ကလေး အခွင့် အရေး အမျိုးသမီး အခွင့်အရေး
ကလေး အခွင့်အရေးတွေ ပြောနေကြတာနဲ့..သတိရမိတာ တခုရှိတယ်။
၆တန်း ရတန်း လောက်တုန်းက (၁၉၉၇ဝန်းကျင်) ကျောင်းကားစီးရင် ကျောင်းကား ပတ်တဲ့ လမ်းမှာ အမြဲမြင်နေရတဲ့ အရူးမကြီး တယောက်ရှိတယ် ကလေးက ၂ယောက်တောင် ရှိတယ်။ အရူးမ ဆိုပေမဲ့ စိတ်ဖောက်တဲ့ အခါ တော်တော် ဆိုးပေမဲ့ သာမန်ဆိုရင် ကျပ်မပြည့် သလို ဖြစ်ယုံပါပဲ။ အရမ်းကြမ်းကြမ်း တမ်းတမ်းကြီး မဟုတ်တော့ ရပ်ကွက်က စောင့်ရှောက်ပေးထား ကြပါတယ်။
သူရဲ့ ကလေး ၂ယောက်က ၆ နှစ် ရနှစ်လောက် ရှိမဲ့ ကလေး က တစ်ယောက် နှင့် နောက်ကလေးတစ်ယောက်က ၁နှစ် ၂နှစ် ထက်မပိုဘူးထင်ပါတယ်။ လမ်းလျှောက်တတ်ပေမဲ့ အကြီးလေးက ချီလို့.. သူတို့ ဝမ်းရေး အတွက် မိခင် အရူးမကြီးကို ကူညီပါတယ် အကြီးလေးက ဈေးတွေမှာ လိုက်ပြီးတော့ လူကြီးတွေရဲ့ ခြင်းတောင်းတွေ လိုက်ဆွဲပေးတယ်။ ကျောင်းကား ပေါ်က မနက်တိုင်း သူတို့ သားအမိတွေ ဈေးခြင်းတောင်း ဆွဲပေးတာကို မြင်နေကျပါပဲ။ အမျိုးသမီးက စိတ်သိပ်မဖောက်ရင် သားအမိ နှစ်ယောက် တူတူ ခြင်းတောင်တွေ ဆွဲပေးပါတယ်။ မုန့်ဖိုးပေးကြတယ်။ တချို့ကျတော့လည်း သူတို့သားအမိ အတွက် ထမင်းတွေ ဟင်းတွေ ပေးကြတယ်။ နေတာကတော့ လမ်းဘေးလေးမှာ ရွက်ဖျဉ်လေး ထိုးပြီး နေကြတယ်။ အရမ်းကို ညစ်ပတ် စုတ်ပြတ်နေတာပါပဲ။ ကလေး အကြီးက ကလေးအငယ်ကို ချီပြီးတော့ အမေက အထုတ်တွေ အပိုးတွေ ဆွဲပေးတဲ့ အလုပ်လုပ်တယ်။ တခါတရံ စိတ်ဖောက်ရင် အစားအသောက်တွေ ပေးလည်း မစားပဲ လွတ်ပြစ်တာမျိုး ကလေး ၂ယောက်လုံးကိုပါ သတိမရပဲ ထွက်သွားတတ်ပါတယ်။ နောက်ထပ် ပိုဆိုးတာက စိတ်ဖောက်ပြီး ကလေးတွေကို အသေရိုက်တာပါပဲ။ ရပ်ကွက်က လူကြီးတွေ အမြင်မှာ အခြေအနေ မဟန်ရင် ဝိုင်းဆွဲတာမျိုး တားတာမျိုး လုပ်ရတယ်လို့ ကြားပါတယ်။ ရပ်ကွက်က လူကြီးတွေက ကလေးတွေကို ထားပြီး ထွက်သွားပြီ ဆိုရင် ကလေးတွေ အတွက် အစားအစာ ကျွှေးမွေးထားပြီး ကြည့်ပေးထားတယ်။ သတိရလို့ ပြန်လာရင် ကလေးတွေကို လာပြန်ခေါ်ပါတယ်။ ဒီလိုနဲ့ ဘဝ ကို ခက်ခဲစွာ လုံးပန်းနေရတယ် သားအမိ ၃ယောက်ပါ။
