တို့တိုင်းပြည် (Our Country)

CharTooLanApril 29, 20111min2739

တို့တိုင်းပြည်
ထလော့မြန်မာ၊ အို မြန်မာတို့
တို့ရွာ တို့ပြည်၊ တို့ရွာမြေဝယ်
စေတီ စပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့ပြည်၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ။ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့ မြန်မာ၊ မြန်မာ ထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။
“ဆရာဇော်ဂျီ”

(ယာစကာ = သူတောင်းစား)
ဒီကဗျာကြီးက အရမ်းအဓိပ္ပာယ်ရှိတယ် ၁၉၃၅ ခုနှစ် လွတ်လပ်ရေးမရခင် ၁၃နှစ်မှာ ဆရာဇော်ဂျီက ချွတ်ခြုံကျနေတဲ့ မြန်မာပြည်က အိပ်ပျော်နေတဲ့ မြန်မာတွေကိုနိုးကြားစေဖို့ရေးသားခဲ့တယ်လို့သိရပါတယ်။ အချိန်တွေကြာလာပေမယ့်လည်း ….. မြန်မာတွေ လွတ်လပ်ရေးရပီးယုံမျှမက … ဆယ်စုနှစ်များစွာဖြတ်သန်းခဲ့ပီး ယခုအချိန်ထိတိုင်အောင် ဒီကဗျာကြီးက အဓိပ္ပာယ်တွေ တန်ဖိုးတွေ ရှိနေတုန်းပဲလို့ ထင်မိပါတော့တယ်…..။

မသိသေးတဲ့သူတွေရော……… သိပီးသားသူတွေပါ ခံစားနိုင်ကြပါစေ…………..

9 comments

  • good

    April 29, 2011 at 10:25 am

    ကျေးဇူးတင် ပါသည်။ ဆရာဇော်ဂျီ ရေးသားသော ကဗျာ များ တပေါင်းတစု တည်း ဖတ်၍ ရသော link ရှိပါက ညွှန်ပြပေးစေလိုပါသည်။

    Thanks again.

  • paukpauk

    April 29, 2011 at 12:29 pm

    မှန်လိုက်တာ ချာတူးလန်ရာ။
    နာမည်နဲ့မလိုက်အောင်ကို တော်တာပါပဲလား။
    🙂

  • weiwei

    April 29, 2011 at 3:17 pm

    ဆရာချစ်ဦးညိုရဲ့ စာပေဟောပြောပွဲတစ်ခုမှာ အဲဒီကဗျာကို ဟောပြောထားတာ အရမ်းနားထောင်လို့ကောင်းပါတယ် …
    ၂၀၀၉ စင်ကာပူ စာပေဟောပြောပွဲမှာ …

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 29, 2011 at 4:09 pm

    နှိုးတဲ့သူကတော့
    နှိုးပြီးသွားပြီ
    ထတဲ့သူတွေကလည်း
    ထတော့ထတယ် ငူတူတူနဲ့
    ချမ်းတယ်ဆိုပြီးပြန်ကွေးကြတယ်
    ဒီလိုမှန်းသိရင် ကိုယ်လဲအစကတည်းက
    သေနတ်ထမ်းတားတဲ့ပုံလေး ယူအန်ကိုပြပြီး
    အမေရိကကိုဒိုးရင်အခုလောက်ဆို
    ဟိုမှာရှိတဲ့နေရာတွေကို ဓာတ်ပုံတွေလိုက်ရိုက်ပြီး
    အင်တာနက်ထဲမှာလိုက်ဖောလ်လိုက်ရ လူတွေတော်တော်အထင်ကြီးနေလောက်ပြီ
    ခုတော့ ဘယ်နေ့ခေါင်းပေါ် 75မမ ကျမလဲ
    ဆိုင်ရာပိုင်ရာတွေကို ပသနေလိုက်ရတာ
    (ဇာတ်ပွဲမှ နောက်ပိုင်းမင်းသားလေသံဖြင့်) အောင်မယ်လေးးးးးးးးးးးးးးးးးဖြစ်ချက်ကဆိုး

  • kopauk mandalay

    April 29, 2011 at 4:26 pm

    ချာတန်လူးရေ
    ဒီတစ်ခါတော့ ကိုပေါက် က မင်းအပေါ်မှာ တာဝန်မကျေခဲ့ဘူးကွာ။

  • kai

    April 29, 2011 at 7:13 pm

    The end justifies the means – အဆုံးသတ်ဟာ ..အဆုံးအဖြတ်ရဲ့ နိဒါန်း…။
    ဘယ်နှနှစ် အဆုံးအဖြတ်စောင့်ကြရမလဲ..။
    ၁ဝနှစ်လား..။ အနှစ်၂ဝလား..။ တဘဝစာလား..။
    မျိုးဆက်၂ခုလား..။
    အနှစ်၅၀ဝလား..။
    အနှစ် ၁၀၀ဝ လား…။

    ဆိုတော့..
    ..
    ဆရာဇော်ဂျီစကား..မမိကြပါဘူး..

