dragonfly ကျောင်းအမှတ်တရ

ဆူးApril 5, 20111min1232

အထက်တန်း ကျောင်းတက်တုန်းက ကျောင်းကား စီးတာလေး သတိရမိတယ်။ ကျောင်းကား အစီးရေ နဲ့ ကျောင်းကား စီးတဲ့ ကလေး အရေ အတွက် မမျှတဲ့ အတွက် ကျောင်းကားကို နှစ်ခေါက်ဆွဲပါတယ်။ ဒုတိယ အခေါက် မှာ လိုက်ရတဲ့ အခါ.. မနက် ဆိုလည်း သူများ မရောက်ခင် အစောကြီး ကျောင်းရောက်ပြီး ကျောင်းပြန်ဆိုလည်း ကျောင်းဝင်းကြီးထဲမှာ ဘယ်သူမှ မရှိတော့ဘဲ ကျောင်းကား တူတူ စီးတဲ့ အုပ်စုက လွဲရင် မရှိဘူး။ ကျောင်းတစ်ခုလုံး တိတ်ဆိတ်ပြီး ကျောင်းဝင်းထဲမှာ ထိုင်နေမလား ဆော့နေမလား မျိုးစုံ လုပ်ရင် အချိန်ဖြုန်းနေကြတယ်။
null

