သားရှင်ပြု….(၂)

hmeeMay 21, 20111min1943

အမျိုးသမီးတွေလည်း တပတ်လုံး ဆန်ရွေး၊ မုန့်ဆီကြော်ကြော်၊ ပေါက်ပေါက်ဖေါက် နဲ့ သူ့အလုပ်နဲ့သူ ရှုပ်နေကြတယ်။ အိမ်အောက်မှာတော့ ရာဝင်စဉ့်အိုး ၄၊ ၅လုံးလောက် စီထားပါတယ်။ အလှုတိုင်းမှာ ပဲတီချဉ် တည်ပေးတဲ့ ကြီးတော်ကြီးက အပျိုု သုံးယောက်နဲ့  ပဲတီပင် အပင်ဖေါက်ဖို့ ပြင်နေပါတယ်။  တရွာလုံးစာမို့  ဖျာကြမ်းခင်း ယိုင်ပါတ်ပတ်  ကောက်ရိုးခင်း  ပဲထည့် ကောက်ရိုးဖုံး ရေတွေ ဖြန်းပါတယ်။  တရက်ကို နှစ်ခါလောက် နေ့စဉ် ရေလောင်းပေးရပါတယ်။  အပင်တွေ ပေါက်လာပြီဆိုရင် ခြင်းကြားထဲထည့် ချောင်းထဲမှာ ရေသွားဆေးရပြန်ပါတယ်။ ကြီးတော်ကတော့ အချဉ်ဖောက်ဖို့ ပြင်ရင်း အိမ်မှာကျန်ခဲ့လေရဲ့။ အဲ့ဒီ ပဲတီချဉ်ကို အလှုပွဲကြီးနေ့မှာ ကျွေးမှာပါ။  အလှုရှင်လောင်းလှည့်တဲ့နေ့က အဝင်နေ့၊ တရားနာတဲ့နေ့က ပွဲကြီးနေ့ပါ။ တခြားရွာမှ ဧည့်သည်တွေက ပွဲကြီးနေ့မှာမှ တရားနာ လာပါတယ်။  ဧည်သည်တွေကိုတော့ဖြင့် ကြက်သား၊ ဝက်သား စတဲ့ အသားဟင်းကျွေးတာမို့  သူတို့အတွက် သပ်သပ်ချက်ရပါတယ်။ အဲဒါတွေကိုတော့ မီးဖိုထဲမှာ  သော့ခတ်ထားပြီး ယုံကြည်ရသူကို သော့ကိုင်ထားရပါတယ်။ မဟုတ်လို့ကတော့ လက်သည်တရားခံ ပေါ်မှာ မဟုတ်ပါဘူး။

