ငါလဲ ပေးတဲ့သူဖြစ်ချင်သေးတယ် … Giver and Taker
“နင်တစ်ယောက်ထဲ ပေးချင်တာမဟုတ်ဘူး ငါလည်းပဲ ပေးချင်ပါသေးတယ်” … လို့ ဝေဝေတစ်ယောက် အသံကျယ်ကျယ်နဲ့ မင်းမင်းကို အော်လိုက်ပါတယ် ….
ဝေဝေတစ်ယောက် မင်းမင်းအိမ်မှာ ဧည့်သည်သွားလုပ်နေတာ ရက်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ယောက် စိတ်သဘောထားချင်းမတိုက်ဆိုင်ဖြစ်လာပါတော့တယ်။ ဖြစ်ပုံကဒီလို …
မင်းမင်းက နိုင်ငံခြားမှာ ပညာသင်နေတဲ့မြန်မာကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဝေဝေက တခြားတစ်မြို့မှာနေပြီး အလုပ်နားရက်မှာ မင်းမင်းရှိရာ မြို့ကို သွားလည်တဲ့အချိန်ပေါ့။ နိုင်ငံခြားဆိုတာက မြန်မာပြည်လိုမဟုတ်ဘူး။ အားလုံးချွေချွေတာတာနဲ့နေနေရတာဆိုတော့ ဝေဝေက အားနာတာပေါ့။ ပိတ်ရက်တွေကို တစ်ယောက်စီအထီးကျန်ပြီးကုန်ဆုံးမယ့်အစား နှစ်ယောက်အတူတူလျှောက်လည်ကြ၊ ချက်ပြုတ်စားသောက်ကြ၊ ရုပ်ရှင်ကြည့်ကြ၊ ရန်ဖြစ်ကြနဲ့ အချိန်ဖြုန်းရအောင် စီစဉ်ထားခဲ့ကြတာ ….
သူတို့နှစ်ယောက်က ရန်ကုန်မှာကထဲက သူငယ်ချင်းတွေဖြစ်ကြပေမယ့် အတူတူ မနေခဲ့ဘူးလို့ တစ်ယောက်အကြောင်းတစ်ယောက် အသေးစိတ်မသိခဲ့ကြဘူး။ ပထမနေ့ လေဆိပ်မှာ စကြိုတာကနေ စတွေ့တော့တာပဲ။ တက်စီကားခကို မင်းမင်းကဇွတ်အတင်းပေးပါတယ်။ မင်းမင်းတစ်ယောက်က အလွန်ခေါင်းမာတယ်။ သူမှန်တယ်ထင်တာကို ဇွတ်လုပ်တတ်သူဖြစ်ပါတယ်။ ဝေဝေ့ကိုဧည့်သည်တစ်ယောက်လို အစစအရာရာ ဧည့်ဝတ်ကျေပွန်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်။ နေဖို့ စားဖို့ လိုက်ပို့ဖို့ အစီအစဉ်အားလုံးသေချာလုပ်ထားတယ်။ သူ့အိမ်မှာ တစ်လစာအတွက် ဆန် ဆီ ဆား ငရုတ် ကြက်သွန် အားလုံး ပြည့်ပြည့်စုံစုံ ဝယ်ထားတယ်။ ဝေဝေက ဟင်းချက်တာဝါသနာပါတယ်ဆိုတာသိလို့ ချက်ချင်တာချက်ဖို့ခွင့်ပြုပေမယ့် သူကတော့ စားချင်မှစားမယ်တဲ့။ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူထားလိုက်ကြတယ်။ ဝေဝေစားချင်တဲ့ အသားငါးကို ဈေးကနေ ဝေဝေ့စိတ်တိုင်းကျ ဝယ်ခွင့်ပြုပေမယ့် ကျန်တဲ့ကုန်ကျစရိတ်အားလုံးကို သူကိုယ်တိုင်ပေးရမှ ကျေနပ်သူဖြစ်ပါတယ်။
