ယောင်ဝါးပြီး သူများကို ဒုက္ခပေးကာ စီးပွားမရှာချင်ကြပါနှင့်

etoneMay 7, 20111min40023


MG ရဲ ့HIV/AIDS ကုပေးသော ဆရာတော်နှင့် တွေ့ဆုံခြင်း ပို့စ်ကို ဖတ်လိုက်ရပါတယ်… ။ကော့မန့်ရေးစဉ်ကတည်းက မဖြစ်နိုင်ဘူးလို့ ယူဆခဲ့တာမို့ အနည်းငယ်မျှ ဆွေးနွေးလိုပါတယ်…။ အမှန်တိုင်းပြောရလျှင် HIV/ AIDS ပျောက်အောင် ကုနိုင်တယ်ဆိုတာ လုံးဝမယုံပါဘူး ။ ကျော်အောင် ညာတာပဲဖြစ်ပါလိမ့်မယ် … အနောက်တိုင်းဆေးတွေမှာတောင် လုံလောက်အောင် ဈေးကွက်ထဲ ချမပြနိုင်သေးဘူး ။ ကျမတွေ့ဖူးပါတယ်… လို့ရေးခဲ့ဖူးပါတယ်…။ …
ကြုံခဲ့ဖူးပါတယ် ညနေခင်းတစ်ခုမှာပေါ့ …… ကျမတို့ ဆေးခန်းကို သားအမိနှစ်ယောက် ထိုးဆေးပုလင်းဗူးလေးကိုင်ပြီး ရောက်လာတယ်… တောင်ကြည့် မြောက်ကြည့်နဲ့ … ပထမဆုံး စကားပြောတဲ့စကားက ဆေးထိုးပေးလားတဲ့… ။ ဆေးခန်းလာပြီး ဆေးထိုးပေးလားမေးတော့ ကျမက ဆေးခန်းက ဆေးကု၊ ဆေးမထိုးလို့ အလှပြဖို့ ဖွင့်ထားတာလားလို့ … ဘုတောပြီး ပြန်ပြောမိပါသေးတယ်… နောက်မှ အဲ့ဒီသားမိနှစ်ယောက်က ကြောက်ကြောက်လန့်လန့်နဲ့ ဆေးပုလင်း အဆီလေးကို ထုတ်ပြပြီး ဒါထိုးပေးပါတဲ့ … ကျမဒေါသတွေ အထွတ်ထိပ်ရောက်သွားတယ်… ဆေးခန်းမှာ အပြင်ဆေးယူလာပြီး စမ်းသပ်စစ်ဆေးမှူမပြုခင်ပဲ .. ဒါထိုးပေးပါပြောတာ … ကိုယ့်ဆေးခန်းပေါ် စော်ကားလွန်းရာ ကျနေပြီဆိုပြီး ရန်တွေ့မိတာပေါ့… ။ဒါမျိုး ပေးပြီး ထိုးလို့ရတဲ့ ဆေးခန်းသွားရှာလိုက် ဒီမှာတော့ ဘာမှန်းမသိတဲ့ ဆေးမထိုးပေးဘူး ။nurse တို့ အပ်ပုန်းတို့က ဖွင့်တဲ့ ဆေးခန်းဆိုလျှင် ပိုက်ဆံလိုချင်လို့ ထိုးပေးလိမ့်မယ် …ဒီမှာက ဆမရပြီးသား လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်ဆေးကုတဲ့ ဆေးခန်းဆိုပြီး တောင်စဉ်ရေမရ ကရားက ရေလွှတ်သလို ရန်တွေ့မိပါရော… ။ ကျမတို့နားမှာ အပ်ပုန်းတွေ အများကြီး ရှိပါတယ်… အပ်ပုန်းဆိုတာက … ဆရာဝန်မဟုတ်ပဲ သူနာပြုအကူ၊ အရပ်ဆေးမှူး ၊ ဆေးရုံမှာ ဆေးရောင်းတဲ့လူတွေကို ဆိုလိုတာပါ … အမြင်နဲ့ အပ်ကိုင်တက်ပြီး ဘယ်နေရာကို ထိုးရမလဲ စမ်းတဝါးဝါးဖြစ်နေသူတွေပါ… ဈေးကို ရလျှင် ရသလို အမြတ်ထုတ်ပြီး အကုသိုလ်လုပ်ငန်းဖြစ်တဲ့ ကိုယ်ဝန်ပျက်ချခြင်းလုပ်ငန်းမျိုးကို လက်မရွံ့ပဲ လုပ်ကိုင်နေသူတွေပေါ့ … ။ သူတို့ကလည်း ဒေါက်တာ ဘယ်သူဆိုပြီး ဆေးခန်းဖွင့်ထားကြပါတယ်…ဆမတော့ မရှိပေမဲ့ အသိပညာ ဗဟုသုတ ချို့တဲ့တဲ့ လူတွေကို ဂွင်ရိုက်ပြီး ညာစားတာပါ .. ။ ကျမတို့ ဆေးခန်း ဖွင့်ရာနေရာကတော့ အခြေခံလူတန်းစား၊ လက်လုပ် လက်စားတွေ အများစုနေတဲ့ နေရာတစ်ခုမှာပါ … ရည်ရွယ်တာကတော့ အဲ့ဒီနားမှာ ဖွင့်တဲ့ ဆေးခန်း အများစုက တရားဝင် ဆေးကုသခွင့် မရပဲ မျက်စိအမြင်၊ ဆေးဝါး ကျွမ်းကျင်မှူ သင်တန်း ၊ သူနာပြုအကူ သင်တန်းတွေတက်ပြီး ဆေးခန်းဖွင့်ထားတာမို့ မကြာခဏဆိုသလို ကုသမှုမှာ ပြသနာရှိပါတယ်… အနာနဲ့ ဆေး တလွဲဖြစ်ခဲ့တာလည်း များပါတယ်… အခြေခံလူတန်းစားတွေမို့ ကုသမှု မှာ းယွင်းခဲ့တောင် complain တတ်ရကောင်းမှန်းမသိကြတာမို့ တကယ့်ကို ရင်နာစရာကောင်းလှပါတယ်… ။ဒီလို အခြေနေတွေ ကြားမြင်နေရတဲ့ အတွက် တော်တော်လေး ချောင် ကျတဲ့ အခြေခံလူတန်းစားနေတဲ့ ဆင်းရဲသားရပ်ကွက်မှာ သက်သာဆုံး နှုန်းနဲ့ ဆေးခန်းဖွင့်ဖို့ ရွေးချယ်မိတာပါပဲ … ။ ဈေးနှုန်းကိုလည်း ဆေးဖိုးသာသာလောက်ပဲ ယူထားတာပါ … ။သူက ဆေးရုံကြီးအပြင် … အ ချိန်ပိုင်း အလုပ် အဖြစ် ၊စက်ရုံတစ်ခုမှာ part time MO အဖြစ်နဲ့ တပတ်ကို နှစ်ရက် ၊ တစ်ရက်ကို နှစ်နာရီ … စုစုပေါင်း တပတ်လျှင် လေးနာရီမျှသာ အခြေခံလူတန်းစား ၊ အလုပ်သမားတွေကို ဆေးကုသခွင့်ရတာပါ … ။ ရတဲ့ အချိန်လေး ခဏမှာပဲ နားနဲ့ မဆံ့တဲ့ ပြသနာပေါင်း သောင်းခြောက်ထားကြားရတော့ … ဇစ်မြစ်ကို စုံစမ်းပြန်တော့ … အချိန်ပိုင်း တပတ်နှစ်ရက်လာရတဲ့ ဆရာဝန်ကို နေမကောင်းတဲ့ လူနာတွေ စောင့်ရင်း … တချို့လည်း မစောင့်နိုင်လို့ အခပေးပြီး အပြင်ဆေးခန်းဆိုတာတွေမှာ ကုသမှ ခံယူကြတယ်… ပြသနာက အဲ့ဒီမှာ စတာပါ …. ဘာရောဂါဖြစ်လို့ ဘယ်ဆေးပေးလိုက်တာ ဘယ်လိုဖြစ်သွားတယ်ဆိုတာမျိုး သူတို့ ပြန်ပြောကြတော့ …စိတ်မကေင်းဖြစ်မိပါတယ်… ။ သို့သော်လည်း …စက်ရုံရဲ့ စည်းမျဉ်း အရ … သတ်မှတ်ထားတဲ့ အတိုင်း တပတ်လျှင် လေးနာရီသာ ဆေးကုပေးရပါတယ်… ။ဒါကြောင့်လည်း စက်ရုံတာဝန်ချိန်ပြင်ပမှာ ဆေးကုသနိုင်ရန် စီစဉ်ပေးထားတာပါ .. ။