အလှုအဝင်နေ့ မှာ မနက်အစော နတ်ပြရမှာမို့ တာဝန်ကျတဲ့ အပျိုတွေ ကိုယ့်ရှင်လောင်းကို အလှပြင်ရပါတယ်။ ၈နာရီလောက်  ရွာဦးက မြင်းဖြူရှင်နတ်ကွန်းမှာ နတ်ပြရပါတယ်။ ရှင်လောင်းအပါးက ၃ဝ ကျော်မို့  ရွာမှာရှိတဲ့ မြင်းတွေမလောက်လို့ တခြားပတ်ဝန်းကျင်ရွာတွေက ငှါးရပါသေးတယ်။ ကကြိုးတန်ဆာတွေ ဆင်ယင်ထားလို့ မြင်းတွေကလည်း ကြွကြွရွရွ လှမှလှ။ အလှုရှင်အိမ်မှ ခြံစည်းရိုးတွေဖြုတ်ပြီး စုပုံထားလို့ ဟာလာဟင်းလင်း လူတွေလည်း ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်။ ခြံကျဉ်းတယ်ဆို ဘေးအိမ်မှာ ထမင်းရုံ၊ ထမင်းချက်လို့ ရပါတယ်။ အလှုအဝင်နေ့မှာတော့ လူကလည်းစုံသမို့ အတော်စည်တယ်လေ။ ရှင်လောင်းနတ်ပြတဲ့နောက်  ကလေးတွေ တရုံးရုံးမို့ နီးရာလူက အမြင်မတော်တာနဲ့ “ဟဲ့ ဘယ်သူ့ ကလေးမဟုတ်လား၊   နောက်ဆုတ်   မြင်းနင်းလို့   သေတော့မှာပဲ”လို့ ဟန့်တတ်ပါတယ်။ ။ အလှုလှည့်မှာမို့ အိမ်တိုင်းက သန့်ရှင်းပြီး ရေဖြန်းထားလို့ ရွာလမ်းမတလျှောက်  ဖုန်သိပ်ပြီး ဖြူးနေတာပါ။ နတ်ပြပြီး အပြန်မှာတော့ ထမင်းရုံဟာ ကျိတ်ကျိတ်တိုးပါပဲ။ အဲ့သည်နေ့မှာတော့ဖြင့် ထမင်းကို  ရိုးရိုးချက်ရင်မနိုင်တာမို့ အလှုမှာ ထမင်းလိုက်ချက်တဲ့ ကျွမ်းကျင်သူတွေ ငှါးရပါတယ်။ မြေကြီးမှာ ကျင်းတူး အပေါ်မှာ အံဆွဲတွေနဲ့ အဆင့်လိုက်ပေါင်းရတယ်။ အံဆွဲကို ဆွဲဖွင့် ကျက်ပြီဆို ထမင်းပုတ်ထဲထည့် လူနှစ်ယောက်လောက်ထမ်း ထမင်းရုံကို ပို့ရပါတယ်။  ချက်ပြုတ်ဖို့ ရေသယ်ပေးရသူတွေ ခမျှာလည်း   ချောင်းထဲမှ   ရေကို   ရေစည်လှည်းနဲ့တိုက် ပီပါတွေကို ဖြည့်ရတာ အခေါက်ခေါက် အခါခါမို့ နားရတယ် မရှိလှပါဘူး။ ဟင်းချက်သူတွေလည်း သက်ဆိုင်ရာအိုးကြီး၊ အိုးငယ် အသွယ်သွယ်ကို တာဝန်ယူချက်ရတယ်လေ။ အတို့အမြုပ်အတွက် ဂေါ်ဖီလှီးသူတွေတောင် လက်ကိုမလည်ရှာဘူးပေါ့။ တရွာလုံးမီးခိုးတိတ် စားတာကိုး။ အိမ်စောင့်ကျန်ရစ်သူ အတွက်ပါ ပန်းကန်တွေနဲ့ သယ်တာမို့ “ဟဲ့.. ဘုံကပန်းကန်နော်  ပြန်လာပေးဦး”လို့ တာဝန်ကျသူက သတိပေးသံကလည်း ကြိုကြားကြိုကြား  ကြားနေရတယ်။ တခြားနေ့တွေ လာမစားရင်သာနေရော့ ဒီနေ့ကတော့ မလာမဖြစ်ပေါ့။  အဝင်နေ့ညနေကတော့ အစည်ဆုံးပါပဲ။ အလှုရှင်က ဧည့်သည်တွေကို စကားနဲ့ ဧည့်ခံရုံပါ။ အားလုံးကို အဖွဲ့တွေက ကိုယ့်တာဝန်ကိုယ် ကျေတယ်။ မနက်ပိုင်း နတ်ပြပြီး အိမ်ပြန် ခဏနား။ ၁၂နာရီလောက်မှာ မဏ္ဍပ်က အော်ပါပြီ။ “ကုမ္မာရီ အမျိုးသမီး၊ အမျိုးသားအပေါင်းတို့  ၂နာရီမှာ အလှုလှည့်မှာမို့ မဏ္ဍပ်ရှိရာသို့ အမြန်လာရောက်ပါရန် နှိုးဆော်အပ်ပါသည်” လို့ ၁ဝမိနစ်တခါ အော်ပါတယ်။ မဏ္ဍပ်ထဲမှာလည်း တရွာလုံးက ကလေးတွေ တဆူဆူ၊ အဆက်မပြတ်ထုနေလို့ မောင်းသံက တဒူဒူပါ။ မြို့တက်ငှါးထားတဲ့ ဆိုင်းလည်း ရောက်လာပြီမို့ ပတ်စာညှိသံ အသံစမ်းသံတွေနဲ့ ခေါ်မကြား အော်မကြား ပွက်ပွက်ကို ညံပေါ့။ ကာလသားတွေလည်း အင်္ကျီ အသစ် မိတ်ကပ်အဖွေးသားနဲ့  မဏ္ဍပ်ထဲ ဟန်ရေးတပြပြ လမ်းသလားဖို့ ရောက်နေကြပါပြီ။  အပျိုတွေလည်း အစွမ်းကုန် ရှိုးအပြည့်။ တာဝန်ကျ အဖွဲ့က မောင်ရင်လောင်းများကို သံဃာစင်ပေါ်မှာ အလှဆင်နေပါတယ်။ ကျန်အမျိုးသမီးတွေနဲ့ အလှုလှည့် လိုက်မဲ့သူတွေကတော့ မဏ္ဍပ်ထဲမှာ ထိုင်ကာ ရေနွေးကြမ်းနဲ့ လက်ဘက်စားရင်း  ရောက်တတ်ရာရာစကားပြောနေကြပါတယ်။ တာဝန်ရှိသူတွေကတော့ ကွမ်းတောင် ပန်းတောင်ကိုင် အတွက် အကဲခတ်နေပါပြီ။ ရုပ်လှပြီး  ပိုက်ဆံရှိတိုင်းလည်း မရပါဘူး။ မိစုံ၊ ဖစုံ ရှိဦးမှ။ နောက်ဆုံး စကာတင် ကွမ်းတောင် ပန်းတောင်ကိုင်ခွင့် ရသူကတော့ ဂုဏ်ယူမဆုံးတပြုံးပြုံးပေါ့။ တာဝန်ရှိသူ အပျိုခေါင်းဆောင်တွေက ဘယ်သူကတော့ ဘယ်ဟာကိုင် ၊ နင်ကတော့ ဒါကိုရွက် စသည်ဖြင့် ခွဲပေးထားလို့ မိမိတာဝန်ကျရာကို ယူထားပြီး အလှုလှည့်ဖို့ အသင့်ဖြစ်နေကြပြီ။ “ရှင်လောင်းလှည့်ရန် အချိန်ကျရောက်ပြီမို့ နေရာယူပေးကြပါရန် နှိုးဆော်အပ်ပါသည်” လို့ လော်စပီကာက အော်သံကြားတာနဲ့  မဏ္ဍပ်အပြင်ထွက် လမ်းမမှာ တန်းစီနေကြပါပြီ။ ပထမဆုံး ဘုန်းကြီးကျောင်းကိုသွား ဘုရားပင့် ပြီးမှ ရွာထဲကိုလှည့်မှာပါ။ ရှေ့ဆုံးက ကန်တော့ပွဲ၊ နောက်က ပရိတ်အိုး ၊ ပရိက္ခရာ၊ သင်္ကန်းပန်း၊ ကွမ်းတောင်ကိုင်၊ ကန်တော့ပွဲမုန့်၊ တံခွန်ကုက္ကား၊ သူ့နောက်ကမှ မောင်ရှင်လောင်း တင်လာတဲ့မြင်း၊ နားသမဲ့ မိန်းခလေးလှည်း ၊ နောက်ဆုံးမှာတော့ မင်းသမီးလှည်းနဲ့ ဆိုင်းလှည်းပါ။ လမ်းဆုံ လမ်းခွရောက်တိုင်း လှည်းရပ်  လှည်းပေါ်မှာပဲ မင်းသမီးက  ကပေါ့။ ကလေးတွေကတော့ မင်းသမီးလှည်းနား အများဆုံးလေ ။ တချိုု့ ကလေးတွေ လှည်းနောက်မြီး ခိုလိုက်လို့“ ဟဲ့  ဟဲ့ အော် ….လှည်းကျိတ်လို့ သေတော့မှာပဲ” လို့ မြည်တွန်တောက်တီး သံတွေလည်း  ကြားရတာပေါ့။ အလှုလှည့် မလိုက်သူတွေကတော့ မိမိအိမ်ရှေ့ ဒါမှမဟုတ် နီးရာလမ်းဆုံမှာ စုပြီး အလှုလှည့်တာကို စောင့်ကြည့်တာလည်း ဓလေ့တခုလို ဖြစ်နေတာ။ “ဘယ်သူကတော့ ဘယ်လိုဝတ်လာတာဟဲ့၊ အလှု့အမကော ဘယ်လိုတုန်း၊  အံမယ်  ကောင်မက ဒီလိုဆိုတော့ အလှသား” လို့ ပေါ်တင်ကို အသံပြဲကြီးတွေနဲ့ အော်ကြ  ဟားကြပေါ့။  အလှုအိမ်ကစထွက် ဘုန်းကြီးကျောင်းဝင်  ဘုရားကို ဝတ်ပြု၊ ဘုန်းကြီးတရားနာ  ပြီးတာနဲ့ ရွာတပတ်လှည့်ပြီး နောက်ဆုံးမှာမှ အလှုအိမ်ပြန်ရောက်ပါတယ်။   ရှင်လောင်းလှည့်သူတွေ မဏ္ဍပ်ထဲရောက်မှ ထမင်းရုံ စဖွင့်တာဆိုတော့ တခါတည်း လူတွေလူတွေ ထမင်းရုံပွင့် ခမန်းပါပဲ။ အထဲမှာ လူပြည့်ပြီမို့ ထိုင်စရာမရှိတော့လို့  ရုံကိုပိတ်ပြီးတား စားပြီးသူတွေ နေရာလွတ်မှ ၅ယောက်လွတ်ပြီ ဝင် ဆိုပြီးသွင်းရပါတယ်။ ထမင်းထည့်တဲ့ပုတ်တွေဆို လူနှစ်ဖက်စာလောက်ရှိတာ ဒါကို ခဏနဲ့ ပြုတ်ခနဲကုန်တာလေ။ ပုတ်ထဲက ထမင်းကို ဇလုံနဲ့ခတ် ပန်းကန်တွေ ထဲထည့်ပေး  စားပွဲထိုးသူက ယူပြီးစားပွဲထိုး ၊ဟင်းလိုက်သူတွေခမျှာလည်း နားရတယ်မရှိလှပါဘူး။  ပကာသနာမပါ အလှမစား တဝစားသူတွေပါ။ ထမင်းစားသူတွေ  မရှိတော့မှ  ထမင်းရုံပိတ်  အဲဒီတော့မှ  ထမင်းကျွေးတာဝန်ကျသူတွေ စားရပါတယ်။ စားသောက်ပြီး အိမ်မပြန်သေးပဲ ဆိုင်းဝိုင်းက ဧည့်ခံတာကို ကြည့်ပါသေးတယ်။ တတ်နိုင်လို့ အငြိမ့်ပါရင် အငြိမ့်ပြီးမှ ပြန်တာပေါ့။  အခုနောက်ပိုင်းတော့ ဗွီဒီယို မိုးအလင်းပြဆိုပဲ။ နောက်နေ့က ပွဲကြီးနေ့မို့ တာဝန်ကျသူတွေ အလှုရှင်တွေမှာတော့ လိုအပ်တာတွေ ပြင်ဆင်နေလို့ မအိပ်အားဘူးပေါ့။

