အမ္ဗပါလီ (၂)
အမ္ဗပါလီရဲ့ ဘဝက စိတ်ဝင်စားစရာကောင်းသလို
စိတ်လှုပ်ရှားစရာလဲ ကောင်းပါတယ်။
အမ္ဗပါလီမှာ အဖေလဲ မရှိဘူး။ အမေလဲ မရှိဘူး။
တခြားလူသားတွေလို အမိဝမ်းတွင်းမှာ
ပဋိသန္ဓေတည်ပြီး မွေးဖွားလာတဲ့သူမဟုတ်ဘူးတဲ့။
သစ်ပင်၊ ကြာတိုက်စတဲ့ စိမ်းစိုတဲ့ အရာတွေကို အမှီပြုပြီး
တဖြေးဖြေးကြီးထွားလာကာ
၁၆ နှစ်သားအရွယ် လူထင်ရှားဖြစ် မွေးဖွားလာတာကို
ဥပပတ်ပဋိသန္ဓေလို့ ခေါ်တယ်။
အမ္ဗပါလီဟာ ဒီ ဥပပတ် ပဋိသန္ဓေနဲ့ မွေးဖွားလာသူဖြစ်တယ်ဆိုဘဲ။
စာပေလာအရပြောရရင်
အမ္ဗပါလီဟာ အရင့်အရင်ဘဝတွေတုန်းက
ကုသိုလ်ကောင်းမှု မြောက်များစွာပြုလုပ်ခဲ့ပြီး
တစ်ခုသောဘဝမှာ ရဟန်းမ (ဘိက္ခုနီ) တောင် ဝတ်ခဲ့ဘူးတယ်။
ရဟန်းမဘဝတုန်းက စေတီတစ်ဆူကို သွားရောက်ဖူးမျှော်ပါတယ်။
စေတီယင်ပြင်ပေါ်မှာ ရဟန္တာမကြီးတစ်ပါး ချောင်းဆိုးရင်း
အမှတ်မထင် လွင့်စင်ကျသွားခဲ့တဲ့
သလိပ်ခဲကို (အမ္ဗပါလီဖြစ်မဲ့) ရဟန်းမက တွေ့တော့
`ဒီယင်ပြင်ပေါ်မှာ သလိပ်ခဲကို ဘယ်ပြည့်တန်ဆာမက ထွေးပစ်ခဲ့ရတာလဲ´လို့
ဆဲဆိုမည်တမ်းခဲ့ဘူးလို့
အခု အမ္ဗပါလီဘဝမှာ ပြည့်တန်ဆာလာဖြစ်ရတာလို့ဆိုပါတယ်။
ဒါပေမဲ့
အမ္ဗပါလီလောင်း ရဟန်းမဟာ အဲ့ဘဝတုန်းက ရဟန်းမကျင့်ဝတ်ဖြစ်တဲ့ သီလကို
ကောင်းကောင်းမွန်မွန်စောင့်ထိန်းကျင့်ကြံနေထိုင်ခဲ့ပြီး
`နောက်နောင်သော ဘဝတွေမှာ အမိဝမ်းထဲမှာ ပဋိသန္ဓေ မနေရသည့်သူ ဖြစ်ရပါစေ´
လို့ ဆုတောင်းခဲ့တယ်လို့ စာပေမှာဆိုပါတယ်။
ဒါ့ကြောင့်
အခုနောက်ဆုံးဘဝ (အမ္ဗပါလီ ဘဝ) မှာလဲ
အမိဝမ်းထဲမှာ ပဋိသန္ဓေမနေရဘဲ သရက်ခြံထဲက
သရက်ပင်တစ်ပင်မှာ (ဥပပတ်) ပဋိသန္ဓေနဲ့ လူလာဖြစ်ရတယ်တဲ့။
ဒါ့ကြောင့်သူကို အမ္ဗပါလီ လို့နာမည်မှည့်ခေါ်ထားတာတဲ့။
အမ္ဗပါလီ = သရက်ပင်က စောင့်ရှောက်မွေးမြူလာသူလို့ ဘာသာပြန်ရမယ်ထင်တယ်။
ဒီနေရာမှာ စဉ်းစားစရာတွေ အများကြီး။
လူနဲ့ တိရိစ္ဆာန် အကြား မတူတဲ့အချက်က
စဉ်းစားတတ်တဲ့ဦးဏှောက် အကြီးအသေးကွာဟမှုဖြစ်ပါတယ်။
စဉ်းစားကြည့်မိတာက
အိန္ဒိယနိုင်ငံမှာ သုံးနှစ်ကျော် လေးနှစ်နီးပါးနေဘူးလာတော့
စာပေဗဟုဿုတတင်မကဘဲ အိန္ဒိယလူနေမှု ပတ်ဝန်းကျင်ဗဟုဿုတတွေပါ ရလာတယ်။
အိန္ဒိယနိုင်ငံမှာ ယနေ့ထက်တိုင် မိန်းခလေးမွေးရင် သိပ်မပျော်ရွှင်ကြဘူး။
အကြောင်းအမျိုးမျိုးကြောင့် သမီးမိန်းခလေးကို မလိုချင်ကြဘူး။
