မိရိုးဖလာဗုဒ္ဓဘာသာနှင့် သက်ဝင်ယုံကြည်ဗုဒ္ဓဘာသာ

pitiApril 18, 20111min16913
တန်ခိုးကြီး ဘုရားတွေမှာတော့ လေလံဈေးမြင့်တယ်ဆိုပြီး ကား၊ ဆိုင်ကယ်/စက်ဘီးအပ်နှံခွင့်အပါအဝင် အရပ်ရပ် ကောက်ခံတဲ့နှုန်းထားတွေက စီးပွားရေး ဆန်လွန်းလှပါတယ်

ကျနော်တို့နိုင်ငံရဲ့ လူဦးရေအများစုဟာ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဟာ အလွန်သိမ်မွေ့၊ နူးညံ့သောဘာသာတစ်ခုလည်းဖြစ်ပါတယ်။ ဘုရားဟောဖြစ်လို့၊ မိဘများကကောင်းတယ်ပြောလို့၊  ဆရာသမားက ကောင်းတယ်ပြောလို့၊ လူအများက ကောင်းတယ်ပြောလို့ ကိုးကွယ်တာမျိုးမဟုတ်ပဲ ကိုယ်တိုင် လေ့လာကျင့်ကြံကြည့်ပြီး ကိုယ့်စိတ်ထဲမှာ ကောင်းတယ်ထင်မှ ယုံကြည်ကိုးကွယ်ဖို့ ကျနော်တို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့ပါတယ်။ ဒီလိုမျိုး လွတ်လပ်စွာနဲ့ ကိုးကွယ်ဖို့၊ ကျင့်ကြံဖို့ ပြောရဲတဲ့ဘာသာဟာ ဗုဒ္ဓဘာသာတစ်ခုပဲ ရှိပါတယ်။

အများစုသော ဗုဒ္ဓဘာသာဝင်တွေဟာ မိရိုးဖလာ ကိုးကွယ်မှုကြောင့်သာ ဗုဒ္ဓဘာသာကို ကိုးကွယ်နေကြတာပါ။ ကျနော်ကိုယ်တိုင်လည်း သက်ဝင်ယုံကြည် ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်လို့ မပြောရဲသေးပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာရဲ့ ကျင့်ကြံလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကိုတော့ အတတ်နိုင်ဆုံး လိုက်နာ ကျင့်သုံးနေပါတယ်။ (အမှန်က အတိအကျလိုက်နာနိုင်ရမှာပါ)။ အကြမ်းအားဖြင့်တော့ မြတ်စွာဘုရားက အစွန်းနှစ်ဘက် မရောက်စေဖို့ အလယ်အလတ် လမ်းစဉ်ကို ချမှတ်ပေးထားခဲ့ပါတယ်လို့ ဆိုရမှာပါ။ ကိုယ်မကြိုက်တာတွေကို သူများတွေလည်း မကြိုက်ကြမှာဖြစ်လို့ ရှောင်ကြဉ်ဖို့ လည်း ပါတာပဲပေါ့။ “ကိုယ်ပြုသည့်ကံ ပဲတင်သံ သင့်ထံပြန်လိမ့်မည်´´ ဆိုတဲ့ အမြဲမှန်တဲ့ နိရာမတရားကိုလည်း ကျနော်တို့ နားလည် သဘောပေါက်ခဲ့ကြပြီးပါပီ။

ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားစေတီတွေကို အလွန်ပဲ တန်ဖိုးထားတတ်ပါတယ်။ ဘုရားစေတီတွေကို ဂေါပက အဖွဲ့တွေက ကြီးကြပ်ပေးနေပါတယ်။ ဒီနေရာမှာ ကျနော့်အမြင်မှာ ဘုရားတွေရဲ့ ဂေါပကဆိုတာဟာ သက်ဆိုင်ရာ ဘုရားစေတီပုထိုးတွေကို အများပြည်သူတွေ ပိုပြီး ကြည်ညိုလာဖို့ ပြုပြင်ပေးကြ၊ ထိန်းသိမ်းပေးကြတဲ့ သူတွေလို့မြင်ပါတယ်။ အများပြည်သူတွေ လှူဒါန်းထားတဲ့ ရွှေ၊ ငွေ အဘိုးတန်ပစ္စည်းတွေကို ထိန်းသိမ်းပေးရတဲ့၊ စောင့်ရှောက်ပေးရတဲ့ လုံခြံရေးယူပေးရသူတွေလည်းဖြစ်ပါတယ်။ သက်ဆိုင်ရာဘုရားကို လူအများ ပိုမိုလာရောက်စေအောင် လုပ်ဆောင်ပေးရတဲ့သူတွေလို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

ဘုရား၊ ကျောင်းကန်ရဲ့ အရိပ်ကလည်း အေးချမ်းလွန်းလှပါတယ်။ လူအများ ဘုရားကျောင်းကန်ရဲ့ အရိပ်ကိုခိုမိပြီးရင် စိတ်ထားတွေဟာလည်း ပိုပြီး နှုးညံ့သိမ်မွေ့လာတတ်ပါတယ်။ အဲဒီတော့ လူအများဟာ ဘုရား ကျောင်းကန်ရဲ့ အရိပ်ကို ပိုပြီးခိုစေချင်ပါတယ်။ တစ်ချို့ ဂေါပကအဖွဲ့များဟာ ဘုရားအလှူငွေအတွက်ဆိုပြီး စီးပွားရေးဆန်ဆန် ငွေကြေးတွေ ရှာဖွေလာနေတယ်လို့ ထင်မိပါတယ်။ ရွှေချခွင့်၊ ပန်းရောင်းခွင့်၊ ဓါတ်ပုံရိုက်ကူးခွင့်၊ ဖိနပ်အပ်နှံခွင့်၊ ကား/ဆိုင်ကယ် အပ်နှံခွင့်၊ အိမ်သာအသုံးပြုခွင့်…. စတဲ့စတဲ့ ခွင့်ဆိုတာတွေကို လေလံပစ်လာကြပါတယ်။ စီးပွားရေးသမားတွေဟာ အဲဒီခွင့်ဆိုတဲ့ အခွင့်အရေးတွေကို ငွေကြေး မြောက်များစွာနဲ့လေလံစွဲ ရယူပြီးတဲ့အခါ စီးပွားရေးဆန်ဆန် မတန်တဆ ဈေးတင်လုပ်ကိုင်လာကြတော့တာပေါ့။ သင့်တင်လျောက်ပတ်တဲ့ ဈေးနှုန်းနဲ့ သမာသမတ်ကျကျ လုပ်ကိုင်နေတဲ့ ဂေါပကအဖွဲ့တွေနဲ့ လေလံရှင်တွေရှိပါတယ်။ အနည်းစုလောက်လို့ပဲ ဆိုရမယ်ထင်ပါတယ်။ တန်ခိုးကြီး ဘုရားတွေမှာတော့ လေလံဈေးမြင့်တယ်ဆိုပြီး ကောက်ခံတဲ့နှုန်းထားတွေက စီးပွားရေး ဆန်လွန်းလှပါတယ်။