ဝေဝေက အသားငါးတွေကိုယ်တိုင်ဝယ်ပြီး သေချာလက်စွမ်းပြချက်ပြီး သူ့ကိုပါစားစေချင်ပေမယ့် သူကနဲနဲလေးပဲစားပြီး မကြိုက်သလိုမျိုး မစားချင်သလိုမျိုးနဲ့ မစားဘူး။ စိတ်ဆိုးလဲ ဂရုမစိုက်ဘူး။ သူမကြိုက်တာမို့လို့ အတင်းကျွေးရင် ထမင်းပန်းကန်ကို သွန်ပစ်မယ်လို့တောင်ပြောတယ်။ သူ့ဟာသူ ငါးပိရေနဲ့ တို့စရာကို မြိန်ရည်ရှက်ရည် စားပါတယ်။ အပြင်သွားလို့ ကားခပေးရတဲ့အခါမှာလဲ သူကချည်းပေးပါတယ်။ အတင်းဇွတ်ပြောရင် တစ်ယောက်စာကိုပြန်လက်ခံပေမယ့် သူ့အတွက်တစ်ယောက်စာကို ဘယ်လိုမှပေးလို့မှမရဘူး။ သူရောက်ဖူးတဲ့နေရာတွေကို ဝေဝေ့ကို သီးသန့်တကူးတကလိုက်ပို့ရတာမို့လို့ ဝေဝေက သူ့အတွက်ပါ ကားခနဲ့ ဝင်ကြေး ပေးချင်ပေမယ့် သူက ဘယ်လိုမှ လက်မခံခဲ့ဘူး။ သူတို့မြို့က နံမည်ကြီးတဲ့ အစားအသောက်တွေကို ဆိုင်မှာလိုက်ဝယ်ကျွေးတဲ့အခါမှာလဲ မင်းမင်းကပဲ ပိုက်ဆံအကုန်အကျ အားလုံးကို ခံပါတယ်။ တခြားအိမ်အသုံးအဆောင်အားလုံးလဲ သူကပဲ ဝယ်ပါတယ်။ ဝေဝေက နဂိုကထဲက အတင်းအဓမ္မ လုပ်ရတာ ဝါသနာမပါလို့ မင်းမင်းစိတ်ချမ်းသာရင်ပြီးတာပဲဆိုပြီး အတင်းဇွတ်ဘာမှမလုပ်ခဲ့ဘူး။ အဲဒီလိုနဲ့ မင်းမင်းက ခေါင်းမာတယ်၊ ဝေဝေက အလျော့ပေးတယ်။ ဒါပေမယ့် ရက်တွေကြာလာတော့ ဝေဝေတစ်ယောက် ပေါက်ကွဲပါတော့တယ်။
“လူတွေမှာ ပေးတဲ့သူနဲ့ ယူတဲ့သူဆိုပြီး နှစ်မျိုးနှစ်စားရှိတယ်။ တချို့တွေက ပေးတဲ့ဘက်ကနေတယ်။ အချို့က ယူတဲ့ဘက်ကနေတယ်။ ဘယ်နေရာက ပိုစိတ်ချမ်းသာမယ်ထင်သလဲ? ပေးတဲ့သူက ပိုစိတ်ချမ်းသာတယ် သိလား … ယူတဲ့လူက စိတ်ချမ်းသာမှု ဘယ်လိုမှမရဘူး။ နင်က တော်တော်အတ္တကြီးတယ်။ ကိုယ်စိတ်ချမ်းသာဖို့တစ်ခုထဲကိုကြည့်တယ် … နင်ပဲ အနိုင်ယူချင်နေတယ်။ ငါလည်းပဲ ပေးချင်သေးတယ်။ ငါလိုပဲ တခြားသူငယ်ချင်းတွေလဲ ပေးချင်သေးတယ်။ ယူတဲ့နေရာကနေ တစ်လှည့်နေကြည့်ပါအုန်း” …. လို့ ….
မင်းမင်းကလဲ ပြန်ပြောတယ် …
“ငါ့အမေက ငယ်ငယ်ကထဲက သားသမီးတွေခေါင်းထဲကို ရိုက်သွင်းထားတာ ဘာတစ်ခုမှ သူများဆီက ဘယ်တော့မှ အလကားမယူရဘူးတဲ့။ သူများဆီက တစ်ကျပ်ဖိုး ယူမိရင် ကိုယ်ကလဲ အဲဒီထက်ပိုအောင် ပြန်ပေးရမယ်တဲ့။ ဘယ်သူ့ဆီကမှ အလကားမစားဘူး။ ထမင်းစားဖိတ်တာကို အားနာလို့ သွားစားရရင်တောင်မှ လက်ဆောင်တစ်ခုကို မဖြစ်မနေယူသွားတယ်။ ငါ့ကိုလက်ဆောင်တစ်ခုလာပေးရင် အဲဒီတန်ဖိုးနဲ့အညီပြန်မပေးနိုင်ရင်တောင်မှ အတတ်နိုင်ဆုံးပြန်ပေးတတ်တာ ငါ့အကျင့်ပဲ … အသားကျပြီးသား ငါ့အကျင့်ကို နင်နားလည်ထားရင် ငါတို့အချင်းချင်း ဘာပြသနာမှ ဖြစ်စရာမရှိတော့ဘူး” ….
