ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး(၅)

etoneMay 16, 20111min1300

” ဟိတ်ကောင်မလေး… ခေါ်မကြားအော်မကြားနဲ့ … ငါ့မှာ နောက်က ပြေးလိုက်ရတာ မောလိုက်တာ ”
“အန်တီ ဘာကိစ္စရှိလို့လဲ ပြောလေ… ကျမတို့ တခါမှ မတွေ့ခဲ့ဖူးပါဘူး … ။ ”
” အေးဟုတ်တယ်… တခါမှ မတွေ့ဖူးပေမဲ့ ငါက နင့်မျက်နှာကြည့်ရတာ
လိမ္မာမဲ့ပုံပေါက်လို့ … ကူညီချင်လို့ဟ…”
“ကျမ ဘာအကူအညီမှ မလိုပါဘူး အန်တီရယ်… ။ ”

“ခက်တာပဲ… နင်ခုနက ဆေးခန်းထဲမှာ ဆရာမနဲ့ စကားပြောနေကတည်းက ငါလည်း
ရှိနေတာ… ။ ဟိုတနေ့က နင့် အဒေါ် ပါလာတာလည်း ငါမြင်တယ်… ။ ဒီမယ် …
သေချာနားထောင် … ။ နင့်အဒေါ်ဖြစ်နေတာက ကုမရတဲ့ရောဂါဆိုတော့ ကင်ဆာဖြစ်မယ်…
။ ကင်ဆာဆိုလည်း စိတ်မပူနဲ့… ငါမြန်မာဆေးဆရာကောင်းကောင်းတွေ့

ထားတယ်… ။ ”
” အန်တီကလည်း ကျမအဒေါ်က ကင်ဆာမဟုတ်ပါဘူး … ဘယ်သူကမှ ကင်ဆာလို့
တပ်အပ်မပြောသေးဘူး .. မဦးမချွတ်ဘာတွေ လာပြောနေတာလဲ…. ”
“ဟဲ့ကလေးမရဲ့…နင်ကိုပြောရတာ စေတနာတောင်ပျက်လာပြီ… ။ လိုရမယ်ရ
ငါ့အိမ်လိပ်စာယူထားလိုက်… ဆရာမဆေးခန်းနဲ့ လေးအိမ်ကျော်ပဲ …
မြန်မာဆရာပြချင်လျှင် ငါ့ကို လာရှာ… ငါကူညီမယ်… ။ ”
“ဟုတ် … ကျေးဇူးပဲ အန်တီ … ကျမသွားတော့မယ် ..”
xxxxxxxxxxx
” ရခဲ့ပြီဆရာ… ဒီမှာပါ … ”
” အမေကြီး ဒီနေ့ရော သက်သာရဲ့လား မနေ့က အားဆေးတွေနဲ့ လိုတဲ့ဆေးတွေ
ထည့်ထိုးပေးလိုက်တယ် ….. ”
“လန်းတော့လန်းပေမဲ့ အစာစားလျှင် ပြည့်ပြည့်နေတုန်းပဲ ဆရာ … ။”
“စမ်းသပ်ကြည့်ရအောင် လှဲလိုက်ပါဦးနော်…… ။ ”
“အမေကြီးရဲ့ ဗိုက်ကြောက တင်းနေပါလား …. သင်းသင်းဆရာ့ကို ရိုက်ထားတာတွေ
ပြပါဦး …။”    ” ဟုတ်… ဒီမှာပါဆရာ”
“အစာအိမ် နံရံကိုက  x cm လောက် ထူနေပါလား …. ဘုရားဘုရား …. ”
“ကင် … ကင် ….  ”
“ဆရာ ခဏလေး … ကျွန်တော့်မိန်းမရောဂါက အကင်မစားရဘူးလို့ ပြောမလို့မို့လား
ဆရာ…. ။ “ဦးတင်က မျက်စိ တဖက်မိပြရင်း လှမ်းပြောသည် … ။ ဆရာဝန်လည်း ခဏတာ
ကြောင် အမ်းအမ်းဖြစ်သွားပြီး …” အော … အင်း ဟုတ်တယ် … အကင်မစားရဘူး”ဟု
စကားရောချတော့သည် … ။
“သင်းသင်းရေ … သမီး ကြီးတော်ကြီးနဲ့ အရင် ပြန်လိုက်ဦး … ဦးလေး ဒီမှာ
ဆရာနဲ့ စကားနည်းနည်းပြောဦးမယ် …”
“ကိုတင်ကလည်း တော်တော်ရှည်ပြန်ပြီ … တစ်ခါတည်းပြန်လိုက်ခဲ့… ။”
“ခဏလေးပါကွာ … ယောကျာ်းချင်းမေးချင်တာလေးရှိလို့ … သင်းသင်းနဲ့ ပြန်လိုက်နော်… ။ ”
xxxxxxxx
ဆရာ ကျွန်တော့ မိန်းမရောဂါအခြေနေလေးပြောပါဦး… ။
” ဒီမှာ ရိုက်ထားတဲ့ အပ်ထရာဆောင်းတွေ ၊ ဓါတ်မှန်တွေ အရကတော့ အစာအိမ်ကြီးက
အရမ်းထူနေပြီး ကြပ်ခဲကြီးဖြစ်နေတယ်…။ ဆေးမှတ်တမ်းတွေ အရနဲ့ ..ဒီဟာတွေ
ရိုက်တုန်းက အဖြေ ဖတ်ပေးထားတဲ့ ဆရာဝန်ကလည်း ကင်ဆာရောဂါဖြစ်ဖို့
များတယ်ရေးထားတာတွေ့တယ်.. ။ အကြံပေးချင်တာက ဆေးရုံတက်ပြီး
ကုသမှူခံယူသင့်ပါတယ်… ။ ”
” ကင်ဆာရောဂါက အဆင့်တွေ အများကြီးရှိပါတယ်… ကင်ဆာဖြစ်တိုင်း သေတာ
မဟုတ်ပါဘူး… လိုအပ်တဲ့ ကုသမှူခံယူလိုက်လျှင်
ပြန်ကောင်းနိုင်ပါတယ်…လိုအပ်လျှင် လိုအပ်သလို ဒြပ်ကင်တာမျိုး ….
ခွဲစိပ်ဖြတ်တောက်ပစ်တာမျိုး လုပ်ရပါတယ်… ။ ”
” အကြံပေးချင်တာတော့ ဆေးရုံက ကင်ဆာ ဝက်ဒ်မှာ ပြပြီး ဆရာကြီးတွေနဲ့
တိုင်ပင်ပါ …။ ကျွန်တော်လည်း စာရေးပေးလိုက်ပါမယ်…
အချိန်သိပ်ဆွဲနေတာမကောင်းပါဘူး …. ”
“ဆရာ….ကျွန်တော့်မိန်းမကိုတော့ အမှန်တိုင်းမပြောပါနဲ့နော်… သူက
ကင်ဆာဖြစ်လျှင် သေမယ်ချည်းပဲ ထင်ထားတာမို့ပါ … ။ ”
” ကောင်းပါပြီ … ကျွန်တော်မပြောပါဘူး ….။ ဒါနဲ့ …ဘယ်တော့လောက်
ဆေးရုံသွားမလဲ… နောက်နေ့ ကျွန်တော့ဆီမလာပဲ ဆေးရုံကိုသွားလျှင်
ပိုအဆင်ပြေပါလိမ့်မယ်… ကျွန်တော်က အစာမစားလို့ အားမရှိတာကို
အားဆေးသွင်းပြီး လိုအပ်တဲ့ သွေးပေါင်ရအောင်ပဲ ထိန်းပေးထားနိုင်မှာပါ …
အတွင်းမှာဖြစ်နေတဲ့ အစာအိမ်က အရမ်းထူနေပြီး မသင်္ကာလို့ ဆေးရုံကိုလွှဲတာပါ…
။ တကယ်သာ ကင်ဆာဆို …. ထိထိရောက်ရောက် အချိန်မဆွဲပဲ ကုသင့်ပါတယ်… ။ ”
xxxxxxxxxxx
“သင်းသင်းရေ…နင့်ကြီးတော်တော့ …ကင်ဆာဖြစ်နိုင်ချေရှိတယ်တဲ့ဟ… ငါလည်း
ကြံရာမရဖြစ်နေပြီဟာ… ။ ”
” သမီးမနေ့က ဆရာမဆီက ပြန်တော့ … လမ်းမှာ မိန်းမကြီးတယောက် တွေ့တယ် ဟု ”
အစချီကာ ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တော့သည် … ။