ဆိုကြပါစို့ မန္တလေးက မဟာမုနိဘုရား။ ကားလေးအပ်ခွင့်လို့ဆိုရမလား၊ ရပ်နားခကောက်တယ်ဆိုရမလား။ တစ်စီးကို ငါးရာကျပ်။ ဆိုင်ကယ်တစ်စီးကို သုံးရာကျပ်တဲ့။ စက်ဘီးတစ်စီး နှစ်ရာကျပ်။ ဟုတ်ကဲ့။ လက်လုပ်လက်စား လူတန်းစားတွေ အလုပ်သွားရင်း၊ အလုပ်ပြန်ရင်း ဘုရားကြီးဘေးကဖြတ်သွားရင် ဘုရားဝင်ဖူးရင်…..။ စက်ဘီးနဲ့ လာတဲ့သူက နှစ်ရာကျပ်ကုန်မယ်။ ဆိုင်ကယ်နဲ့လာသူက သုံးရာကျပ်ကုန်မယ်။ အားပါးပါး….။ နည်းမှမနည်းပဲ။ လက်ဘက်ရည်တစ်ခွက်ဘိုး ကုန်သွားပါရောလား။ ဘုရားဖူးချင်တဲ့စိတ်ကလေး ကုန်ကျစရိတ်ကိုတွက်ရင်းနဲ့ ပျောက်မသွားနိုင်ဘူးလား။ ဘုရားဖူးလာသူတွေရဲ့ စက်ဘီး၊ ဆိုင်ကယ်တွေ ပျောက်ပျက်မှာစိုးလို့ စောင့်ရှောက်အပ်နှံခယူတာ အဲဒီလောက် လိုပါသလား။ ကျနော်ကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒီထက်လျော့ယူရင်ရော။ ဟုတ်ကဲ့…. လေလံကြေးက မြင့်လို့ပါတဲ့။

လေလံက ဘယ်သူ စီမံပါသလဲခင်ဗျာ။ ဂေါပကအဖွဲ့ပါ။ ဘုရားကြီးအလှူငွေ ပိုမိုရရှိစေဖို့ ဒီလိုလေလံကြေးတွေ တိုးမြှင့်ဖို့ လိုအပ်ပါရဲ့လားဗျာ။ မြတ်စွာဘုရားကို လာရောက်ဖူးမျော်ကြတဲ့ ဘုရားဖူးတွေ စေတနာ သန့်သန့်နဲ့လှူကြတဲ့ အလှူငွေတွေကကို မနည်းလှပါဘူး။ အခုတော့ လေလံကြေးမြင့်တဲ့ဒဏ်ကို ဘုရားဖူးတွေ ထမ်းပေးရပါရောလား။ ဘုရားကြီးတစ်ခါလာ နှစ်ရာ၊ သုံးရာ။ တစ်လကို ၁ဝ ခေါက်လာရင် ငွေက နှစ်ထောင်၊ သုံးထောင် စက်ဘီး/ဆိုင်ကယ်အပ်နှံရင်းနဲ့ ကုန်ပါရော။ သူတို့တွေရတဲ့လခ ဘုရားကြီးစက်ဘီးအပ်ခနဲ့ ပေါင်းနှတ်မြှောက်စားလုပ်ကြည့်။ တကယ်လို့ တစ်စီးကို တစ်ရာကျပ် သက်သာတယ်ထား။ စက်ဘီးဆိုရင် ၁ဝ ခါလာမယ့်သူ အခါ ၂ဝ လာနိုင်မယ်။ ဆိုင်ကယ်နဲ့သူ ၁ဝ ခါလာနိုင်သူ ၁၅ ခါ လာနိုင်မယ်။ ဘုရားကို အကြိမ်များများရောက်လေ ပိုပြီး နှုးညံ့သိမ်မွေ့လေ။ မဖြစ်သင့်ဘူးလားဗျာ။

ရွှေဆိုင်းတို့လိုမျိုးကတော့ ပြင်ပရွှေပေါက်ဈေးနဲ့မို့လို့ ပြောစရာမရှိပါဘူး။ ဘုရားအလှူငွေပိုများများရဖို့ထက် ဗုဒ္ဓဘာသာဝင်တွေ ဘုရားကို ပိုပြီးလာနိုင်ဖို့ စဉ်းစားကြည့်စေချင်ပါတယ်ဗျာ။

ဟုတ်ကဲ့။ ကျနော်ကတော့ အခုအချိန်ထိ ကိုယ့်ကိုယ်ကိုယ် သက်ဝင်ယုံကြည်ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက်ဖြစ်ပီလို့ မပြောရဲသေးပါဘူး။ မဝေးတော့တဲ့ တစ်ချိန်မှာတော့ ပြောရဲလာမယ်လို့ထင်ပါတယ်။ ခင်ဗျားတို့ရော…………. သက်ဝင်ယုံကြည်ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါစေ……….