သားယောက်ကျားလေးကိုဘဲ လိုချင်ကြတယ်။
ဒါ့ကြောင့် အိန္ဒိယနေခဲ့တဲ့ ကာလအတောအတွင်း
သမီးမိန်းခလေး ကလေးပေါက်စလေးတွေကို ရထားသံလမ်းပေါ်မှာ
ခြုံပုတ်တွေထဲမှာ စွန့်ပစ်ခဲ့တဲ့အကြောင်းတွေကို
သတင်းစာတွေထဲမှာ မကြာခဏဖတ်ရပါတယ်။
ပွင့်လင်းတဲ့ ၂၁ ရာစုမှာတောင်
သားမွေးဖွားလာခြင်းကိုသာ မိဘတွေကတောင့်တလိုချင်ကြပြီး
သမီးမိန်းခလေးမွေးဖွားလာတာကို မနှစ်မြို့ကြဘူးဆိုတော့
ဘုရားရှင်လက်ထက်မှာဆိုရင် အခြေအနေက ဒီထက်ပိုဆိုးနိုင်ပါတယ်။
ဆိုတော့ ဒီအမ္ဗပါလီကို ဒီလိုအကြောင်းနဲ့များ
သရက်ခြံထဲ စွန့်ပစ်လေရော့သလားလို့ စဉ်းစားမိပါတယ်။
စဉ်းစားမိတာကို ပြောတာပါ။
တခြားသစ်ပင်ကမွေးဖွားလာတာတွေလဲ ဒီလိုဘဲ စဉ်းစားမိပါတယ်။
10 comments
bigcat
April 22, 2011 at 5:27 am
သဂျီးကဤသို့ ဆိုပါသည်။
လူပြိန်းနားလွယ်အောင်ခြုံပြောရရင်…ပစ္စုပ္ပန်ကမ္မဝါဒက…ကောင်းတာလုပ်ရင်.. ကောင်းသူဖြစ်တယ်.။
ဆိုးတာလုပ်ရင် ဆိုးသူဖြစ်တယ်။
ထေရဝါဒက..ကောင်းတာလုပ်ရင်.. ကောင်းတာဖြစ်တယ်.။ဆိုတာလုပ်ရင်..ဆိုးတာဖြစ်တယ်..။
“သူ”နဲ့ “တာ”ပဲကွာတယ်..။ 🙂 ပစ္စုပ္ပန်ကမ္မဝါဒီတွေရှိရင်..မှားရင်ထောက်ပြပါ..။
အထက်ပါစာနှင့်စပ်၍ ဘုရားရှင်လက်ထက်က တထ္ထိကြီးခြောက်ယောက်တွင် တယောက်၏ (ဘာကဿပဆိုလည်းမသိဘူး) အယူဝါဒမှ ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ် ဖြစ်ပြီး ရုပ်ဝါဒကို ဦးစားပေးပါသည်။ ဘုရားရှင်က ကာယကံ၊ ဝစီကံ၊ မနောကံ ကိုရှင်းပြပြီး မနောကံသည် အပြစ်အကြီးဆုံးဖြစ်ကြောင်း ရှင်းပြ၍ ချေချွတ်သည်ကို မှတ်သားဖူးပါသည်။ “သူ” နှင့် “ဒဏ်” အယူတို့ ကွာပုံကို သိလိုပါသည် အရှင်ဘုရား……
kai
April 22, 2011 at 7:26 am
ကံနှင့်ဒဏ်
အယူဝါဒဟူသည်ကလည်း အခက်သားပင်။ ယုံကြည်မိပြီ၊ စွဲလန်းမိပြီဆိုလျှင် ဖြတ်ရန် အလွန်ခက်လှပေ၏။ မတူညီသည့် ဆရာသမား၊ မတူညီသည့် ဆုံးမစကားများတွင် မတူညီသည့် အယူအဆများကလည်း သူ့ထက်ငါအပြိုင် အနိုင်ပြုလိုမှုကို ဖြစ်ပေါ်စေပေ၏။ တစ်ခါတစ်ရံ အဓိပ္ပါယ်တူညီသော်လည်း ယူဆပုံချင်း မတူညီကြသဖြင့် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်တတ်သည်များ ရှိတတ်၏။ ထိုအခါမျိုးတွင် မိမိတို့ ကိုယ်တိုင်သာလျှင် မည်သည့်အယူအဆက မှန်သည်၊ မည်သည့်အယူအဆက သဘာဝယုတ္တိကျသည်၊ မည်သည့်အယူအဆက လက်တွေ့ဆန်သည် စသဖြင့် စဉ်းစားဆုံးဖြတ် လက်ခံလိုက်နာ ကျင့်သုံးကြရန်သာ ဖြစ်၏။
