တစ်ချိ်န်က Facebook ပါ်က ခံစားချက် စာစုလေးတစ်ခု
ကျွန်တော့်ရဲ့ Biography အပြည့်အစုံလေးပါ။
by စိုင်း ကွမ်းခေး on Friday, May 28, 2010 at 7:16am
ကျွန်တော့်ကို အဖေ ဗိုလ်ကြီး??၊ အမေ ???? တို့က မန္တလေးမြို့၊ မျက်ပါးရပ်က ခလရ(–)(ခုတော့ စုဆောင်းရေး(၂))မှာ ၁၉၈? ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့၊ စနေနေ့မနက် (၄း၃၀)မှာ မွေးခဲ့တာပါ။
၁၉၈ရ ခုနှစ်မှာတော့ တမခ(–)၊ ပြည် (ခုတော့ ဒကစ(–) )ပြောင်းပြီး မူကြိုတက်ခဲ့တယ်။
၁၉၉ဝ ခုနှစ်မှာတော့ ခလရ(–) ရွှေပြည်သာကိုပြောင်းပြီး အ.မ.က(-)ရွှေပြည်သာမှာ သူငယ်တန်းကနေ (၄)တန်းအောင်တဲ့အထိ ကျောင်းတက်ခဲ့တယ်။
၁၉၉၄ ခုနှစ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းက စိုင်းထီးဆိုင်၊ စိုင်းဘိုဘိုတို့ရဲ့ ဇာတိ လင်းခေး(ရှမ်းလိုတော့ လန်းခေး) ခမရ(—)ကိုပြောင်းခဲ့ပါတယ်။ အ.ထ.က(လင်းခေး)မှာ (၅)တန်းတက်ခဲ့ရတယ်။
ပြောင်းသံသရာမကုန်သေးတဲ့ ကျွန်တော်ဟာ ၁၉၉၅ ခုနှစ်မှာ ပြင်ဦးလွင်??? (ခုတော့ သပိတ်ကျင်းကိုပြောင်း) ကို ရောက်ခဲ့ရပြန်ပါတယ်။ အ.ထ.က(၃) ပြင်ဦးလွင်မှာ (၅)တန်းစာမေးပွဲဖြေပြီးတော့ ၁ဝ တန်းအောင်တဲ့ထိ နေခဲ့ရတယ်။ ကျွန်တော့်ရဲ့ ဇာတိလို့ပဲပြောရမှာပေါ့။ ဘဝမှာ တစ်သက်တာအတွက် အမှတ်တရတွေ ရှိခဲ့တာလေ…။
၂၀၀၁ ခုနှစ်မှာတော့ ကျွန်တော့်အဖေလဲ အငြိမ်းစားယူပြီး ရန်ကုန်ကို ပြောင်းလာခဲ့ကြပါတယ်။
ကျွန်တော့်ဘဝရဲ့ အိမ်မက်က ကျွန်တော့်အသက် ၁ဝ နှစ်သား(၃တန်း)လောက်က စတယ်လို့ပဲဆိုရမယ်။ အောင်မြင်ကျော်ကြားတဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ခဲ့တာလေ..။ ကျွန်တော်က ငယ်ငယ်ကတည်းက အတန်းတိုင်းမှာ (၁-၃) အမြဲဝင်နေကျလေ။ ဒီတော့ ကျွန်တော့်အိမ်မက်လေးက ပိုခိုင်မာလာတာပေါ့။
ဒါပေမယ့် လောကကြီးက မာယာတော်တော်များတာလား။ ပြင်ဦးလွင်ကို ရောက်ကတည်းကစပြီး မိဘတွေရဲ့ အိမ်ထောင်ရေးဟာ ငွေကြေးအတွက် တော်တော်စကားများခဲ့ကြတာ။ ကျွန်တော့်အဖေကလဲ တစ်ယူသန်။ နိုင်ငံတော်ကပေးတဲ့လစာနဲ့ လောက်အောင်စားကြဖို့ အမြဲပြောသလို အမေကလဲ ကောင်းကောင်းနေ၊ ကောင်းကောင်းစားချင်တယ်။ ဒီတော့ ဘယ်မှာလာအဆင်ပြေတော့မလဲလေ။
မြေဇာပင်ဖြစ်ခဲ့ကြရတာတော့ အရွယ်မရောက်သေးတဲ့ ကျွန်တော်တို့မောင်နှမ(၃)ယောက်လေ။ ပိုဆိုးတာက ကျွန်တော်လေ။ ကျွန်တော်က အလပ်(သူများလို “အလတ်”မဟုတ်ဘူး)ဖြစ်နေလို့။ အစ်မကိုကျတော့ သမီးဦးမို့လို့တဲ့၊ ကျွန်တော့်ညီလေးကျတော့ အငယ်ဆုံးလေးမို့လို့တဲ့။ ကျွန်တော်ကျတော့……။ ကျွန်တော့်ရဲ့ ငယ်ဘဝ၊ ကျောင်းသားဘဝတွေက ပျော်စရာမှတ်တမ်းတွေ မရှိခဲ့ရပါဘူး။ အလုပ်ကြမ်းကို မှတ်မှတ်ရရ ၁၂ နှစ်သား (ကျွန်တော် ၆ တန်း)တုန်းက စခဲ့တယ်လို့ပဲပြောရမယ်။ ကျွန်တော်တို့နေရတဲ့လိုင်းခန်းလေးမှာ မြေ(၁)ဧကလောက်အပိုရှိတယ်။ အဲဒီမြေမှာ ကိုက်လံ၊ မုန်ညင်း၊ ဂေါ်ရခါးသီး၊ အက်စတာ(မေမြို့ပန်း)၊ ဘူးသီး စုံနေအောင် စိုက်ခဲ့ရပေမယ့် အိမ်စရိတ်ဆိုတာ ဘယ်လောက်ငှပါ့မလဲနော်။ ဒီတော့ကျွန်တော့်မှာ မနက်ဆို သူများတွေချမ်းလို့ ကွေးနေတဲ့အချိန် မနက်စောစော (၆)နာရီလောက်မှာ အပင်တွေရဲ့အရွက်တွေကို နှင်းရိုက်ပြီး အရွက်တွေဝါကုန်ရင် ဈေးကောင်းမရမှာစိုးလို့ ရေထလောင်းရတယ်။ ညနေ ကျောင်းက ပြန်လာရင် ကျောင်းဝတ်စုံချွတ်၊ တောစီးဖိနပ်၊ ဂျင်းဘောင်းဘီလဲပြီးတော့ တောထဲကို ဓါးတစ်ချောင်းနဲ့ ထွက်ခဲ့ရပြန်တာပေါ့။
ဒီလိုနဲ့ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ သူများတွေလို သူငယ်ချင်းတွေနဲ့ မကစားနိုင်ဘဲ တစ်ပါတ်လုံး ခုတ်လာခဲ့တဲ့ ထင်းတွေကို ဖြတ်တောက်၊ နေလှမ်းလုပ်ရတယ်။ ပြီးရင် စိုက်ခင်းထဲမှာ ဆေးဖြန်း၊ ပေါင်းသင်လုပ်ရတာနဲ့ ကျွန်တော့်ရဲ့ ကျောင်းပိတ်ရက်တွေကို ကုန်ဆုံးခဲ့ရတယ်။ ကျောင်းရက်ရှည်ပိတ်ပြီဆိုရင် ကျွန်တော်ရယ်၊ ကျွန်တော့်ညီလေးရယ် အဖေ့ရဲ့ အမိန့်တစ်ခုကြောင့် ဆာလာအိတ် တစ်ယောက်တစ်လုံးစီဆွဲ စက်ဘီး ကိုယ်စီနဲ့ နွားစားကျက်တွေဆီ ထွက်ခဲ့ရပြန်တယ်…။ အမိန့်က… စိုက်ခင်းမှာအသုံးဝင်တဲ့ နောက်ချေး(နွားချေး)တွေကို ဝယ်ရင် ပိုက်ဆံကုန်တယ်တဲ့၊ ဒါကြောင့် ကျွန်တော့်မှာ နွားချေးလိုက်ကောက်ရတာပေါ့။ တစ်ခါတစ်လေများ ကျောင်းက သူငယ်ချင်းတွေများ တွေ့ခဲ့ရင် ဝါးခမောက်ကို အမြန်ဆွဲချ၊ မျက်နှာလွှဲလုပ်ရတယ်။ ဘာပဲပြောပြော နောက်ရက်ကျတော့ ကျွန်တော့်မှာ အလှောင်ခံ သတ္တဝါကြီး ဖြစ်ရမြဲပါပဲလေ..။
