စံထူးနှင့် ဖိုးသူတော်
နာမည်က စံထူး … ။
စံထူးဆိုလျှင် ရွာထဲမှာမက ရွာနီးချုပ်စပ်ကပါ မသိသူမရှိ။ ကလေးကအစ ခွေးအဆုံး အကုန်လုံး သိသည်။ သတ္တိကောင်းတဲ့ နေရာမှာ နှစ်ယောက် မရှိသလို၊ အရက်သောက်တဲ့ နေရာမှာလည်း စံပြဖြစ်သည်။ ဒါပေမယ့် အရက် တစ်ခွက်၊ နှစ်ယောက်လောက် အာခေါင်စွတ်ရုံနဲ့ တစ်ရွာလုံးကို မိုက်ကြေးခွဲတတ်တဲ့ အရက်သမား အညံ့စားတွေထဲမှာ စံထူး မပါ။ သူက လိုအပ်မှ ရမ်းတတ်သည်။ သို့မဟုတ်လျှင်တော့ စံထူး မူးပြီး မှောက်နေရင်တောင် အဲဒီ မှောက်တဲ့ နေရာမှာပဲ အိပ်မည်။ အော်ကြီးဟစ်ကျယ် မလုပ်။ ဒါသည် စံထူး၏ ထူးခြားချက်ပင်။
သူ၏ သောက်ဖော် သောက်ဖက်က အောင်ဋ္ဌေး။ သူကလည်း ခေသူမဟုတ်။ သူတို့ နှစ်ယောက်က ကိုယ့်ရွာမှာ ကြက်ဖ ဖြစ်သလို သူများ ရွာများလည်း ကြက်ဖ များပင် ဖြစ်သည်။ ရွာမှာ သူတို့နှစ်ယောက် မထင်ရှားခင်က တစ်ဖက် ချောင်းကုန်း ရွာက လူမိုက် ကျော်ကြီးက တစ်ခါတစ်ခါ ရွာကို လာပြီး မိုက်ကြေးခွဲတတ်သည်။ အဲဒီလို အခါမျိုးမှာ ရွာထဲက မိုက်လှပါပြီဆိုတဲ့ အရက်သမား ခပ်ညံ့ညံ့ကောင် မိုးစံ တစ်ယောက် ဘယ်ပျောက်နေမှန်းကို မသိဘူး။ ကျော်ကြီး ဆိုတဲ့ကောင်က ခန္ဓာကိုယ်က ကျွဲပေါက်လောက် ရှိတော့ လူမိုက် မိုးစံ ချောင်ကပ် နေရသည် ထင်၏။
မြို့မှာ အလုပ်သွားလုပ်နေတဲ့ စံထူး ရွာကို ပြန်လာပြီး မကြာခင်မှာ ကျော်ကြီးက ရွာကို လာပြီး မိုက်ကြေးခွဲတာနဲ့ ကြုံပါလေရော။ ကျော်ကြီး မိုက်ကြေးခွဲတာက ကြက်ဝိုင်းမှာ ခွဲတာ။ သူက ရှုံးနေမှန်း သိရက်နဲ့ ညစ်တယ်။ ပြီးတော့ ပါလာတဲ့ ဓားကို ဆွဲထုတ်ပြီး ” ဟေ့ ကျော်ကြီးတဲ့ကွ၊ ကိုကြီးကျော်တောင် အဖေခေါ်ရတဲ့ကောင်၊ မိုက်တဲ့ကောင် ထွက်ခဲ့ ” လို့ စိန်ခေါ်သည်။
ဒီနေရာမှာ ကျော်ကြီးက ဘာကြောင့် ကိုကြီးကျော် နတ်ကတောင် အဖေခေါ်ရတဲ့ ကောင်လို့ ပြောရသလဲဆိုရင် – သူတို့ ချောင်းကုန်းရွာမှာ နတ်ပွဲ ကတုန်းက နတ်ကတော်တွေက ကိုကြီးကျော် ကနေတဲ့အခိုက် ကျော်ကြီးက မူးမူးနဲ့ ရောက်လာပြီး နတ်ပွဲထဲဝင်၊ နတ်ကတော်ဆီက အရက်ပုလင်းနဲ့ ကြက်ကြော်ကို လုယူပြီးစားသည်။ ပြီးတော့ အဲဒီ ကိုကြီးကျော် နတ်ကတော်ကို ပါးတွေ နားတွေတောင် ပိတ်ရိုက်လိုက်သေး။ အဲဒီမှာ ကြောက်ကြောက် လန့်လန့် ဖြစ်သွားတဲ့ ကိုကြီးကျော် နတ်ကတော်က ” ဟောဒီမှာ … ကိုကြီးကျော်ရဲ့ အဖေ ကိုကြီးကျော်ကြီး ရောက်လာပြီနော် ၊ ဝိုင်းပြီး ပူဇော်ကြ ” လို့ နတ်သံနှောပြီး ပြောပါလေရော။ အဲဒီကတည်းကစပြီး ကျော်ကြီးက ဒီစကားလုံးကို စွဲစွဲမြဲမြဲ သုံးတော့တာပဲ။ နတ်ကတော်တွေကလည်း ချောင်းကုန်းရွာကို မရောက်ခင် ကတည်းက လူမိုက် ကျော်ကြီး အကြောင်းကို ကြားပြီးသား။
