ဂျပန်နိုင်ငံမှ အမှာစာပေးပို့မှုလျော့ကျခြင်းမရှိသောကြောင့် ပြည်တွင်းရှိအထည်ချုပ်လုပ်ငန်းအပါအဝင် လက်ခစားအပ်ကုန်စနစ်လုပ်ငန်းအများစု လုပ်ငန်းထိခိုက်မှုမရှိသေးကြောင်းသိရ

ဦးကောက်April 18, 20111min530

ငလျင်နှင့်ဆူနာမီသဘာဝဘေးဒဏ်ကျရောက်ခဲ့သော ဂျပန်နိုင်ငံမှ အမှာစာပေးပို့မှုလျော့ကျခြင်းမရှိသောကြောင့် ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများ အပါအဝင် လက်ခစားအပ်ကုန်စနစ်လုပ်ငန်း (CMP-Cut, Manufacture, Produce) အများစုအပေါ် လုပ်ငန်းထိခိုက်မှုမရှိသေးကြောင်း အဆိုပါအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါသည်။
“မြန်မာနိုင်ငံက လက်ခစားအပ်ကုန်စနစ် လုပ်ငန်းတွေရဲ့ ဈေးကွက် ၆ဝ ရာခိုင်နှုန်းဝန်းကျင်က ဂျပန်နိုင်ငံဖြစ်ပါတယ်။ ဂျပန်မှာဖြစ်ခဲ့တဲ့ ငလျင်နဲ့ဆူနာမီကြောင့် ပြည်တွင်းလက်ခစားလုပ်ငန်းတွေထိခိုက်မှု ရှိ၊ မရှိ စောင့်ကြည့်ခဲ့ပေမယ့် အခုချိန်ထိ အမှာစာပေးပို့မှုလျော့နည်းတာမျိုး မဖြစ်သေးသလို အမှာဖျက်သိမ်းတာလည်းမရှိသေးပါဘူး။ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်” ဟု လက်ခစားအပ်ကုန်စနစ် အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးကပြောပြခဲ့သည်။
“ကျွန်တော်တို့စက်ရုံက  ဂျပန်ကိုဖိနပ်တင်ပို့နေတာပါ။ လက်ခစားအပ်ကုန် စနစ်ပဲဖြစ်ပါတယ်။ အခုချိန်ထိအမှာစာ ပုံမှန်ပေးပို့နေတုန်းပါ။ ဂျပန်ငလျင်နဲ့ဆူနာမီကြောင့် ဂျပန်နိုင်ငံရဲ့နေရာတချို့မှာ ထိခိုက်မှုအများအပြားရှိပေမယ့် ဂျပန်ဈေးကွက်က ကြီးမားတာကြောင့် ဖြစ်နိုင်ပါတယ်။ အခုချိန်ထိ ပုံမှန်အနေအထားပါ”ဟု ဖိနပ်စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ထင်မြင်ချက်ပေးပါသည်။
လက်ခစားအပ်ကုန်စနစ် လုပ်ငန်းများတွင် အထည်ချုပ်လုပ်ငန်းမှာ အဓိကအကျဆုံး၊ ပမာဏအများဆုံးဖြစ်ပြီး ဖိနပ်လုပ်ငန်း၊ မှန်ဘီလူးလုပ်ငန်း၊ ဆံပင်တုလုပ်ငန်းစသည့် လက်ခစားလုပ်ငန်းများလည်း ရှိကြောင်း၊ လက်ရှိမြန်မာနိုင်ငံမှ တင်ပို့လျက်ရှိသော အထည်ချုပ်ဆိုင်ရာ အပ်ကုန်များတွင် ကျား၊ မ ကုတ် အင်္ကျီ၊ ဘောင်းဘီ၊ အင်္ကျီ၊ စကိတ်စီးဝတ်စုံ၊ အားကစားဝတ်စုံ၊ အတွင်းခံ အင်္ကျီဘောင်းဘီ၊ သိုးမွှေးဆွယ်တာအင်္ကျီ စသည်တို့ဖြစ်ပြီး သတို့သမီးဝတ်စုံကဲ့သို့ အပ်ကုန်အမျိုးအစားများကိုလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