ဝေဝေက မင်းမင်းကို နိုင်အောင်မပြောနိုင်တော့လို့ လေပြေလေးနဲ့ ပြန်ချော့ရတယ် …
“မင်းမင်းရယ် … တချို့အရာတွေက တန်ဖိုးဖြတ်လို့မရပါဘူး။ တန်ဖိုးတစ်ခုနဲ့မှတ်ထားတာထက် စိတ်ထဲက အသိအမှတ်ပြုတာက ပိုပြီးတန်ဖိုးကြီးပါတယ်။ ငါကနင့်ကို စားစေချင်လွန်းလို့ စေတနာနဲ့ချက်ထားတဲ့ဟင်းတစ်ခွက်ကို နင်ကအားရပါးရစားလိုက်ရင် ငါဘယ်လောက် စိတ်ချမ်းသာမယ်ထင်လဲ။ အဲဒီဟင်းတစ်ခွက်တန်ဖိုးက ဘာမှမရှိပါဘူး။ အဲဒါကို ကျေးဇူးတင်မခံချင်လို့ အဲဒီဟင်းဖိုးကို နင်ကပြန်ပေးတာကတော့ စေတနာကို အစော်ကားခံရသလို ခံစားရတယ်။ နင့်အကျင့်ကို နားလည်လို့ နင့်ကိုစိတ်မဆိုးနိုင်ပေမယ့် ငါကတော့ ဝမ်းနည်းတယ်။ ငါလည်းဘဲ ပေးချင်ပါသေးတယ်။ ငါလဲ စိတ်ချမ်းသာချင်တယ်။ ကိုယ်ချင်းစာတယ်ဆိုရင် ငါချက်ထားတဲ့ နင့်ရှေ့က ကြက်သားဟင်းကို နှစ်တုံးလောက်တော့ စားလိုက်နော်” ….
ထမင်းစားဝိုင်းမှာ ပေးချင်တဲ့သူနှစ်ယောက် စကားများရန်ဖြစ်လေ့ရှိသော အကြောင်းတစ်ခုဖြစ်ပါတယ် .. ဘယ်တော့မှ ပြေလည်သွားခြင်းမရှိတဲ့ အပေး အယူဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ် …
20 comments
ကိုပေါက်(မန္တလေး)
July 8, 2011 at 3:14 pm
ကျနော်လဲ သူငယ်ချင်းတစ်ယောက်နဲ့ဆုံဘူးပါတယ်။
သူက ကျနော်ထက်အပုံကြီးချမ်းသာပါတယ်။
သူနဲ့လက်ဖက်ရည်ဆိုင် ခေါက်ဆွဲဆိုင်မှာ ဆုံတိုင်းအတူထို်င်မိတိုင်း သူဘဲဒိုင်ခံရှင်းပါတယ်။
တစ်ခါကျနော်က သူ့အရင်ပေးမိတော့ သူက စိတ်တွေအရမ်းဆိုးပါတယ်.။
နောက်ကျနော်သူနဲ့လက်ဖက်ရည်ဆိုင်ကို ထို်င်တဲ့အကြိမ်နည်းအောင်လုပ်ရပါတော့တယ်။
စေတနာရှိလို့ဘဲဖြစ်ဖြစ် အခြားသောအကြောင်းများကြောင့်ဖြစ်ဖြစ် သူများပေးတာကိုချည်းယူနေရတာက
လဲသိပ်တော့ ဟန်မကျပါဘူး။
ကျနော်တို့မြန်မာနိုင်ငံမှာနေသူအများစုက စေတနာဆိုတာနဲ့အသိအမှတ်ပြုရင်ကို ကျေနပ်တတ်တဲ့လူတွေကို
ငွေနဲ့ပြန်တန်ဘိုးဖြတ်တာခံရရင် စိတ်ထဲမှာ ယားကျိကျိ နဲ့ပါဗျာ။
char too lan
July 8, 2011 at 4:14 pm
“ငါ့အမေက ငယ်ငယ်ကထဲက သားသမီးတွေခေါင်းထဲကို ရိုက်သွင်းထားတာ ဘာတစ်ခုမှ သူများဆီက ဘယ်တော့မှ အလကားမယူရဘူးတဲ့။ သူများဆီက တစ်ကျပ်ဖိုး ယူမိရင် ကိုယ်ကလဲ အဲဒီထက်ပိုအောင် ပြန်ပေးရမယ်တဲ့။ ”