ဆက်ပါဦးမယ် … ကျမရန်တွေ့သံကြားလို့ ဘဲက ထွက်လာပြီး လူနာကို အေးဆေး စကားပြော ရှင်းပြပါတယ်… ။ မြန်မာဆေးဆရာက ပေးတာပါတဲ့… မြောက်ဥက္ကလာဘက်က ဘုန်းကြီးဝတ်နဲ့ ဆေးကုတာတဲ့… ဆေးအညွှန်းတောင် ပါသေးတယ်… အရေပြားအောက်မှာ အဆီရှိတယ်… အဆီအောက်က အသားထိ အပ်ကို ထိုးထည့်ပါဆိုတာတောင်ပါသေးတယ်… ။ ဖျားလျှင် ရေပတ် နှစ်ကြိမ်တိုက်ပါ … နှစ်ရာရီ တစ်ခါ ရေတစ်ပုလင်းသောက်ပါ … ၊ ဆေးထိုးတဲ့ ဒဏ်ရာကို ရေခဲနဲ့ ခြေပါ .. စသည်ဖြင့် … ရေးထားတယ် … ။ သောက်ဆေးညွှန်းတာကို မပြောလိုပေမဲ့ ဒီလိုထိုးဆေးတွေ ဖြန့်ဖြူးတာ မလုပ်သင့်မလုပ်အပ်ပါဘူး … ။ နားမလည်တဲ့လူက အ ိမ်မှာ ဆေးထိုးအပ်နဲ့ ထိုးမယ်၊ အန္တာရယ်ရှိတဲ့နေရာ ထိုးမယ် ဆိုလျှင် အသက်သေတဲ့အထိ ဖြစ်ရမှာပါ … ။ မေးကြည့်တော့မှ သူတို့လည်း တခါမှ မထိုးခဲ့ဖူးပါဘူးတဲ့ ဆေးထိုး ဆေးသောက်လုပ်နေရာက ရောဂါပြင်းထန်လျှင် ဆေးထိုးဆိုပြီး လွန်ခဲ့တဲ့ ၂နှစ်နောက်ကတည်းက အဲ့ဒီ ဆေးဆရာ ပေးထားတာပါတဲ့… ။ ဆေးပုလင်းမှာ ဘာထည့်ထားမှန်းမသိအောင်ပဲ ရိုးရှင်းလွန်းပါတယ်… ။ ကျမ ဆေးဆရာနာမည်နဲ့ လိပ်စာမေးတော့ မဖြေနိုင်လို့ ဆက်စုံစမ်းလို့ မရတော့တာပါ… ။ တကယ်တမ်း အဲ့ဒီကောင်လေးဖြစ်တာက သာမန် အစာအ ိမ်ယောင်တာပါ … ။ အခြေခံလူတန်းစားမှတ်လား … အလုပ်ကို သတ်သတ်မှတ်မှတ်မရှိတော့. အစာစားချိန်မမှန်တာကြောင့် ၊ စားတဲ့ အစာနဲ့ လက် မသန့်ရှင်းတာတွေကြောင့် … အစာအိမ်ခဏခဏယောင်တာပါ …ဒါကို မသိပဲ အစာပျော့မစားပဲ ကောက်ညှင်းလိုဟာမျိုး အမာစာတွေထပ်စားမယ်ဆိုလျှင် အစာအိမ်နဲ့ ဆက်စပ်နေတဲ့ အူလမ်းကြောင်းတွေထိပါ ယောင်လာပြီး နောက်ဆုံး ဘယ်နေရာထိထိ နာနေတော့တာပါ… ။ အဲ့ဒီလိုဖြစ်နေခဲ့တာ လေးနှစ်ကျော်ပါပြီတဲ့… မှတ်မှတ်ရရ … ဆေးခန်းကို အကြိမ်အများဆုံးလာခဲ့သူပါ… ။ နောက်ပိုင်း ဆေးခန်းမှာ ဗဟုသုတဖြစ်စေမယ့် စာမျိုး လက်ကမ်းစာစောင်မျိုးလေးတွေ ချပေးထားတော့ လူစောင့်ရင်း ဖတ်နိုင်စေပါတယ်… ။
နောက်တစ်ခါ ကြုံတာကတော့ အစာအိမ်ကင်ဆာသမားတယောက်ကို ညာပြီး ဆေးပြားလေးတွေ ကပ်ပေးလိုက်တဲ့ မြန်မာဆေးစရာအကြောင်းပါပဲ… ။ အသေးစိတ်ကို ပို့စ်အနေနဲ့ တင်ဖို့ စဉ်းစားထားပါတယ် …. သူညာစားတဲ့ ဒဏ်နဲ့ စိတ်ထောင်းကိုယ်ကြေ အိပ်ယာထဲလဲပြီး ရောဂါရဲ့ ဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရရှာပါတယ်… ။ သေမဲ့နေ့ကို ထိုင်စောင့်ရင်းနဲ့ပေါ့… ။
အနာပေါက်မြန်မာဆရာတယောက် ကြောင်း အကျဉ်းလေး ပြောချင်ပါတယ်… ။ကျမတို့ ဘကြီးခေါင်းမှာ အနာပေါက်လို့ အနောက်တိုင်းဆေး မသုံးစွဲဘူးလို့ ဘုကလန့်လုပ်နေတဲ့ ဘကြီးအတွက် မြန်မာအနာပေါက်ဆရာ ခေါ်ပေးလိုက်ရတာ နားညီး သက်သာတယ်ဆိုတဲ့ စိတ်နဲ့ အနာပေါက် ဆရာတယောက်ကို အိမ်ပင့်ပေးပါတယ်… ပထမတစ်ရက်က အနာကို အဖန်ရေဆေးပြီး သူ့မှာပါလာတဲ့ ဆေးမည်းမည်းကြီး မံပြီး ပတ်တီးနဲ့ အုပ်ထားပါတယ်…နောက်နေ့ကျတော့… အနာကို သူ့မှာပါလာတဲ့ ဓါးတိုလေးနဲ့ ခွဲပါတယ်… ။ ဓါးကို သိမ်းဆည်းပုံကို ကျမသဘောမကျပါဘူး …ကွန်ပါဗူးလိုဟာမျိုးနဲ့ ဘာအကာကွယ်မှ မပါပဲ ထည့်ယူလာတာပါ… ။ ခွဲစိပ်ခန်းသုံးဓါးဆိုလျှင်တောင် ခဲပတ်လေး ပတ်ထားပါတယ်…။ သူ့ဓါးက တခါသုံးဓါး ဟုတ်မဟုတ် ဘယ်လို သိနိုင်ပါ့မလဲနော်… ကျမလည်း မေးပါတယ်.. ဓါးဝယ်ပေးရမလား ၊ တခါသုံး ပစ္စည်းပဲ သုံးပေးပါဆိုတာမျိုးပေါ့ … ။ ကျမကို စိတ်အလိုမကျသလို မျက်စိနဲ့ပြန်ကြည့်ပါတယ်… ပြီးတော့ တခွန်းမှ ပြန်မပြောပဲ သူ့အလုပ်သူဆက်လုပ်ပါတယ်… ။ ကျမတို့ အခြေနေကို အကဲခတ်မိတဲ့ ဘကြီးက ကျမကို