စကားပြော အတတ်ပညာ ၂

manawphyulayAugust 8, 20111min28611

စကား၊ စကား၊ ပြောပါများ၊ စကားထဲက ဇာတိပြ လို့ ကြားဖူးကြမယ် ထင်ပါတယ်။ စကားဆိုတာ စလိုက်ရင် ကားသွားတတ်ပါတယ်။ ဒါကြောင့် လူတွေရဲ့ ပါးစပ်ဖျားမှာ စကားနည်း ရန်စဲဆိုတဲ့ စကားလုံးကို တွင်တွင်သုံးနေကြတာ ဖြစ်ပါလိမ့်မယ်။ အဲ စကားဆိုတာကလည်း စကားပြောတိုင်း ကောင်းကျိုးနှင့် ဆိုးကျိုးတို့ကို ဆင်ခြင်ကြရပါမယ်။

ဘုရားရှင်သည် စကားခြောက်ခွန်း၊ လူဝယ်ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ် လို့ ရှေ့ပညာရှိများရဲ့ လင်္ကာစကားနှင့်အညီ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူတစ်ပါး နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ အကျိုးမရှိသော စကားမျိုးကို မပြောမဆိုဘဲ မှန်ကန်၍ အကျိုးရှိသော စကားမျိုးသာ ပြောဆိုတော်မူပါလို့ မိန့်တော်မူခဲ့ပါတယ်။

သုဂတ…
သု = ကောင်းသော စကားကို၊ ဂတ = ဆိုတော်မူသော မြတ်စွာဘုရား။
မမှန်စကား၊ ကျိုးမများ၊ နှစ်ပါးနာလို၊ မနာလို၊
မှန်ကန်သော်ငြား၊ ကျိုးမများ၊ နှစ်ပါးနာလို၊ မနာလို၊
ဟုတ်မှန်စကား၊ အကျိုးများ၊ နှစ်ပါးနာလို၊ မနာလို၊
ရှေ့လေးခွန်းပယ်၊ နောက်နှစ်ဆွယ်၊ မှတ်ဖွယ်များ လူဗိုလ်
ဒါကတော့ မှတ်သားရလွယ်ကူအောင် ရှေးပညာရှိတို့ မှတ်သားထားတဲ့နည်း ဖြစ်လိမ့်မယ်ထင်ပါတယ်။

၁။ မှန်လည်း မမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးတို့လည်း မနှစ်သက်သော စကားမျိုးကို မပြောရပါ။
၂။ မှန်လည်းမှန် အကျိုးလည်းမရှိ၊ သူတစ်ပါးတို့လည်း နှစ်သက်သော စကားမျိုးကို မပြောရပါ။
၃။ မှန်ပင်မှန်သော်လည်း အကျိုးမရှိ၍ သူတစ်ပါးတို့ မနှစ်သက်သော စကားမျိုးကို မပြောရပါ။
၄။ မှန်ပင်မှန်သော်လည်း အကျိုးမရှိသော သူတစ်ပါးတို့ နှစ်သက်သော စကားမျိုးကို မပြောရပါ။
၅။ မှန်လည်းမှန် အကျိုးလည်းရှိ သူတစ်ပါးတို့ မနှစ်သက်သော်လည်း အခါအခွင့်ကို ကြည့်ရှုဆင်ခြင်၍ ပြောသင့်မှ ပြောရပါသည်။
၆။ မှန်လည်း မှန် အကျိုးလည်းရှိ သူတစ်ပါးနှစ်သက်သော စကားမျိုးကို အခါအခွင့်ကို ကြည့်ရှုဆင်ခြင်၍ ပြောသင့်မှ ပြောရပါသည်။
မှန်လည်း မှန် အကျိုးလည်းရှိ ဟု ဆိုသော်လည်း အခွင့်အခါ ကြည့်ရှုပြီး ပြောသင့်မှ ပြောရကြောင်း ကျွန်မ မှတ်သားလိုက်မိပါတော့တယ်။