ဒါနဲ့ စကားမစပ် ကလေး အဖေ ဘယ်သူလဲ ဘာလို့ သူတို့ ၃ယောက်ပဲ ဖြစ်နေရလဲ လို့ မေးစရာ ရှိပါတယ်။ အမှန်တော့ ကလေးတွေ ရဲ့ အမေ ကိုယ်တိုင်က အဖေ ဘယ်သူလဲ ဆိုတာ မသိပါဘူး။ အနီးအနားက လူတွေ ပြောစကား အရဆိုရင် အရင်က ရူးနေပြီး လမ်းမှာ လျှောက်သွားနေတာ အပျိုလေးပေါ့.. နောက်တော့ ဗိုက်ပူပူလာပြီး ကလေးမွေးတယ်.. တခါတလေ စိတ်ကောင်းသလို ရှိလို့ လူတယောက်ကို ကလေးအဖေက သူပဲလို့ ပြောတဲ့ အခါ အဲဒီလူကလည်း အရှက်ခွဲတယ် ဆိုပြီး ကျိန်းမောင်းတာမျိုးတောင် ခံရဘူးပါတယ်။
ဒီလိုနဲ့ ဘယ်သူမှန်း မသိတဲ့ ကလေးအဖေ တွေနဲ့ ရပြီး ကလေး ၂ယောက်နဲ့ မြင်ခဲ့ရပါတယ်။
ကလေး အခွင့် အရေး အမျိုးသမီး အခွင့် အရေး ထင်မြင် သုံးသပ်ကြပါစေ ကုန်သတည်း။
မှတ်ချက်… ထို အရူးမ ယခုထိ ရှိမရှိ မသိပါ။ ၁၉၉ရ ဝန်းကျင်လောက်က မြင်ခဲ့တာ ဖြစ်ပါသည်။
16 comments
MaMa
May 11, 2011 at 2:21 pm
စိတ်ဖောက်ပြန်နေတဲ့ အမျိုးသမီးကို အခွင့်အရေးယူတဲ့လူ ဆိုကတည်းက သားသမီးကို တာဝန်ယူချင်စိတ်ရှိမှာ မဟုတ်တာ သေချာတယ်။ ရှေးရှေးဘဝက ကောင်းတဲ့ကံ နည်းနည်းလေးကြောင့် လူလာဖြစ်လာပေမယ့်လို့ လူမပီသတဲ့ (လူ့ကျင့်ဝတ်တွေကို မလိုက်နာတဲ့) လူ့တိရိစာ္ဆန်လို့ပဲ ပြောရမယ် ထင်တယ်။ ကလေးတွေကတော့ အပြစ်မရှိပါဘူး။ သူတို့ရဲ့ ကုသိုလ်ကံတွေကိုပဲ အပြစ်ပြောရမယ်။ ဒါပေမယ့် ကလေးတွေအတွက် စိတ်ဖောက်ပြန်တတ်တဲ့ မိခင်နဲ့ ထားရတာတော့ စိတ်မချချင်စရာပဲ။ ဘယ်သူတွေ၊ ဘယ်ဌာနတွေကများ တာဝန်ရှိမလဲ။ ဘယ်လို ဖြေရှင်းသင့်သလဲ။ စိတ်ရှုပ်လိုက်တာ နော်။
pan pan
June 23, 2011 at 4:22 am
စာရေးဆရာ တင့်တယ်ရဲ့ ဝတ္ထုခေါင်းစဉ်လေး ယူသုံးလိုက်မယ်နော်။ ”အိုဘယ့် ကံ” လို့…။
shwe ni
May 11, 2011 at 2:49 pm
