လူကတ်ကို ခြောက်တဲ့ သူရဲ…..
ကျွန်မ စာရေးတဲ့အခါ အပြင်မှာ တကယ်ရှိတဲ့ လူတွေအကြောင်း၊ တကယ်ကြုံတွေ့ခဲ့ ရတဲ့အကြောင်းတွေပဲ ရေးပါတယ်။ စိတ်ကူးယဉ်ထားတဲ့ အကြောင်းတွေ မဟုတ်ပါဘူး။ ကျွန်မက စိတ်ကူးယဉ်တယ်ဆိုတဲ့ နေရာမှာ အင်မတန်ညံပါတယ်။ အရာရာကို ယနေ့အထိ လက်တွေ့ကျကျ တွေးတတ်၊ ပြောတတ်၊ လုပ်တတ်တာမို့ စိတ်ကူးယဉ် ဆန်တာတို့ ဘာတို့မှာ အတော်ရှော်တာပါ။ အခုပြောမဲ့ အကြောင်းကလည်း ကျွန်မဦးလေး တကယ်ကို ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ ကျွန်မ အမေရဲ့ မောင်အငယ်ဆုံး အမေနဲ့ တခြံတည်း နေတဲ့မောင်ရဲ့ အကြောင်းပါ။ အဖွားရဲ့သား အငယ်ဆုံးမို့ အိမ်ထောင်ကျတော့လည်း အဖွားနဲ့ အတူနေတာပါ။ ကျွန်မအမေက အိမ်ထောင်ကျပြီး အိမ်ခွဲတော့ အဖွားနဲ့ အဝေးကြီး မခွဲချင်။ တိုက်တိုက်ဆိုင်ဆိုင် ဘေးက ခြံကရောင်းမယ် ဆိုတော့ ဈေးတောင်မစစ်ပဲ ဝယ်ပြီး အိမ်ဆောက်နေပါတယ်။ အဖွားနဲ့ သူ့မောင်ကို အမေများ ဘယ်လောက် ချစ်သလဲဆို အလယ်က ခြံစည်းရိုးတောင် မခတ်ပဲ ထားတာပါ။ အကြောင်းမသိသူများဆို တခြံတည်း လို့ပဲထင်ကြပါတယ်။ အဲ့လိုနေလို့ ဦးလေး ဘာလုပ်တယ် ဘာကိုင်တယ်က အစ အကုန်မြင်နေရတယ်လေ။ မကြည့်လည်း မြင်နေရတယ် ဆိုသလိုပါ။ ကျွန်မတို့ အိမ်ကိုတော့ မြောက်ဖက်မှာရှိလို့ မြောက်ဖက်အိမ် ခေါ်ပြီး အဖွားအိမ်ကိုတော့ တောင်ဖက်အိမ် ခေါ်ပါတယ်။ တခုခု ယူခိုင်းပြီဆို တောင်ဖက်အိမ်အောက်မှာ ရှိတယ်ဆို အဖွားအိမ်အောက်မှာ ရှာရမယ်ဆိုတာ တမျိုးလုံးအသိလေ။ တခြံတည်းလို ဖြစ်နေတာမို့ နေထွက်နေဝင် ဘယ်သူလာတယ် ဘာလုပ်တယ် အကုန်သိ။ ဦးလေးက အဖွားနဲ့ အတူနေတယ် ဆိုပေမဲ့ မိုးတွင်းလို လမ်းပန်းဆက်သွယ်ရေး ခက်ချိန်၊ မြစ်ထဲ ရေပြည့်ချိန်ဆို နွား၊လှည်း ကူးရခက်ချိန်မှာ လူရော နွားရော မြစ်အရှေ့ဘက် ယာထဲ ရွှေ့သွားပြီး နေတာ မိုးကုန် မြစ်ထဲ ရေနည်းချိန်ထိပါပဲ။ ဆောင်းတွင်း သီးနှံသိမ်းပြီးမှ ရွာထဲပြန်ရွှေ့ပါတယ်။ အများအားဖြင့်တော့ (ကျွန်မတို့အခေါ်) တောထဲမှာပဲ နေတာပါ။ ယာထဲမှာတော့ ကိုယ့်ယာခင်း အစပ်မှာ ခြေတံရှည် အခိုင်အခန့် တဲထိုးနေကြတာမို့ တဲလေးတွေ ဟိုနားတစ်စု ဒီနားတစ်စုပါ။ လိုအပ်တဲ့ ပစ္စည်းတွေဆို ရွာပြန်ဝယ်ကြရတာလေ။ ဆန်၊ဆီ၊ ဆား မှအစ အခြောက်အခြမ်း တွေပေါ့။ မနက်ခင်း ယာထဲမှာ အလုပ်ရှုပ်၊ နေ့လည်ဖက် နွားကျွေးတာနဲ့မို့ ညနေနေအေးချိန်မှ ရွာကိုပြန် ယူစရာရှိတာယူပြီး တဲကိုပြန်။ တခါတလေ ဗွီဒီယိုရုံက ဇာတ်ကားကောင်းတယ်ဆို ကြည့်ပြီးမှ ပြန်တော့ ည ၁ဝနာရီ၊ ၁၁နာရီ။ ပလိုင်းလွယ် ဓါးကတဖက်၊ လက်နှိပ်ဓါတ်မီး တဖက်နဲ့ ပြန်တာကြည့်ပဲ။ တခါတလေဆို အမေက ပြန်သွားပြီမှတ်တာ ဓါတ်မီးတဝင်းဝင်း မြင်မှ “ဟဲ့ နင်အခုထိ မပြန်သေးဘူးလား။ ငါက တဲတောင် ပြန်ရောက်လောက်ပြီ တွက်နေတာ” ဆိုမှ “အခုပဲ ပြန်တော့မှာ အမရေ” ဆိုပြီး ငိုက်စိုက်ငိုက်စိုက် ပြန်သွားလေရဲ့။ အမေကတော့ “ မြွေမကြောက်၊ ကင်းမကြောက်တော်။ သရဲ တွေ ဘာတွေများ လူကတ်မို့ သူ့ပြန်ကြောက်ပြီး မခြောက်ရဲဘူးလား မသိပါဘူး”နဲ့ တဖျစ်တောက်တောက် ပြောမဆုံးဘူး ပြောပြီး ကျန်ခဲ့တာ။ တကယ်ကို အကြောက်အလန့် မရှိသူပါ။ ရွာကနေ တဲကို ပြန်တဲ့လမ်းမှာ နာမည်ကြီး လက်ပံပင်တန်းရှိတယ်။ အပင်အကြီးကြီး အုပ်အုပ်ဆိုင်းဆိုင်းအစုမို့ သရဲမခြောက်ဘူးဆိုရင်လည်း မြင်ရုံနဲ့ လန့်စရာပါ။ ပြီးတော့ သရဲအင်မတန် ခြောက်တယ်လို့လည်း နာမည်ကြီးတာမို့ တော်ရုံသွေးနဲသူ မဖြတ်ရဲဘူး။ ဒါကိုလည်း သိတာပဲ အဲဒါနဲ့တောင် မကြောက်မလန့် သွားတာ။ တခါတလေ ကြက်သွန်မျိုး ဝယ်ဖို့ မနက်အစော သွားရမယ်ဆို ရွာမှာ ပြန်အိပ်ပါ ပြောလည်းမရ မနက်လင်းအားကြီး ၃ နာရီလောက် တယောက်တည်း ထလာလိုလာပေါ့။ အချိန်အခါမရှိ သွားလာတတ်သူလေ။ အဲ့လို အကြောက်အလန့် မရှိတဲ့ လူကတ်ကို ကြောက်အောင် ခြောက်တဲ့ သရဲ တနေ့တော့ ပေါ်လာပါရော။ ဘယ်လောက်တောင် လန့်သွားသလဲဆို ဒီနေ့ ဒီအချိန်ထိ အဲ့ဒီနေရာကို အဖော်မပါပဲ လုံးဝကို မသွားရဲတော့ပါဘူး။ ဖြစ်ပုံက ဒီလို။ တောထဲမှာ နေတာ ဆိုတော့ ဟင်းစားက ရှားတယ်လေ။ ရွာက ပြန်ယူထားတဲ့ အခြောက်အခြမ်းလေးနဲ့ တဲရှေ့မှာ စိုက်ထားတဲ့ အပင်တွေပဲ တလှည့်စီ ချက်ရတော့ တခါတခါ အူစိုအောင် သားစိမ်း၊ ငါးစိမ်းလေးလည်း စားချင်တာပေါ့။ ရွာမှာနေတဲ့ အဖွားကလည်း လူကြုံရှိရင် ထည့်ပေးတတ်ပေမဲ့ အမြဲတော့လည်း ဘယ်ကြုံပါ့မလဲ။ ဒါနဲ့ပဲ ကိုယ်ထူကိုယ်ထ ချောင်းထဲမှာ ပိုက်မျော သတဲ့။ မျောတော့လည်း ည လူခြေတိတ်ချိန် ၉နာရီ ၁ဝနာရီမှ။ ညဘက် ပိုက်ချမှ ငါးက ပိုရသတဲ့။ ဒါလည်း အမြဲလိုလို ရက်ခြား မျောတာပါ။ တခါတရံတော့ အတူတူ ပိုက်မျောသူပါပေမဲ့ အများအားဖြင့်တော့ တယောက်တည်း သွားတာ ပိုများတယ်။ တရက်တော့ တယောက်တည်း မျောတဲ့ အချိန် ငါးတွေလည်း အတော်ရသတဲ့။ ဒီနေရာမှာ ဖြတ်ပြောချင်တာကတော့ တချို့ လူကြီးတွေက ပြောကြတယ် ညဖက် ချောင်းထဲမှာ ပိုက်မျောလို့ ငါးတွေ မတရား ရလာပြီဆို သတိထားပေါ့။ ဒါဟာ သာမန်မဟုတ်တော့ဘူး။ ရနေကျထက် မတော်မတရား ပိုရနေတာကိုး။ ဘာကြောင့်လည်းဆို အနီးအနားက ပရလောက သားတွေက စားချင်လို့ ငါးတွေကိုခြောက်လှန့်ပေးတာမို့ ပိုရတာတဲ့။ ဒါကြောင့် သတိတရနဲ့ ဘေးဘက် နီးရာ ကုန်းပေါ်ကို တကောင်စ နှစ်ကောင်စ ပြစ်တင်ပေးရတယ်တဲ့။ အလိုက်မသိပဲ မကျွေးပဲနေရင် အနှောက်အယှက် သိသိသာသာ ပေးပါတယ်တဲ့။ သိတဲ့အတိုင်း ဦးလေးက နဂိုကတည်းက အကြောက်အလန့် မရှိသူ လူကတ်။ ငါမျောတတ်လို့ ငါရတာ ဘာကျွေးစရာလိုတုန်း လာနှောက်ယှက်ကြည့် ငါနဲ့တွေ့မယ်ပေါ့။ ငါးတွေရလည်း ဖျည်ပြီး ပလိုင်းတည်းထည့် ထပ်မျောပေါ့။ တကောင်တောင် ပြစ်မကျွေးဘူး ကတ်ချက်တော့ ပြောမနေနဲ့။ အဲ့ဒီမှာ ဇာတ်လမ်း စပါတော့တယ်။ တခါတည်း ရေထဲကနေ ရီသံများ အကျယ်ကြီးပါတဲ့ ထွက်လာတာ။ ကိုယ်တွေ့ ကြုံရ သူတော့မသိဘူး ကျွန်မတော့ ပြန်ပြောတာ ကြားရရုံနဲ့ ကြက်သီး တဖြန်းဖြန်း ထပါတယ်။ လှိုက်လှိုက်လှဲုလှဲု ရီသံကြီးပါတဲ့။ ကြားစကတော့ တယောက်ယောက် နောက်တယ်ထင်ပြီး လှမ်းတောင် ဆဲလိုက်ပါသေးတယ်တဲ့။ နောက် ဆင့်ကဲ ဆင့်ကဲ ရီသံကြီး ထွက်လာတော့မှ လူရီသံနဲ့ မတူပဲ အတော် ခြောက်ခြားစရာ ကောင်းလာပါတယ်တဲ့။ ဒါနဲ့ လန့်ပြီး တချိုးတည်း တဲရှိရာ ပြန်ပြေးပါတော့တယ်။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက် ဆိုပြီး ပြေးတာ ဘာမှကို မမြင်တော့ပါဘူးတဲ့။ တဲကို ရောက်တော့ လူလည်း တဆတ်ဆတ် တုန်လို့ပေါ့။ တဖုန်းဖုန်း ပြေးလာသံကြောင့် အဒေါ်က ဘာများဖြစ်လာတုန်းဆိုပြီး တဲပေါ်ကနေ ဓါတ်မီးအလင်းရောင်နဲ့ လှမ်းထိုးပြီး ကြည့်လိုက်တော့ အမြင်မတော်တာနဲ့ ကမန်းကတန်း မီးပိတ်လိုက်ရတယ်တဲ့။ ကြောက်ကြောက်နဲ့ ပြေးလာတာ ပုဆိုး ဘယ်ကျခဲ့မှန်းတောင် မသိပဲ အောက်ပိုင်း ဗလာနဲ့ ပါတဲ့ရှင်။ နောက်နေ့ မိုးလင်းမှ လူစုပြီး သောင်စပ်က ပလိုင်းနဲ့ ပိုက်ကို သွားယူရပါတယ်တဲ့။ ငါးတွေတော့ တကောင်မှ မရှိတော့ပါဘူး။ သူကြားခဲ့တဲ့ ရီသံဟာ ဘယ်လောက်များ ကြောက်စရာ ကောင်းလဲမသိဘူး အဲ့ဒီ အချိန်ကစလို့ ကျွန်မ ဦးလေးခမျာ ညဘက် ပိုက်လဲ မမျောရဲတော့သလို အဖော်မပါပဲလည်း အဲ့ဒီနေရာက ဖြတ်ကို မဖြတ်ရဲတော့ ပါဘူးရှင်။ မကြောက်တတ်တဲ့ လူကတ်ကို ခြောက်တာမို့ အတော်တော့ စွမ်းပုံရမယ် ထင်တာပါပဲ။
အဲ့ဒီအကြောင်းနဲ့ ဆက်စပ်ပြီး ဘာပြောချင်လဲ ဆိုတော့ ကျွန်မကို သရဲရှိတာ ယုံလားလို့ မေးရင် မယုံပါဘူးလို့ ဖြေမိမှာပါ။ ကျွန်မမှ မတွေ့ဘူး မကြုံဘူးတာကိုး။ ရှိတာ မယုံဘူးဆို မကြောက်ဘူးလား ထပ်မေးရင်တော့ ကြောက်ပါတယ် ဘာလို့မှန်း မသိ၊ ဘာကြောင့်မှန်းမသိ၊ ဘာမှန်းမသိပဲ ကြောက်တာပါ။ ရွာသူ၊ ရွာသားတွေထဲမှာရော ကျွန်မလိုလူ ဘယ်နှစ်ယောက်ပါလဲ သိချင်စမ်းလှပါတော့တယ်။
19 comments
lusoegyikoko
July 28, 2011 at 2:47 pm