13 comments

  • naywoonni

    April 18, 2011 at 1:06 pm

    တစ်ကယ်တော့ ဘုရားဂေါပက ဆိုတာ…………………………….

  • ဆူး

    April 18, 2011 at 1:30 pm

    ကောင်းလိုက်တဲ့ ပိုစ်..
    ကိုယ့်လူမျိုးအချင်းချင်း အဆီ ကြိတ်နေတာ..
    နိုင်ငံခြားသား တွေဆီက ပိုက်ဆံ တောင်းပေါ့။

  • nature

    April 18, 2011 at 1:49 pm

    “ကိုယ်ပြုသည့်ကံ ပဲတင်သံ သင့်ထံပြန်လိမ့်မည်´´ ဆိုတာလေးကိုတော်တော်သဘောကျပါတယ်။

  • bigbird

    April 18, 2011 at 3:48 pm

    “ဘုရားထက်ကြီးတဲ့လူကြီး(ဘုရားလူကြီး)မို့ခံလိုက်ရပြီးနှမရဲ့…ဆိုတဲ့ ကြာနီကန်ဆရာတော်ဟောတဲ့ မဟာဒုတ် ထဲကလိုပေါ့။

    • kai

      April 18, 2011 at 5:01 pm

      – ဝက္ကလိ တရားကို မြင်သောသူသည် ငါဘုရားကို မြင်၏ ( သံ-၂-၉၈ ) ဓမ္မ-ဋ္ဌ ၂-၃၈ဝ )
      – ” ဓမ္မကို ကောင်းစွာကျင့်သုံးသူသည် ငါဘုရားကို အကောင်းဆုံး ပူဇော်သူဖြစ်၏” ဓမ္မကို မြင်သောသူသည် ငါဘုရားကို မြင်၏။

      သက်ဝင်ယုံကြည်ဗုဒ္ဓဘာသာဝင်တွေပဲ ဆိုပါတော့..။
      စေတီ။ ဆင်းတုတွေဆီ သွားပြီး “ရှိခိုး၊ကော်ရော်၊ ပူဇော်အကျွန် ပန်ခဲ့တုံ၏”တော့ မလုပ်ကြပါဘူး..။
      တရားတွေကိုလည်း အဓိပါယ် ဆိုလိုရင်း လေးလေးနက်နက်မသိပဲ.. မရွတ်တော့ပါဘူး..။

      ဆိုတော့..
      ဘုရားလူကြီးတွေနဲ့..ဂေါပကတွေ အခုလိုလုပ်ကြဖြစ်ကြတာတွေက.. မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေအတွက် မိခင်သဘာဝတရားကြီးက .. သဘာဝအတိုင်း.. သတိပေးနေတာလို့မြင်မိပါတယ်..။
      အစွန်းရောက်လာသူတွေအတွက် သဘာဝရဲ့ ထိန်းညှိပေးခြင်း(ဂေဟ)တမျိုး ပေါ့..။
      လူအများစု ..သက်ဝင်ယုံကြည်ဗုဒ္ဓဘာသာဝင်တွေဖြစ်လာတဲ့ တနေ့မှာ ဒီလိုအဖြစ်တွေ… အလိုအလျှောက် လျှော့နည်းပပျောက်သွားမှာပါ..။