စောစောက အကြောင်းကို ပြန်ဆက်လိုက်ရအောင်။ ကျော်ကြီးက အဲဒီလိုလဲ ဓားထုတ်ပြီး စိန်ခေါ်လိုက်ရော ရွာသားတွေ တုပ်တုပ်မှ မလှုပ်။ ဒါပေမယ့် တစ်ယောက်ကတော့ လှုပ်လာတယ်။ သူက … စံထူး ။
“ဟေ့ကောင် ကျော်ကြီး၊ မင်းဟာက လူပါးဝလှချေလား၊ သူများ ရွာကိုလဲ လာသေး၊ ပါးကိုလည်း ရိုက်ချင်သေး ဆိုသလို ဖြစ်နေပြီ”
စံထူးက အဲဒီလိုလဲ ပြောလိုက်ရော လူမိုက် ကျော်ကြီး ရှုးရှုးရှားရှား ဖြစ်သွားတယ်။ ဟုတ်တယ်လေ။ အရင်ကဆို ကျော်ကြီး စိန်ခေါ်လိုက်ပြီဆိုရင် အကုန်လုံး ငြိမ်နေကြတာချည်းပဲ။ ပြီးတော့ ကျော်ကြီး ကျေနပ်တဲ့ အပြုံးတွေနဲ့ ချောင်းကုန်းရွာကို ပြန်နေကျ။ အခုမှ ဘယ်ကမှန်း မသိတဲ့ကောင်က ပြန်ပြောနေတော့ ကျော်ကြီး ဒေါသ ဖြစ်ရပြီပေါ့။ ကျော်ကြီး တစ်ယောက် သူ့ရဲ့ ဓားကို တင်းတင်းဆုပ်ပြီး စံထူးနားကို ကပ်လာတယ်။
” ဟေ့ကောင် မင်းက ဘယ်သူလဲ၊ ကျော်ကြီး အကြောင်းကို မင်း မကြားဖူးဘူးနဲ့ တူတယ် ”
” ဟ ကျော်ကြီးရ၊ မင်းအကြောင်း မကြားဖူးပဲ နေမလား၊ မင်း ငယ်ငယ်က ငါ့ ဟိုဒင်းကိုတောင် လျှက်ဖူးသေးတယ် ”
စံထူးက ကျော်ကြီး မကြိုက်အောင် တမင် ပြောလိုက်ခြင်း ဖြစ်လေသည်။ ထိုစကားကြောင့် လူမိုက် ကျော်ကြီးမှာမူ ဒေါသများ ပေါက်ကွဲ သွားသည့်နည်းတူ စံထူး၏ လက်ဝဲရင်အုံဆီသို့ ဓားမြှောင်ဖြင့် ထိုးချလိုက်လေသည်။
ဘေးနားက ရပ်ကြည့်နေသူများမှာ ဟာခနဲ ဖြစ်သွားကြလေသည်။ သို့ရာတွင် အားခနဲ ဟူသော မြည်သံ ထွက်ပေါ်မလာဘဲ၊ အွတ်ခနဲ မြည်သံသာ လူမိုက် ကျော်ကြီးဆီမှ ထွက်ပေါ်လာသည်။ ဖြစ်ပုံမှာ – ဓားဖြင့် ထိုးလိုက်သည့် ကျော်ကြီး၏ လက်ကို စံထူးမှ ၎င်း၏ လက်ယာ လက်ဖျံစောင်းဖြင့် တားဆီးရင်း ကိုယ်ကို တစ်ပတ်လှည့်ကာ လက်ဝဲ တံတောင်ဖြင့် ကျော်ကြီး၏ လက်ဝဲရင်အုံကို တွတ်လိုက်သောကြောင့် ဖြစ်လေသည်။
ကာခြင်းနှင့် ခုတ်ခြင်းကို တစ်ပြိုင်နက် အသုံးပြုလိုက်သည့် စံထူး၏ လက်ယာ လက်ဖျံကြောင့်ကျော်ကြီး၏ ဓားမှာ လွတ်ကျ သွားသကဲ့သို့ တံတောင် အရှိန်ကြောင့် ငိုက်ကျလာသည့် ကျော်ကြီး၏ ခေါင်းကို စံထူးမှ လက်ဝဲလက်ဖြင့် ညှစ်ထားလိုက်လေသည်။
“ဟေ့ကောင် ကျော်ကြီး၊ စံထူးကို ဘာထင်သလဲကွ၊ မင်းခြောက်တိုင်း ကြောက်တတ်တဲ့ လူစားထဲမှာ စံထူး မပါဘူးဆိုတာ မင်း မြဲမြဲမှတ်ထား”