မြတ်စွာဘုရားရှင် နာဠန္ဒမြို့တွင် သီတင်းသုံးတော်မူစဉ်ကလည်း ထိုကဲ့သို့ အယူဝါဒ လွဲချော်ကြသူများနှင့် တရားစကား ဆွေးနွေးပြောဆိုခဲ့ရသည်များ ရှိ၏။ ထိုစဉ်က မြတ်ဗုဒ္ဓသည် ဒီဃတပဿီ အမည်ရှိသည့် နိကဏ္ဌ တိတ္တိဆရာကြီး၏ တပည့်နှင့် ဆုံတွေ့ကာ အယူဝါဒရေးရာများ ပြောဆိုဆွေးနွေးဖြစ်ခဲ့၏။ ဒီဃတပဿီနှင့် တွေ့စဉ် မြတ်ဗုဒ္ဓက သူ့အား “တပဿီ… သင်တို့ဆရာ နိကဏ္ဌသည် မကောင်းမှုပြုခြင်း၊ မကောင်းမှု ဖြစ်ခြင်းများသည် အဘယ်မျှသော ကံများကြောင့် ဖြစ်ကြောင်း ပညတ်သတ်မှတ်ပေးသနည်း..” ဟု မေးတော်မူလိုက်၏။ ဒီဃတပဿီက “အရှင်ဂေါတမ… နိကဏ္ဌသည် ကံကံဟု ပညတ်သတ်မှတ်မှု မရှိ၊ ဒဏ်ဒဏ်ဟုသာ ပညတ်သတ်မှတ်လေ့ရှိကြောင်း” ပြန်လည်လျှောက်ထား၏။ ထိုအခါ မြတ်ဗုဒ္ဓက “ဒီဃတပဿီ သို့ဆိုလျှင် သင်တို့ဆရာ ပြောသည့်အတိုင်း ဒဏ်ဟုဆိုလျှင် မကောင်းမှုပြုခြင်း၊ မကောင်းမှုဖြစ်ခြင်း၌ အဘယ်မျှလောက်သော ဒဏ်တို့ကို ပညတ်သတ်မှတ်သနည်း..”ဟု ထပ်မံ မေးတော်မူသဖြင့် ဒီဃတပဿီက “အရှင်ဂေါတမ… ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ်ဟူသည့် ဒဏ်သုံးပါးကို သတ်မှတ်ပေးပါကြောင်း” လျှောက်ထားလေ၏။
ဆက်လက်၍ မြတ်ဗုဒ္ဓက တပဿီအား ထိုဒဏ်သုံးပါးသည် တူသလော၊ ကွဲပြားသလောဟု မေးမြန်းပြန်သည့်အခါ မတူကွဲပြားကြောင်း ပြန်လျှောက်သဖြင့် ထိုသု့ိမတူလျှင် ထိုဒဏ်သုံးပါးတွင် မည်သည့်ဒဏ်က အပြစ်အကြီးဆုံး ဖြစ်သနည်းဟု ထပ်မံမေးမြန်းရာတွင် ဒီဃတပဿီက နိကဏ္ဌအနေဖြင့် ကာယဒဏ်သည်သာ အပြစ်အကြီးဆုံး ဖြစ်ကြောင်း ပြန်လည်ဖြေကြား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် တပဿီဖြေကြားသည့် ကာယဒဏ်သည်သာ အပြစ်အကြီးဆုံး ဖြစ်ကြောင်းဟူသော အဖြေစကားကိုပင် သုံးကြိမ်သုံးခါ မေးမြန်းပြီး တစ်စုံတစ်ရာ ပြောဆိုခြင်းမပြုဘဲ နေတော်မူလေ၏။
ထိုအခါ ဒီဃတပဿီကလည်း မြတ်စွာဘုရားရှင်အား “အရှင်ဂေါတမ… အရှင်ဂေါတမသည် မကောင်းမှုပြုခြင်း၊ မကောင်းမှုဖြစ်ခြင်း၌ အဘယ်မျှလောက်သော ဒဏ်တို့ကို ပညတ်သတ်မှတ်ပါသနည်း”ဟု တန်ပြန်မေးခွန်း ထုတ်လေ၏။ မြတ်ဗုဒ္ဓက “ဒီဃတပဿီ… ငါသည် ထိုသဘောတရားများတွင် ဒဏ်ဟု မသတ်မှတ်၊ ကံဟုသာ သတ်မှတ်ကြောင်း” ဖြေကြားရာတွင် တပဿီက သို့ဆိုလျှင် အဘယ်မျှသော ကံတို့ကို ပညတ်တော်မူသနည်းဟု မေးမြန်းသဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံဟူသည့် ကံသုံးမျိုးကို သတ်မှတ်ကြောင်းနှင့် ထိုသုံးပါးတွင် မနောကံသည်သာ အပြစ်အကြီးဆုံး ဖြစ်ကြောင်း ဖြေကြားတော်မူလိုက်၏။
