သားရှင်ပြု…(၃)
ပွဲကြီးနေ့ မနက်ရောက်တော့ မိုးလင်းတာနဲ့ တခြားရွာက ဧည့်သည်တွေလည်း တဖွဲဖွဲ ရောက်လာတာ အိမ်ပေါ်မှာလည်း လူအပြည့်မို့ တော်ရုံအိမ် ကျိုးကျလောက်တယ်။ တချို့ကတော့ မိမိအမျိုးအိမ်မှာတည်းပြီး တရားနာချိန်နီးမှ အလှုအိမ်ကို လာမှာပါ။ ဧည့်သည်တွေကို အိ်မ်ပေါ်မှာပဲ စားပွဲနဲ့ အကျအန ကျွေးတာပါ။ အချိုပွဲကတော့ ကျောက်ကျော၊ ပေါက်ပေါက်ဆုပ်၊ မုန့်ဆီကြော်၊ လက်ဘက်ပဲခြမ်း တို့နဲ့ ဧည့်ခံပါတယ်။ ထမင်းရုံကလည်း ဒီနေ့က ရှယ်ကျွေးမှာပါ။ ပုစွန်ခြောက်မှုန့်နှင့် ခရမ်းချဉ်သီးဆီပြန်ဟင်း ( ငါးပိလိမ္မာချက် လို့ခေါ်ပါတယ်) ၊ ပုစွန်ခြောက်၊ မှိုခြောက်၊ ပန်းခြောက်တွေနဲ့ ချက်တဲ့ ဗလာဟင်းချို၊ တပတ်လောက်ကြိုတင် စီစဉ်ထားတဲ့ ပဲတီချဉ် နဲ့ကြွေးမှာပါ။ ဒီနေ့ကတော့ နေ့လည် တနာရီမှာ တရားပွဲ စမှာမို့ ၁၂နာရီမှာ ထမင်းရုံပိတ်ပါတယ်။ အလှုရှင်တွေနဲ့ ရှင်လောင်းတွေကတော့ တမနက်လုံး ဘုန်းကြီးကျောင်းမှာပါ။ မနက် အာရုံဆွမ်းကပ်ပြီး ကတည်းက ပြန်မလာတော့ပဲ ကလေးတွေ ဆံချ၊ သင်္ကန်းစည်း ပြီးတာနဲ့ တခါတည်း ကျောင်းရှိသံဃာအကုန်နဲ့ တခြားရွာက ကြွလာတဲ့ ကိုယ်တော်တွေပါ နေ့ဆွမ်းကပ် သီလယူပြီးမှ ပြန်လာတယ်။ ကျောင်းထဲမှာလည်း ပတ်ဝန်းကျင်ရွာမှ ကိုယ်တော်ကို လိုက်ပို့တဲ့ လှည်းတွေဖြုတ်၊ နွားတွေချည်ထားတာ သစ်ပင်အလွတ်မကျန်အောင်ပါ။ ၁၂ နာရီကျော်တာနဲ့ မဏ္ဍပ်ထဲလည်း လူအပြည့် ၊ လမ်းမက အရိပ်နေရာတွေလည်း ပိုက်ဆံကြဲတာ လုမဲ့ကလေးတွေအပြည့်။ ၁၂နာရီ ခွဲလောက်မှာတော့ ကျောင်းထိုင်ဘုန်းကြီးနဲ့အတူ ဘုန်းကြီးများ ကိုရင်များ ဝါစဉ်အလိုက် စီတန်းပြီး ကြွလာပါပြီ။ တရားဟောမည့် ကိုယ်တော်ကတော့ သံဃာစင်ရှေ့က ပုလ္လင်မှာ နေရာယူပြီမို့ လူတွေလည်း တရားနာရန် အသင့်နေရာယူပြီးပါပြီ။ အလှု့ဒကာ၊ ဒကာမတွေလည်း ရေစက်ခွက်လေးတွေ ရှေ့ချပြီး တရားနာဖို့ အသင့်ပါပဲ။ မဏ္ဍပ်ထဲမှာ ထိုင်စရာ နေရာ မရှိတော့လို့ မဏ္ဍပ် အပြင်မှာ စီးလာတဲ့ ဖိနပ်ချွတ် ဖင်ခုထိုင်ပြီး တရားနာသူလည်း မနည်းမနောပါ။ ဘုန်းကြီးတရားဟောပြီး ရေစက်ချ အမျှဝေပြီး သာဓုခေါ်လိုက်တဲ့အသံဟာ လော်စပီကာ မလိုပဲ တရွာလုံး ဟိန်းထွက်သွားပါတယ်။ ဆိုင်းဝိုင်းကလည်း အလှု