်ကုန်၊ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသကို သွားရောက်တွေ့ဆုံပါတဲ့အကြောင်းအရာပါ
အသံဖိုင် အင်တာနက်ပေါ် ရောက်လာပါတယ်။

ဦးဇင်းကြီးက ပါမောက္ခချုပ်ဆရာတော်ကို တရားနဲ့ပတ်သက်ပြီးမေးရာမှာ
ဆရာတော်က
သူဟာ ဘုရားဖြစ်ချင်ကြောင်း၊ ဘုရားဆုပန်ထားကြောင်း ပြောပါတယ်။
ဆိုတော့ ဒီဆရာတော်ကြီးဟာ ဘုရားအလောင်းပေါ့။
ဘုရားအလောင်းဆိုတော့ ဘုရားဖြစ်ဖို့ ကျင့်ရမဲ့ ပါရမီ ၁ဝ ပါး မြတ်တရားကို ကျင့်ရတော့မှာပဲ။
ပါရမီ ၁ဝ ပါးကျင့်စဉ်ဆိုတာကလည်း စဉ်းစားကြည့်လိုက်ရင်
ပရဟိတလုပ်ငန်းတွေများပါတယ်။

ဆိုတော့ ဒီဆရာတော်ကြီး ဘုရားဖြစ်ချင်လို့ ဘုရားအလောင်းကျင့်စဉ်ဖြစ်တဲ့
ပါရမီ ၁ဝ ပါးကျင့်ရင် ဒီဆရာတော်ကြီးကို Researcher ဆိုသူ ဘယ်လိုမြင်မလဲ။
ပါမောက္ခချုပ်ဆရာတော်က အာရှတိုက်တွင်းမှာရှိတဲ့ နိုင်ငံတွေကိုသာမက၊
ဥရောပတိုက်တွင်းရှိနိုင်ငံတော်တော်များများကို
အဘိဓမ္မာတွေ သွားရောက်ပို့ချလေ့ရှိပါတယ်။
ဒီလို လေယာဉ် တစ်နေကုန်နီးပါး အပင်ပမ်းခံစီးပြီး ဥရောပတိုက်ကို သွားကာ
ဗုဒ္ဓအဘိဓမ္မာတွေကို သင်ကြားပို့ချနေတာဟာ
ပရဟိတလုပ်နေတာပါ။ နောက်ဆုံးကုန်ကုန်ပြောရရင်
တက္ကသိုလ်မှာ ပါမောက္ခချုပ်လုပ်နေတာကိုက ပရဟိတလုပ်ငန်းပါ။
ဒီဆရာတော်ကြီးလည်း သီလ၊ သမာဓိ၊ ပညာ အလွန်ပြည့်စုံပြီး
အလွန်ကြည်ညိုဖွယ်ကောင်းတဲ့ ဆရာတော်ကြီးပါဘဲ။
ဒါတွေကို Researcher ဆိုသူအနေနဲ့ ကြည်ညိုတတ်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့
မေတ္တာရှေ့ထားပြီး ရှင်းပြလိုက်တာပါ။

Researcher ဆိုသူက ဘုရားတပည့်သားရဟန်းသံဃာတွေကို
ဘုရားရှင်နဲ့ နှိုင်းယှဉ်ပြီး ရေးထားတာဆိုတော့ နည်းနည်းလေး ထပ်ပြောပါရစေ။
ဘုရားရှင်တော်အနေနဲ့ လည်း ဘုရားမဖြစ်ခင် (တိရိစ္ဆာန်ဘဝအပါအဝင်)
ဘဝပေါင်းမျိုးစုံမှာ ပရဟိတလုပ်ငန်းတွေလုပ်ပြီးမှ ဘုရားဖြစ်လာတယ် ဆိုတာကို
မမေ့သင့်ပါဘူး။

အခုခေတ် ပရဟိတလုပ်နေတဲ့ ဘုန်းကြီးရဟန်းတွေလည်း
အစောက ပြောခဲ့တဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးလို
ဘုရားဖြစ်ချင်လို့ ပရဟိတလုပ်ငန်းတွေ လုပ်နေတယ်ဆိုရင်
အင်မတန့်ကို လေးစားကြည်ညို ဦးခိုက်ပူဇော်ရမှာပါ။

နောက်ပြီး Researcher ဆိုသူ တင်ပြသလို
လူဝတ်ကြောင်အနေနဲ့ ပရဟိတလုပ်မယ်ဆို လုပ်လို့ရတာ မှန်ပါတယ်။
စစ်ကိုင်းတောင်အတွက် ရေအလှူလုပ်နေတဲ့
သီတဂူဆရာတော်ကြီးကို လူဝတ်နဲ့ မြင်ကြည့်စမ်းပါ။
လူဝတ်နဲ့ မြင်ပြီး အခုလုပ်နေတဲ့ ပရဟိတလုပ်ငန်းတွေ သူလုပ်နိုင်မလား။
သူလုပ်နိုင်မယ်လို့ ထင်သလား။

