ဘယ်လိုလူစားမျိုးကို ဆရာလို့ခေါ်မလဲ။
အတတ်လဲသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့
ကျင့်ဖို့ ဝတ်ငါးဖြာ။
ဒီနီတိကဗျာလေး အား မြန်မာနိုင်ငံ အစိုးရကျောင်း တက်ဖူးသူတိုင်း ရွတ်ဖတ်ဘူးမည် ယုံကြည်ပါသည်။ ဤသည်မှာ ဆရာ၊ဆရာမများ လိုက်နာကျင့်သုံးရမည့် နီတိဖြစ်လေသည်။ ယခင်က ဆရာဆိုသူမှာ စာသင်ပေး အတက်ပညာသင်ကြားပေးသူကို ဆိုလိုသော်လည်း ယခုအချိန်ကာလတွင် ဆရာဆိုသော စကားလုံးအား ဖောဖောသီသီ သုံးစွဲနေကြလေပြီ။အထက်အရာရှိအား ဆရာ၊ အခြားနေရာမှ အရာရှိ အား ဆရာ၊ အလုပ်ရှင် သူဌေးအားလဲ ဆရာ စသည် ဘာမှ မသင်ပေးသော်လည်း ဆရာဆရာ နှင့် ခေါ်ဝေါ်သုံးစွဲနေလေပြီ။ ယခု အချိန်တွင် eros သည် စာ သို့ အတက်ပညာ သင်ပေးသော ဆရာများအကြောင်းသာပြောမည်ဖြစ်သည်။မြန်မာတွင် များသောအားဖြင့် ဆရာအား မိဘများနီးပါးလောက် ရိုသေလေးစား ကိုင်းရှိုင်းကြသည်။ ဗုဒ္ဓဘာသာဝင်များ ဖို့ အတွက် ဆရာသည် အမြတ်နိုးဆုံး အလေးစားရဆုံး၊ အကြည်ညိုရဆုံးဖြစ်သော အနန္တောအနန္တ ငါးပါးတွင် တပါးအပါအဝင်ဖြစ်လေသည်။ ထိုအတွက်ကြောင့် ပူဇော်ကန်တော့ကြသည်။ မြန်မာနိုင်ငံတွင် ကျောင်းများတွင် မကြာခဏလုပ်လေ့ရှိသော အာစရိယပူဇော်ပွဲများက သက်သေဖြစ်သည်။
မြန်မာတို့၏ လူမှုရေးကျင့်ဝတ်နီတိတွင်လည်း ဆရာ၊ ဆရာမများအတွက် အထက်ပါ ကဗျာလေးကို ထည့်သွင်းထားပါသည်။ ထိုကဗျာလေးအား အကျယ်ချဲ့ရသော် ဆရာဟူသည် အတတ်ပညာ သင်ပေးရုံသာမက အကျင့်စာရိတ္တကောင်းမွန်ရန် ပဲ့ပြင်ဆုံးမရမည် ဖြစ်သည်။ သင်ကြားပေးရာတွင် ဆရာစားမချန်၊ မိမိသိသမျှ တက်သမျှကို အိပ်သွန်ဖာမှောက် သင်ယူသူ အလုံးစုံ နားလည်တက်ကျွမ်း ကျွမ်းကျင်တက်မြောက်စေရန် ရက်ရက်ရောရော စေတနာပါပါ သင်ကြားပေးရမည်ဖြစ်သည်။ တပည့်ဖြစ်သူ ဘေးအန္တရာယ် မကျရောက်စေရန် ထိန်းကျောင်း ကာဆီး လမ်းညွှန်ကာကွယ်ပေးရမည်ဖြစ်သည်။ ထို့အပြင် ပညာဆက်လက်သင်ကြားရန် သို့မဟုတ် သင်ယူထားသည့်ပညာကို အသုံးချလုပ်ကိုင်နိုင်ရန် သင့်တော်ရာနေရာများသို့ ပို့ဆောင်လမ်းညွှန်ပေးရမည် ဖြစ်ပေသည်။
ကျွန်တော်(eros) သည် ရှေးရိုးစွဲဝါဒီတဦး ဖြစ်သည်ဟု မိမိဘာသာမိမိ ယူဆပါသည် အသိမိတ်ဆွေတိုင်းတပါးသားများက လက်ယာဆန်သည်ပြောကြသည်။ ကျွန်ုပ်သည် တိုင်းတပါးသားတို့၏ ဆရာသည်လည်း လူဖြစ်သည် ဘာမျှထူးထူးထွေထွေ အရိုအသေပြု အလေးအမြတ်ပြုစရာမလို ဟူသောအယူအဆကို လက်မခံသလို ကြိုက်လည်းမကြိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအယူအဆတွင်အကျိုးအမြတ် တစုံတရာမရှိ၊ မရဟုထင်မြင်မိပါသည်။ မိမိအား အသိပညာပေးနေ၊ အတက်ပညာ ပေးနေသူများကို ကျေးဇူးတင် အလေးအမြတ်ထားသင့်ပါသည်။ ရှေးရှေးရာဇဝင်များတွင်လည်း မြန်မာတို့သည် ဆရာများကို အရိုအသေ၊ အလေးအမြတ်ပြုပါသည်။ ပုံပြင်၊ ရာဇဝင်၊ ဒဏ္ဍာရီတွင်လည်း ဆရာကို မရိုသေ သဖြင့် ဒုက္ခရောက်သူများ အကြောင်းကိုလည်း ဖော်ပြထားပါသည်။ ထို့အပြင်ဆရာအား ပညာသင်ကြားပေး၍ အသပြာထောင်ထုတ်ဖြင့် ပူဇော်ရကြောင်းလည်း ဖတ်မှတ်ဘူးပါသည်။ ဆရာမှလည်း တပည့် ခွဲခြားခြင်းမရှိပဲ ညီတူညီမျှ တပည့်ကို အိပ်သွန်ဖာမှောက် သင်ကြားပေးလိုက်သည်ကိုလည်း မှတ်သားဘူးပါသည်။ ဆရာသည်လည်း လောကီသားပေမို့ စားဝတ်နေရေးရှိပေသည်။ ထိုအတွက် ပညာသင်ပေးမှုအပေါ် ချီးမြှင့်ပေး၊ ပူဇော်ပေးရမည် ဖြစ်သည်။ အထက်တွင် ဖော်ပြထားသကဲ့သို့ ယခင်က ပူဇော်ခြင်းမျိုးလဲရှိပါသည်။ ယခုလည်း ဆရာများအတွက် ပညာသင်ပေးမှုအတွက် ပူဇော်ထောက်ပံ့ပေးနေပါသည်။ ဘာပဲပြောပြော ဆရာဟူသည် ဂုဏ်ကြီး၏။ ကျေးဇူးကြီး၏။ ရိုသေလေးစားထိုက်၏။ ပူဇော်ထိုက်၏။ ဆရာဟူသော စကားစုသည် မြင့်မြတ်၏။ တန်ဖိုးရှိ၏။