စာကိုး။ ။ ဗုဒ္ဓဘာသာလက်စွဲကျမ်း

11 comments

  • zawthulay

    August 9, 2011 at 11:35 am

    ကောင်းပါတယ်..အမ ကျွန်တော်တို့ စကားပြောရင်မဆင်ခြင်မိဘူးဗျာ .. နောက်ဆိုဆင်ခြင်လို့ရတာပေါ့ နောက်ထပ် ရှိတာလေးတွေ ထပ်တင်ပေးဦး

  • etone

    August 9, 2011 at 4:39 pm

    ကျောပူလည်း မခံနိုင်ဘူး …နားပူလည်း မခံနိုင်ဘူးလေ …. အေးဆေးလေးပဲနေချင်တာကို…. အိမ်ကလူတွေ အရမ်းပွားကြလွန်းလို့ …..အိမ်မှာဆို စကားကို မပြောဖြစ်ဘူး …. ။ စကားတခွန်းပြောလျှင် နှစ်ခွန်းလောက်က အဆင်မပြေတာ များတယ် ..ဒီတော့ … လူကြီးနဲ့ လူငယ်အမြင်မတူတဲ့အချိန် … စကားမပြောပဲ ဝစီပိတ်နေလိုက်တာက နှစ်ဘက်လုံးအတွက် အကောင်းဆုံးပဲ ထင်တယ် … ။ :mrgreen:

  • ရွှေအိမ်စည်

    August 9, 2011 at 5:10 pm

    မှန်ပါတယ်မနေရေ…

    စကားနောက်က..တကယ့်တရား

    လူတိုင်းလူတိုင်း စကားပြောတတ်ကြပါတယ်။ မှန်တဲ့စကားလည်း ပြောတတ်ကြသလို
    မမှန်တဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ကောင်းတဲ့စကားလည်း ပြောတတ်ကြသလို
    မကောင်းတဲ့ စကားလည်း ပြောတတ်ကြပါတယ်။
    အနှစ်ရှိတဲ့စကားလည်း ပြောတတ်ကြသလို အနှစ်မရှိတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ဘယ်လိုစကားမျိုးပဲ ပြောပြော စကားဟာ ပြောပါများလာရင်
    အဲဒီစကားနောက်ကို
    တန်ပြန်သက်ရောက်မှုတွေက ရောက်လာတတ်ပါတယ်။
    ကောင်းတဲ့စကား အပြောများရင်လည်း ကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်သလို မကောင်းတဲ့ စကားအပြောများရင်လည်း မကောင်းတဲ့တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်ပါတယ်။

    ဒါဟာ စကားနောက်
    တရားပါတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါ အစစ်အမှန် တရားတွေပါရအောင် ကောင်းတဲ့စကားတွေ ပြောကြဖို့ ဆိုခြင်း
    ဖြစ်ပါတယ်။

    မှန်ပါတယ်။ “စကားနောက် တရားပါ”ဆိုတဲ့ ဒီဆိုရိုးစကားရဲ့ ဆိုလိုရင်းက
    စကားကောင်းပဲဖြစ်ဖြစ်၊ စကားဆိုးပဲဖြစ်ဖြစ် ပြောပါများရင်
    အဲဒီစကားရဲ့
    တန်ပြန်အကျိုး သက်ရောက်မှုဟာ ပြောတဲ့သူထံ ပြန်ရောက်တတ်ကြောင်း
    ဆိုလိုတာဖြစ်ပါတယ်။
    စကားအပြောများရင် တရားသဘောအရ အမှားရော မမှားရောအတွက် မတရားတာတွေရော တရားတာပါ အမှန်ရောက်လာမှာ ဖြစ်ကြောင်း
    သိစေလိုတာ ဖြစ်ပါတယ်။