ဤသို့ဖြင့် ဒီဃတပဿီနှင့် မြတ်ဗုဒ္ဓတို့၏ စကားဝိုင်းသည် ဤမျှလောက်ဖြင့်ပင် အဆုံးသတ်လမ်းခွဲကာ ဒီဃတပဿီသည် သူ၏ဆရာ နိကဏ္ဌထံသို့ သွားခဲ့လေ၏။ နိကဏ္ဌထံသို့ ရောက်ပြီးနောက် မြတ်စွာဘုရားရှင်နှင့် မေးမြန်းဆွေးနွေးခဲ့သည်များကို အကျိုးအကြောင်း ပြောပြသည့်အခါ နိကဏ္ဌသည် တပည့်ကျော်၏ မိမိအယူအဆအတိုင်း ကာယကံကသာ အပြစ်အကြီးဆုံးဖြစ်ကြောင်း မြတ်စွာဘုရားရှင်အား ဖြေကြား လျှောက်ထားမှုအပေါ် သဘောကျကျေနပ်ကာ မြတ်စွာဘုရား မိန့်တော်မူလိုက်သည် မနောကံသည်သာ အပြစ်အကြီးဆုံး ဖြစ်ကြောင်း အဖြေအပေါ်တွင်လည်း စောဒကတက်ရန် အားသန်ခဲ့လေ၏။
ထိုသူတို့၏ စကားဝိုင်းတွင် နိကဏ္ဌတို့အား ကိုးကွယ်သည့် ဥပါလိ အမည်ရှိသည့် သူကြွယ်သည်လည်း အနီးအနားတွင် ရှိနေသဖြင့် ဒီဃတပဿီနှင့် မြတ်စွာဘုရားရှင်တို့ ပြောဆိုခဲ့သည့်အပေါ် စိတ်ဝင်စားကာ သူကိုယ်တိုင် မြတ်စွာဘုရားရှင်ထံသွား၍ မိမိဆရာများ ယူဆသည့်အတိုင်း ကာယဒဏ်သာ အပြစ်အကြီးဆုံးဖြစ်ပြီး မနောကံသည် အပြစ်အကြီးဆုံး မဟုတ်ကြောင်း ဆွေးနွေးပြောဆိုကာ နောက်ဆုံးတွင် နိကဏ္ဌဆရာများ၏ ခွင့်ပြုချက်ဖြင့် ဥပါလိသူကြွယ်သည် ဘုရားထံမှောက် ရောက်ရှိခဲ့လေတော့၏။
ဘုရားထံမှောက် ရောက်လာခဲ့သည့် ဥပါလိသူကြွယ်သည် မြတ်စွာဘုရားရှင်အား နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ဒီဃတပဿီနှင့် ပြောဆိုခဲ့သည့် စကားများနှင့် စပ်လျဉ်းပြီး “အရှင်ဂေါတမ ကြီးကျယ်သော ကာယဒဏ်ကို ထောက်ဆ၍ သေးငယ်သော မနောဒဏ်သည် အဘယ်မှာ ပြောပလောက်မည်နည်း…၊ အမှန်အားဖြင့် ကာယဒဏ်သည်သာ မကောင်းပြုခြင်း၊ မကောင်းမှုဖြစ်ခြင်း၌ ကြီးကျယ်သော အပြစ်ရှိ၏၊ ဝစီဒဏ်နှင့် မနောဒဏ်သည် ထိုကဲ့သို့ မကြီးကျယ်ပါ…”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က ဥပါလိသူကြွယ်အား ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဥပမာဥပမေယျများ ပြောဆိုရှင်းပြကာ ဆွေးနွေးဟောကြားလေ၏။
မြတ်ဗုဒ္ဓ..