အထမြောက်ကြောင်း ဗျောတီးလိုက်တဲ့ အသံကို ကြားတာနဲ့ အလှု့ရှင်တွေမှာ ဝမ်းသာလွန်းလို့ မျက်ရည်တောင် လည်ရှာပါတယ်။ ဗျောတီးနေချိန်မှာ ပေါက်ပေါက်နဲ့ရောထားတဲ့ ပိုက်ဆံတွေကြဲတာမို့ ကလေးတွေများ လူကြီးတွေကို ကျော်တက်ပြီး လုတာ ရှောင်နိုင်မှ အနင်းမခံရမှာပါ။ လော်စပီကာကလည်း …..ရွာ ဆရာတော်ဘုရားတပည့် ကန်တော့ပွဲလက်ခံရန်ကြွပါဆိုတဲ့ အသံကလည်း ဆင့်ကဲဆင့်ကဲ ထွက်ပေါ်လာနေပါတယ်။ ညနေရောက်တော့ အလှုပွဲ ပြီးပြီမို့ မဏ္ဍပ်ဖျက်၊ ဘုံကငှါးတာတွေပြန်အပ်။ အိမ်တွေမှ ငှါးထားတဲ့ စားပွဲ၊ တန်းလျား ပြန်ပို့၊ ထမင်းချက်ဖို့ တူးထားတဲ့မြေ ကျင်းတွေဖို့ အားလုံးပြီးသွားတော့ တာဝန်ကျသူတွေလည်း မိမိအိမ်ကို ပြန်ပေါ့။ အလှု့ရှင်က ပိုလျှံတဲ့ဟင်းတွေအိမ်မှာစားဖို့ ထည့်ပေးလိုက်ပါသေးတယ်။ စေတနာ သုံးတန် အပြည့်ပါပဲ။ အားလုံးပြီးသွားတော့ တလလုံး စည်ကားနေတဲ့အိမ်ကြီး အိမ်သားတွေပဲ ကျန်တာမို့ ခြောက်ကပ်သွားတယ်လို့ ခံစားကြရတယ်။ ဒါပေမဲ့ နောက်နေ့ ဆွမ်းစင်မှာမို့ အမျိုးအရင်းတွေတော့ ကျန်တာပေါ့။ ကျောင်းရှိသံဃာအကုန် အိမ်ကို အာရုံဆွမ်းစား ပင့်တာပါ။ အလှုပြီး ပထမဆုံးနေ့မှာ အလှုရှင်က လုပ်ခွင့်ရပြီး ကျန်တဲ့နေ့တွေမှာတော့ အလှုဝင်သူတွေ တလှည့်စီ (၇) ရက်လုံး လုပ်ပါတယ်။ ကိုရင်လေးတွေကလည်း အလှုမတိုင်ခင် တလလောက်ကတည်းက သင်္ကန်းတောင်းသင်ဖို့ ကျောင်းအိပ် ကျောင်းစား ပို့ထားတာမို့ ကိုရင်ဝတ်နဲ့လည်း ကျောင်းမှာ နေသားကျပြီဖြစ်လို့ မိဘတွေမှာ (၇) ရက်လုံး စိတ်ချလက်ချ ထားလို့ရပါတယ်။ လက်ထဲမှာ တကယ်ကိုရှိလို့ စေတနာပြတ်လို့လည်း လှုတာမို့ အလှုပြီးတော့လည်း လုပ်စရာရှိတာ ဆက်လုပ်ကာ ကျေကျေနပ်နပ်နဲ့ ဘဝကို ဆက်သွားကြပါတယ်။
ကျွန်မလည်း သားလေးတယောက် မွေးထားတော့ သားကိုရွာမှာရှင်ပြုဖို့ စိတ်ကူးယဉ်မိတယ်။ မင်းမြှောက်တန်ဆာ အပြည့်အစုံဝတ်ပြီး မြင်းစီးတာလေးနဲ့ ကြည်ညိုစရာ ကိုရင်လေးကို တွေးပြီး ပီတိလေးနဲ့ ရင်ခုန်မိတာ အကြိမ်ကြိမ်။ တရက်တော့ အမေနဲ့ ဖုန်းပြောရင်း မေးမိပါတယ်။ ဘယ်လောက်ကုန်မလဲပေါ့။ ဟိုး….အရင် အစ်ကိုကြီးကို ရှင်ပြုတုန်းက (၁၀) သိန်းလောက် ကုန်တယ် ကြားထားတာကိုး။ အမေက ရီပြီး “ခောတ်က မတူတော့ဘူးအေ.