အလှူပြုတာကို ဒီလိုလေး ပြောင်းကြည့်ကြရအောင်
ကျွန်တော်သည် မြန်မာပြည်တွင် မွေးသော မြန်မာနိုင်ငံသားဖြစ်သည်။ မြန်မာ့ရေ၊ မြေနှင့် နီးစပ်ခဲ့သလို မြန်မာ့ယဉ်ကျေးမှုကိုလဲ ထဲထဲဝင်ဝင်မသိစေကာမူ လက်တွေ့ဆန်သော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အတော်လေးရင်းနှီးခဲ့ဖူးပါသည်။ ချစ်ခင်နှစ်သက်ကြစရာကောင်းသလို တစ်လွဲအယူမှားနေသည့် ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကိုလည်း ကျွန်တော့်၏မျက်လုံးမှ ကိုးလိုးကန့်လန့်၊ ဇောက်ထိုးအကြည့်ဖြင့် မြင်ဖူးသည်။ ဒီလိုလေးလုပ်လိုက်ရင် မကောင်းဘူးလားဟု ပြောကြည့်သည့်အခါ လမ်းဟောင်းပေါ်တွင် လျှောက်နေကြသောသူများက မြက်ရိုင်းတောမြေကို ခုတ်ထွင်ရှင်းလင်းနေသည့်ကျွန်တော့်အား သနားစဖွယ်အကြည့်ဖြင့်တစ်မျိုး၊ ခပ်ကြောင်ကြောင်လူသားတစ်ယောက်အဖြစ် တစ်ဖုံ၊ ကြည့်နည်းပညာရပ်ပေါင်းစုံဖြင့် ကြည့်ကြလေတော့သည်။ သေချာသည်မှာတော့ ဘယ်သူကမှ အထင်ကြီးလေးစားသည့်အကြည့်ဖြင့် မကြည့်ကြပေ။ ပြသနာမရှိပါ၊ ကျွန်တော်သည်ကား လူ့ဂွစာသာ ဖြစ်တော့သည်။
ပြောလိုသည့် အရာများစွာရှိသည့်အထဲကမှ မြန်မာပြည်တွင် အမြစ်တွယ်နေသည့် အလှူပြုလုပ်ပုံကို ယခုကဲ့သို့ မြင်မိသည်။ ကျွန်တော်ငယ်စဉ်ကာလက ဖြစ်မည်ထင်ပါသည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် အလှူအတန်း အကြီးအကျယ်ပြုကြသူများ ယနေ့ထက် ပိုမိုများပြားသည်။ တောရော မြို့ပါမကျန် နေရာတိုင်းလိုလိုတွင် အလှူပေါင်းစုံလုပ်နေကြသည်ကို မြင်ဖူးသည်။ ဥပမာအားဖြင့် အိမ်တက်မင်္ဂလာ၊ မင်္ဂလာဦးဆွမ်းကျွေး၊ ဘုရားကိုးဆူ၊ နတ်ကနားပွဲ၊ ရှင်ပြုအလှူ၊ နာရေးအလှူ၊ ဘုရားအနေကဇာတင်၊ … အစရှိသည်တို့ဖြစ်သည်။ သူများအလှူများကို ကျွန်တော်ကိုယ်တိုင်လိုက်စားဖူးသကဲ့သို့ မိဘများအိမ်တွင် ပြုလုပ်သောအခါတွင်လည်း ကျွန်တော်တို့မှာ ပျော်ရပါသည်။ ထိုရက်များဆိုလျင်တော့မူ ဗိုက်ကို ခွေးနမ်းပေတော့သည်။ မစားချင်အဆုံး ကောင်းပေ့ဟင်းလျာများ၊ အချိုပွဲများကို စိတ်ကြိုက်တီးရတော့သည်။ ထိုစဉ်က ကလေးပေမလား….
