သူ့ထက်သူ…
မနေ့က သူငယ်ချင်းနဲ့ စကားပြောဖြစ်တော့ သူ့မှာ စိတ်ညစ်စရာတွေ၊ စိတ်မောစရာတွေ များလွန်းလို့ ပြောတောင်မပြောချင်ဘူးဆိုပဲ။ ဒါနဲ့ ကျွန်မက ပုံပြင်လေးတပုဒ် ပြောပြလိုက်ပါတယ်။ သိဖူးသူလည်း ရှိမှာပါ။ မသိသူများလည်း သိသွားတာပေါ့။ ပုံပြင်လေးက တခါက ရွာတရွာမှ ယောက်ကျား တယောက်ဟာ နေပူပူကြီးထဲ ခရီးထွက်လာသတဲ့။ လင်မယား ရန်ဖြစ်ပြီး စိတ်ဆိုးကာ မိဘအိမ် ပြန်သွားတဲ့ မိန်းမကို ခေါ်ဖို့ပါ။ နေကပြင်းလွန်းတော့ လမ်းလျှောက်ရတာ အတော်ပင်ပန်းသတဲ့။ လိုက်သာခေါ်ရတာ မိန်းမက လိုက်မှန်းမသိ မလိုက်မှန်းမသိ မသေချာတာမို့ ရင်တွေလည်း ပူပေါ့။ လမ်းခရီးမှာ အရိပ်ကောင်းကောင်း သစ်ပင်တွေ့ပါတယ် ရေချမ်းစင်လေးတောင်ပါရဲ့။ သူလည်း ရေသောက် အမောဖြေပေါ့။ ရေချမ်းစင်ဘေးမှာ မီးသွေးခဲလေး တွေ့တာနဲ့ ရင်ထဲက အပူကို သက်သာလို သက်သာငြား စာတကြောင်း ရေးခဲ့ပါတယ်တဲ့။ “ပူပါတယ် ဆယ်နေကဲ” လို့ပါ။ အမောပြေတော့ သူလည်းလိုရာ ခရီးဆက်ထွက်။ ယောက်ခမ အိမ်ရောက်တော့ မိန်းမက ပြန်ခေါ်မရဘူး။ ဒါနဲ့ စိတ်ပျက်လက်ပျက် ပြန်လာရတာပေါ့။ အလာတုန်းက ဝင်နားခဲ့တဲ့ သစ်ပင်အောက်လည်း ရောက်ရော သူရေးခဲ့တဲ့ စာကြောင်းအောက်မှာ နောက်ထပ် စာတကြောင်း ထပ်တွေ့လို့ စိတ်ဝင်တဖတ်ကြည့်တော့ “ပူပူသရွေ့ လူတွေ့တောင်မခံချင်” ပါတဲ့။ သူ့နဖူးသူရိုက်ရင်း “အော်…ငါ့ထက်ဆိုးတဲ့သူ ရှိပါသေးလား”လို့ သူ့ကိုသူ ဖြေသိမ့်လိုက်ပါတယ်တဲ့။ ကျွန်မပြောပြတဲ့ ပုံပြင်လည်းဆုံးရော သူငယ်ချင်းမှာ ရီလိုက်တာ။ “အေးဟာ လူတွေဟာ ကိုယ့်ဒုက္ခနဲ့ ကိုယ်ကြည့်ပါပဲ” လို့ ပြောသွားပါတယ်။
ဟိုးအရင်တုန်းကလို့ ဆိုရမယ်ထင်ပါတယ်။ ကျွန်မ ဘွဲ့ရစ အချိန်ဆိုတော့လေ။ ကျွန်မ ကိုယ်ပိုင် ဆိုင်လေး ဖွင့်ချိန်ကပေါ့။ တခါလည်း ရေးဖူးလို့ ဖတ်ဖူးသူတွေလည်း ဖတ်ဖူးမှာပါ။ ကျွန်မ ဆိုင်မဖွင့်ခင် အချိန်က ကြုံခဲ့တာတွေများ များမှများ။ ကြီးကြီးကျယ်ကျယ် ပြောရမယ်ဆို “လောကဓံ”ပေါ့။ “လောကဓံကြုံ မဖြုံစတမ်းပေါ့ မတုန်စမ်းနဲ့ စိတ်ခိုင်လေ” ။ ၃၈ဖြာ မင်္ဂလာတရားမှာ ပါတာပါ။ တကယ်ကြုံတော့ ဘယ်လာ လွယ်ပါ့မလဲ။ အတော်ကို အလူးအလိမ့်ပါ။ ဒါပေမဲ့ အခုအချိန် ပြန်တွေးမိတော့ ရီချင်သား။ ဆိုင်ဖွင့်ဖို့ ကြိုးစားခဲ့တဲ့ အချိန်က အဖြစ်တွေ ပြောပါတယ်။ ဘွဲ့လေးရတော့ သူငယ်ချင်းတွေကလည်း ဝန်ထမ်းလုပ်သူလုပ်၊ မိဘလက်ငုတ်လက်ရင်းမှာ ဝင်သူဝင်ပေါ့။ ကိုယ်ကရောဆိုတော့ ပြစရာနတ္ထိ အလုပ်မရှိ။ သူငယ်ချင်းတွေနဲ့ စုံတိုင်း “ဟဲ့ နင်အခု ဘာလုပ်နေပြီလဲ” မေးတိုင်း ဖြေစရာ အဖြေမရှိ။ နေရတာ သိမ်ငယ်သလိုလို ဘာလိုလို။ ဝန်ထမ်းလုပ်ဖိုကလည်း ကျွန်မလိုတောသူ ဇော်ကန့်လန့်နဲ့ ဘယ်မှာမှ အလုပ်ဖြစ်မှာ မဟုတ်။ ဒါနဲ့ပဲ ကိုယ့်စိတ်ကိုယ့်ကို ကိုယ့်ခြေကိုယ့်လက် ကိုယ်ပိုင်ဆိုင် ကိစ္စမျက်စောင်း ထိုးရတယ်။ မိဘတွေလည်း သဘောတူ၊ မောင်နှမတွေလည်း ထောက်ခံမို့ အားတက်သရော ကြိုးစားပါတော့တယ်။ အခုအချိန် ဆိုင်မှာ ထိုင်နေတာကို အပေါ်ယံ မြင်သူကတော့ ပြောမှာပဲ “ဪ သူတို့များ တည်တည်ငြိမ်ငြိမ် ကိုယ်ပိုင် စီးပွားလေးနဲ့” လို့။ ဒီလို အနယ်မထိုင်ခင် ရုန်းခဲ့ရတုန်းက ကြုံခဲ့တာတွေ သူတို့ သိမှမသိတာကိုး။ ရောက်လိုက်တဲ့ ဒုက္ခ၊ ကြုံလိုက်ရတဲ့ သောကများ ထမင်းမပြောပါနဲ့ ရေတောင် ပြန်အန်ထွက်ရအောင် စိတ်တွေ ဆင်းရဲခဲ့ရတာလေ။ ရေနစ်သူ ဝါးကူမထိုးပဲ အားပေးသူတွေ ကြောင့်သာ နာလန်ထူပြီး အောင်မြင် လာခဲ့တာပါ။ ဆိုင်ကလည်း ဖွင့်ချင်လွန်းလှတာမို့ အစပထမ ရရာဆိုင်ငှါးရော။ ကိုယ့်လက်ထဲရောက် ငွေချေပြီးမှ တဆင့်ငှါး ဖြစ်နေလို့ ဆိုင်ပိုင်ရှင် ပြသနာရှာတာနဲ့ တရက်ပဲ ဖွင့်ပြီး ဆိုင်ပိတ်ရပါရော ဖြစ်ပုံများ ပြောပါတယ်။ အမှန်တော့ ကျွန်မ လောကြီးလို့ သေချာမလေ့လာလို့ ဒုက္ခဖြစ်ရတာတွေ။ အတွေ့အကြုံလည်း မရှိတာပါမယ်။ နာကျင်စရာ အတွေ့ အကြုံများလို့တောင် ဆိုချင်တာပါ။ တရက်ပဲ ဖွင့်ပြီး ချက်ချင်းပိတ်ရတာမို့ ရှက်လိုက်တာများ ကိုယ့်မျက်နှာကို ဓါးနဲ့သာ လှီးပြစ်ချင်တာပါပဲ။ ဘဝမှာ ပထမဆုံး အတွေ့အကြုံတင် ရိုက်ချိုးခံရသလို ဖြစ်ပြီး အတော်လေးကို ခံစားခဲ့ရတယ်။ အိမ်ပြန်ရောက်ကတည်းက အခန်းထဲဝင် စောင်ခေါင်းမြီးခြုံပြီး ငိုတာ။ သတိရတိုင်းငို၊ ဝမ်းနည်းလာတိုင်းငို ထမင်းမစားပဲ မထတမ်း နှစ်ရက်လောက်ကို ငိုပြစ်တာ။ အခုအချိန် ပြန်တွေးတော့ “ငါ့နှယ် ဒါလေးကိုများ” ဆိုပြီး ကိုယ့်ကိုကိုယ် ရီချင်ပါတယ်။ ကျွန်မ အစ်ကိုကြီးက စစချင်းတော့ ဘာမှ မပြောဘူး။ နောက်နေ့ထိပါ မတိတ်ပဲ ငိုနေလို့ လာပြောပါတယ်။ “နင်ဘာလို့ ငိုနတာလဲ”တဲ့ “နင့်မှာ စားစရာ မရှိဘူးလား၊ နေစရာအိမ် မရှိဘူးလား” ကျွန်မက “ရှိပါတယ်”ပေါ့။ “ပြီးတော့ နင့်ကို မှီခိုပြီး စားသောက်နေတာ ဘယ်သူရှိလဲ” ဆိုတော့ “မရှိပါဘူး”ပေါ့။ “ဒါနဲ့များ ဘာလို့ ဒီလောက်တောင် ငိုနေရတာလဲ၊ အခု အလုပ်လည်း နင်လုပ်ချင်လွန်းလို့ ခွင့်ပြုတာ မဖြစ်လဲ ဘာမှ မဖြစ်ဘူး မငိုနဲ့တော” လို့ ပြောတော့ “ဟုတ်သား” လို့ စဉ်းစားမိပြီး ငိုတာရပ် ထမင်းထစားပါတယ်။ ကျွန်မက မထတမ်း ငိုနေလို့ ညီမလေးကလည်း အချိန်နဲ့ အမှီ ကျွန်မ အဖေဆီ သတင်းပို့လို့ အဖေကလည်း ဖုန်းဆက်လာပါတယ်။ “ငါ့သမီး ဝမ်းနည်းမနေနဲ့တော့ အဖေက သမီးကို ဒီပိုက်ဆံ ပေးလိုက်ကတည်းက အဆုံးလို့ သတ်မှတ်ပြီးပေးတာ။ အဖေ့စီးပွါးလည်း မထိခိုက်ဘူး အပိုရှိလို့ ပေးတာမို့ ရှုံးသွားလည်း ဘာမှ မဖြစ်ဘူး။ အခုဟာက ရှုံးတာမဟုတ်သေးဘူး။ အားမလျှော့နဲ့ ထပ်ကြိုးစား။ ကောက်တိုင်းသာ ပါနေရင် ကြက်လည်ဇလုတ်တွေ ဘယ်ခံနိုင်ပါ့မလဲ”လို့ အားပေးတော့ ကျွန်မမှာ ခံစားနေရတဲ့ ငါညံ့လို့၊ အလို့၊ အသုံးမကျလို့ ဆိုတဲ့ သိမ်ငယ်စိတ်တွေ ပျောက်သွားပြီး မဖြစ်ဖြစ်အောင် လုပ်မဟဲ့လို့ အားတက်မိပါတယ်။ အခုလို မဟုတ်ပဲ ဝိုင်းပြီးသာ အပြစ်ပြောမယ်ဆို ကျွန်မလည်း စိတ်ဓါတ်ကျပြီး ရလာဒ်က တမျိုး ဖြစ်ချင်ဖြစ်သွားမှာ။ ကျွန်မကို အဲဒီတုန်းက အားပေးတာ တယောက်ရှိပါသေးတယ်။ ကျွန်မ သူငယ်ချင်းပါ။ သူငယ်ချင်းဆိုပေမဲ့ ကျွန်မထက် ၃နှစ်လောက် ငယ်ပါတယ်။ အတွေ့အကြုံ၊ စိတ်နေသဘောထားကတော့ ကျွန်မထက်ကြီးပြီး လေးစားစရာကောင်းသူပါ။ သင်တန်းတက်ရင်း ခင်မင်ခဲ့သူလေ။ ကျွန်မလည်း ဆိုင်ကိစ္စ အဆင်မပြေဖြစ်ပြီး အိမ်က လူတွေ အားပေးလို့ အားမငယ်တော့ပေမဲ့ အားကတော့ သိပ်တက်လှတယ် မဟုတ်ဘူး။ စိတ်ပြေ လက်ပျောက် သင်တန်းဖက် ထွက်လာတော့ သူနဲ့ဆုံပါတယ်။ သူက “အမ ပျောက်လှချည်လားဗျ” လို့ နှုတ်ဆက်စကား ဆိုပါတယ်။ ကျွန်မလည်း ကျွန်မ အဖြစ်တွေ ပြောပြတော့ “အမ ခဏစောင့်ဗျာ” ဆိုပြီး အပြင် ပြန်ထွက်သွားပါတယ်။ သူပြန်လာတော့ စာအုပ် တအုပ်ပါလာတယ်။ (သူနဲ့ ခင်တာလည်း စာဖတ်ဝါသနာပါသူချင်းမို့လည်း ပါပါတယ်) “အမ အတွက် လက်ဆောင်ပေးတာပါ”တဲ့။ ပြီးတော့ ညွှန်းပါသေးတယ် စာမျက်နှာ ဘယ်လောက်က အခန်း ဘယ်လောက်ကို သေချာ ဖတ်ပါတဲ့။ (ကျွန်မမှာ အဲဒီစာအုပ် ပါမလာလို့ အတိအကျ မညွှန်းနိုင်တာ တောင်းပန်ပါတယ်) ဆရာဦးဆန်းလွင်ရဲ့ “ ရွှေတောင်တက် ဒသာန” စာအုပ်ပါ။ သူပြောသလို သေချာ ဖတ်တော့ အတော်ကောင်းတဲ့ စာအုပ်ပါ။ ကျွန်မ တကယ်ကို အားတက်ခဲ့ပါတယ်။ နောက်တကြိမ် ဆိုင်ငှါးတော့ ပထမအကြိမ် ခံခဲ့ရတာတွေထဲက သင်ခန်းစာယူပြီး အမှားနဲအောင် ထပ်ကြီုးစားပါတယ်။ မလျှော့သော ဇွဲနဲ့ ကြိုးစားတာ အခက်အခဲ ကြုံလာတိုင်း ပြန်ဖတ် အားတင်းရင်း ကြိုးစားတာ အတော်အသင့် အောင်မြင်တဲ့ အခြေကျတဲ့ ဆိုင်လေး ဖြစ်လာပါတယ်။ ကျွန်မ အိမ်ထောင်ကျပြီး ခင်ပွန်းသည်နောက် ယောင်နောင် ဆံထုံးပါ လိုက်လာတော့ ဆိုင်ကို ညီမလေးတွေကို လွှဲပေးခဲ့ပါတယ်။ ကျွန်မ ကြိုးစားခဲ့ရတဲ့ အပင်က အခုဆို အသီးတွေဝေပြီး သူတို့တွေ အေးငြိမ်းသက်သာ စားခွင့်ရနေပြီမို့ ကျွန်မအတွက် ကြိုးစားရကျိုးနပ်တဲ့ ရလာဒ်ကောင်းတခုပါ။
အခုနောက်ပိုင်း အသက်ကြီးလာတော့ ဒုက္ခတွေ ကြုံလာတိုင်း၊ စိတ်ဖိစီးမှုတွေ များလာတိုင်း အရင်က ကြုံခဲ့ရတာတွေ ပြန်တွေးရင်း အားတင်းရပါတယ်။ အားတင်းမထားနိုင်လောက်အောင် ကြုံလာတိုင်း၊ ငါပဲ ဒီဒုက္ခတွေ ကြုံနေရသလားလို့ တွေးမိတိုင်း စောစောက ပြောခဲ့တဲ့ ပုံပြင်လေးက ခေါင်းထဲ ဝင်ဝင်လာပါတယ်။ ဒါနဲ့ပဲ အော် ငါထက့် ဆိုးတဲ့သူတွေ ရှိဦးမှာပါပဲ ပြန်တွေးရင်း ဖြေသာအောင် ဖြေပါတယ်။ သူ့ထက်သူ လူစွမ်းကောင်း ကြည့်ပဲမို့ ကိုယ့်ထက် ဒုက္ခရောက် နေသူတွေထက် စာရင် ထမင်းနပ်မှန်ပြီး လုံခြုံတဲ့ အမိုးအကာလည်းရှိမို့ ကိုယ့်ဘဝဟာ အတော်နေပျော်စရာပါလားလို့ တွေးတောရင်း နေပျော်အောင် နေနေပါတယ်။ အားလုံးလည်း ဒုက္ခ အခက်အခဲ တွေ့တိုင်း ငါ့ထက်ဆိုးတဲ့ သူ့ထက်သူ တွေ ရှိသေးပါလားလို့ တွေးတောရင်း ရင်ဆိုင် ကျော်လွှားနိုင်ကြပါစေ။
9 comments
ကိုပေါက်(မန္တလေး)
July 8, 2011 at 9:08 pm
တစ်ခါတစ်လေတော့လဲ ကို်ယ့်အပူမီးကြီးပြီမှတ်တယ်။
ကိုယ့်ထက်ဆိုးထက်သူကိုတွေ့နေရတတ်ပါတယ်။
လောကကြီးကဒီလိုပါဘဲ………..
သူ့ကိုယ်အားကျ ကိုယ်သူအားကျနဲ့ဘဲ အချိန်တွေကုန်သွားကြရတာပါ။
ဆူး
July 8, 2011 at 9:50 pm
ရေအိုးစင် မှာ ရေးထားတဲ့ စာ နဲ့ နီးစပ်တဲ့ ပုံပြင်တခု ရှိတယ်။
ဇရပ်တခု ရဲ့ နံရံပေါ်မှာ စာရေးသွားတယ်။
စေ့စေ့တွေး ရေးရေးပေါ်…
နောက်လူက အဲဒါဖတ်ပြီး.. ပါးစပ်အတင်းစေ့ပြီး တွေးလိုက်တာ.. ပါးစပ်ထဲမှာ ကိုက်ထားတဲ့ ဆေးလိပ်တိုက နှုတ်ခမ်းမွေး မီးလောင်သွားတယ်။
အဲဒီ လူက ပြန်ရေးသွားတယ်။
များများမတွေးနဲ့ နှုတ်ခမ်းမွေး မီးလောင်မယ်။
နောက်လူက မြင်တော့ ထပ်စဉ်းစားတယ်.. တွေးတာနဲ့ နှုတ်ခမ်းမွှေး မီးလောင်တာ ဘာဆိုင်တုံး…
တွေးရင်းနဲ့ ခေါင်းတွေ ပူလာတာနဲ့… အတွေးတခု ရသွားတယ်.. အဲဒါ နမိတ်ပြ စကား ပူထူလွန်းတာ ခေါင်းတင် မဟုတ်ဘူး နှုတ်ခမ်းမွှေး အထိပါ ဆိုလိုတယ် ဆိုပြီး သူ့အတွေးနဲ့ သူ ကျေနပ်သွားတယ်။ အဲဒါ အမှန်ပဲ ဗျို့ ဆိုပြီး ဆက်ရေးသွားတယ်။ နောက်ဆုံးတော့.. အားလုံးက ကိုယ့်ခံစားချက်နဲ့ ကိုယ် တွေးပြီး ရေးကြတဲ့ သဘောပါပဲ။ ဖြတ်သွားဖြတ်လာ လူများကတော့ ဒီလူတွေ ဘာများ ပြောကြသလဲလို့ တွေးကြတယ်။ ရွာထဲမှာ မန်းတဲ့ အခါ ကိုတွေးချင်တာ ရေးချင်တာ ရေးလိုက်တာပဲ.. ကိုယ့်ဟာကိုတော့ ကျေနပ်နေကြတာပဲ။