“အထည်ချုပ်လုပ်ငန်းတွေရဲ့ အဓိကဈေးကွက်က ဥရောပနဲ့ဂျပန်ဈေးကွက်ပါ။ ဖိနပ်ဆိုရင် ဂျပန်ဈေးကွက်ကိုပဲ အဓိကတင်သွင်းရတာပါ။ အခုနောက်ပိုင်း ဂျပန်ဈေးကွက်က တစ်နှစ်ထက်တစ်နှစ် အမှာစာပိုများလာတယ်။ မြန်မာ လက်ခစားအပ်ကုန်လုပ်ငန်းရဲ့ အဓိကအားသာချက်က ဈေးသက်သာမှုဖြစ်ပါတယ်။ အရည်အသွေးနဲ့ နည်းပညာမြင့်မားလာရင် ဈေးကွက်ပိုရလာနိုင်ပါတယ်။ ဂျပန်ဈေးကွက်ကို ပထဆုံးစဝင်တယ်ဆိုရင် ဈေးရတာနည်းပါတယ်။ သူတို့လိုချင်တဲ့ အရည်အသွေးတွေကို ရအောင်လုပ်ပြီး တင်ပို့နိုင်မယ်ဆိုရင်တော့ ဈေးကိုတဖြည်းဖြည်း ပိုတိုးတောင်းနိုင်ပါတယ်။ ဂျပန်ဈေးကွက်ကိုရပြီးရင် ကျန်တဲ့နိုင်ငံတွေရဲ့ ဈေးကွက်ကိုလည်း တိုးရတာပိုလွယ်ပါတယ်။ အခုဂျပန်ဈေးကွက်ကို မြန်မာ့အထည်တွေ ပိုပို့လာတယ်။ လက်ခစားလုပ်ငန်းတွေရဲ့ အဓိကဈေးကွက်ကလည်း ဂျပန်နဲ့ ဂျာမနီ၊ တောင်ကိုရီးယား တို့ဖြစ်ပါတယ်”ဟု အထည်ချုပ်လုပ် ငန်းရှင်တစ်ဦးက ရှင်းပြပါသည်။
မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်း အပါအဝင် လက်ခစားအပ်ကုန်စနစ်လုပ်ငန်းများမှာ ၂၀၀ဝ ပြည့်နှစ်တွင် အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀ဝ ဝန်းကျင်အထိ ရှာဖွေပေးနိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ် နောက်ပိုင်းမှစတင်ကာ လုပ်ငန်းကျဆင်းလာခဲ့ပြီး ၂၀၀၄ ခုနှစ် မှ ၂၀၀ရ ခုနှစ်အတွင်း ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၃၀ဝ ဝန်းကျင်သာ ရရှိခဲ့သည်။၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှစတင်ကာ ဂျပန်နှင့် ဥရောပနိုင်ငံအချို့မှ အမှာစာပိုမိုမှာယူခြင်း၊ တရုတ်၊ ဗီယက်နမ်အပါအဝင် နိုင်ငံအချို့၏ လုပ်ခလစာပမာဏမြင့်မားလာခြင်းကြောင့်  မြန်မာနိုင်ငံတွင် အပ်နှံရန် ပိုမိုစိတ်ဝင်စားလာခြင်းတို့ကြောင့် လုပ်ငန်းအနေအထား တက်ရိပ်ပြလာခဲ့ကြောင်း အဆိုပါအသိုင်းအဝိုင်းမှ လုပ်ငန်းရှင်များက ဆိုပါသည်။
၂၀၁ဝ ပြည့်နှစ် နှစ်လယ်ပိုင်းမှ စတင်၍ လုပ်ငန်းအပ်နှံမှု သိသိသာသာ များပြားလာသောကြောင့် အလုပ်အကိုင်နှင့် လုပ်ခလစာများ တိုးချဲ့ပေးနိုင်ခဲ့ပြီး ကျွမ်းကျင်လုပ်သားတစ်ဦးလျှင် ကျပ် ၈၀၀၀ဝ ဝန်းကျင် အထိဝင်ငွေရရှိလာကြောင်း အဆိုပါ အသိုင်းအဝိုင်းမှသိရသည်။ မြန်မာနိုင်ငံ၏ အသေးစားနှင့်အလတ်စားလုပ်ငန်းများတွင် လက်ခစားအပ်ကုန် စနစ်လုပ်ငန်းများမှာ အရေးပါသည့် လုပ်ငန်းအမျိုးအစားများဖြစ်ပြီး အခြေခံလူတန်းစားများကို အလုပ်အကိုင်အများဆုံးပေးနိုင်သည့်လုပ်ငန်း ဖြစ်သည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။