ဤသို့ စံထူးမှ ပြောဆိုရင်း ကိုယ်ကို တစ်ပတ် ပြန်လှည့်ကာ ကျော်ကြီး၏ မျက်နှာအား ဒူးဖြင့် ပေးစား လိုက်လေသည်။ လူမိုက် ကျော်ကြီး မှောက်သွားလေပြီ။ စံထူးမှာ ကျော်ကြီး၏ ခန္ဓာကိုယ်လောက် မကြီးပေ၊ သို့ရာတွင် ယောက်ျားပီသသော ကိုယ်လုံး ကိုယ်ပေါက် ရှိသည်။ သိုင်းပညာကိုလည်း လေ့လာ လိုက်စားဖူးသဖြင့် ဗလ အားကိုး၊ ဓားအားကိုးဖြင့် မိုက်နေသော ဗာလ ကျော်ကြီးမှာ စံထူးအား အရှုံးပေးလိုက်ရခြင်း ဖြစ်လေသည်။
ထိုနေ့ ထိုအချိန်မှစ၍ ချောင်းကုန်းရွာမှ လူမိုက် ကျော်ကြီးမှာ မိုက်ကြေးလာ၍ မခွဲဝံ့တော့ချေ။ စံထူး ကွယ်ရာတွင် “ခွေးမသား စံထူး၊ တွေ့ရင်တော့ နုတ်နုတ်ကို စင်းပစ်မယ်” ဟူ၍ ကြုံးဝါးတတ်သော်လည်း တကယ့်လက်တွေ့ စံထူးနှင့် တွေ့သောအခါ မခုတ်တတ်သည့် ကြောင်ကဲ့သို့ “ကိုစံထူး နေကောင်းလား” ဟူ၍သာ မျက်နှာချိုဖြင့် ပြောဆိုတတ်လေသည်။
စံထူး၏ နာမည်မှာလည်း ကျော်ကြီးအား အနိုင်ယူပြီး ကတည်းက ရွာတွင်သာမက ရွာနီးချုပ်စပ်များသို့ပါ တဟုန်ထိုး ကျော်ကြားသွားခဲ့လေသည်။
x x x x x x x x x
စံထူးမှာ အသက် (၁၅) နှစ်ခန့်မှစ၍ မြို့သို့ သွားရောက်ကာ အလုပ်လုပ်ကိုင် ခဲ့လေသည်။ တစ်ခါတစ်ရံ ရွာသို့ အလည်အပတ် ပြန်လာတတ်သော်လည်း ကျော်ကြီးနှင့် ထိပ်တိုက် တွေ့ခြင်း မရှိခဲ့ချေ။ စံထူးမှာ မြို့သို့ သွားရောက် အလုပ်လုပ်လိုက်၊ တစ်နှစ်လျှင် ရွာသို့ တစ်ပတ် ဆယ်ရက်ခန့် ပြန်လာလိုက်ဖြင့် နေခဲ့ရာ ယခုမူ စံထူး၏ အသက်မှာ (၂၅) နှစ်ခန့်သို့ ဝင်ရောက် လာခဲ့လေသည်။
စံထူးတစ်ယောက် ယခုအခေါက် ရွာသို့ ပြန်လာခြင်းမှာ ဖခင် ဆုံးပါးသွား၍ အိမ်၏ လုပ်ငန်းများအား ဦးစီး လုပ်ကိုင်ရန် အပြီး ပြန်လာခဲ့ခြင်း ဖြစ်လေသည်။ စံထူး အရက် သောက်သည်၊ မူးသည်။ သို့ပေမယ့် အချိန်ပြည့် သောက်သည်၊ မူးသည် မဟုတ်ပေ။ အလုပ်များ ပြီးသောအခါတွင်မှ သောက်ခြင်း ဖြစ်သည်။ ထို့ထက် ထူးခြားသည်မှာ ဥပုသ်နေ့များတွင် စံထူး အရက် မသောက်တတ်ခြင်းပင် ဖြစ်သည်။
စံထူးသည် ဖဲရိုက်ခြင်း၊ ကြက်တိုက်ခြင်းကိုလည်း ဝါသနာ ပါလေသည်။ သို့ရာတွင် မိခင်မှ ပေးလိုက်သော ငွေနှင့်သာ ဖဲရိုက်၊ ကြက်တိုက် တတ်သည်။ ထို့ထက်ပို၍ကား စံထူး မသုံး။ ရှုံးလျှင်လည်း ထိုငွေသာ ရှုံးသည်။ နိုင်လျှင်လည်း အရင်းရော၊ နိုင်သည့်ငွေကိုပါ အရက်သောက်ပစ်သည်။ ဤသည်မှာ စံထူး၏ စရိုက်တစ်ခုပင်။
အောင်ဋ္ဌေးမှာ စံထူးနှင့် ငယ်သူငယ်ချင်း ဖြစ်လေသည်။ စံထူး ရွာကို ပြန်ရောက်သည် မှစ၍ အောင်ဋ္ဌေးနှင့် စံထူးမှာ တတွဲတွဲ ရှိလေသည်။ တစ်ခါတစ်ရံ ၎င်းတို့နှစ်ယောက် ပေါင်း၍ ရွာနီးချုပ်စပ်များသို့ သွားရောက်ကာ ဖဲရိုက် ကြသည်။ ကြက်တိုက်ကြသည်။ ထိုသို့ အခြားရွာများသို့ သွား၍ ပြန်လာတိုင်း ၎င်းတို့ နှစ်ယောက်စလုံးမှာ တစ်ယောက်ကို တစ်ယောက် အမှီပြုကာ ဒယိုင်းဒယိုင် ခြေလှမ်းများဖြင့်သာ ပြန်လာတတ်မြဲ ဖြစ်လေသည်။
