အဆင့်မြင့်တစ်ဖြစ်လဲ တစ်ဆင့်မြှင့် (ပြင်ဦးလွင်) မြို့မ ရုပ်ရှင်ရုံဖွင့်ပွဲ
၁။
ဒီနေရာလေးမှာ ရှူံးနိမ့်သူ လူ နှစ်ဦးရှိနေတဲ့အထဲက ကျွန်တော်က ဒုတိယမြောက် ရှူံးနိမ့်သူဆိုတော့ ပိုများ ရှူံးနေမလားပဲနော်… စာပေတွေ ဖတ်ရှူရတာကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့လို့ ခုအရွယ်တိုင်အောင် ကျွန်တော်က စာဖတ် ဝါသနာပါမြဲပါ။ ဒီလိုပြောလို့ ဘယ်အရွယ်လဲလို့တော့ မမေးနဲ့ဗျာ။ စိတ်ဆိုးတယ်။ အသေသာသတ်လိုက်၊ လုံးဝမပြောဘူး။ ခုလာမယ့် ဒီဇင်ဘာ ၁၅ မှာ ၂ရ ပြည့်ပါမယ်။
ပြင်ဦးလွင်စာပန်းအိမ်အကြောင်းရေးပြီးကတည်းက ဝေဖန်ရေးနဲ့ လေကန်ရေးပဲ လုပ်လာလိုက်တာ ဒီနေ့တော့ အားအားယားယားရှိနေတာနဲ့ပဲ နောက်ထပ် အတွေ့အကြုံလေးကို ပြန်လည်ဝေမျှ ရေးသားရဦးမှာပေါ့လေ… အရင်တစ်ခေါက်တုန်းက လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြခြင်းကြောင့် ခုတစ်ယောက် ရေးရတာ အားရှိသဗျား…။
၂။
ကျောင်းဆရာဘဝကို စိတ်ကုန်ခဲ့ပြီးသကာလ အဆောင်ကနေ ကိုယ့်အထုပ်ကိုယ်ဆွဲ၊ မနီးမဝေးက ယူဂိုဆလပ်(ရ.က.က ၁) ကို ပြန်လာခဲ့တုန်းက ချစ်ခင်လှစွာသော မိသားစုက အပြုံးနဲ့ဆီးကြိုနေခဲ့တာက “ဆန်ကုန်မြေလေးတစ်ကောင်တော့ အိမ်ပေါ်ပြန်တက်လာပြန်ပြီ” တဲ့။ ကြားရ ကြားရ နားဝ အေးရပါလားလို့…။ ဘာပဲပြောပြောလေ အရှက်မရှိတဲ့ မျက်နှာနဲ့ပဲ အိမ်ပေါ်ပြန်တက်ခဲ့ပါတယ်။ မိသားစုမဟုတ်တဲ့ မိဘ၊ မောင်နှမတွေ ဆိုတဲ့ ပညတ်ချက်ခံလူသားတွေကြားထဲကို။
မှတ်မှတ်ရရပေါ့… အဲဒီနေ့က ထမင်းမစားခဲ့ဖူးဘူး။
၃။
စီးတော်ယာဉ် တရုတ်ပန်းဘီးလို့ခေါ်တဲ့ စက်ဘီးလေးခမျာမှာလဲ ကျွန်တော့်ရဲ့ကိုယ် မနိုင်မနင်းကို ပြုပြင်ခြင်း အလျဉ်းမရှိသော သူ၏ကိုယ်ပေါ်မှာထမ်းပိုးရင်းနဲ့ ပြင်ဦးလွင်က တောင်တက်လမ်းတွေမှာ ဆီမရှိတဲ့ ချိန်းကြိုးတွေကြားက ညီးငြူသံတွေပြု၊ ရှေ့ခြေဖြစ်တဲ့ ဘီးမှာ အတွင်းကလေကျွတ်ကြီး အပြင်ဘက်ကို ငေါငေါထွက်နေရင်းနဲ့ မရပ်မနားသွားလာနေလိုက်တာ.. စက်ဘီးမားဒကပ်(ရွှံ့ကာကြီးက) ဂလောက်၊ ဂလောက်အသံပြုရင်းနဲ့ပေါ့။ ကျွန်တော့်ကို အိမ်စောင့်နတ်က နှင်ထားတယ်ဆိုသလားပဲ။ ဖြစ်ချင်တော့ သူပါ(စီးတော်ယာဉ်ကြီးပါ) ဝင်ခံနေရရှာတယ်လေ..။
