ပေါချောင်ကောင်းလေးတော့ လေးပေါ့
ဖျတ်ဖျတ်လူးနေသော သူ့ကို ဟိုကောင်ကကြည့်ရင်း မျက်စိနောက်နေလောက်ပြီ။ဒီနေ့တော့ သူက မဒီကညာကိုတွေ့ဖို့အရေး ပြင်ဆင်နေရတာနဲ့တင်ကို အလုပ်က ခပ်ရှုပ်ရှုပ်။ မဒီကညာကလည်း ဒီတစ်ခေါက်အပြန် လာတွေ့ပါ ။ အဆင်ပြေရင် တင်တောင်းလိုက်ပါလို့ပြောထားတော့ သူကလဲ ဘာအရေးလဲ။ မင်္ဂလာဆောင်တယ်ဆိုတာ ယောကျာ်းတွေအတွက်တော့ ရင်ခုန်လှုပ်ရှားဖွယ် ပွဲကလေးတစ်ပွဲလေ။ သူ့မှာတော့ ဟိုးမိုင်တစ်ထောင်လောက်ဝေးတဲ့နေရာကနေ အပြေးအလွှား အရောက်လာခဲ့ရတာ။ သူ့ဘက်က ဘိုင်သေ သေချာနေပြီလို့ဆိုလို့ရပေမယ့် မိန်းမဆိုတာကလဲ တော်တော်ကြာ တစ်မျိုး ၊ခုတစ်မျိုးဖြစ်တတ်သေးတာကလား။
သူကတော့ အစစအရာရာပြင်ဆင်ထားတယ်။ လက်ဆောင်ပစ္စည်းသေးသေးမွှားမွှားမှစလို့ ကြီးကြီးမားမားထိ။ ဟိုနေကတောင် Asia Lightထဲကိုရောက်တော့ မျက်စိကို ဟိုဟိုဒီဒီကစားရင်း တွေ့လို့ဝယ်လာဖြစ်သေးတယ်။ လက်ထဲက ပါလာတဲ့ သေးသေးမွှားမွှား ကညတတ ပစ္စည်းကလေးက ဘာပါလိမ့်လို့မေးလိမ့်မယ်။ နာရီဗျ…။ နာရီ…။
အဲဒီနာရီဝယ်တဲ့နေ့ကိုပြောပြရဦးမယ်။ ယောင်တောင်မောင်တောင်နဲ့ ညဘက်ကြီးရောက်သွားတာ။ သူကလည်းအစကတော့ ဘောလ်ပန်လှလှလေးကလေးကိုပေးမလို့ပါ။ ဘာဖြစ်လို့။ဟုတ်လား။ဒီလိုလေ ခင်ဗျားကလဲ။ ကောင်မလေးက ဆရာမဗျ။ ဒီလိုဆိုတော့ ဘောလ်ပန်လေးပေးရင်အဆင်ပြေတယ်ပေါ့။ စာရေးကိရိယာတွေထားတဲ့ကောင်တာမှာ ရှာတာပေါ့။ ရှာရင်းရှာရင်းနဲ့ လူကလည်းရှင်းဆိုတော့ သူက လေကလေးကို ဘူခနဲ့လည်လိုက် ဘောလ်ပန်လေးတွေကို ရွေးလိုက်လုပ်နေတာ။ ခဏကြာတော့ သူ့သူငယ်ချင်းတစ်ယောက်က
” ဘာတွေရွေးနေတာလဲ ”
ဆိုမှ သူလှည့်ကြည့်လိုက်တော့..သူ့မျက်နှာကိုနီမြန်းသွားတာပဲ။ဘာဖြစ်လို့လဲ။ဟုတ်လား။ဘာဖြစ်ရမှာလဲဗျ။ နောက်မှ အရောင်းဝန်ထမ်းကောင်မလေးတစ်ယောက်က ခုံပုလေးနဲ့ ချောင်မှာ စာအုပ်တွေစီနေတာလေ။ သူကမသိပဲ လေကိုကောင်းကောင်းလည်နေတာ။ ရှက်လား။ ရှက်တာပေါ့ဗျာ။ ခင်ဗျားတို့ရော ကြုံဖူးလား။ ဘယ်ကြုံဖူးမလဲဗျာ။ ကြူံဖူးရင်လည်း တစ်ချိုးတည်းလစ်ပြေးမယ်လူတွေပဲ။ သူလည်းလစ်ပြေးတာပေါ့။ ဘယ်နေမလဲ။