အရွယ်ရောက်လာသောအခါ အလှူပွဲများကို သွားရမည်ကို ရှက်သလို၊ ရွံ့သလို ဖြစ်လာတော့သည်။ ထမင်းစားလက်မှတ် ဝတ်စုံကြီးများကိုဝတ်၊ သွားကြီးအဖြဲသားဖြင့် အလှူရှင်အား မျက်နှာလုပ်ပြရခြင်း၊ မိမိနှင့် စားပွဲတစ်ဝိုင်းတည်းကျနေသူများထံမှ ဟိုသတင်း၊ ဒီသတင်း၊ ဟိုအတင်း၊ ဒီအတင်းများကို ရေပက်မဝင်အောင်ပြောဆိုနေကြသည့်သူများအား အလိုက်အထိုက် စကားထောက်ပေးနေရခြင်း၊ အစရှိသော လူမှုကျင့်ဝတ်များစွာကို တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဆောင်နေရခြင်းကြောင့် နောက်ပိုင်းတွင် နာရေးမှအပ မည်သည့်ပွဲသို့မျှ တက်ရောက်ခြင်းမရှိတော့ပါ။ ထိုစဉ်အခါမှ အလှူ၏ ရည်ရွယ်လိုရင်း၊ ပြုလုပ်ပုံ၊ အကျိုးသက်ရောက်မှု အစရှိသည်တို့ကို အပြန်အလှန်တွေးတောစဉ်းစားမိသောအခါ အောက်ပါအတိုင်း အတော်လေးဂွကျကျနိုင်သော အတွေးများထွက်ပေါ်လာတော့သည်။
” ဟို ဆန်စက်သူဌေးကြီး ဦးဘယ်သူနဲ့ ဒေါ်ဘယ်ဝါတို့ရဲ့ အလှူများ ကြီးကျယ်ခန့်ညားလိုက်တာ၊ ရွာလုံးကျွတ် မီးခိုးတိတ်ပဲ ”
ဟူသည့် ကျေးလက်မှ အလှူပုံရိပ်ကို ထင်ဟပ်ပြသောစကား၊
” —-Company ပိုင်ရှင် ဦးဘယ်သူရဲ့ အိမ်သစ်တက် အလှူပွဲတုန်းကလေ ကျွေးတဲ့ အစားအစာတွေကတော့ — ဟိုတယ်က မှာထားရတယ်ဆိုပဲ၊ မစားစဖူးအစားအစာတွေ အဲဒီတုန်းကမှ စားဖူးလိုက်ရသေးတယ်”
ဟူသည့် မြို့ပြမှ အလှူပုံရိပ်။
စာဖတ်သူများရော အဘယ်သို့ မြင်ပါသနည်း? ကျွန်တော့်၏ အမြင်ကို ဆက်ပါမည်။ မြန်မာလူမျိုးများသည် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းနေကြသူများဟု ဂုဏ်ယူနေတတ်ကြပါသည်။ ဟုတ်မှန်သင့်သလောက် ဟုတ်မှန်ပါသည်။ သို့သော် အလှူပြုပုံ မှားယွင်းနေသောကြောင့် အလှူပြုသောသူမှာ ရေရှည်အကျိုးမရှိသလို အလှူခံရသူများမှာလည်း ရေရှည်မလောက်ငှပါ။ များသောအားဖြင့် မြန်မာ့ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများမှ အလှူများအကြောင်းကို ယေဘူယျသုံးသပ်ကြည့်မည်ဆိုလျင်မူ အလှူအများစုမှာ နိပါတ်တော်များတွင်ပါရှိသည့် အလှူပြုပုံများကို အတုယူပြုနေကြသည်ချည်းသာဖြစ်သည်။ ထူးခြားဆန်းသစ်သည့် အလှူ အတော်လေးနည်းပါသည်။ အဓိကအားဖြင့် အာဟာရအလှူပြုကြသည်မှ တစ်ဆင့်မတက်နိုင်ကြသေးပါ။ မြန်မာလူမျိုးများ နိုင်ငံပြင်ပသို့ လှမ်းမျှော်ကြည့်စေလိုပါသည်။ တစ်ခြားသောလူမျိုးများ၊ မြန်မာပြည်တွင်းရှိ လူမျိုးခြားများ အလှူပြုကြပုံကို လေ့လာအတုယူစေလိုပါသည်။ မြန်မာ့အလှူစစ်စစ်သည်ကား နှစ်မျိုးသာ ရည်ရွယ်လိုရင်းရှိပါသည်။ လက်ရှိအချိန်တွင် လူအများ အစားအစာများ ဝဝလင်လင်စားသုံးစေလိုရင်းနှင့် နောင်ဘဝတွင် အလှူ၏အကျိုးကို ခံစားလိုရင်းသာဖြစ်သည်ဟု မြင်မိပါသည်။ တစ်ချို့အလှူများဆိုလျင် ငွေကျပ်သိန်းပေါင်းထောင်နှင့်ချီသော မဟာအလှူတော်ကြီးများဖြစ်ကြောင်းသိရသောကြောင့် မုဒိတာပွားမိပါသေးသည်။ သို့သော် ထိုသို့အလှူများ မကြာခဏပြုလုပ်နေကြခြင်းထက် မိမိစိတ်အားထက်သန်သော အကြောင်းအရာတစ်ခုအတွက် ဖောင်ဒေးရှင်းများထူထောင်ပြီး ငွေပင်ငွေရင်း စိုက်ထူပေးခြင်းဖြင့်လည်းကောင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ကဲ့သို့ ရေရှည်၊ လက်တွေ့ အကျိုးများမည့် အလှူမျိုး ဖန်တီးကြလျင်သော်လည်းကောင်း၊ တစ်ရက်တာ ဝဝလင်လင်စားသုံးရမည့်သူများအား ရေရှည်တွင် မိမိ၏ အလှူဖြင့် ထမင်းနပ်မှန်စေရန် ခွံ့ကျွေးနေသကဲ့သို့ ဖြစ်ကြမည် မဟုတ်ပါလား။
ဥပမာအားဖြင့်ဆိုရလျင် ပညာသင်ထောက်ပံ့ကြေး ဖောင်ဒေးရှင်းများထူထောင်ပြီး ပညာထူးချွန်ပြီး ပညာဆက်လက်သင်ကြားရန်မတတ်နိုင်ကြသော နိုင်ငံ့သားကောင်း၊ ကလေးငယ်များအား မြေတောင်မြှောက်ပေးရာ မရောက်ပေလား။
ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းကဲ့သို့ ကင်ဆာရောဂါဝေဒနာသည်များအား ၎င်းတို့၏ နောက်ဆုံးထွက်သက်အချိန်တွင် အပူအပင်မရှိ သက်တောင့်သက်တာ ဘဝဆီမီး ချုပ်ငြိမ်းခွင့် ပြုစေနိုင်မည် မဟုတ်ပါလား။
ငွေပင်ငွေရင်းမရှိသောကြောင့် ငွေရှာရန်မတတ်နိုင်သူများ၊ တစ်နေ့စာ စားသောက်ရန်အတွက် ဈေးရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများအား တစ်နေ့တာ အရင်းအနှီး ထုတ်ပေးမည့် ဖောင်ဒေးရှင်းများ ပေါ်ပေါက်လာပါက ခေါင်းရွက်ဗျပ်ထိုးဈေးသည်များအား ဆိုင်နှင့်ရောင်းချနိုင်သည်အထိ အထောက်အကူမပြုနိုင်ပေဘူးလား။
ဝင်ငွေမလောက်ငှသောကြောင့် သူတစ်ပါးထံမှ အတိုးဖြင့်ဆွဲ၊ တက်လာသည့် အတိုးအပေါ် အတိုးဆင့်ကာ အိမ်စားစရိတ်မကျန်အောင် ချေးငွေအား ပြန်လည်ဆပ်နေရသည့် လစာနည်း အောက်ခြေဝန်ထမ်းမိသားစုများ၏ သက်သာချောင်ချိရေးအတွက် Singapore မှ NTUC Fair Price ကဲ့သို့သော အဖိုးနည်း ဝန်ဆောင်မှုကောင်းသည့်၊ အခြေခံစားသောက်ကုန်များကို လူအများကြားရောက်ရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့် ဝိသမလောဘသား၊ ကုန်သည်များ၏ ဈေးကစားခြင်းကို ရှောင်ရှားပေးနိုင်မည့် အရောင်းဆိုင်များ ပေါ်ထွန်းလာစေရေးအတွက် အရင်းအနှီးများစိုက်ထုတ်ကာ ရရှိလာသည့် ဝင်ငွေဖြင့်ပင် ထိုကဲ့သို့သော အရောင်းဆိုင်များကို ဆက်လက်လည်ပတ်စေမည်ဆိုလျင် မကောင်းပေလား။