ကျောင်းတက်ရတော့ သူများတွေလိုနှစ်တိုင်း လွယ်အိတ်လှလှလေး၊ ကွန်ပါဘူးအသစ်၊ ကျောင်းဝတ်စုံ အသစ်လေးနဲ့ မတက်နိုင်ခဲ့ဘူး။ အစ်မရဲ့ လွယ်အိတ်အဟောင်းကိုလွယ်၊ သူမသုံးတော့တဲ့ ကွန်ပါဘူး( M တံဆိပ်)ရယ်၊ လပခ ကထောက်ပံ့တဲ့ ဗလာစာအုပ် ညိုညစ်ညစ်တွေရယ်၊ မြဝတီ ဘောပင်အကောင်းစားတွေနဲ့ တက်ခဲ့ရတယ်။ အင်္ကျီရယ်၊ ဖိနပ်ရယ်ကတော့ မပူရပါဘူး။ ကျွန်တော့်အဖေရဲ့ အင်္ကျီဖားဖားကြီးရယ်၊ ဖိနပ်နောက်မြီးထွက်ရယ်နဲ့ အဆင်ပြေခဲ့တယ်။ ကျောင်းမှာတော့ ဆရာမက အမြဲဆူတယ်။ ဘာလို့ အင်္ကျီ အဝါရောင် ဝတ်ရတာလဲတဲ့ ကျွန်တော်လဲ ဘာပြန်ဖြေရမယ်မှန်းတောင်မသိဘူး၊ ပြုံးပြီးဆူသမျှခံလိုက်ရတာပဲလေ။ ဘယ်ရမလဲ ကျွန်တော်ကအရာရှိသားသမီးလေ၊ ပြောရင်ယုံမှာမှ မဟုတ်တာ။
ကျောင်းစိမ်းပုဆိုးကတော့(၆)တန်းနှစ်မှာ ဝယ်ပေးထားတဲ့(၂)စုံတောင်ရှိတာပဲ။ (၈)တန်းနှစ်ထိဝတ်ခဲ့တာ။ နေ့တိုင်း အပေါ်အောက်လှန်ဝတ်နေတာ။ သူများတွေကပြောတယ်.. မင်းအိပ်ချင်မူးတူးနဲ့ ကျောင်းလာတာလားတဲ့? ပုဆိုးကို အပေါ်အောက် မှားဝတ်လာတာတောင်မသိဘူးလို့ပြောကြတယ်။ ကျွန်တော်လဲ အေးကွာ…. လို့ပဲ ပြန်ပြောနိုင်ခဲ့တယ်။ မုန့်ဖိုးကတော့ ရလိုက်၊ မရလိုက်ဆိုတော့ ကျွန်တော့်ကို ခင်တဲ့သူငယ်ချင်းလဲ များများစားစားမရှိပါဘူး။ ရှိတဲ့သူတွေကလဲ ကျွန်တော်ကပ်ပြီးစားမှာစိုးလို့နဲ့တူပါတယ်။ ကြာကြာမပေါင်းကြဘူး။ ဒီလိုနဲ့ပဲ ကျွန်တော့်မှာ တစ်ကိုယ်တည်း ကျောင်းအားချိန်တွေမှာ စာတွေပဲထိုင်ကျက်နေရင်းနဲ့ အလိုလိုစာတော်တဲ့သူ တစ်ယောက်ဖြစ်လာတာပေါ့။
ဆုယူခဲ့တဲ့အမှတ်တရတွေထဲက ဘဝမှာ ခုချိန်ထိအမှတ်ရနေခဲ့တဲ့ ရက်ကတော့ ၁၉၉၈ ခုနှစ်က (၇)တန်းအတွက် ပထမဆုကို တက်ယူခဲ့တုန်းကလေ။ ဆုယူမယ့်နေ့မှာ အဖေက သူမလိုက်နိုင်ဘူးတဲ့။ ဒီလိုနဲ့ ကျွန်တော်ရယ်၊ အမေရယ် ကျောင်းကို လမ်းလျှောက်ပြီးထွက်လာတာပေါ့။ ကျွန်တော်ကလဲ မြောက်ကြွ မြောက်ကြွနဲ့လေ။ ဆုရကျောင်းသားအတွက် သူများဆီက ငှားပေးလိုက်တဲ့ ကျောင်းစိမ်းပုဆိုးရယ်၊ အဖေ့ဆီကတော်တော်ပြောပြီးတောင်းဝတ်ထားတဲ့ အင်္ကျီအဖြူရယ်၊ ကတ္တီပါဖိနပ်ရယ်နဲ့လေ။ ဆုပေးပွဲမစခင် ကျောင်းက စမူဆာရယ်၊ လက်ဖက်ရည်ရယ်တိုက်တော့ အမေကပြောတယ်၊ တစ်စက်မှ မကောင်းဘူးတဲ့။ ကျွန်တော်နဲ့စာပြိုင်ဘက် ကောင်မလေး(၂)ယောက်က ဒုတိယ၊ တတိယရလို့တဲ့ သူတို့ရဲ့မိဘတွေက သူများတွေကို ဂုဏ်ယူဝင့်ကြွားပြီးပြောနေကြတာ မြင်နေရတော့ ကျွန်တော့်စိတ်ထဲမှာလေ…..။ ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ပထမဆုအနေနဲ့ ဂုဏ်ပြုလွှာစာရွက်တစ်စောင်ရယ်၊ ပိုက်ဆံ(၁၇၅ိ/-)ရယ်ရတယ်။ ဓါတ်ပုံ(၂)ပုံရယ် ရိုက်ဖြစ်တယ်။ ဒီလိုနဲ့ ဆုပေးပွဲက ပြန်လာတာပေါ့လေ။
ခုမှ ဆုပေးပွဲအမှတ်တရက စတာ။ အပြန်လမ်းတစ်လျှောက် ကျွန်တော့်ကို အမေက ခေါင်းခေါက်၊ ဗိုက်လိမ်ဆွဲပြီး ပြောတယ်။ “နင်က မိဘဆရာအသင်းကြေး ၁၃၅ိ/- ထည့်ရတယ်။ ဆုရတာကျတော့ ဘာမှအသုံးမကျတဲ့ စာရွက်ရယ်၊ ပိုက်ဆံ ၁၇၅ိ/-ပဲရတာ။ ဘာလို့ဓါတ်ပုံ (၂)ပုံတောင်ရိုက်ရတာလဲ။ လူကြားထဲမှာ ပူဆာနေလို့သာမပြောတာ။ ခုတော့ နင်ဆုရတဲ့ပိုက်ဆံ နင်သုံးတာနဲ့ကုန်ရောပေါ့” ဆိုပြီး ဆူလာလိုက်တာ ကျွန်တော့်မှာ ဆုပေးပွဲကအပြန် “အငိုမျက်လုံး အပြုံးမျက်နှာ” နဲ့လေ။ အဲဒီကစလို့ ၈/ ၉/ ၁ဝ တန်းတွေမှာ ကျွန်တော်ဆုမယူတော့တာက ဘဝမှာ အမှတ်တရပါပဲ။ ကျွန်တော့်အမေပြောတဲ့ အသုံးမကျတဲ့ စာရွက်တွေရယ်လဲ အမှတ်တရသိမ်းထားခဲ့ရာကနေ ပျောက်သွားခဲ့တာ ခုချိန်ထိပါပဲ……။