မန်းလိုက်တာ ဘာမှတော့ မဆိုင်ဘူး.. ဒါပေမဲ့ စာရေးတဲ့ ဥပမာ ချင်းနီးစပ်တာ သတိရသွားလို့.. စိတ်ဆိုးရဘူးနော်.. 😀
parlayar46
July 9, 2011 at 12:12 am
အခက်အခဲတွေကြုံရတဲ့အခါ အားပေးတတ်တဲ့ ကူညီတတ်တဲ့ သူတွေနဲ့ကြုံရရင် သိပ်အဆင်ပြေတာပဲ။
ဒီလိုအဆွေခင်ပွန်း (မိဘ၊မောင်နှမ၊ဆွေမျိုး၊မိတ်ဆွေ အားလုံး) မျိုးဟာ အဲဒီအချိန်မှာ အလွန်အဖိုးတန်တယ်။
ပြောင်းပြန်ပြန်တွေးရရင် ကိုယ့်ကိုယ်ကို တန်ဘိုးရှိတဲ့သူဖြစ်အောင်ဆိုရင် အခြားအရာတွေကို အပတ်တကုတ် ဖြည့်ဆည်းနေတာထက် သူတပါးကို နှုတ်၏စောင်မခြင်း လက်၏စောင်မခြင်း ဆိုတဲ့ ကူညီမှု့မျိုး လုပ်လေ့ရှိအောင်လဲ ကြိုးစားသင့်ပါတယ်။
ကြုံလို့ထည့်ပြောရရင်
လိုအပ်သူကို အားပေးကူညီရတာဟာ အလွန်အရသာရှိတယ်။ ကောင်းလွန်းလို့ စွဲသွားတတ်တယ်။ ပရဟိတလုပ်ငန်း လုပ်နေကျလူတွေကို မေးကြည့်ရင် သိနိုင်ပါတယ်။
hmee
July 9, 2011 at 2:49 pm
ဟုတ်တယ် လေးပါလေရာရေ ကိုယ့်တုန်းက အားပေးခံခဲ့ရလို့ ကိုယ်အားတက်ခဲ့တာမို့ အခုဆို ကိုယ်ချင်းစားပြီး ဘယ်သူ့ကိုမဆို ကိုယ့်ကိုမေးတိုင်း အကောင်းဘက်က ကြံဖန်တွေးတွေးပြီး အားပေးတယ်။ ကောင်းစားနေတုန်းသာ မသိသာတာ ဒုက္ခရောက်ချိန်ဆို စကားတခွန်းဟာလည်း အားဖြစ်စေတယ်လေ။
bigcat
July 9, 2011 at 6:56 am
ဆိုင်လိပ်စာနဲ့ မမှီညီမတွေ နာမည်များ သိခွင့်ရမလား။ ကျနော့်အသိတွေ ဖြစ်နေမလားလို့ပါ။ 😳
နီလေး
July 9, 2011 at 9:42 am
လောကမှာ ကို့ထက်စိုးတာတွေကော ကောင်းတာတွေကောရှိတတ်ပါတယ်
MaMa
July 9, 2011 at 1:22 pm
(ကို့ထက်စိုးတာ) လို့ ရေးမယ့်အစား (ကိုယ့်ထက်ဆိုးတာ) လို့ ရေးလိုက်ရင် ဖတ်ရတာ ပိုအဆင်ပြေမလားလို့။ (အကျင့်ပါနေလို့ ပြောမိတာ မကြိုက်ရင်တော့ ဆောတီးပါ။) 🙂
pooch
July 9, 2011 at 6:30 pm
အနော်လည်းလောကဓံ ဆိုတာကြီးကို ကြုံဖူးတယ်….ပြောမယုံ ကြုံဖူးမှ သိတော့တာ…
windtalker
July 10, 2011 at 12:02 am
🙁