x x x x x x x x x
စံထူး ရွာသို့ ပြန်ရောက်ပြီး သုံးနှစ်ခန့်အကြာတွင် အောင်ဋ္ဌေးမှာ မြွေကိုက်ခံရ၍ သေဆုံး သွားခဲ့သည်။ အောင်ဋ္ဌေး မြွေကိုက်ခံရသည့် နေရာမှာ ၎င်းတို့ရွာနှင့် ဖိုလေးလုံးရွာ အကြားရှိ ကမ်းပါးနီ ကမ်းပါးတွင် ကိုက်ခံခဲ့ရခြင်း ဖြစ်လေသည်။ ဖိုလေးလုံး ရွာမှာ ၎င်းတို့ရွာ၏ တောင်ဘက် ၁ဝ မိုင်ခန့် ဝေးသော နေရာတွင် ရှိလေသည်။
ထိုသို့ အောင်ဋ္ဌေး သေဆုံးပြီး တစ်လအကြာတွင် ဖိုလေးလုံး ရွာမှ အောင်ပု ဆိုသူသည် စံထူးတို့ အိမ်သို့ ရောက်လာသည်။
“အကြီး စံထူး ရှိလား”
အောင်ပုက စံထူး၏ အမေဖြစ်သူ ဒေါ်အေးခင် အား မေးလိုက်ခြင်း ဖြစ်သည်။
“စံထူး ယာထဲကို သွားတယ်ကွဲ့၊ ခဏနေရင် ပြန်ရောက်တော့မှာ”
“ဟုတ်ကဲ့ အကြီး”
အောင်ပုမှာ စံထူးတို့အိမ်သို့ ကြုံတိုင်း ဝင်နေကျ ဖြစ်သဖြင့် စံထူးတို့ တစ်အိမ်သားလုံးနှင့် သိကျွမ်းနေပြီး ဖြစ်လေသည်။
“ဒါနဲ့ နေစမ်းပါဦး၊ မင်းက ဘာကိစ္စလဲ၊ ဟိုကိစ္စပဲ မဟုတ်လား”
ဒေါ်အေးခင်မှ အောင်ပု၏ အကြောင်း သိပြီး ဖြစ်သည့်အတိုင်း မျက်နှာထား ပြုံးပြုံးဖြင့် မေးလိုက်သည်။
“အဟဲ … အကြီးကလည်း ထုံးစံအတိုင်းပေါ့”
အောင်ပုမှာ ၎င်းတို့ ဖိုလေးလုံးရွာတွင် ဖဲဝိုင်း ရှိသဖြင့် စံထူးအား လာခေါ်ခြင်း ဖြစ်လေသည်။ ဤသည်ကို ဒေါ်အေးခင်က အောင်ပုကို မြင်လိုက်ရကတည်းက သိနှင့်နေပြီး ဖြစ်လေသည်။ ခဏအကြာတွင် စံထူး တစ်ယောက် ယာထဲမှ ပြန်ရောက်လာသည်။
“ဟာ … အောင်ပု ပါလား၊ ဘာလဲကွ ဝိုင်းရှိလို့လား”
“အေး … ဝိုင်းကောင်းလို့ မင်းကို လာခေါ်တာ၊ မင်း လိုက်မှာမဟုတ်လား”
“လိုက်မှာပေါ့ကွ၊ မင်းကလဲ ငါ ဘယ်နှခါ ငြင်းဖူးလို့လဲ”
ထိုသို့ ခပ်ပြုံးပြုံးဖြင့် ပြောရင်း စံထူးမှာ နွားနှစ်ကောင်ကို လှည်းမှ ဖြုတ်ပြီး အောင်ပု အနား လာထိုင်လေသည်။ ထို့နောက် အောင်ပုနှင့် ဖဲဝိုင်းအကြောင်း စကားပြောကြသည်။ ထိုအခိုက် ဒေါ်အေးခင်မှာ အနားသို့ ရောက်လာရာ စံထူးမှ –
“အမေ … ကျုပ် ဖိုလေးလုံးကို လိုက်သွားလိုက်ဦးမယ်”
“အေး .. အေး ၊ မင်း ထမင်း စားသွားဦးလေ၊ မင်း သူငယ်ချင်း အောင်ပုကိုလည်း ကျွေးလိုက်ဦး”
ထိုအခါ စံထူးမှ အောင်ပုဘက်သို့ လှည့်ပြီး –
“အောင်ပု ငါတို့ ထမင်း စားပြီးမှ သွားကြရအောင်ကွာ”