ဟုတ်တယ်ဆူးရေ အမတို့ငယ်ငယ်ကလည်း နယ်မှာ အဲလိုမျိုးတွေ့ဖူးတယ် သူသားကိုသိတ်ချစ်တာ နောက်ပိုင်းသူဆုံးသွားတော့ ကလေးကိုမွေးစားလိုက်ကြတယ် ။
parlayar46
May 11, 2011 at 3:13 pm
အရပ်ထဲမှာဖြစ်တာမို့ အဲဒီအရပ်ကိုကြီးကြပ်ဖို့တာဝန်ရှိတဲ့ အဲဒီတုန်းကအခေါ် ရဝတ မှာစပြီး တာဝန်ရှိတာပေါ့။ သူတို့က သက်ဆိုင်ရာ လူမှုဝန်ထမ်း ဦးစီးဌာနကို အကြောင်းကြားပြီး နိုင်ငံတော်ရဲ့ စောင့်ရှောက်မှုကို ခံယူရစေရမှာပေါ့။
အဲဒါ လူ့အသက်တွေ လူ့ဘဝတွေ ဖြစ်ပါတယ်။ အဲဒါမျိုးကို အရေးမလုပ်တဲ့ အုပ်ချုပ်သူတွေကို ဘယ်လိုမှ အကောင်း မြင်ပေးလို့ မရနိုင်ပါ။
bigcat
May 12, 2011 at 2:54 am
လွန်ခဲ့တဲ့ ဆယ့်သုံးလေးနှစ်လောက်တုန်းက ညဖက်၁ဝနာရီ သာသာလောက်မှာ အရူးမတယောက်ကို လူသုံးယောက်က လိုက်ချောင်းနေတာ အိမ်နားမှာတွေ့တယ်။ အိမ်တွေ ဆိုင်တွေအားလုံးကလည်း ပိတ်သွားပြီဆိုတော့ အရူးမက ဘာသာရေးစာသင်ကျောင်းတခုရှေ့မှာ သွားရပ်တယ်။ အဲဒီနားမှာ မီးလင်းနေတာကိုး။ ကျနော်က ခပ်လှမ်းလှမ်းမှာ ကားကိုညဖက်ထားတဲ့နေရာမှာ သွားထားမလို့ဆိုတော့ ခပ်လှမ်းလှမ်းကနေ မြင်နေရတယ်။ ကျောင်းထဲက အဘိုးကြီးတယောက်ထွက်လာပြီး အရူးမကို မောင်းထုတ်တော့ အဲဒီနေရာနဲ့ ခပ်လှမ်းလှမ်းမှာ သွားရပ်နေရတယ်။ သူ့မျက်နှာမှာလည်း အားငယ်ကြောက်ရွံ့မှုကို အတိုင်းသားမြင်နေရတယ်။ ကျနော်ကလည်း ကိုယ်ထိလက်ရောက် ဝင်အကာကွယ်ပေးနိုင်လောက်အောင် သတ္တိမရှိဘူး။ ဒီတော့ ကားထဲကနေ ရှေ့မီးကြီးနှစ်လုံးကို အဲဒီဘက်ကို လှမ်းထိုးထားပေးတယ်။ ကားက မာဇဒါဂျစ်ဆိုတော့ ဒီကောင်တွေ နည်းနည်းတော့ ဖြုံပုံရတယ်။ အမှန်က ကိုယ်ကဘာကောင်မှ မဟုတ်ဘူး။ အဖေ့ရုံးကားကို လမ်းထဲမှာညဖက်သွားထားမလို့။ အတော်ကြာတဲ့ထိအောင် သူတို့ရှိနေသေးပြီး နောက်ပြန်လှည့်သွားတယ်။ ကျနော်လည်း ဆက်မစောင့်နိုင်တော့တာနဲ့ သဗေသတ္တာကမ္မသကာဆိုပြီး ကိုယ့်လမ်းကိုဆက်ခဲ့ရတယ်။ အဲဒီအရူးမလည်း ဘာဆက်ဖြစ်လည်း မသိတော့ဘူး။ မသိတော့တာထက် မသိချင်တော့တာ ပိုမှန်လိမ့်မယ်ထင်တယ်….