    စေတီ စပါး၊ များလည်းများ၏
    များပါလေလဲ၊ တမွဲမွဲနှင့်
    …… တဲ့..။

    ==============================================
    ဘာသာရေး လွတ်လပ်ခွင့် မရှိဆုံးနိုင်ငံထဲ မြန်မာနိုင်ငံ ပါဝင်

    By ဦးစံမိုးဝေ ကြာသပတေး, 28 ဧပြီ 2011

    မြန်မာနိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် အပိတ်ပင်ဆုံးနဲ့ အစိုးရိမ်ရဆုံး နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ ၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ရေးသား ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက ဘာသာရေး လွတ်လပ်ခွင့် အခြေအနေတွေကို ဦးစံမိုးဝေက တင်ပြပေးထားပါတယ်။

    ဘာသာရေး လွတ်လပ်ခွင့် ပိတ်ပင်မှု အဆိုးဆုံးနဲ့ အစိုးရိမ်ရဆုံး နိုင်ငံတွေအဖြစ် နိုင်ငံပေါင်း ၁၄ နိုင်ငံ သတ်မှတ်ထားတာဖြစ်ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံဟာ တနိုင်ငံ အပါအဝင် ဖြစ်ပါတယ်။ မကြာခင်ကပဲ အရပ်သား အစိုးရနဲ့ အာဏာ အလွှဲအပြောင်း လုပ်ခဲ့တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့ အဖွဲ့ဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူ့အခွင့်အရေး ဖောက်ဖျက်တဲ့ အစိုးရ ဆိုပြီးတော့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် အဖွဲ့ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

    ဘာသာရေး ခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ မတော်တလျော် ဆက်ဆံတာ၊ ဖိနှိပ်တာ မျိုးစုံကို စုံစမ်း တွေ့ရှိထားတယ်လို့လည်း ရေးသားထားပါတယ်။ သာသနာ့ဥသျှောင်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်ရဲ့ ပြည်တွင်းရေးရာ တာဝန်ခံ ဆရာတော် ဦးပညာနန္ဒကတော့ တရားဟောမယ် ဆိုရင် ခွင့်ပြုချက် ယူနေရတဲ့ တိုင်းပြည်လောက် ဆိုးရွားတာ ဘာရှိအုံးမလဲလို့ ဗွီအိုအေကို အခုလို မိန့်ကြားပါတယ်။

    “အခု မြန်မာပြည်မှာ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ တကယ့် အဆိုးဆုံး အခြေအနေကို ရောက်နေတယ်။ ဥပမာ လက်ရှိ တရားပွဲတွေ ဘာတွေ လုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် မရရင် ဘာမှ လုပ်လို့မရဘူး။ တရားပွဲ လုပ်ချင်တယ် ဆိုရင်တောင် ရိုးရိုးသားသား သူတို့ပြောတဲ့ အင်္ဂါတွေ ပြည့်စုံတယ်၊ စာရွက်စာတမ်းတွေ ပြည့်စုံတယ် ဆိုရင်တောင်မှ ဟောမယ့် တရားကို ကြိုတင်ပြီး အစိုးရဆီကို တင်ရတယ်။ ခွင့်ပြုချက်ရမှ တင်ရတာ။ အဲဒီတော့ ဒီလို ဘုရား တရားတွေ ဟောတာတောင်မှ လွတ်လွတ်လပ်လပ် ဟောခွင့်မရှိဘူး၊ မှန်တာတွေကို ပြောခွင့်မရှိဘူး ဆိုတော့ ဒီဟာတွေက မြန်မာပြည်မှာ တော်တော်ဆိုးတဲ့ အခြေအနေကို ရောက်နေတာပေါ့။