နောက် နာရီလေးတွေကိုတွေ့တော့ သူကောက်ကိုင်လိုက်တယ်။ လှကလည်းလှ ကြွကြွကလည်းကြွဆိုတော့ ကိုင်ပြီး ဈေးနှုန်းကိုကြည့်တော့ ပျော်သွားတယ်။ဟ ပျော်တာပေါ့ ကိုယ့်လူရ။ဈေးနှုန်းကိုလည်းကြည့်ဦးလေ။၉၅ဝ တဲ့။ သူလည်း ပျော်ပျော်နဲ့ သူ့သူငယ်ချင်းကို လှမ်းပြောလိုက်တယ်။
“ဟာဟေ့ကောင် ၉၅ဝတဲ့ကွ လှတယ်နော် လက်ဆောင်ပေးလို့လည်း လှမှာကွ”သူအော်လိုက်တာ အကျယ်ကြီးဆိုမှ အကျုယ်ကြီးပါ။အဲဒီတော့ ဘာဖြစ်လဲဟုတ်လား။ ဟ အရောင်းဝန်ထမ်းကောင်မလေးက ရယ်လိုက်တာ တအားပဲဗျ။သူလည်းအော်အော်ပြီးချင်း ရှက်လိုက်တာလေ။ မယူုခဲ့ဘူးလား။ ယူခဲ့တာပေါ့ဗျ။ ဘယ်လောက်လှထားလဲ ခင်ဗျားကိုပြမယ်။ သူ့ သူငယ်ချင်းကတော့ အဲဒီလိုအော်လို့ ရှက်နေတာ။ ဟုတ်တယ်လေ ဆိုင်ထဲမှာက လူတွေများနေပြီကိုး။ သူကနာရီလေးကိုကိုင်ကြည့်ရင်း ရင်ကလည်းခုန်ရသေးတာ။
ကောင်မလေးအတွက် ဘာလိုလိုနဲ့လက်ဆောင်ပစ္စည်းကလေးစုရင်း များလာပြီ။ ဘယ်လောက်ဖိုးလောက်ရှိပြီလဲ ။ဟုတ်လား။ သိပ်တော့မများသေးပါဘူးဗျာ။ စေတနာကအဓိကမလား။တန်ဖိုးကအဓိကမကျပါဘူး။ဟုတ်တယ်မလား။ ဘာတွေဝယ်ထားတာလဲလို့ ခင်ဗျားမေးတာလား။ ဝယ်ထားတာပေါ့။ မြစ်ကြီးနားကနေ ကချင်လုံချည်တွေဝယ်တယ်။ ဘယ်လောက်လဲဟုတ်လား။ သောင်းကျော်လေးပါဗျာ။ ဟိုနေက ပဲခူးကနေပြန်တော့ ဟင်္သာမောင်နှံ ဘောလ်ပန်ထည့်ခွက်ကလေးဝယ်လာတယ်။ ဘယ်လောက်မှမရှိဘူး။ ကြည့်လိုက်ရင်တော့ အဖိုးတန်တဲ့ပုံပါ။ နောက်တော့လား။ ရွှေချည်ထိုးတစ်ပုံ။ အဲဒါလည်းမရှိပါဘူးဗျ။ နောက်ကတော့ သေးသေးတွေ ကြီးကြီးတွေများတယ်။ ပြောပြရင် ခင်ဗျား နားထောင်ရင်းရူးလိမ့်မယ်။
