ကျွန်ုပ်၏ အယူဝါဒ-၃

asiamastersApril 27, 20111min1353

 

၁။         ကျွန်ုပ်၏ အယူဝါဒ- ၃ မှာ လူသားများမှန်မှန်ကန်ကန် ရှင်သန်ရန်နိုင်အောင် ကြိုးစားရာတွင်လိုအပ်သည့် အခြေခံ လိုအပ်ချက်ကြီး ခြောက် ရပ် ဖြစ်သည့် ဝင်ငွေ၊ ဗဟုသုတ၊ ခွန်အား၊ နည်းပညာ၊ လူသားဆန်မှု၊ လောကအမြင် တို့အနက်မှ ဝင်ငွေ ဖြစ်ပါတယ်။ ဝင်ငွေကို အင်္ဂလိပ်ဘာသာစကားဖြင့် (Income) လို့ခေါ်ပါတယ်။ အနက်မှာ မိမိ၏ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် တရားဥပဒေနှင့်အညီ မျှမျှတတရရှိသည့် လုပ်အားခဖြစ်သည်။ ဒီနေ့ခေတ်လူသားတစ်ဦးမှာ ဝင်ငွေလမ်းကြောင်း တစ်ခုမရှိခဲ့ရင် ဒီလူဟာ မကြာခင်မှာ အခက်အခဲများ၊ စိတ်ပင်ပန်းဆင်းရဲမှုများ၊ သူတစ်ပါး၏အထင်အမြင်သေးမှုများ၊ အဆင့် အတန်းခွဲခြားမှုများ၊ မိမိချစ်ခင်မြတ်နိုးသူများ၏ စွန့်ပယ်ခြင်းများ၊ လူ့အသိုင်းအဝိုင်းရဲ့ ပစ်ပယ်ခြင်းများအထိဖြစ်လာပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ အဆင့်အတန်းဆိုတာက ဒီနိုင်ငံမှာ နေထိုင်တဲ့ လူသားတွေရဲ့ ရောင်ပြန်ဟပ်မှုဖြစ်ပါတယ်။ ဒီလူသားတွေကိုယ်တိုင်က ဝင်ငွေကို အရေးမထားကြရင် ဒီနိုင်ငံဟာလည်း နိုင်ငံတကာရဲ့ အထင်အမြင်သေးကဲ့ရဲ့ မှုကိုခံစားရမယ်။ ဒါကြောင့် လူသားတိုင်း အသက်အရွယ်မရွေး၊ ကျား/မ မရွေး အားလုံးဟာ ဝင်ငွေကို မဖြစ်မနေရှာဖွေကြရမယ်။ ဝင်ငွေကို အရေးမထားသူ၊ ဝင်ငွေမရှိသေးသူတို့သည် ဘဝ၏လမ်းကြောင်းမှန်ပေါ်သို့ မည့်သည့်အခါမျှရောက်မလာပါ။

 