“သူကြွယ်… ဥပမာတစ်ခု ပေးကြစို့၊ သေချာနားထောင် စဉ်းစားလေလော့၊ နိကဏ္ဌတစ်ယောက်ဟာ အနာရောဂါ ပြင်းစွာနှိပ်စက်နေပြီး ရေအေးကိုပယ်ကာ ရေးနွေးကိုသာ သုံးဆောင်သူတစ်ယောက် ဖြစ်သည်ဟု ဆိုကြပါစို့၊ နောက်ဆုံးသူသည် ရေနွေးကို မရသဖြင့် ထိုရေးနွေးကို စွဲလန်းပြီး သေခဲ့သည်ရှိသော် သူသည် အဘယ်အရပ်မှာ ဖြစ်မည်ဟု သင်ထင်သနည်း”
ဥပါလိ…
“အရှင်ဂေါတမ… စိတ်စွဲလန်း၍ ဖြစ်သော နတ်မည်သည် ရှိပါ၏၊ ထိုနတ်မျိုးတို့၌ နိကဏ္ဌသည် ဖြစ်နိုင်ပါ၏”
မြတ်ဗုဒ္ဓ…
“ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်ုး”
ဥပါလိ…
“အရှင်ဘုရား… စိတ်စွဲလန်း၍ သေသောကြောင့် ဖြစ်ပါသည်ဘုရား…”
ထိုအခါ မြတ်ဗုဒ္ဓက ဥပါလိ၏ စကားသည် ရှေ့နောက်မညီဖြစ်နေကြောင်း၊ ရှေ့ကကာယဒဏ်သည်သာ အပြစ်အကြီးဆုံးဟုဆိုပြီး ယခုမူ စိတ်စွဲလန်း၍ဖြစ်ကြောင်း ဆိုနေသဖြင့် ရှေ့နောက်အစပ် လွဲနေကြောင်း မိန့်တော်မူသော်လည်း ဥပါလိကား “အရှင်ဘုရား… ဘာပဲဖြစ်ဖြစ် ကာယဒဏ်သည်သာ အပြစ်အကြီးဆုံးပဲ”ဟုသာ ထပ်ခါထပ်ခါ ဆိုနေပြန်သဖြင့် မြတ်ဗုဒ္ဓက နောက်ထပ်ဥပမာပြ၍ ရှင်းပြရလေ၏။
မြတ်ဗုဒ္ဓ…
“သူကြွယ်… ဥပမာထပ်ဆိုကြစို့…၊ အကယ်၍ နိကဏ္ဌတစ်ယောက်သည် အလုံးစုံသော ရေးအေးကိုပယ်ခြင်း၊ အလုံးစုံသော မကောင်းမှုကို တားမြစ်ခြင်း၌ အားထုတ်ခြင်း၊ မကောင်းမှုကို တားမြစ်ခြင်းဖြင့် ခွါထွက်ခြင်း၊ မကောင်းမှုကို တားမြစ်ခြင်းဖြင့် ပြန်နှံ့ခြင်းဟူသည့် စောင့်စည်းခြင်းလေးမျိုးကို စောင့်စည်းရင်း ရှေ့နောက်စင်္ကြံလျှောက်စဉ် သတ္တဝါအချို့အား နင်းမိပြီး သေကြေပျက်စီးခြင်းသို့ ရောက်ခဲ့မည်ဆိုလျှင် သူ့အား မည်သို့သော အကျိုးများ ဖြစ်ထွန်းနိုင်သနည်း…”
ဥပါလိ…
“အရှင်ဘုရား… နိကဏ္ဌသည် စေ့ဆော်ခြင်း စေတနာမပါသဖြင့် ကြီးမားသော အပြစ်မရှိပါ”
မြတ်ဗုဒ္ဓ…
“သူကြွယ် ထိုစေတနာကို နိကဏ္ဌသည် အဘယ်ဒဏ်ဟု ပညတ်သနည်း”
ဥပါလိ…
“အရှင်ဘုရား မနောဒဏ်ဟု သတ်မှတ်ပါ၏”
ထိုအခါ မြတ်ဗုဒ္ဓက ဥပါလိ၏ အဖြေသည် ရှေ့နောက်မညီကြောင်း ကာယဒဏ်သည် အပြစ်အကြီးဆုံးဟု ဆိုသော်လည်း ယခုမူ မနောဒဏ်ဟု ဆိုနေကြောင်း မိန့်ဆိုရှင်းပြသော်လည်း ဥပါလိသည် ကာယဒဏ်ဟုသာ ဆက်လက်၍ ငြင်းဆိုနေပြန်သဖြင့် နောက်ထပ်ဥပမာ ပေးရပြန်လေ၏။