သရဲရှိတာယုံတယ်မယုံဘူးပြောဖို့ကျတော့တကယ်ရှိတယ် မရှိဘူးဆိုတာက်ို တကယ်သိဖို့အတွက် လေ့လာဖတ်ရုှပြီး ထင်မြင်ချက်နဲ့ပြောရမှာလား။ ဘာမှမလေ့လာပဲနဲ့ထင်တစ်လုံးနဲ့ ပြောမှာလား။လက်တွေ့ စမ်းသပ်မှုလုပ်ပြီးမှပြောမှာလား။တစ်ခုခုပေါ့နော့်။ ဘလိုင်းကြိီးမရှိဘူး၊ ရှိတယ်ပြောတာတော့ဘယ်သင့် မလဲ။
နောက်ပြီး ထိုသူရဲ့ ဘာသာတရား၊ အစွဲကလဲ ရှိသေးတယ်။ပြောဖို့တော်တော်ခက်တယ်နော့်။
mzm
July 28, 2011 at 2:55 pm
သရဲဆိုတာတကယ်မရှိဘူး ကျနော်လဲတခါမှမတွေ့ဖူးဘူး
kai
July 28, 2011 at 2:57 pm
ကျုပ်အနေနဲ့ပြောရရင်.. သရဲဆိုတာ ရှိလောက်ပါတယ်..။
ဒါပေမဲ့.. လူတွေကိုခြောက်နေတာဆိုပြိး ပြန်ပြောတာတွေရဲ့.. ၉၉.၉၉ရာနှုန်းက.. စိတ်လေခြောက်ခြားပြီး.. ဖြစ်တဲ့..စိတ်ထဲကသရဲတွေလို့ထင်တယ်..။
ဘာပဲဖြစ်ဖြစ်.. အပေါ်ကဇတ်လမ်းအရဆိုရင်လည်း.. သရဲကြောင့်..ငါးတွေအများကြီး(မလိုအပ်ပဲ)ပြုန်းတီးမှာမျိုးကို တဖက်တလမ်းက.. တားနိုင်တာမျိုး..။ အချိန်မတော်.. ညမှာတယောက်ထဲမသွားဖြစ်ကြတာတွေကြောင့် ဒုစရိုက်မှုဖြစ်နိုင်ခြေ နည်းသွားတာမျီုး..။ လူတွေ မိသားစုတွေ..စုစုစည်းစည်း လုံလုံခြုံခြုံနေချင်စိတ်တွေ တိုးလာတာမျီုး.. စတာတွေကြောင့်.. သရဲဟာ လူ့လောကကို …အကျိုးပေးတာပိုများမယ်လို့.. ထင်မိတာပဲ..။
ဆိုတော့..
သရဲရှိတယ်လို့ ပြောတာမျိုးက.(.နိုင်ငံရေးရူထောင့်ကကြည့်ရင်.). ပြောသင့်..ဖြန့်သင့်တာမျိုးပဲ..။ 🙂
နွယ်ပင်
July 28, 2011 at 3:16 pm
သရဲခြောက်တာလား ဘာလားတော့မသိဘူး တစ်ခါ သီလရှင်ဝတ်တုန်းက
အခြောက်ခံရဖူးတယ် ။ (ရွာထဲမှာလဲ အဲ့အကြောင်းရေးဖူးပါတယ်)
ဒါပေမယ့် မမှီဦးလေးလိုတော့ အသံတွေဘာတွေမပေးဘူး အေးအေးဆေးဆေးလေးပဲ ခြောက်တာမျိုးပါ
သရဲကြာက်လားလို့မေးရင်တော့ အခြောက်မခံရဖူးခင်ကတည်းက ကြောက်တာလေ …. 😀
မိုက်ကယ်ဂျော်နီအောင်ပု
July 28, 2011 at 3:32 pm
မရေးတော့ပါဘူးလေလို့
အမှတ်ရမိတဲ့ အကြောင်းလေးတစ်ခုကို
ရေးဖြစ်အောင်ကို ရေးဦးမယ်
အနှေးနဲ့အမြန်ပေါ့
thit min
July 28, 2011 at 4:09 pm
သရဲရှိတာယုံတယ်မယုံဘူးဘာပဲဖြစ်ဖြစ်..သရဲကြောက် လို့ကြောက်တာလေ
pan pan
July 28, 2011 at 4:45 pm
သရဲရှိပါတယ်
တနည်း ပြိတ္တာပေ့ါ
ဘုရားဟောထဲတောင် ပါတာပဲ
researcher
July 28, 2011 at 5:19 pm
သူရဲ တကယ်ရှိတယ်၊ မရှိဘူးဆိုတာထက် သူရဲခြောက်တယ် ဆိုတာကို ကျွန်တော်ကတော့ အလွယ်တကူတော့ လက်မခံနိုင်ပါဘူး။ သူများတွေက သူရဲခြောက်တယ်လို့ပြောရင် မဖြစ်နိုင်ဘူးဆိုပြီး ဟိုလိုကြောင့်လဲ ဖြစ်နိုင်တယ်၊ ဒီလိုကြောင့်လဲ ဖြစ်နိုင်တယ် ဆိုပြီး ပိုင်းခြားဝေဖန်တဲ့စိတ်က အမြဲရှိနေတဲ့ အတွက် တော်ရုံတန်ရုံလောက်နဲ့တော့ သူရဲကို မကြောက်တတ်ပါဘူး။