၁ဝတန်းနှစ်ရောက်တော့ ကျွန်တော်လဲ ခြံစိုက်သမားရာထူးကနေ အငြိမ်းစားယူလိုက်တယ်။ ကျွန်တော့်အိမ်မက်ကို အကောင်အထည်ဖော်ရတော့မယ်လေ။ နွေရာသီ(၃)လကို Promotion အနေနဲ့ အလကားဖွင့်ပေးတဲ့ စံမြင့်မိုရ် ကျူရှင်မှာတက်ရတယ်။ April, May ပြီးတော့ စာမေးပွဲလုပ်တော့ ကျွန်တော်က ပထမရတယ်။ Jun ကစလို့ ကျူရှင်ခတောင်းပါလေရော။ (၃၅၀ဝိ/-) ကြီးများတောင်။ Jun လအတွက်တော့ အိမ်ကပေးတယ်။ July ကျတော့ ကျွန်တော့်ကျောင်းစရိတ်ဟာ အမေ့ရဲ့ ဈေးဖိုးဖြစ်သွားတာပေါ့။ ဒါနဲ့ ကျွန်တော်က အမေ့ကိုမေးတယ်.. ကျွန်တော်ဘာဆက်လုပ်ရမှာလဲလို့? ဒီတော့အမေကပြောတယ် “ဆရာဆီမှာ အလကားတက်ရအောင်ပြောပေါ့၊ မရရင်လဲ တက်မနေနဲ့တော့ပေါ့” လို့ပြောတယ်။ ကျွန်တော်က မတက်ရင် ဘယ်လိုလုပ်ပြီး ၁ဝ တန်းကို ဂုဏ်ထူးတွေနဲ့ဘယ်အောင်နိုင်ပါ့မလဲဆိုတော့ ယောက်ျားလေးပဲတဲ့၊ ဆယ်တန်းမအောင်လဲ လုပ်စားစရာအများကြီးပါလို့ပြောတယ်။ အဲဒီလိုပြောတဲ့အချိန်မှာ ကျွန်တော့်အစ်မက ၁ဝ တန်းတစ်နှစ်ကျထားပြီး ကျွန်တော်နဲ့တစ်နှစ်တည်း ပြန်တက်နေရတယ်။ သူတစ်ယောက်ထဲစာမကျက်တတ်လို့ဆိုပြီး ညီမဝမ်းကွဲတစ်ယောက်ကိုပါ အိမ်ပေါ်ခေါ်တင်ပြီး ကျောင်းထားပေးနေရတာလေ။
ကျွန်တော်လဲ ကျူရှင်ကို ဆက်ပြီးမသွားတော့ဘူးလေ။ မျှော်လင့်ချက်ကတော့မကုန်သေးဘူး။ ဒီလိုနဲ့ပဲ အဖေက အိမ်မှာကျွန်တော့်ကိုအမြဲတွေ့နေတော့ ကျူရှင်မသွားဘူးလားမေးလို့ ကျွန်တော့်မှာ ညစဉ် လွယ်အိတ်လွယ်ပြီး အပြင်မှာ စက်ဘီးတစ်စီးနဲ့လျှောက်သွားနေရင်းနဲ့ ကျူရှင်က လမ်းသရဲကောင်တွေတွေ့ရာကနေ စာဆက်လေ့လာဖို့ နည်းလမ်းရလာခဲ့တယ်။
ဒီလိုပါ…. သူတို့က ကျူရှင်တက်ရမှာပျင်းတယ်။ စာမေးပွဲတော့အောင်ချင်တယ်လေ။ ကျွန်တော်က သူတို့ကို ကျူရှင်ကစာတွေ ကူးခိုင်းလိုက်တယ်။ ကျွန်တော့်ဖာသာ လေ့လာတယ်။ သူတို့ကို လဖ္ဘက်ရည်ဆိုင်မှာ ကျွန်တော်က ပြန်ရှင်းပြတယ်။ အဲလိုနဲ့ အချိန်တွေကုန်လာလိုက်တာ ဇန်နဝါရီကျတော့အဖေက ကျွန်တော်နဲ့ “ အိမ်သူ” လက်ဖက်ရည်ဆိုင်မှာစကားအေးအေးဆေးဆေး စကားပြောတော့ စာတွေရပြီလားတဲ့။ ကျွန်တော်လဲ စိတ်နာနာနဲ့ ကျူရှင်မှမတက်ရတာ၊ ကျမှာလို့ပြောလိုက်လို့ အဖေနဲ့ အမေနဲ့ ညကျတော့ ရန်ဖြစ်ကြပါလေရော။ ကျွန်တော့်ကိုလဲ အမေက “နင်က မိဘတွေကို ရန်တိုက်ပေးတဲ့ကောင်၊ အိမ်မှာမနေနဲ့ …. ဆင်း” ဆိုလို့ ကျွန်တော်အိမ်ကနေ ဖိနပ်မပါ၊ ဇန်နဝါရီရဲ့ အအေးဓါတ်တွေကြားထဲကနေ မက်သဒစ် ဘုရားကျောင်းကို ဆင်းပါလေရော။ မနက်ကျတော့ ကျွန်တော့်ကိုများ ဘယ်သူက စိတ်ပူပြီးလိုက်ရှာမလဲဆိုပြီးစောင့်နေရင်းနဲ့ ဘယ်သူမှ လာမခေါ်တော့ မနေနိုင်တော့တာနဲ့ ခပ်ရှက်ရှက်နဲ့ပဲ အိမ်ပေါ် ပြန်တက်ရတာပေါ့။
အဖေကမေးတယ်၊ မင်းဘာဖြစ်ချင်တာလဲတဲ့၊ ကျွန်တော်က အင်ဂျင်နီယာဖြစ်ချင်တယ်ပြောတော့ အဖေက မင်းသာဆယ်တန်းအောင်အောင်လုပ်၊ ကျန်တာငါတာဝန်ယုူတယ်ပြောလို့ ကျွန်တော်ဆယ်တန်းစာမေးပွဲကို ၂၀၀၁ ခုနှစ်မှာ ဝင်ဖြေခဲ့တယ်။ ကျွန်တော်ဖြစ်ချင်တာက အနည်းဆုံး 4 D ပါချင်တာလေ။ ဘယ်လိုဖြစ်နိုင်မှာလဲ ဒီအခြေအနေကျမှလေ။
ဒီလိုနဲ့အောင်စာရင်းတွေထွက်ပြီဆိုတော့ ကျွန်တော်ရယ်၊ သူငယ်ချင်း သိန်းဝင်းရယ် မနက် ၈းဝဝ လောက်ထွက်လာတာပေါ့။ သူကကျတယ်၊ ကျွန်တော်ကအောင်ရုံပဲအောင်တယ်။ ဂုဏ်ထူးမပါလို့ မျက်နှာက မကောင်းပေါ့။ သိန်းဝင်းကတော့ ပျော်လို့၊ နောက်တစ်နှစ်ပြန်တက်ရလို့တဲ့။ အမှတ်စာရင်းလဲထွက်ရော ကျွန်တော်က ၂၉၈ မှတ်ရတယ်၊ ကျောက်ဆည် GTC မှီလို့ အဖေ့ကိုပြောတော့ သူကကျောင်းစရိတ်ကို မထောက်ပံ့နိုင်ဘူးတဲ့၊ ကျွန်တော့်ဖာသာ ညဘက်အလုပ်လုပ်ပြီး ကျောင်းတက်နိုင်ရင်တက်ပေါ့လို့ ပြောတဲ့နေ့ကစပြီး ကျွန်တော့်ငယ်စဉ်ကလေးဘဝက တစ်ရှိုက်မက်မက် မက်ခဲ့ရတဲ့ အိမ်မက်လေးဟာ
လွင့်…………………
ဝေး………………….
ပျောက်ကွယ်ခဲ့ရတာပါ။ ။
ခုတော့လဲ ကျွန်တော်ဟာ အလုပ်ပေါင်းစုံလုပ်၊ အဝေးသင်တက်၊ ဘယ်ကမှလက်မခံတဲ့ဘွဲ့ရပြီး နောက်ဆုံး UAE မှာ အလုပ်လုပ်နေရတော့တာပါပဲ။ တစ်ခါတစ်လေများ ပညာရေးနဲ့ပါတ်သက်လို့ ကျွန်တော့်ကို နလပိန်းတုံးမို့လို့ ပညာတတ်တစ်ယောက်မဟုတ်တာပေါ့လို့ပြောတဲ့ အခါများဆိုရင်လေ… ဘာပြန်ပြောရမယ်မှန်းကိုမသိဘူးဗျာ။ ဘယ်သူ့ရဲ့အပြစ်လဲ? ဘယ်သူ့ချို့ယွင်းချက်ကြောင့်လဲ? မတွေးချင်တော့ဘူးဗျာ။ လက်ရှိဖြစ်နေတဲ့ ဘဝကိုပဲ လက်ခံရတော့မှာပေါ့ဗျာ…..