မြတ်ဗုဒ္ဓ…
“သူကြွယ်… ဥပမာတစ်ခု ထပ်ပြုကြစို့…၊ ဤနာလန္ဒမြို့သည် စည်ပင်ဝပြောပြီး တိုးတက်ထွန်းကား လူစည်ကားသည် ဖြစ်သည် မဟုတ်လော..၊ အကယ်၍ ယောက်ျားတစ်ယောက်သည် သန်လျက်ကိုကိုင်ပြီး ဤမြို့တွင် ရှိသည့် သတ္တဝါအားလုံးကို ချက်ချင်းသေကြေပျက်ဆီး ပျောက်ဆုံးသွားအောင် လုပ်မယ်ဆိုရင် လုပ်နိုင်ပါသလော…”
ဥပါလိ…
“အရှင်ဘုရား… ယောက်ျားဆယ်ယောက်ဖြစ်စေ၊ နှစ်ဆယ်ဖြစ်စေ၊ သုံးဆယ်ဖြစ်စေ၊ ငါးဆယ်ဖြစ်ပါစေ ဤနာလန္ဒမြို့နှင့် သတ္တဝါအားလုံးကို တစ်ခဏချင်း သေကြေပျက်ဆီးပြီး ပြာပုံဖြစ်သွားအောင်ကား ဘယ်လိုမှ မလုပ်နိုင်ပါဘုရား..”
မြတ်ဗုဒ္ဓ…
“သူကြွယ်… စိတ်တန်ခိုးအဘိညဉ် ဈာန်အစုံစုံ ပြည့်စုံသည့် သမဏဗြဟ္မဆိုရင်ကော ဒီမြို့ကို ပြာကျအောင် လုပ်နိုင်သလော…”
ဥပါလိ…
“အရှင်ဘုရား… စိတ်တန်ခိုးနှင့်ပြည့်စုံလျှင်ကား နာလန္ဒ တစ်မြို့တည်းပင်မဟုတ်၊ ဆယ်မြို့၊ နှစ်ဆယ်သုံးဆယ်၊ ငါးဆယ်ဆိုလည်း လုပ်နိုင်ပါ၏..”
ထိုအခါ မြတ်ဗုဒ္ဓက ဥပါလိသူကြွယ်၏ စကားသည် ရှေ့နောက်မညီကြောင်း ပြောဆိုရပြန်၏။ သို့သော် ဥပါလိက ကာယဒဏ်သည်သာ အပြစ်အကြီးဆုံးဟု ဆိုသဖြင့် နောက်ထပ်ဥပမာဖြင့် ရှင်းပြန်ရပြန်၏။ နောက်ဆုံး၌် အမျိုးမျိုး ဥပမာပေးကာ ဟောပြောရှင်းပြသည့် အခါတွင်ကား ဥပါလိက “အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားရှင်၏ ပမထဆုံး ဥပမာနှင့်ပင် ဘုရားစကားတော်ကို နှစ်သက်ပြီး ဖြစ်နေပါပြီ၊ သို့သော် အကျွန်ုပ်သည် မြတ်စွာဘုရားရှင်၏ ဤဆန်းကျယ်သော ပြဿနာ ဖြေကြားတော်မူခြင်းကို ကြားနာလို၍သာ မြတ်စွာဘုရားရှင်ကို ဆန့်ကျင်ဘက်ကဲ့သို့ မထီမဲ့မြင် ပြုတော်မူခဲ့ခြင်း ဖြစ်ပါသည်ဘုရား..၊ အရှင်ဘုရား… အလွန်နှစ်သက်ဖွယ်ရှိပါ၏၊ ဝမ်းမြောက်ပါ၏၊ မှောက်ထားသည့်အိုးကို လှန်လိုက်သကဲ့သို့ ဖြစ်ပါ၏” စသည်ဖြင့် ဖြေကြားလျှောက်ထားကာ ဥပါသကာအဖြစ် ခံယူသွားခဲ့လေတော့၏။ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဥပါလိသုတ်)