အရာရာတိုင်းတွင် ဟိုလူ့လက်ညှိုးထိုးအပြစ်ပုံချ၊ ဒီလူ့လက်ညှိုးထိုး အပြစ်ပုံချလုပ်နေကြခြင်းထက် မိမိကိုယ်တိုင်က သူများတွေကို ဖြစ်စေချင်သော အရာများကို စတင်ပြုလုပ်ကြမည်ဆိုလျင် ကျွန်တော်တို့ မြန်မာနိုင်ငံကြီးသည်ကား ဧကန်မုချ ဖွဲ့ဖြိုးတိုးတက်လာမည်မှာ မလွဲဖြစ်တော့သည်။ အာဟာရအလှူများအတွက် စီးဆင်းနေကြမည့် ငွေကြေးများအား ထာဝရအလှူများအဖြစ်သို့ ပြောင်းလဲနိုင်ကြမည်ဆိုလျင် အများပြည်သူ၊ ရဟန်းရှင်လူများမှာ ယခုအချိန်ထက်ပိုမိုသည့် အကျိုးများ တိုးပွားလာစရာမြင်မိကြောင်း တင်ပြအပ်ပါသည်။ တစ်ယောက်အားဖြင့် မစွမ်းသာသော်လည်း အများအားဖြင့်စွမ်းလျင်တော့ ရနိုင်ပါ၏။ မြန်မာပြည်သူ၊ ပြည်သားများ လမ်းသစ်ထွင်နိုင်ကြစေရန် ရည်ရွယ်လျက်….
12 comments
Myanmar
May 23, 2011 at 1:35 am
I totally agree with you and I like your idea. It is innovative.
တစ်လွဲအယူမှားနေသည့် ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကိုလည်း ကျွန်တော့်၏မျက်လုံးမှ ကိုးလိုးကန့်လန့်၊ ဇောက်ထိုးအကြည့်ဖြင့် မြင်ဖူးသည်။( It is an alternative thinking! It is not wrong but needed to be careful not to be extreme.)
ဒီလိုလေးလုပ်လိုက်ရင် မကောင်းဘူးလားဟု ပြောကြည့်သည့်အခါ လမ်းဟောင်းပေါ်တွင် လျှောက်နေကြသောသူများက မြက်ရိုင်းတောမြေကို ခုတ်ထွင်ရှင်းလင်းနေသည့်ကျွန်တော့်အား သနားစဖွယ်အကြည့်ဖြင့်တစ်မျိုး၊ ခပ်ကြောင်ကြောင်လူသားတစ်ယောက်အဖြစ် တစ်ဖုံ၊ ကြည့်နည်းပညာရပ်ပေါင်းစုံဖြင့် ကြည့်ကြလေတော့သည်။ သေချာသည်မှာတော့ ဘယ်သူကမှ အထင်ကြီးလေးစားသည့်အကြည့်ဖြင့် မကြည့်ကြပေ။( You don’t need to care what other people think or say while what you did does not affect the wellbeing of people.)ပြသနာမရှိပါ၊
We should seriously think whether we are going to give a fish a day to the poor or are going to teach them how to fish.
Giving a fish daily (လူအများ အစားအစာများ ဝဝလင်လင်စားသုံးစေ) does not help (အလှူခံရသူများမှာလည်း ရေရှည်မလောက်ငှပါ။) but teaching and helping them how to fish (ဖောင်ဒေးရှင်းများထူထောင်ပြီး ငွေပင်ငွေရင်း စိုက်ထူပေးခြင်းဖြင့်လည်းကောင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ကဲ့သို့ ရေရှည်၊ လက်တွေ့ အကျိုးများမည့် အလှူမျိုး ဖန်တီးကြ) will promote their social and financial status.