သူငယ်ချင်းဦးဇင်းတစ်ပါးပြောတာကို သတိရမိပါတယ်။
သူပြောတာက
“တပည့်တော် လူဝတ်မလဲနိုင်ဘူး။ မိန်းမ မယူနိုင်ဘူး။
တပည့်တော်လူဝတ်လဲပြီး မိန်းမယူလိုက်မယ်ဆိုရင်
ဒီမိန်းမနဲ့ မိသားစုတာဝန်ကို ၂၄ နာရီပတ်လုံးထမ်းဆောင်တာတောင်
ပြည့်စုံချင်မှ ပြည့်စုံမှာ၊ အခု ဘုန်းကြီးဝတ်နဲ့နေတော့ တစ်ရက်ကို
ရှစ်နာရီလောက်ပဲ ပရိယတ်၊ ပဋိပတ်အလုပ်လုပ်၊
နောက်ပြီး ပရဟိတလုပ်ငန်းလုပ်၊ အဆင်ပြေတယ်။
ဒီဘုန်းကြီးဝတ်နဲ့နေတဲ့အတွက် အခုဆိုရင် ပရဟိတလုပ်ငန်းတွေ အတော်လုပ်ပြီးသွားဘီ။
ရွာမှာ ဆေးပေးခန်း ဖွင့်ပြီးပြီ၊ စာကြည့်တိုက်ဖွင့်ပြီးပြီ၊
တပည့်တော့်ဇာတိရွာ တစ်ရွာလုံးကို တပည့်တော် ကျေးဇူးပြုနိုင်ပြီ။
အကယ်၍သာ လူဝတ်လဲ မိန်းမယူလိုက်လို့ကတော့
မိန်းမတစ်ယောက်တည်းအတွက်တောင် ပြည်စုံအောင် လုပ်ပေးနိုင်ဘို့
မလွယ်ဘူး ကိုယ်တော်ရေ” တဲ့။

ဘာပဲဖြစ်ဖြစ်လေ၊ အသက် ၃ဝ ဝန်းကျင်သာရှိသေးတဲ့
ဒီဦးဇင်းလေးရဲ့အမြင်ကို လုပ်ငန်းကို ချီးကျူးရမှာပဲ။
လူ့လောကကြီးထဲမှာ ဒီဦးဇင်းလေးအရွယ်လူငယ်တွေ
ဒီဦးဇင်းလေးလို ပရဟိတစိတ်ရှိကြရဲ့လား။
ရှိတောင် နည်းပါတယ်။
ပရဟိတစိတ်ရှိဦးတော့။ ဒီဦးဇင်းလေးလို လက်တွေ့အကျိုးရှိတဲ့
လုပ်ငန်းတွေကို ထဲထဲဝင်ဝင် လုပ်နိုင်ရဲ့လား လို့ မေးပါရစေ။

ဒီလိုမျိုး သီလ၊ သမာဓိ၊ ပညာတွေနဲ့ ပြည့်စုံပြီး
ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဆရာတော်ကြီးတွေ၊ ဦးဇင်းလေးတွေကို
ဘယ်သူရှိခိုးခိုး၊ မခိုးခိုး၊ ဦးဇင်းနေနဲ့ အကြိမ်ကြိမ်သာဓုခေါ်ပြီး
ရှိခိုးဦးတင်ပါကြောင်း။

5 comments

  • bigcat

    April 2, 2011 at 2:38 am

    အရှင်ဘုရားရေးတဲ့ အခုပို့စ်က ဘုန်းကြီးလေသံ (tone) အရင်ပို့စ်တွေထက်စာရင် နည်းလို့ ဖတ်ရတာ ပိုသဘောကျမိပါသည် (မြောက်ပေးခြင်းမဟုတ်ပါ :D)
    များသောအားဖြင့် စာတပုဒ်၊ စာတပိုဒ် ထဲနှင့် ပြည့်စုံအောင် ရေးဖို့မဖြစ်နိုင်သောကြောင့် ရေးသူ၊ ဖတ်သူ၊ မန်းသူများအကြား အစာမကြေမှုလေးများ ဖြစ်တတ်ပါသည်။ ဘာပဲဖြစ်ဖြစ် အခုလို အပြန်အလှန် ဆွေးနွေးရင်းမှသာ အကြံကောင်းညဏ်ကောင်းများ ပိုမိုထွက်ပေါ်နိုင်သောကြောင့် ရေးသူ၊ မန်းသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဘဒ္ဒန္တကြောင်ကြီးမှ မြွက်ကြားလိုက်သည်။