အပြင်ထွက်နေစေပါတယ်… ။ ကျမလည်း ပေကပ်ပြီး မြန်မာဆေးစရာရဲ့ လှုပ်ရှားမှူကို အကဲခတ်နေပါတယ်… ။ သူက ခေါင်းက အနာကို ထက်ခြမ်းခွဲပါတယ်… ။ ပြည်ပုပ်တွေကို လက်အိတ်မပါပဲ ညှစ်ထုတ်ပါတယ် သွေးစိမ်းတွေ ပါတဲ့ အထိပါ… ဘကြီးမှာ ကြိတ်မှိတ်ခံရပါတယ်… ပြီးတော့ … ကျမကို ကြက်ဥ တလုံး တောင်းတယ် .. ကြက်ဥအခွံခွဲပြီး အနှစ်နဲ့ အကာခွဲစေပါတယ်… အ နှစ်ကိုတော့ ပါလာတဲ့ အမည်မသိ ဆေးမှုန် ဖြူလေးဖြူးပါတယ်… ပန်းကန်ထဲမှာပဲ အနှစ်ပေါ်ကို ဆေးမှုန့်ဖြူးလိုက်တာနဲ့ အနှစ်တွေ စေးကပ်ပြီး ပျစ်လာတာမြင်ရပါတယ်… ။ ပန်းကန်ကို ဘယ်စောင်းလိုက် ၊ ညာစောင်းလိုက်လုပ်ပြီး အနှစ်တွေပေါ် ဆေးမှုန်ထပ်ဖြူးပြန်တယ်… နောက်ဆုံး အနှစ်တွေက ပီကေလို ကိုင်လို့ ရတဲ့အဆင့်ထိ ခဲပြီးပျစ်ခဲနေပါတော့တယ်.. အဲ့ဒါကြီးကို ယူပြီး ဘကြီးအနာပေါ် အုံကာ ပတ်တီးပြန်ပတ်ပါတယ်.. နှစ်ရက်နေလျှင် ပြန်လာမယ်လို့လည်း ပြောပါတယ်… ။ ကျမဘကြီးကို နှစ်ရက်နေလို့ အနှစ်တုံးကြီးခွာလိုက်တော့ ..ပြည်ထုတ်ထားတဲကနေရာ ကလိုင်ပေါက်က ခြောက်သွေ့မနေပဲ မဲပုပ်ပုပ်အရေတွေဖြစ်နေပါတယ်… မျက်စိထဲမြင်ယောင်ကြည့်လျှင် .. .ဆေးဘဲဥခွဲလိုက်တဲ့အခါ ..အထဲက မဲစိမ်းစိမ်း အနှစ်ဖက်တွေလိုပါပဲ… ကျမကတော့ မဟုတ်သေးဘူး တွေးပြီး … သူဘာလုပ်မလဲ ဆက်ကြည့်နေပါတယ်… ။ အဆီတမျိုးထည့်ပြီး ပ က်တီး ပြန်ကပ်ပေးထားပါတယ်… ။ နောက်ရက်တွေ မြန်မာဆရာသွားပင့်တာ … မရှိဘူး လူနာသွားကြည့်တယ်ချည်းပြောလွှတ်ပါတယ်… ။ ကျမဘကြီးကလည်း ဆေးကုမခံတော့ … အိမ်မှာပဲ ဒီအတိုင်းထားဖြစ်တယ်… ။ ကြာတဲ့အခါ ခေါင်းက မဲစိမ်းစိမ်းတွေက ခြောက်မသွားပဲ ခပ်စိုစို ထွက်တုန်းပေမဲ့… ခေါင်းတစ်ခုလုံးနဲ့ မျက်နှာ တခြမ်း မည်းလာပါတယ်… မည်းတဲ့ မျက်နှာ တခြမ်းက သွေးပုပ်တွေပဲ စိုနေသလိုလို တရုတ်ကားထဲက အဆိပ်မိနေတာနဲ့ တူနေသလိုလို ထင်ရတာကြောင့် မဖြစ်ဖူးဆိုပြီး အထူးကုဆေးခန်းကြီးတစ်ခုကို အတင်းပို့ကြပါတယ်… နောက်မှ သိရတာက ကြက်ဥ အနှစ်က ပိုးပါလို့ဖြစ်နိုင်တာရယ်… ဓါးနှင့် အခြား ဘာမှန်းမသိတဲ့ ဆေးတွေက ပိုးပါတာဖြစ်နိုင်ပါတယ်လို့ အဖြေထုတ်ပါတယ်… အဆိတ်တတ်တာပါ… ရက်တွက မြန်လွန်းလှပါတယ်… ။ နောက်ဆုံးတော့… ဘကြီး ဆုံးပါးသွားခဲ့ရပါတယ်… ။ ခေါင်းမှာပေါက်တဲ့ အနာစိမ်းကို ပေါ့ဆမိလို့ ဒီလို အဖြစ်မျိုး ကြုံရတာပါ … ဒီအချိန်ရန်တွေ့ဖို့ ဆေးဆရာပြန်ရှာတော့ …ပြောင်းပြေးပါပြီတဲ့ရှင် … ။ ကိုယ့်ကိုယ်ကို လည်း အပြစ်တင်မိပါတယ်… ဘကြီးက ဗဟုသုတမရှိလို့ ဆေးပညာနဲ့ ဝေးလို့ အနောက်တိုင်းဆေးတွေ ကုသမှူမခံယူချင်လည်း ကျမက နားလည်အောင် ရှင်းပြပြောပြသင့်တာပါ… နားညီးမှာ စိုးတာနဲ့ သူ့အကြို့က်လိုက်ပေးခဲ့တာ … သူ့သေလမ်းကို ရွေးချယ်ပေးခဲ့သလိုပဲ စိတ်နာရပါတယ်..။ အဲ့ဒီအချိန်ကတည်းက မြန်မာဆေးဆိုလျှင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်မပါတဲ့ဟာမျိုးဆို ကျမမသုံးရဲတော့ပါဘူး … လျှက်စားနဲ့ ဆရာခို ၊ ဒဏ်ကြေးဆေးကလွဲလို့ ကျမတခြား ဘာမှ မသုံးတော့ဘူး… ။ မြန်မာနိုင်ငံ ဆေးကောင်စီကလည်း တိုင်းရင်းဆေးတွေနဲ့ ပတ်သတ်ပြီး ထိထိရောက်ရောက်စိစစ်ပေးသင့်တယ်လို့ ကျမထင်တယ်လေ… တရားဝင်လုပ်ကိုင်ခွင့် လိုင်စင်တွေ ရပြီ လုပ်ကိုင်နေတဲ့ တိုင်းရင်းဆေးဆရာတွေလည်း ရှိပါတယ် … ။ တရားမဝင်လုပ်နေတာက ပိုများတာပါ … ။ အပ်စိုက်ကုတာလည်း ရှိနေတုန်းပါပဲ… ။ ဟိုးတလောက သတင်းစာမှာ မြန်မာဆေးထဲ အင်္ဂလိပ်ဆေးရောကြိတ်တာတွေကြောင့် တားမြစ်တဲ့ ဆေးဝါးစာရင်းတွေတွေ့နေရပါတယ်… ။ တကယ့်ကို စိတ်ပျက်မိပါတယ်… ။
Fame ကလို သဘာဝ သစ်သီးသစ်မြစ်တွေကို အခြေခံပြီး စံမှီ ဆေးဝါးမျိုး ထုတ်နိုင်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေကို လေးစားမိပါတယ်… ။ အများကြီးလည်း ထပ်မံ ပေါ်ထွက်သင့်ပါသေးတယ်… ။
လူသားချင်းစာနာမှူကင်းပြီး ကိုယ့် အတ္တပဲ ရှေ့တန်းတင် စီးပွားရှာနေသူများကိုတော့ ဒီနေရာကနေပဲ လုံးဝ ရှုံ့ချလိုက်ပါတော့တယ် … ။

23 comments

  • moethidasoe

    May 7, 2011 at 5:18 am

    ၁၉၉ရ လောက်တုန်းကလဲ ဆေးပုလင်းကိုင်လာပြီး ဆေးထိုးခိုင်းခဲ့ကြသေးတယ် .. အသည်းရောင် အသားဝါ ပျောက်တဲ့ ချက်ဆေး တဲ့ တိုင်းရင်းဆေးဆရာကိုယ်တိုင် ဖော်တာလို့ ဆိုတယ် .. အဲဒီမှာ ဘာဖြစ်လို့ မထိုးလဲလို့ မေးကြည့်တော့ အဲဒီဆရာကိုယ်တိုင် မထိုးပေးဘူး .. ထိုးတဲ့ဆေးပဲ ရောင်းပေးတာလို့ ဆိုတယ် .. ၃ဝ စီစီ ပုလင်း နဲ့ လာတာ ၅ စီစီ ထိုးရမယ်လို့လဲ မှာလိုက်တဲ့အကြောင်း ပြောပြတယ် .. တို့တော့ ဆေးထိုးပေးပြီး နောက်ဆက်တွဲ ပြဿနာကို မရှင်းချင်တာနဲ့ မထိုးပေးခဲ့ဘူး

    • etone

      May 7, 2011 at 6:54 am

      Dr. ပြောသလိုဆိုလျှင် မြန်မာထိုးဆေးတွေ ပေါ်နေတာ ဆယ်စုနှစ် တစ်ခုစာတောင် ကျော်နေပြီပေါ့ … ။ ဗဟုသုတမရှိတဲ့လူတွေကို ဒီလို ဘာမှန်းမသိတဲ့ ဆေးတွေ ထိုးခိုင်းတာ တကယ့်ကို သွေးအေးအေးနဲ့ လူသတ်တာပါပဲ … ။ ကျမကတော့ လူသားချင်းမစာနာတဲ့ အပြုမူမျိုး ကိုယ့်ရှေ့တွေ့ခဲ့လျှင်တွေ့သလို ဖော်ထုတ်ပြီး လူအများကိုပြောပြမှာပါပဲ…။

  • eros

    May 7, 2011 at 6:04 am

    အပ်ပုန်းတွေ အကြောင်းလဲ ရေးပေးပါဦး။ ဘယ်သူ ဘယ်နေရာမှာပါ ဆိုပိုကောင်းပါတယ်။ အသက်အန္တရာယ်နဲ့ နီးလွန်းလို့ပါ။

  • good

    May 7, 2011 at 7:09 am

    ကျမတို့ ဆေးခန်း ဖွင့်ရာနေရာကတော့ အခြေခံလူတန်းစား၊ လက်လုပ် လက်စားတွေ အများစုနေတဲ့ နေရာတစ်ခုမှာပါ။

    ဒီလို အခြေနေတွေ ကြားမြင်နေရတဲ့ အတွက် တော်တော်လေး ချောင် ကျတဲ့ အခြေခံလူတန်းစားနေတဲ့ ဆင်းရဲသားရပ်ကွက်မှာ သက်သာဆုံး နှုန်းနဲ့ ဆေးခန်းဖွင့်ဖို့ ရွေးချယ်မိတာပါပဲ … ။ ဈေးနှုန်းကိုလည်း ဆေးဖိုးသာသာလောက်ပဲ ယူထားတာပါ … ။

    ဤသို့ သော မြင့်မြတ် သည့် စိတ်ထား စေတနာကောင်း ကြောင့် အောင်မြင်သော နိုင်ငံတကာ အဆင့်မီ ဆေးရုံ ကြီး အဖြစ် တိုးတက် တည်ထောင်နိုင်ပါစေ။

  • maythakhin

    May 7, 2011 at 7:30 am

    ဒီအဖြစ်အပျက်တွေကနယ်တွေမှာလည်းအဖြစ်များပါတယ်။ လက်လုပ်လက်စားလူတန်းစားတွေက ဆေးခန်းခမတတ်နိုင် တော့ ဒီလိုဘဲကြံဖန်မိတာပေါ့၊အားငယ်နေတဲ့အချိန်မှာတော့ ဘာမှမတွေးမိဘဲ ဆေးထိုးအပ်ကိုင်ထားရင်ကိုပဲ အားကိုးတကြီးဖြစ်နေတာ။ဗဟုသုတနည်းပါတာလည်းပါမှာပေါ့လေ။တစ်ချို့ဘွဲ့ရပညာတတ်ပြီး၊ပိုက်ဆံရှိတဲ့လူတွေတောင် အပ်ပုန်းကိုအားကိုးနေတဲ့သူတွေကိုတွေ့ဖူးပါတယ်။ အိတုန်က ကရုဏာဒေါသထွက်တာမမှားပါဘူး။လူအမျိုးမျိုးစိတ်အထွေထွေကိုး……………..အမှားပါရင်ခွင့်လွှတ်နော်။

  • kai

    May 7, 2011 at 8:22 am

    ဒီပို့စ်အတွက်..သာဓုခေါ်ပါတယ်..။
    အဲဒီဆေးဆရာတွေရဲ့ လိပ်စာကဒ်တွေ. လက်ကမ်း.ကြော်ငြာတွေပါသက်သေရနိုင်မယ်ဆို.. သတင်းစာထဲ သတင်းဆောင်းပါးအဖြစ်တောင် သုံးချင်ပါတယ်..။

    • etone

      May 7, 2011 at 9:17 am

      ထူးထူးဆန်းဆန်း သဂျီးက သာဓုဆိုပါလား ထီးသွားထိုးဦးမှပဲ အဟဲ 😛
      ကင်ဆာရောဂါကို လိမ်ပြီး ဆေးကပ်တဲ့လူရဲ့ လိပ်စာကဒ်တော့ရှိတယ် ..သူလည်း မိသားစုနဲ့မို့ သနားလို့ မဖော်ပြသေးတာပါ… သဂျီးလိုချင်လျှင် ပို့ပေးပါမယ်… ဒီဆိုက်မှာတော့ သူ့အကြောင်းပဲ ရေးပြပြီး နာမည်တော့ ချန်ဝှက်ထားမယ် စိတ်ကူးတယ် … ။ ကိုယ်တိုင် ကြုံရတာ မဟုတ်ပဲ ကိုယ့်ဆီလာတဲ့လူနာ ကြုံရတာဖြစ်နေလို့ပါ ..။
      အပ်ပုန်းတယောက်ဖွင့်ထားတဲ့ ဆေးခန်းကိုတော့ ဓါတ်ပုံရိုက်ချင်လို့ချောင်းနေတာ အခွင့်မသာသေးလို့ငြိမ်နေတာ .. ။

