“မဖုရားရဲ့ကြင်ယာတော်”
“မဖုရားရဲ့ကြင်ယာတော်”
(၁)
လှမျိုးထွန်းက ရေးလက်စ စာရင်းတွေကိုရပ်ပစ်တယ်။ ခုလေးတင်ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် ကိုယ့် နားကိုယ်မယုံသလိုလို။ ဖုန်းတစ်လုံးကို ကိုင်ပြီးမြောက်ကြွ မြောက်ကြွဖြစ်နေတဲ့ ဇော်ဇော်အောင်တောင် ဖုန်းမဆက်နိုင်အောင်ဖြစ်သွားတယ်။ ဟုတ်တယ်လေ။ ကြားလိုက်ရတဲ့ စကားက “အီစွတ်တစ်ယောက် မိန်းမယူတော့မယ်ဆိုတဲ ့သတင်း“ နှစ်ယောက်လုံးရဲ့စိတ်ထဲမှာတော့ ဘယ့်နှယ့်ဖြစ်ရတာလဲပေါ့။ ဇော်ဇော်အောင့်စိတ်ထဲမှာ ခိုးလုခုလုဖြစ်သွားတယ်။ သူ့လောက်ဖွန်ကြောင်တာတောင် ရည်းစားတစ်ယောက် အဖတ်မတင်ဖြစ်သေးတာ။ ကုမ္ပဏီအတွင်းမှာ မခုတ်တတ်တဲ့ ကြောင်သူတော်က ကြက်သူခိုးလုပ်သွားပြီ။ လှမျိုးထွန်းက ဇော်ဇော်အောင်ကို ဟားတယ်။
“ဘယ်လိုုလဲ သံချောင်း မင်းကအဆင့်(၁)နော် ဟောခုတော့ (၃)ကအရင် ကျော်သွားပြီ လုပ်ဦး မင်းအသက်ကြီးလာတာပဲ အဖတ်တင်တယ် ခုထိ ရည်းစားဆိုတာ လက်ဆုပ်လက်ကိုင် မပြနိုင်သေးပါလား“
ပြောမယ့်သာပြောရတယ်။ လှမျိုးထွန်းဆိုတဲ့လူ စကားပြောတော့ လူ့ဂွစာ။ နေတဲ့စတိုင်လ်က တောဂိုက်နဲ့။ သူလည်း ရည်းစားဆိုတာ ရွာမှာကျန်ခဲ့တဲ့ ဆရာမလေးဆိုလား ဘာလား မသေမချာ မရေမရာနဲ့ တွေတွေဝေဝေ ပြောတတ်တဲ့သူမျိုး။ မျက်လုံးချင်း စကားပြောရုံ။ ပြုံးပြ နှုတ်ဆက်ရုံဆိုတာကို အထာပေးရင် မယ်သီလရှင်တောင် မရှောင်ပဲ အကုန်ပတ် ရည်းစားတော်မယ့်လူ။
“ဒီကောင်က အနေနီးလို့ ပေါက်စီစားရတာများ မင်းကရောဘာထူးလို့လဲ ဆရာမလိုလို ဘာလိုလိုဟာကို ပြစရာမရှိ လက်ညိုးထိုးပြီး ငါ့ရည်းစားပါလို့ပြချင်တဲ့ကောင်“
အဲ့ဒီနှစ်ယောက်က အဲ့ဒီလိုအမြဲတမ်း ကိုက်နေကျ။ ဘယ်သူကခွေး ဘယ်သူကကြောင်မှန်းတော့ မသိဘူး။ သံချောင်းဆိုတဲ့ ဇော်ဇော်အောင်က ပိုစွာတယ်လို့ ပြောရမယ်။ သူ့ရဲ့အသံက ဟိုး…. ငရဲကြီးရှစ်ထပ်မှာ အနှိမ့်ဆုံး အဝီစိငရဲမှာ မချိမဆန့် ငရဲကျနေလို့ အော်တဲ့အသံလို အသံကုန်ဟစ်ပြီး ပြောတတ်တယ်။ခုကြည့် အီစွတ် မိန်းမယူမယ်ကြားတာနဲ့ နှစ်ယောက်လုံး လှုပ်လှုပ်ရွရွဖြစ်လာတယ်။ အီစွတ်ဆိုတာ တစ်ခြားမဟုတ်ဘူး။ သူတို့ရဲ့ ညီငယ်လို့လည်း ပြောလို့ရသလို လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တယ်။ အီစွတ်ဆိုတဲ့နာမည်က သူ့နာမည်ရင်းမဟုတ်ဘူး။ နာမည်ရင်းက မျိုးဇော်အောင်။ ဒါပေမယ့် သူတို့ရဲ့ အထက်လူကြီးတစ်ယောက်က ပေးသွားတဲ့နာမည်။ သံချောင်းနဲ့ အီစွတ်ဆိုတဲ့နှစ်ယောက်အပြင် မာမွတ်ဆိုတာက ရှိသေးတယ်။ နာမည်တွေ ကြားတာနဲ့ ကုလားလို့တော့ မထင်လိုက်ပါနဲ့။ အားလုံးက ဗမာစစ်စစ်တွေ။ သူတို့အဖေ မသိလိုက်ပဲ ကြားကားဆွဲသွားရင်တော့ တစ်မျိုးပေါ့။ အဲ့ဒီအထက်လူကြီးက နာမည်ပေးတာကျွမ်းကျင်တယ်။ သူတို့တွေက ကုမ္ပဏီမှာ ဆီကိုင် ဆိုတဲ့ ရာထူးနဲ့အလုပ်ဝင်တယ်။ တစ်ခြားကုမ္ပဏီတွေမှာ ဘယ်လိုရာထူးမျိုးတွေ ရှိသလဲမသိပါဘူး။ သံချောင်းက ဆီကိုင်(၁)၊ မာမွတ်က(၂)၊ အီစွတ်က(၃) အဲ့ဒီလို အဆင့်လေးတွေရှိတယ်။
“မင်းတို့ကို အမည် အစဉ်လိုက် ပေးရမယ်။ ဇော်ဇော်အောင်က သံချောင်း(ခ)ကံချား၊ အောင်မျိုးမင်းက မာမွတ်၊ မျိုးဇော်အောင်က အီစွတ် ဘယ့်နှယ့်လဲ“
အဲ့ဒီလို အမည်အသီးသီးရပြီးသကာလ သူတို့တွေ ကုလားပုံပေါက်သွားတော့တယ်။ သံချောင်းက အိုးမည်းသုတ်၊ ကတ္တရာစေး လောင်းထားတဲ့ရုပ်၊ ခြေသလုံးက ပုလွေရိုး။ ခန္ဓာကပိန် ကျွဲချို(ဂျို)လိမ်။
(၂)
မာမွတ်ကတော့ မျောက်မျက်နှာ၊ ပသိုင်းမွှေးထူလပျစ်နဲ့ သားဦး ကိုယ်ဝန်ဆောင်သလို ဗိုက်ကခပ်ပူပူကလေးရယ်။ အဲ အီစွတ်ကတော့ အသားမည်းရင်ကျွဲ အလူးအလဲ၊ ခြေသလုံးမွှေးပြောင် နွေခေါင်ခေါင်မှာ ဖားခုန်ထွက်မယ့် ခြေသလုံးကို ပိုင်ဆိုင်တယ်။ အဲ့ဒီ သုံးယောက်လုံးက အနေမဲ့ အခြေမဲ့တွေ။ အဲလိုပြောလို့ သူတောင်းစားတွေကိုတော့ ပြေးမမြင်လိုက်လေနဲ့။ ပြောချင်တာက ဒီလို…………
ဒီကောင်တွေက ကုမ္ပဏီမှာ ခြေကုပ်မမြဲဘူး။ အမြဲတစေ တစ်နှစ်မှာ အနည်းဆုံး သုံးလေးခေါက်လောက် ခရီးထွက်နေရတယ်။ ခြေသလုံးအိမ်တိုင်လို့ ပြောရင်ရတယ်။ ဟိုးနားကပ်စား၊ ဒီနားကပ်စား၊ ဟိုကပ်အိပ်၊ ဒီကပ်အိပ်နဲ့ပ။ ဒါကြောင့်ပြောတာ အခြေအနေမဲ့တွေလို့။ ခုလည်းသံချောင်းတိုတဲ့ ဇော်ဇော်အောင် ပြန်ရောက်တုန်း အီစွတ်ရဲ့ အကြောင်းကိုကြားလိုက်ရတာ။ ထားပါ။ အီစွတ်ရဲ့ အကြောင်းပဲပြောရအောင်။
အီစွတ်ဆိုတဲ့ကောင်က အထက်လူကြီးရဲ့ လက်ဆွဲတော်တောင်ဝှေး။ သူ့မှ မဟုတ်ပါဘူး၊ သံချောင်းလည်း လက်ကိုင်တုတ်ပါ။ ခဏခဏ ခရီးထွက်နေရတော့ အကိုင်မခံရတော့ဘူးပေါ့။ သံချောင်းမရှိတော့ အီစွတ်က အရေးပါလာတယ်။ အထက်လူကြီးရဲ့ ဆိုဒ်တွင်းစီး စီးတော်မြင်း ဆိုင်ကယ်ကို စိတ်ရှိတိုင်း ဖင်ညှပ်သွားလာနိုင်တာ တစ်ကုမ္ပဏီလုံးမှာ ဆီကိုင်တွေပဲရှိတယ်။ အဲ့ဒီ စီးတော်မြင်းက အီစွတ်ကို နဖူးစာရွာလည်စေပြီး ခေါင်းပေါ်ကို မြှားနတ်မောင်က သေးပေါက်ချလိုက်တယ်ပေါ့။ အချစ်ဆိပ်တွေ တရိပ်ရိပ်တက်ပြီး ကုလားကြီး ပဲဟင်းစားသလို နှလုံးသားတစ်ခုလုံး ပေကျံကုန်ရော ဆိုပါတော့။ အီစွတ်ဆိုတာ လူကြီးတောင်ဝှေးဖြစ်မှန်းမသိ ဖြစ်ခဲ့ပြီးသည့်နောက် ချစ်ခြင်းအသေချင်္တွေ ရင်မှာပိုက်ခဲ့ရရော။ ဒီလို အီစွတ်ဖြစ်ခဲ့ရတာလည်း အခြားရှိရိုးလား။ မျက်နှာ ဆယ့်ရှစ်ခေါက်ကျိုးနဲ့ တောင်တော်သခင်မ ကျန်းမာရေးဆရာမလေးနဲ့ တွေ့ခဲ့ရတာကိုး။