(တစ်ခါက အမှတ်တရ အရေးအသားလေးတစ်ခုပါ၊ ခုချိ်န် ပြန်မရေးနိုင်တော့ပါဘူး)
15 comments
bigcat
May 9, 2011 at 2:32 am
ပို့စ်အစပိုင်းဖတ်ပြီး စစ်ဗိုလ်သားသမီးဖြစ်နေလို့ နောက်အုံးမလို့ဘဲ၊ ဒါပေမဲ့ ဖတ်ရင်းနဲ့ ကိုယ့်ဒူးကိုယ်ချွန်စိတ်ကို လေးစားလာလို့ (တကယ်ဟုတ်ရင်ပေါ့) နောက်များမှပဲ နောက်ပါတော့မယ်။
ခင်ဗျားလိုပဲ ကိုယ့်ဘဝကိုယ်ကျောင်းခဲ့ရတဲ့ သူတဦးအကြောင်းကို ဟစ်တိုင်မှာ ဖတ်ရလို့ မှတ်ချက်မှာ ထည့်ပေးလိုက်ပါတယ်။
ယူအေအီးမှာ
လူပေကြီးအဖြစ်နဲ့
သူများသမီးပျိုကို
အားပါးတရ
ကြူစေသတည်း…..လို့
ဆုမွန်ကောင်း တောင်းလိုက်သည်…..
အိုးအိမ် မဲ ့လမ်းဘေး ဘဝ မှ ဟားရ်ဗားဒ် Harvard တက္ကသိုလ် သို ့–လင်းလင်း
–/25,Apr, 2011
http://hittai.net/?show=rm&fileid=57&t=home6&id=6
– Liz Murray အား (New York )နူးယောက် ပြည်နယ် ဘရော်းစ်(Bronx) မြို ့တွင် ၁၉၈ဝ ၌ မွေဖွားခဲ ့သည်။
သူမ ၏ မိဘများမှာ ဆေး၊ ဘိမ်း စွဲသူများ ဖြစ်ပြီး မိသားစု အတွက် ထောက်ပံ ့မည် ့အစား ရသမျှ မရှိစလောက်သော ဝင်ငွေ များကို သူတို ့ ခဏသာ စိတ်ဖြေ ရာ အဖြစ်သာ အသုံးပြုသည်။
လိဇ် (Liz) နဲ ့သူမ၏ အမ (Lisa) တို ့နှစ်ဦးမှာ အစာငတ် ပျက် တစ်လှည် ့ အသက်ကို ကြုံရာ ဆက်နေရရှာသည်။
အဝတ်အစား ဝတ် ရန် မရှိသဖြင် ့ တစ်ထည်တည်းရှိသော အဝတ် တစ်စုံကို နေ ့တိုင်း ညစ်ပတ် နံစော်နေသည် အထိ ဝတ်သည်။
စတိုးဆိုင်များမှ လွင် ့ပစ်သော အစားအစာ များကို ကောက်စားရင်း တစ်နေ ့တာ ဘဝကိုတင် မျှော်လင် ့ချက်ကင် ့မဲစွာ ဆက်နေရသည်။
မည်သို့ ပင် ခက်ခဲစေကာမူ လိဇ် (Liz) အမ (Lisa ) တစ်ယောက် ကျောင်းကို အဆက်မပြတ် တက်နေခဲ ့သည်။ သို ့သော် စိတ်ပျက် စရာကောင်းသော သူတို ့မသားစု ၏ အငှားခန်း ၊ မိဘနှစ်ပါး ၏ သားသမီးအပေါ် ပြုစုစောင် ့ရှောက်မှု ဝတ္တရား ခေါင်းပါးခြင်း၊ သွန်သင် လမ်းပြမှုလုံးဝမရှိခြင်းတို ့ကြောင် ့ လိဇ် ကျောင်းတက်ချင် စိတ် မရှိပါ။
မိဘ အုပ်ထိန်းမှု အောက် တွင် မှီခို ကျောင်းတက်ရမည် ့ အရွယ် ၉ နှစ် သမီး လိဇ် တစ်ယောက် ရပ်ကွပ် စတိုး ဆိုင် များ တွင် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက် ကာ ဆိုင်နောက်ဘေး အမိုက်သိမ်း သန် ့ရှင် ့ရေး စသော ရရာ အလုပ်ကို လုပ်ခဲ ့သည်။
– Sandwich (ဆန်းဝိချ် ) တစ်ခု မျှသာ ဝယ် ရန် လုံလောက်သော တစ်နေ ့စာ လုပ်ခ ကို ပင် မိခင် ဖြစ် သူ က လူးယှက် ကာ ဆေး ဝယ် သုံး စွဲပစ် သည်။ မိခင်ဖြစ်သူ က သား သမီး များ ကို စောင် ့ရှောက် မည် ့ အစား သူမ၏ သမီး လိဇ် က သာ မိခင် အား ကလေး တစ်ယောက် ပမာ စောင် ့ရှောက် ခဲ ့သည်။
တစ်လ သုံးရက် ခန် ့သာ ကျောင်းတက်ဖြစ်သော လိဇ် မှာ အတန်းထဲ ့တွင် အခြားကျောင်းသား ကျောင်းသူ များ ၏ လှောင်ခြင်းကို လည်းနေ ့တိုင်း ခံခဲ ့ရသည်။ သူမ ၏ ညစ်ပတ် သော အဝတ်အစား နဲ ့ ဖရိုဖရဲ သော ဆံပင်များ ကြောင် ့ သူငယ် ချင်း ဟူ၍ လည်း မရှိပါ။ သူငယ် ချင်း အသိုင်း အဝို်င်း မှ စွန် ့ပစ် ခြင်းကို ခံရသူလည်းဖြစ်သည်။
လိဇ် အမေတွင် အေအိုင်ဒီအက်စ် (AIDS) နဲ ့တီဘီ ရောဂါရှိကြောင်း သူမ အမေကိုယ်တိုင်ပြောပြ၍ လိဇ် အသက် ဆယ်နှစ် အရွယ်တွင်သိခဲ ့ရသည်။ သို ့သော် မိခင်ဖြစ်သူ ဆေးစွဲ သူသည် သူမ ကျောင်း မတက်ခဲ ့သောကြောင် ့ ဤကဲ ့သို ့ သော ဘဝရောက်ခဲ ့ရ ကြောင် ့ လိဇ် အား နေ့တိုင်း ပြောကာ ကျောင်း ပြန် တက်ရန် လိဇ် အား တိုက်တွန်း ခဲ ့သည်။
AIDS ရောဂါဖြင် ့ လိဇ် အသက် ဆယ်ငါးနှစ် အရွယ်တွင် လိဇ်၏မိခင် ဆုံးသွားခဲ ့ပြီး ဖခင် ဖြစ်သူ သည် လည်း အိမ်ခန်းငှား ခ မပေးနိုင်သောကြောင် ့ အိမ်ယာ မဲ ့ သူ တို ့ ခိုလုံ ရာ ဒုက္ခသည် ဇရပ် သို ့ ပြောင်းရွေးခြင်းခံရသည်။
– ထို အချိန်မှ စ၍ လိဇ် သည် အတောင် မစုံ သော ငှက် ငယ်လေး ပမာ လေလွင် ့ရာ စုံ ၊ ဆန် မျှော ရင်း နားခိုရာမဲ ့ လမ်းဘေးဘဝသို ့ ရောက်ခဲ ့ရ ကာ ခွက်လက်စွဲ တောင်းစား ရတော ့သည်။
အပျိုပေါက် စ အရွယ် ဖြစ် သော်လည်း သူတစ် ပါး များ နဲ ့မတူ သူမ ဘဝသည် ခြားနား လွန်းလှ သည်။ Subway ၊ ရထား ၊ အဆောက် အအုံ ဟောင်း စသော နေရာများ တွင် ကြုံ ရာ အိပ် ရလေသည်။ သူမ အတွက် မနက် ဖြန် ဘယ် နေရာ တွင် အိမ်ရာ မည် ဆို သည် မှာ သေချာသော အဖြေ လုံး ဝ မရှိချေ။