ယခုခေတ်ကာလတွင် ကျောင်းဆရာ၊ဆရာမများ သည် လစာစားရိတ်ရှားပါးရကား၊ သက်ဆိုင်ရာက တားမြစ်ထားသည့်တိုင် ကျူရှင်သင်ကြသည်။ အပိုဝင်ငွေရရန် စားဝတ်နေရေးလောက်ငှရန် ဖြစ်သည်။ သူ့တွင်လည်း မိသားစု နှင့် စားဝတ်နေရေး ကို ဖြေရှင်းရမည်ကိုး။ eros (အယ်ရောစ့်) နားလည်ကိုယ်ချင်းစာပေးပါသည်။ သို့သော် ယခုအခါတွင် ထိုကျူရှင်သင်သော ကျောင်းဆရာ၊ဆရာမများသည် မိမိကျူရှင်တက်ရန် ကျောင်းသားနှင့် ကျောင်းသားမိဘအား အတင်းအကြပ် ဖိအားပေးလေတော့သည်။ မတက်ပါက အမျိုးမျိုးပြဿနာရှာကြသည်။ လုပ်နိုင်ပါက စာမေးပွဲချသည်အထိ ရက်စက်လိုက်လေတော့သည်။ ကျောင်းအတန်းထဲတွင် စာကို ကောင်းစွာမသင် ကောင်းစွာ မရှင်းပြ၊ နားမလည်နိုင်စေရန် ရှင်းရုံလေးရှင်းပြသည်။ကျူရှင်မှာတွင်မှ သေသေချာချာရှင်းပြသည်။ သည်တော့ သူ့ကျူရှင်မတက်လျှင် ခံပေတော့။ သို့မဟုတ် ကျူရှင်တွင် စာမေးပွဲတွင်မေးမည့် မေးခွန်းအစုံလိုက်သင်လေသည်။ သို့မဟုတ် မိဘများအားပြောလေသည် ၎င်းထံတွင်ကျူရှင်တက်ပါက ဘယ်လိုပဲဖြစ်ဖြစ် အတန်းတက်ပေးမည် ဖြစ်ကြောင်း ပြောလေသည်။ အကယ်၍ ၎င်းထံတွင် ကျူရှင်မတက်သောကလေးမှာ တခြားထံတွင် ကျူရှင်တက်၍သော်လည်းကောင်း၊ မိဘညီအကို မောင်နှမများ က သင်ပြလမ်းညွှန်ပေး၍ ၎င်းထံတွင် ကျူရှင်တက်သောကလေးထက် ထူးချွန်ထက်မြက်နေပါက မေးခွန်းများ၊ သင်ခန်းစာများအား ဖြေဆိုခွင့်မပေးခြင်း၊ လူရာမသွင်းခြင်း၊ ဂျောင်ထိုးထားခြင်း၊ စိတ်ညစ်ညူးစေရန် ပြဿနာရှာခြင်း၊ ပြဿနာရှာပြီးရိုက်နှက်ခြင်း၊ နှိပ်ကွပ်ခြင်း၊ အစွမ်းအစတုံးရန် လုပ်ဆောင်ခြင်း စသည်တို့ကို လုပ်ဆောင်တက်ပေသည်။ အထက်တန်းရောက်လျှင် ဆရာ၊ဆရာမ များက စာကောင်းစွာမသင်တော့ပေ။ နင်တို့ကို ကျူရှင်တွေက သင်လိမ့်မယ်။ ငါတို့သင်စရာ မလိုဘူးဟူ၍ လည်းကောင်း၊ ဝတ်ကျေတန်းကျေ နားလည်လည် မလည်လည် ဖတ်ပြရုံတင် ဖတ်ပြပြီး ရှင်းလင်းသင်ကြားမှုမပြုပဲ လုပ်တက်လေသည်။ အထူးသဖြင့် ဆင်ခြေဖုန်းရှိကျောင်းများ အဖြစ်များတက်ပေသည်။ နောက်တခုက မည်သူက သူ့အားမည်သို့ မည်သည့်ပစ္စည်းနှင့် မည်မျှကန်တော့သည်ကို ပြောပြီး၊ အခြားသူများအား မည်သို့ ကန်တော့ရမည်ကို ပြောကာ အေးဓားပြတိုက် နေသော ဆရာ၊ဆရာမများ။ ထိုသူများအား ဆရာလို့ခေါ်လို့ ရပါမည်လား။ အနန္တောအနန္တ ငါးပါးတွင် တပါးအပါအဝင် ဆရာဟုသတ်မှတ် နိုင်ပါမည်လား???
ကျောင်းဆရာ မဟုတ်သော အခြားဆရာများ အကြောင်းဆက်ပါဦးမည်။ အခကြေးငွေယူပြီး အတက်ပညာ သို့ ဘာသာစကားများ သင်သော ဆရာများ ကျူရှင်ဆရာများရှိပါသည်။ ၎င်းတို့သည်လည်း ဆရာများစာရင်းထည့်ရပါမည်။ သို့သော် မြန်မာ့ လူ့အသိုင်းအဝိုင်းတွင် ၎င်းတို့ကို အသပြာဆရာများအဖြစ်မြင်ပြီး ကျဉ်တက်ကြပါသည်။ ၎င်းတို့တွင် မိသားစုများ၊ သားသမီးများ ရှိခြင်းကို လည်းကောင်း၊ စားဝတ်နေရေးရှိသေးသည်ကို လည်းကောင်း ကျွန်ုပ်တို့ မျက်ကွယ်ပြုထားလေသည်။ သင့်တင့်မျှတသော ပညာပူဇော်ကြေးအား ကျွန်ုပ်တို့ မပေးသင့်ပါသလော။ တကယ်တော့ ၎င်းတို့ထဲတွင်လည်း အမှန်တကယ် စေတနာ ဆရာများရှိသည် ကို ကိုယ်တွေ့ ကြုံတွေ့ခဲ့ပါသည်။ ၎င်းတို့သည်လည်း ဆရာများပင်ဖြစ်သည်။ ၎င်းတို့သင်ကြားပေးလိုက်သော အရာများဖြင့် ကျွန်တော်တို့ ဘဝတွင် အကျိုးအမြတ်များ ရနေလေ့ရှိပါသည် ကို မေ့လျော့နေကြမည်လား။ သို့သော် အချို့ဆရာများသည် မိမိအတန်းတွင်းမှ ပိုက်ဆံရှိ၊ ရာထူးရှိသားသမီးများကိုသာ မျက်နှာသာပေးခြင်း၊ အဆင်မပြေသူများကို နှိမ်သလိုမျိုးကြည့်ခြင်း၊ ကျောင်းမတက်ခင်က မစားရ ဝမခန်းပြောပြီး ကျောင်းတက်သောအခါ ဟုတ်တိ ပတ်တိ မသင်ခြင်း၊ လက်ထောက်လောက်နှင့် သင်ခိုင်းစေခြင်း၊ ဆရာကြီးသင်တာ တက်ချင်ရင်တော့ ရှယ်ဝိုင်းတက်မှရမယ်ဟု ပြောပြန်ကာ လည်ပင်းညှစ်ခြင်း၊ မလှိမ့်တပတ်လုပ်ခြင်း၊ သို့မဟုတ် ရှယ်ဝိုင်းမတက်တက်ရန် သေချာစွာ ရှင်းလင်းသင်ပြမှု မရှိခြင်း၊ စသည်တို့လုပ်လေ့ရှိပါသည်။ ထို့အပြင် တချို့သည်ကား ဆရာ အမည်သာခံလိုပေသည် သေချာစွာ သင်ကြားခြင်းမရှိပေ ပညာကို အကုန်မပေးလိုကြ၊ ဆရာစားချန်လေသည်။ ပညာအကုန်ပေးပြီး တပည့်က ဆက်လက်လေ့လာလျှင် ဆရာထက် တပည့်က ပိုတတ် ပိုသာသွာမည်စိုးရိမ်၍ဖြစ်သည်။ကြားဖူးသည်အား ပြန်ပြောရသော် တပည့်တယောက်က ဆရာဖြစ်သူအား အကြောင်းအရာ တခုသိလို၍ သွားမေးသည်။ အကြောင်းအရာမှာ ကွန်ပြူတာဆော့ဖ်ဝဲ ပရိုဂရမ်တခု သုံးပုံသုံးနည်းလေးတခုဖြစ်သည်။ ပတမတခါ ဆရာ ဟုခေါ်သည် မကြားချင်ယောင်ဆောင်သည်။ ဒုတိယတခါ ထိုအတိုင်း၊ တတိယတခါ မထူးချင်ထူးချင်ဖြင့် ဘာလဲကွ…။ ဆရာဒါလေးသုံးပုံ သုံးနည်းလေးပြန်မေးချင်လို့ပါ ဆရာ။ ဖြောင်းဆို ခပ်ဆက်ဆက်ကလေး ပုခုံး သို့ ဇတ်ကို ရိုက်လိုက်လေသည်။ ထို့နောက်တွင်မှ ငါဒါကို လေ့လာတာ ၃ရက် အချိန်ပေးခဲ့ရတယ်ကွ။ မင်းကို အခုမပြောနိုင်သေးဘူး ပြန်ဦး။ တပည့်ဖြစ်သူမှာ ကုတ်ချောင်းကုတ်ချောင်း ပြန်ကာကြိုးစားလေသည်။ မရ။ တနေကုန်ခါနည်းတွင် ဆရာ့ထံပြန်သွားသည်။ သို့မဟုတ် နောက်နေ့တွင်ဆရာ့ထံပြန်သွားလေသည်။ ဆရာ၊ ကျွန်တော်ကြိုးစားတာ ဘယ်လိုမှ မရဘူးဆရာ။ ဆရာပြပေးပါဟု မျက်နှာငယ်ဖြင့် ပြောလေသည်။ ပထမအကြိမ်ကဲ့သို့ ခပ်ဆတ်ဆတ်လေး ရိုက်ပြန်သည်။ ထို့နောက် အခုလုပ်ပြလိုက်မယ်။ သေချာကြည့် နောက်လာမမေးနဲ့၊ ဘယ်တော့မှ မပြောပြဘူး။ဟုဆိုကာ အရေးတကြီးအလုပ်လုပ်နေသည့် အချိန်ကဲ့သို့ keyboard ပေါ်လက်တင် လျင်မြန်စွာ key များကို ရိုက် short cut key များရိုက် ကာပြလေတော့သည်။ တပည့် ခင်မျာမှာ ပညာရပ်ဆိုင်ရာ ဆော့ဖ်ဝဲ ဖြစ်သဖြင့် တွက်ချက်ပုံကိုလည်း လိုက်လံစဉ်းစား နားလည်အောင် ကြိုးစားရသေးသည် တဖန် ဆော့ဖ်ဝဲသုံးနည်းအားလည်း ကြည့်ရသေးသည်။ ထိုသူများအား ဆရာလို့ခေါ်လို့ ရပါမည်လား။ အနန္တောအနန္တ ငါးပါးတွင် တပါးအပါအဝင် ဆရာဟုသတ်မှတ် နိုင်ပါမည်လား??? စဉ်းစားကြပါကုန်။
eros အသက် ၂၆နှစ်ခွဲ နီးပါးမျှရှိပေပြီ။ ဆရာပေါင်းစုံနှင့် ကြုံတွေ့ဖူးပါသည်။ ကျောင်းဆရာ၊ဆရာမများ၊ ကျူရှင်ဆရာများ၊ အပြင်အတက်ပညာသင်ဆရာများ၊ တိုင်းတပါးသားဆရာများ ရှိပါသည်။ ထို ကျောင်းဆရာ၊ဆရာမများ၊ ကျူရှင်ဆရာများ၊ အပြင်အတက်ပညာသင်ဆရာများ၊ တိုင်းတပါးသားဆရာများထဲတွင် အမြတ်နိုးရ အလေးစားရ၊ အကြည်ညိုရဖြစ်သော အနန္တောအနန္တ ငါးပါးတွင် တပါးအပါအဝင်ဖြစ်ထိုက်သော ဆရာဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်စွာသော ဆရာများ များစွာရှိပါသည်။ ထို ကျောင်းဆရာ၊ဆရာမများ၊ ကျူရှင်ဆရာများ၊ အပြင်အတက်ပညာသင်ဆရာများ၊ တိုင်းတပါးသားဆရာများထဲတွင် ဆရာဟုသတ်မှတ်ရန် ခဲယဉ်းသူများလည်း မနည်းလှပေ………။
ပြန်လည်တွေ့ဆုံရန် ခဲယဉ်းသွားပြီဟု ယူဆရသော ငယ်ရွယ်စဉ်က ပညာသင်ကြားခဲ့ရာ အ.ထ.က (၄) ကြည့်မြင်တိုင် မှဆရာမများ၊ ၁ဝတန်းမှ ကျူရှင်ဆရာအချို့၊ တိုင်းတပါးသား ဆရာအား ပူဇော်ကန်တော့ပါသည်။
26 comments
xman
May 28, 2011 at 4:43 pm
ကျွန်တော့်အယူအဆလေး ……
တခုခုသင်ပေးတဲ့သူအားလုံးကို ဆရာလို့ခေါ်မယ်
သိပ်မကောင်းရင် သိပ်မကောင်းတဲ့ဆရာပေါ့
နဲနဲကောင်းရင် နဲနဲကောင်းတဲ့ ဆရာပေါ့
အရမ်းအရမ်းကောင်းရင် အရမ်းအရမ်းကောင်းတဲ့ဆရာပေါ့နော်
ဘဝတလျှောက်မှာ အဲဒီဆရာအမျိုးအစားအားလုံး ကြုံဘူးပါတယ်။
အနန္တောအနန္တ ငါးပါး ဆိုတဲ့ကိစ္စကတော့ အရင်ကတည်းကသိပ်ဘဝင်မကျဘူး
မေတ္တာရှင်ဆရာတော် ဦးဇဝနဟောတဲ့တရားနာရမှ ပြေလည်သွားတယ်။ အနန္တောအနန္တ ငါးပါးဆိုတာ ဗုဒ္ဓဘာသာထဲက အယူအဆ မဟုတ်ဘူးတဲ့။ ဘိုးတော်တွေလုပ်ထားတာတဲ့။
ဘာပဲဖြစ်ဖြစ် ကျေးဇူးရှိတဲ့ ဆရာကောင်းများကို ရိုသေလေးစားလျှက်ပါ ။
kai
May 28, 2011 at 6:55 pm
“အနန္တောအနန္တ ငါးပါးဆိုတာ ဗုဒ္ဓဘာသာထဲက အယူအဆ မဟုတ်ဘူးတဲ့။ ဘိုးတော်တွေလုပ်ထားတာတဲ့။”
ဒါကို ..ဂျာနယ်တွေအဖုံးမှာ ပြူးတူးပြဲတဲ (နေ့စဉ်)ထည့်ပေးဖို့လိုတယ်…။
အနန္တောအနန္တ ငါးပါးဆိုပြီး.. ဦးထိပ်တင်ထားခိုင်းတာဟာ… မြန်မာ(အထူးသဖြင့်လူငယ်)တွေရဲ့တိုးတက်မှုကို… ဘောင်ခတ်ပိတ်ဆို့ထားတဲ့.. အယူအဆအတွေးအခေါ်ဖြစ်လို့ပဲ..။ ဂေါတမဘုရားရဲ့ တရားဓမ္မတွေနဲ့လည်း ညီညွတ်မှုမရှိဘူးပဲ..။
ဘာမှန်းညာမှန်းမသိ.. ဘယ်သူတွေမှန်းမသိ.. ခေါင်းစဉ်တပ်ထားလိုက်တာနဲ့တင်… သူတို့ပြောကြတာကို..(နားမထောင်ရင်တောင်) ပြန်မပြောရဲ.. တန်းတူထားမဆွေးနွေးနိုင်စေတဲ့… စိတ်အခြေခံကို ချစေနိုင်တာမို့ပဲ..။
လူသားတယောက်ရဲ ့…အတွေးအခေါ်တွေဆိုတာ.. မိုးကောင်းကင်လိုပဲဘောင်ခတ်ခံထားရမှုမရှိ..အဆုံးစွန်လွှတ်တင်သင့်တယ်..။
ဆိုတော့..