ကုမ္ပဏီတစ်ခုလုံးမှာ “မ“ဆိုလို့၊ စားဖိုမ ပြီးရင် အဲ့ဒီဆရာမလေးက နောက်ဆုံး “မ“ ကလေးပဲ။ အဲ့ဒီမကလေးကလည်း စားဖိုမတွေလို အို ၊နာ၊ ရွတ၊် တွ ကြီးတွေမဟုတ်တော့ တစ်ကုမ္ပဏီလုံးမှာ မဖုရားတစ်ပါးပဲ။ ကျန်းမာရေးဆရာမဆိုတော့ ကုမ္ပဏီတစ်ခုလုံးက လွယ်လင့်တစ်ကူ ဆရာမလို့ခေါ်ကြတယ်။ သိကြတဲ့အတိုင်း မဖုရားနုနုကလေးဆိုတော့ (တကယ်နု မနုတော့မသိဘူးပေါ့) အားလုံးက အဲ့ဒီသစ်ကိုင်း ငါချိုင်မယ်ချည်း လုပ်ကြတာ။ အီစွတ်ခမျာမှာလည်း မဖုရားကိုရဖို့ ရန်သူတစ်ထောင်ကို မဖြိုခွင်းခဲ့ရပေမယ့် မဖုရားအပါး မလွတ်တမ်းခစားနေတဲ့ ချစ်ကိုကိုတို့၊ တင်ကြီးတို့၊ ဖိုးနေတို့ စတဲ့ မိန်းမပိုးသန်တဲ့ ကြာကူလီ သုံးဖော်ကို အပြတ်အသတ် ချေမှုန်းခဲ့ရတာကလား။
အီစွတ်က ရုပ်ကသာ မည်းနေပေမယ့် စိတ်က ဖြူသလားဆို ပိုဆိုးနေတဲ့သူ။ ငါရဖို့ဆိုတဲ့ အတ္တကို ကိုင်ဆွဲပြီး ဘယ်သူ မဖုရားနားကပ်သလဲ၊ လာရောလဟယ်ဆိုပြိး ပိုင်းချလိုက်တာချည်း။ မိန်မပိုး သုံးဖော်ဆိုတာလဲ နယ်နယ်ရရမှတ်လို့ “ဇ“ကမသေးဘူး။ လှမျိုးထွန်းတို့၊ သံချောင်းတို့ ဆိုတာ မိန်းမတွေကို အဝေးကသာ မထိခလုတ် ထိခလုတ် လုပ်တတ်တာ။ ဒီသုံးဖော်က တောက်တဲ့နဲ့ အိမ်မြှောင်တောင် အဘခေါ်ပြီး လစ်ပြေးရတဲ့ လူတွေ။ အဲ့ဒီလို သူသုံးယောက်ကို ကျော်တက်နိုင်တယ်ဆိုတာ အီစွတ်ရဲ့ နည်းတဲ့ ဂုဏ်သတင်းလား။
မဖုရားဆိုတဲ့ ခိုင်ခိုင် ဆိုလား ခိုင်ဆိုလားက လူလည်ပန်ကာမလေး။ (သူ့ကိုသူတော့ ခိုင်ခိုင်ကလေ ခိုင်ကလေဆိုပြီး ခိုင်သင်းကြည်တို့၊ ထွန်းအိန္ဒြာဗိုလ်တို့ ကိုအားကျတဲ့ လေသံနဲ့ပြောတတ်တယ်။) လည်တာမှ ပန်ကာထက်က ဝက်အူကလေး။ မွှတ်လို့။ အရပ်ကတော့ အီစွတ်နဲ့ လားလားမှမတူ။ ဆန့်ကျင်ဘက်။ ပုမှ နုတယ် ဆိုတဲ့အတိုင်း ပုပု နုနု ထွတ်ထွတ် ကလေးပေါ့။ အသားအရည်က ညိုပြာညှက်နဲ့ မှင်မှောင်းကောင်းကောင်းနေတတ်တယ်။ မျက်နှာပြောင်သလင်းခါနဲ့ ဘီလူးမ အစွယ်ချိုးခံရလို့ မကြည်တဲ့ မျက်နှာကို တစ်ခါတစ်ခါ ချိုးထားတတ်တယ်။ ဒါပေမယ့် အီစွတ်အပေါ်ကိုတော့ favour မပေးသော်ငြား မစွတ်ခင်က ညွတ်ချင်သယောင်ယောင်ပေါ့။
(၃)
အဲ့ဒီမဖုရားက ချစ်ကိုကို၊ တင်ကြီး၊ ဖိုးနေ ဆိုတာကို သူ့ခေါင်းအုံးအောက် ခုအိပ်ထားတဲ့ ဇီးပြားထုပ်လောက်တောင် အရေးပေးချင်မှပေးတတ်တယ်။ မချစ်သော်လည်း အောင့်ခါနမ်းဆိုသလို သူ့ဆေးခန်းလာရင် ချော့၍တစ်မျိုး ခြောက်၍တစ်မျိုးနဲ့ မကြည်တစ်မျိုး ကြည်တစ်မျိုး ဆက်ဆံရတာပ။
ကုမ္ပဏီတစ်ခုလုံးမှ တစ်ဦးတည်းသော ပုပု နုနု မဖုရားဆိုတော့ ထမီ ခါးတောင်းမကျိုက်ရုံတစ်မယ် စိတ်ရှိတိုင်း ထင်တိုင်းကျဲတတ်ပြန်တယ်။ တော်ရုံ တန်ရုံ ဆေးလာတောင်းလို့ကတော့ ဖျားသွားမယ်။ အဲ့လိုဆို အစကတည်းက ဖျားပြီးသားလူ ဘာကြောင့်ဖျားသွားတာလဲလို့ မေးလိမ့်မယ်။ ဖြေမယ်လေ၊ ဒီလို…………….။
အပြောအဆို ညင်သာညက်ညောချက်ကတော့ ကမ်းကိုကုန်ရော။ လူနာတစ်ယောက် လာတယ်ဆိုရင် စ မေးတယ်။
“ဘာဖြစ်တာလဲ“
“ဖျားလို့“
“ဟဲ့ ဖျားတာတော့ နင်ပြောမှလား သိတာပေါ့။ ဘာကဘယ်လို ဖြစ်ရတာလဲဆိုတာ သိချင်တာ ငါ ခေါက်ထည့်လိုက်ရ“
ပြောတာကနောက်ကျတယ်။ ခေါင်းပေါ်ကို “ဒေါက်“ ခနဲက အရင်။ ကုမ္ပဏီမှာကလည်း လူမျိုးအစုံစုံအဖုံဖုံ ရောသမမွှေထားတော့ မဖုရားဆက်ဆံရတာလည်း အဆိုးမဆိုသာပေါ့။ တစ်ချို့က ကိုယ်စကားသံ ကိုယ်ပြင်မကြားလောက်တဲ့ လေသံမျိုးနဲ့ပြောရင်တော့ နားနားကပ်ပြီး ထုလိုက်တဲ့ ကြေးစည်သံကမှ သာယာဦးမယ်။ အော်လိုက်တာများ တော်ရုံ ဆီးမခိုင်တဲ့လူဆိုရင် ကြောက်သေးကို ဖျန်းဖျန်းပါရော။ မဖုရားရဲ့ လေသံကို ရေလိုက်ငါးလိုက် နေတတ်သူအဖို့တော့ မုန့်လည်းစားရမယ်၊ ဖုတ်လည်းစားရမယ်။ (ပြောင်းဖူးကိုပြောတာနော်) အဲ ကန့်လန့်တွေ ပြောလို့ကတော့ ဘီလူးဆိုင်းဆိုတာ ဒါမျိုးလားလို့ ပြန်မေးချိန် ရမှာကိုမဟုတ်ဘူး။
“ဟဲ့ ဆေးခန်းကို ဘာမှတ်နေလဲ“ ကနေ ကမာ္ဘ့အဆင့်မှီ နိုင်ငံတကာ ဆေးရုံကြီးတွေမှာ မဖုရားရဲ့စကားဆုံးလိမ့်မယ်။ မယုံမရှိနဲ့။ မူးမူးနဲ့ ဆေးခန်းမသွားလေနဲ့။
“ဘုရားမကြိုက် နတ်မကြိုက်တဲ့ အရည်တွေသောက် မျိုစို့ အော်ဝမ်းနာကျ ဟိုချော်လဲ ဒီချော်လဲနဲ့ ပြီးရင်ဆေးခန်းကိုလာတယ် ဘယ်မလဲ ဒူးပြဲတာ“ လူနာက မရဲတရဲနဲ့ လန်ပြတယ်။(ဒူးခေါင်း)။
“ဟယ် အနက်ကြီးပဲ ချုပ်ရမယ် ဟဲ့ ချစ်ကို၊ အရက်ပျံယူခဲ့၊ တင်ကြီးက ရေနွေးယူ၊ ဖိုးနေ ချုပ်အပ်နဲ့ချည် ယူခဲ့ ဒီမှာ Practical ဆင်းရအောင်“
မူးနေတဲ့လူ မျက်လုံးပြူးချင်လာတယ်။ Practical တဲ့။ ဘုရား ဘုရားပေါ့။ ဟို ကြာကူလီ သုံးကောင်ကလည်း ဘယ်အချိန်ခိုင်းမလဲ ဆိုတာကို နားစွင့်ထားနေကြတော့ ပြာပြာသလဲနဲ့ မဖုရားအမိန့်ကို နာခံကြတယ်။ အဲ့ဒီလို ပျာယာခပ်နေတဲ့သုံးယောက်ကို ကြည့်ပြီး လူနာမျက်စိ ကလယ်ကလယ် ဖြစ်နေတယ်။
“ချစ်ကို ဒူးခေါင်းကို ဇာဂနာနဲ့ညှပ်ပြီးဖြဲထား ၊ တင်ကြီး အရက်ပျံလောင်းတော့ ဖိုးနေက ဂွမ်း အဆင်သင့်ကိုင် ဆရာမက ချုပ်မယ် ကိုင်း နင်ဘုရား၊ တရား၊ သံဃာ တပြီး ကိုယ့်ကိုကိုယ် သရဏဂုံ တင်ထားပေတော့“
(၄)
လူနာခင်မျာ အနာလည်း ချုုပ်ပြီးရော မူးတာလဲပျောက်၊။နောက်တစ်ပတ်လောက်နေတော့ အရက်ပါ ပြတ်သွားတယ်။ မူးရင် ချော်လဲပြီး ဆေးခန်းရောက်မှာစိုးလို့။ မှတ်ကရော။ အဲဒီလို မဖုရားပေါ့။ အီစွတ်နဲ့ မဖုရားက မဟုတ်ဘူး၊ မဟုတ်ဘူးနဲ့ ဘူးပင်စိုက် ရေလောင်းနေကြတာ။ ခုတော့ ဘယ့်နှယ့်ရှိစ။ ပုတ်ရင်ပေါ် ဟုတ်ရင်ကျော်သတဲ့။ ကုမ္ပဏီအတွင်း ဟိုးလေးတကျော်ကျော်နဲ့ နာမည်ကြီးနေပြီ။ မင်္ဂလာဆောင်မယ်တဲ့။