ကျနော်အမေလဲ အဲ့လိုပဲသင်တယ်။ ဆရာချစ်ပြောထားတယ်လေ …………. ယူသမျှကလေးလေးလာတော့ အောက်ကျပီး နောက်ဆုံး အဝီစိရောက်မှာစိုးလို့ အဲ့လိုလေးမှတ်ထားတော့ ပိုဟန်ကျတယ် 🙂
pan pan
July 11, 2011 at 11:31 am
ပေးတဲ့လူက ရှိတာလေးပေးပေးနေတော့ ပေ့ါပြီး အထက်ရောက်သွားတာပေ့ါ
နွယ်ပင်
July 8, 2011 at 4:19 pm
ပေးသူနဲ့ ယူသူမှာ ပေးသူက ပိုပြီ စိတ်ချမ်းသာတယ်တဲ့
ဟုတ်တယ်မဝေရေ ဒီစကားလေးက တကယ့်ကို မှန်တယ်
တစ်ခါတစ်လေ ကိုယ်က ယူတဲ့သူဖြစ်သွားခဲပေမယ့်
ကိုယ်ပြန်ပေးလိုက်တဲ့အခါရတဲ့ စိတ်ချမ်းသာမူလေးက ဘာနဲ့မှ လဲမရအောင်ပါပဲ ……
etone
July 8, 2011 at 4:25 pm
အမြဲတမ်းလှေနံ ဓါးထစ်လို့လည်း မဖြစ်သေးဘူးလည်း … တဦးမေတ္တာတဦးမှာ ဆိုသလို … အပေးယူလေးတော့ လုပ်ဦးမှ မျှမျှတတဖြစ်မယ်။
AKKO
July 8, 2011 at 4:29 pm
နှစ်ဘက် မျှ မတွေးတဲ့အခါ တခါတလေ ကိုယ့်အတ္တကိုယ်ရှေ့တန်းတင်သလို ဖြစ်သွားတတ်တယ် ။
good
July 8, 2011 at 4:44 pm
ဟုတ်ပါတယ် ပေးတယ် ဆိုတာမှာ အလှူ မမြှောက် တဲ့ ပေး ကမ်းခြင်း နဲ့ အလှူ မြှောက် တဲ့ ပေး ကမ်းခြင်း
ကွာနေ မလားဘဲ။
အပေါင်းအသင်းတွေ နဲ့ လ္ဘက်ရည် ဆိုင် ထိုင် ရင် ကိုယ် က ရှင်းရ မှ။
အဲ ဒါ သူတို့ ကို တိုက်ချင် ကျွေးချင် တာ လား၊ ကို က ဘဲ သူများ တိုက်တဲ့ လ္ဘက်ရည် သောက်ရမှာ ရှက်တာလား။
nature
July 8, 2011 at 7:14 pm
လှူချင်တဲ့သူတွေများနေရင် ဒါနလေးမြောက်သွားအောင်အလှူခံပေးမယ်။ 🙂 🙂 :0
Yin Nyine Nway
July 8, 2011 at 8:27 pm
အပေးအယူမျှမှလို့ ထင်ပါတယ်
ပေးချေးချေးပေးနေလို့လည်း မကောင်းသလို ယူချေးချေး ယူလို့လဲ မကောင်းပြန်ဘူး
ပေးပဲ ပေးနေတော့ ပေးနေတာကို ကျေးဇူးမသိတက်သလို
ယူပဲ ယူနေရတော့ တခုခုလုပ်ရင် သူ့မျက်နှာပါကြည့်နေရရော
forever
July 8, 2011 at 8:39 pm
တချို.က အမြဲကုန်းဆင်းတတ်တယ်
အဲလိုလူမျိုးနဲ.တိုးရင်ရော
ဆူး
July 8, 2011 at 8:42 pm
မင်းမင်း လို သူငယ်ချင်းမျိုး မရှိသေးတာ အမှန်ပဲ..