ပြင်ဦးလွင်တစ်ခွင် ပြဲပြဲစင်အောင် လောင်စာဆီမလိုတဲ့ ကိုယ့်ခြေထောက်တစ်စုံကို အကောင်းအတိုင်းအားပြုနေရင်းနဲ့ တစ်နေ့မှာတော့ စာတိုက်ရုံးဘေးက ပြုပြင်နေဆဲ မြို့မရုပ်ရှင်ရုံမှာ မြေဖြူခဲ မသေမသပ်နဲ့ ခန့်ခန့်ညားညား ကြော်ငြာဘုတ်ထောင်ထားတာတွေ့လို့ ဖတ်ကြည့်လိုက်တော့ ဘာတဲ့…
ဝန်ထမ်းအလိုရှိသည် ဆိုသလားပဲ
အိမ်ကို ရှေ့ဘီးကြီး ငေါငေါစူထွက်နေတဲ့ စီးတော်ယာဉ်ကြီးကို ရထားလုံး(မြင်းလှည်းတွေကို) သံစုံမြည်တီးဝိုင်းကြီးတီးခတ်လာသလို အသံပေါင်းစုံမြည်အောင် လျှာထွက်မတတ်နင်းရင်း၊ ကျော်တက်ရင်းနဲ့ အပြေးအလွှားဓါတ်ပုံတွေယူ၊ ဖောင်တွေဖြည့်လိုက်တာ မကြာခင်ကာလမှာပဲ တစ်လ ၃၅၀ဝ စား အလုပ်သမားကြီးလုံးလုံး ဖြစ်ပါလေရော့လား။
၄။
စတင်ခဲ့ပါပြီ။ ဘာမှန်းညာမှန်းကိုယ်တိုင်မသိဘဲ သူတို့ခန့်အပ်လိုက်တဲ့ အဆင့်မြင့်ရုပ်ရှင်ရုံဆိုတဲ့ တစ်ဆင့်မြှင့်ရုပ်ရှင်ရုံကြီးမှာ။ ရုံက မဖွင့်သေးတော့ ပိုင်ရှင်ချစ်တီးတွေက လစာအလကားမပေးလိုတာကြောင့် နေ့စဉ် တစ်မျိုးနဲ့ တစ်မျိုး မရိုးရလေအောင်ခိုင်းကြလေသတည်းပေါ့။ ရုံဝင်ပေါက်က တိုင်တွေမှာ ကြွေပြားတွေကပ်ပြီး စွန်းထင်းကျန်ရစ်နေတဲ့ အစွန်းအထင်းတွေကို ကြွေချီး(ဂျီး)ချွတ်ဆေးနဲ့ မပြောင် ပြောင်အောင် တိုက်ချွတ်ခဲ့ရတဲ့ နေ့ရက်တွေလဲ ရှိပါရဲ့။
တစ်နေ့မှာတော့ သူတို့တွေ ရုပ်ရှင်ပြစက်ခန်းအတွက် ရည်ရွယ်ခန့်အပ်ထားတဲ့ India ကောင်လေးတစ်ယောက်က အလုပ်က စောစောစီးစီး ထွက်ခွာသွားတာကြောင့် လူတစ်ယောက်လိုလာလို့ ရွေးချယ်မယ်ကြံလိုက်တဲ့အခါ ကျွန်တော့်ကို ပြေးမြင်ပြီး ရွေးချယ်လိုက်တဲ့အတွက် ဘာမှ နားမလည်တဲ့ကျွန်တော် ရုပ်ရှင်ပြစက်မောင်း ဖြစ်လာရပြန်တယ်။ ဦးဝင်းမောင်ဆိုတဲ့ အသက် ၆ဝ အရွယ်လူကြီးတစ်ယောက်က သွန်သင် ညွှန်ကြားပြသမှုတွေကြောင့် ကျွန်တော် ရင်ရှုပ်တဲ့ ရုပ်ရှင်အကြောင်း အတော်အသင့် သိလာရတယ်။
၅။