အဲ့ဒီသတင်းက အင်တာနက်ကနေ ပျံ့တာလည်းမဟုတ်ပဲ ပွတက်လာတယ်။ ဒါကတော့ တခြားမဟုတ်ဘူး။ စကားအရာမှာ Expert ရထားတဲ့ သောင်းစိန် (ကွိုင်လော်)။ သောင်းစိန် (ကွိုင်လော်) ဆိုတာ နာမည်တစ်လုံးနဲ့လူ။ (အမှန်ကနှစ်လုံးပါ၊ ဘာကြောင့်တစ်လုံး လိုနေသလဲမသိဘူး)။ စကားကို ရေပက်မဝင်အောင်ပြောတတ်တယ်။ ကုလားသိုက် ကျားဝင်ကိုက်ရင်တောင် ထမပြေးပဲ ကြည့်ခဲ့မယ့်သူပေါ့။ လိပ်ကို ကြမ်းပိုး(ဂျပိုး) ဖြစ်အောင် ဟုတ်တာရော မဟုတ်တာရော မှင်တေတေနဲ့ ဖြီးတတ်တယ်။ စကားကို ဟိုလှည့်ဒီလှည့် ပြောလိုက်တာ ခေါင်းပါမူးလောက်တယ်။ တကယ်။ သောင်းစိန် (ကွိုင်လော်) နဲ့တွေ့လို့ကတော့ စကားရပ်မပြောနဲ့။ အိပ်ယာလိပ်၊ ခြင်ထောင်ယူပြီး အဲ့ဒီနားတင် တစ်ညအိပ်လိုက်ရမယ်။ လေကတော့ပြတ်မှာ မဟုတ်ဘူး။ လှမျိုးထွန်းလို လူ့ဂွစာနဲ့ တွေ့လို့ကတော့ ရေနွေး၊ လက်ဖက်၊ ကော်ဖီ၊ ခေါက်ဆွဲခြောက်နဲ့ မိုးလင်းရင်လင်းသွားတတ်တယ်။ သံချောင်း(ခ) ဇော်ဇော်အောင် နဲ့တွေ့ရင် ဟိုက ထွက်ကိုပြေးရတယ်။ ပြန်မပြောနိုင်လို့ မဖုရားတောင် သောင်းစိန်(ကွိုင်လော်) ကိုဆလံ တရတယ်။ သူ့နာမည်နောက်က ဘာကြောင့်(ကွိုင်လော်) တပ်ရသလဲဆိုတာတော့ ဘယ်သူမှမသိဘူး။ ဘယ်ကွိုင် ကို ဘယ်လို လှော်… အဲ .. လော်ခဲ့သလဲဆိုတာတော့ သူကိုယ်တိုင်မှသိမယ်။(သူလည်း အဆန်းထွင်ချင်မပေါ ့ ခေ တ်ကိုက အဆွင်ထွမ်းခေ တ်)။
အဲ ့ဒီလို သတင်းက ပျံ့နှံ့တယ်ဆိုရင်ပဲ ကုမ္ပဏီထဲမှ ပွက်ပွက်ရိုက်သွားတယ်။ နှပ်ရည်တွေ ဗလပွ နဲ ့ တင်ကြီးပြေးလာပြီး သောင်းစိန်(ကွိုင်လော်) ကိုမေးတယ်။
“ ကိုကွိုင်စိန် အဲ ကိုသောင်းစိန် ဆရာမနဲ ့ အီစွတ် မင်္ဂလာဆောင်တော့မယ်ဆို”
“မင်းကို ဘယ်သူပြောလဲ “
“ မအေးချို.. စားဖိုမ အယ်စတုန်ကြီး မအေးချိုပြောတာ”
“အေး ဟုတ်တယ်ကွ ဟိုနေ ့က အပြင်တွက်ပြီးပြန်လာတာ နောက်ကျလို ့တဲ ့ ယူလိုက်ရတာ”
“ ခင်ဗျာ”
တင်ကြီးအံ့ဩ သွားတယ်။ ဘယ်နှယ့် အပြင် ထွက်ပြီးပြန်လာတာ နောက်ကျရုံလေးနဲ ့ ယူလိုက်ရတယ်။
“မဖြစ်နိုင်ဘူး”
“ ရော် မင်းကမယုံဘူးလား သူတို ့မိုးကြီးစုန်းစုန်းချုပ်မှ ပြန်လာတာကွ မင်းသာမသိတယ် ဂိတ်ကင်းက အစ ကုမ္ပဏီတစ်ခု လုံးမြင်တယ် အဲ့ဒါနဲ ့ လူကြီးကိုတင်မောင်က ပေးစားလိုက်တာ”
“ဟာ ဆရာမက မငြင်းဘူးလား”
“ငြင်းမလား ဘူတာကြီးဆိုဒ်နေတာ ဘယ်..ဘူတာအသေးစားတွေဝင်မလဲ”
(၅)
အီစွတ်က ဘူတာကြီးတဲ ့။ တင်ကြီး စဉ်းစားတယ် ။ ဘယ်နားကြီးတာလဲပေါ့ ။ လူကြည့်တော့ ပိန်ပိန် လိမ်လိမ် နဲ ့ ကြီးတာဆိုလို ့ နှာခေါင်းကြီးပဲ ပြောစရာရှိတယ် ။ ကျန်တာရော ။ အို.. ကိုယ်မြင်ရတာ မှတ်လို ့။ ဪ.. မဖုရား …. မဖုရား ယူတော့လည်း မြန်မြန်ဆန်ဆန် ကြီး ။ မဖုရားကလဲ မဖုရားပါပဲ ။ အတက်လူကြီးရဲ့ လက်ကိုင်တောင်ဝှေးကို မှကိုင်ချင်ရသတဲ ့။ အဲ့ဒီ အထက်လူကြီး ရဲ ့စီးတောင်ဆိုင်ကယ်က မဖုရား အတွက် ရည်ရွယ်ပြီး ဝယ်ထားသလား တောင် ပြောကုန်ကြပြီ ။ မဖုရား ကလည်း ခြေပွေ ပါသကို း ။ မဖုရား ရဲ ့ခြေပွေယားယား လာတိုင်း အီစွတ် ကို တ, တယ်။ အယားက်ု အီစွတ်က ကုတ်ပေးသလို ။ မဖုရား ရဲ ့ခြေတော် ကြွကြွ လာပြီဆို အီစွတ်ကလည်း အလိုက်သိတယ် စီးတော်ဆိုင်ကယ် ကို ဆီဖြည့် ၊ ရေဆေးနဲ ့ အီစွတ် ရဲ ့မူလ ဘူတ နဂိုဟန်ပျောက်ပြီး သီချင်းလေးညည်းတယ် ။ ဘာတဲ ့။
“ဆရာမကိုပဲ အသည်းဆွဲအောင် ပဲ ချစ်မိပြီ” တဲ ့။
အဲ့ဒါကို တင်ကြီး ကမခံချင်တာ ။ (ခံချင်ရင်ရောရလို ့လား) ။ သူကြားခဲ့ရတဲ ့သတင်းက မှန်နေပြီ ။ အယ်စတုန် မအေးချို ပြောတုန်းကတော့ မယုံဘူး ။ အယ်စတုန် က သူ ့ကို မျက်ရည်လေး စမ်းစမ်းနဲ ့ပြောရှာတာ ။
“မောင်လေးရယ် မအေးဖြင့် မယုံနိုင်ဘူး အီစွတ်လုပ်ရက်တယ် လူကို အီစီကလီလုပ်ပြီး တို့လို့ တန်းလန်း ထားစရာလား စဉ်းစားကြည့် ခုတော့ဖြင့် မင်္ဂလာဆောင်တော့မယ်တဲ့..တင်ကြီး မောင်လေး ရင်ထဲ မြိုသိပ်မထားနဲ့ အန်ချလိုက်”
တင်ကြီးယောင်ပြီး လက်ညိုးကို ပါးစပ်ထဲသွင်းလိုက်မိပါသေးတယ်။ ခုတော့ဖြင့် တကယ်ထိုးရတော့မယ်။ မဖုရား..လုပ်ရက့်ပါပေ့။ ရက်စက်ပါပေ့ပေါ့။ ဝေ့သီနေတဲ့ မျက်ရည်စများကို ဘယ်ပြန်ညာပြန် လက်ညိုးကလေးနဲ့ တောက် ချလိုက်တယ်။ အီစွတ်..။ ကလိမ်ကကျစ်ကောင်။
မေးရိုးကြီးတင်းထနေတဲ့ တင်ကြီးကို သောင်းစိန်(ကွိုင်လော်)က ကြည့်နေတယ်။ ရင်ထဲမှာလည်း ပီတိတွေ မီးဖုတ်စားပြီးပြီ။ တင်ကြီး ရုတ်တရက် ရုံးကိုရောက်လာတော့ ဖိုးနေက ချက်ဆို နားခွက်က မီးတောက်ပြီ။ ဒီကောင် ဆရာမနဲ့ အီစွတ် အကြောင်းကြားလာပြီပေါ့။ သူ့ရင်တွင်းကတော့ ဘယ်နှယ့်မှမနေ။ မနေဆိုသူက ဆရာမနား ကပ်စားနေကျ။ မုန့်ကို ညာစားတယ်။ ဆေးညာတောင်းတယ်။ အဲဒါ ဖိုးနေ အကျင့်။ တင်ကြီးလို မေတ္တာငတ်လို့ မရ အရ လိုက်ငမ်းနေသူမှ မဟုတ်တာ။ ဒီ သီတင်း သူကြားလဲ နေသာသပ ချုံထဲက ဆိုသလို အေးအေးသာသာ..။
“ ဆရာမရော”
“ရှိပါ့ ဆေးခန်းထဲမှာ “
တင်ကြီး ဆေးခန်းထဲ စွတ်ခနဲ ဝင်ချလိုက်ရင်ပဲ ပူညံ ပူညံ အသံတွေ စ..ကြားရတယ်။
“ဆရာမ အီစွတ်နဲ့ ယူတော့မလို့ဆို”
“အင်း”
“ ဟာ ဗျာ ကျွန်တော် တင်ကြီးရှိတယ်လေ….”
“ဘာလုပ်ရမလဲ ..သုံးမရတဲ့…ဟာကြီး”
“ဗျာ”
(၆)
တင်ကြီး ငိုသံပါသွားတယ်။ မဖုရားက ဘာကိုဆိုလိုတယ်မသိသလို..တင်ကြီးလဲ ဘာကိုပြောတယ် ထင်သလဲမသိဘူး။
“ ဆရာမ ဘယ်လိုသိသလဲဗျာ”
“ချစ်ကို ပြောတာ”
“ဗျာ”
ဖိုးနေ ကျိတ်ရယ်ရပြီပေါ့။ အသံထွက်မရယ်ရဲ့ဘူး။ ချစ်ကို ငရွှတ်က တွေ့ရာလျှောက်ပြောသွားတာ။ တင်ကြီးခံရပြီ။ စောစောလေးကတင် ချစ်ကို ဆေးခန်းကိုလာပြီ အီစွတ်နဲ့သတင်းကို အတည်ပြုဖို့လာတယ.်။ ဟုတ်ရင်..ဖွန်ကြောင်ခြင်းက ရပ်တော့မယ်တဲ့။ မဖုရားက ပြောတယ်။
“ ဟုတ်တယ်လေ”
“ ဆရာမ ကံကောင်းတယ်”
“ တကယ်…ဘယ်လိုကံကောင်းတာလဲ”
“ အီစွတ်ကိုရလို့လေ ဆရာမရဲ့ ကျွန်တော်တို့သုံးယောက်ထဲက တင်ကြီးတာဆို ဆရာမ သုံးရမှာမဟုတ်ဘူး”
“ဘာလို့”
“သူက နှစ်ဖွန်ချက်လေ ဆရာမ..”
“ဘာလဲ နှစ်ဖွန်ချက်”
“နှစ်ဖက်ချွန်လေ ဆရာမရဲ့ ဒါပေမယ့် ပို…ပုန်းတယ်..”