သူကပြောမယ့်တာပြောနေရတာ။ ခုထိမတွေ့ရသေးလို့ ရူးချင်သလိုလိုဖြစ်နေတာ။ ခုမှရူးချင်တာပါဗျာ။ အရင်ကဟာတွေလား။ ခေါက်ထားလိုက်ပါ့။ ခုမှ အချစ်စစ်ကိုတွေ့တာဗျ။ဒီမယ် တိုးတိုးလေးပြောမယ်။ ဟောဒီရင်ဘတ်ထဲမှာ ဘယ်လောက်သေချာသလဲလို့မေးရင် ကောင်မလေးနဲ့ ကလေးတွေတောင်မွေးပြီးနေပြီ။ အဲဒီလောက်ထိသေချာတာ။ အရင်ကဟာတွေကိုလည်း ဒီလိုပြောတယ်လို့ ခင်ဗျားပြောမယ်မလား။ မတူဘူး။ နိုး နိုး မတူ။ ဟိုဟာတွေနဲ့ဆိုရင် ဖွဲနဲ့ဆန်ကွဲဗျ။ အရင်ကတော့ ဓါတ်တိုင်ထဘီပတ်လည်းကြိုက်တယ်ဆိုတာက အလကား။ ဟိုရွာထဲက ကရင်မလေးလား။ ဟာ မကြိုက်ရပေါင်ဗျာ။ အဲဒီကောင်မလေးက ဒါဗျ။ ငွေမြင်မှ အသေခင်တာ။ရှူးတစ်ပြားမရှိတဲ့သူ့ကို ဘယ်ကြိုက်မလဲ။ ဒီကြားထဲလား မတွေ့ပေါင်ဗျာ။ခုတွေ့တယ်လေ။ ဆရာမလေး။
ကောင်မလေးအကြောင်းလား။ပြောပြရမှာလား။ ပြောပြရင်နားထောင်မှာပေါ့နော်။ကောင်မလေးနဲ့တွေ့တာလဲ ၉၅ဝ နာရီလေးလို့ပဲ အဲဒီနေ့ သိပ်လှနေတာ။ ဘာမှမဆိုင်ဘူး။ ဆိုင်တာပေါ့။ နာရီနဲ့ကောင်မလေး။ဆိုင်ပါသကောဗျာ။
နာရီလိုပဲ ။ကောင်မလေးက လက်တံရွေ့သွားသလိုမျိုးကို စောင်းစောင်းကန်းကန်းလှတာ။ ခပ်ဝိုင်းဝိုင်းကလေး။ဘာဗျ..။ မျက်နှာကိုပြောနေတာ။ တစ်ခြားနာရီတွေ သူ့ဟာသူ လေးထောင့်ဖြစ်ဖြစ်။ ဆဌဂံဖြစ်ဖြစ်ပေါ့။ကောင်မလေးမျက်နှာက ခြောက်ထောင့်ဖြစ်စရာလား။ဒေါသ။ဟုတ်လား။ ထွက်တာပေါ့ဗျ…။သူ့ကောင်မလေး ဘယ်လောက်လှထားလဲဆိုတာ ဓါတ်ပုံပြလိုက်ချင်တယ်။ မရှိလို့။ ဟုတ်တယ်….။မရှိဘူး။
ဒါဆိုမယုံဘူးပေါ့။ ဓါတ်ပုံမရှိတာနဲ့ အလကားလျှောက်ကြွားနေတယ်လို့ ခင်ဗျားထင်နေတယ်မလား။ ရင်ဘတ်ကြီးပဲလိုတယ်။ ဟုတ်တယ်လေ။ ကောင်မလေးမှီခဲ့တဲ့ ဟောဒီရင်အုံကို ခုထိ ရေမဆေးဘူး။ ဘာ။ ရေမချိုးဘူးထင်တယ်။ဟုတ်စ..။ ချိုးတာပေါ့။ချိုးရင် ရင်အုံကို ပလပ်စတစ်ကာပြီးချိုးတာ။ဘယ်လိုချိုးလဲ ခင်ဗျားမမေးနဲ့။ ပက်လက်လန်ပြီးချိုးတာ။ကဲ ဘယ်နှယ့်ရှိစ။
အမှတ်တရတွေဟုတ်လား။ရှိတာပေါ့။သမီးရည်းစားပဲ ။အမှတ်တရမရှိရင် ဘာလုပ်မှာလဲ။ ကောင်မလေးလားမတွေ့ဘူးလေ။ အဲဒီကိစ္စလာတာပါဆိုဗျာ။ ဘာလို့မတွေ့သေးတာလဲ။ ဖုန်းနံပါတ်မရှိလို့။ဘယ်ရှိမလဲဗျ။ကောင်မလေးက အစ်မကြောက်ရတာကိုးမပေးဘူး။ချစ်ရင်ရှာပြီးလာခဲ့တဲ့။ဟုတ်တယ်။အဲဒါစားတာပေါ့။ခုလား ဖုန်းဆက်တုန်း။