ဆက်ပါဦးမည်……

3 comments

  • researcher

    May 21, 2011 at 11:20 am

    မမှီရေးထားတာ ရွာရှင်ပြုအလှုကို သရုပ် ပေါ်လွင် ပီပြင်စေပါတယ်…။ မမှီရေးတာဖတ်ပြီး ငယ်ငယ်က ကျွန်တော့်အကိုတွေ ရှင်ပြုတာ ပြန်သတိရမိပါတယ်…။ ရှင်ပြုအလှုကို အဖိုးအဖွားတွေရှိတဲ့ ရွာမှာလဲ လုပ်ဖူးတယ်၊ ရန်ကုန်မှာလဲ လုပ်ဖူးပါတယ်…။

    ရွာမှာရှင်ပြုတာက ပိုပျော်ဖို့ ကောင်းပါတယ်။ တက်ညီလက်ညီနဲ့ ရွာသူရွာသားတွေ ဝိုင်းဝန်းဆွေးနွေး လုပ်ကိုင် ဆောင်ရွက်ကြတာတွေက မမှီရေးထားသလိုပါပဲ။ ဘယ်သူမှ ပင်ပန်းတယ်လို့ မထင်ပဲ ဝိုင်းဝန်းဆောင်ရွက်နေကြတာကိုက ပုဂ္ဂလိက အလှုနဲ့ မတူပဲ ရွာ့အလှုကြီးနဲ့တူနေပါတယ်။ အလှုရှင်မိသားစုပဲ ပျော်ရတာ မဟုတ်ပဲ တရွာလုံး တပတ်လုံးလုံး ပျော်ရွှင်နေကြတာ ဆိုတော့ လှုရတဲ့သူက အင်မတန် ကြည်နှုးဝမ်းသာ ဖြစ်ရပါတယ်…။ အလှု့ရှင်က အိမ်ဦးခန်းထိုင်ပြီး လာသမျှဧည့်သည် ဧည့်ခံရုံပါပဲ။ တက်ညီလက်ညီ လုပ်ကိုင်ဆောင်ရွက်ပေးနေတာရယ်၊ ထမင်းကျွေးဧည့်ခံချိန်မှာ ပကာသနမပါ အဝစားတာကို ကြည့်ရတာနဲ့တင် နောက်တကြိမ် လှုချင်စိတ်တွေ ပေါ်လာပါတယ်။ တခုပါပဲ…။ အဲဒါက အလှု့ရှင် နောက်ဖေးမဝင်ဖို့ပါပဲ…။ နောက်ဖေးဝင်ကြည့်မိရင်တော့ စေတနာ ကွက်စေတဲ့ အနေအထားလေးတွေ တွေ့ရတတ်ပါတယ်။ ဘာပဲပြောပြော နည်းနည်းပါးပါး ရုပ်ပျက်စရာလေးတွေ ရှိတာရယ်၊ မြို့ဓလေ့ထုံးစံနဲ့ နဲနဲလွဲပြီး နေရ၊ ထိုင်ရ အနည်းအကျဉ်း အံမဝင်တာ ကလွဲလို့ ရွာအလှုက အင်မတန်ပျော်ဖို့ကောင်းပါတယ်။ ကိုယ့်အလှုကြောင့် လူတွေအများကြီး ပျော်ရွှင်ကြရတာဆိုတော့ ရွာသူ၊ ရွာသားတွေရဲ့ အပျော်က ကိုယ့်ဆီကူးပြီး လှုတာနဲ့ ထပ်တူညီတဲ့ ပျော်ရွှင်၊ ကြည်နှုးမှုမျိုး ရရှိပါတယ်။ မလှုခင်ကော၊ လှုနေတုန်းကော၊ လှုပြီးတော့ကော တသသ ကြည်နှုးဖို့ ကောင်းပါတယ်။

    တောရွာဓလေ့ အလှုနဲ့ပတ်သက်ပြီး အရေးအကြီးဆုံးကတော့ ရွာမှာလှုမယ်လို့ ဆုံးဖြတ်ရင် ကုန်ကျငွေကို (၂) ဆ မှန်းထားရပါတယ်။ အလှုရက်ကြမှ ကျွေးတာမဟုတ်ပဲ အလှုရက် မရောက်ခင် တပတ်လောက်ကြိုပြီး လုပ်ကိုင်ပေးတဲ့သူတွေကို ကျွေးရတာရယ်၊ အလှုကိုလာတဲ့ တခြားရွာက ဧည့်သည်တွေကို ဧည့်ခံ ကျွေးမွေးရတာရယ်၊ ရှင်လောင်းလှည့်တဲ့နေ့မှာ လိုက်ပါတဲ့ ဧည့်သည်တွေကို ကျွေးရတာရယ်၊ အလှုနေ့မှာကျွေးရတာရယ်၊ အားလုံးပေါင်းလိုက်တော့ စောစောကပြောသလို ကုန်ကျစရိတ်က (၂) ဆ ဖြစ်သွားပါတယ်။ မှန်းထားတာထက် ပိုကုန်သွားတဲ့အတွက် တောရွာဓလေ့ အလှုအကြောင်းမသိရင် တချို့အလှုရှင်တွေက စေတနာပျက်တာတို့ ငွေရေးကြေးရေးအတွက် စိတ်ညစ်ရတာ တို့ ဖြစ်သွားတတ်ပါတယ်။