ဆရာတွေအကြောင်း ပြန်ဆက်ရရင်…
ဆရာဆိုတာ… တပည့်ဆိုသူတွေက.. ငွေကြေးပေးထားတာမို ့… အလုပ်ရှင်/ဝန်ထမ်း ဆက်ဆံရေးသာရှိသင့်တယ်..။
အပြန်အလှန် လေးစားမှုသာရှိသင့်တယ်..။
eros
May 29, 2011 at 4:56 am
ဘာမှန်းညာမှန်းမသိ.. ဘယ်သူတွေမှန်းမသိ.. ခေါင်းစဉ်တပ်ထားလိုက်တာနဲ့တင်… သူတို့ပြောကြတာကို..(နားမထောင်ရင်တောင်) ပြန်မပြောရဲ.. တန်းတူထားမဆွေးနွေးနိုင်စေတဲ့… စိတ်အခြေခံကို ချစေနိုင်တာမို့ပဲ..။
သေချာပါတယ် ကိုခိုင်ရေ။ ဒါကိုတော့ ထောက်ခံပါတယ်။ မြန်မာမှာ အကျင့်ဆိုးတခုပေါ့ ဘာပဲပြောပြော ဆရာပြောတာကို မှန်တယ်ယူရမယ်။ နားထောင်ရမယ်။ လိုက်လုပ်ရမယ်ဆိုတာပေါ့။ ဆရာရော မမှားနိုင်ဘူးလား။ ဆရာမှားသွားလို့ နစ်နာသွားရင်ရော ဘယ်လို တာဝန်ယူမှာလဲ။ မြန်မာတွေ ပြောတဲ့ စကားရှိတယ် ဆရာ၊ မိဘကကောင်းစေချင်လို့ လုပ်ပေးတာ၊ ဘယ်မှားချင်ပါ့မလဲတဲ့။ ဒီတခုနဲ့ ပြီးသွားတာ။ ဒီက ဆန္ဒမပါပဲ လိုက်လုပ်ရတာ နစ်နာလို့ ကုန်ရော။ မြန်မာက ဆရာတွေ ဝေဖန်ခံရဖို့ မပြောနဲ့ အပြုသဘောဆောင်တဲ့မှတ်ချက် (Constructive feedback) ပေးရန် လက်မခံနိုင်သေးပါ။ လက်ခံနိုင်ချင်ယောင်ဆောင်နေလေသည်။ ဆရာတွေက တပည့်ရဲ့ အသံတွေ နားထောင်ဖို့လိုပါသည်။ တပည့်ဗဟိုပြု သင်ကြားစနစ် (Trainee center based approach) လိုပါသည်။ နောက်တခုက ဆရာဆိုတာ တပည့်ထက် တသက်လုံးပိုတော်နေရမည်။ ကျွန်တော်လက်မခံပါ။ ဆရာသည် တပည့်ဖြစ်သူအား အကုန်အစင်သင်ပေးရမည်သာဖြစ်သည်။ တပည့်သည် ပိုမိုလေ့လာမှုအားကောင်းလျှင် ဆရာထက်တော်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ထိုပညာသည် ထိုအတိုင်းအတာနဲ့ ပြီးနေမည်ဖြစ်ပြီး ဆက်လက် မတိုးတက်နိုင်ပါ။
အပြန်အလှန် လေးစားမှု ….. အမှန်တကယ်ရှိသင့်သော အရာဖြစ်သည်။ သို့မှသာ တပည့် အနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုပိုမို ခိုင်မာလာပြီး ပညာရပ်ကို ပိုမို လက်တွေ့တွင် အသုံးချနိုင်မည် ဖြစ်သည် ပိုမိုတွေးခေါ်စဉ်းစားနိုင်မည်ဖြစ်သည်။ ယခုမူကား ရိုသေလေးစားမှု အတိုင်းအတာလွန်ကာ နှိပ်ကွပ် ဖိနှိမ်ထားသလိုဖြစ်သည်။ လူတိုင်းတွင် သူ့ ဂုဏ်သိက္ခာရှိလေသည်။ ကျွန်တော် KMD တွင် ကွန်ပြူတာ ဒီပလိုမာ တက်စဉ်က Presentation တွင် သင်တန်းမန်နေဂျာ ဒေါ်အေးဝါဝါထွန်း နှင့် ဆရာမတယောက် တို့သည်
ကျွန်ုပ်တို့ Presentation လုပ်ထားသော စာအုပ်အား ခပ်နှိမ်နှိမ် သဘောထားနှင့် ပြန်လည်ပစ်ပေးလိုက်သည်။ ဆရာနေရာ ရောက်နေပြီး မောက်မာစရာ မလိုပါ။ ကျွန်တော်တို့ သည် သူတို့ အား ရိုရိုသေသေ လေးလေးစားစား ဆက်ဆံပါသည်။ သူတို့ကလည်း ကျွန်တော်တို့ကို လေးစားသမှု ဆက်ဆံသင့်ပါသည်။ သူတို့ အပြုအမူများမှာ မရင့်ကျက်သော အပြုအမူများဖြစ်နေလေသည်။
အနန္တောအနန္တ ငါးပါးဆိုပြီး.. ဦးထိပ်တင်ထားခိုင်းတာဟာ… မြန်မာ(အထူးသဖြင့်လူငယ်)တွေရဲ့တိုးတက်မှုကို… ဘောင်ခတ်ပိတ်ဆို့ထားတဲ့.. အယူအဆအတွေးအခေါ်ဖြစ်လို့ပဲ..။
ကိုခိုင် ဒါကတော့ မဆိုင်ဘူးထင်တယ်။ ဦးထိပ်တင်တာ နဲ့ မြန်မာ (အထူးသဖြင့်လူငယ်)တွေရဲ့ တိုးတက်မှုက မဆိုင်ဘူးထင်ပါတယ်။ ဦးထိပ်တင်ထားမြဲတင်ထားပြီး အပေါ်က ကျွန်တော်ရေးပြတာတွေကို ရရင် ပိုတိုးတက်မှာပဲ။
ဆရာဆိုတာ… တပည့်ဆိုသူတွေက.. ငွေကြေးပေးထားတာမို ့… အလုပ်ရှင်/ဝန်ထမ်း ဆက်ဆံရေးသာရှိသင့်တယ်..။
ကိုခိုင်က မြန်မာ့ ယဉ်ကျေးမှု ဓလေ့စရိုက်ကို ရိုက်ချိုးဖျက်ဆီး ခြေမှုန်းပြီး၊ အမေရိကန်ယဉ်ကျေးမှုကို အတင်းသွတ်သွင်းနေတာပဲ လို့မြင်တယ်။ ဆရာ၊ တပည့် က အလုပ်ရှင်/ဝန်ထမ်း ဆက်ဆံရေးရှိတော့ရော ဘာတွေ အကျိုးကျေးဇူးရနိုင်မလဲ။ ဆရာကို ရိုသေလေးစား အမြတ်တနိုးထား ပူဇော်ကန်တော့ကြ တာက မြန်မာရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုပဲ။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး ပိုမိုကောင်းမွန်တိုးတက်တဲ့ဘက်ကို ဦးတည် ကြိုးပမ်းရမှာဖြစ်တယ်။ ကိုခိုင်ရဲ့ အမေရိကန်ယဉ်ကျေးမှုကို အတင်းသွတ်သွင်းမှု လက်မခံနိုင်ပါ။ ကျွန်တော်တို့ မြန်မာ့ လူ့အသိုင်းအဝိုင်းအနေနှင့် မသင့်လျော်ပါ။ အရေးကြီးသည်က ကျွန်တော် အထက်ကပြောသော ကိုခိုင်လဲ ပြောခဲ့ သော အပြန်အလှန် ဆွေးနွှေးမှု၊ လေးစားမှုရှိရန်လိုပါသည်။ ကိုယ်တွေ့ပြောရသော် ကျွန်တော်သင်ခဲ့ရသော နိုင်ငံခြားသား ဆရာများမှာ မြန်မာတို့၏ ဆရာကို ရိုသေလေးစား အမြတ်တနိုးထား ပူဇော်ကန်တော့ ယဉ်ကျေးမှုကို အင်မတန်သဘောကျ (impress) ဖြစ်ကြပါသည်။ ၎င်းတို့ကလည်း အင်မတန် ချစ်စရာကောင်းသောဓလေ့၊ ယဉ်ကျေးသိမ်မွေ့သော ဓလေ့ဟု ပြောကျပါသည်။ နိုင်ငံခြားသား ဆရာများသာမက နိုင်ငံခြားသား မိတ်ဆွေများမှာ လည်း ထိုကဲ့သို့ မှတ်ချက်ပြုပါသည်။ ထိုအတွက်ကြောင့် ကျွန်တော်တို့ မြန်မာတပည့်များကို ပို မေတ္တာထားပါသည်။ ဂရုစိုက်ကြင်နာပါသည်။ အခြားလူမျိုး၊ ၎င်းတို့ လူမျိုးထက်ပင် ဂရုစိုက်သော အခါများရှိပါသည်။ ကျွန်တော်တို့ကို သင်ရသည်ကို ပိုပျော်ပါသည်။ ကျွန်တော်တို့သည်လည်း သင်ယူမှုမှာ ပိုပျော်ပါသည် ကိုခိုင်ရေ။
kai
May 29, 2011 at 10:28 am
ကိုရင်က. ကျုပ်ကို…စွတ်စွတ်စွဲစွဲ… 🙂
မြန်မာတွေရဲ့ယဉ်ကျေးမှုဓလေ့ဆရာ….အိန္ဒိယမှာတောင်..ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေဟာ…. လောကနိတိခေတ်နဲ့စာရင် အများကြီးကို ပြောင်းလဲသွားခဲ့ပြီ..။
တကယ်တေ့ာ..တိုင်းပြည်တပြည်..လူမျိုးတမျိုးရဲ့ယဉ်ကျေးမှုဓလေ့စရိုက်ဆိုတာ.. မြစ်တခုရဲ့ရေလိုပဲ..စီးဆင်းပြောင်းလဲနေတာပါ..။
ဒီလိုနဲ့.. လူ့ယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေတိုးတက်လာတာပေါ့..။
ပြောရရင်.. အမေရိကန်တွေမှာ… ဘာမှကိုယ်ပိုင်အခြေခံယဉ်ကျေးမှုမှမရှိဘူး..မဖက်တွယ်ထားဘူး..။ တကမ္ဘာလုံးက လူတွေပြောင်းရွေ ့နေထိုင်လာကြပြီး..ကိုယ်သန်ရာသန်ရာကို… ဖက်တွယ်ရင်း.. ခေတ်နဲ့အညီပြောင်းလဲစီးဆင်းလိုက်ပါသွားတာပါပဲ..။ ကောင်းရင်ယူတယ်..မကောင်းရင်ပယ်တယ်..။ ဆွေးနွေးငြင်းခုန်တယ်..။ သင်ကြားလေ့လာတယ်..။
ဒီလိုနဲ့.. သွားနေတာပဲ..။
မြန်မာတွေရဲ့ ယဉ်ကျေးမှုကို…့လောက နိတိနဲ့ချိန်ဆပြီး မိုးသီးဇွန်ရဲ့..”နာခံမှုကိုစမ်းစစ်ခြင်း “စာအုပ်မှာ… ဝေဖန်ရှင်းပြရေးထားတယ်..။
သူ့အတွေးအခေါ်ကိုကြိုက်ကြိုက်မကြိုက်ကြိုက်.. ခေတ်လူငယ်လူရွယ်တဦးအနေနဲ့… အချက်အလက်တွေကိုရှာ.. ဆန်းစစ်ဖတ်သင့်တယ်..။
အကျိုးရှိမယ်လို့ ထင်ပါတယ်..။
http://www.naytthit.com/moetheezun/MoeTheeZun1.pdf
zaw2zaw
May 29, 2011 at 11:57 am
ကိုခိုင်
“ဆရာဆိုတာ… တပည့်ဆိုသူတွေက.. ငွေကြေးပေးထားတာမို ့… အလုပ်ရှင်/ဝန်ထမ်း ဆက်ဆံရေးသာရှိသင့်တယ်..။
အပြန်အလှန် လေးစားမှုသာရှိသင့်တယ်..။” ဆိုရင် ကိုခိုင်က အနောက်တိုင်း အယူအဆကို အတုံးလိုုက် အတစ်လိုက် ကူးမလို့လား။ သိပ်အဆင်မပြေနိုင်ဘူး ကိုယ့်ဆရာ။
ကျွန်တော်က ကျောင်းဆရာတစ်ယောက်ပါ။ စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတာမှာ ဆရာဦးအောင်သင်းကို အနောက်တိုင်းသား တစ်ယောက်က ပြောတာ ဖတ်ဘူးတယ်။ စေတနာနဲ့ ဝါသနာကို သူနားလည်ပါတယ်တဲ့၊ ကောင်းလည်း ကောင်းပါတယ် တဲ့။ အနစ်နာဆိုတာကြီး မရှိရင်မကောင်းဘူးလားတဲ့။ ကျွန်တော်လည်း အနစ်နာဆိုတာကိုမကြိုက်ဘူး၊ ဒါပေမယ့် လက်တွေ့မှာ အနစ်နာခံနေရတယ် (လခနည်းလိုု့မလောက်ငတာကို မဆိုလိုပါ)။ အနစ်နာ မခံလိုပေမယ့် အခြေအနေအရ တပည့်တွေအတွက် လိုအပ်ရင် (တတ်နိုင်သလောက်) အနစ်နေရတယ်၊ နောက်လည်း အနစ်နာ ခံပါဦးမယ်။
အဲဒါ မြန်မာပြည်က ဆရာတစ်ယောက်ရဲ့အခြေခံ(အခြေမှာ ခံနေရတဲ့) စိတ်ထားလေးတွေပါ။ ခင်ဗျား အဲဒီဆရာမျိုးတွေ့ဖို့ မခက်ပါဘူး၊ ခင်ဗျားပြောတဲ့ ဆရာမျိုးတွေ (ဆရာဆိုး) ကျွန်တော်လည်းတွေ့ဘူးပါတယ်၊ ဒါကြောင့် ခွဲခြား နားလည်ပါ၊ စဉ်းစားပါ။
PEACEMAKER
May 30, 2011 at 10:32 pm
ကိုခိုင်
Freedom writersဆိုတဲ့ အမေရိကန်ကားလေးကို ကြည့်ဖူးပါသလား။
bigcat
May 29, 2011 at 3:42 am
မေတ္တာရှင် ဆရာတော်ပြောတာလေးကို နဲနဲအကျယ် ရေးပြသင့်တယ်ထင်တယ်။
Foreign Resident
May 30, 2011 at 7:53 am
“မေတ္တာရှင်ဆရာတော် ဦးဇဝနဟောတဲ့တရားနာရမှ ပြေလည်သွားတယ်။
အနန္တောအနန္တ ငါးပါးဆိုတာ ဗုဒ္ဓဘာသာထဲက အယူအဆ မဟုတ်ဘူးတဲ့။
ဘိုးတော်တွေလုပ်ထားတာတဲ့။”
Interesting, I heard it before somewhere. Please explain more.