“ဒါဆိုလည်း အချိန်ဆွဲမနေနဲ့ … ဒီညနေ စောစောပြန်ခဲ့ပြီး
အဲ့ဒီမိန်းမကြီးကို သွားရှာရအောင် … ” ”  ဟုတ် အဲ့ဒါကောင်းမယ်ထင်တယ်… ”
xxxxxxxxxxxxxxxx
ဒီဆေးခန်းက စရေလျှင် လေးအိမ်ကျော်ဆိုတော့ …ဒီအိမ်ပဲဖြစ်ရမယ်… ။ အိမ်ကလည်း
နှစ်ထပ်ဆိုတော့ … လေးခြမ်းတောင်ပါလား … ဘယ်အခန်းမှာလည်း မသိဘူး …။ အို …
ရှုပ်ပါတယ် … အော်သာ ၊ အော်လိုက်မယ်… ။
“ဗျို့ အဒေါ်ကြီး ဗျို့ အဒေါ်ကြီး….. မနေ့က ကျမနောက်ကို ပြေးလိုက်တဲ့
အဒေါ်ကြီးရှိလား “လို့ … သင်းသင်းအိမ်ရှေ့မှ အော်စဉ် အခန်းလေးခန်းစလုံးမှ
အိမ်သားတွေ ထွက်ကြည့်ကြသည် … ။
“ဟဲ့ကလေးမ လာလာ ” ဟု… ညာဘက်အပေါ်ထပ်အခန်းမှ အဒေါ်ကြီးက လက်ပြလှမ်းခေါ်သည် …
။ အိမ်ပေါ်ရောက်လျှင် နေရာထိုင်ခင်းပေးပြီး …. “ကဲ ငါ့
အကူညီလိုပြီလားဟုမေးရာ “… သင်းသင်းလည်း … ” ဟုတ်တယ် အန်တီရေ….
ကျမအဒေါ်ရောဂါက ကင်ဆာဖြစ်နိုင်ချေများတယ်ဆိုလို့ … ကျမတို့ မြန်မာဆရာနဲ့
ကုသချင်လို့ပါ… ။ အန်တီမှာ ဆေးဆရာကောင်းရှိတယ်ဆိုလို့ …ပြောပါဦး… ။ ”
“နေဦး သူ့လိပ်စာကဒ်ရှိတယ်… ရှာလိုက်ပါဦးမယ် ” ဟုဆိုကာ …
လိပ်စာကဒ်ဗူးလေး ထဲမှ တစ်ကဒ်ကို ထုတ်ပေးသည်… သင်းသင်းမြင်လိုက်သည် …
ဒီလို လိပ်စာကဒ်တွေသူမမှာ အများကြီးရှိနေသည် ….။ ဆွေးမျိုးတော်စပ်၍
ကြော်ငြာပေးသည်ဟုပင် လွယ်လွယ် မှတ်ယူလိုက်သည်… ။
လိပ်စာကဒ်လေးကို ကိုင်ကာ ပြန်လာသောလမ်းတွင် ခြေလှမ်းတို့ သွက်လက်နေသည် …
မျှော်လင့်ချက်ရောင်ခြည်လေး ရှိသေးတာပဲဟု တွေးကာ ပျော်နေတော့သည်… ။
” သင်းသင်းရေ … ငါတို့ နင့်အဒေါ်ကို ခေါ်ပြီး ဒီပိတ်ရက်မှာ
မြန်မာဆရာဆီသွားရအောင် … နင်တို့ စက်ရုံက ဆရာဝန်ကလည်း ငါ့ကို
ဆေးရုံချည်းသွားခိုင်းနေတာ … နင့်အဒေါ် စိတ်ဓါတ်ကျမှာစိုးလို့
ခေါ်မသွားချင်ဘူး ဟာ… မြန်မာဆေးနဲ့ ပြောင်းကုကြည့်ပါဦးမယ်… ”
xxxxxxxxxx
” ဒီလိပ်စာ အတိုင်း ဆိုလျှင်တော့ ဒီအိမ်ပါပဲ… ဆေးခန်းဖွင့်ချိန်ကလည်း
မနက် ၉ နာရီကနေ နေ့လည် ၁၂နာရီ ထိတကြိမ် … ညနေ ၃နာရီကနေ
၆နာရီထိတကြိမ်ဆိုတော့ အဆင်ပြေတယ်… ။ ”
” အံမယ် …လူရှင်းသားပဲ… တိုကင်ယူရမယ် မှတ်နေတာ… ။ မယ်ကျင်ရေ လာ လာဟ … “