၂။         ဝင်ငွေနဲ့ ငွေဟာ မတူပါဘူး။  ဝင်ငွေဆိုတာက မိမိရဲ့ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားနဲ့ တရားဥပဒေနဲ့ အညီမျှမျှတတရရှိတဲ့ လုပ်အားခ ဖြစ်ပါတယ်။ ငွေဆိုတာက ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ရောင်းကြ၊ ဝယ်ကြတဲ့နေရာမှာ အသုံးပြုတဲ့ ကြားခံပစ္စည်းတစ်ခုဖြစ်ပါတယ်။ လူသားတွေဟာ ဝင်ငွေနဲ့ ငွေရဲ့ကွာခြားမှုကို သိပ်သတိမထားကြပါဘူး။ လူ့ဘဝမှာ အရေးကြီးဆုံးဟာ ငွေဖြစ်တယ်လို့ အတော်များများက ယူဆထားကြတယ်။ ဒီလိုယူဆတဲ့လူတွေဟာ ဗိုက်ဆာနေတဲ့ ခွေးတွေနဲ့တူတယ်။ သူတို့ဟာ စားဖို့တစ်ခုကလွဲလို့ ကျန်တာဘာမှ မစဉ်းစားနို်င်ကြတော့ပါဘူး။ ဒီလိုမျိုး အမြန်လမ်းက ငွေကြေးချမ်းသာအောင်ကျိုးစားတာမျိုးကို (Rat Race) လို့ခေါ်ပါတယ်။ ချမ်းသာမှုနဲ့ ပိုမိုကောင်းမွန်တဲ့ဘဝ ကိုနားမလည်တဲ့အတွက် ငွေကိုပိုမိုလိုလားလာကြတယ်။ Money is a good servant but a bad master လို့ခေါ်တဲ့ အင်္ဂလိပ်စကားပုံလေးတစ်ခုရှိတယ်။ ငွေဆိုတာ ကိုယ်က ခိုင်းတတ်ရင်တော့ ဝန်ထမ်းကောင်းပါပဲ။ သူ့ကိုဆရာတင်မယ်ဆိုရင်တော့ အလွန်ဆိုးတဲ့ ဆရာဖြစ်တယ်။ သူဟာ လူတွေကို အမျိုးမျိုးသောရာဇဝတ်တွေကျူးလွန်ခိုင်းတော့တာပါပဲ။ ရာဇဝတ်မှုတွေရဲ့ နောက်မှာ တော့ ထောင်တွေ၊ အပြစ်ဒါဏ်တွေ လိုက်ပါလာကြတာပါပဲ။ လူသားအားလုံး ရေရှည် စိတ်ချမ်းချမ်းသာသာနဲ့ တည်ငြိမ်မှုကိုပေးနိုင်တာက ဝင်ငွေသာလျှင်ဖြစ်ပါတယ်။

 

၃။         ချမ်းသာခြင်း (Rich) နဲ့ ပိုမိုကောင်းမွန်သောဘဝ (Better life) ဆိုတာ မတူပါဘူး။ ချမ်းသာခြင်းဆိုတာက လိုအပ်တာထက်ပိုရှိနေခြင်းမျိုးကို ခေါ်ပါတယ်။ ဥပမာ လူတစ်ဦးဟာ သူနေထိုင်ဖို့အိမ်တစ်လုံးလိုမယ်။ ဒါပေမဲ့သူ့မှာက အိမ်အလုံးပေါင်းများစွာရှိနေမယ်ဆိုရင် သူဟာချမ်းသာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ငွေကြေးဆိုရင်လည်း ဒီအတိုင်းပါပဲ သူ့မှာ လိုအပ်တာထက်အများကြီးပိုရှိနေတယ်ဆိုရင် ချမ်းသာခြင်းလို့ခေါ်ပါတယ်။ လူသားတွေဟာ ချမ်းသာလိုကြတယ်။ ဘဝမှာ ပြည့်ပြည့်စုံစုံနဲ့ သူတစ်ပါးတွေလေးစားမှုကို လိုလားလေ့ရှိကြတယ်။ ဒါကြောင့် မချမ်းသာသေးတဲ့လူတွေဟာ တစ်နေရာမှာ ရွှေထွက်တယ်လို့ကြားတာနဲ့ အားလုံးအပြေးအလွှား တူးဆွကြတော့တာပါပဲ။ အဲဒါကို (Gold rush) လို့ခေါ်ပါတယ်။ ဒီလိုချမ်းသာချင်ပေမဲ့ တကယ်ချမ်းသာလာသူကတော့ အလွန်နည်းပါတယ်။ ချမ်းသာမှုနောက်ကို လိုက်ရင်းနဲ့ ဘဝပျက်သွားသူတွေ ဒုနဲ့ဒေးပါပဲ။ တကယ်တမ်းအားဖြင့် ချမ်းသာမှုကို လူသားတွေ မလုပ်ဆောင်နို်င်ပါဘူး။