ကြုံဖူးတာလေးပြောပါဦးမယ်…
ကျွန်တော်တို့အိမ်မှာ ကျွန်တော့်ညီမ မိသားစုက အရင်က ကွမ်းသီးလုပ်ငန်းလုပ်ပါတယ်။ နေ့လည်ဆိုရင် အပြင်လူတွေလဲ ရှိနေတဲ့အတွက် ခြံထဲမှာပဲ ကွမ်းသီးညှပ်ကြပါတယ်။ ညဘက်ဆိုရင်တော့ ကိုယ့်မိသားစုချည်းပဲ အိမ်အောက်ထပ်မှာ ယူညှပ်ပါတယ်။ ည (၁၂) နာရီ (၁) ချက်ထိ ညှပ်ကြပါတယ်။ တခါတလေ သိပ်အော်ဒါတွေများရင် မနက် (၂) နာရီ (၃) နာရီထိ ညှပ်ကြပါတယ်။ ကွမ်းသီးညှပ်တာ ရပ်ပြီဆိုရင် အိပ်ချင်လွန်းလို့ ကွမ်းသီးပုံကြီးကို မသိမ်းနိုင်တော့ပဲ ဝင်အိပ်ကြပြီး မနက်မှ ပြန်ရှင်းရပါတယ်။ အိမ်ကိုလဲ ညလုံးပေါက် မီးဖွင့်ထားလေ့ရှိပါတယ်။ ကွမ်းသီးညှပ်သံ ထောက် .. ထောက်.. ထောက်.. ဆိုတာလေးက ကြားနေ ကြအသံလေးဖြစ်နေပါတယ်။
တညမှာတော့ ကျွန်တော် တရေးနိုးလာပါတယ်။ နိုးလာတယ်ဆိုပေမယ့် မျက်စိကတော့မပွင့်သေးပါဘူး၊ မျက်လုံးမှိတ်လျက်နဲ့ နိုးလာတာပါ။ အဲဒီအချိန်မှာ ကွမ်းသီးညှပ်သံ ထောက်..ထောက်..ထောက် ဆိုတာကို ကျွန်တော် ကြားနေရပါတယ်။ ကျွန်တော် မျက်စိမဖွင့်ပဲ အသေအချာ နားထောင်ကြည့်ပါတယ်။ သေချာပါတယ်။ ကွမ်းသီးညှပ်နေသံ ထောက်..ထောက်..ထောက် ဆိုတာကို ကြားရပါတယ်။ ဒီအချိန်ကြီး ဘယ်သူညှပ်နေပါလိမ့်လို့ စဉ်းစားရင်း ကျွန်တော် မျက်စိကိုဖွင့်လိုက်ပါတယ်။ ဒီအခါမှာတော့ ကွမ်းသီးညှပ်သံ မကြာရတော့ပါဘူး။ ကျွန်တော် ခဏ စောင့်နားထောင်လိုက်ပါတယ်။ မကြားရပါဘူး။ ဒါနဲ့ပဲ ကျွန်တော်ပြန်အိပ်ဖို့ မျက်စိမှိတ်လိုက်ပါတယ်။ ထောက်.. ထောက်..ထောက် ဆိုတဲ့ အသံပြန်ကြားရပါတယ်။ ဟုတ်ရဲ့လားလို့ သေချာအောင် နားထောင်ပါတယ်။ တကယ်ပဲ ကွမ်းသီးညှပ်နေတဲ့ အသံပါ။ ဒါနဲ့ ကျွန်တော် မျက်စိပြန်ဖွင့်လိုက်ပါတယ်။ အသံမကြားရတော့ပါဘူး။ ခဏနားထောင်ကြည့်လိုက်ပြီး မကြားရတာ သေချာတဲ့အခါမှာတော့ ကျွန်တော် တိတ်တိတ်လေး ခြေသံမကြားအောင် ထပြီး အောက်ထပ်ကို ဆင်းလာလိုက်ပါတယ်။ အပေါ်ထပ်လှေခါးကနေ ကွမ်းသီးညှပ်တဲ့ နေရာကို လှမ်းကြည့်တော့ ဘာထူးခြားမှုမျှမရှိပါဘူး။ အားလုံးဟာ မီးရောင်အောက်မှာ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ဂမ္ဘီရ စာအုပ်တွေထဲကလို ညှပ်ထားတဲ့ ကွမ်းသီးပုံကြီးများ တိုးလားသလားလို့တောင် သတိထားကြည့်မိပါသေးတယ်။ ဘာမျှ မထူးခြားပါဘူး။