“ငါ မစားတော့ဘူးကွ၊ မင်းလည်း မစားနဲ့၊ ငါတို့ရွာ ရောက်မှ စားကြရအောင်၊ ဟိုမှာ မင်းလာမှာမို့လို့ ဟင်းကောင်း ချက်ထားတယ်ကွ”
“အေးကွာ၊ ဒါဆိုလည်း ဟိုရောက်မှပဲ စားကြတာပေါ့”
“အမေရေ … ကျုပ်တို့ ဟိုရောက်မှပဲ စားတော့မယ်၊ ကျုပ်ကို ပိုက်ဆံပေးလိုက်ဦး”
စံထူးနှင့် အောင်ပု ဖိုလေးလုံးရွာကိုရောက်တော့ နေ့ခင်း နှစ်နာရီလောက် ရှိနေပြီ။ ဖဲဝိုင်းကတော့ မစသေး။ ညနေ လေးနာရီလောက်မှ ဖဲဝိုင်း စဖြစ်သည်။ စံထူးမှာ အမေ ပေးလိုက်သော ပိုက်ဆံကို အရင်းတည်ပြီး ဖဲရိုက်နေခဲ့ရာ ညနေ ခြောက်နေရာပင် ကျော်ခဲ့ပြီ ဖြစ်သည်။ စံထူး နိုင်သည်ဟု ဆိုနိုင်သော်လည်း မဆိုစလောက်ပင်။ ထိုသို့ ညနေ စောင်းသောအခါ စံထူးက ဖဲဝိုင်းမှ ထ၍ အောင်ပုနှင့်အတူ အရက်ဆိုင်သို့ ချီတက်တော့သည်။
အရက်ဆိုင်သို့ ရောက်သောအခါ အောင်ပုနှင့် ရောက်တတ်ရာရာ ပြောဆိုရင်း ညပင် မှောင်ခဲ့ပြီ ဖြစ်သည်။ အောင်ပုလည်း ကောင်းနေပြီ ဖြစ်သကဲ့သို့ စံထူးလည်း ကောင်းနေပြီ။
“အောင်ပု ငါပြန်တော့မယ်ကွာ၊ တော်ကြာ အမေက စိတ်ပူနေဦးမယ်”
“အေး … အေး ၊ ငါကတော့ ထပ်ချလိုက်ဦးမယ်ကွာ”
“ဒါဆိုလည်း သွားပြီ ၊ တာ့ တာ”
စံထူးမှာ အောင်ပုအား အာလေး လျှာလေးဖြင့် နှုတ်ဆက်ရင်း ဆိုင်မှ ထ၍ ရွာဆီသို့ ပြန်လာခဲ့လေသည်။
x x x x x x x x x
ညက မှောင်နေသော်လည်း လက မစို့မပို့ သာနေသည်။ ထန်းတောလေး ရွာနှင့် ဖိုလေးလုံး ရွာအကြား လူသွားလေးတွင် လူတစ်ယောက် မှုန်ဖျဖျ လရောင်ကို အားပြုရင်း လျှောက်လှမ်းနေလေသည်။ သူ၏ ခြေလှမ်းများမှာ ပုံမှန်မဟုတ်။ အနည်းငယ် ယိုင်နေသည်။
ထိုလူသည် ဤသို့ လူခြေပြတ်သော ညအချိန်တွင် ရွာနှစ်ရွာအကြား ကူးသန်းနေရသည်ကို ကြောက်လန့်ခြင်း မရှိသည့် အပြင် သူ၏ ပါးစပ်မှလည်း တွေ့ရာ သီချင်းများကို အော်ဟစ် ဆိုနေလေသည်။ ရွာနှစ်ရွာ၏ အလယ်ဟု ခေါ်နိုင်သော ကမ်းပါးနီ ကမ်းပါးအနီးသို့ ရောက်သောအခါ နောက်ထပ် လူတစ်ယောက်သည် ယိုင်တိုင်တိုင် ခြေလှမ်းများဖြင့် လျှောက်လာသော ထိုလူဆီသို့ တန်းတန်းမတ်မတ် လာနေသည်ကို တွေ့ရလေသည်။
“ဟေ့ကောင် စံထူး”
စံထူးသည် အရက်အရှန်ကြောင့် မှေးစင်းနေသော ၎င်း၏ မျက်လုံးများကို အစွမ်းကုန် ပြူးရင်း အသံကြားရာသို့ သေချာကြည့်လိုက်လေသည်။
“ဟ အောင်ဋ္ဌေးပါလား၊ ငါတော့ အဖော်ရတာပဲကွာ”
အောင်ဋ္ဌေးမှာ လွန်ခဲ့သည့် တစ်လက သေဆုံးသွားခဲ့ခြင်းကို အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် အရက်မူးနေသော စံထူးမှာ အောင်ဋ္ဌေးကို သရဲမှန်း မသိ။ အောင်ဋ္ဌေး သေသွားခဲ့ခြင်းကိုလည်း အမှတ်ရခြင်း မရှိပါချေ။