“ ဟယ်…မထင်ရဘူးတော့ ရုပ်က သနားကမားလေး..အယ် ဒါပေမယ့် ရွံစရာနော်…”
“အီစွတ်က သုံးရတယ်”
“တကယ်”
“တကယ် ဆရာမရဲ့ မမုံရွာက ချစ်သူလမ်းကြားမှာ မယုံရင် သွားမေးကြည့်”
ပြောပြီးတာနဲ့ ချစ်ကို လစ်တယ်။ ဟိုဘက်မလွတ် ဒီဘက်မလွတ်အောင် ချစ်ကို ပြောခဲ့တာပေါ့။ မဖုရားက ဉာဏ်မရှိတဲ့ ဘီလူးမဆိုတော့ ယုံတယ်။ အီစွတ်ပြောသမျှလည်း ယုံတာပဲ။ တင်ကြီး ပါးစပ်ကလေးပိတ်ပြီး ဘာမှမပြောပဲထွက်လာတယ်။ မပြောနိုင်ဆို ချစ်ကို့ အလုံးက ကြီးတာကိုး။ ဖိုးနေကတော့ ဘာမှမမေးဘူး။ တင်ကြီးက ဖိုးနေကိုကြည့်ပြီး “တောက်”။
ဖိုးနေ လန့်သွားတယ်။ လန့်ဆို အသည်းက ငယ်တာကိုး။ ဟိုတစ်နေ့က သောင်းစိန်(ကွိုင်လော်) ပုဆိုးကျွတ်ကျတာကိုမြင်တော့ ဖိုးနေဆို မျက်ဖြူကို ဆိုက်ကရောပဲ..။
(၇)
အသည်းငယ်တာကိုပြောတာပါ..။
“ တောက်” တခေါက်ခေါက်နဲ့ တင်ကြီးထွက်သွားတယ်။ ဘာမှတော့မပြောဘူး။ ဒီလိုနဲ့ လက်တလော ရေပန်းအစားဆုံး၊ အဟော့ဆုံး သတင်းကတော့ အီစွတ် မင်္ဂလာဆောင်တော့မယ်တဲ့။ ဘယ်သူနဲ့လဲ….။ ဆရာမနဲ့…..။
××××××××××××××××××××××
လှမျိုးထွန်းနဲ့ သံချောင်း ဘီယာဆိုင်မှာ ခေါင်းချင်းတည်ကြပြီ။ အဲလိုပြောရင် ချို(ဂျို)ပေါက်လို့ နွားတွေလို့ ဝှေ့ကြမယ်လို့တော့ မထင်ကြနဲ့။ ဒီလို။ သူတို့နှစ်ယောက်ရဲ့ အသက်က (၂၈) ထဲမှာ။ ခုထိ တစ်ကိုယ်တည်း သမားတွေ။ နှစ်ယောက်လုံးရဲ့ ရည်ရွယ်ချက်က မိန်းမ ရ..ရမယ်။ မရ..အ..ရ ယူမယ်။အဲလို.ကြိမ်းဝါးနေတာ။ လက်ဆုပ် လက်ကိုင် မရှိဘူး။ ကိုယ့်လက်ကိုယ် အားကိုရုံ.ပ။( ကောင်မလေးတွေရဲ့ လက်ကို လိုက်ဆွဲမယ်ပြောတာပါ)။ ဟော…ခုတော့ အီစွန်ကြောင့် သူတို့ရဲ့ နှလုံးသားတွေ နိုးကြွကုန်ပြီ။ ရချင်းရ..အသက်ကြီးတဲ့ သူတို့နှစ်ယောက်ထဲက တစ်ယောက် အရင်ရ ရမယ်ပေါ့။ ခုတော့ နောက်ကားက ကျော်တက်ပြီး မီးခိုတွေပါ မှုတ်သွားတယ်။ လှမျိုးထွန်းက ဘုန်းကြီး ယောင်ယောင်ကောင်ဆိုတော့ တရားနဲ့ ဖြေနိုင်ပေမယ့်လို့ သံချောင်းက အေသင်ချိုဆွေ ဖြစ်နေတယ်။ သူ့ကိုယ် သူ တင်းနေတာ…တင်းတယ်။ ဘီယာဆိုင်ကိုလည်း သံချောင်းက ဦးဆောင်ပြီး ထွက်လာခဲ့တာ။ ဘုန်းကြီးလှမျိုးထွန်းကတော့ ကပ်သမျှ သောက်မှာပဲ။ ဒါတောင် နည်းနည်းလျှော့နေတာ။
တလောက အူရောင်ငန်းဖျားဆိုလား၊ အစာအိမ်ဆိုလား ဖြစ်လိုက်လို့ ရပ်နေတာ။ နို့မို့ဆိုရင် အလကားဆို လာထား ဆိုတဲ့ လူမျိုး။ စားသမျှ ဝ…လာလားဆိုလည်း အရိုးပေါ် အရည်တင်တဲ့ တကယ့် ကမ္မဌာန်းရုပ်။ ခုတော့ ရင်ဖွင့်ကြပြီ။ သံချောင်းကပြောတယ်…။
“မခံနိုင်ဘူးကွာ”
“မခံနိုင်ရင် မခံနဲ့ပေါ့ကွ”
“အေးမခံဘူး မင်းလဲ အမြန်သာရှာတော့ “
“ဟေ..ဘာကိုရှာရမှာလဲ”
“မိန်းမ…..လေ မင်း စဉ်းစားကြည့် မိန်းမရချင်းရ ငါတို့အရင် ရ….ရမပေါ့ကွ။ခုတော့ နောက်ကား ကျော်တက်လေခြင်း”
သံချောင်း ခံပြင်းရင်လည်း ခံပြင်းလောက်တယ်။ ဟုတ်တယ်လေ။ သူ့လောက် တွေ့ရာ မိန်းကလေး ကြောင်တာ သူပဲရှိတယ်။ “မ” မြင်ရင် နုတ်က ပွစိ ပွစိဖြစ်လာရော။ ဟော..ဒီ ဖားကန့်မြို့နယ်ထဲက မမုံရွာမှာဆိုရင် သံချောင်း မကြောင်ဖူးတာဆိုလို့ အဖွားအိုနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေပဲရှိမယ်။ ပြောရင် ပိုတယ်ထင်ဦးမယ်။ တကယ်။ လက်ဘက်ရည်ဆိုင်၊အထည်ဆိုင်၊ အရက်ဆိုင်က ကောင်မလေးတွေဆိုတာ သံချောင်းလာရင် မနေရဲဘူး။ ရှောင်နေရတာ။ သံချောင်းမျက်လုံးက မကျွတ်ကျရင် ကံကောင်း။ ဓါတ်တိုင်တောင် ထမီ ပတ်ပြီး မချီရဲဘူး။ သံချောင်း မြင်ရင် ထိုင်ပွားနေမှာ စိုးလို့။ အဲဂလို…။
“ မင်း ရအောင် ယူပေါ့ကွ ငနဲ.ရ”
“ငါက လူပျိုဘဝကို နှမြောလို့”
(၈)
“အလို….”
“ဟုတ်တယ် နှမြောလို့..အေ့”
ခံစမ်း လှမျိုးထွန်း။ ပြောလိုက်ရရင်တော့ နပန်းထ..သတ်ရတော့မယ်။
“ပါးစပ်ထဲ တွေ့ရာ လျှောက်မပြောနဲ့ မင်းမှာရည်းစားမရှိ ယူမယ့် လူမရှိလို့ဆိုတာ အားလုံးသိတယ်”
သံချောင်း ပါးစပ်ပိတ်သွားတယ်။ သူပြောလို့မရဘူးလေ။မရဆို ဒီကောင်က သူ့အကြောင်း အူမ..ချေးခါးမကျန် သိတယ်။ အကုန်သိ။ ဦးကုန်သိ။ မပိတ်လို့မရဘူး။ မပိတ်ရင် ဒီဘုန်းကြီးလိုကောင်ရဲ့ စက်သေနတ်ပစ်ခြင်းကို ကော့နေအောင် ခံရမယ်ဆိုတာ သိတယ်။ လူက ဂွစာ။စကားပြောရင် အပေါက် အလမ်းတည့်အောင် ပြောလို့ ရချင်မှ ရတာ။
“စားပြီးပြီလား”လို့မေးရင်
“နေ့လည်စာလား ညနေစာလား”လို့ ပြန်မေးတတ်တဲ့ကောင်။ မေးတဲ့အချိန်က ညနေပိုင်းဆိုတာကို သိသိရက်နဲ့ ဂွတိုက်တာ…။
“ဒီ ဆရာမနဲ့ဆိုတော့ အီစွတ်က ဘယ်လိုဖြစ်တာလဲ တန်တောင်မတန်ဘူး”
“ဘာ မတန်တာလဲကွ ရှင်းရှင်းပြော”
“အီစွတ်နဲ့ ဆရာမကို မလိုက်ဘူးလို့ပြောတာ တို့ဆရာမက လှိုင်ထိပ်ခေါင်တင်ကြီး”
လှမျိုးထွန်း စဉ်းစားတယ်။ ဘာတွေကို လှိုင်လို့ ဘယ်ထိပ်ခေါင်ကို တင်ရတာလဲပေါ့။ အတွေးမရှင်းဘူး။
“ထားပါ မင်းလဲရအောင်လုပ်တော့”
သံချောင်း အားပေးစကားကို လှမျိုးထွန်း အားရလှတယ်။ ဟုတ်တယ်လေ။ သူ့ကို သောင်းစိန်(ကွိုင်လော်)ကလည်း ပြောဖူးတယ်။
“မင်းတကယ် ရင်ထဲက ရှိဖို့ပဲလိုတယ် ချမ်းချမ်းတောင် ဆိုထားသေး တကယ်ဆိုရင် အချစ်ပဲလိုတယ်တဲ့ လိုက်တာသွား”
“ တကယ်လား ငါ့ရည်းစားက ရှမ်းပြည်နယ်မှာ လိုက်သွားရမှာလား”
“မဟုတ်ဘူး ငါပြောတာ သင်းချိုင်းကုန်း”
သောင်းစိန်(ကွိုင်လော်)က အဲလိုကောင်။ ဒါပေမယ့် အကူအညီတော့ရတယ်။ ပေးလိုက်တဲ့ အကြံကလည်း အသေးစိတ်တယ်။. သူ မလိုက်နာဖြစ်ဘူး။ ဒါကြောင့် စောင်ခြုံနေရတဲ့ ဘဝကမတက်တာ။ စိုင်းစိုင်းခမ်းလှိုင်တောင်ဆိုဖူးသေးတယ်။ “မိန်းမတွေ တောင်ပုံ ရာပုံ ငါ့အတွက်မဟုတ်တော့ စောင်ကိုသာ ခြုံ”ဆိုတာလေ အဲဒါ လှမျိုးထွန်းတို့ သံချောင်းတို့ကို စောင်းဆိုတာ.။
“ အိုကေ”
(၉)
လှမျိုးထွန်းပြောတယ်။ သံချောင်း မရှိတော့ဘူး။ လှမျိုးထွန်း ကြည့်လိုက်တော့ ဘီယာဆိုင်ရှေ့က ဘယာကြော် ကုလားမလေးကို ထိုင်ပွားနေတယ်။ ကုလားမလေးက-
“အားကိုနော်….ဘယားကြော်နော် ရောင်းတယ်….လူးကိုနော်..မရောင်းဘူး”လို့ပြောသံကြားတယ်။ သံချောင်း မျက်စိထဲတော့ ဘယာကြောသယ် ကုလားမလေးကို ဘယ်လိုမြင်တယ်မသိ။ လှမျိုးထွန်းကတော့ အဆီပြန်မျက်နှာနဲ့ မည်းတူးနေတယ် ကပ္ပလီမလေးကိုသာ မြင်ယောင်မိတော့တယ်။ တကယ်။
×××××××××××××××××××××××
ဖိုးနေ အလုပ်ရှုပ်နေတယ်။ အမှန်တော့ အလုပ်ရှုပ်ချင်ယောင်ဆောင်တာ။ ဖိုးနေအလုပ်က မနက်ပိုင်း တစ်နာရီခွဲလောက် ဖင်နွေးအောင်ထိုင်ပြီးရင် ပြီးပြီ။ မဖုရားက ဆေးခန်းထဲမှာ အီစွတ်ကိုစောင့်နေတယ်။ ဝတ်ထားတာက ဂျင်းဘောင်းဘီ ဖင်ကျပ်။ အင်္ကျီက ဗိုက်ဖုံး အင်္ကျီလို့ ထင်တာပဲ။ မဖုရားက ကိုးရီးယား Crazyဖြစ်လို့ လိုက်ဝတ်တယ်ထင်တာပဲ။ ဖိုးနေ မျက်စိထဲတော့ မဖုရား ဗိုက်ကြီးသယ်။ အရပ်ကပုတော့ လေးလက်မ ဒေါက်ကို ခနော်ခနဲ့ စီးထားတယ်။ မျက်နှာမှတော့ ပြောင်သလင်းခါနေတယ်။ ဘာမှကို မလိမ်းတာ။ အဲလို မဖုရားက။ခုစတိုင်လ်ကို သူ့အကြိုက်ဆုံး စတိုင်လ်လို့ဆိုတယ်။ ဖိုးနေကတော့ မျက်စိထဲ ကိုးလို့ကန့်လန့်မို့ ကန်ဇွန်းဥကိုသာ ပြေးကိုက်ချင်လိုက်တော့တယ်။ အီစွတ် ဆေးခန်းလာတာများ တော်ပြီပေါ့။ ရှေ့ပြဲ နောက်ပြဲ စကတ်ကွဲ လေးဝတ်ထားရင်။ ဒါမှမဟုတ်ရင်လည်း စင်ဒရဲလား ဂါဝန်တို့၊ Snow White ဂါဝန်တို့ဝတ်ထားရင်။ ခုတော့ အလန်းစား Fashion နဲ့ ထင်တိုင်းကျဲနေတဲ့ မဖုရား။