    • ashinindaka

      April 2, 2011 at 2:41 am

      ဘုန်းကြီး Tone, လူ Tone ဆိုတာထက် ကိုယ်ရေးတဲ့စာကို နားလည်စေချင်တာပဲ။ ကိုယ်ရေးတဲ့စာ နားမလည်မှာတော့ စိုးရိမ်မိတယ်။

  • kai

    April 2, 2011 at 10:20 am

    အရှင်ဘုရားက.. စည်ကြိီးလိုပဲနော..။
    မတီးရင်တော့ အသံမမြည်ဘူး.. တီးလိုက်ရင်….အုန်းအုန်းနဲ့နေတာပါပဲ…။
    သာဓုခေါ်ပါတယ်အရှင်ဘုရား..။

    နိုင်ငံတကာအတွေ့အကြုံတွေရယ်… .. ပါရဂူမြောက်တတ်ထားတဲ့ ဗုဒ္ဓစာပေသမိုင်းတွေရယ်နဲ့.. ယှဉ်ထိုးစဉ်းစားပြီး.. ဓမ္မကို .. လူပြိန်းနားလည်လွယ်အောင် ရှင်းပြပေးနိုင်တဲ့ အရှင်ဘုရားလို.. သာသနာ့ အာဇာနည်တွေကြောင့် သာသနာအတွက် တအားတော့တက်မိပါတယ်ဘုရား..။

  • researcher

    April 2, 2011 at 12:39 pm

    အရှင်ဘုရားထံ ရည်ညွှန်းပြီး တပည့်တော် ရေးသားတဲ့ စာဟာ ရဟန်းတော်တပါးထံ အမည်တပ်ပြီး လျှောက်ထားတာ ဖြစ်တဲ့အတွက် အကြောင်းအရာ ၊ အရေးအသား ကျစ်လစ်ခိုင်မာဖို့ တပည့်တော် ကြိုးပမ်းရပါတယ်ဘုရာ့။ စကားလုံးအသုံးအနှုန်းတွေ မမှားယွင်းအောင်လဲ သတိထားရပါတယ်ဘုရာ့။ တပည့်တော်က စာရေးဆရာ မဟုတ်တဲ့အတွက် ဒီကိစ္စဟာ တပည့်တော်အတွက်တော့ လွယ်လွယ်လေးပါလို့ ပြောလို့မရပါဘူးဘုရာ့။ ရေးထားတာတွေကို အကြိမ်ကြိမ် edit လုပ်ရပါတယ်ဘုရာ့။ တပည့်တော် ရေးလိုက်တဲ့ အချက်အလက်တွေကို အကျိုးအကြောင်းနဲ့ ရှင်းပြချင်ပေမယ်လို့ စာတွေ ဟုန်ပြီး၊ ဖောင်းပွပြီး လိုရင်းကို မရောက်မှာ စိုးလို့ရယ်ကြောင့် ရှင်းပြတာတွေမပါပဲ တင်လိုက်တာပါဘုရာ့။
    တပည့်တော်ရဲ့ အရေးအသား နောက်ကွယ်မှာ မရှင်းပြထားတဲ့ တိမ်မြုပ်နေတဲ့ အဓိပ္ပါယ်တွေ ရှိနေတဲ့အတွက် တပည့်တော်ရဲ့ ဆိုလိုရင်းတွေကို ရှင်းအောင် ပြန်လည်ရေးသားပေးပါ့မယ်ဘုရာ့။
    အရှင်ဘုရားပြောပြစရာတွေ အားလုံးကိုဖတ်ပြီးရင် တပည့်တော်ရဲ့ ဆိုလိုရင်းကဘာ၊ အရေးအသားတွေ ကျစ်လစ်သွားတဲ့အတွက် စာဖတ်သူက ဘယ်လိုနားလည်သွားတယ် ဆိုတာကို Post တစ်ခု ပြန်တင်လိုက်ပါ မယ်ဘုရာ့။

    • ashinindaka

      April 2, 2011 at 12:47 pm

      ပြောစရာလဲ ထူးမရှိတော့ပါဘူး။ ပို့စ်သာ ရေးတင်တော့ဗျာ။ Researcher ရော၊ ဒီက ဦးဇင်းရော စာရေးဘူးသူတွေ မဟုတ်တော့ အတော်ခက်သားကလား။ ကြိုးစားရေးဗျာ။ ဘယ်လိုပဲဖြစ်ဖြစ်။ Researcher ရေးထားတာကို သူငယ်ချင်းဦးဇင်းတွေက ကောင်းကြောင်း၊ စေ့စေ့စပ်စပ်ရှိကြောင်း ချီးကျူးကြတယ်။

Leave a Reply