  • naywoonni

    May 7, 2011 at 8:40 am

    အပ်ပုန်းအားကိုးတာလည်းမပြောနဲ့လေ..။ တရားဝင်လက်မှတ်ရှိတဲ့သူကကုမပေးတဲ့ အနား သူတို့က ကုပေးတယ်..။ ဒါကိုအမျိုးသမီးတွေ ပိုသိမှာပါ..။ ပြီးတော့ တရားဝင်လက်မှတ်လည်းရှိတယ်..။ ဆေးရုံမှာလည်း လုပ်လာခဲ့ဖူးတဲ့ ဆရာဝန်က ရောဂါခေါင်းစဉ် မှားပေးပြိးဆေးတွေ တစ်လွဲပေးတတ်တာ ကြုံဖူးလား..။ တစ်ယောက်ထဲ နှစ်ယောက်ထဲမဟုတ်ဖူး..။ ဟိုနားဒီနားက ကြားလာတော့ သူ့ဆီမသွားရဲကြတော့ဘူး..။ သာမာန် အဖျားကြီးတာကို ငှက်ဖျားနဲ့ လွဲပြီး ငှက်ဖျားဆေးတွေပေးတာမျိုးပေါ့..။ လူနာက လူကြီးဆိုရင်တော်သေးတယ်။။ ခံနိုင်ရည်ရှိလို့..။ ကလေးပေါက်စ ဆိုတော့ မသေရုံ တစ်မယ်..။ ဒါတောင် ဆရာအပြောင်းမြန်လိုက်လို့…။ အဲဒလိုရောဂါလွဲကုပြီးမပျောက်တဲ့လူနာက ရမ်းကုနဲ့တွေ့တော့ အဟီးပြောရမှာတောင်ရှက်စရာ… ပျောက်သွားတယ်..။ ကောင်းသွားတယ်ပေါ့ဗျာ..။ အဲဒိရမ်းကုနာမယ်ကြီးသွားတာပဲ..။
    ဟိုဆရာကတော့နာမည် ပျက်ကျန်ပေါ့..။ ဒီတော့ လက်ရှိဆရာဝန်တစ်ချို့ကိုလည်း မွမ်းမံ သင်တန်းလို ဟာမျိုးပေးသင့်ပြီ..။ နေဝန်းနီတို့ဆီမှာတော့ ကုတင်တစ်ရာတို့ ကုတင်တစ်ထောင်တို့က အထူးကုတွေဆီပဲသွားကြတာများတယ်..။ ပိုက်ဆံကုန်ခံနိုင်တဲ့သူတွေပြောပါတယ်..။ ပိုက်ဆံ အကုန်မခံနိုင် ရောဂါနှိပ်စက်တာကိုလည်းမခံနိုင်တဲ့သူတွေကတော့ စောစောက အပ်ပုန်းလိုဟာမျိုးတွေဆီပဲသွားတယ်..။ အဲဒိလိုမလုပ်ိသင့်ကြောင်း သူ့တို့က တရားဝင်ကုသ ခွင့်မရှိကြောင်း ရှင်းပြတော့လည်း ဘာပြောတယ်ထင်သလဲ….။ အထူးကုတွေဆီ သွားစရာမရှိဘူးတဲ့..။ ဒီအတိုင်းလဲသေချင်သေသွားနိုင်တာပဲ..။ ကံကောင်းရင်ပျောက်အောင်လုပ်နိုင်သေးတဲ့ရမ်းကုဆီ သွားတာတဲ့..။ လူဆိုတာသေတစ်နေ့ မွေးတစ်နေ့တဲ့..။ သေနေ့စေ့ရင် အထူးကုလည်း မတတ်နိုင်ဘူးတဲ့..။ …….လေ..။

    • etone

      May 7, 2011 at 9:59 am

      ဟုတ်ပါတယ် အဘနီပြောသလို လည်းရှိပါတယ်… လိုင်စင်ရဆရာဝန်တွေထဲက မှားယွင်းကုသမှူတွေလည်း ရှိနေသေးတယ်… ။ ကိုယ်လုပ်တဲ့ အလုပ်ပေါ် တာဝန်ယူနိုင်လျှင် အကောင်းဆုံးပေ့ါ.. လိပ်ပြာသန့်သန့် နဲ့ လုပ်တဲ့ အလုပ်တစ်ခု ပြီးမြောက်အောင်မြင်သွားတဲ့ ပီတိက ဘာနဲ့မှ လဲလို့မရပါဘူး… ။ တချို့ဆရာဝန်တွေဆို လူနာကို ဟိန်းဟောက်ဖို့ပဲ သိတာ .. လူနာခမျာ အသံလေးတောင် မထွက်နိုင်ဘူး … ။ ရှိပါတယ်… မျိုးစုံပါပဲ … ။ တိုင်းရင်းဆေးဆရာတွေကိုတော့ ပိုပြီး သတိထားသင့်တယ်.. အရင်က တိုင်းရင်းဆေးဝါးနဲ့ ပ တ်သတ်ပြီး သင်တန်းကျောင်းတွေ မရှိခဲ့ဖူး… သဘောကျလို့ ကူးထားတဲ့ စာပိုဒ်လေးကို ဖတ်ကြည့်ပါဦး … မူရင်းလင့်ကိုတော့ မမှတ်မိတော့ပါဘူး… ။
      —————————–

      အပြောကြီးလွန်းတဲ့ တိုင်းရင်းဆေး သတိပေး

      သဲသဲ | သောကြာနေ့၊ ဧပြီလ ဝ၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃ရ မိနစ်

      နယူးဒေလီ (မဇ္ဈိမ) ။ ။ ဆေးဝါးကြော်ငြာရာ၌ သမားတော်၏ အမည်ကိုအသုံးပြုခြင်းနှင့် အလွန်အကျွံ ညွှန်းဆိုခြင်းများ ဆက်လက်ပြုလုပ်နေသော တိုင်းရင်းဆေးထုတ်လုပ်သူများကို အရေးယူသွားမည်ဟု သောကြာနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။

      “လုံးဝ”၊ “အမြစ်ပြတ်” ၊ “၉၆ ပါး ဝေဒနာ ပျောက်စေသည်” စသည့် အသုံးအနှုန်းများကို ခွင့်မပြုသော်လည်း အချို့သော ဆေးဝါးထုတ်လုပ်သူများက စာနယ်ဇင်းများတွင် ထဲ့သွင်းကြေညာမှုများ ဆက်လက် ပြုလုပ်နေပြီးနောက် သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

      တိုင်းရင်းဆေး ထုတ်လုပ်ပါက လိုင်စင်လျှောက်ထားရပြီး ထုတ်လုပ်သည့် ဆေးဝါးများကိုလည်း တိုင်းရင်းဆေး ဦးစီးဌာနတွင် မှတ်ပုံတင်ရကာ၊ ဆေးဘူးနှင့် ဆေးထုတ်တွင် ပျောက်ကင်းသည့် ရောဂါ၊ သုံးစွဲရန် အညွှန်းနှင့် ပါဝင်သည့် ပစ္စည်းနှင့် တိုင်းရင်းဆေး ယာယီ မှတ်ပုံတင် နံပါတ်များကို ထည့်သွင်းရေးသားရသည်။