Some monks said normal teacher is not included in “အနန္တောအနန္တ ငါးပါး”
Normal teacher included only in “Khin Punn Gyi Sae Parr”.
maythakhin
May 28, 2011 at 4:58 pm
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ ဆိုပြီး တိုု့မြန်မာပြည်မှာတော့ သတ်မှတ်ထားကြတာပါပဲ။ မြန်မာတွေရဲ့ အလေ့အထကိုက ရိုသေတတ်တဲ့အကျင့်ရှိပြီးသားဖြစ်နေတော့ ကိုယ်မသိတာကို ပြောပြနိုင်တဲ့သူကို ဆရာလို့ပဲသတ်မှတ်ကြပါတယ်။ မေက တော့ အကျင့်စာရိတ်တကောင်းပြီး လေးစားထိုက်တဲ့သူကို ဆရာလို့ သတ်မှတ်ပါတယ်။ တို့ငယ်ငယ်တုန်းက ဆရာတွေဟာ တကယ်ကို ဆရာပီသကြပါတယ်။ခုခေတ်လို ဝိုင်းတို့ ဘာတို့တွေလည်းမရှိဘူး။ မျက်နှာလိုက်တာတွေလည်းမရှိခဲ့ကြဘူး။ ဒါကြောင့် ဆရာဆိုတာ ကိုလေးစားခဲ့ပါတယ်။အခုချိန်ထိလည်း ကိုယ်ငယ်ငယ်ကဆရာတွေကို လေးစားနေဆဲပါ။
Teacher
May 29, 2011 at 12:08 am
I’m teacher
nature
May 29, 2011 at 5:03 am
ကျနော့်အမြင်ကတော့ ဆရာဆိုတာ ကောင်းကျိုးကိုလိုလားတဲ့စေတနာနဲ့ လမ်းညွှန်ပြသ ဆိုဆုံးမသူတွေ အားလုံးဟာဆရာတွေပါ။
nature
May 29, 2011 at 5:08 am
လက်ဦးဆရာမည်စါွပုဗစရိယမိနှင့်ဖတဲ့၊ မိဘတွေဟာအနီးကပ်ဆုံး ဆရာတွေပါပဲ။
ဆူး
May 29, 2011 at 6:33 am
http://myanmargazette.net/28018/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
ဆရာနဲ့ ပတ်သတ်ပြီး ကြုံခဲ့ရတာလေးပါ။
စကားမစပ်..
ဗေဒင် ဟောတယ်
အကြားအမြင် ဟောတယ်
မနောပေါက် သိဒ္ဒိပေါက်
ပေါက်ပေါက် ပေါက်.. ဟောတယ်.. အဟမ်း..
မျက်စိရှေ့ ရောက်လာရင် ဆရာမလို့ ခေါ်ကြပေ့တော့.. အဟမ်း…
eros
May 29, 2011 at 9:37 am
ဟဲ့ဟဲ့ ဘယ်လို ဖြစ်သွားတာတုံး။
ဆူး
May 29, 2011 at 10:10 am
အခြေအနေအရ.. ဘယ်လို လူမျိုး ဆရာခေါ်မလဲ လို့ ပြောတော့ ဆရာ အခေါ်ခံချင်လို့.. အဟိ.. လိုင်းပြောင်းလိုက်တယ်.. နောက်တာပါ..
အရင်က လမ်းမှာ မော်တော်ပီကယ် များ အကြောင်းမဲ့ ကား တားတာ ခံရရင်.. သူတို့က ဆရာမ လိုင်စင်ပြပါတဲ့.. လိုင်စင်ကြည့်ပြီးတော့ ထပ်ပြောတယ် မုန့်ဖိုးပေးပါတဲ့။ ဟီးဟီး.. အဲလိုမျိုးလည်း ဆရာမ အခေါ်ခံရဖူးတယ်။ ပိုက်ဆံ ရတဲ့နည်းနဲ့ ဆရာ အခေါ်မခံရပဲ ပိုက်ဆံ ထွက်တဲ့ နည်းနဲ့ ဆရာ အခေါ်ခံရနေလို့.. ပြောင်းလဲ မလားလို့.. ဟီးဟီး..
zaw2zaw
May 29, 2011 at 11:14 am
ဘယ်လို လူမျိုး ဆရာခေါ်မလဲ လို့မေးရင်တော့ အဆင်ပြေသလိုသာခေါ်ပေတော့ ကိုယ့် ဆရာရေ
ဆိုက်ကားဆရာနဲ့တွေ့ရင် ဆိုက်ကားဆရာ၊ မြင်လှည်းဆရာနဲ့တွေ့ရင် မြင်လှည်းဆရာပေါ့။
ကိုယ့်ဆရာက စာသင်တဲ့ဆရာကို ဆိုလိုတာ မို့လား။ ဆရာအကြောင်းပြောချင်ရင် ဆရာတွေ လို နေကြည့်ပါ၊ စားကြည့်ပါ၊ တွေးကြည့်ပါ။(အထူးသဖြင့် ကျေးလက်ဒေသမှ ဆရာများကဲ့သို့)
eros က “ဆရာမှားသွားလို့ နစ်နာသွားရင်ရော ဘယ်လို တာဝန်ယူမှာလဲ” တဲ့။ လောကမှာ မှားခဲ့တဲ့ ဆရာတွေ အများကြီး ရှိမှာပါ။ ဥပမာ-ဒေဝဒတ် မှားလို့ အဇာတသတ် အဝီစိ ရောက်တယ်ပြောကြတယ်။ ဘုရားရှင်သက်ရှိထင်ရှားရှိစဉ်မှာ ဒေဝဒတ်ကို ဆရာတင်တာ တပည့်မှာရော အပြစ်မရှိဘူးလား။ စဉ်းစား စရာတွေ အများကြီးပါ။ အင်္ဂုလိမာလလည်း ဆရာမှားလို့ လက်ညှိုးတစ်ထောင် ဖြတ်ဖို့ လုပ်တာ မဟုတ်လား။ ဘုရားကို ဆရာပြောင်းတင်တော့မှ သံသရာက ကျွတ်ပြီး ရဟန္တာဖြစ်တာပါ။ ကိုယ်အပြစ်ကို ကိုယ်မြင်တတ်ရင်၊ သူများအပြစ်ကို (ကိုယ့်အတွက် သင်ခန်းစာ အဖြစ်)ကိုယ်ပြင်တတ်ရင် အရာရာ အဆင်ပြေမှာပါ။
xman
May 29, 2011 at 11:45 am
ကိုကြောင်ကြီးပြောတာလေး ပြန်ရှာပြီးရေးပြပါ့မယ်။
အဲဒီတရားခွေ ရှာနေတုန်းမို့ လောလောဆယ်တော့ dislike လေးတွေပဲပေးထားကြပါလို့ ……
မိုက်ကယ်ဂျော်နီအောင်ပု
May 29, 2011 at 12:00 pm
အလို….