ဤကား ဥပါလိသုတ်လာ နိကဏ္ဌတပည့်များနှင့် မြတ်စွာဘုရားရှင်တို့၏ အယူဝါဒဆိုင်ရာ ပြဿနာအချို့မှ ကောက်နှုတ်တင်ပြချက်များ ဖြစ်ပါ၏။ ဤဆွေးနွေးချက်များအရ နိကဏ္ဌတို့သည် မကောင်းမှုအကုသိုလ် တစ်ခုခု ကျူးလွန်ရာတွင် ဒဏ်ကြောင့်ဟုဆိုလေ့ရှိပြီး ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ်တို့တွင် ကာယဒဏ်သည်သာ အပြစ်အကြီးဆုံးဖြစ်ကြောင်း ပညတ်သတ်မှတ်သော်လည်း မြတ်ဗုဒ္ဓသည် ကံဟုသတ်မှတ်ပြီး ကာယကံ၊ ဝစီကံ၊ မနောကံဟူသည့် ကံသုံးပါတွင် မနောကံသည်သာ အပြစ်အကြီးဆုံး ဖြစ်ကြောင်း နာလည်သဘောပေါက်နိုင်ပေ၏။
မြတ်ဗုဒ္ဓအလိုတော်အရ မနောကံသည်သာ အပြစ်အကြီးဆုံး ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့်လည်း မနောကံကို အထူးထိန်းသိမ်း စောင့်ရှောက်သင့်၏။ မနောကံဟုဆိုရာတွင်လည်း စေတနာကို ဆိုခြင်းဖြစ်သဖြင့် အကောင်ဖြစ်စေ၊ အဆိုးဖြစ်စေ စေတနာပါလျှင် ကံမြောက်ပြီး အကျိုးသက်ရောက်မှု ဖြစ်နိုင်သဖြင့် ကောင်းသည့်အလုပ်များတွင် စေတနာ အပြည့်ပါစေရန်လိုအပ်ပြီး မကောင်းသည့် အလုပ်များတွင်ကား မလွဲသာ၍ လုပ်လိုက်ရသော်လည်း စေတနာမပါစေရန် အထူးဆင်ခြင်သင့်လှပေ၏။ မကောင်းသည့်အလုပ်ဟူသည် မလုပ်ဘဲနေနိုင်လျင် ကောင်းသော်လည်း လုပ်မိပါက အပြစ်နည်းစေရန် စေတနာမပါမိစေဖို့ အထူးသတိပြုသင့်ပေ၏။
ဤ၌ မည်သူမည်သူတို့၏ အယူအဆဟု သီးသန့်မပြောဘဲ ကံနှင့်ဒဏ်ဟူသည့် စကားလုံး သက်သက်ကိုသာ ပြောကြည့်မည်ဆိုပါက ဒဏ်ဟူသည် ယနေ့ခေတ်အခေါ် ပြစ်မှုဒဏ်၊ အပြစ်ဒဏ်ကို ရည်ညွှန်းခြင်း ဖြစ်သဖြင့် စေတနာပါသည့် အကုသိုလ်ကံကို လုပ်မိလျှင် မကောင်းသည့် အပြစ်ဒဏ်ကို ခံရတတ်ကြောင်း လိုသလိုစွဲယူ နားလည်သဘောပေါက်နိုင်ပေ၏။ မည်သို့ပင်ဆိုစေ မနောကံနှင့်ပတ်သက်၍ ကျူးလွန်မှု ဖြစ်ခဲ့လျှင် မနောဒဏ်ကိုလည်း ခံနိုင်ဖွယ်ရှိသဖြင့် ကံမှသည် ဒဏ်အဖြစ်သို့ မရောက်မိကြစေရန် မိမိမိမိတို့၏ စေတနာကို ကောင်းသည့်ကံများတွင် အပြည့်အဝ အသုံးချပြီး မကောင်းသည့် ကံများတွင် မပါမိစေရန် သတိပြု ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း ကံနှင့်ဒဏ်အကြောင်း တစ်စေ့တစ်စောင်း ဆက်စပ်တင်ပြလိုက်ရပါသည်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။
kai
April 22, 2011 at 7:20 am
အရှင်ဘုရားတွေးခေါ်တာ အလွန်ကိုဖြစ်နိုင်ပါတယ်…။