babymay
May 12, 2011 at 2:59 am
အင်း ကျွန်မတို့ရပ်ကွက် ထဲမှာလည်း အဲလို မျိုး တွေ့ဖူးပါတယ်။အရူးမအပျိုလေးကို သိပ်စိပ်မနှံ့တဲ့ စကားမပြောတတ်တဲ့ အရူးပါး တစ်ယောက်ကအနိုင်ကျင့်လို့ဆိုပြီး ကြားဖူးတယ်။ အဲဒီလူကလည်းတကယ်တော့ စကားမပြောတတ်ဘဲ သိပ်ကျပ်မပြည့်တာပဲရှိတာပါ။။ အားလုံးသိနားလည်ပါတယ်။။ အရက်လည်းသောက်တတ်တယ်။။ ဒါကြောင့် တစ်ရပ်ကွက်လုံးရဲ့ချဉ်ပတ်ပေါ့။။ သူ့အိမ်ကလည်း သူလုပ်တဲ့ မကောင်းမှုတွေကိုသာတာဝန်မယူတာပါ။ စားနိုင်သောက်နိုင်ထဲကဆိုတော့ အားလုံးကမုန်းပေမယ့် ဘာမှမပြောနိုင်ဘူးဖြစ်နေတာပါ။။ ရပ်ကွက်ကိုအုပ်ချုပ်တဲ့ တာဝန်ရှိလူကြီးတွေက တာဝန်ယူဆုံးမသင့်တယ်လို့ ထင်ပါတယ်။။။။
hmee
May 12, 2011 at 7:00 am
မှီတို့ ဈေးထဲမှာလည်း တယောက်ရှိတယ်။ ကလေးကတော့ တယောက်ပြီး တယောက်မွေးတာ။ ခြေဦးတည့်ရာ လျှောက်သွားနေတာ။ ဗိုက်ဆာရင် ဈေးထဲကဆိုင်တွေမှာ တောင်းစားတယ်။ အားလုံးကလည်း သနားလို့ သူတောင်းတာနဲ့ ပေးပါတယ်။ တခါက မှီ့ရဲ့ ဆိုင်ကိုလာပြီး ကောင်မလေး လုံချည်တထည်ပေးပါလား ငါ့လုံချည်ပြဲနေလို့ ဆိုပြီး လာတောင်းတယ်။ မိုးတွေချွဲနေတာပဲ ကလေးလေးကလည်း မိုးမိထားလို့ ကြွက်စုတ်လေးလိုကို ဖြစ်နေတာ။ စိတ်နဲနဲ ကောင်းရင်တော့ အေးဆေးပဲ နဲနဲဖောက်လာရင်တော့ လက်ထဲမှာ ပါတဲ့ ကလေးလေးကို ဆောင့်ဆောင့်ပြီးလွှဲတာ တိုင်တွေ ဘာတွေနဲ့ ဆောင့်မှာ အားလုံးက စိုးရိမ်ပြီး ဝိုင်းအော်ကြတယ်။ အဲဒီတုန်းက စဉ်းစားမိပြီး ပြောမိသေးတယ်။ ဒီလောက် ရူးနေပြီး ချဉ်စုတ်နံစော်နေတာကို ဘယ်လို လူမျိုးတွေက တိရိစာ္ဆန်ကျင့် ကျင့်တာပါလိမ့်လို့လေ။ ကလေးလေးကလည်း အကုသိုလ်အားကြီးချက် ဒီလောက်ဒုက္ခတွေ များတာတောင် သေမသွားဘူး။ နောက်တော့ နောက်ထပ် ဗိုက်တလုံးနဲ့ အမေလုပ်သူနောက်က တကောက်ကောက်လိုက်နေတာ တွေ့ရပြန်ရော။
ဆူး
May 12, 2011 at 1:55 pm
အခု နေတဲ့ အိမ်နားမှာလည်း အရူးမ တယောက်ရှိတယ်။ ကလေးတယောက် ရှိတယ် ကြားတယ် ကလေးကိုတော့ တခါမှ မတွေ့ဘူး။ အရူးမ ကတော့ လမ်းဘေးမှာ ငုတ်တုတ် နေပူလည်း ထိုင်နေတာပဲ မိုးရွာလည်း အမိုးအကာ မရှိ ငုတ်တုတ် ဆောင်းတွင်းလည်း ငုတ်တုတ်.. အိမ်တွေက အမှိုက်တွေ ယူပြီးတော့ သွန်ပေးတယ်။ စားစရာ ပေးကြတယ်။ သူဘေးမှာ ထမင်းထုတ်တွေ ကြွတ်ကြွတ်အိတ်လေးနဲ့ ထုတ်ပြီးတော့ ချထားတာတော့ တွေ့တယ်။ တခါတရံ တယောက်တည်း ရီ နေသလို ငိုနေတာလည်း တွေ့တယ်။
nature
May 12, 2011 at 2:55 pm