ကျုပ်ပြောမယ်လို့တွေးတောနေတုန်းလေးမှာ
အပေါ်က ဆရာ က လက်ဦးသွားတယ် လေးစားပါတယ်ဆရာရယ် 😀
ကျုပ်အမြင်လည်းဒီလိုဘဲဗျ
ဆရာဆိုတာက ပညက်ချက်လို့ထင်တာဘဲ
အတတ်ပညာတွေကိုသင်ပေးသောသူ လို့ပြောရင်ရမလား
အရက်ချက်နည်း၊ ဖဲရိုက်နည်း၊ ဂေါ်လီစိမ်နည်း
ဘာလုပ်နည်း၊ ညာလုပ်နည်းဆိုပြီးတော့ သင်ပေးသူတွေကတော့
သက်ဆိုင်ရာပညာရပ်တွေတွက်ဆရာဖြစ်ပေမပေါ့
ဒီနေရာမှာမှ
ကိုယ်က ဘယ်လောက်လေးစားတယ်
ဘယ်လောက်ရိုသေနိုင်တယ်ဆိုတာက
တစ်ဦးချင်းစီရဲ့အကြောင်းတွေဖြစ်မယ်ထင်တယ်နော
ငပိဖုတ်တာတောင်ဗျာ ဆရာမပြရင် နည်းမကျဘူးဆိုတာဘဲလေ
နောက်တစ်ခုက ကျုပ်တို့လူသားတွေတွက်
လောကကြီးကဆရာလို့လဲပြောကြတာဘဲ
တစ်ယောက်ကိုတစ်ယောက်
တနည်းနည်းနဲ့ အပြန်အလှန်
ကြားရာ၊ မြင်ရာ၊ ကိုယ်တိုင် သင်ပေးကြတာပဲလား
ဥပမာဗျာ
ကျုပ် ဒီဆိုက်ကိုဝင်ဖတ်နေတာတွေကို
ဆရာ……………….ဆိုတဲ့ဂုဏ်ပုတ်တွေတတ်ရရင်တော့
ကျုပ်ငယ်ငယ်ကတည်းက ထမင်းစားနည်းသင်ပေးသူတွေ
စာဖတ်နည်းသင်ပေးသူတွေ
ခုနစ်တန်းတောင်မအောင်တဲ့ကျုပ်ကို
အီလက်ထရောနစ်ပစ္စည်းအသုံးပြုနည်းတွေသင်ပေးသူတွေ
( ဗုံးခွဲနည်းများသင်ပေးသူများကို အီပို့စ်နှင့်မပတ်သက်စေလို၍ ချန်လှပ်ထားရစ်ခဲ့ပါသည် )
မြန်မာစာရေးနည်းသင်ပေးသူတွေ
စသည် စသည်ဖြင့် တစ်ခုခုသောအကြောင်းတိုင်းမှာ
ကျုပ်မှာ ကြားဆရာ မြင်ဆရာ သင်ဆရာတွေရှိသလို
တစ်ခြားသူတွေအတွက်လည်း ကျုပ်က
ကြားဆရာ မြင်ဆရာ သင်ဆရာဖြစ်နေမှာဘဲ
ဒါကြောင့်စာရင်းချုပ်လိုက်တော့
ကိုယ် ကိုယ်တိုင်က ရိုသေးလေးစားပူဇော်ထိုက်သည်ဟု
သတ်မှတ်သူသည်သာလျှင် ဆရာဖြစ်ပေတော့သည်ဟု
အပေါ်က ဆရာကဲ့သို့ ကျုပ်ကလည်း မှတ်ချက်ချပါတယ်ဗျာ
ဆရာဆိုလို့ပြောရဦးမယ် 😀 😀 😀
ကျုပ်ရွာမှာနေတုန်းက ၁၉ 20 လောက်တော့ရှိမယ်ထင်တယ်
လူတစ်ယောက်စီက ပညာတစ်ခုရတယ်ဗျ
ခင်ဗျားတို့အပြောနဲ့ဆို ဆရာတစ်ယောက်ပေါ့ဗျာ
ဘာပြင်ညာလဲ………………………ဆိုဒေါ့
ရွာမှာ
ကျုပ်တို့ရွာမှာ
သူများရွာမှာမဟုတ်ဘူး
ဝက်မတွေကို ဝက်သိုးတွေနဲ့မျိုးစပ်ရတယ်ဗျ ( ပေါက်မယ်ထင်တယ် )
ဝက်မျိုးထိုးတဲ့ ဆရာကြီးက ဝက်သိုးတစ်ကောင်နဲ့
ဝက်မတွေရှိတဲ့အိမ်ကိုလာရတာပေါ့ဗျာ
အဲ့သည်လူကြီးလာရင်လည်း
ဝက်မျိုးထိုးတဲ့ ဆရာကြီးလာပြီဆိုပြီး
သူ့ကိုလည်းဆရာခေါ်ရတာဘဲ
ကျုပ်ပြောမှာက ကျုပ်က အဲ့သည်ဆရာကြီးစီက
ဝက်မျိုးထိုးနည်းတွေကိုရထာတယ်ဗျ
နောက်ပြီး
ဝက်မတွေ ဇီးကပ်ပြီး ဝက်သားသားလေးတွေမွေးလာလို့
ဝက်ထီးလေးတွေပါလာရင်
အဲ့သည်ဝက်ထီးလေးတွေကို
သင်းကွပ်ပြစ်ရတယ် ( ဝှေးသင်းတယ်လို့ခေါ်တာပေါ့ )
အဲ့သည်မှာ
အဲ့သည်မှာ
ဝက်မျိုးထိုးတဲ့ဆရာကြီးက ကျုပ်ကို ဆရာစားမချန်သင်ပေးလိုက်တာက
ဝက်သင်းကွပ်နည်းဘဲဗျ
နောင်များ အကြောင်းရှိလို့ ကျုပ်ကိုတွေ့ကြရင်လည်း ဆရာ………………….လို့
ခေါ်ကြလေရဲ့
ဒါကြောင့် သိပ်တော့ရုပ်ရုပ်မလုပ်ကြနဲ့
ကျုပ်က အဲ့သည်ပြင်ညာမှာ express
king
May 29, 2011 at 12:09 pm
ကိုအောင်ပု
ကိုအောင်ပုကို ကျွန်တော်လေးလေးစားစားဆက်ဆံတယ်နော်
ကျွန်တော့်ကိုချမ်းသာပေးပါဗျ
ပြီးတော့လည်း ကိုအောင်ပုကို ဆရာတင်ချင်ပါတယ်
ကျွန်တော့်ကိုလည်း သင်ပေးပါလား ….
ဘာလို့လဲဆိုတော့ ရွာထဲမှာ ကျွန်တော်ကြိုက်တဲ့ ရွာသူရှိခဲ့ရင် သူ့ကိုပြိုင်လိုက်မယ့်
ရွာသားကို လက်ဦးမှုရချင်လို့ ….