သို ့သော် သူမ အတွက် လမ်းဘေး ရောက် သူတောင်းစား ဘဝ မှ လွတ်မြှောက်ရန် ထွက်ပေါက် လမ်းစ တစ်လမ်း ဤ ကမ္ဘာ တွင် ရှိရ မည် ဟု သူမ ခိုင်မာ စွာ ယုံကြည်ထားသည်။ ထို ယုံကြည် ချက်မှာ ကျောင်းပြန်တက်ရန် ဖြစ်သည် ။
မည် သို ့ပင် လိဇ် ၏ ဘဝ ခက်ခဲ ့ ကြမ်း စေကာမူ ရောက်ရာ နေရာတိုင်း တွင် သူမ နဲ ့အတူ စွယ် စုံ ကျမ်း များ ကို သယ် ဆောင်သွားကာ အချိန်ရှိတိုင်း ဖက်သည်။
လိဇ် ၏ မိခင်တွင် ဆိုးဝါး စက်စုပ် ရွံရှာ ဖွယ်ကောင်းသော ရောဂါများ ခံစား ရသည် မှာ ကျောင်း မတက် အသိပညာ ကင်းမဲ မှု များ ကြောင် ့ ထိုကဲ ့သို ့သော ရော ဂါများဖြင် ့ ခံစား သေဆုံး ရခြင်း ဖြစ် သည် ဟူသော မေ ့မရသည် ့ ကြောက်လန် ့ဖွယ် ဖြစ်ရပ် တစ်ခု သည် လိဇ် အတွက် အကောင်းဆုံး သင်ခန်းစာ သက်သေ တစ်ခု ပင်ဖြစ်သည်။
ထို ့နောက် ကျောင်းပြန်တက်ရန် ဆုံး ဖြတ်ချက် ချ ကာ ကျောင်းတစ်ကျောင်းတွင် နာမည် စရင်းသွင်း ခဲ ့သည်။
သူမ၏ နေရပ်လိပ်စာ နဲ ့ ဖုန်း နံပါတ် ပေး စရာ မရှိသော ကြောင် ့ သူငယ် ချင်း တစ်ယောက်ထံမှ လိပ်စာ အတုကို တောင်း ကာ သူမ၏ လိပ်စာဖြစ်ကြောင် ့ကျောင်းတွင် လိမ်ပေး ခဲ ့သည်။
– လိဇ် သည် တစ်ခြား ကျောင်းသား/ကျောင်းသူ များ ထက် အသက် ကြီး မှ အထက်တန်းကျောင်း တက်ရသည်။
အစာကို ကျောင်းတွင်စား ၍ ကျောင်းမတက်သော နေ ့များတွင် တစ်ရက် တစ်နက်သာ အစာစား သည်။ ကျောင်းတက်ရင်း တစ်အိမ် ဝင် တစ်အိမ် ထွက် ပုဂံဆေး ၊ ကြမ်းတုတ် ၊ သတင်းစာ ၊ဂျာနယ် များ ကို ရောင်း ရင်း နားနေရာ လမ်းဘေး သစ်ပင် များ အောက် တွင် စာကျက်သည်။
လိဇ် သည် အိပ် ချိန် ပင် လုံးဝ မရှိဟု ပြောရလောက်အောင် ရှိသမျှ အချိန် များ ကို ကျောင်းစာ ကျက် မှတ် ခြင်း ဖြင် ့ အချိန်ကုန်စေသည်။ ထိုသို ့ အိပ်ရေး ပျက် အပင် ပန်းခံ ကြိုးစားခြင်းသည် လမ်းဘေးတွင် လက်ဖြန် ့ တောင်း စား ခြင်း နှင် ့ နိုင်းယှဉ် လျှင် မိုး နဲ ့ မြေ ကဲ ့သို ့ ပင် ကွာဟ သော ကြောင် ့ ဆင်းရဲ ဒုက္ခ ပင်ပန်း ခြင်း ကို တစ်ခါ မျှ မငြည်း ညူ ခဲ ့သူလည်း ဖြစ်သည်။
လိဇ် သည် ၄ နှစ် သင် ရသော အထက် တန်းကျောင်း ကို ၂ နှစ် အတွင်း ပြီးစေ သည် သာမက ဘာသာရပ် တိုင်းတွင် အမှတ် ၉၅ ရာ ခိုင်နှုန်း ဖြင် ့ အောင် မြင် ခဲ ့သည်။
အမှတ် အကောင်းဆုံး အတော် ဆုံး ကျောင်းသား ကျောင်းသူ ဆယ် ရောက် ( Liz) (လိဇ် အပါဝင်) တို ့အား ကျောင်းအုပ် ဆရာကြီး က ပညာ တော်သင် ဆု အနေဖြင် ့ Harvard University ( America တွင် နာမည် အကြီးဆုံး တက္ကသိုလ်ထဲမှ တစ်ခု) တက္ကသိုလ် တွင် အခမဲ ခရီးလည် ပတ်စေသည်။
– ထို တက္ကသိုလ် တွင် ပညာသင်ကြား နေသူ အများ စု မှာ ချမ်းသာ သော မိဘ အသိုင်း အဝိုင်း မှ သား သမီး များ ဖြစ်ကြသည် ကို လိဇ် မြင် သော အခါ တွင် သူမ ၏ ဘဝ နှင် ့ ဆီ နဲ ့ရေ ကဲသို ့ ကွာ ခြား နေ သည် ကို သိရ သဖြင် ့ မိမိ ကိုုယ် ကိုယ် စိတ်အား သိမ် ငယ် နေခဲ ့ ရှာ သည်။
သို ့သော် လိဇ် အား ထို တက္ကသိုလ် တွင် ရှောက် ကြည် ့ ရန် ကျောင်း အုပ် ဆရာ ကြီး က တိုက် တွန်း ခ ဲ့သည်။ အထက်တန်းကျောင်း ကို အမှတ် ကောင်း စွာ ဖြင် ့အောင်ခဲ ့ သော်ငြားလည်း ကောလိပ် ဆက်တက် ရန် ပိုက်ဆံ မရှိ သော သူ မ ၏ ဘဝ အတွက် အထောက် အပ ံ့ ဆို သည် မှာ အကယ် စင်စစ် ပင် လို အပ် နေသော အချိန် ဖြစ် သည် အားလျှော် စွာ မမျှော် လင် ့ပဲ ့ သတင်းစာ ကြော် ငြာ တစ်ခု ကို သူမ ဖက်မိ သည်။
ထို သတင်း စာ မှာ နူး ယောက် မြို ့အတွင်း မှ အခက် ခဲ ့ရှိသူ များ မိဘ ဝင် ငွေ နည်း သားသမီး များ အတွက် ထောက်ပံ ့ကြေး ငွေ (scholarship) ရှောက် နို်င် ကြောင်း New York Time မဂ္ဂဇင်း မှ သတင်းကြော်ငြာစာ ဖြစ် လေသည်။
လိဇ် သည် အထက် တန်း ကျောင်း တက်ခဲ ့သော အချိန် တွင် သူမ သည် အိမ်ယာ မဲ ့ လမ်းဘေး က တစ် ကောင် ကြွက်ဘဝ မှ တစ်ယောက်ဖြစ်ကြောင်း မည်သူ တစ်ဦး တစ် ယောက် ကို မျှ သိခွင် ့မရှိအောင် ဖုံးကွယ်ခဲ ့သော် လည်း သူ မ၏ နောင် ရှေးရေး ဘဝ အတွက် သူမ ဖွင် ့ပြော ရန် အချိန်ရောက် လေပြီ။