သန္ဓေသားဟာ မိခင်ဝမ်းထဲမှာ ဒီအတိုင်းနေတာမဟုတ်ပဲ.. မိခင်နဲ့ ချက်ကြိုး( umbilical cord)ကဆင့် အဟာရတွေရနေလို့.. ကြီးထွားနိုင်တာဖြစ်သလို.. ရောဂါမိုးမွှားဗိုင်းရပ်စ်တွေရန်က ကာကွယ်ဖို့လည်း မိခင်ဆီက .. အင်တိုင်ဗိုင်အိုးတစ်လို ဆေးဖက်ဝင်တဲ့ အကာအကွယ်ဓါတ်တွေလည်း ရတာမို ့… ဝမ်းထဲ..၁ဝလ လောက်အသက်ရှင်နိုင်တာလည်းဖြစ်ပါတယ်…။
လူက.. အပင်-အသီးမှာ ပဋိသန္ဓေ ယူတယ်ဆိုတာ ..စိတ်ကူးယဉ်သက်သက်လို့ ထင်မိပါတယ်ဘုရား..။
char too lan
April 22, 2011 at 10:27 am
အော်ဖြစ်မှ ဖြစ်ရလေ ……………. 🙁
bigcat
April 22, 2011 at 10:39 pm
ရွာထဲမှာ ရှိပါသေးလား အရှင်ဘုရား…..
ငါတို့ဆရာတော်ကို မြန်မာစစ်တပ် ထောက်လှမ်းရေးတွေ ဖမ်းသွားပြီးနဲ့တူတယ်၊ ကယ်ကြပါအုံးဗျို့။
ashinindaka
April 22, 2011 at 11:46 pm
ဘဇာကြောင့် ဖမ်းမည်နည်း။
bigcat
April 23, 2011 at 1:44 am
အရှင်ဘုရား ကျန်းမာပကတိ ချမ်းသာစွာရှိ၍ ဝမ်းသာပါ၏။ ပထမဆုံးကွန်မန့်တွင် တပည့်တော် မေးလျောက်ထားသည်ကို ဖြေတော်မူပါ အရှင်ဘုရား။ နို့မို့ပါက စစ်ကြောရေးစခန်းမှ အရှင်ဘုရား စာပြန်ခြင်းဖြစ်သည်ဟု ယူဆရပါမည်။
unclegyi1974
April 23, 2011 at 3:18 pm
ကိုကြောင်ကဆရာတော်ကိုပလင်ပေါ်တင်ပေးပြီး
လက်ခုပ်တီးတော့မယ်နဲ့တူတယ်
bigcat
April 24, 2011 at 9:37 pm
မိုးသောက်ပြီမိုလို့ ထတော်မူပါအရှင်ဘုရား….
ရွာထဲမှာ ashinariya နဲ့ lionking တို့က ဗုဒ္ဓဟောတဲ့ ကံနဲ့ ဒီဃတပဿီက နိကဏ္ဌရဲ့ဒဏ်ကို တူတယ်၊ မတူဘူးနဲ့ တမျိုးစီ ပြောနေပါတယ်ဘုရား။ အရိယာသစ္စာခြင်း တူပါလျက်နဲ့ ဘဇာကြောင့် သူတို့နှစ်ဦး တောင်နှင့်မြောက် ဖြစ်နေရသည်ကို ရွာသားများ အကျိုးအတွက် သနားဂရုဏာထား၍ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။
ashinindaka
April 25, 2011 at 12:40 am
နှိုးပေးတဲ့အတွက် ကျေးဇူး။ အခုလောလောဆယ် အလုပ်များနေသေးတယ်။ ဒုလ္လဘလက်ကျန်တွေကလည်း မထွက်သေးဘူး။ အာဂန္တုဆရာတော်များကလည်း သင်္ကြန်မတိုင်ခင်ကတည်းက ရောက်လာတာ။ အခုထိ မပြန်ကြသေးဘူး။ ကျက်သရေခန်းထဲက မုန့်ပုံးတွေလည်း သူတို့ ကပ်လိုက်ရလို့ ကုန်တော့ မယ်။ ဒကာခိုင်တင်ပြတဲ့ အရှင်ဝိစိံတ္တ (မနာပဒါယီ) ရေးတဲ့ဟာက ဦးဇင်းသဘောထားနဲ့ အတူတူပါပဲလို့ အကျဉ်းရုံး ပြောလိုက်ပါရစေ ဒကာကြောင်ကြီးရေ။