စောစောက ဖိုးနေကို အထက်လူကြီးကမေးတ.ယ်။
“ဆရာမနဲ့ အီစွတ်က ဘယ်လိုတုန်းကွ”
“သိဘူး မင်္ဂလာတော့ ဆောင်မယ်ပြောသံကြားတယ် သောင်းစိန်(ကွိုင်လော်)ပြောတာ”
လူကြီးက ဖုန်းကောက်ဆက်တယ်။ ထင်သားပဲ။ ခုသလော ဖုန်းတစ်လုံးနဲ့ ကိုဖင်ကုန်း အဲ ကိုဖုန်းခင်လုပ်နေတဲ့ လူကြီး ဖုန်းထဆက်တော့မယ်ဆိုတာ။
“ဟယ်လို….စိန်နဲ့မြကလား စပရိန်ရေမြုပ်မွေ့ယာကို ခုချက်ချင်း”……………”ကိုပို့ပေးပါ နှစ်ယောက်အိပ်ပါ ကောင်းကောင်းနော် ငွေ ခဏနေလာချေပါ့မယ်”
သွားပြီပေါ့။ ဖိုးနေ စဉ်းစားတယ်။ အင်းလေ သူ့လက်စွဲတော် တောင်ဝှေးပဲဟာ။ ဒီလောက်တော့ မ…စ..ရမှာပေါ့။ အဲဒါကြောင့် ဖိုးနေ အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာ။ရေမြုပ်မွေ့ယာကြီး ရောက်လာမယ့်အချိန်ကို စောင့်နေတာ။ ကာယကံရှင် နှစ်ဦးကတော့ ဘာမှမသိရှာသေး။ အီစွတ်လာပြီ။ မဖုရားကိုကြည့်တော့ ကြောင်မလေးလို “ညောင်” လို့များ ထအော်တော့ မလားလို့ဖိုးနေ ထင်နေမိတယ်။ ဒါပေမယ့် မအော်ပါဘူး မဖုရားက လူကို ။ ကြောင်မှ မဟုတ်တာ။
“အီစွတ်”
“ဗျာ”
“ အားလား…”
(၁၀)
“အားတယ်”
“ဖားကန့် သွားချင်..တယ်”
ပြောလို့တောင်မဆုံးသေးဘူး။ အီစွတ်က သွက်တယ်။ လက်တယ်။ ဖင်ပေါ့တယ်။ (မ..တော့ မကြည့်ဖူးပါ)။သူ့ ဆရာ အခန်းထဲရောက်သွားတ.ယ်။ ဘာညာသာရကာ နေကြာ ကွာစေ့ ပြောပြီး စီးတော် ဆိုင်ကယ်ကို ခွ..တယ်။ ပြီးတော့ မဖုရားဖက်လှည့်ပြီး-
“Let’s Go baby”ဆိုပြီးပြောတယ်။
ဖိုးနေ မျက်လုံးပြူးသွားတ.ယ်။ ပြူးတာမှ ဆန်ကောလောက်ကိုရှိတာ။ မျက်ပြူးဆံပြာဆိုတာ ဒါမျိုးနေမှာ။ မဖုရားက ပြန်ပြောတယ်။
“ Okey…Baby ဒိုး”တဲ့။ အဲဒီမှာ သောင်းစိန်(ကွိုင်လော်)ရောက်လာတယ်။ စပ်ဖြီးဖြီမျက်နှာကြီးနဲ့ ဖိုးနေဘက်လှည့်ပြောတယ်။
“Let’s Go ဖိုးနေ”
ဖိုးနေ ကြောင်သွားတယ်။ သောင်းစိန်က-
” သွားမယ် ဖိုးနေ ဖားကန့်မြို့က ခြေထောက်ပေါက်နေတာ ကြာရင် ထွက်ပြေးလိမ့်မယ် တော်ကြာ မမှီလိုက်ပဲ နေဦးမယ်နော် …နော် ဆရာမ…နော် အီစွတ်”
အဲဒီမှာ နှစ်ယောက်လုံးရဲ့ မျက်နှာဟာ လငပုတ်ဖမ်းထားတာထက်ဆိုးတယ်။ ပုတ်သွားလိုက်တာများ အနံတောင် ထွက်တယ်။ ဖိုးနေ နှာခေါင်းရှုံ့တယ်။ မဖုရားရော။ အီစွတ်ရော။
သောင်းစိန်(ကွိုင်လော်)ကိုကြည့်တယ်။ တရားခံ ဘယ်သူလဲပေါ့။ အဲဒီအချိန်မှာ “ရှူး”ဆိုပြီး အသံမျှင်းမျှင်းလေးကြားလိုက်ရတယ်။ ဘယ်သူ့ ဖင်ကလဲ။ ဖိုးနေကြည့်တယ်။ သောင်းစိန်(ကွိုင်လော်)က “ဟီး”ခနဲ ရယ်တယ်။
“ ဟီး….လေမလည်ရင် သေဖွယ်ရာသာရှိတော့ မပေါ့ ဟုတ်တယ်မလား ဆရာမ”
မဖုရားက ခေါင်းပဲငြိမ့်ရတော့မလို ခေါင်းပဲခါရတော့မလို။ နောက်တော့ အီစွတ်ကိုပြောလိုက်တယ်။
“ သွားမယ် အီစွတ် တော်ကြာ အနံ့တွေ စွဲကုန်မယ်”
အမိန့်ရရင်ပဲ သကောင့်သား အီစွတ်ဟာ ရင်ကိုကော့၊ ဖင်ကိုကောက်ပြီး၊ လီဗာကိုဆွဲလိုက်တယ်။ အမယ်..မဖုရားက ဘေးစောင်းခြေချိတ်လိုက်သေး။ ပါသွားတာ..။ ပါ….သွားတာ။
အီစွတ်နောက်ကို မဖုရား ပါသွားတာ မပါသွားတာ အရေးမကြီးဘူး။ သောင်းစိန်လာပြီဆိုကတည်းက မျက်စိကို ကျီးကန်းတောင်းမှောက် ကြည့်နေရတယ်။ သူ့ရုံးက ဘာပါသွားမလဲဆိုတာ စိုးရိမ်နေရတယ်။ ဟုတ်တယ်။ သောင်းစိန်ဆိုတဲ့ကောင်က လွယ်တာမဟုတ်ဘူး။ ရုံးကိုလာရင် သူ့လက်ထဲ တစ်ခုခုမှ မပါဘူးဆိုရင် ပြန်ရိုးထုံးစံမရှိဘူး။
(၁၁)
ဧည့်သည်လာရင် တိုက်ဖို့ထားတဲ့ အချိုရည်ဗူးတွေ၊ မုန့်တွေဆိုတာ မဖွက်လို့ကတော့ နိုက်မြည်းပြီဆိုတာမှတ်။ ဟိုဖွင့်ကြည့်။ ဒီဖွင့်ကြည့်ကလည်း တတ်သေး။ ဖိုးနေတောင် အဖွင့်ခံရတော့မလို့။ အဲ ဖိုးနေ အခန်းကိုပြောပါတယ်။
“ ကိုသောင်းစိန် ဘာလိုချင်လို့လဲ”
“မင်းကို”
“မြတ်စွာ ဘုရား”
“ မင်းကိုလိုနေတာ”
ဘုရား…ဘုရား။ ပြီတီတီကြီးနဲ့။ အနားကိုလျှောက်လာတယ်။ ဖိုးနေ ကြက်သီးတွေ ကျောရိုးတလျှောက် ဖျင်းဖျင်း ဖျင်းဖျင်းနဲ့ တက်လာတယ်။ဘယ်လိုလုပ်ရပါ့။ပုံစံကြီးက။ သောင်းစိန်က ဖိုးနေ အနားကိုကပ်လာပြီးပြောတယ်။
“သူတို့ ဘယ်သွားတယ်ဆိုတာ မင်းနားက သိချင်လို့”
“ဪ”
ဟူး တော်ပါသေးရဲ့။ဖိုးနေလည်း ရေရေရာရာတော့မသိဘူး။ ကောက်ခါ ငင်ခါသွားတာဆိုတော့ ဘယ် အတတ်သိပါ့မလဲ။ မဟုတ်မှ လွဲရော။ မနေ့ညက ဖုန်းက မဖုရား ဆီကိုလာတာ။ ဖိုးနေ နားထဲ ပိုစတင်ကျတယ်ဆိုလား၊ ဘာလား ကြားလိုက်တယ်။ နောက် မြစ်ကြီးနားဆိုတာလည်း ပါတယ်။ အထက်လူကြီးကိုလည်း ခွင့်တောင်းတယ်ဆိုတော့ မြစ်ကြီးနား သွားရအောင် စနည်း သွားနာတာများလား။ ဟုတ်လောက်တ.ယ်ပေါ့။ စ.ပြီ။ ဖိုးနေတို့ စ ပြီးဖောက်သယ်ချပြီ။
“ဂလို ကိုသောင်းစိန်ရေ ×××××”
“ဪ”
သောင်းစိန်(ကွိုင်လော်) အကွက်ဆိုက်ပြီ။ သုတ်ခနဲလစ်တယ်။ သောင်းစိန်ရဲ့ ခြေလှမ်းတွေက သွက်တယ်။ စားဖိုဆီကိုရွေ့တယ်။ ဒီကနေ့ မအေးချို ဈေးကျတဲ့နေ့။ မီးဖိုပေါ်က မိုးဗြဲဒယ်ကို ဘာတွေထည့်ပြီး ဘာတွေ မွှေမှန်းတော့မသိဘူး။
“မလှမြိုင်”
“ဪ ကိုလှမြိုင်”
မျက်စိတော့ လည်ကုန်မယ်ထင်တယ်။ ကိုသောင်းစိန်က ကိုလှမြိုင်ဖြစ်ပြီး၊မအေးချိုက မလှမြိုင်ဖြစ်ရတဲ့အကြောင်း။ ဘာမှမဟုတ်ဘူးရယ်။ မအေးချိုက ရည်းစားဟောင်းရဲ့နာမည်ကို တမ်းတအောက်မေ့ပြီးခေါ်တာ။ သောင်းစိန်တို့များ မျက်နှာပွင့်တာ နေကြာပန်းလောက်ရှိတယ်။ ပန်းက ကြီးတယ်။ ဒါနဲ့ သောင်းစိန်ကလည်း မအေးချိုကို မလှမြိုင်လို့ ပြန်ပြင်ခေါ်တယ်။ မအေးချိုရဲ့ မျက်စိထဲမှာတော့ သောင်းစိန်က ဘယ်ဟာက လှလှကြီးမြိုင်ပြီး ဘယ်ဟာကဖြင့် မြိုင်မြိုင်ကြီး လှသလဲ မသိပါဘူး။
ဒါပေသိ မအေးချိုက ခုတလော အီစွတ်ကို မျက်စိကျတယ်။ အားကိုးလောက်တယ်လို့ပြောတာပဲ။ ဘာကို အားပြီး ဘာကိုကိုးမလဲတော့ ဘယ်သိမလဲ။
(၁၂)
အီစွတ် စားဖိုကို ထမင်းလာယူရင် အီစွတ်အတွက် အသည်းဖတ်တွေ ၊ ကလီစာဖတ်တွေ ကြိုက်ရာရွေး မျက်လုံးရွဲကြီးနဲ့ ထည့်ပေးတတ်တယ်။အီစွတ်ကို အဝေးကမြင်လိုက်ရရင်ပဲ F4 မင်းသား ဂူဂျွန်ဖြိုးပဲ လာသလိုလို မရိုးမရွကြီးကိုဖြစ်လို့။ အဲဒီ မအေးချိုကို သောင်းစိန်က ပစ်မှတ်ထားလိုက်ပြီ။
“ မလှမြိုင် ကြားပြီးပြီလား”
“ဘာကိုလဲ ကိုလှမြိုင်ရဲ့”
“အီစွတ်အကြောင်းလေ”
“ဟယ်..အီစွတ် ဘာဖြစ်လဲ ပြောပြော”
အကွက်ဆိုက်ပြီ။ သောင်းစိန် စတင်ပြီး စကားတွေလွှတ်တယ်။
“ဆရာမနဲ့ မြစ်ကြီးနား လိုက်သွားမလို့တဲ့”
“ရှန်”
မအေးချို ဇွန်းကြီးလွှတ်ချတယ်။ မျက်လုံးက ဘယ်ညာ ထောင့်စုံပြေးကပ်ကုန်တယ်။ စဉ်းစားတာ။ စဉ်းစားတာ။ ဘာလုပ်တာလဲပေါ့။
“ဘာသွားလုပ်တာလဲ ကိုလှမြိုင်”
“အဖော်မရှိလို့တဲ့ ခေါ်သွားတာ သုံးရက်တည်းတဲ့”
“သုံး..ရက်”
လက်ကလေး သုံးချောင်းထောင်ပြီး အံ့ဩနေပုံက အပေါင်းအနုတ်မတတ်တဲ့ ကလေးငယ်တစ်ယောက်လိုမျိုး။
“ဟင် သုံးရက်တောင် သုံးရက်ဆိုတာ ..တာ….တာပေါ့။ အောင်မလေး ကိုယ်ကျိုးတော့ နည်းပါပြီ”
ဆိုပြီး စားဖိုအိပ်ဆောင်ထဲ ဝင်ပြေးသွားလိုက်တာ ဒုန်းစိုင်း။နှိမ့်တုန်၊ မြင့်တုန် တင်ပစုံနဲ့ ကစုန်ပေါက်ပြေးသွားတာများ ဝေဟင်ထက်ကနေ ပျံသွားသလိုမျိုး။ အဲဒီမှာ မပလောင်က ပြေးလာတယ်။ ဘာတဲ့ဆိုရင် စပ်စုလိုက်ရမှ ကျေနပ်သူ ပီပီ…….