– လိဇ် မည်ကဲ ့သို ့ လမ်းဘေး ပလက်ဖောင်းကို ခေါင်းအုံး အဖြစ်အသုံးပြုတစ်လှည် ့ တွေ ့တစ်မျှ အရိပ် ကို မိမိ အိမ်အသွင် သက်မှတ်ကာ တစ်နေ ့စာ အတွက် မည် ကဲ ့သို ့ခက် ခဲ ကြမ်းတမ်း စွာ ရှာခဲ ့ရပုံများမှာ စိတ်ကူးယှဉ် ဆန် လှ သည် ဟုပြောရလောက်အောင် သနားဖွယ် ကောင်းသော သူမ၏ အကြောင်း ကို မျက်ရည်စက် များ နဲ ့အတူ ရေးကာ တင်ထား သော သူမ၏ ရှောက်လွှာ အား New York Time မဂ္ဂဇင်း မှ လှိုက်လှုိုက် လှဲလှဲ ပင် ကြို ဆို လက်ခံ အတည်ပြု ခဲ ့လေ သည်။
New York Time မဂ္ဂဇင်း မှ လိဇ် အား ကျောင်းလခ တစ်နှစ် လျှင် ဒေါ်လာငွေ တစ်သောင်း နှစ်ထောင် ဖြင့် ကူ ညီ မည် ဟု ဂတိပေးသည် သာမက လိဇ် အား ဂုဏ်ပြု သည် ့ အနေဖြင် ့ New York Time ၏ ညီလာခံပွဲတော်ကြီး တွင် လိဇ် အား ကျေးဇူး တင် စကားပြောရန် နဲ ့ သူမ ၏ ဘဝ အကြောင်း တစ်စိတ် တစ်ဒေသ ပြောပြရန် တောင်းဆို ခဲ ့သည်။
– ညီလာခံပွဲတော်ကြီး အပြီးတွင် လူအုပ်ကြီး ၏ လက်ခုပ်သံ များ နဲ ့အတူ နတ်သမီး အလား ရုတ်တရပ် ဆို သကဲ ့သို ့ လိဇ် အတွက် အဝတ် အစား ဝယ် ပေးမည် ့သူ၊ အိမ်ခန်းငှားပေးမည် ့သူ ၊ ကျန်းမာ ရေး အတွက် ကုန်ကျစရိတ်အာမခံပေးမည် ့သူ၊ စားနတ်ရိတ်ခါဝယ်ပေးမည် ့သူ၊ စာအုပ်စာတန်းဝယ်ပေး မည် ့သူ၊ ကားဝယ်ပေးမည် ့သူ အစရှိသည်ဖြင် ့ လိုလေသေး မရှိအောင် အလှုရှင်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။
ထို အချိန်မှ စ၍ လိဇ် ၏ ဘဝ ပျော်ရွင် ကြည်နှုး ခြင်းများ နဲ ့အတူ လူ ့လောက အလယ် တွင် လူတစ်ယောက်နဲ ့တူ သော အခွင် ့အရေး များပိုင်ဆိုင် ထားပြီး တက္ကသိုလ် ကျောင်းသူမ ဘဝ အဖြစ် ဟားရ်ဗား(Harvard University) တွင် စတင်တက်ခဲ ့လေသည်။
2009 ခု နှစ် တွင် psychology ဖြင် ့ ဟားရ် ဗား မှ ဘွဲ ့ရခဲ ့ပြီး မဟာ ဘွဲ ယူရန် ဆက်တက် နေသည်။ psychology ဖြင် ့ ဒေါက်တာ ဘွဲ အထိ ရယူရန် ရည်ရွယ် ချက်ရှိ သူ လည်း ဖြစ်သည်။
– ဂုဏ်ပြု ဆု မြောက်များ စွာကို လက်ခံ ရရှိ ၍ လူ သိ ရှင်ကြား ကျော်ကြားသူ သာ မက ယခု အချိန်တွင် လိဇ် သည် အမေရိ ကန် နိုင်ငံ အပြင် အခြား သော နိုင်ငံများ တွင် ကျင်းပသော ညီလာခံများ ၌ သွားရောက်လည်ပတ် မိန်းခွန်းပြော ရန် ငွေကြေးဖြင် ့ ငှား ခေါ် ကြ သည်။
လိဇ် သည် အမေ ရိက နိုင် ငံ သမ္မတ အဖြစ် ပါဝင်ယှဉ်ပြိုင် မဲဆွယ် ရန် လည်း ရည် ရွယ် ချက် ရှိသူ ဖြစ်သည်။
Concise Translated by Peter Lin.
From” Breaking Night ” Novel.
04/21/2011
တောင်းဆို ချက် ။ ။
ဤ post သည် နာဂစ်မုန်တိုင်းနဲ ့ငလျှင်ကြောင် ့ အိုးအိမ်ပျက်စီးခြင်း ခံရသူများ မိဘများနဲ ့တစ်ကွဲ တစ်ပြား ဝေးနေရသော သားမသမီးများ ဒုက္ခရောက်သူများ အတွက် အားပေးစကားအဖြစ် ရည်ရွယ်ကာ ရေးထားခြင်း ဖြစ်သောကြောင် ့ မိမိ ထံမှ သူငယ်ချင်းများ ဆီသို ့၊ သူငယ်ချင်းများ ထံမှတစ်ဆင် ့ ရည်ရွယ်သော သူများထံ အရောက် ပို ့ပေးကြပါရန် မေတ္တရပ်ခံလို ပါသည်။
ချစ်သော လင်းလင်း
– http://kannkawchitthu.blogspot.com Yours affectionately, Peter Lin
ရှူံးနိမ့်မှုများနဲ့.. လူ
May 9, 2011 at 9:08 pm
ဆုတောင်း ပြည့်ပါရစေလို့ပြောရင်လဲ ညာတယ်ဖြစ်နေဦးမယ်.. ကျွန်တော်က ဆုတောင်းတယ်ဆိုတာကို မလုပ်ဘူးဗျ.. ကိုကြောင်ကြီးပြောသလိုပဲ ဖြစ်ချင်ပါတယ်.. လူပေ၊ လူတေ ဘဝကြီးနဲ့ပေါ့ 😀
susunosuki
May 9, 2011 at 4:34 am
ကျွန်တော့်မှာလဲ ဆိုးရွားတဲ့ ပညာရေးလမ်းကြောင်းရှိခဲ့တယ်။ ဒါပေမယ့် စိုင်းကွမ်းခေးလောက်မဆိုးသေးဘူး။ မြန်မာနိုင်ငံမှာ ဒီလောက်ဆိုးတဲ့ ဘဝရှိနေသေးလို့ ကိုယ့်ထက်ဆိုးတဲ့သူရှိသေးပါလားလို့ ဖြေသာသွားတယ်။
မိဘ တွေရဲ့ စိတ်ကူူးနဲ့ အတွေးအခေါ်ဟာ ကလေးတွေရဲ့ ပညာရေးအပေါ်မှာ လွှမ်းမိုးမှုအပြည့်ရှိပါတယ်။
intro
May 9, 2011 at 6:05 am
အရမ်းကိုကောင်းတဲ့ ဘဝခံစားချက်သရုပ်ဖော် စာပေလေးတွေပါဗျာ… ဒါတွေ ဖတ်ပြီး ကိုယ့်ကိုယ်ကို ပိုပြီး ကြိုးစားသင့်တယ်လို့ ခံစားမိလာပါတယ်… ကျေးဇူးပါပဲဗျာ…
warm
May 9, 2011 at 6:35 am
ဆိုးရွားတဲ့ ပညာရေးလမ်းကြောင်း……ဟာ ရှိခဲ့တာပေါ့ မိဘကြောင့်တော့မဟုတ်ဖူး ဆရာကြောင့်.. ခုချိန်ထိ စဉ်းစားမိတိုင်း ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာတယ် ဒါပေမဲ့ ခင်ပွန်းကြီးဆယ်ပါး ကိုလည်း ပြစ်မှားမိမှာလည်း ကြောက်တယ် ..ဘုရားရှိခိုးတိုင်းလည်း ခုချိန်ထိ ကိုယ်မှတ်မိတဲ့ ဆရာ ဆရာမ အားလုံးကို မျက်လုံးထဲမှာ မြင်ယောင်ပြီး ရှိခိုးပါတယ်..
