အမ္ဗပါလီ (၃)

ashinindakaApril 25, 20111min641

သရက်ခြံစောင့်တဲ့သူလာတော့ အမ္ဗပါလီကို အိမ်ခေါ်သွားပြီး
မွေးမြူစောင့်ရှောက်ထားတယ်။
အရွယ်ရောက်လာတော့ အဲ့နေရာ အဲ့ဒေသမှာ ကြီးစိုးနေတဲ့
လိစ္ဆဝီမင်းသားတွေထံ ဆက်သလိုက်တယ်။

အမ္ဗပါလီက အတော်ချောမောလှပတယ်တဲ့။
ဆိုတော့ အဲ့နေရာမှာ ကြီးစိုးတဲ့ လိစ္ဆဝီမင်းသားတွေက
သူလိုချင် ငါလိုချင် သူလက်ထပ်ချင် ငါလက်ထပ်ချင်ဖြစ်ကုန်ရော။
ဘယ်လိုမှ ထိန်းမနိုင် သိမ်းမရဖြစ်နေတော့
နောက်ဆုံး တရားသူကြီးက အမ္ဗပါလီကို ပြည့်တန်ဆာအရာမှာ ထားလိုက်ပြီး
အလှည့်ကျ သုံးဆောင်စေဆိုပြီး စီရင်ချက်ချလိုက်တယ်။

ဆိုတော့
အမ္ဗပါလီ ပြည့်တန်ဆာဘဝရောက်သွားရခြင်းဟာ
ထိုခေတ် ထိုအခါက လူမှုရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေကြောင့် ဖြစ်တယ်။
သူ ပြည့်တန်ဆာဘဝ မရောက်ချင်ဘဲ ရောက်သွားရခြင်းဖြစ်တယ်။
မရောက်သင့်ဘဲ ရောက်သွားရခြင်းဖြစ်တယ်။

ကိုယ့်နိုင်ငံတွင်းမှာလဲ ဒီလိုဘဝမျိုး မရောက်ချင်ဘဲ မရောက်သင့်ဘဲ
ရောက်ကုန်ကြတာ အတော်များနေပြီလို့ သိရပါတယ်။
ကိုယ့်နိုင်ငံ ကိုယ့်အမျိုးသမီးတွေ အိမ်နီးချင်းထိုင်းနိုင်ငံမှာလဲ
ဒီလိုဘဝမျိုးမရောက်ချင်ဘဲ မရောက်သင့်ဘဲ ရောက်နေကြတာ ဒုနဲ့ဒေးဆိုဘဲ။

ဟိုးအရင်တုန်းက ဂုဏ်သိက္ခာရှိရှိ ဣန္ဒြေရရ ကိုယ့်နိုင်ငံတွင်းမှာ
နေထိုင်စားသောက်လုပ်ကိုင်လာခဲ့တဲ့ ကိုယ့်အမျိုးသမီးတွေ
ဘာဖြစ်လို့ ဒီလိုဘဝမျိုး ရောက်သွားကြရတာလဲ။
ဒီလိုဘဝမျိုးရောက်သွားရခြင်းရဲ့ အကြောင်းတရားက ဘာလဲ။
တရားခံက ဘယ်သူလဲ။

ဒါတင်မကဘူး။
ကိုယ်နေနေတဲ့ဒီနိုင်ငံမှာတောင် ကိုယ့်နိုင်ငံက အမျိုးသမီးတွေ
အတော်အခြေအနေဆိုးနေပြီဆိုတာ ကြားနေရတယ်။
ဒီအကြောင်းကို ဘလော့ဂ်တစ်ခုထဲမှာတောင်
ဒီလိုခေါင်းစဉ်နဲ့ ဒီလိုရေးထားတာ တွေ့လိုက်ရတယ်။
ပြည်ပရောက် မြန်မာအမျိုးသမီးစက်ရုံဝန်ထမ်းအများစု
မိဘမျက်ကွယ်တွင် ပျက်စီးမှုများရှိလာ

အမိနိုင်ငံနှင့် ကင်းကွာ၍ ပြည်ပနိုင်ငံများတွင်
သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအမျိုးသမီးစက်ရုံ ဝန်ထမ်းအများစုမှာ
မိဘမျက်ကွယ်တွင် ပျက်စီးမှုများရှိလာကြောင်း သိရသည်။

ဒီကိုရောက်နေတဲ့ မြန်မာအမျိုးသမီးတွေ၊
အထူးသဖြင့် စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေပေါ့။
တချို့ ဆို မြန်မာပြည်မှာ အိမ်ထောင်ရှိကြလည်း ဒီရောက်ရင်ထပ်ပြီးတော့
Living together ပုံစံမျိုးအတူနေတာတွေရှိနေတယ်၊

ဒီမှာတော့ ပေါင်းသင်းကြပြီး ပြန်သွားတော့လည်း
ဘာမှမဆိုင်တော့သလိုမျိုးတွေရှိတယ်။

မြန်မာအမျိုးသမီးဆိုတဲ့ ဂုဏ် သိက္ခာကို မထိန်းသိမ်းကြတော့ဘူး။
တချို့ ဆို ကိုယ်ဝန်ရလာတယ်။ ဒီတော့မှ မြန်မာပြည်ပြန်တာတွေရှိတယ်၊
မိဘတွေကတော့ စိတ်ချလက်ချလွှတ်လိုက်တာပဲ။
ဒါပေမယ့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးအများစုက
ပျက်စီးနေတာ တွေ့နေတယ်ဟု မလေးရှားနိုင်ငံတွင်
အလုပ်သွားရောက်လုပ်ကိုင်နေသူ ကိုမင်းဦးမျိုးက ပြောပြသည်။

ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံမှ သွားရောက်အလုပ်လုပ်ကိုင်ကြသော
အမျိုးသမီးများမှာ ဟိုတယ်များ၊ စက်ရုံ အလုပ်ရုံများ၊ အိမ်အကူများ၊
စားသောက်ဆိုင်များတွင် လုပ်ကိုင်ခြင်းကပိုများကြောင်း
ပြည်ပအလုပ်အကိုင်အေဂျင်စီများက သိရသည်။

ပြည်ပကိုသွားတဲ့ မိန်းကလေးတွေက
အသက် ၂၃လောက်ကနေ ၃၈နှစ်ဝန်းကျင်ကများတယ်။
ကျွန်တော်တို့က သူတို့ကလျှောက်ရင်
သင့်တော်တဲ့ကုမ္ပဏီတစ်ခုခုနဲ့ ချိတ်ပေးတယ်။
အများစုကတော့ အိမ်အကူပိုင်းနဲ့
ဟိုတယ် Management ပိုင်းအတွက်သွားကြတယ်။
အလုပ်အတွက်ကတော့ အဆင်ပြေဖို့ တာဝန်ယူပေမယ့်
သူတို့ရဲ့ Biography ပိုင်းကိုတော့ ဝင်မစွက်ဖက်ဘူး။
မဆိုင်ဘူးလို့ ယူဆလို့ပါဟု ပြည်ပအလုပ်အကိုင်လက်မှတ်ရ
အေဂျင်စီတစ်ခုကပြောသည်။

ကျွန်မနဲ့ အလုပ်အတူလုပ်တဲ့အမျိုးသမီးဆိုရင် နယ်ဘက်ကလာတာ၊
သူနဲ့သူကောင်လေးက ကြိုက်တာသုံးနှစ် လောက်ရှိပြီတော့ ပြောတယ်။
တိုက်ခန်းတစ်ခုတည်း အတူနေတယ်၊
ကောင်လေးကို လက်ထပ်ဖို့ပြောတော့ ရှောင်နေတယ်။ စကားလွှဲတယ်၊
နောက်အိမ်ခဏပြန်မယ်ဆိုပြီး သွားလိုက်တာပြန်မလာတော့ဘူး။
မြန်မာအမျိုးသမီးတွေအနေနဲ့ ကိုယ့်ကို ကိုယ်ချစ်သူဘဝမှာ
တန်ဖိုးထားသင့်တယ်။ စည်းတစ်ခုအတွင်းမှာပဲ ရှိသင့်တယ်။
ဘောင်မကျော်သင့်ဘူးဟု
လှိုင်မြို့ နယ်နေ မသင်းသင်းလှိုင်က ပြောပြသည်။

မိဘများအနေဖြင့် ငွေတစ်ခုတည်းကိုမကြည့်ဘဲ
မိမိသားသမီးအဆင့်အတန်း၊
ဂုဏ်သိက္ခာကို ငဲ့သင့်ကြောင်း၊ မြန်မာ အမျိုးသမီးများအနေနှင့်လည်း
မိမိကိုယ်ကို အလေးထားသင့်ကြောင်း၊
မြန်မာနိုင်ငံတွင် အစဉ်အလာအရ
နှစ်ဖက်မိဘသဘော တူညီပြီးမှသာ
ပုဆိုးတန်းတင်အကြင်လင်မယားအရာကို သတ်မှတ်သည့်အတွက်
ချစ်သူစုံတွဲများအနေဖြင့် အစဉ်အလာကို တန်ဖိုးထားသင့်ကြောင်း
ယဉ်ကျေးမှုတက္ကသိုလ်မှ ပါမောက္ခတစ်ဦးက အကြံပြုပြောကြားသည်။

@foreverfriends

One comment

  • bigcat

    April 25, 2011 at 2:30 am

    ကံနှင်ဒဏ် ကွဲပြားပုံကု ရှင်းလင်းပေးတော်မူပါအရှင်ဘုရား။ အမ္ဗပါလီ (၂) သဂျီးမှတ်ချက်အနေနဲ့ တင်ပေးထားတဲ့ အရှင်ဝိစိတ္တ (မနာပဒါယီ) ရဲ့ စာက ကံနဲ့ဒဏ်အပိုင်းကို သိပ်မရှင်းပါ။ အရှင်ဘုရားအနေနဲ့ လူပြိန်းနားလည်အောင် ရှင်းပေးတော်မူပါ။ ပြီးတော ပစ္စုပ္ပန်ဝါဒရဲ့ ယူဆပုံနဲ့ အဲဒီဝါဒရဲ့ ဒဏ်ယူဆပုံ ဘယ်လိုကွာသလည်းဆိုတာလည်း ရှင်းပေးတော်မူပါ။ အရိယာသစ္စာရှင်ဆိုသူများ မောဟဖုံးပြီး တခေါခေါနဲ့ အိပ်မောကျနေပုံရလို့ အရှင်ဘုရားထံ တောင်းပန်ရခြင်းဖြစ်ပါတယ်။

Leave a Reply