၊ အဲ့ဒီခောတ်က တနှစ်တခါလှုနိုင်တယ်၊ အခုများတော့ ၄၊၅ နှစ်မှ တခါတောင် အနိုင်နိုင်ပါအေ..၊ မတတ်နိုင်ကြတော့ဘူး။ ဘုန်းကြီးကျောင်းသွား ဆွမ်းတပွဲလောက်ကပ် ကိုရင်စည်း လှုတာသာများလာပြီ” လို့ ပြောပါတယ်။ ကျွန်မလည်း ငယ်ငယ်ကတည်းက မြင်တွေ့လာတာမို့ အဲ့ဒီလိုသာ လှုချင်စိတ်က ဖြစ်နေတာ။ သားကလည်း ငယ်သေးတာမို့ အခုကတည်းက စစုရင်ရများရမလား တွေးမိတာရယ်၊ လှုကိုလှုမယ်ဟယ်လို့ ဆန္ဒပြင်းပြနေတော့ကာ “ အမေကလည်း ဘယ်လောက်ကုန်မှာမို့လည်း စုမှာပေါ့” လို့စိတ်မလျှော့ပဲ ပြန်ပြောတော့ အမေက“အင်း….တရာပျော့ပျော့လောက်တော့ ထင်တာပဲ” တဲ့လေ။ လူကို ပက်လက်လန်လုလုပါပဲ။ ဒီအကြောင်း ယောက်ကျားနဲ့ ဆွေးနွေးတိုင်း နောက်ဆုံးမှာ ရန်ဖြစ်ရပါတယ်။ သူကတော့ တို့အခြေအနေနဲ့ မဖြစ်နိုင်ဘူး ဆိုတာ လက်သုံးစကားလို ပြောလေ့ရှိတာက ကျွန်မတို့အတွက် ဒီငွေပမာဏက အတော်ကိုများတာကိုး။ ကြွေးတင်ရှင်ပြုလည်း မလုပ်နိုင် မဖြစ်နိုင်လို့ စိတ်လျှော့ဖို့ တတ်နိုင်သလောက်သာ လုပ်ဖို့သာ ရွှေပြည်အေး တရားအမြဲဟောပါတယ်။ ဒါပေမဲ့ အခုထိတော့ ကျွန်မ စိတ်မလျှော့သေးပါဘူး။ မလှုနိုင်မှသာ မလှုနိုင်ရော့ သပ်သပ်ရည်မှန်းပြီး စုမယ်လို့တော့ အားတင်းထားပြီး အလှု့အမ အဖြစ် အတွေးထဲမှာ စိတ်ကူးယဉ်နေလျှက်ပဲ ရှိနေပါတော့တယ်။
ပြီးပါပြီ။
2 comments
ဆူး
May 21, 2011 at 2:59 pm
မမှီရေ.. ဆူး ကြားဖူးတာလေး သတိပေးချင်လို့..
ကလေးတွေ ရှင်လောင်းလှည့်ပြီးပြီးချင်း ဆံချ လိုက်ရင် အပူရှပ်တတ်ပါတယ်။
ကလေးတွေ နေပူဒဏ် ခံပြီးတော့ ကျောင်းရောက်တော့ ချက်ချင်း ဆံချ ပြီး ကတုံးတုံးလိုက်လို့ ဦးနှောက်သွေးကြောပြတ် သေတဲ့ကလေးတွေ တနှစ်က ၃ယောက်လောက် ကြားမိပါတယ်။ ရန်ကုန်မှာ ရှင်လောင်းတောင် မလှည့်ပေးကြတော့ဘူး အပူရှပ်တာတို့ သွေးကြောပြတ်တာတို့ မဖြစ်ရအောင် ညနေစောင်းမှ လှည့်တဲ့ လူက လှည့်တယ် သိတာလေး သတိပေးတာပါ။
bigcat
May 21, 2011 at 3:50 pm
သဂျီုးကို ဖြစ်နိုင်ရင် ရှင်ပြုပေးကြပါအုံး…သူ့ခင်မျာ အမေလိကံဂျီးဖြစ်သွားလို့ မြန်မာမှုကို တစ်ကပြန်စရတော့မယ်…အလှူရှင်ပေါ်ခဲ့ရင် ကျနော်က သူ့ဆန္ဒအတိုင်း ရွာကာလသားတွေကို ဘလက်လေဘယ်လ် အဝတိုက်မယ်ဗျာ….