“စံထူးရေ … ငါ တစ်ယောက်တည်း ပျင်းနေတာကွာ၊ မင်း ရောက်လာတာနဲ့ အတော်ပဲ”
“ငါတို့က ငယ်သူငယ်ချင်းတွေပဲ၊ ငါ ရောက်လာရင် မင်းပျော်စေရမှာပေါ့ကွ မဟုတ်ဘူးလား ဟား … ဟား … ဟား ”
စံထူးမှာ ပြောဆို ရယ်မောရင်း တစ်ဆက်တည်းမှာပင် –
“ည မှောင်မှောင် x x x လ မှောင်မှောင် x x x ကြယ် ရောင်တော် x x x မလင်း … ပါတဲ့ x x x ချိန်းခဲ့ကြ ညတုန်းကပေါ့ကွယ် x x x”
စသည့် သီချင်းအား စတင်၍ သီဆို လေတော့သည်။ ထိုအခါ သရဲ အောင်ဋ္ဌေးက ၎င်း၏ သူငယ်ချင်း စံထူးအား –
“ဟေ့ကောင် … စံထူး၊ မင်းသီချင်းကြီးကို ခဏ ထားဦးကွာ၊ မင်းနဲ့ငါ အပျင်းပြေ နပန်းလုံးရအောင်”
“ကြိုက်သွားပြီ ၊ စံထူးကို ဒီလို စိန်ခေါ်လို့ကတော့ ဟိုးမှာ … တွေ့လား”
စံထူးက ကောင်းကင်သို့ လက်ညှိုးညွှန်ပြလိုက်ခြင်း ဖြစ်လေသည်။
“တိမ်ပေါ်ထိ တက်ဦးမယ်ကွ”
ထို့နောက် “ကြာသလားလို့ စံထူးကွ” ဆိုပြီး အောင်ဋ္ဌေးကို ဖက်ကာ နပန်းလုံးပါလေတော့သည်။ ယာခင်းပြင်ပေါ်တွင် နပန်းလုံးနေကြရာ စံထူးက အပေါ်က ရောက်လိုက် သရဲ အောင်ဋ္ဌေးက အပေါ်က ရောက်လိုက် ဖြစ်နေသည်။ စံထူးက အပေါ်က ရောက်သောအခါ သရဲ အောင်ဋ္ဌေးမှာ ပို၍ သေးငယ်သွားသည်ဟု ထင်မှတ်ရပြီး၊ သရဲ အောင်ဋ္ဌေး အပေါ်မှ ရောက်သွားသော အခါ ပို၍ ကြီးသည်ဟု စံထူး ထင်မှတ်မိလေသည်။
ဤသို့ တစ်ယောက်နှင့် တစ်ယောက် အတန်ကြာ နပန်းလုံးပြီးသော အခါ စံထူးမှ သရဲ အောင်ဋ္ဌေးအား ပြောလေသည်။
“ဟေ့ကောင် အောင်ဋ္ဌေး၊ ငါ မောသွားပြီကွာ၊ အိမ် ပြန်တော့မယ်”
“အေး ပြီးတာပဲ၊ ဘာပဲဖြစ်ဖြစ် မင်းကို တွေ့လိုက်ရတာ ဒီနေ့အဖို့တော့ ငါလည်း နည်းနည်း အပျင်းပြေသွားပြီ”
“ဒါပေါ့ကွ … ငါလာရင် မင်းပျော်စေရမယ် .. ဟား ဟား”
“မောတယ် x x x ပမ်းတယ် x x x သဘောမှာ မထားနဲ့ကွယ် x x x”
ရယ်ပြီးသည့်အဆုံး အထက်ပါ သီချင်းအား ဆိုပါလေတော့သည်။
ထိုနေ့က စံထူးမှာ သန်းခေါင်ကျော် လောက်မှ ရွာသို့ ပြန်ရောက်ခဲ့လေသည်။ ရွာသို့ ရောက်သောအခါ မည်သူ့ကိုမျှ အနှောက်အယှက် မပေးဘဲ သူ၏ နေရာသို့သွားကာ အိပ်သည်။ မနက်ခင်းတွင် နေမြင့်မှ နိုးခဲ့လေသည်။
“ငါ့သား စံထူး … လူလေးနှယ်ကွယ်၊ ညက ပြန်လာတာ နောက်ကျလှချေလား၊ အမေကတော့ဖြင့် ဟိုမှာပဲ ညအိပ်မယ်လို့ ထင်တာ”
“ဟုတ်တယ် အမေ၊ ကျုပ် ဖိုလေးလုံးရွာကနေ ပြန်လာတော့ အတော် စောသေးတယ် ည ရ နာရီလောက်ပဲ ရှိဦးမယ် ထင်တယ်”
“လမ်းရောက်တော့ ကမ်းပါးနီ ကမ်းပါးနားမှာ အောင်ဋ္ဌေးနဲ့တွေ့ … တွေ့ ……”