၁ဝတန်း လောက်တုန်းကဆို ဆရာမ က စာသင်ရင် equation လေးတွေမေးတယ် definition လေးတွေမေးပြီးစာသင်တယ် ကိုယ်က ကလေးဆိုတော့လည်း ဆရာမက အဲ့လိုမေးတိုင်း ကိုယ်က စာရပြီးသားဆိုတော့ချက်ခြင်းဖြေမိတာပေါ့ ဒါပေမဲ့ ဆရာမက ကိုယ့်ကိုမဖြေစေချင် မရစေချင်တာ ကိုသိမှမသိတာ ..ဖြေလိုက်တိုင်း ဆရာမမျက်နှာ ပျက်ပျက်သွားတာကိုလည်း သတိမထားမိဘူးပေါ့ နောက်ဆုံးဆရာမက နင်ဖြေစရာမလိုဘူးလို့ ပြောမှပဲ သဘောပေါက်တော့တယ် ဆရာမ သင်ပေးချင်တာ တတ်စေချင်တာ ကိုယ်မှ မဟုတ်ပဲ ဂုဏ်ထူး ဘွဲ့ထူး ရာထူးတွေ ရှိတဲ့ အဖေ အမေ ကနေ ပေါက်ဖွားလာတဲ့ သူတွေကိုပဲ ဆိုတာကိုပေါ့ အဲ့တော့ ကိုယ့်ကိုမြင်နေရရင် ကိုယ့်အသံကြားနေရရင် ဆရာမ စိတ်ဆင်းရဲမှာစိုးလို့ အတန်းထဲမှာ ဆို ဆိတ်ဆိတ်ပဲ နေရင်း ဝမ်းနည်းရင်း ကိုယ်ဟာ လည်း သူလို ကိုယ်လို ရိုးရိုး ၁ဝတန်းအောင်ပြီး နည်းပညာ တက္ကသိုယ်တက် ရတာပေါ့ အဲ့မှာ ကျတော့လည်း ကျောင်းပြီးခါနီး ၁နှစ်ပဲကျန်တော့တဲ့ အချိန်မှာ ကိုယ်နဲ့ တွဲတဲ့ သူငယ်ချင်းတွေက ကျူရှင်တွေတက် ပြီးတော့ ထက်ထက်မြတ်မြတ်လေးတွေ ဆိုတော့ ကျောင်းက ဆရာမ က မျက်စိဆံပင်မွေးဆူးပြီး ပညာပြလိုက်တာ ….မရှုမလှပါပဲ ခုတော့ ကိုယ်ကို့ ပိုချစ်တာလည်းမလိုချင်ဘူး ပိုအခွင့်အရေးပေးတာကိုလည်းမခံချင်ဘူး မျှတ တာလေးပဲ လိုချင်တယ် ကို်ကိုယ်တိုင်လည်း မျှမျှတတ ပဲနေေတော့တယ်…
eros
May 9, 2011 at 9:08 am
ဆိုးရွားတဲ့ ပညာရေးလမ်းကြောင်း……ဟာ ရှိခဲ့တာပေါ့ မိဘကြောင့်တော့မဟုတ်ဖူး ဆရာကြောင့်.. ခုချိန်ထိ စဉ်းစားမိတိုင်း ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာတယ် ဒါပေမဲ့ ခင်ပွန်းကြီးဆယ်ပါး ကိုလည်း ပြစ်မှားမိမှာလည်း ကြောက်တယ် ..ဘုရားရှိခိုးတိုင်းလည်း ခုချိန်ထိ ကိုယ်မှတ်မိတဲ့ ဆရာ ဆရာမ အားလုံးကို မျက်လုံးထဲမှာ မြင်ယောင်ပြီး ရှိခိုးပါတယ်..
ဒါကို သူကြီးမြင်ရင် ဘယ်လိုပြောမလဲ သိချင်ပ။
monmon
May 9, 2011 at 8:33 am
မွန် လည်း အဲဒီလို ကြုံခဲ့ဖူးပါတယ်။ ငယ်ငယ်ကတည်းက ပြိုင်ဘက်တစ်ယောက်ရှိတယ်။ ဆရာဝန် သမီးပေါ့။ ပိုက်ဆံလည်း ချမ်းသာတယ်။ ပြီးတော့ တစ်မြို့လုံးမှာ သူတို့သားသမီးထက် သာတဲ့သူ မရှိစေချင်တဲ့ သူတွေပါပဲ။
အိမ်မှာ ဆရာတွေကို ဝိုင်းခေါ်သင်တယ်။ ဂိုက်ခေါ်သင်တယ်။ ပြီးရင် မေးခွန်းရတယ်။ ဘယ်လောက်ထိလည်းဆိုရင် စာမေးပွဲမှာမှားဖြေမိရင်တောင် ဆရာမအိမ်ကို လာဘ်သွားထိုးပြီး အဖြေလွှာကိုပြင်တယ်။ (နောက်ကျမှ သိရတာပါ။)
အဲဒီတော့ ဆရာတွေက သူ့ကိုပဲ ပထမပေးချင်တယ်။ မွန် ဆို အမြဲတမ်းဖြတ်ချခံရတယ်။ လက်ရေးကြောင့်ဆိုပြီး ကျက်စာဆိုရင် ၂မှတ် အကွာနဲ့ဖြုတ်ချခဲ့တယ်။
ဘယ်အရာမဆို သူ့ကိုပဲ အရေးပေးခဲ့ကြတာပါ။ ဘယ်လောက်ကြိုးစားကြိုးစား။အချိန်တန်တော့လည်း ဒုတိယပါပဲ။
ဒါပေမယ့် အဲဒီလိုကြောင့်ပဲ မခံချင်စိတ်နဲ့ ကြိုးစားဖြစ်ခဲ့တယ်။ တစ်ခါတစ်လေ စဉ်းစားမိတယ်…ငါ့ဘဝမှာ သူနဲ့သာ ပြိုင်ဘက်မဖြစ်ခဲ့ရင် ကြိုးစားချင်စိတ်ဆိုတာ ရှိခဲ့ပါ့မလားလို့..
ဘာပဲပြောပြော ကွမ်းခေးကို ချီးကျူးပါတယ်..ဒီလို အခြေအနေမျိုးကနေ စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားခဲ့တဲ့အတွက်ပါ… တကယ်တော့ ပညာတတ်တယ်ဆိုတာ ကျောင်းက ဘွဲ့ရမှ မဟုတ်ပါဘူး…ကိုယ့်ဘဝကို ဖြောင့်မတ်မှန်ကန်စွာဦးဆောင်နိုင်ခြင်းသာ တကယ့်ပညာအစစ်အမှန်ပါ….
kai
May 9, 2011 at 9:54 am
ခံစားချက်ရှိရင်.. ကိုယ်မိဘဖြစ်တဲ့အချိန်..ဒီလိုမျိုးမလုပ်ဖို့ပါပဲ..။
ပိုပြင်းထန်ရင်တော့… ကိုယ်လိုမျိုးလူ မများလာအေင်.. ကြိုးစားပေးဖို့ပဲ..။
“No No ရှူံးနိမ့်လူသား”.. အမည်ပေးထားတဲ့..ရန်ပုံငွေတခုထောင်ပြီး.. ပညာလိုလားပေမဲ့.. ငွေကြေးအဆင်မပြေလို့.. မစွမ်းနိုင်တဲ့ကလေးတွေကို.. ထောက်ပံ့တဲ့ အစီအစဉ်လေးလုပ်ပါလား..။ 🙂
ဆူး
May 9, 2011 at 12:43 pm
ဘာသာရေးနဲ့ ပတ်သတ်လို့ ဘာလို့ ဒီလို အမြင်တွေ ရှိပြီး ချရေးလဲဆိုတာ အခု ဒီစာလေးကို ဖတ်ပြီးတော့ နားလည်သွားပြီ။ ဆူးမှာလည်း သူငယ်ချင်း တယောက်ရှိတယ် သူလည်း ခါးသီးတဲ့ ဘဝ အတွေ့ အကြုံတွေ နဲ့ ရင်ဆိုင်လာပြီး ဘဝကို ကျော်ဖြတ်လာရတာ ဖြစ်တဲ့ အတွက် ရှုံးနိမ့်နဲ့ ဘာသာရေးအပေါ် အမြင်ချင်းတူနေတယ်။
ရှုံးနိမ့်က ဆူး ထက် ၁နှစ်ငယ်လိမ့်မယ် ထင်တယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
May 9, 2011 at 9:24 pm
ဟုတ်မယ်ဗျို့… တစ်ခါတစ်လေတော့ မိဘဆိုတာ အေးမြတဲ့အရိပ်မဟုတ်ဘဲ အပင်တွေကို သေဆုံးစေနိုင်တဲ့ လောင်းရိပ်ဖြစ်စေတတ်တယ်ဗျ.. သားသမီးတွေရဲ့ အနာဂါတ်က မိဘတွေ လက်ထဲမှာ ၉၀% ကျော်ကျော်ရှိတယ်.. လူသားတစ်ယောက်အနေနဲ့ လူ့လောက ဆွဲခေါ်သွင်းလာခဲ့ပြီးကာမှ လူတန်းစေ့မှီအောင် မထားနိုင်ကြတာကိုတော့ သားသမီးတိုင်း နားလည်ပေးနိုင်မှာပါ.. ဒါပေမယ့် လူရာမဝင်အောင် လုပ်ခဲ့ရင်တော့ ငယ်နုတဲ့ နှလုံးသားမှာ ထင်ကျန်ရစ်နေမယ့် အမာရွတ်ကြီးတစ်ခုက သူ့ရဲ့ ဘဝတစ်လျှောက်လုံးကိုပါ ရုပ်ဆိုးအကြည်းတန်သွားစေနိုင်တယ်ဆူးရေ..