ကျွန်တော့်စိတ်ထဲမှာ မတင်မကျ ဖြစ်ခဲ့ရပါတယ်။ ဘယ်သူ့မှ မပြောပဲ ကုယ့်ဟာကိုယ် စိတ်ထဲမှာပဲ အပြန်ပြန် အလှန်လှန် သုံးသပ်ကြည့်မိပါတယ်။ ကြားဖူးနေတဲ့ အသံ၊ နားစွဲနေတဲ့ အသံတခုဟာ မသိစိတ်အာရုံရဲ့ ထောင့်တနေရာမှာ စွဲထင်နေတယ်လို့ပဲ ထင်မိပါတယ်။ အိပ်ရာက နိုးပြီး သိစိတ်နဲ့ မသိစိတ်နဲ့ ဝေတေဝါတား ဖြစ်နေချိန်မှာ မသိစိတ်အာရုံထဲက နားစွဲနေတဲ့ အသံဟာ အိပ်မက်လိုလို တကယ်လိုလိုနဲ့ မျက်လုံးမှိတ်ထားချိန်မှာ ပေါ်လာတာဖြစ်မယ်လို့ ကိုယ်ဟာကိုယ်ပဲ သုံးသပ်လိုက်ပါတယ်။ စာအုပ်တွေတော့ ရှာဖွေမဖတ်ကြည့်ဖြစ်ပါဘူး။ နောက်ပိုင်း အဲသလိုမျိုး အကြိမ်ကြိမ်ကြုံလာတဲ့ အခါကျတော့ ပိုသေချာသလိုဖြစ်လာပါတယ်။ ညီမလေးလဲ အဲသလို ကြုံရတယ်လို့ ပြောလာတဲ့ အခါမှာတော့ ကျွန်တော်သူ့ကို ရှင်းပြလိုက်နိုင်ပါတယ်။ သူလဲ လက်ခံသွားပြီး မကြေက်တော့ပါဘူး။
နောက်ပြီးလူတွေ အိပ်နေရင်း ဘီလူးစီးတယ်လို့ပြောတဲ့ကိစ္စတို့၊ အိပ်မပျော်သေးဘူး ခြင်ထောင်ထဲကနေ အရိပ်မည်းမည်းကြီး မြင်လိုက်ရတယ်တို့ ဆိုတာတွေလဲ ကြုံဖူးပါတယ်။
တခါတလေ နိုးတဝက် အိပ်တဝက်နဲ့ မျက်ခွံက လုံးလုံးပိတ်နေတာမျိုး မဟုတ်ပဲ တဝက်တပျက် ပွင့်နေခဲ့ပြီ ဆိုရင်တော့ ကိုယ့်နားပတ်ပတ်လည်က ပုံရိပ်တွေက မျက်စိထဲမှာ ဝင်လာ၊ အသိစိတ်အာရုံက အိပ်ပျော်လုပျော်ခင်ဖြစ်၊ ကိုယ့်ဟာကိုယ်ကတော့ နိုးနေတယ်ပေါ့လေ။ ပြီးရင်ထင်ချင်တာတွေထင်။ ကျွန်တော်လဲ ပထမဦးဆုံးစကြုံတုန်းကတော့ ကြောက်ပြီး နိုးလာပါတယ်၊ နောက်တော့ နှစ်ခါ၊ သုံးခါလောက်လဲ ကြုံရော အိပ်မက်မက်နေတာလား မသိဘူးဆိုတဲ့အတွေးနဲ့ အိပ်နေရာက မျက်လုံးကို ဖွင့်လိုက်တော့တာပဲ။ အိပ်နေတုန်း အဲဒီလို အသိတရားလေး မပျောက်သွားတာကိုပဲ ကျေးဇူးတင်ရဦးမယ်။
နောက်ပြီး ညဦးပိုင်း အိုက်လို့ဆိုပြီး စောင်မခြုံပဲ အိပ်လိုက်တဲ့အခါမျိုးမှာ တရေးနိုးချိန်လောက်ရောက်ရင် အခန်းထဲမှာ အအေးဓာတ်ကြောင့် ရင်ဘတ်တွေ/ကိုယ်တွေ အေးလာပါတယ်။ အဲလိုအခါမျိုးမှာဆိုရင် ကျွန်တော်အိပ်မက်ဆိုးတွေ မက်လေ့ရှိပါတယ်။ အိပ်မက်တွေထဲမှာ ကျွန်တော်ဟာ ရင်တွေ၊ အသည်းတွေ
အေးလောက်အောင်၊ ခြေဖျား၊ လက်ဖျားအေးလောက်အောင် ကြောက်စရာကောင်းတဲ့ အဖြစ်တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ပထမ တကြိမ် နှစ်ကြိမ်လောက်မှာတော့ ကြောက်လန့်ပြီး နိုးလာတတ်ပါတယ်။
ပြန်အိပ်ရင်တောက် အိပ်မက်ဆက်မက်မှာစိုးလို့ ချက်ချင်းပြန်မအိပ်ပါဘူး။ နောက်ပိုင်းမှာတော့ သိသွားပါတယ်။ အိပ်မက်ဆိုးတွေမက်လာရင် မျက်စိဖွင့်လိုက်ပါတယ်။ ပြီးရင် စောင်ခြုံပြီးပြန်အိပ်လိုက် ပါတယ်။ ခုတော့ သူရဲခြောက်တယ်ဆိုတာ ကျွန်တော့်အတွက် ကြောက်စရာကောင်းတဲ့ ကိစ္စမဟုတ်တော့ပါဘူး။