“ဟာ … အောင်ဋ္ဌေး …၊ အောင်ဋ္ဌေးက သေသွားတာ ကြာပြီနော် အမေ …”
“အေးလေ လူလေးရဲ့၊ ဘာလဲ လူလေး ညက အောင်ဋ္ဌေးနဲ့ တွေ့ခဲ့တယ်ပေါ့ … ဟုတ်လား”
“ဟုတ်တယ် အမေ၊ ကျုပ်က အောင်ဋ္ဌေးသေတာကို အမှတ်မရဘူးဗျ၊ နပန်းတောင် ချခဲ့သေးတယ်”
“မင်း ပြောတိုင်းအတိုင်းဆို အောင်ဋ္ဌေးက သရဲ ဖြစ်နေတာပေါ့၊ သနားစရာကွယ် …”
“ကျုပ်လည်း အောင်ဋ္ဌေး သေသွားတာကို အခုမှ သတိရတယ်ဗျာ၊ ကျုပ်တို့ ဘာလုပ်ကြရင် ကောင်းမလဲ အမေ”
“အမေတို့ အောင်ဋ္ဌေးအတွက် အမျှအတမ်း ပေးဝေကြတာပေါ့ကွယ်၊ ဒါမှ အောင်ဋ္ဌေး သရဲ ဘဝကနေ ကျွတ်လွတ်သွားမှာပေါ့ ”
“ငါ့သားက ဒီနေ့ အောင်ဋ္ဌေးကို သွားပြောထား၊ မနက်ဖြန်ကျရင် သူ့အတွက် အမျှဝေမယ်လို့ …၊ အဲဒါ အိမ်ကို လာခဲ့ဖို့ သွားပြော၊ ကြားလား လူလေး”
“ဟုတ်ကဲ့ အမေ၊ ကျုပ် ဒီနေ့ညနေခင်းကျရင် အောင်ဋ္ဌေးကို သွားပြောလိုက်မယ်”
ယင်းနေ့ ညနေပိုင်းတွင် စံထူးမှာ သရဲအောင်ဋ္ဌေးရှိသော မနေ့ညက ၎င်းတို့ နပန်းသတ်ခဲ့ရာ ကမ်းပါးနီ ကမ်းပါးနားသို့ သွားခဲ့လေသည်။ ထိုနေရာသို့ ရောက်သောအခါ အောင်ဋ္ဌေးကို မတွေ့ခဲ့ရပေ။ လိုက်၍ ရှာသော်လည်း မတွေ့ရသည့်အဆုံး စံထူးက အော်၍ ပြောခဲ့လေသည်။
“အောင်ဋ္ဌေး ရေ…၊ မင်း ဘယ်မှာလဲ၊ မနက်ဖြန်ကျရင် ငါတို့အိမ်ကို လာခဲ့၊ မင်းကို အမျှဝေမယ်လို့ အမေက မှာလိုက်တယ်၊ ဒါပဲ ဟေ့ကောင်၊ မနက်ဖြန်ကျရင် ဆက်ဆက်လာခဲ့နော် …. မင်းကို ငါစောင့်နေမယ် …”
စံထူးမှာ အိမ်သို့ ပြန်ရောက်သည့်အခါ ၎င်း၏ အမေဖြစ်သူ ဒေါ်အေးခင်အား အောင်ဋ္ဌေးကို မတွေ့ခဲ့ရကြောင်း၊ မနက်ဖြန်လာရန် အော်၍ ပြောခဲ့ကြောင်းကို ပြန်လည် ပြောပြလေသည်။
နောက်တစ်နေ့ မနက်တွင်မူ ရွာဦးကျောင်းမှ ဘုန်းကြီး ငါးပါးပင့်၍ ဆွမ်းကပ်၊ သင်္ကန်းများ လှူဒါန်းကာ ကွယ်လွန်သူ အောင်ဋ္ဌေးအတွက် အမျှအတန်းများ ပေးဝေခဲ့လေသည်။ ထိုနေ့ည၌ စံထူးမှာ အောင်ဋ္ဌေးအား အိပ်မက်အတွင်း မြင်မက်လေတော့သည်။ အိပ်မက်ထဲတွင် အောင်ဋ္ဌေးက စံထူးအား ပြောလေသည်။
“ဟေ့ကောင် စံထူး၊ မင်းတို့ အမျှဝေတာကို ငါကြားတယ်ကွ၊ သာဓုလည်း ခေါ်ခဲ့တယ်၊ အခုတော့ ငါ့ဘဝဟာ အရင်ထက်တော့ အဆင့်မြင့်လာခဲ့ပြီကွာ၊ မင်းတို့ကို ကျေးဇူးတင်တဲ့အကြောင်း အခု ငါလာပြောတာပါ၊ ဒါနဲ့ မင်း ငါ့ကို တွေ့ချင်ရင် ငါတို့ နပန်းလုံးခဲ့တဲ့ နေရာကို မလာနဲ့တော့၊ အဲဒီမှာ ငါ မနေရတော့ဘူး၊ အခု ငါက ကျွန်းဖိုကုန်း ဘုရားနားကို ပြောင်းသွားရပြီ၊ အဲဒီကို လာခဲ့၊ ပြီးတော့ ငါက အခု အဆင့်နိမ့်တဲ့ သရဲ မဟုတ်တော့ဘူးကွ၊ ဖိုးသူတော် ဖြစ်သွားပြီ”