ဖွင့်ပွဲနေ့မတိုင်ခင်တစ်ညပေါ့။
မနက် ၈း၃ဝ မှာ ရုံဖွင့်ပွဲလုပ်တော့မယ်လေ။ ပြင်ဦးလွင်တစ်မြို့နယ်လုံးက ဂုဏ်သရေရှိ/မရှိ မသိတဲ့ လူကြီးလူကောင်းဆိုသူတွေကို ပင့်ဖိတ်ထားတော့ ပိုင်ရှင်တွေကလဲ စိုးရိမ်စိတ်ကများသလား။ အကြိမ်ကြိမ် စမ်းသပ်နေလိုက်တာ အားလုံးအဆင်ပြေပြေပေါ့။ ၅းဝဝ လောက်မှာ Problem ဖြစ်ပါလေရော့လား။ အကြိမ်ကြိမ် အဖွင့်အပိတ်လုပ်နေတဲ့ ပိတ်ကားကြီးက ဖွင့်မြဲအတိုင်းဖွင့်ပြီး ဘယ်လိုမှ ပြန်မပိတ်တော့တာကြောင့် ကျွန်တော်နဲ့ ဦးဝင်းမောင် ခေါင်းနားပန်းကြီးသွားပြီး ပိတ်ကားရှိရာ စင်ကို အပြေးအလွှားသွားစစ်လိုက်တဲ့အခါကျတော့ ပိတ်ကားကို အဖွင့်အပိတ်လုပ်တဲ့ မော်တာမှာ ကြိုးကို ရစ်တဲ့ ရစ်လုံးမှာ ကြိုးတွေ လိုင်းချော်နေပါရော့လား။
ဒီလိုနဲ့ အသက် ၆ဝ ကျော်အဘိုးကြီးတစ်ယောက်ရယ်၊ ၁၆ နှစ်ကျော်ကျော်ချာတိတ်လေးတစ်ယောက်ရယ် ကြိုးစားပမ်းစား Steel ကြိုးကို ပြန်ရစ်လိုက်၊ စမ်းလိုက်နဲ့ အချိန်တွေ ကုန်မှန်းမသိကုန်သွားလိုက်တာ ဆူညံ၊ ဆူညံသံတွေကြားလို့ အပြင်ကို ခေါင်းပြူကြည့်လိုက်ကာမှ လူတွေတောင် ရုတ်ရုတ်သည်းသည်း ဖြစ်လို့ပါလား။ သူနဲ့ကိုယ် (၂)ယောက်ပေါင်းလို့ နာရီတစ်လုံးတောင်မရှိလို့ ဖြတ်သွားတဲ့လူတစ်ယောက်ကို မေးလိုက်တော့.. အမ်မယ်လေး… မနက် ၈းဝဝ တောင် ရှိပါရော့လား။
ဘာလုပ်လို့ ဘာကိုင်ရမယ်မသိနဲ့ မန်နေဂျာကို အပြေးအလွှားလိုက်ရှာ၊ ဖြစ်သမျှအကြောင်း နတ်သံနှောလို့ ပြောပြရင်းနဲ့ အကူအညီတောင်းလိုက်တော့ ဒီအတိုင်းပဲ ဖြစ်အောင်လုပ်ဆိုတာနဲ့ ဖွင့်ပွဲအခမ်းအနားကြီးကို ခန့်ခန့်ညားညား ဖွင့်လှစ်လိုက်တာ ဖွင့်လို့မရ ပိတ်လို့မရနဲ့ ငွေရောင် ပိတ်သားပြင်ကြီးက အတိုင်းသားနဲ့လေ။
ဒီလိုနဲ့… ဒီလိုနဲ့ပဲ….
ဘုမသိ၊ ဘမသိ ကားထုပ်အတိုအစလေးတွေကို စက်(၂)လုံးမှာ အစီအစဉ်မကျ တပ်ဆင်ရင်း ပထမပိုင်း နိုင်ငံတော်အလံကို အလေးပြုကြတုန်းကတော့ အဟုတ်ပေါ့၊ နောက် ကျွန်တော့်စက်က ကားထုပ်ကိုပြဖို့စက်ကိုမောင်းလိုက်ပြီး Shutter ကို ဖွင့်လိုက်တော့..
အမ်မယ်လေး….