  • parlayar46

    April 18, 2011 at 6:23 pm

    တကယ်ဖြစ်သင့်တာက ဘုရားအတွက်အလှူငွေများများရရေးထက် ဘုရားလာဖူးသူတွေ ကုသိုလ်များများရရေးကိုပဲ ဦးစားပေးစဉ်းစားသင့်တယ်။ ဒါမှလဲ ဘုရားအလိုကိုမဆန့်ကျင်တဲ့ ဘုရားလူကြီးဖြစ်မှာပေါ့။ ဒါထက် အဲဒီ ရွှေချခွင့်၊ ပန်းရောင်းခွင့်၊ ဓါတ်ပုံရိုက်ကူးခွင့်၊ ဖိနပ်အပ်နှံခွင့်၊ ကား/ဆိုင်ကယ် အပ်နှံခွင့်၊ အိမ်သာအသုံးပြုခွင့် လေလံကြေးတွေဟာ အလှူငွေလို့ရော ပြောလို့ ရပါ့မလားဆိုတာ ကျုပ်တော့သံသယရှိတယ်။ ဘုရားသာ သက်တော်ထင်ရှားရှိရင် အဲသလိုလုပ်ဘို့ လက်ခံပါ့မလား … ။

  • Foreign Resident

    April 18, 2011 at 10:35 pm

    Good Opinion, Agree !!!
    “ဘုရားအလှူငွေပိုများများရဖို့ထက် ဗုဒ္ဓဘာသာဝင်တွေ ဘုရားကို ပိုပြီးလာနိုင်ဖို့
    စဉ်းစားကြည့်စေချင်ပါတယ်ဗျာ”
    “အခုတော့ လေလံကြေးမြင့်တဲ့ဒဏ်ကို ဘုရားဖူးတွေ ထမ်းပေးရပါရောလား”
    “ဘုရားသာ သက်တော်ထင်ရှားရှိရင် အဲသလိုလုပ်ဘို့ လက်ခံပါ့မလား”

  • MaMa

    April 19, 2011 at 4:38 am

    ဘုရားသွားရင် ပိုက်ဆံကောက်တဲ့အလေ့အထ ဘယ်ကများ စ ပါလိမ့်။

  • eros

    April 19, 2011 at 4:48 am

    ရွှေတိဂုံဘုရားက ဖိနပ်အပ်တဲ့နေရာတွေမှာ ဆိုရင် ဖိနပ်များပြီဆိုရင် ၂၀ဝ ပေးရမယ်တို့ ၃၀ဝ ပေးရမယ်တို့ အသံမာမာ မျက်နှာထားတင်းတင်း သတ်မှတ်ပြီးတောင်းနေတာ။ ဘုရားနားနေပြီး အကုသိုလ် တန်ချိန်လိုက် ယူနေတယ်။

  • moethidasoe

    April 19, 2011 at 5:33 am

    သူ့ အကုသိုလ်ကို ကိုယ့် အကုသိုလ် မဖြစ်စေချင်ပါ .. သို့သော်လဲ အမြင်မတော်တာကို ပြောမှလဲ ပြင်သင့်သူတွေ ပြင်နိုင်မှာလေ .. ဒါကြောင့် ဘုရားမှာရော suggestion box အကြံပေးစာ ထည့်ဖို့ ပုံးလေး ထားရင် ကောင်းမယ် ထင်တယ်

  • ဆူး

    April 19, 2011 at 5:39 am

    စာတိုက်ပုံ သော့မခတ်ထားရင် ဘာမှ လုပ်လို့ မရဘူး။

  • Ko Ko Aung

    April 19, 2011 at 5:07 pm

    စာတိုက်ပုံးသော့ခတ်ထားရင်လည်း သော့က ဘုရားလူကြီးတွေ လက်ထဲမှာ။

  • nigimi77

    April 19, 2011 at 5:25 pm

    ဘယ် စေတီမှ မဖူးတော့တာ ၁၅ နှစ်ကျော်ပြီ။

    စိတ်နှလုံးထဲမှာ ဗုဒ္ဓ ရှိတယ်။

Leave a Reply