      ကျင့်ဝတ်မညီသည့် လက်မှတ်ရ တိုင်းရင်းဆေးသမားတော်များကိုလည်း ကျင့်စဉ်ဖောက်ဖျက်မှုဖြင့် အရေးယူမည်ဟု ဝန်ကြီးဌာန ကြေငြာချက်ထဲတွင် ပါရှိသည်။

      တိုင်းရင်းဆေးဆရာများကို ဆေးထိုးအပ်၊ ထိုးဆေးနှင့် တရားမဝင် ခွဲစိတ်ကုသမှု မပြုရန်လည်း တိုင်းရင်းဆေး ကောင်စီက တားမြစ်ထားသည်။

      တိုင်းရင်းဆေး ထုတ်လုပ်ခွင့် မှတ်ပုံတင် လျှောက်ထားစဉ်ကပင် တံဆိပ်၊ စာသား၊ ထုတ်လုပ်မည့် ပုံစံနှင့် ဆေးနမူနာများကို နေပြည်တော် တိုင်းရင်းဆေးဦးစီးသို့ တင်ပြကာ ခွင့်ပြုချက် ယူရသည်။ ၃ နှစ်တကြိမ် မှတ်ပုံတင် ပြန်လျှောက်ရကာ၊ ဆေးများကို ပြန်လည်စစ်ဆေးပြီး ယာယီမှတ်ပုံတင် ချပေးသည်။

      တိုင်းရင်းဆေးဝါး အမျိုးပေါင်း ၇၉၅၁ မျိုး မှတ်ပုံတင်ထားပြီး တိုင်းရင်းဆေး ထုတ်လုပ်သူ ၁၃၇၈ ဦးကို ဆေးဝါးထုတ်ခွင့် လိုင်စင်ချပေးထားကြောင်း တိုင်းရင်းဆေးဦးစီး၏ စာရင်းများက ဆိုသည်။

    • warm

      May 7, 2011 at 6:36 pm

      လွန်ခဲ့တဲ့ ၂နှစ်လောက်က အကြောင်းလေးပါ.. ကောင်လေးတစ်ယောက် ပြင်ဦးလွင်မှာဘော်ဒါကနေ ၁ဝတန်းစာမေးပွဲကို ဖြေပြီး ကိုယ့် မိသားစုရှိတဲ့ အရပ်ကို ပြန်လာတာပေါ့.. ပြီးတော့ကွန်ပျူတာ သင်တန်းလေးတက် speaking လေးတက်လိုက်နဲ့ အရမ်းကိုတက်ကြွနေတဲ့ အချိန်ပေါ့ အဖေနဲ့ အမေကလည်း သားအကြီးဆုံးလေး လိမ်လိမ်မာမာလေးဆိုတော့ အရမ်းချစ်ပေါ့ ဇွန်းခရင်းနဲ့ ထမင်းစားတာကိုတောင် အဖေလုပ်တဲ့သူက “ကျွန်တော့်သားက ထမင်းစားတာတောင် လက်နဲ့ မစားဘူးဗျ သူက ဇွန်းခရင်းနဲ့ ပဲ စားတာ “လို့ပြောပြီး သားအတွက် ဂုဏ်ယူမဝဖြစ်နေတဲ့ အချိန်မှာ ဗျာ ကွန်ပျူတာသင်တန်း သွားခါနီးလေး ဗိုက်အောင့်တော့ သူ့အမေကို ဗိုက်အောင့်တဲ့ အကြောင်းပြောပြတာပေါ့ ဗိုက်ကလည်း နဲနဲ ပါးပါး အောင့်တာဆိုတော့ သင်တန်းကိုတောင် သွားတက်လိုက်သေးတယ် ပြီးမှဆေးရုံကိုသွားတာပေါ့ ..ဆေးရုံရောက်တော့ ဆရာဝန်က ဆေးစစ်ပြီး ဗိုက်အောင့်နေတဲ့ ကလေးကို ဦးနီပြောသလိုပဲ ငှက်ဖျားပိုးရှိတယ်ဆိုပြီး ငှက်ဖျားဆေးတွေပေးတော့ ကလေးခမျာ ၂ရက်လောက် ဆေးရုံတက်ပြီး အသက်ပျောက်သွားရှာတယ် အဖေနဲ့ အမေခမျာ ရင်ကွဲမတက်ပေါ့ သတင်းကြားတဲ့ သူတောင်ရင်ထဲစို့တဲ့အထိပါပဲ ဒါပေမဲ့ တာဝန်ကျ ဆရာဝန်က တော့ သူမဟုတ်တဲ့ အတိုင်းပါပဲ နောက်ပိုင်းတီးတိုးပြောသံ ကြားရတာကတော့ ကောင်လေးလို ငှက်ဖျားဆေးပေးခံရပြီး အသက်ပျောက်တဲ့ လူနာက တစ်ယောက်မကဘူး ဆက်တိုက်ဆိုသလို အသက်ပျောက်ခဲ့ရတယ်ဆိုတာပါပဲ…မအိတုံတို့လို တကယ် ကျွမ်းကျင်တဲ့ ဆရာဝန်တွေ အများကြီးရှိစေချင်တာ ကတော့ အမှန်ပါပဲ …

  • nature

    May 7, 2011 at 11:56 am

    ဒေါက်တာနဲ့တိုင်းရင်းဆေးကတော့ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။

  • PinkCandy

    May 7, 2011 at 1:54 pm

    candy ဆေးဝါးတက္ကသိုလ်တက်တုန်းက တိုင်းရေးဆေးတက္ကသိုလ်က ဆေးပင်တွေစိုက်တဲ့ဆီကို လေ့လာရေးသွားဖူးတယ်။ သူတို့ကမေးတယ် အင်္ဂလိပ်ဆေးနဲ့ ကုလို့မရပဲ မြန်မာဆေးနဲ့မှ အမြစ်ပြတ်အောင်ကုလို့ရတဲ့ ရောဂါ ရမျိုးကို သိလားတဲ့။ အဲဒီမေးခွန်းကြီးကို သိပ်သဘောမကျဘူးရှင့်။ အဝင်ဝကတည်းက ရန်စောင်တဲ့မေးခွန်းလိုမျိုးခံစားရတယ်။ တကယ်ဆို တဖက်နဲ့တဖက် အကျိုးအပြစ်တွေ ဝေဖန်မယ့်အစား တိုင်းရင်းဆေးပညာနဲ့ အင်္ဂလိပ်ဆေးပညာပူးပေါင်းပြီး လူနာတွေ အမြန်ရောဂါသက်သာအောင် ကုသသင့်တယ်ထင်ပါတယ်။

    • eros

      May 8, 2011 at 3:32 am

      ပြောရရင်တော့ ကျွန်တော်တို့ မြန်မာတွေဟာ သည်းခံတက်အောင် ကြိုးစားတက်ကြပါတယ်။ တိုင်းတပါးသားတွေ နဲ့ နှိုင်းယှဉ်ရင် မြန်မာတွေဟာ သည်းခံတက်ကြပါတယ်။ ကိုယ်တွေ့ပါ။ မြန်မာတွေဟာ အားနာမှုလျှော့၊ ပူးပေါင်းဆောင်ရွက်တက်မှုကိုတိုးတက်အောင်လုပ်၊ ဆွေးနွှေးညှိနှိုင်းတက်အောင်လုပ်ပြီး၊ ကောင်းမွန်စွာဝေဖန်တတ်၊ ဝေဖန်ခံတတ်၊ သဘောထားမှတ်ချက် ပေးတက်အောင်လုပ်ပြီး၊ ငါ့ဟာမှကောင်းတယ်။ သူ့ဟာကို မကောင်းဘူးပြောတတ်တာကို ပပျောက်အောင်လုပ်နိုင်ရင်တော်တော် တိုးတက်မယ်။