ကိုပေါက်(မန္တလေး)
July 8, 2011 at 9:30 pm
ဒါဆိုရင် အမေရိကန်သူငယ်ချင်းတွေနဲ့ဘဲတွေ့နေတယ်ထင်ပါရဲ့နော်။
တညင်သား
July 8, 2011 at 9:56 pm
ပိုက်ဆံ လဲ ရှိမဲ့ပုံပေါ်တယ် ဒါပေမဲ့ ဒီလို လူမျိုးတွေက ဘိုးစဉ်ဘောင်ဆက် ပိုက်ဆံရှိလာခဲ့တဲ့သူတွေမဖြစ်နိင်ဘူး….လူတဖတ်သားကို အောက်ကျ မခံချင်တဲ့ အတ္တကြီးတဲ့သူဖြစ်မယ် ..ဘယ်လောက်မိတ်ဆွေကောင်းပီသလဲ ကိုယ်တိုင်မသိပေမဲ့ ..တညင်သားတို့ကတော့ အဲဒီလိုလူကို ရှောင်တယ်….
naywoonni
July 8, 2011 at 10:05 pm
မဝေရေ…။ ဒီပို့စ်လေးကို ဖတ်နေရင်း အဆိုတော် ခိုင်ထူးရဲ့ သီချင်းတစ်ပုဒ် အမှတ်ရသွားတယ်..။ သီချင်း နာမယ်က ” လိုရင် အကုန်လုံးယူ” တဲ့…။
မိုက်ကယ်ဂျော်နီအောင်ပု
July 8, 2011 at 10:11 pm
တောက်……….
တွေ့ဂျင်ဇမ်းဘာဘိဒေါ့
ဒီလိုဘော်ဒါမျိုး
အရက်ဆိုင်မှာ
chitpyae
July 9, 2011 at 7:20 am
ဟုတ်တယ် အဲလို သူငယ်ချင်းလည်း ရှိတယ်။ သူငယ်ချင်းတွေ မုန့်သွားစားလည်း သူပဲရှင်းတယ်။ ဘာမှ မပြောဘူး ။ ကိုယ်ကကျွေးချင်ရင် ကြိုပြောထားရသေးတယ် ငါ ရှင်းမှာနော် လို့ ။ အဲလို ဆိုလည်း သူက ရတယ် အေးဆေးပါပဲ။ များသောအားဖြင့် တော့ သူကပဲ ကျွေးတတ်တယ် ။ တချို့သူငယ်ချင်းတွေကျတော့လည်း ကိုယ်က ချည်းပဲကျွေးခဲ့ရတာတွေ ရှိတယ် ။ လူအမျိုးမျိုး စိတ်အထွေ ထွေပါပဲ ။ တယောက်နဲ့တယောက် အကျင့်တွေ စရိုက်တွေက မတူကြဘူးလေ … ။
bigcat
July 9, 2011 at 9:19 am
ကျနော့်မှာလည်း အထက်တန်းကျောင်းသားဘဝတုန်းက တရုတ်ကြီးလို့ခေါ်တဲ့ သူငယ်ချင်း တယောက်ရှိတယ်။ သူကကိုယ့်တွေထက်အသက်ကြီးတယ်၊ စီးပွားရေးသမားမိသားစုက ပေါက်ဖွားလာတော့ ငွေလည်းရွှင်တယ်။ ကျောင်းသားပေမယ့် သူက အလုပ်တပိုင်းလုပ်နေပြီ။ ဘာစားစား သူပဲဒိုင်ခံရှင်းတယ်၊ မင်းမင်းနဲ့တူတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့အထဲမှာ ဝေဝေတယောက်မှ မပါဘူး။ တခါတလေ ဖဲအတူရိုက်လို့ရှုံးရင်တောင် သူလက်ထိပ်အိမ်ကနေ ဖဲတွေသတ်လို့ရှုံးတယ်ဆိုပြီး အပြစ်ပြောမိသေးတယ်။ ဘယ်သူက လူလိမ္မာလည်း လူမိုက်လည်း အခုထိ ဇဝေဇဝါဖြစ်နေဆဲပါ… 😀
weiwei
July 9, 2011 at 1:42 pm
ဝေဝေတစ်ယောက် စိတ်ဆိုးရတာ အကြောင်းရှိတယ် ..
အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ တစ်လဝင်ငွေကိုတွက်ကြည့်ရင် ဝေဝေက မင်းမင်းထက် ဝင်ငွေလဲပိုကောင်းတယ် … အသက်လဲ နဲနဲပိုကြီးလို့ …
Big Defender
July 10, 2011 at 7:53 pm
ပေးတဲ့သူကလည်းပေးတယ်
ဒါပေမယ် ယူထိုက်တဲ့သူဖြစ်မှရမှာပေါ့
padonmar
July 11, 2011 at 11:33 pm
ကိုယ်ကပေးတဲ့နေရာမှာနေရတာ အကောင်းဆုံးပါ။စုန်ရေပေါ့။
ဒါပေမယ့် တစ်ခါတလေ ဆန်ရေလေးစီးလာရင်လည်း မငြင်းသင့်ပါဘူး။