“ဘာလဲ သောင်းစိန် ဆရာမနဲ့ အီစွတ် ဘာဖြစ်တာလဲ? ဘယ်လဲ?ဘယ်လို သုံးရက်လဲ?”
“သိချင်..ဝယ်ဖတ်”
“ကောင်စုတ် ခဏလေး ငါ Sprite ယူလာခဲ့မယ် ခဏ”
သောင်းစိန်တို့လုပ်စားပုံပါ။ အနံ့…..။တူးနံ့…။ ဟင်း..တူးပြီ။ ခုမှ ထိုင်ပြီး နှစ်လုံး…။ သုံးလုံး တွက်နေတဲ့ မအေးမေ ခေါင်းထောင်လာတယ်။ နှာခေါင်းကို ရှုံ့တယ်။
“ဟဲ့…မချို..တူးပြီ..နင့်..ဟာ တူးပြီ..ဟဲ့ အောင်မလေးနော် ၇၅၆ ခုံနဲ့တာပေါက်ချင်တော့တယ်”
(၁၃)
ပြေးပြေးလွှားလွှား စားဖိုထဲ ခြေလှမ်းတွေ ရှုပ်ကုန်တယ်။ မအေးချိုက မျက်ရည်တွေ ဘူးသီးလုံးလောက် ကျနေလောက်ရောပေါ့။ မအေးမေက ဟင်းအိုးထဲ ရေတွေလောင်းထည့်တယ်။
ရှဲခနဲ..။
မအေးချိုကလည်း ရွှတ်ခနဲ့ပေါ့။ မပလောင်က ဂရုမစိုက်အားဘူး။ Spriteဗူးလေးဆွဲလာပြီး သောင်းစိန်အနားကပ်ထိုင်လိုက်တယ်။
“ဖောက်”
“အောင်မလေး ကိုယ်တော်ရယ် ပြောဦး”
“ဂလို မပလောင်ရဲ့”
အဲဒီအချိန်မှာပဲ သောင်းစိန်နဲ့ မပလောင်တို့ လိပ်ပြာလွင့်လောက်တဲ့ အသံအောအော နတ်ကတော်ဆိုက်နဲ့ ဒေါ်ညိုကြီး ခါးထောက်ပြီး ဘိုသီဖတ်သီးကြီးနဲ့ထွက်လာတယ်။
“ဟဲ့…..ဘယ်ဟာလေးလဲ ငါ့ သမီးကို မျက်ရည်ကြွေစေတာ ဟင်းချက်တာ ဖြောင့်ဖြောင့်မချက်ရဘူး အမေမကြိုက်ဘူး ဒါမျိုးတွေ အမေ..မကြိုက်ဘူး”
လက်က ဖွာတော် Ruby ဆေးလိပ်နဲ့ ရာဝင်အိုးလောက်ရှိတဲ့ တင်ကြီးကို လှုပ်လှုပ်လှဲ့လှဲ့ဖြစ်အောင် ခါးထောက်ပြီး နှဲ့လျှောက်လာတာပေါ့။ သောင်းစိန်ခြေလှမ်းတွေ နောက်တစ်လှမ်း ဆုတ်ပြီ။ ယောင်းမကိုင်ပြီး ထမင်းပေါင်းအိုးကို စပယ်ရှယ် မွှေနေတဲ့ ဒေါ်နန်းက ပွတ်တွတ် ပွတ်တွတ် ရွတ်ပြီ။
“ဒါတွေပဲ အကဲပိုတာ စားဖိုမမလုပ်နဲ့ လင်ပဲယူပါတော့လား တူးပြီပေါ့ နည်းတောင်နည်းသေးတယ်”
အဲဒီနေ့က မအေးချိုရဲ့ အသည်းကွဲ ငါးကြော်ချက်ကို တူးတူးကလေး စားလိုက်ကြရတယ်။ ဟင်းက မည်းလိုက်သမ သပိတ်ရောင်ကို လက်လက်ကို ထလို့။မွှေတာ..။ မွှေတာ..။ သောင်းစိန်(ကွိုင်လော်)တို့ မွှေတာ။ အဲဒီလို စားဖိုဆောင်ကို မောင်းတီးလိုက်ရင်ပဲ သတင်းကြေငြာစရာမလို ဗျို့ဟစ်သံနဲ့ မပလောင်က မီဒီယာကဏ္ဍကြီးကို တာဝန်ယူလိုက်တယ်။ ပြန်ကြားရေးနဲ့ ကုမ္ပဏီ သတင်းဖြန့်ဝေရေးဌာနတဲ့။ ကင်ပွန်းတပ်တယ်။ ဒါတောင် မအေးမေက-
“သောင်းစိန် သူတို့ ဘယ်နှစ်နာရီထွက်တာလဲ သုံးရက်နော်….နှစ်ယောက်”
မျက်လုံးကို မိုးပေါ်ကြည့်ပြီး စာရွက်ပေါ်ရေးချလိုက်တယ်။
“၉၃၂” တိုးပြီးချစ်”
××××××××××××××××××××××××××××××
(၁၄)
“ဇာတ်သိမ်း”
ဒီနေ့…။
မင်္ဂလာနေ့…….။
ကုမ္ပဏီထဲမှာ မင်္ဂလာဆောင်ရှိတယ်။ကိုတင်မောင်က ဒီကနေ ့ အလုပ်နားပေးလိုက်တယ် ။ မင်္ဂလာဆောင်ရှိလို ့။ မြင်တယ်မှတ်လား ။ မြင်ဆိုမောင်ကြီး သောင်းစိန်ရဲ ့(လက်ချက်) ကလည်းပြင်းသကိုး ။ တင်ကြီးက မျက်ရည်လည်ရွဲ ပုလဲခဲတွေ မျက်လုံးမှာ အစီအရီ ခိုကပ်တယ်။ မအေးချိုက ဘာမှပြောနိုင်ဘူး။ အလုံးကြီးဆို့နေတယ်တဲ့။ မပလောင်ကပြောတယ်။ အချစ်က အလုံးကြီးတဲ့။ အချစ်က လုံးတယ်တဲ့။ လုံးတာ ပြားတာ ငြင်းရမယ့် အချိန်မဟုတ်တော့ဘူး။ မျက်နှာသေလေးနဲ့ မလှုပ်မယှက်နေပုံက လင်ပဲ အခိုးခံရသလိုလို၊ လင်ပဲပျောက်သလိုလို။ လှမျိုးထွန်းနဲ့ သံချောင်းက မင်္ဂလာ မဏ္ဍပ်ရဲ့ေ ဒါင့်ကလေးမှာ ခိုကပ်လို့။ကနေ့က ဖိုးနေရဲ့အကွက်ပေါ့။ နောက်နားက စားဖိုဆောင်မှာ တဝ…တဖြဲစားတယ်။ မြိုတယ်။ ဒီနေ့မှ ဖိုးနေ မစားရင် နောက်ကျရင် ငတ်မှာပဲဆိုပြီး အတိုးချ စားနေသလားမှတ်ရတယ်။ ချစ်ကို ပျောက်နေတယ်။ ပျောက်ဆို “ခဲ”လိုက်ကောက်နေတာ။ ပီနံအိတ်ကြီး (၁၀)လုံးလောက်နဲ့ကောက်နေတာ မနေ့ကတည်းကတဲ့။ မာမွတ်ကတော့ ရွှေကြိုးတားဖို့ ရွှေကြိုးမရှိလို့ ကုလားရွှေစက္ကူကို ကလိမ်ကကျစ်နည်းနဲ့ ကြိုးကျစ်နေတယ်။ ကြိုးကျစ်လိုက် စက္ကူကပြဲလိုက်ဆိုတော့ အီစွတ်တို့ မြေး(၁၇၆)ယောက် ရသွားမယ်။ မာမွတ် ကြိုးကျစ်လို့ပြီးမယ့်ပုံ မပေါ်ဘူး။
မဖုရား မြစ်ကြီးနားက ပြန်လာတယ်လို့ ကြားလိုက်တော့ အီစွတ် ဖင်မငြိမ်ဘူး။ (ဖင်က ငြိမ်တတ်လို့လား)။အသည်းကြားက အီစွတ် သည်းလျှာ မဖုရားဆိုတော့လေ။ ရောက်ရောက်ချင်း အားချင်း မင်္ဂလာဆောင်ဖို့ပြင်လိုက်တာ ကုမ္ပဏီမှာ အကြွေး(၁၀)သိန်းတင်တယ်။ မျက်နှာကြီးက မည်းသည်းပြီး အကြွေးမကျေမှာလည်း ကြောက်သလို အိမ်ထောင်ကျမှာလည်း ကြောက်နေတဲ့ပုံ။
ကနေ့တော့……………။
မင်္ဂလာတေးတွေလွှင့်ပြီ။ ဟေမာနေဝင်းလည်း မနားတမ်း အော်ရသလို၊ ရတနာဦးလည်း မသက်သာပါဘူး။ Sound Box သာ စကားပြောတတ်ရင် ရေတိုက်ကြပါဦးဗျို့ အော်မလားပဲ။
လူတွေ စည်ကားလာပြီ။ စည်ကားမှာပေါ့။ ကုမ္ပဏီထဲက လူတွေပဲ ဟာ..။ ဘယ်သူ့ကို ဖိတ်တာကျလို့။ အီစွတ်က တစ်ကောင်ကြွက်။ မဖုရားက တစ်မျက်နှာ။ နှစ်ယောက်ပေါင်းတော့ ။ တစ်ကောင်ကြွက် တစ်မျက်နှာ။ စွယ်တော်ရွက်ကလေးလို့ …ဟတော့ မပြဲဘူး…။
သူတို့ရဲ့ မျက်နှာထက်မှာ အပြုံးတွေကိုယ်စီ ခြယ်သထားတယ်။ အပြုံးတွေ မခြယ်သနိုင်တာက တင်ကြီး။ ခုထက်ထိ သူ့အိပ်ကပ်ထဲက မဖုရားအတွက် ရေးထားတဲ့ ကဗျာကို ထုတ်ဖတ်လို့ကောင်းတုန်း။
မင်္ဂလာမဏ္ဍပ် ဒေါင့်တစ်နေရာမှာတော့ လှမျိုးထွန်းနဲ့ သံချောင်းအပြင် ချစ်ကိုနဲ့ မာမွတ်ပါ စုမိကြတယ်။ မာမွတ် လှစ်ခနဲ့ ပျောက်သွားတယ်။လုပ်ကူကိုင်ကူကြတဲ့ အဖွဲ့နားသွားပြီး ဝီစကီတစ်လုံးကောက် ဘတ်လာတယ်။ လှမျိုးထွန်းတို့ ဝိုင်းကိုရောက်တော့ ဖြိုပြီ။ ဝီစကီ ပုလင်းကို ဖြိုပြီ။ အဲဒီမှာ ချစ်ကိုက သူ့ရင်ဘတ်ကို ပုတ်ပုတ်ပြီး ပြတယ်။
(၁၅)
“ ဒီမယ် အစ်ကိုတို့ရ ကျွန်တော်ရင်ထဲ မချိဘူးဗျ..”