ဒါကြောင့် သူရဲခြောက်တယ်ဆိုတာ တကယ်တမ်း သူရဲက ကိုယ့်ကို ခြောက်တာထက် ကိုယ့်ရဲ့ မသိစိတ်/သိစိတ် အာရုံတွေ က ဝေဝါးပြီး ခြောက်ခြားမှုတွေ ဖြစ်စေတာလို့ သုံးသပ်မိပါတယ်။ သူရဲဆိုတာ ကြောက်ဖို့ကောင်းတယ်၊ ဘယ်တုန်းက ဘယ်သူ့ကို ဘယ်လိုခြောက်လိုက်တာ ဆိုတဲ့ လက်ဆင့်ကမ်း စကားတွေကြောင့်လဲ မသိစိတ်ထဲမှာစွဲနေတဲ့ အကြောက်တရားက ကိုယ်ကို ပြန်ခြောက်နေတာလို့ပဲ မြင်မိပါတယ်။
ဆောရီးပါပဲ မမှီရေ…မမှီက သိချင်စမ်းလှပါတယ် လို့ရေးထားလို့ ရေးလိုက်တာ comment က post ထက်တောင် ရှည်သွားပြီထင်တယ်။ ကိုယ့်ဟာကိုယ်ကျတော့လဲ post မတင်ဖြစ်ဘူး။
koyinmaung
July 28, 2011 at 6:00 pm
ကျွန်တော်ကြုံခဲ့ဘူးတာတွေရှိပါတယ်လွန်ခဲ့တဲ့၂၅နှစ်လေါက်ကပေါ့ ဆီစက်တခုမှာအလုပ် လုပ်ခဲ့ဘူးတယ် နေ့ဘက်တနေ့ဆင်း ညဘက်တနေ့ဆင်းအလုပ်လုပ်တဲ့သူတွေကို စောင့်ကြည့်ရတယ် တနေပေါ့ညဘက် တာဝန်ကျတဲ့နေ့ည11း00နာရီလေါက်မှာ နောက်ဘက်ကဘွိုင်လာမီးထိုးတဲ့နေရာကနေစက်ရုံရှေ့ဘက်ကိုစက်ရုံဘေးကနေပြန်လါတဲ့အချိန်သတိလက်လွတ်ဖြစ်ပြီ ဘုရားတွေထိုင်ရှစ်ခိုး လိုခိုး ဂရောင်ဂန်းတွေဖြစ်နဲ့ဘေးကလုပ်သမားတွေချုပ်ထားရတယ် နောက် အိမ်ကအကိုရောက်လါပြီ အိမ်ပြန်ခေါ်သွားရတယ် အိမ်ရောက်တော့နောက်တနေ့ ရွှေရင်ကျော်ဆရာတယောက်နဲ့စစ်ကြည့်တော့ အစိမ်းမကပ်နေတာ လို့ပြောပါတယ်စက်ရုံလဲဘုန်းကြီးတွေပင့်ပြီးပရိတ်ပါရွတ်ရပါတော့တယ်စက်ရုံမှာ၃နှစ်လေါက်လုပ်ပြီးအပြင်မှာအလုပ်တဲ့တနေ့မှာ စက်ရုံမှာအတူလုပ်ခဲ့ဘူးတဲ့အလုပ်သမာတယောက်နဲ့တွေ့လို့စကားလက်ဆုံကျဖြစ်တယ် စက်ရုံမှာအလုပ်တဲ့အကြောင်း တွေ ပြောကြယင်းအစိမ်းသရဲကပ်တဲ့အကြောင်းရောက်သွားပါရောဗျာ သူကဘာပြောသွားတယ်မှတ်လဲ အဲ့ဒီညကခင်ဗျားစက်ရုံနောက်ကိုလာပြီဘွိုင်လာမီးထိုးတဲ့လူတွေသောက်တဲ့လ္ထက်ရည်ကြမ်းအိုး ခင်းဗျားအကုန်သောက်သွားတယ်မို့လားတဲ့ ..ဟုတ်ပပြန်စဉ်းစားကြည့်တော့ဟုတ်နေတယ် ဘာဖြစ်လို့လဲမေးတော့ အဲ့ဒီလူတွေအဲ့ဒီညကလ္ဘက်ခြောက်ထုပ်နဲ့ ဆေးခြောက်ထုပ်မှားပြီးခတ်မိတာတဲ့လေ ..မှားပါတယ် အယင်ကဘာလို့မပြောလဲဆိုတော့ အဲ့ဒီတုန်းကပြောယင်လူကြီးတွေဆူးမှာစိုးလို့ပါတဲ့လေ…..ဒီတော့မှအဖြစ်မှန်သိတော့တယ်။။ ….နောက်ရှိသေးတယ်ကိုယ်တွေ့တွေ ။။
ဆူး
July 28, 2011 at 9:55 pm
မမြင်ရတဲ့ လောကက သူတွေက လူတွေကို ပြောတယ်.. လူတွေက အကန်းတွေတဲ့.. သူတို့က မတိုက်မိအောင် မနည်းရှောင်နေရတယ်တဲ့.. လူတွေက မမြင်မစမ်းနဲ့ လိုက်တိုက်နေလို့တဲ့..