    မြို့အလှုကတော့ အလှု့ရှင် အသိုင်းအဝိုင်းပဲ ပျော်ရွှင်ရပြီး အလှုကိုလာတဲ့ ဧည့်သည်တွေအတွက် ကတော့ ဖိတ်ကြားခြင်းခံရတဲ့အတွက် အလှု့ရှင်ကို တက်ရောက်ချီးမြှင့်တဲ့သဘောနဲ့သာ လာကြတာကများတော့ အလှု့ရှင်လို ပျော်ရွင်တယ်၊ ဝမ်းသာတယ် ဆိုတဲ့ခံစားချက်လဲ သိပ်မရှိလှပါဘူး…။ ဒီတော့ မြို့အလှုက ရွာအလှုလောက် ပျော်စရာ မကောင်းတော့ပါဘူး…။

    ပြောရင်းနဲ့တောင် ရွာမှာအလှုတခုလောက်လုပ်ချင်စိတ် ပေါက်မိပါတယ်။ ဒီခေတ် ရွာမှာ အလှုလုပ်ရင် တော်တော်တော့ ကုန်မယ်ထင်ပါတယ်။ ရွာလုံးကျွတ် ဖိတ်မယ်ဆိုရင်ပေါ့…။

  • ဆူး

    May 21, 2011 at 2:33 pm

    မမှီ တို့ရွာ အလှူ ပုံစံနဲ့ ဆူး တို့ သွားလှူတဲ့ ရွာက ပုံစံက တမျိုး..
    အလှူရှိတယ်ဆိုရင် အနီးအနား ရွာတွေကို လက်သုတ်ပုဝါလေး ဖြစ်ဖြစ်ပေါ့ အသေးအမွှား တခုနဲ့ ဖိတ်လိုက်တယ်။ ထိုရွာက ကာလသားခေါင်းက စားပွဲ စားပွဲခင်း ဇလုံ ဇွန်း ထမင်းအုပ် ဖိတ်တဲ့ လက်သုတ်ပုဝါလေး သယ်ပြီး အလှူရှိတဲ့ နေရာကို လာကြတယ်။ အလှူ အတွက် လုပ်ထားတဲ့ မဏပ် ကို သယ်လာကြတယ်။ ရွာနီးချုပ်စပ်က လူတွေ စားပွဲ ကိုယ်စီ နဲ့လာကြပြီး ကိုယ်စားပွဲ ကိုခင်းပြီး အလှူမှာ ကျွှေးမဲ့ ထမင်းနဲ့ ဟင်းတွေကို တာဝန်ယူပြီး ကျွှေးတယ်။ စားပွဲ တဝိုင်းမှာ ကျွှေးပြီးရင် တာဝန်ယူတဲ့ လူက ထမင်းနဲ့ ဟင်းပြန်ဖြည့်ပြီးရင် နောက်ထပ် ၅ယောက် ထပ်ခေါ်တယ်။ သူ့ အလှည့်နဲ့ သူ စားကြတာဆိုတော့ သိပ်ပြီး တိုးကျိတ်မနေဘူး။ ထမင်းရုံလည်း ပိတ်စရာ မလိုတော့ဘူး။ ဒီလိုနဲ့ ကိုယ့်ရွာက လူက ကိုယ့်လူကို ပြန်ကျွှေး ဧည့်ခံတော့ အားနာစရာ မလိုဘူး။ ပစ္စည်း ပျောက်မှာ လည်း ပူစရာ မလိုဘူး ပြန်ရင် သူ့ပစ္စည်း သူသိမ်းပြီး ပြန်ကော.. အလှူ အတွက်လည်း ကျွှေးဖို့ ဇလုံ ပန်ကန် မလောက်မှာ ပူစရာကို မလိုတော့ဘူး။

  • bigcat

    May 21, 2011 at 3:32 pm

    ဧည့်သည်တွေကို ဝက်သား၊ ကြက်သားကျွေးတယ်ဆိုမှ သဂျီးသက်ပြင်းချနိုင်တော့တယ်။ ဆီပြန်ဟင်းတွေ သဂျီးရေ.. ဘီယာနဲ့မြည်းလို့ မကောင်းဘူး…

Leave a Reply