ချစ်စရာဇာတ်ဝင်ခန်းတွေ ဖြစ်နေပါလေရော့လား
အဲဒါကြောင့် စက်ကို အမြန်ရပ်၊ ဦးဝင်းမောင်စက်ထဲ တွေ့ကရာ ယုဇနရုံက ငှားထားတဲ့ ကားထုပ်တစ်ခုကို အမြန်ထည့်ရင်း ကိုယ့်စက်က ကားထုပ်ကို သေချာပြန်ကြည့်လိုက်ကာမှ ဟဲ ဟဲ… ကို ကို ကာလသားတို့အကြိုက် ဖြစ်နေပါရော့လား။
အဲသလိုနဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတစ်ဖြစ်လဲ တစ်ဆင့်မြှင့် မြို့မ(ပြင်ဦးလွင်) ရုပ်ရှင်ရုံဖွင့်ပွဲကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း…
(ချွင်းချက် – ပြစက်ဆရာများမှာ စမူဆာတစ်ခုစီနဲ့ Tea တစ်ခွက်စီကို မြိန်ရေရှက်ရေ စားသောက်ခဲ့ရလေသတည်း)
အပိုင်း(၂) ဆက်ပါမည်။ တုန့်ပြန်သံများအပေါ် မူတည်ပါသည်။
10 comments
bigcat
April 17, 2011 at 2:40 am
ဖြောင်းဖြောင်းဖြောင်းဖြောင်းဖြောင်းဖြောင်း… ရွှီး ဒက်ကလုပ် ဒက်ကလုပ် ဥဩ ဥဩ အအ…. မီညောင်မီညော် ဝုတ်ဝုတ် ဂတ်ဂတ် ခွီး ရရား အောက်အီးအီးအွတ် ကတော်ကတော် ဘွတ်အဲ ဝမ်းထရိမ်း ဝေါင်း
ရှူံးနိမ့်မှုများနဲ့.. လူ
April 17, 2011 at 9:16 pm
ဪ… ဟုတ်ကဲ့… ခုလို အမျိုးအစား စုံလင်လှစွာသော အားပေးထောက်ခံသူများကို မရမက အတင်းအကြပ် အသံပေါင်းစုံ ထွက်စေသော ကိုကြောင်ကြီးကို အထူးပင်လှိုက်လှဲစွာ ကျေးဇူးတင်ပါကြောင်း….
😀
ဆူး
April 17, 2011 at 5:16 am
အပိုင်း ၂ ကို မျှော်နေတယ်နော်။
ရုပ်ရှင်ရုံထဲမှာ အဲကွန်းကော ရှိရဲ့လား..
အေးတဲ့ ဒေသ အဲကွန်း သုံးတာ သိပ်မတွေ့မိဘူး။
ရှူံးနိမ့်မှုများနဲ့.. လူ
April 17, 2011 at 9:19 pm
ရှိပါတယ်ဗျာ… အေးတဲ့ဒေသပေမယ့် လူတွေသိပ်များရင်လဲ ရုံထဲမှာ ပူပါတယ်ခင်ဗျ..
bigbird
April 17, 2011 at 8:12 am
ဆက်ရေးပါ…အားပေးနေပါတယ်ခင်ဗျား။
dream
April 17, 2011 at 8:24 am
မကြာမီ လာမည် မျှော် ဆိုလို့
စောင့်မျှော်နေပါသည်။
naywoonni
April 17, 2011 at 9:03 am
မြန်မြန်ပြပါဗျို့ းးးးးးးးးးး ရွှေဘ ရွှေဘ ကားကြည့်ချင်တယ်……..
ဟိုးငယ်ငယ် တုံးက ရုပ်ရှင်ရုံ ထဲရောက်ရင် အော်နေကြ 😛
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
April 17, 2011 at 12:40 pm
ညီလေးက ကိုဂျီးထက် ဆယ်နှစ်တောင်ငယ်ပါပေါ့လား။ အားမငယ်နဲ့နော်။ နောင်လည်း များများရှုံးဦးမှာပါ။ အရှုံးတွေများနေသေးပေမယ့် ရှုံးပြီးသားလူ မဖြစ်သေးဘူးဆိုတော့ အမှတ် ၁၀ဝ မပြည့်သေးဘူးပေါ့။ ပို့စ်က ဖတ်လို့သိပ်ကောင်းတယ်ဗျ။ အရှုံးချင်းပြိုင်မလား။ ကိုဂျီးက အရှုံးပေးပါတယ်ကွယ်။
nature
April 17, 2011 at 2:41 pm
ဖွင့်ပွဲမှာကတည်းကကြော်ငြာကကောင်းနေတာကိုး။
တညင်သား
April 17, 2011 at 10:56 pm
ရုပ်ရှင်လာကြည့်ရင် အခုလိုပဲ ဆန့်ငင်ဆန့်ငင် ထားအုံးမှာလားဟင်…………