Thank you for sharing such a great idea.
MaMa
May 23, 2011 at 1:55 am
(ရေရှည်၊ လက်တွေ့ အကျိုးများမည့် အလှူမျိုး ဖန်တီးကြလျှင်) ကောင်းပါသည်။ သို့သော် သစ်ပင်စိုက်ပျိုးသောအခါ နှစ်ရှည်ပင်များကြားတွင် နှစ်တိုပင်များကို ညှပ်စိုက်ကြရသလိုပင် ရေရှည်အကျိုးစီးပွား၊ လက်ငင်းအကျိုးစီးပွား နှစ်ခုလုံး ထည့်စဉ်းစားသင့်သည်ဟု ထင်ပါသည်။ ပန်းချီကားတစ်ချပ်သည် အရောင်အသွေးစုံလင်မှ လှပသလိုပင်။
weiwei
May 23, 2011 at 2:26 am
ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ …
လူတိုင်းမှာ အစွဲလေးတွေရှိကြတယ် …
ကျွန်မစိတ်ထဲမှာ ရှုံး .. လူ ပြောသလို အမြင်အတွေးမျိုး ရှိခဲ့ဖူးတယ် .. အခုလဲ ရှိနေပါတယ် .. ဒါပေမယ့် ကျွန်မအနေနဲ့ ဝင်ငွေနဲတဲ့လူထဲမှာပါတော့ တစ်ခါတစ်လေ အနဲငယ်သော ပမာဏကိုသာ အလှူဒါနအနေနဲ့ပြုလုပ်နိုင်တဲ့အခါမှာ ဘယ်နေရာမှာ လှူမလဲလို့ စဉ်းစားရလေ့ရှိပါတယ် … ကိုယ့်ပတ်ဝန်းကျင်မှာပဲ အစားဆင်းရဲပြီး ခက်ခက်ခဲခဲ ပညာသင်နေတဲ့ စာသင်သားသံဃာတွေကို မြင်နေရတော့ အဲဒီဘုန်းကြီးကျောင်းမှာပဲ အာရုံဆွမ်း နေ့ဆွမ်းစသဖြင့် ကိုယ်နိုင်သလောက်လှူလိုက်ပြီး အာဟာရဒါနလောက်ဖြင့်သာ ပီတိဖြစ်ရပါတယ်။ ငယ်ငယ်ကထဲက စုထားတဲ့ စာအုပ်တွေကို မိဘမဲ့ကျောင်း စာကြည့်တိုက်တွေမှာ သွားလှူခြင်း၊ ကလေးတွေအတွက် အာဟာရကျွေးခြင်း၊ အခမဲ့ဆေးခန်းမှာ ဆေးပဒေသာပင်အတွက် လှူခြင်း စသဖြင့် ပမာဏအနဲငယ်ကိုသာ အလှူလုပ်နိုင်သူဖြစ်လို့ အားရပါးရ အလှူကြီးကြီး လုပ်ချင်စိတ်အမြဲရှိနေပါတယ်။ သူများတွေ တတ်နိုင်လို့ လှူကြတဲ့အခါတွေမှာတော့ မည်သည့်အလှူကိုမဆို ဝမ်းသာပီတိနဲ့ သာဓုခေါ်ပေးပါတယ်။
ပစ္စည်းလှူတာမှ အလှူမဟုတ်ပါဘူး … အသိပညာဝေမျှပေးတာလဲ အလှူတစ်မျိုးဖြစ်ပါတယ် … MG က ရွာသားတွေလဲ ကိုယ်နိုင်သလောက် ပညာအလှူတွေ လုပ်နေကြတယ် … ရွာသားအလှူ သူကြီးကောင်းမှု 😛
bigcat
May 23, 2011 at 2:50 am
နိုင်ငံတနိုင်ငံ လူမျိုးတမျိုးရဲ့ အတွေးအခေါ် အပြုအမူတွေ ပြောင်းလဲပစ်ဖို့ဆိုတာ တိုင်းသူပြည်သား လူအများလေးစားယုံကြည်တဲ့ ခေါင်းဆောင်ကောင်းလိုတယ်၊ အဲဒီခေါင်းဆောင်အောင်မြင်ဖို့ဆိုတာ အရည်အချင်းရှိတဲ့ လက်အောက်ငယ်သားတွေလိုတယ်။ တကယ်ပြောင်းလဲမှုကို တာဝန်ခံ ဆောင်ရွက်ကြမဲ့ လူတော်၊ လူကောင်း(မကောင်း) တွေ အလုံအလောက် ဆိုတာ သူတို့ဘဝအာမခံချက်ရှိမှာ ဖြစ်မှာပေါ့။ အဲဒါတွေအတွက် အခြေခံလိုအပ်ချက်ကဘာလဲ…ကြည့်သောသူမြင်၏။ မြန်မာပြည်မှာတော့ မြင်သောသူများ ပြေး၏။ အခုတော့ ပြေးသောသူများ ပြော၏…..