    “လွတ်လပ်မှုတွေ ပျောက်ဆုံးပြီးတော့ နည်းမျိုးစုံနဲ့ ဘုန်းကြီးတွေကို နှိပ်ကွပ်နေတာ၊ ဘာသာရေးသမားတွေကို နှိပ်ကွပ်နေတာ။ ဒါ ဗုဒ္ဓဘာသာတင်လားဆိုတော့ မဟုတ်ဘူးနော်၊ မြန်မာပြည်မှာရှိတဲ့ ခရစ်ယာန်ရော၊ အစ္စလာမ်ရော ထိုနည်းလည်းကောင်းပဲ၊ အကုန်လုံး၊ ဘာသာရေးတွေ အကုန်လုံးကို ဖိနှိပ်နေတာ။”

    ဗုဒ္ဓဘာသာတွေတင် မဟုတ်ပါဘူး၊ အစ္စလာမ် ဘာသာဝင်တွေမှာလည်း နေရာတိုင်းမှာ ခွဲခြားဆက်ဆံ ခံနေရတာဟာ ဆယ်စုနှစ်နဲ့ ချီနေပါပြီလို့ ပြောလာသူကတော့ မြန်မာ မူဆလင် အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်တင်ပါ။

    “မြန်မာပြည်မှာကတော့ ဘာသာပေါင်းစုံ ဖိနှိပ်ခံနေရတာပဲဗျ။ ဒါပေမဲ့ အဲဒီအထဲမှာ အဖိနှိပ်ခံရဆုံးကတော့ အစ္စလာမ်ဘာသာပဲဗျ။ ကမ္ဘာကို သူတို့ပြောတဲ့ အခါကျတော့ ဆူးလေဘုရားကြီး ဘေးနားမှာ ဗလီကျောင်းကြီး ရှိပါတယ် ဆိုတာမျိုးတော့ သူတို့ လက်ညှိုးထိုးပြတာပေါ့ဗျာ။ တကယ်တမ်းကျတော့ အစ္စလာမ် ဘာသာဝင်တွေဟာ အစ္စလာမ် ဘာသာကို ကိုးကွယ်လို့ ဆိုပြီးတော့ နိုင်ငံသားအဖြစ် အသိအမှတ် မပြုတာတို့၊ အလုပ်ခွင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ တရားရုံးတွေမှာ ခွဲခြား နှိမ့်ချခံရတာတွေကတော့ နိစ္စဓူဝ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင် အဆက်ဆက်မှာ ခံစားနေရတာပဲဗျ။”

    ဘာသာရေး လွတ်လပ်ခွင့် အဖိနှိပ်ဆုံးလို့ သတ်မှတ်ခံရတဲ့ တခြားနိုင်ငံတွေကတော့ တရုတ်၊ အီရစ်တီးယား၊ အီရန်၊ အီရတ်၊ နိုင်ဂျီးရီးယား၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်နဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပါတယ်။

    မြန်မာအစိုးရရဲ့ ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေ အပေါ်မှာ ဖိနှိပ်ခွဲခြား ဆက်ဆံမှုတွေကိုလည်း ထုတ်ပြန်ကြေညာချက်မှာ ရေးသားထားပါတယ်။

    နယ်စပ်ဒေသ တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ဘာသာရေး ဖိနှိပ်မှုတွေကိုတော့ ချင်းအမျိုးသား ခရစ်ယာန် သင်းအုပ်ဆရာတဦး ဖြစ်တဲ့ ဂျွန်ဘူဟီးနားက အခုလို ရှင်းပြပါတယ်။

    “ကျနော်တို့ တိုင်းရင်းသားလူမျိုး နယ်မြေဒေသမှာဆိုရင် ဗမာစစ်အစိုးရက အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း ခံနေရတယ်။ အထူးသဖြင့် သင်းအုပ်ဆရာများ၊ ဘာသာရေး ဆရာများကို ဖမ်းဆီးပြီး ထောင်ချခြင်း၊ ဘုရားကျောင်းကို မီးရှို့ခြင်း၊ ခရစ်ယာန် ဘုရားကျောင်းတွေကို သော့ခတ်ခြင်း၊ လက်ဝါးကပ်တိုင်ကို ဖြိုချခြင်း၊ လွတ်လွတ်လပ်လပ် ဘာသာရေး ကိုးကွယ်ခြင်းကို မရဘူး၊ တိုင်းရင်းသား နယ်မြေဒေသတွေမှာ။”

    သင်းအုပ်ဆရာ ဂျွန်ဘူဟီးနားက ချင်းပြည်နယ် မတူပီမှာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ အခုတော့ အမေရိကန် ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ်ကို ရွှေ့ပြောင်း ရောက်ရှိနေသူပါ။