ရူးနေတဲ့သူတွေကိုအရူးထောင်ပို့ပေးနိုင်ရင်ကောင်းမှာပဲ၊ ဒါပေမဲ့ဘယ်သူမှအလုပ်ရှုပ်ခံပြီးပို့မှာမဟုတ်ဘူး။
ဆူး
May 12, 2011 at 3:45 pm
အရူးထောင်က ဒါမျိုးလက်မခံဘူး။ ဟိုမရောက် ဒီမရောက် အရူးမျိုး ကောင်းတယ် ဆိုပြီး ပြန်လွတ်တတ်တယ်။ သူတို့က ဆေးဝါးကော စားစရိတ်ပါ မကျန် အကုန်တာဝန်ယူရတာ ဆိုတော့.. အရူးထောင်မှာလည်း အလှူငွေများ လိုအပ်နေပါတယ်လို့ ကြားသိရပါတယ်။
မမလေး
May 12, 2011 at 4:05 pm
ဒါနဲ့ ကျောင်းမှာ အတန်းတူတဲ့ သူငယ်ချင်းရှိတယ် … သူ့အမေက ဆရာဝန် အရမ်းဖြစ်ချင်တာ ၂ မှတ်လား ၁ မှတ်လားမသိဘူး ကပ်လွဲသွားတော့ စိတ်တဇ ဖြစ်သွားတာပေါ့ … သူ့သားလေးကို နေ့လည်ဆို ထမင်းလာလာခွံ့တယ် ။။ စိတ်သာသိပ်မနှံ့တာ သူ့သားကို အရမ်းချစ်တာ သူ့ဘာသာသူလည်း ဖားတွေဖမ်းပြီး ခွဲတယ်တဲ့ …သူ့သားကိုတွေ့ချင်တဲ့ အချိန်ဆိုရင် ကျောင်းမှာ သူ့သားကိုလာလာတွေ့တာပဲ ဆရာမတွေတောင်မနိုင်ဘူး …
ဆူး
May 12, 2011 at 4:13 pm
စိတ်ဝေဒနာ ရှင်တွေ လုပ်ငန်းခွင်မှာ ရှိတာ မကောင်းပြန်ဘူး။
လသာ ၂ လည်း စိတ်ဝေဒနာ ရှိတဲ့ ဆရာမ တယောက် ရှိတယ်။
ဝိုင်းပါယ်ထားတာတော့ မဖြစ်သင့်ပြန်ဘူး။
nature
May 12, 2011 at 4:27 pm
မတတ်နိုင်ဘူးလေ၊ဝဋ်ပဲ၊သတ္တဝါတခုကံတခုပေါ့။ စိတ်ကျန်းမာရေးဆေးရုံမှာလည်း စိတ်မနှံသူတွေအများကြီးပဲ၊ သူတို့အတွက်တနေ့တနေ့ စားစရိပ်နဲ့တင်မနဲဘူး၊ ပဒေသာပင်တခုလောက်ထောင်ရင်ကောင်းမယ်။
paukpauk
May 12, 2011 at 5:02 pm
ပုထုဇနော ဥမ္မတကော တဲ့
စုံ စုံ
June 23, 2011 at 4:34 am
အရူးထောင်ဆိုလို့ဟိုနေ့ကဘဲ
သူငယ်ချင်းတွေကနှစ်တိုင်းအရူးထောင်မှာလှုနေကြတဲ့
စုံစုံပါလှုမလားဆိုလို့တတ်နိုင်သလောက်လေးလှုလိုက်သေးတယ်
ဒါပေမယ့်မအားလို့ကိုယ်ကိုတိုင်တော့မလိုက်ဖြစ်ဘူး
နောက်တခေါက်သွားလှုဖြစ်ရင်တော့လိုက်သွားမှ
ဒါမှသူတို့ဘဝကိုသေချာမြင်ရမှာ
နွယ်ပင်
June 23, 2011 at 4:59 am
အိမ်နားမှာလဲ အဲလိုအရူးမ တစ်ယောက်ရှိတယ် သူကကျတော့ နည်းနည်းတောင်အသက်ကြီးနေပါပြီ
တစ်န့ညက (12း30) လောက်ပေါ့ ကိုယ်ကလဲ အိပ်မပျော်လို့ ဝရံတာထွက်ရက်နေတုန်း အဲဒီအဖွားကြီးဆီက ” ငါ့ကို လာမလုပ်နဲ့နော် ဘာမှတ်နေလဲ သွား ” ဆိုတဲ့ အော်သံနဲ့ လူနှစ်ယောကလိုက်ဆွဲနေတာ ကိုမြင်ခဲ့ရတယ် ၊ စိတ်ထဲမှာလဲ အဲ့ဒီလူနှစ်ယောက်ကို ဒေါသထွက်လိုက်တာ အရမ်းပဲ ဒါနဲ့ အိမ်ပေါ်မှာရှိတဲ့ ပန်းအိုးထဲက ခဲနဲ့ပစ်ပေါက်ယုံကလွဲပြီး ကိုယ်ကလဲ ဘာမှ မကူညီပေးနိုင်ခဲ့ဘူးလေ ….