  • MaMa

    May 7, 2011 at 2:03 pm

    အပ်ပုန်းတွေဆီရောက်တာတောင် တော်လှပေ့ါ။ များသောအားဖြင့် ကွမ်းရာဆိုင်က စပ်ဆေး (ကွမ်းရာရောင်းသူက တွဲစပ်ပေးလိုက်သော) တွေ စားတာနဲ့တင် ပြီးနေတာတွေ အများကြီးရှိသေးတယ်။

  • padonmar

    May 7, 2011 at 3:19 pm

    လူတွေကလည်း ခက်ပါတယ်၊နယ်မှာနေတုံးက အသိတစ်ယောက်ရဲ့ အမေကြီး သတိလစ်သွားပါတယ်၊မနက်ဖက် ဆေးခန်းတွေကဆရာဝန်တွေကလည်း ဆေးခန်းပစ်ပြီးလိုက်မကြည့်ပေးနိုင်သေးတော့ ဘယ်သူ့မှပင့်လို့မရဘူး၊ဒါနဲ့ လိုက်ကြည့်ပေးဘို့ အတင်းခေါ်တာနဲ့ သွားတော့ သွေးတိုးပြီး သတိလစ်တာဖြစ်နေတယ်၊ဒါနဲ့ Mannyl Drip
    ခေါ်တဲ့ သွေးပေါင် အမြန်ကျစေတဲ့ ဆေးဝယ်ခိုင်းပြီး ကိုယ်တိုင်စောင့်သွင်းပေးလိုက်တယ်၊ဒီဆေးက မိနစ်၂ဝ အတွင်းအမြန်ချရပါတယ်။ဆေးဝယ်တာ၊ဆေးသွင်းတာ နာရီဝက်မက ကြာပါတယ်၊ဒီအတွင်း သားနဲ့ချွေးမ က အမျိုးတွေခေါ်။အသုဘလုပ်ဖို့ပြင်နဲ့ပေါ့၊
    ဆေးလဲသွင်းပြီးရော လူနာက သတိပြန်ရလာပါတယ်၊လူတွေလဲကောင်းကောင်းမှတ်မိ။
    ကိုယ့်ကိုလဲသိတဲ့သူဆိုတော့ ကျေးဇူးတင်ကြောင်းပြောပေါ့၊နောက်ရက်တော့ ဆေးခနးဖွင့်တဲ့ အကိုဆရာဝန်ကို အကျိုးအကြောင်းပြောပြထားမယ်၊ဆက်ကုကြလို့မှာထားခဲ့တယ်၊ဆေးကုခလည်းမယူပါဘူး၊
    နောက်၂လ လောက်နေတော့ ဒီလိုပဲ ထပ်မေ့သွားတော့ ကျွန်မကို ပြောတောင်မပြောတော့ဘူး၊ အနားကရမ်းကု နဲ့ ၂ရက်လောက်ကုလိုက်တာသေရော၊ထပ်ရှင်မှာစိုးလို့ ဆရာဝန်မခေါ်တော့တာ ထင်ပါရဲ့၊ အဲဒိလို case တွေကျ ဘယ်လိုပြောရပါ့မလဲ၊

  • nagargyi

    May 8, 2011 at 3:26 am

    ဆရာဝန်တွေ ရောဂါတပ်မှားတာတွေလည်း ခဏခဏကြုံရတယ်။
    တိုင်းရင်းဆေးဆရာတွေမှာလည်း တစ်ကယ်တော်၊တစ်ကယ်တတ်တဲ့ ဆရာကြီးတွေလည်းရှိပါတယ်။

  • moethidasoe

    May 8, 2011 at 9:23 am

    ဘာဖြစ်ဖြစ် ဆရာဝန်ဖက်က စကားပုံလေးတစ်ခုက ကာထားပေးတယ်လေ
    မမှားသော ရှေ့နေ မသေသော ဆေးသမား မရှိ ဆိုတာပေါ့ ..

    သို့သော် မီးပုံးသုံးလုံး ပုံပြင်လေး အရဆိုရင်တော့ သိပ် မကောင်းပါ .. (နည်းနည်း လျှာရှည်လိုက်ဦးမယ် .. အဲ .. ကလောင် ရှည်လိုက်ဦးမယ်)
    ဘုရင်ကြီးတစ်ပါးက သူ့တိုင်းပြည်မှာ ဆေးဆရာတွေ ဒီလောက်ပေါတာ နိုင်ငံတော် သမားတော်အဖြစ် ရွေးဖို့ ဘယ်လို လုပ်ရမလဲ တွေးတယ် တဲ့ .. ပညာရှိ အမတ်က ဆေးခန်းတိုင်းကို အမိန့်ထုတ်စေလိုကြောင်း .. ကုသပေးလို့ သေဆုံးသူ အရေအတွက်ကို မီးပုံး ထွန်းကြဖို့ ဖြစ်ကြောင်း အကြံပြုပါတယ် ..
    ဒါနဲ့ စည်လည်ပြီး အမိန့်ထုတ်လိုက်တယ် ..
    ညပိုင်းမှာ ဘုရင်ကြီးက မီးပုံးထွန်းထားတာတွေ လိုက်ကြည့်တာ အများအားဖြင့် နှစ်ဆယ်က စလို့ လေးငါးဆယ်လောက် ရှိနေသတဲ့ .. တစ်နေရာရောက်တော့ မီးပုံး သုံးလုံးထဲ ထွန်းထားတဲ့ ဆေးခန်းကို တွေ့တော့ သဘောကျပြီး မေးပါသတဲ့ ..
    ဆရာကြီးရယ် အခြားဆေးခန်းတွေက မီးပုံး အနည်းဆုံး ၂ဝ လောက်ရှိတာ .. ဆရာကြီးက သုံးလုံးထဲ ထွန်းထားတော့ ထူးခြားတာပေါ့နော် .. ဒါနဲ့ ဆရာကြီး လူနာ ဘယ်နှယောက်လောက်များ ကုခဲ့ရပါသလဲ ပေါ့ ..
    သူ့အဖြေ ကြားပြီးနောက် ဘုရင်ကြီးလဲ နန်းတော်ကို အမြန် ပြန်ပါလေရော .. တဲ့