ဘာသာရေးဆိုတာကလဲ မိဘတွေရဲ့ ငယ်စဉ်ကတည်းက ထိန်းကြောင်းပဲ့ပြင်၊ သွန်သင်ဆုံးမလာကာမှ ရင်ထဲမှာ အမြစ်တွယ်ခိုင်မြဲတဲ့ ယုံကြည်ခြင်းတစ်ခုကို တည်ဆောက်နိုင်မှာလေ။ ကိုယ်အိမ်ပြန်လာတဲ့အချိန်မှာ ကိုယ့်ကျောင်းလွယ်အိတ်ကို လှမ်းယူပေးပြီး ကိုယ့်အတွက် အဆာပြေစားစရာမုန့်တွေနဲ့ နွေးနွေးကြိုနေမယ့် မိသားစုလေးမရှိဘဲ၊ ကိုယ်နဲ့ ကစားဖော်၊ ကစားဖက်မရှိတဲ့ဘဝ၊ သူငယ်ချင်းအိမ်သွားတာကိုလဲမကြိုက်၊ သူငယ်ချင်းတွေလာလည်တာလဲ မကြိုက်နဲ့ တစ်ယောက်တည်းနေခဲ့ရတဲ့ ငယ်ဘဝက ဒဏ်ရာဒဏ်ချက်တွေက စိတ်ကိုပါ အများကြီး ပြုပြင်ပြောင်းလဲစေနိုင်ခဲ့တယ်.. ရှင်းရှင်းပြောရရင် လူတော မတိုးရဲတော့တာ ခုအရွယ်ရောက်တဲ့ထိတိုင်အောင်ပဲပေါ့..
တစ်ကယ်တော့ မိဘတွေ ဖျက်ဆီးခဲ့တဲ့ ကျွန်တော့်အနာဂါတ်ကြီးကို ခုချိန်မှာ တွေ့ဆုံနေရင်းနဲ့… အနှိမ်ခံရတိုင်း၊ ပျော်ရွှင်စရာမကောင်းတဲ့ ကိုယ့်ဘဝကိုယ်တွေးမိတိုင်း စိတ်နာတယ်..
ဘာကိုစိတ်နာရမလဲတော့ မသိဘူးပေါ့ဗျာ.. အရာရာဆုံးရှူံးခဲ့ရတာထက် ပညာရေးမှာ ဆုံးရှူံးခဲ့တာတော့ ဘယ်လိုမှ အဖတ်ဆယ်မရတော့ဘူးထင်တယ်.. ပညာတတ်တွေရဲ့ အနိုင်ကျင့်ခြင်းကို ခံရတဲ့အချိန်တွေများမှာပေါ့
တညင်သား
May 9, 2011 at 2:52 pm
ဒီလောက်ပဲလား တညင်သားထက် ၁ဝ ဆလောက်သာသေးတယ်… ကျွန်တော်အဖေလည်း ရာထူးကြီးကြီးပါပဲ တောင်သူလယ်သမားကြီး…..
padonmar
May 9, 2011 at 2:57 pm
ရှုံး-လူ ရဲ့ စာနဲ့ Bigcat ရဲ့ Liz ဖတ်ရတော့ ကိုယ့်မိဘတွေနဲ့ ဆရာတွေကို ကျေးဇူးပိုတင်မိပါတယ်၊
ကျွန်မတို့ခေတ်က ဆရာတွေထဲမှာလည်း မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ ဆရာတွေရှိပေမယ့် အများစုက မျှတတော့ မွန်မွန်တို့ Warm တို့လို မတရား မခံခဲ့ရပါဘူး၊
ဒါပေမယ့် ဒီဘက်ပိုင်း ဘာသာရေးစာမေးပွဲတွေမှာ အတန်းထဲ ဘယ်လောက်စာရရ
အစိုးရစာမေးပွဲတွေဖြေရင် လက်ရေးမလှလို့ ကျွန်မဆုမရပါဘူး၊ကိုယ့်ကို ပုဂ္ဂိုလ်ရေးအရ မုန်းလို့ မဟုတ်ပဲ ဖြစ်တာဆိုတော့ ကိုယ့်ရဲ့ကံကို ပြုပြင်ယူပါတယ်၊
သူများတွေကိုစာနဲ့ပတ်သက်ရင် ကိုယ်သိသလောက် သူများတွေလည်းသိအောင် ငွေအားရော လူအားရော ကူညီပေးပါတယ်၊
ကိုယ်အရင်က ပညာရေးနဲ့ ပတ်သက်ပြီး သူများအပေါ် စကားနဲ့ပြစ်မှားဖူးတာလေးတွေ ပြန်စဉ်းစားပြီး သူတို့က အမှတ်မထားတောင် ကိုယ်ကပဲ ပြောပြပြီး လိုက်တောင်းပန်ပါတယ်၊
သံသရာသင်ပုန်းချေတာပါ၊
စကားလေးတစ်ခုရှိပါတယ်
၊ရှေးကကောင်းလို့အခုကောင်းပါသည်။
အခုကောင်းရင်နောင်ကောင်းပါလိမ့်မည်၊
ရှေးက ဆိုးခဲ့လို့ အခုဆိုးပါသည်၊
နောင်မဆိုးအောင်အခုကောင်းပါတော့မည်။
အဲဒါကို ယောနိသောမနသိကာရ လို့ခေါ်ပါတယ်၊
ရှုံး-လူ လည်း သဂျီးပြောသလို မိဘ ဘဝရောက်ရင် သားသမီးအပေါ် အကောင်းတွေချည်းပေးနိုင်အောင် ကြိုးစားပေါ့နော်၊
နောက် သူတပါးပညာရေးအတွက် အကူအညီတွေပေးပေါ့၊
ဘဝမှာ ဆရာဝန်မှ အင်ဂျင်နီယာမှ အောင်မြင်သူမဟုတ်ပါ၊
မြန်မာပြည်မှာဆို ဆရာဝန်၊အင်ဂျင်နီယာတွေ ဈေးရောင်းပြီး
ဘီအေတွေ အင်ဂျင်နီယာ အလုပ်လုပ်နေကြတာ အများကြီးပါ၊
အားမငယ်ပါနဲ့၊
oakkersoe
May 9, 2011 at 6:08 pm
ကျနော်ခင်ဗျားရဲ.စာကိုဖတ်လိုက်ရတဲ့အခါမှာမြန်မာနိူင်ငံမှာဉာဏ်ကောင်းစာတော်ပေမဲ့တိမ်မြုတ်ဘဝနဲ.ဖြစ်ခဲ့ရတဲ့
ကလေးတွေတော်တော်များနေတာကိုသတိထားမိတယ်။အချို.ကဘဝမှာကျောင်းကိုဆက်မနေရတဲ့ကလေးတွေ
စားဝတ်နေရေးမှာစားရေးကိုလုံးပန်းနေရလို.စာတော်ပေမဲ့ကျောင်းဆက်မတတ်နိုင်တဲ့ကလေးတွေနဲ.စာရင်
မိမိဘဝကိုရရင်ရသလိုကြိုးစားပြီးရုံးကန်ခဲ့တဲ့ ခင်ဗျားကိုချီးကျူးပါတယ်။ဒီတော့မြန်မာနိုင်ငံသူ/သားများ
ပညာတတ်လူတွေမြောက်များစွာထွက်ပေါ်လာဖို.ကတော့ပညာသင်ဆုတွေထောက်ပံကြေးပေးနိုင်တဲ့သူတွေပေါ်မှာ
မူတည်နေတယ်ဗျ။တတ်နိူင်သလောက်ကူညီမဲ့သူတွေစုပေါင်းပြီးတော့တနိူင်တစ်ပိုင်ကူညီရေးဖွဲ.နိုင်ရင်ကောင်းတာပေါ့ဗျာ
natthamee
May 11, 2011 at 8:18 am
နတ်သမီး ငယ်ငယ်က အင်ဂျင်နီယာအရမ်းဖြစ်ချင်ခဲ့တာ၊ ကြိုးလဲ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လဲ ………………….
Mee2
May 11, 2011 at 12:40 pm
အင်းငယ်ငယ်ကဘဲမီးက စာရေးဆရာမလုပ်မယ်စိတ်ကူခဲ့တာ။ကြိုးစားအားထုတ်မှုဘဲနည်းလား???ကံမကောင်းတာလည်းပါလိမ့်မယ်။ခုချိန်ထိကို စာကောင်းတပုဒ်မရေးနိုင်ဖြစ်နေတယ်။ခုတော့အားတက်ရပါပီ။စာကောင်းလေးတပုဒ်မျှဝေပေးလို ့ကျေးဇူးပါနော်