nature
May 23, 2011 at 9:05 am
(ဖောင်ဒေးရှင်းများထူထောင်ပြီး ငွေပင်ငွေရင်း စိုက်ထူပေးခြင်းဖြင့်လည်းကောင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ကဲ့သို့ ရေရှည်၊ လက်တွေ့ အကျိုးများမည့် အလှူမျိုး ဖန်တီးကြ) ….
ဖောင်ဒေးရှင်းများထူထောင်တာကောင်းပါတယ်၊ အားပေးပါတယ်၊
ဒါပေမဲ့ ဖာင်ဒေးရှင်းတဟာခုအောင်မြင်ဖို့ခက်ပါတယ်၊ နာရေးကူညီမှုအသင်း ရဲ့စရိပ်က ကားရယ်ဆီဖိုးရယ် မောင်းကြေးရယ်ပဲရှိပါတယ် (မေတ္တာနဲ့ကူညီရင်မောင်းကြေးတောင်မရှိပါဘူး) ၊ ကင်ဆာဖောင်ဒေးရှင်းကတော့ ကင်ဆာဝေဒနာရှင်တွေအတွက် နေ့စဉ်စားဝတ်နေရေးအတွက် စရိပ်ပိုများပါတယ်၊ နေ့စဉ်ကုန်ကျနေတဲ့စရိပ်တွေကို ပုံမှန်အလှူရှင်မရှိပဲ ရေရှည်ရပ်တည်ရတာခက်ပါတယ်။ လှူတာကတော့ ကိုယ်သဒ္ဒါပေါက်ရာလှူတတ်ကြပါတယ်၊ အကျိုးများအောင်လှူနည်းကတော့ သပူရိသသုတ်နဲ့ ဝေလာမသုတ် ကိုလေ့လာစေချင်ပါတယ်။
ဆူး
May 23, 2011 at 9:58 am
ဖောင်ဒေးရှင်းတွေ လှူတာတော့ ကောင်းပါတယ်။
တနေ့ကတော့ ရွှေပြည်ဟိန်းမှာ စက္ခုဒါန သွားလှူလိုက်သေးတယ်။
တခြား ဆေးပေးခန်း နဲ့ အထူးကု အမျိုးမျိုးတွေလည်း ရှိတယ်။ စေတနာရှင် ဆရာဝန်တွေ ကုသပေးနေတယ်။ ဆေးလည်း အလကားပေးတယ်။ စိတ်ပါရင် ဆေးဖိုး အလှူခံပုံးထဲ တတ်နိုင်သလောက် လှူခဲ့လို့ ရတယ်။
အနေအထား ကြည့်ခဲ့တာတော့ မဆိုးဘူး။
လူနာတွေလည်း အားကြီးပဲ.. ဒါကို ကြည့်ခြင်းအားဖြင့် မှီခို အားထားရတဲ့ လူတွေ အများကြီး ရှိတာကို ပြနေတာပါပဲ။
nozomi
May 23, 2011 at 10:39 am
ကိုရှုံး..လူ ထောက်ခံ အားပေးပါတယ်၊
ရွာသားထဲမှာ အလှူအတန်းလုပ်တဲ့သူတွေ များတာ ကောင်းတဲ့လက္ခဏာပါ အားပေးပါတယ် ….