၄။         လူသားတွေ ကိုယ်တိုင်ကို်ယ်ကျ လုပ်ဆောင်နိုင်တာက ပိုမိုကောင်းမွန်တဲ့ဘဝ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ဘဝ ဆိုတာက လိုတာထက်ပိုလျှံနေတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အိမ်က ယိုင်နဲ့နဲ့ တဲစုတ်လေးဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကို ပိုကောင်းလာအောင် လုပ်လိုတဲ့ ဆန္ဒရှိရမယ်။ ယိုင်နေရင်ပြန်တည့်မယ်။ ဆေးတွေကွာနေရင်ဆေးသုတ်မယ်။ ညစ်ပတ်နေရင်သန့်ရှင်းမယ်။ ဒီလို တစ်နေ့ပြီးတစ်နေ့ ပိုကောင်းလာလိုတဲ့ဆန္ဒဟာ လူသားတွေကို ကောင်းမွန်တဲ့ဘက် ကိုပြောင်းသွားစေတယ်။ ကမ္ဘာကျော် နယ်သာလန်နို်င်ငံမှ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Phillips မှာ ဆောင်ပုဒ်တစ်ခုရှိပါတယ်။ ဒီဆောင်ပုဒ်က Let’s make things better ဖြစ်ပါတယ်။ သူ့ရဲ့ ပစ္စည်းတွေကို ကောင်းသထက် ကောင်းအောင်လုပ်နေမယ်ဆိုတဲ့ စိတ်ဓါတ်ဖြစ်တယ်။ ဒီစိတ်ဓါတ်ကြောင့် သူတို့ဟာကမ္ဘာကျော်ခဲ့တယ်။ ဒါကြောင့် ဒီဘဝတော့ ဒီမျှ ပါပဲ၊ တော်ပါပြီ အစရှိသည်ဖြင့် ပြောနေသူတွေအားလုံးဟာ လူပျင်းများဖြစ်ပါတယ်။ တကယ်တမ်း လူသားတွေထားရမဲ့ စိတ်ဓါတ်က ဒီနေ့ဟာ မနေ့ကထက်ပိုကောင်းလာရမယ်။ မနက်ဖန်ဟာ ဒီနေ့ထက်ပိုကောင်းလာရမယ် လို့ ခိုင်ခိုင်မာမာယုံကြည်မှဖြစ်ပါမယ်။

 

၅။         ကိုယ့်မှာ ဝင်ငွေအလုံအလောက်ရလာပြီဆိုရင် စုဆောင်းကြရမှာဖြစ်တယ်။ စုဆောင်းလို့ ကိုယ်ပိုင်ဖြစ်လာပြီဆိုရင် တိုးပွားအောင်ရင်းနှီးမြုပ်နှံကြရမှာဖြစ်ပါတယ်။ လူ့ဘဝရဲ့နောက်ဆုံးထွက်သက်အထိ ဒီလိုပဲလုပ်ဆောင်သွားကြရမှာဖြစ်တယ်။ ဒီလိုလုပ်ဆောင်ဖို့ ပျက်ကွက်သူတွေဟာ လူ့ဘဝထဲက ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားရဖို့ မဖြစ်နိုင်ပါဘူး။ လူသားတွေဟာ မွေးဖွားလာချိန်မှာ မွေးဖွားလာသူက ငိုကြွေးပြီးတော့ နံဘေးမှ မိသားစုဝင်များအားလုံး ရယ်မောကြိုဆိုကြပါတယ်။ သေဆုံးလို့ပြန်လည်ထွက်ခွာရင်တော့ သေဆုံးသူက ရယ်မောနိုင်ပြီး ကျန်ရစ်သူများက ဝမ်းနဲပူဆွေးမှ ပိုကောင်းပါတယ်။

3 comments

  • manawphyulay

    April 27, 2011 at 3:32 am

    ဟုတ်ကဲ့ပါ။ ယခု ဝင်ငွေရအောင် လုပ်နေပြီး ပိုမိုကောင်းမွန်သောဘဝကို ရောက်ရှိအောင် သွားနေပါတယ်ရှင်။

  • asiamasters

    April 27, 2011 at 6:35 am

    ပျော်ရွှင်၊ ချမ်းမြေ့ပါစေ။

  • bigchef

    March 11, 2012 at 9:30 am

    ခုလိုတန်ဖိုးရှိတဲ့စာမျိုးဖတ်ရတာ ကျေးဇူးတင်ပါတယ်

Leave a Reply