ကျောင်းဝင်းထဲမှာ ကားတူတူ စီးတဲ့ သူငယ်ချင်းများကတော့ အတန်းစုံပါဘဲ အတန်းကြီးတဲ့ သူငယ်ချင်းကော အတန်းငယ်တဲ့ သူငယ်ချင်းပါ ပါနေတယ်။ နေထိုင်တဲ့ မြို့နယ် တစ်ခုတည်း တွေဖြစ်ကြပါတယ်။
အချိန်ဖြုန်းပြီး ကားအလာ ကို စောင့်ရင်းနဲ့ ဆော့ ကစားကြတဲ့ အထဲမှာ သူငယ်ချင်း များကတော့ မြက်တောထဲ ဆင်းပြီး ပုဇဉ် ဖမ်းကြတယ်။ မြက်တော ထဲမှာ ပုဇဉ်းဖမ်းတာ ဘယ်သူမှ ငရဲကြီးတယ်လို့ အော်မဲ့ သူလည်း မရှိပါဘူး။ သူထက်ငါ အလုအယက် ဖမ်းတာ ပြိုင်ကြတယ် မြက်တော ထဲမှာတော့ အကောင် အကြီးကြီးတွေ ရှိနေတဲ့ အတွက် ငါဖမ်းတဲ့ အကောင်က ကြီးတယ် နင်ဖမ်းတဲ့ အကောင်က သေးတယ် စသဖြင့် ပြောဆိုပြီး ဖမ်းကြတယ်။ သူများ ဖမ်းတာ ထိုင်ကြည့်နေလို့.. သူငယ်ချင်း တစ်ယောက်က ငါဖမ်းထားတဲ့ အကောင် နင်မဖမ်းရင် ကိုင်ထားတဲ့ လက်ထဲ လာပေးတယ်.. ဖမ်းတာလည်း အတောင်နေ ဖမ်းတော့ ကိုင်တော့လည်း အတောင်ကိုကိုင်လိုက်ပါတယ်။ လက်ထဲ ကိုင်လိုက်တဲ့ အခါ အပူရှိန်တော်တော် မြင့်နေသလိုဘဲ ခံစားရတယ်။ ဒီလိုနဲ့ လန့်ပြီး လွတ်လိုက်တယ်.. သူငယ်ချင်းကတော့ မကျေနပ်ဘူး နောက်ပိုင်း ဖမ်းလာတဲ့ အကောင်တွေ လာမကိုင်ခိုင်းတော့ဘူး။ သူငယ်ချင်းတွေ အားလုံး တယောက် တကောင် နှစ်ကောင် ဖမ်းပြီး လက်နဲ့ ကိုင်ထားကြတယ်.. လက်နှစ်ဖက်နဲ့ တကောင်စီ ကိုင်ထားပြီး နှစ်ကောင်ကို မျက်နှာချင်းဆိုင် တည့်ပေးလိုက်တဲ့ အခါမှာ.. အတောင်ပံ ကို ဖိညှပ်ပြီး အကိုင်ခံထားရလို့ စိတ်တိုနေတဲ့ ပုဇဉ်းတွေ မျက်နှာချင်းဆိုင် မြင်တဲ့ အကောင် အပေါ် ဒေါသ ပုံချ ပါတော့တယ်။ နာတော့ နာနေမှာပါဘဲ.. ဒါပေမဲ့ လူ လုပ်တယ် ဆိုတာ မသိကြဘူးနဲ့ တူပါတယ်။ မျက်နှာချင်းဆိုင်ပေးလိုက်တဲ့ အကောင် နှစ်ကောင် တေ့ပေးလိုက်ရင် နှစ်ကောင်သား ခြေကုန် လက်ပန်းကျအောင် ကိုက်ကျပါတယ်။ တခါတလေ တစ်ကောင်က အားသာပြီး အရမ်းကိုက်လွန်းရင် နင်တော်ပြီ နင် များနေပြီ ဆိုပြီး အရမ်းကိုက်တဲ့ အကောင် အမြီး ကို အကိုက်ခံရတဲ့ အကောင် နဲ့ မျက်နှာချင်းဆိုင် ထားလိုက်တော့ အကောင် အချင်းချင်း ဒေါသတကြီး ကိုက်တာ မခုခံနိုင်ပေမဲ့ အကာအကွယ်မဲ့ ဖြစ်နေတဲ့ နောက်တကောင်ရဲ့ အမြီးကို အသေ အလဲ တွယ်တော့တာပါဘဲ။ ဒီတော့ ပထမ အလွန်စွာတဲ့ အကောင် နာလွန်းလို့ လူးလိမ့်နေတာမျိုးလည်း တွေ့တယ်။ သူများ လုပ်တာ ကြည့်ဘဲ ကြည့်နေတာ ဆိုပေမဲ့ အခုထိ တွေးလိုက်ရင် ထိုဖြစ်ရပ်ကလေးက မျက်စိထဲ ပြေးမြင်မိတယ်။ ဒီလိုနဲ့ အကောင်လေးတွေ ဖမ်းထား ပြန်လွတ်လိုက်ရင်လည်း အတောင်တွေ လက်နဲ့ ကိုင်ထားတဲ့ အပူရှိန်နဲ့ ပူပြီး ကပ်သွားတဲ့ အတွက် အတောင် မခတ်နိုင်တော့ပါဘူး။ မပျံနိုင်တော့ဘဲ ပစ်ချလိုက်ရင် လိမ့်ပိန့်ပြီးတော့ ကျသွားတယ်။ ထိုအချိန်တုန်းကတော့ ပုဇဉ်း ဘာလို့ မပျံနိုင်လဲ မတွေးမိဘူး ဘာလို့ မပျံဘဲ ဒီတိုင်းရပ်နေလဲ ဆိုတဲ့ အတွေးနဲ့ ကြည့်ဘူးတယ်။ အခုတော့ ပြန်စဉ်းစားကြည့်တော့ သနားစရာ ဝဋ်ခံရတဲ့ သတ္တဝါလေးတွေပါဘဲ။
ကလေးတွေကလည်း ဖမ်းလို့ရတာဘဲ သိတယ် နောက်ဆက်တွဲ အကျိုးအပြစ်ဆိုတာ မသိကြဘူး။
သေချာ ပြန်စဉ်းစားကြည့်ရင် ငရဲပြည်က ငရဲထိန်း နဲ့ ငရဲသား.. တွေ့ကြသလို ဖြစ်နေမလားဘဲ။
အတောင်ရှိလို့ ပျံနိုင်ပေမဲ့ အတောင် အချုပ်ခံရလို့ မပျံနိုင်ဘူး။ အချုပ်ခံရတာ ကြာတော့ အတောင်တွေ ပျက်စီးကုန်တယ်။ နာကျင်မှု အတွက် စိတ်တို ဒေါသ ဖြစ်နေတာကို နောက်တကောင် နဲ့ တိုက်ပေးရင်း ဒေါသကို ဖြေလျော့ပေမဲ့ နှစ်ကောင် စလုံး မောပန်းပြီး သေပွဲဝင်ကြရတာပါဘဲ။
လူကြီးတွေ တွေ့ကြရင်တော့ ဟဲ့ ကလေးတွေ မလုပ်နဲ့.. နင်တို့ ငရဲကြီးလိမ့်မယ် လွတ်ပေးလိုက်လို့ အော်ကြမှာပါဘဲ။ ကလေးတွေ ငယ်စဉ်ကတည်းက မိဘများ ဆရာ ဆရာမ များက နားထဲ စွဲနေအောင် သင်ကြားပေးရင်တော့ သတ္တဝါ အသက်ဆိုတာ ဆော့စရာ မဟုတ်ဘူးဆိုတာ သိကြပြီး ရှောင်ကျဉ်ကြမယ်လို့ ထင်မိပါတယ်။





2 comments

  • bigcat

    April 6, 2011 at 2:05 am

    သဂျီးက ပုဇဉ်းတွေ အပျင်းထူလို့ မပျံတာ သေပစေတဲ့။

  • myuemyue

    April 6, 2011 at 5:49 am

    ငယ်ငယ်က ပုဇဉ်းရောင်စုံလေးတွေ လိုက်ဖမ်းတမ်းဆော့ခဲ့ရတာ ပျော်စရာပဲ.. ကလေးဆိုတော့ ငရဲကြီးမှာတွေဘာတွေလဲ မစဉ်းစားမိပါဘူး..

Leave a Reply