တစ်ခု အကူအညီတောင်းချင်ပါတယ် လှူလို့ရမဲ့ နေရာစာရင်းလေး သိသူများပြောပေးစေချင်ပါတယ် အလှူခံတဲ့သူအတွက်ရော လှူချင်တဲ့သူအတွက်ရော အဆင်ပြေအောင်ပါ ..
ခေါင်းစဉ်ခွဲအလိုက်ပေါ့ ဥပမာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊အခမဲ့ဆေးခန်း၊သွေးလှူရှင်၊ စုပေါင်းအဖွဲ့ (2000 လိုမျိုး)၊…………….အမည်၊လိပ်စာ၊ဆောင်ရွက်ချက်အကျဉ်းလေးနဲ့ဆို အဆင်ပြေမယ်ထင်ပါတယ်
MaMa
May 24, 2011 at 12:46 am
nozomi ရေ အဲဒီလို စုစည်းတင်ပြဖို့အတွက်တော့ လင်းဝေကျော်တို့၊ eros တို့ကို အားကိုးရမယ်ထင်တယ်။ အမျိုးသမီး စွမ်းဆောင်ရှင်များထဲကဆိုရင် ဆူးတို့၊ wei weiတို့၊ etoneတို့ကို ပေ့ါ။
nozomi
May 24, 2011 at 4:37 am
အမျိုးသားစွမ်းဆောင်ရှင်ရော အမျိုးသမီးစွမ်းဆောင်ရှင်ရော အားလုံးကို အားကိုးပါတယ် 🙂 😀
တစ်ယောက်ယောက်က မတည်ပြီး သိသလောက် တင် ကျန်သူများက ဝိုင်းဝန်းဖြည့်စွက်လိုက်ရင် အကောင်အထည်ပေါ်လာနိုင်ပါတယ်
babymay
May 24, 2011 at 3:53 am
အလှူလုပ်တယ် ဆိုတာကိုယ်ရဖို့မဟုတ်ဘူး သူများရဖို့လို့ ဆရာတော် မေတ္တရှင် (ရွှေပြည်သာ)ဟောကြားဖူးပါတယ်။ ဆိုတော့ကာ ဗမာလူမျိုးတွေရဲ့ traditional အလှူပြုနည်းက နဲနဲလွဲနေတာတော့ အမှန်ပဲ။ အလှူ ပြုရင် ဒါနကုသိုလ်ရမယ်ဆိုပြီး အဲဒီကုသိုလ်ဆိုတာ အတုုံးလိုက်အခဲလိုက်နောက်ဘဝကျ ကိုယ်ပြန်ရမယ်ထင်နေ ကြတာများပါတယ်။ တကယ်က ဒါနကုသိုလ်ဆိုတာ မလှူခင် လှူနေရင်း လှူြူပီးနောက် ရလာတဲ့ ပီတိ စိတ် ၊ ဪ ငါလှူလိုက်လို့ သူတစ်ပါးအဆင်ပြေသွားလေခြင်းဆိုတဲ့ ကုသိုလ်စိတ်ကိုသာခေါ်တာပါ။ ဒီစိတ်ကသာ လူရဲ့နှလုံးကို ချမ်းမြေ့စေတာ ကိုကုသိုလ်ရတယ်လို့ ခေါ်တာပါ။ ပို့စ်မှာရေးထားသလို တိုးတက်တဲ့ အလှူပြုမှု ၊ ဖောင်ဒေးရှင်း တည်ထောင်ခြင်း စတာတွေကတော့ ဘယ်သူ့ကိုမှ လက်ညှိုးထိုးတာမဟုတ်ဘဲ အရှိအတိုင်းပြောရရင် အကြောင်းကြောင့်အကျိုးဖြစ်ဆိုသလို ဒီလိုခေတ်ဒီလိုစနစ်ကြောင့် ဒီလိုဖြစ်နေရတာပါလို့ ပြောရမှာပါပဲ။ အခန်း သန့်ရှင်းရေးလုပ်သလိုပေါ့။ အပေါ်ယံလေးပဲကွက်ပြီး တံမြက်စည်းလှဲ နေရင် ဖုန်တွေဘယ်စင်ပါ့မလဲ။ တကယ်သန့်ရှင်းချင်ရင်တော့ သေသေချာချာ လှဲကျင်းဖုန်သုတ် ၊ တနေရာမှမကျန်အောင် သန့်ရှင်းရေးလုပ်ရပါလိမ့်မယ်။ မြန်မာပြည် အနေနဲ့ကတော့ ဖုန်တော်တော် တက်နေတာမို့ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် အချိန်ယူပြီး လှဲတတ်ကျင်းတတ်တဲ့လူ က လှဲရကျင်းရပါ့်မယ်လို့ထင်ပါကြောင်း။။။။
ကိုပေါက်(မန္တလေး)
May 24, 2011 at 4:00 pm
လှူဒါန်းတာနဲ့ပါတ်သက်လို့ ကျွန်တော်အမြင်ပြောရရင်
မိမိထက် ချို့တဲ့သူကို ကိုယ်ချင်းစာတရားဖြင့်ပေးကမ်းစွန့်ကြဲတာကလည်း လှူတာပါဘဲ၊
နောက်မိမိထက် မြင့်မြတ်သူကို ဂါရဝတရားဖြင့် ဆက်ကပ်တာလဲ အလှူပါဘဲ။
ကျွန်တော်သိသလောက် စွန့်လွှတ်လှူဒါန်းတယ်ဆိုတာက မိမိပိုင်ဆိုင်မူ့နည်းလေလေ တပ်မက်စိတ်နည်းလေလေဖြစ်အောင် ဖန်တီးယူတာပါဘဲ။
နောက်မှ ဘယ်သူတွေကွန့်သလဲတော့ မသိဘူး အခုဘဝဘာလှူရင် နောင်ဘဝဘာပြန်ရမယ်ဆိုတဲ့
အပေါစားမဲဆွယ်မူ့ကြီး ပေါ်လာတာပါဘဲ။
တကယ်တမ်းကိုယ်ချင်းစာတရားထားလို့ စွန့်လွှတ်တယ် ပေးကမ်းတယ် ဆက်ကပ်တယ် ဘယ်လိုနာမယ်ပေးပေး ပြန်လိုချင်တဲ့ ဆန္ဒမပါသော စွန့်လွှတ်မူ့ကသာ အမှန်ကန်ဆုံးသောအလှူလို့ထင်ပါတယ်။
အဲလိုအလှူကတော့ ဘာဘဲလှူလှူ မွန်မြတ်တယ်လို့ ယူဆပါတယ်။
မြန်မာပြည်မှာလူတွေက အသင်းအဖွဲ့ခေါ်ခေါ် ဖောင်ဒေးရှင်းခေါ်ခေါ် ဆိုတဲ့အလှူမျိုးကို မယဉ်ပါးသေးတာရယ် အဲလိုအသင်းတော်တော်များများကလဲ ရေရှည်မခံဘဲ ဝါးစေ ဝေစား ပြဿနာတွေတက်တာများတော့ ကိုယ်လှူချင်တာကို ကိုယ်နိုင်သလောက်စိတ်ပြတ်ပြီးလှူတယ်လို့ထင်ပါတယ်။
ဒါကတော့ ကျနော့်အမြင် သူများနဲ့တူချင်လဲ တူမယ် တူချင်မှလဲ တူမယ်။
မှန်ချင်မှလဲ မှန်မယ် မှန်ရင်လဲ မှန်နိုင်တယ်။
ကျနော့်အမြင်ကိုးဗျ။
unclegyi1974
May 24, 2011 at 4:57 pm
ကောင်းတော့ကောင်းတယ်
ဒီခရီးရောက်ဖို့အတော်သွားရအုန်းမယ်