😛 😛 😛 😛 😛 😛
ကိုပေါက်(မန္တလေး)
May 29, 2011 at 12:15 pm
ကျနော်တို့ မြန်မာ
ဆရာခေါ်တာ အင်မတန်ဝါသနာ ပါ ပါရဲ့။
ကားမောင်းတော့ ကားဆရာ
မြင်းလှည်းမောင်းတော့ မြင်းလှည်းဆရာ
ဆိုက်ကားနင်းတော့ ဆိုက်ကားဆရာ
ဗေဒင်ဟောတော့ ဗေဒင်ဆရာ
စာသင်ပေးတော့ ကျောင်းဆရာ
ခုံပေါ်မှာထိုင်နေသူကလဲဆရာ
အထက်အရာရှိကိုလဲဆရာ
ဟိုဆရာ ဒီဆရာ မြင်မြင်ရာဆရာ
ဆရာတွေများလှချည့်ရဲ့။
ဆရာတွေများသာများ
တန်းတူတယ်ထင်ရင် လုံးဝမှား
အဆင့်အတန်းချင်းလဲ ကွာပါလိမ့်မယ်။
ု
အနန္တောအနန္တငါးပါး
အဲဒီအထဲမှာ အာစရိယဆိုတဲ့ဆရာ
အလေးအမြတ်ထား စာရင်းထဲကလဲ
ဖယ်စရာလဲ မလိုဘူးလို့ ထင်ပါရဲ့။
ဆွမ်းဆံထဲ ကြွက်ချေးရောသလို
ကောင်းသူများကြား မကောင်းသောဆရာဝင်ပါ
ဒါတွေတော့စာရင်းထဲကဖယ်ချင်ဖယ်။
ကိုယ့်ကို တကယ်သင်ပေးခဲ့တဲ့ဆရာ
မြင်ရုံနဲ့အတုယူ သင်ယူခဲ့ရတဲ့ဆရာ
ပြောတာလေးကြားတာနဲ့ အတုယူခဲ့ရတဲ့ဆရာ
လေးစားစရာတွေကျန်ပါသေး
မျက်စေ့မှိတ်လို့ ဇွတ်တော့ မဖယ်လိုက်ပါနဲ့။
အစွန်းနှစ်ဖက်ကတော့ဝေးဝေးရှောင်……………………………
naywoonni
May 29, 2011 at 3:05 pm
ဆရာဆိုမှတော့ ဘာကိုပဲသင်ပေးပေး ဆရာပဲလေ…။ ကိုယ့်ကို တစ်စုံတစ်ရာသင်ပေးသူဟာဆရာပဲ…။ သူဟာ… ဘဏ်မန်နေဂျာဖြစ်နိုင်သလို ပင်လယ်ဓမြ လည်းဖြစ်နေနိုင်တယ်..။ ဒီတော့ ဆရာက ဆရာပေပဲ…။ ကိုမသိတာလေးတစ်ခုကို ညွှန်ပြပေးသူ မေ့လျော့နေတာလေးတစ်ခုကို သတိရအောင်ပြုပေးသူ မှန်သမျှ ဟာ ဆရာပါပဲ….။ လေးစားတာ မလေးစားတာကတော့ သူ့ရဲ့ အပြုအမူနဲ့ အနေအထားပေါ်မှာ ပြောင်းလဲသွားမှာပဲ..။ ဘာလို့မှန်းမသိဘူး…။ ကျွန်တော်က တော့ တစ်ချို့ ဆရာတွေ လေးစားလို့မရတာအမှန်ပဲ….။ သူတို့ကိုယ်၌ လေးစားအောင်မနေတတ်ဘူးလို့ပြောရမလား ကိုယ်ကပဲ အသေးစိတ်လိုက်ကြည့်ပြီးတော်ရုံလူကိုမလေးစားတတ်တာလား မသိဘူး…။ ဆရာဆိုတဲ့ အသိ ရှိပါရက်နဲ့ တစ်ချို့ကို လေးစားလို့ မရဘူး
padonmar
May 29, 2011 at 3:51 pm
ဆရာကာပြန် အာခေါင်လှံစူးတဲ့ ပုံပြင်ထဲက ဗျိုင်းလည်းဆရာပဲလေ။
ဦးနီပြောသလိုပဲ သူ့ဆီကဘာအတတ်ရရ သူကကိုယ့်ဆရာပေါ့။
လေးစားခြင်းမလေးစားခြင်းကတော့ ကိုယ့်ရဲ့ နှလုံးသွင်းမှုပေါ်တည်တာပါပဲ။
လိုရင်းရေးရရင်
Eros ကို သဘောထားတူထောက်ခံပြီး သဂျီးကိုတော့ ကန့်ကွက်မဲပေးပါတယ်။:D
eros
May 29, 2011 at 4:09 pm
အဲအဲ သူကြီးပြောသွားတာတွေ မှာလည်း အမှန်တွေပါပါတယ်ဗျ။
ဘာမှန်းညာမှန်းမသိ.. ဘယ်သူတွေမှန်းမသိ.. ခေါင်းစဉ်တပ်ထားလိုက်တာနဲ့တင်… သူတို့ပြောကြတာကို..(နားမထောင်ရင်တောင်) ပြန်မပြောရဲ.. တန်းတူထားမဆွေးနွေးနိုင်စေတဲ့… စိတ်
အဲဒါတော့မှန်တယ်ဗျ ဆရာက မိမိပြောသမျှအမှန်၊ မိမိသဘောကျတာသာ လက်ခံယူရမယ်လို့ တော်တော်ယူဆကြတယ်။ ဆရာနဲ့ အမြင်မတူတာ ဆွေးနွှေး၊ မှန်ရာကို တင်ပြလို့ ကတော့ တပည့်ကို ဗြောတင်ပြီးသားပဲ။ ဒီထဲမှာတောင် အဲဒီလိုမျိုးနဲ့ ပတ်သက်ပြီး ဘယ်သူလဲမသိဘူး ပိုစ့်တခုတင်ထားတယ်။ ဒါတွေက မဖြစ်သင့်ဘူးလေ။ တပည့်ရဲ့ creative thinking ကို သတ်လိုက်တာပါပဲ။ ဒါနဲ့တဆက်ထဲ အပြန်အလှန် လေးစားမှုဆိုတာလဲ ရှိသင့်ပါတယ်။ တပည့်ရဲ့ မိမိကိုယ်ကို ယုံကြည်မှုကို တိုးပွားစေပါတယ်။
ဆရာဆိုတာ… တပည့်ဆိုသူတွေက.. ငွေကြေးပေးထားတာမို ့… အလုပ်ရှင်/ဝန်ထမ်း ဆက်ဆံရေးသာရှိသင့်တယ်..။
အဲဒါကြီးကတော့ လုံးဝလုံးဝ လက်မခံပါခင်ဗျား။
zaw2zaw
May 30, 2011 at 8:58 am
ဒီမှာ eros
ခင်ဗျားတို့ လုပ်ငန်းခွင်ထဲ မှာ stakeholder တွေကိုလာပြီး view သင့်ပါတယ်။
“တပည့်ရဲ့ creative thinking ကို သတ်လိုက်တာပါပဲ။” တဲ့ လုပ်ငန်းခွင် အခက်အခဲ တွေ policy အလွဲတွေ ကြားမှာ ခင်ဗျား ဘယ်လောက် လုပ်ခွင့် ရမယ်ထင်ပါသလဲ၊ creative thinking အကြောင်း student oriented teaching အကြောင်း ကျောင်းဆရာတွေ ဘာမှ မသိဘူးလို့ ထင်နေပါသလား၊ အပြင်မှာ တွေ့ပြီး ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့မှာ ပြေချင်တာတွေ အများကြီး ရှိပါတယ်။
eros
May 30, 2011 at 10:16 am
ဒီပိုစ့်ရဲ့ ရည်ရွယ်ချက်က မြန်မာလူထုရဲ့ ဆရာ ဆိုတဲ့ အပေါ်ကို ခြုံရေးထားတာပါ။ အစိုးရ အမှုထမ်း ဆရာများသာမဆိုလိုပါ။ အားလုံးသော ဆရာများကို ရေးထားပါတယ်။ နောက်ဆုံး တပိုဒ်ကို ဦးတည်ချက် မလွဲအောင် အဆုံးသတ်ပေးလိုက်ပါတယ်။ ဆိုတော့ကာ သေသေချာချာ ပြန်ဖတ်ပေးစေလိုပါတယ် ခင်ဗျား။
OQ23
May 30, 2011 at 2:41 pm
ဆရာဆိုသောအရာများသည်
နာလေးနာနှင့်ပြည့်စုံရပါမည်။
အဓိကအနေနဲ့ဘဝကြီးပြောင်းလဲဖို့အတွက်
ဆရာကအရေးကြီးဆုံးပါပဲ။