    သူ့အဖြေက ကျုပ် သုံးယောက်ပဲ ကုခဲ့ဘူးပါတယ် .. တဲ့

  • naywoonni

    May 8, 2011 at 11:01 am

    တိုင်းရင်းဆေး ဆိုတိုင်းလဲ အထင်မသေးသင့်ပါ..။ နေဝန်းနီ ကိုယ့်တွေ့လေးရှိလို့ပါ..။ နေဝန်းနီတို့ဆီမှာ တိုင်းရင်းဆေးလက်မှတ်ရ တိုင်းရင်းဆေးဆရာရှိပါတယ်..။ နေဝန်းနီရဲ့ ငှက်ျဖားရောဂါ ကိုအမြစ်ဖြတ်ပေးလိုက်တာပါ..။ တိုင်းရင်းဆေးနဲ့ ခုနှစ်နှစ် ဂှစ်နှစ်အတွင်းမှာပြန်မပေါ်တော့ပါဘူး..။ အဲဒိမတိုင်ခင်က မြစ်ကြီးနား တဆရ-၁ မှာ သွေးသွင်းပြီ မက်ဖရိုကွင်း ဆိုတာလည်းလက်မှတ်ထိုးပြီး သောက်ခဲ့ဖူးတာပဲ..။ မပျောက်လို့ ဆေးရုံတက်ရတာခဏခဏ..။ ဒီတိုင်းရင်းဆေးဆရာနဲ့တွေ့မှ ပျောက်တာပါ..။ နောက်တစ်ခု အူအတက်ရောင်လို့ အနောက်တိုင်းဆရာ မျက်လုံးပြူးနေချိန်မှာ သူက လိမ်းဆေးလေးနဲ့ နှစ်နာရီအတွင်း သက်သာအောင်ကုပေးခဲ့တယ်..။ ကင်းကိုက်လို့ အော်နေရချိန်မှာလည်း သူ့လိမ်းဆေးလေးနဲ့ပဲ နာတာရော ယောင်တာရော နာရီပိုင်းနဲ့ သက်သာခဲ့တာ..။ ဒါပေမဲ့ အဲဒိဆရာက ထိုးဆေးမသုံးပါ..။ အပ်လုံးဝမကိုင်ပါ..။ သူဆီက ဆေးက သောက်ဖို့နဲ့ လိမ်းဖို့ပဲ ထုတ်ပါတယ်..။ အသားထဲသွေးထဲ ထိုးသွင်းရမဲ့ဆေး မလုပ်ပါ..။ သူ့ဆေးကို သူကိုယ်တိုင်ဖော်ပါတယ်..။ တာဝန်လည်ယူပါတယ်..။ ကျောက်ကပ် အလုပ်မလုပ်လို့ ဆီးမသွားတဲ့လူနာလည်း သူ့ဆေးနဲ့ ဆီးသွားခဲ့တာပဲ..။ ဒီတော့ တိုင်းရင်းဆေးဆိုတိုင်း မပစ်ပယ်သင့်ပါ..။ ဆေးထိုးရမှာကြောက်တဲ့နေဝန်းနီကတော့ ချင့်ချိန်ပြီး မပစ်ပယ်ပါ..။ သူများမကောင်းကြောင်း သူကောင်းကြောင်း များများ ပြောတဲ့ ဆရာ ဆိုရင်တော့ အလကားကုပေးမယ်ပြောလည်း မသွားရေးချ မသွား 😛

    • eros

      May 8, 2011 at 3:17 pm

      အဲဒီလိုတော်တဲ့ ဆရာများရှိရင် နေရပ်လိပ်စာ နာမည်လေးပါ မစပါလားဗျ။

  • unclegyi1974

    May 8, 2011 at 3:06 pm

    မအိတုန်ရေ မြန်မာဆေးမှာထိုးဆေးဆိုပြီး
    တိုင်းရင်းဆေးတက္ကသိုလ်ကလုပ်မလုပ်မသိပေမဲ့
    ဆေးအဆီထုတ်ဆေးထိုးနေတာနှစ် ၃ဝ ကျော်ပါပြီ
    ဒူးနာရင်ဒုူးဂေါင်းထဲထိုးထည့်လိုက်တာပဲ
    လက်ကိုက်ရင်လက်ထဲထိုးထည့်လိုက်တာပဲ
    ဘယ်နေရာကိုက်လဲ နာလဲ
    ကိုက်တဲ့နာတဲ့နေရာထိုးတာပါပဲ
    လာလိုက်ကြတဲ့လူနာတွေတန်းကိုစည်နေတာပဲ
    ဆရာဝန်တွေတောင်ပါသေးဗျာ

    ဆရာဝန်တိုင်းမဆိုလိုပေမဲ့ဘယ်လိုဆရာဝန်ဖြစ်လာ
    မှန်းမသိတဲ့ဆရာဝန်တွေရှိသလို
    ဘယ်လိုမြန်မာဆေးဆရာမှန်းမသိတဲ့ဆရာတွေ
    လည်းရှိပါတယ်

    တကယ်တော်တကယ်တတ်တဲ့ဆရာဝန်တွေများ
    သလို
    အနောက်တိုင်းဆေးနဲ့ဘယ်လိုမှ
    ရှင်ပြလို့မရတဲ့တိုင်းရင်းဆေးစွမ်းကောင်းတွေ
    လည်းတကယ်ရှိတာယုံပါ
    ကျွန်တော်တို့ကရှင်ကြီးဝမ်းလည်းဝင်ဖူးပြီ
    ရှင်ငယ်ဝမ်းလည်းဝင်ဖူးပြီ
    အသက်ကိုဉာဏ်စောင့်ပါတယ်

  • nozomi

    May 9, 2011 at 5:37 am

    လူနာကို ဆေးနဲ့လဲကု စိတ်နဲ့လဲ ကုမှ အောင်မြင်မှု ရာခိုင်နှုန်းများမှာပါ
    ဆရာဝန်လေးက သဘောလဲကောင်း မျက်နှာကလဲချို ဈေးကလဲသက်သာလို့ လာချင်ကြတယ် ရှေ့က မန်နေဂျာ မမ က အားလုံးကိုဘုတောလွှတ်နေရင် ရောဂါပိုလို့ ဆိုးနေပါဦးမယ် သူတို့လဲ သူတို့ ညဏ်ပညာ၊သူတို့အသိ၊သူတို့တတ်နိုင်တဲ့ငွေကြေး၊သူတို့အပူနဲ့မို့ တတ်နိုင်သလောက် စိတ်ရှည်ရှည် အပြုံးချိုချို နဲ့ဆို ဆရာလေးကိုတောင် မတွေ့ရသေးဘူး မန်နေဂျာ မမလေး ကြောင့် ရောဂါတွေ သက်သာပျောက်ကင်းသွားမှာပါ

  • လင်းဝေကျော်

    May 9, 2011 at 10:42 am

    ဖတ်မိပြီး အတော်ကို တုန်လှုပ်မိပါတယ်။
    အရေးယူမှုတွေက နည်းပါးလွန်း ပေါ့လျော့လွန်းလို့ ဒီလို အတင့်ရဲလာကြတာပါ။
    မြန်မာပြည်မှာ နိုင်ငံရေးလုပ်ရင်တော့ ချက်ချင်း ဂိသွားမယ်။ ကျန်တာတော့ ဘာလုပ်လုပ် ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးပဲ။
    မြန်မာပြည်မှာ အမှုတွေကို အလကားလိုက်ပေးမယ့် ရှေ့နေတွေ များများ လိုနေသလို၊ ဥပဒေ သက်ရောက်မှု လျော့လျဲလျဲဖြစ်နေတာတွေကိုလည်း အများကြီး ထောက်ပြပေးဖို့လိုနေပါပြီ။

  • paukpauk

    May 9, 2011 at 2:20 pm

    လင်းဝေကျော်ရယ်..
    မြန်မာပြည်ရှေ့နေဆိုတာ ဘယ်လိုမျိုးတွေများတယ်သိသားနဲ့။
    တရားသူကြီး … ဟင်းဟင်း…ပိုသေးတယ်။
    တရားဥပဒေဘယ်လောက်စိုးမိုးတယ်ဆိုတာ သူတို့အကျင့်သိက္ခာနဲ့ တိုက်ရိုက်အချိုးကျတယ်လေ။
    မြန်မာပြည်မှာ ပညာတတ် သတ္တိရှိတဲ့သူတွေ အများကြီးလိုနေပါတယ်။

Leave a Reply