    မြန်မာနိုင်ငံဟာ ၁၉၉၉ ခုနှစ်ကတည်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဘာသာရေး ချိုးဖောက်မှုအတွက် အစိုးရိမ်ရဆုံး နိုင်ငံစာရင်းမှာ ထည့်သွင်းထားခြင်း ခံထားရတာ ဖြစ်ပါတယ်။

    အစီရင်ခံစာမှာ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတွေကိုလည်း ဘာသာရေး လွတ်လပ်မှု ပိတ်ပင်မှုအတွက် စောင့်ကြည့်ရမယ့် နိုင်ငံတွေ စာရင်းမှာ ထည့်သွင်းထားပါတယ်။

    အခု အစီရင်ခံစာကို ထုတ်ပြန်တဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ဟာ အစိုးရရဲ့ အဓိက ပါတီကြီး ၂ ရပ်က ပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
    http://www.voanews.com/burmese/news/us-burma-religious-freedom-us-120923329.html

    http://www.state.gov/g/drl/rls/irf/2010/index.htm
    http://www.uscirf.gov/index.php?option=com_content&task=view&id=2260

  • bigcat

    April 30, 2011 at 12:08 am

    စစ်ဗိုလ်ချုပ်သားသမီးတွေကတော့ ထသလားမမေးနဲ့ နိုက်ကလပ်မှာညတိုင်းခုန်လို့ပေါက်လို။ ပြည်သူတွေလည်းထပါတယ်၊ ထိုင်စရာ ခုံမရှိလို့…..

  • I am koshan.I like MG

    April 30, 2011 at 7:15 am

    လူသေသွါးပေမယ့် သူကဗျာတွေက ရှင်သန်နေတုန်းပဲ

    ဲသူများတွေလို သေနတ် ဝရင်းတုတ် မကိုင်ပဲ ကလောင်လက်နက် ကိုင်ပြီတိုင်းပြည်အတွက် တိုက်ခဲ ့တဲ
    သူရဲကောင်း ကြီးပါ။

    သူ ့ ကဗျာတွေကတော ့ အခုထိတိုက်တုန်းပဲ………….ဘယ်ချိန်ထိ တိုက်ရအုံးမလဲဆိုတော

    ့….မသိတော ့ဘူး။

    ဒီ ကဗျာ အနားယူမဲနေ ့ ကိုမျော်လင် ့ မိပါတယ်။

  • char too lan

    May 2, 2011 at 4:27 am

    ဟုတ်တယ် မဝေရေ…… ကျနော်လဲ အဲ့ဒီစာပေဟောပြောပွဲမှာ ကြားပီးကတည်းက ဒီကဗျာကို ခရေဇီဖြစ်သွားတာ (စေတီစပါးများလည်းများ၏ များပါလေလည်း တမွဲမွဲနှင့်..) အဲ့ဒီနေရာက တော်တော်ထိတယ် ဆရာချစ်ဦးညိုပြောခဲ့တာတွေကလဲ အရမ်းကောင်းနေတော့ တစ်ခါတည်း သံမှိုရိုက်ခံလိုက်ရသလိုပါပဲ…………..
    ဆရာဇော်ဂျီ ကဗျာတွေ စုစည်းထားတဲ့လင့် ကျနော်လည်းမသိပါဘူး သိရတာနဲ့အကြောင်းကြားပေးပါ့မယ် ဒီဆိုက်ထဲမှာ လိုက်ရှာရင်တောင် ဆရာဇော်ဂျီကဗျာတွေရှိအုံးမှာ လေးပေါက်ရေးတဲ့ ပိုစ့်မှာလဲ ပါဖူးတယ်ထင်တယ်။

    *သင်သေသွားသော်*
    ဪ….လူ့ပြည်လောက
    လူ့ဘဝကား
    အိုရနာရသေရဦးမည်
    မှန်ပေသည်တည်း။
    သို့တပြီးကား…..
    သင်သေသွားသော်
    သင်ဖွားသောမြေ၊
    သင်တို့မြေသည်၊
    အခြေတိုးမြင့်၊
    ကျန်ကောင်းသင့်၏။
    သင်၏မျိုးသား၊
    စာစကားလည်း၊
    ကြီးပွားတိုးမြင့်
    ကျန်ကောင်းသင့်၏။
    သင်ဦးချ၍ အမျှဝေရာ
    စေတီသာနှင့်၊
    သစ္စာအရောင်
    ဉာဏ်တန်ဆောင်လည်း
    ပြောင်းလျက်ဝင်းလျက်
    ကျန်စေသတည်း။
    (ဆရာဇော်ဂျီ)

Leave a Reply