ဟုတ်ပါသည်။ စံထူး၏ အိပ်မက်ထဲတွင်လည်း အောင်ဋ္ဌေးအား ဖိုးသူတော် အဝတ်အစားများဖြင့် တွေ့လိုက်ရလေသည်။ ထိုအိပ်မက်အား မက်ပြီး နောက်တစ်နေ့ ညတွင် စံထူးမှာ အိပ်မက်ထဲ၌ ပြောခဲ့သည့်အတိုင်း ကျွန်းဖိုကုန်း ဘုရားဆီသို့ လာခဲ့လေသည်။ ဘုရားသို့ ရောက်သောအခါ ဘုရားကို ဦးသုံးကြိမ်ချ၍ ပြီးသည်နှင့် ဘေးသို့ ကြည့်လိုက်သောအခါတွင်မူကား အောင်ဋ္ဌေးအား ဖိုးသူတော် အဝတ်အစားများနှင့် အမှန်တကယ်ပင် တွေ့လိုက်ရလေတော့သတည်း … ။
(အထက်ပါ အဖြစ်အပျက်အား ကျွန်တော်၏ အဘိုးဖြစ်သူမှ ကျွန်တော်မေးသော ဖိုးသူတော် ရှိ၊ မရှိ မေးခွန်းနှင့် ပတ်သက်၍ ပြောပြခဲ့ခြင်း ဖြစ်လေသည်။ ဦးစံထူးမှာလည်း ကျွန်တော်တို့ရွာ၌ အမှန်တကယ် ရှိခဲ့သည်။ ယခုအခါ၌ ဦးစံထူးမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။)
ရေးသားသူ – အံစာတုံး (http://anzartone.freezoka.net)
7 comments
KoNyeinChan
July 25, 2011 at 6:29 pm
(ဦးစံထူးမှာလည်း ကျွန်တော်တို့ရွာ၌ အမှန်တကယ် ရှိခဲ့သည်။ ယခုအခါ၌ ဦးစံထူးမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။)
မယုံလို ့တကယ်သွားမေးမယ်ဆိုပြန်တော့လည်း ဦးစံထူးမရှိတော့ဘူးတဲ့.. ဒို ့ရွာသားတွေကို ညာလို ့ရမယ်များထင်နေသလား..
အောင်ပု ဆိုတာတော့ ကျန်သေးတယ်.. သူ ့ကိုမေးလိုက်မယ် အပေါ်က ပို ့စ် အစစ်အမှန် ဟုတ် မဟုတ် 😀 😀 😀
Anzartone
July 26, 2011 at 10:33 am
မယုံရင်လည်း မေးပါဗျာ၊ မေးပါ၊ ကျုပ်အထင်တော့ လက်နှစ်လုံးလောက် ရှိမယ်ထင်တယ် 🙂 🙂
ကြောင်ကြီး
July 26, 2011 at 9:35 am
ကောင်းတယ်ဗျို့၊ ဖိုးသူတော်က သဂျီးကို ဆုံးမခန်းရှိရင် လုပ်ပါအုံး… နာနာနှက်ပြီးမှ လွှတ်ပေးနော်…
manawphyulay
July 26, 2011 at 10:09 am
ဦးကြောင်ကြီးက နှိပ်ကွက်ချင်တာလား ဖိုးသူတော်ကို ကြားခံပြီး သဂျီးကို ဆုံးမချင်နေပုံရတယ်….
pan pan
July 26, 2011 at 10:36 am
ဖိုးသူတော်ဆိုတာတော့သိတယ်
ုခု အောင်ဌေးက ဖိုးသူတော်သရဲလား
ဘယ်လိုလဲ???
True Answer
July 26, 2011 at 3:20 pm
ကောင်းတယ်ဗျို့ ဒီဇာတ်လမ်းလေး။ ကို ပန်ပန်ကလည်း ဖိုးသူတော်ပါဆို ။ ကျွန်တော့်အထင် သူက သာဓုခေါ်တဲ့ ကုသိုလ်ကြောင့် ဝေမာနိကပြိတ္တာမျိုး (သို့) စတုမဟာရာဇ်နွယ် ရုက္ခစိုးနတ်သဘော ဖြစ်သွားတယ် ။
MOEPWINTPHYU
July 26, 2011 at 5:17 pm
ကောင်းပါတယ် တကယ်အဖြစ်အပျက်လား အဲလိုအဖြစ်အပျက်တွေ အများကြီးကြားဖူးတယ် ကိုယ်တိုင်တော့တွေဘူးဘူ….