hmee
July 29, 2011 at 3:58 pm
ဆူးပြောသလို ယူကျု့မှာ ကြည့်ဖူးတယ်။ လူက မမြင်လို့ သရဲကိုယ်ကို ဖောက်ထွက်သွားတာလေ။
nature
July 28, 2011 at 11:12 pm
ကျနော်ကတော့ သရဲရှိတယ်ဆိုတာ ယုံတယ်။ ပြိတ္တာမျိူးပေါ့။
သူတို့ကခြောက်တယ်ဆိုတာ အမျှအတန်း လိုချင်လို့ ဆင်းရဲဒုက္ခ ရောက်လို့ အကူအညီတောင်းတာလို့ ထင်တယ်။
ကြောင်ကြီး
July 29, 2011 at 6:36 am
သဂျင်းမီး ပြောသလို သရဲဇာတ်လမ်းအများစုက အင်၊ ကိုယ်စိတ်က ခြောက်လှန့်မှုတွေ ဖြစ်ဖို့များပါတယ်။ Researcher မန်းသလို အများစုက ကိုယ့်သိထားတဲ့အာရုံများကြောင့် မိမိကိုယ်လှည့်စားရင်းနဲ့ တကယ်ဖြစ်ကုန်တာပါ။ တချို့လည်း အေးငြိမ်းချင်လို့ ကမ္မဌာန်းစီးဖြန်းကာမှ ကိုယ့်စိတ်ကိုယ်မနိုင်ဘဲ ရူးသွားတာ၊ နာမ်လောကနဲ့ အဆက်သွယ်ရပြီထင်တာ ဖြစ်ကုန်ပါတယ်။ အဲသည်လိုလူအများစုက ဖြစ်ချင်လွန်းသူ၊ အသည်းငယ်သူ၊ ယုံလွယ်သူများ ဖြစ်ပါလိမ့်မယ်။ ဖြစ်ရန်အမှန်များ ရှေ့မှာရှိတာကြောင့် ကိုယ်လည်းသူလို ဖြစ်တော့မယ် အထင်မှားကြပါတယ်။ ငြိမ်သက်နေစဉ် တခါတရံ ကိုယ့်နာမည်ကို တယောက်ယောက်ကခေါ်နေသလို၊ ထူးဆန်းတဲ့ အသံကြားနေသလို အများစုက အာရုံလိမ်တွေပါ။ ကိုယ်က တကယ်မှတ်ပြီး အဲဒီနောက် လိုက်သွားလို့ကတော့ ဖြစ်ရင်ကောင်းရဲ့၊ အာရုံလိမ်ဖြစ်နေလို့ကတော့ ကြောင်တောင်တောင်ဖြစ်သွားနိုင်ပါတယ်။ အကောင်းဆုံးနည်းကတော့ စိတ်ထဲမှာ မသိုးမသန့်ဖြစ်လာရင် သတ္တဝါအားလုံးကိုရည်စူးပြီး မေတ္တာပို့ပါ၊ အမျှဝေပါ။ စိတ်ကို မပျံ့လွင့်ပါစေနဲ့။ မေတ္တာပို့ခြင်းနဲ့အတူ ဘာဝနာတခုခုကို ပွားလိုက်ပါ။ သိပ္ပံနည်းကျပြောရင် ကိုယ့်စိတ်ကိုရှင်းလိုက်ပြီး ပြင်ပတိုက်ခိုက်မှု အာရုံများကို ပိတ်ဆို့တားဆီး သို့မဟုတ် ဖယ်ရှားလိုက်တာပါ။ မိမိကို နှောက်ယှက်သူသည် တကယ်စွမ်းတဲ့ ပရလောကသား ဖြစ်နေရင်တော့ မေတ္တာပို့၊ ဘာဝနာပွားခြင်းလည်း မကယ်နိုင်ပါဘူး။ မိမိကိုယ်တိုင် ကျင့်ကြံစောင့်ထိန်းလာခဲ့တဲ့ သီလ၊ သမာဓိတရားတို့ကသာ တွန်းလှန်နိုင်စွမ်းပါတယ်။ ဘာလို့လည်းဆိုတော့ မိမိကိုယ်သည်သာ အစစ်အမှန် အားကိုးရာမိုလို့ပါ။ 🙂
hmee
July 29, 2011 at 4:01 pm
မေတ္တာကတော့ အမြဲပို့ ဖြစ်ပါတယ်။ ကိုယ်က ကြုံသာမကြုံဖူးတာ အရမ်းကြောက်တယ် သရဲနဲ့ တွေ့မှာလေ။
Big Defender
July 29, 2011 at 1:11 pm
သရဲကိုတော့ ကျွန်တော်မျိုးကြီးမကြောက်ပေါင်
manawphyulay
July 29, 2011 at 2:13 pm
သရဲဆိုတာ ရွာတွေမှာတော့ အရှိများမယ်ထင်တယ်။ မခြောက်ခံဖူးတော့ ရှိတယ်မရှိဘူးဆိုတာ ပြောမပြတတ်ဘူး။ ဒါပေမယ့် နာနာဘာဝတွေရှိတယ်လို့တော့ လူကြီးတွေပြောဖူးတယ်။ ကြောက်တာကလည်း စိတ်က ခြောက်နေတာလည်းဖြစ်နိုင်တာပဲလေ…
weiwei
July 29, 2011 at 2:22 pm
သူရဲရှိတယ်လို့တော့ ယုံကြည်ပါတယ် .. ဒါပေမယ့် တစ်ခါမှတော့ အခြောက်မခံရဖူးပါ ..
hmee
July 29, 2011 at 4:05 pm
မဝေရေ မှီကတော့ သရဲရှိတာ သိပ်တော့မယုံပေမဲ့ ကြောက်တာတော့ အတော်ကြောက်တာ။ သရဲကားတောင် မကြည့်ဘူး ကြောက်ချက်ကတော့။ ဒါပေမဲ့ ဒီမှာတော့ သိပ်မကြောက်ဘူး။ သူတို့ လာခြောက်လည်း မှီမှ စကားနားမလည်တော့ မကြောက်လောက်ဘူးလေ။ တမျိုးတော့ တမျိုးပဲနော်။
ဆူး
July 29, 2011 at 8:24 pm
http://myanmargazette.net/22978/economic-news-international-news-news-industry-people-in-the-news-us-news-news သရဲ ဇတ်လမ်း တခု ကြေညာဝင်တာ