ချစ်ကိုအပြောကို သံချောင်းက
“မချိဘူးဆို တစ်ခြမ်းသေနေလို့လား ငါ့..ညီ”
“ဟာ ဗျာ ရင်နာနေတာ ဟော့ဒီ ရင်နာနေတာ ဂွတ်”
ပြောရင်းမော့ချလိုက်တယ်။ ချစ်ကိုက ထန်းရည်မူး ကျွဲခိုးပေါ်ဆိုတဲ့ လူစားမျိုး။ မူးမှ သူဘာလုပ်ခဲတယ်ဆိုတာတွေကို အိတ်သွန်ဖာမှောက်၊ တောင်းမှောက်၊ပလုံးမှောက် အောင်ပြောတဲ့သူ။ ခုကြည့်…ရေတွေလွှတ်နေပြီ။
“ စဉ်းစားကြည့်ကြပါဗျ…ကျွန်တော်လေ ဆရာမကိုလွှတ်ချစ်တာ တစ်ကိုယ်လုံးကိုချစ်တာ အေ့ ကိုယ်သင်းရနံ့လေးကိုလည်းချစ်တယ် ပု…တာလေးကိုလည်းချစ်တယ်။ အဲဒီ ပု…ပု..က အေ့ ဒီ….အာ ဘာမဟုတ်တဲ့ ကုလား အီစွတ်ကိုမှ တမ်းတမ်းစွဲ အေ့ ကျွန်တော် အဲဒီလောက်ထိချစ်တဲ့ဟာကို ဆရာမက အပြစ်မြင်တယ် အေ့ ကျွန်တော် ဆရာမရဲ့ ဘော်လီကိုတောင် ခိုးယူထားပြီးပြီ အေးဟေး”
“ဘာ”
“ဘယ်လို”
မူးနေတဲ့မျက်လုံးတွေ ပြုးလာတယ်။ အဲဒီထက်ပိုဆိုးတာက သောင်းစိန်။ လှမျိုးထွန်းတို့နားကိုအလာ သူ့နားနဲ့ ဆတ်ဆတ်ကြီးကြားလိုက်တာ။ ချစ်ကို ဆရာမရဲ့ ဘော်လီ ခိုးသတဲ့။ သောင်းစိန်အတွက် Blogတစ်ပုဒ်ဆိုလည်းမမှားဘူး။ မောင်း တစ်လုံးဆိုလည်း မမှားဘူး။ ဒီ မောင်းကို နာနာထုဖို့တာလိုတာ။ သောင်းစိန်ကိုမြင်တာနဲ့ မာမွတ်က ဝီစကီပုလင်းကို ဖွက်တယ်။ မမှီတော့ဘူး။ သောင်းစိန် မျက်လုံးတွေ အရည်တွေ မှည့်ထနေကတည်းက မမှီတော့တာ။
“မွတ်”
“ဟေး… ငါ့ညီ”
မခေါ်ချင်ခေါ်ချင်နဲ့ခေါ်ရတာ။ မဟုတ်ရင် သောင်းစိန်ပါးစပ်ထဲ မာမွတ် ခြေကားယား လက်ကားယား ပါသွားနိုင်တယ်။ မာမွတ်က အလစ်သုတ်တဲ့နေရာမှာ ဆရာကြီး။ ဒီ ဝီစကီတစ်လုံးဘယ်ကရတယ်ဆိုတာ သောင်းစိန် သဘောပေါက်တယ်. လှမျိုးထွန်းနဲ့ သံချောင်းက ဒီနေရာမှ “ဇ”မရှိဘူး။ သူများယူလာလို့ကတော့ ခွ သောက် မယ်ဆိုတာမှတ်။
“ ဝိုင်းကောင်းနေတာကိုး”
“အေးကွာ အီစွတ်ကို ဂုဏ်ပြုချင်တာနဲ့”
ဘာမှလည်း မဆိုင်ဘူး။ ဂုဏ်ပြုချင်ရင် အရက်သောက်ရသတဲ့။ မှတ်ထားနော်။
“ကျွန်တော့်ကို နှစ်ပက်လောက်”
“ဟေ”
(၁၆)
“ ဟုတ်တယ်လေ တစ်ခါသောက် နှစ်ပက်နှုန်းမှ မွတ်တို့ကို မှီမပေါ့ ဟုတ်ဘူးလား ချစ်ကို”
“ဟုတ်တယ်”
ချစ်ကိုက ထောက်ခံတယ်။ အရှိန်တော့ ကောင်းနေပြီ။ သံချောင်းက ချစ်ကို ကိုမေးတယ်။
“မင်းက ဘော်လီကို ဘာလုပ်မှာလဲ”
“အာ အစ်ကိုက အ….တယ် ဉာဏ်မရှိတဲ့ ငတုံးကြီးပဲ”
“ဘာကွ ငါ့ကို ဘာ စကားပြောတာလဲ”ချစ်ကိုရဲ့ အင်္ကျီ ကော်လံကို ဆွဲတယ်။
“ အစ်ကို အား….မလုပ်ပါနဲ့ ဒီလိုဗျ” သံချောင်း တင်းတယ်။
“ကျွန်တော်က ခေါင်းရင်းမှာ ရေမွှေးလေး ဆွတ်ဆွတ်ပြီး ချိတ်ထားတာ အဲဒါ ကျွန်တော် ကဗျာ အေ့ အစ်ကိုရ ကဗျာဘော်လီ အစ်ကိုမှာ စာရွက်နဲ့ ဘော်လ်ပင်ပါရင် ခဏလောက်”
“ဘာလုပ်မလို့လဲ”
“ကဗျာ ရင်တွင်းက ကဗျာ”သံချောင်းက ဆီစာရင်းရေးမှတ်တဲ့ Note Bookနဲ့ ဘောလ်ပင်ကိုထုတ်ပေးလိုက်တယ်ဆိုရင်ပဲ ချစ်ကိုက ကဗျာတစ်ပုဒ်ချရေးတ.ယ်။ လက်တန်းကိုချရေးလိုက်တာ..။
ကဗျာက…။
ဒီလို………မြန်လိုက်တဲ့လက်..။
ကလောင်သွားတစ်ချောင်းလိုပဲ။
သွက်မှ သွက်တယ်။ ချစ်ကိုက ရေးပြီး ချပြလိုက်တယ်။
ဖတ်ကြည့်လိုက်တော့…..။
×××××××××××××××××××××××××××××××××××××
(၁၇)
“ပယင်းနှင့်ခိုးသူ”
“တောက်” တစ်ခွက်သောက်တော့
ရီဝေဝေ။
နှစ်ခွက်သောက်တော့
စိုပြည်ပြည်..။
မဏ္ဍပ်ပြည့် ဆူညံနေ
စားဖွယ်စုံ အမြည်းရယ်နှင့်
ယစ်ရွှေရည်သောက်ကာ မြူးတာပ
လွှတ်တော်ကီ အပီချွေလို့
အမူ(အမူး)လွန်ကာ သတိပေးလိုက်မယ်…
ဆရာမရေ…….. မင်း ဘော်လီပျောက်………………….။
အဲဒီလိုလာတယ်။ ချစ်ကိုရဲ့လက်က ထိတယ်။ မိတယ်။ ရှတယ်။ Heart ကိုထိကရောပဲ။ လှမျိုးထွန်းက ချစ်ကိုနားကိုကပ်ပြောတယ်။ ချစ်ကိုက -“ရတယ်လေ အစ်ကို အစ်ကိုဆိုလိုချင်တဲ့ ဘောင်အတွင်း ရအောင်ရေးပြမယ်..အေ့”ကဗျာ အမည်က အလွဲတဲ့။ လှမျိုးထွန်းက သံချောင်းကိုကြည့်တယ်။ ငြိမ်နေတယ်။
“အလွဲ”
အတွေးတွေ နယ်ချဲ့
အိပ်မက်ကို တန်ဆာဆင်
မသိစိတ်မှာ ဈာန်ဝင်
ချစ်သူရဲ့ ပုံရိပ်သွင်
ခပ်ရေးရေး ပေါ်လွင်
ဂန္ထဝင်သွင်အောင် လှမယ်ထင်
တကယ်လိုချင်တာက
နတ်သမီး တစ်ပါး…။
အမှန်ရတာ
လပ်ရှ်ချမီး ကုလား…(မ)..။
(၁၈)
ကဗျာလေးကို ချစ်ကိုက သံချောင်းကို ပေးလိုက်တယ်။ သံချောင်းက ဖတ်တယ်။ မျက်လုံးတွေ အရောင်ရင့်လာတယ်။ နီလာတယ်။ရဲလာတယ်။ ပဒေါင်းခတ်ပြီ။
“တောက်”တစ်ချက်ခေါက်ပြီး မတ်တပ်ရပ်လိုက်တယ်။ ချစ်ကိုက ရင်ထိပ်တယ်။ ဓါးသွားထက် ကလောင်သွားထက်လာပြီလားပေါ့။
“ချစ်ကို”အန်ကြီး ကျိတ်ပြီးခေါ်တယ်.
“ခင်ညာ”
“Congratulation ညီ”
“ဗျာ”
“ မင်းနဲ့ ငါ ဘဝတူတွေ နှစ်ယောက်ပေါင်းတစ်စုံရအောင် ငါ ကြိုးစားလိုက်ဦးမယ် သွားပြီ” ပခုံးကိုဖက်တယ်။ ရင်ချင်းဆောင့်တယ်။ ချစ်ကိုကို အာဘွားတွေ ဘယ်ညာ ရှလူးတယ်။ ချစ်ကိုကြောင်နေတယ်။ဟုတ်တယ်လေ လူပုံအလယ်မှာ ဗလက္ကာရ အလုပ်ခံလိုက်ရသလို ဖြစ်သွားတာကိုး။ သူ့ကိုယ် သူပြန်စမ်းတယ်။ ရှိသေးတယ်။( အသက်ကို ပြောတာနော်)။
တင်ကြီးက သူ့ကဗျာတွေကို Rappingတွေရွတ်တယ်။ ငိုတယ်။ ထွက်တယ်။ဘာလဲတော့မသိဘူး။ အဲဒီအချိန်မှာ ဖိုးနေက အစားတွေ ပလုပ်ပလောင်းနဲ့ ထအော်တယ်။
“တင်ကြီးနဲ့ချစ်ကို”ဖိုးနေကို နှစ်ယောက်လုံး ပြိုင်ကြည့်တယ်။
“ငါ Producerလုပ်တော့မယ် ရန်ကုန်ရောက်ရင် တင်ကြီးက Hip Hopဆို၊ ချစ်ကိုက ကဗျာ စာအုပ်ထုတ် ဟုတ်ပြီလား။ ခုတော့ တော်တော့ နားငြီးတယ်၊ နားအေး ပါအေး ကို မစားရဘူး “ဟိုနှစ်ကောင်ပြန်ပြောတယ်။
“ အငတ်”တဲ့။ ဖိုးနေ တွန့်ဝင်သွားတယ်။
ချစ်ကိုက ကဗျာစပ်ရင်း၊တင်ကြီးက Rappingရွတ်ရင်း၊ ဖိုးနေက ငတ်တာကျရင်း၊ သောင်းစိန်က အီစွတ်တို့နားကပ်သွားတယ်။ ချက်ချင်းတော့မဟုတ်ဘူး။မဖုရားနားက အီစွတ် ခဏလေးခွာမယ့်အချိန်ကို ချောင်းသေးတယ်။ အီစွတ်နဲ့ မဖုရားကလည်း လက်ချင်းချိတ် ထားလိုက်တာများ Super glue နဲ့ ကပ်ထားသလားအောင်းမေ့ရတယ်။ ခုတော့ကွာပြီ သောင်းစိန်လာပြီ။ စက္ကန့်ပိုင်းလေး တကယ့်ကိုစက္ကန့်ပိုင်းလေး…………။
“ဆရာမ”
“ဘာလဲ”
“ဆရာမ ဘော်လီပျောက်ဖူးလား”
“ဟင်”
“ပျောက်ဖူးလားလို့”
(၁၉)
မဖုရား လက်ညှိုးလေးထောင်ပြီး မျက်လုံး ပေကလပ် ပေကလပ်နဲ့ စဉ်းစားတယ်။
“ပျောက်တယ်ဟဲ့ ပန်းနုရောင်လေး”
“ဘာ အရောင်”
“ပန်းနုရောင် သောင်းစိန် ငါစဉ်းစားနေတာ ပျောက်တုန်းကလေ မိန်းမသားဆိုတာ ငါပဲရှိတာကို ဘယ်သူယူလဲတော့မသိဘူး ဖိုးနေအခန်း ငါဝင်ရှာသေးတယ် ဖိုးနေကလည်း ဘော်လီမြင်ရင်မနေနိုင်ဘူး ပေါက်စီစားချင်တယ်ချည်း ပြောဖူးတော့ ဖိုးနေလို့ထင်တာ နေပါဦး နင်ကဘာလုပ်မလို့လဲ”
“ဆရာမများ တရားခံကိုသိချင်မလားလို့”
“ဟဲ့ ပြောစမ်း ဘယ်သူလဲ ပြောစမ်း တရားခံဘယ်သူလဲ တရားခံဘယ်သူလဲဟေ့” မေခလာလေသံနဲ့ မဖုရားကပြောတယ်။
“ပါးကိုချပစ်မယ် သိလို့ကတော့ အဲ့ဒါ ငါ့အမေ မိုးညှင်းကပို့လိုက်တာဟဲ့ သိလား ငါအမြတ်နိုးဆုံး အတွင်းရတနာကိုမှ” မဖုရား ဒေါသတွေ ချောင်းချောင်း၊ ထောင်းထောင်းထွက်ပြီ။
“ဟိုမှာတွေ့လား ဒေါင့်ဝိုင်းမှာ သုံးယောက်”
“အင်းတွေ့တယ် “
“ဆံပင်ကောက်ကောက် အင်္ကျီနီနီ …..နီနီ”
“ချစ်ကို” မဖုရား မျက်လုံး ဖရဲသီးကြီးလောက် ကြီးလာတယ်လို့ထင်ရတယ်။ စောစောက အိန္ဒြေရရနဲ့ သတို့သမီးလေးဟာ ဟန်မဆောင်နိုင် ပန်မဆောင်နိုင် ထမီကိုမပြီး စားပွဲဝိုင်းတွေကြားထဲက ချစ်ကိုတို့ဝိုင်းကို ဒုန်းစိုင်းရောက်ချသွားတယ်….။ ချစ်ကိုက မူးမူးနဲ့ လေဖောကောင်းနေတယ်။
“ဂလို အစ်ကိုရ….. တစ်ခါက ဆရာမက သူ့ကို မသေးမျှင်လို့ပြောလို့ နောက်တစ်ခါပြောကြည့် ပါးရိုက်မယ်လို့ပြောတော့ ကျွန်တော့်ရင်တွင်း မချိအောင် နာ…နာ….”