ဟိုကောင်ပြောတယ်။ဘာလဲ။ဘာဗျ..။ဒီကောင်အဲလိုပြောလား။ မဟုတ်ဘူးလားဆို ဟုတ်တော့ဟုတ်တယ်ဗျ။သူခု ဉာဏ်လင်းအောင်ရဲ့ သူငယ်ချင်းသီချင်းကိုကြိုက်တယ်။ ညညလား။ဖွင့်တာပေါ့ ထပ်ခါထပ်ခါကိုဖွင့်တာ။ အမြင်ကပ်မှာပေါ့ ဖွင့်ပြီး အိပ်မိတာကိုး။ ညညလား ဟုတ်တယ်ပြောတယ်။ လွမ်းတာပေါ့။ ခင်ဗျားရော ဘယ်လိုခံစားရလဲ။ မခံစားဖူးဘူးမလား။ ခံစားဖူးရင်သိလိမ့်မယ်။ တွေ့မှာပေါ့……..မတွေ့ရင်လား လက်ဆောင်တွေလား။သိမ်းထားမှာ။ ဘာဖြစ်လို့လဲ။မေးပြန်ပြီ ဒီမေးခွန်းကို။ ချစ်တာပေါ့။ အူတွေ လိမ်ခွေသွားအောင်ချစ်တာ။
ဟောဗျာ။မွေးနေ့ဟုတ်လား။အဲဒါမှ ဒုက္ခဗျ…..။
ဆက်ရန်
သော်ဇင်(လွိုင်ကော်)
21th-July-2011
6 comments
pan pan
July 21, 2011 at 11:55 am
ဝတ္ထုထဲ ဒလိမ့်ကောက်ကွေးပါသွားပြီး ခုတော့ တစ်ဆို့ကြီးဖြစ်နေပါသည်
ဆက်ရန်မြန်မြန်လာပါ…
😀
manawphyulay
July 21, 2011 at 12:29 pm
ကြည့်ရတာ သော်ဇင် လွိုင်ကော်က Ruby Mark ရောက်ခဲ့တယ်ထင်တယ်… 😛
hmee
July 21, 2011 at 1:51 pm
စာဖတ်သူကို ဆန့်ငင်ဆန့်ငင် ဖြစ်အောင်လုပ်ခဲ့ပြီ။
နွယ်ပင်
July 21, 2011 at 1:58 pm
အမလေး တော်လိုက်တာကြနော် ဖတ်ကောင်းပြီဆို ဖြတ်ဖို့တောက်ဖို့က ကျွမ်းကျင်ကျပါပေတယ် …
Yan Shin
July 21, 2011 at 3:14 pm
ဘာ ဆန့်ငင်ဆန့်ငင်ဖြစ်အောင်လုပ်တယ်ဟုတ်လား။ ဆက်ရေးမှာပါဗျ။
အော် ခုဆက်ရေးတော့ဘာဖြစ်မလဲဟုတ်လား။
ခံစားဘူးရင်သိမှာပါ။
ဘာဖြစ်လို့လဲ မေးပြန်ပြီ။
သိပ်ရှည်သွားရင် စာဖတ်သူကဖတ်ခြင်တော့ဘူးဗျ။
ဒါကြောင့်ပါ။
မောင်သော်ဖင် တောင်းပန်ပါတယ်။
ကိုယ့်ကို ဒီအတိုင်းကြီးတော့ မထားခဲ့ပါနဲ့။
……… go on
meelay
July 21, 2011 at 3:24 pm
ကိုသော်ဇင်တို့ကတော့ လုပ်ပြီ … ရှေ့က အခန်းတွေ မေ့လောက်ပြီဆိုမှ ပေါ်ပေါ်လာတယ် … 🙂