“ချစ်ကို”
“ဟင်…….ဆရာမ”
“ဘော်လီသူခိုး… သေပေတော့” ဝုန်းဆို ချစ်ကိုထပြေးတယ်။ မာမွတ်က လောကကြီးနဲ့အဆက်ပြတ်နေပြီး လှမျိုးထွန်းတစ်ယောက်သာ ထူထူထောင်ထောင်။ ထောင်မှာပေါ့။ လူလည် မာကာလုပ်ပြီး သူ့ခွက်သူ လျှော့ထားတာ။ အီစွတ်က မဖုရားနဲ့ ချစ်ကိုတို့ရဲ့ ဖြစ်အင်ကိုမြင်ပြီး ပြေးလာတယ်။ ချစ်ကို မူးတာတောင် ကြက်ပျောက် ငှက်ပျောက်။ အီစွတ်ကလည်း………..“ငါ့ရေနွေးအိုးဖုံးလေးကို ဘယ်ကောင်ထိသလဲကွ သေပေတော့”ဆိုပြီး တွေ့တဲ့ ဒုတ်ကောက်ဆွဲပြီး ပြေးလာတယ်။ မင်္ဂလာဆောင်က ရုတ်ရုတ်သဲသဲ ဖြစ်လာတယ်။ချစ်ကိုပတ်ပြေးရပြီ။ ဖိုးနေအစားမပြတ်ဘူး။ တင်ကြီး Rapping ရွတ်ကောင်းတုန်း။ဆရာမ ဘယ်လိုသိလဲ ချစ်ကို ပြေးရင်းစဉ်းစားရတယ်။
(၂၀)
သောင်းစိန်(ကွိုင်လော်)။ အဲ့ဒီကောင်ဘယ်မလဲ။ အမွှေကောင်။ ပြေးရင်းရှာတယ်။မတွေ့။ အမြီးတောင်မမြင်ရတော့။ အဲ့ဒီနေ့က မင်္ဂလာဆောင် ပျက်သွားတယ်။ မဖုရားက သူ့ဘော်လီ အရေးတော်ပုံကို ကောင်းကောင်းကြီး အကောင်အထည်ဖော်တယ်။ အီစွတ်က မျက်နှာနီရဲ မည်းနက်လို့။ အဲ အမှန်တော့ မည်းပုပ်တာ။
“ငါ့ရေနွေးအိုးဖုံး ဘယ်သူ လှပ်သွားသလဲ” ဆိုပြီး ဒေါသတွေ ငယ်ထိပ်တက်ဆောင့်နေတယ်။ တင်ကြီးကတော့ပြောတယ်။ ပျော်တယ်တဲ့။ မအေးချိုလည်း ခုမှပြုံးနိုင်တယ်။မနက်ဖြန် ဝက်သားကျွေးမယ်တဲ့။ အဲ့ဒီအချိန်မှာတော့ သောင်းစိန်(ကွိုင်လော်) ကဘယ်သူ့မှ မသိတဲ့နေရာမှာပုန်းပြီး ဖိတ်စာကလေးကိုကြည့်တယ်။
“ဖားကန့်မြို့ “……………….”ကုမ္ပဏီ နေ ကိုတင်မောင်
၏
လက်စွဲတော်တောင်ဝှေး ၊ဆီကိုင်
မောင်အီစွတ် (ခ) မျိုးဇော်အောင်
နှင့်
ဘယ်မြို့နေ ဘယ်မိဘတို့၏ သမီး
မခိုင် (ခ)ခိုင်ခိုင်
တို့၏
မင်္ဂလာဆောင်အား တစ်ဖက်ပါ အစီအစဉ်အတိုင်း ကြွရောက်ပါရန် နှင့်…….
သူ………ဆက်မဖတ်တော့။ပြုံးတယ်။နောက်အသံဝါကြီးဖြင့်ရယ်လိုက်တော့တယ်……………..။ ပြုံးဖြီးဖြီးကြီးလေ………………။
သော်ဇင် (လွိုင်ကော်)
5th. April, 2011
Time.. 9:30 am, Wed
“မဖုရားရဲ့ကြင်ယာတော် ဇာတ်လမ်းနှင့်ပတ်သက်၍”
ဤဇာတ်လမ်းကိုဖတ်ပြီး သကာလ စိတ်ဆိုးသူများ ရှိခဲ့သော် လူပျိုဖြစ်ပါက မိန်းမ တစ်သက်လုံးမရနိုင်။ အပျိုဖြစ်ပါက ယောကျာ်း တစ်သက်လုံးမရနိုင်။ အအိုဖြစ်ပါက တစ်သက်လုံး ယောကျာ်းမရနိုင်။ အကယ်၍ စိတ်ဆိုးခဲ့လျှင် မြန်မြန် အသက်တိုစေနိုင်၏။ စိတ်မဆိုးခဲ့ပါလျှင် အသက် (၁၂၀)ရှည်စေနိုင်၏။ ဇာတ်လမ်းထဲ၌ မိမိနှင့်ကိုက်ညီမှုရှိခဲ့သော် ဟုတ်လျှင်လည်းနာနိုင်သည်။ မဟုတ်လျှင်လည်း နာနိုင်ပါသည်။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါ၏။ အကျွန်ုပ်သည် ချစ်စနိုးနှင့် ချစ်ဖွယ်သူငယ်ချင်းများ ကျယ်စယ်စေလိုသော စိတ်ဖြင့်ရေးပါသည်။
သို့တည်းမဟုတ် အမြင်ကပ်ကပ်ဖြင့်ရေးသည်ဟုလည်း ထင်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ
ဇာတ်လမ်းပါအကြောင်းအရာများသည် အကျွန်ုပ်၏ စိတ်ကူးယဉ်သက်သက်ဟု ထင်မြင်နိုင်သလို တကယ့်အဖြစ်မှန်ဟု
ထင်မြင်ယူဆခဲ့ပါကလည်း ဖတ်ရှူသူ သူငယ်ချင်းများ၏ အမြင်သာ ဖြစ်သည်ဟု အကျွန်ုပ်မှတ်ယူပါမည်။
ဖော်ပြလတ္တံ့သော ဇာတ်လမ်းထဲ၌ ကပြ အသုံးတော်ခံသွားကြသော
လှမျိုးထွန်း၊ ဖွန်ကြောင်ကြီး ဇော်ဇော်အောင်(ခ)သံချောင်း၊ ချစ်ကိုကို၊တင်ကြီး(ခ)တင်ဇော်သန့်၊
အောင်မျိုးသူ(ခ)ဖိုးနေ၊ မဖုရားကလေး ခိုင်ခိုင်၊
စားဖိုသူကလေး မအေးချို၊
နှစ်လုံးရှင် မအေးမေ၊ မိစပ်စု မပလောင်၊နတ်ကတော် ဒေါ်ညို၊တစ်ခန်းရပ် ဒေါ်နန်း၊
အစ်ကိုကြီး မာမွတ်၊
အီစွတ်(ခ)မျိုးဇော်အောင်
ထိုထို သူငယ်ချင်းများ အားလုံး
စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကုန်။
ခွင့်မလွတ်သူများ အထက်ပါ ဆုနှင့်လွဲပါကုန်…။
အားလုံးကို လေးစားစွာဖြင့်…..
သော်ဇင်(လွိုင်ကော်)
6 comments
ငှက်ကြီး
April 11, 2011 at 3:26 pm
သော်ဇင်ရေ..ဒီပို့စ်က အရင်ပို့စ်တွေလောက်ဆွဲဆောင်မှုမရှိဘူး။နဲနဲရှုပ်နေသလိုပဲ။
ဒါပေမယ့် ကြိုးစားရေးထားတာကိုတော့ ချီကျုးပါတယ်။
ဆက်လက်အားပေးနေပါတယ်။
Thaw Zin Loikaw
April 12, 2011 at 12:32 pm
ဟုတ်ကဲ့ ဒီပို့စ်က ဟာသသက်သက်ကိုသာရည်ရွယ်တာပါ ကျနော်သူငယ်ချင်းတွေကို အမှတ်တရဖြစ်အောင်၊ရယ်လည်းရယ်ရအောင်လို့ရေးလိုက်တာပါ။
ဒီပို့စ်ကိုရေးလိုက်ရလို့ကျနော်လည်း တော်တော်လေးကိုကုန်ကျသွားပါတယ် သူငယ်ချင်းတွေကို ပြန်လည်ချော့ရလို့ပါ။
nigimi77
April 11, 2011 at 4:11 pm
အင်း..ဖတ်ရတာတော့ အခု Dagon Center အရင် မြေနီကုန်းဈေးဟောင်းမှာ ရောင်းတဲ့
ပင်ကိုယ်ရေး အသစ်စက်စက်ကို ဖတ်နေရသလိုပဲ……။
char too lan
April 12, 2011 at 1:30 pm
ဇက်ခိုင်သွားတယ် 🙁
wakawaka7
April 12, 2011 at 1:37 pm
ကောင်းလိုက်တဲ့ဟာသလေး။ အရင်ရေးထားတဲ့ပို့စ်လေးရှိရင်ညွန်းလိုက်ပါဦ။ ကျွန်တော်ဒီ ဆိုက်ထဲးကိုဝင်တာမကြာသေးဘူး။
ငှက်ကြီး
April 12, 2011 at 5:06 pm
အပေါ်က view all posts ကိုနှိပ်လိုက်ပေါ့ကောင်လေးရဲ့
အသေးစိတ်လိုက်ရှင်းပြနေရရင်တော့ မလွယ်ဘူးနော်….
ရှာဖွေစူးစမ်းပေါ့။