    ဒီတော့ကား
    စကားပြောတဲ့သူတွေ ရွေးချယ်ရမှာက တရားတာတွေ
    ရောက်လာစေချင်တာလား၊ မတရားတာတွေ ရောက်လာစေချင်တာလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
    တရားတာတွေ ရောက်လာစေချင်ရင်တော့ စကားပြောတဲ့အခါ တရားတဲ့စကားတွေ
    ပြောဆိုကြဖို့ပဲ ဖြစ်ပါတယ်။

    ဗုဒ္ဓစာပေမှာတော့ စကားပြောတဲ့အခါ တရားတဲ့ စကားတွေ ဖြစ်စေဖို့ ပြောသင့်တဲ့ စကားတွေ၊ ရှောင်ကြဉ်ရမယ့် စကားတွေကို
    ရှင်းလင်းဖော်ပြပါတယ်။ စကားပြောတဲ့အခါ
    ကောင်းတဲ့စကား သမ္မာဝါစာ ဖြစ်စေဖို့

    ၁။ လိမ်ညာပြောဆိုတဲ့ စကားမျိုး
    ၂။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေအောင် ချောပစ်ကုန်းတိုက်တဲ့ စကားမျိုး
    ၃။ ယုတ်မာရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့ စကားမျိုး
    ၄။ ကိုယ့်အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိတဲ့ အချဉ်းနှီးပြီး သိမ်ဖျင်းတဲ့ စကားမျိုးကို ရှောင်ကြဉ်ကြရမယ်လို့
    စာပေက
    ဆိုပါတယ်။

    ဗုဒ္ဓမြတ်စွာဘုရားရှင်ကတော့ လူအများ ပြောဆိုသုံးနှုန်းလေ့ရှိတဲ့ စကား (၆)ခွန်းဖြစ်တဲ့

    ၁။ ဟုတ်မှန်ပြီး အကျိုးရှိ၊ သူတပါးလည်း ကြားနာလိုတဲ့ စကား
    ၂။ ဟုတ်မှန်ပြီး အကျိုးရှိ၊ သူတပါး မကြားနာလိုတဲ့ စကား
    ၃။ ဟုတ်မှန်ပြီး အကျိုးမရှိ၊ သူတပါး မကြားနာလိုတဲ့ စကား
    ၄။ မဟုတ်မမှန် အကျိုးရှိကာ သူတပါး ကြားနာလိုတဲ့ စကား
    ၅။ မဟုတ်မမှန် အကျိုးမရှိ၊ သူတပါး ကြားနာလိုတဲ့ စကား
    ၆။ မဟုတ်မမှန် အကျိုးလည်းမရှိ သူတပါးလည်း မကြားနာလိုတဲ့ စကား

    ဆိုတာတွေထဲက ဟုတ်မှန်ပြီး အကျိုးရှိကာ သူတပါးလည်း ကြားနာလိုတဲ့ စကားနဲ့
    သူတပါးမကြားနာလိုပေမယ့် ဟုတ်မှန်ပြီး အကျိုးရှိတဲ့ စကားဆိုတဲ့
    ဒီစကားနှစ်မျိုးကိုပဲပြောဆိုတော်မူပါတယ်။

    ဘုရားရှင်ဟာ စကားနောက်မှာ ကောင်းတဲ့ တရားတွေပါဖို့ စကားခြောက်ခွန်းထဲက လေးခွန်းကိုပယ်ပြီး
    နှစ်ခွန်းကိုပဲ မိန့်တော်မူပါတယ်။
    ဒါဟာ သူတော်ကောင်းတွေရဲ့ စကားနောက် အမှန်တရားပါဖို့ ကျင့်သုံးတော်မူတဲ့
    လမ်းစဉ်ပဲ ဖြစ်ပါတယ်။

    ဒါပေမယ့် ပုထုဇင်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ စကားကို အထိမ်းအကွပ်မရှိ၊ စောင့်စည်းမှုမရှိဘဲ
    လိုရင်လိုသလို မလိုရင် မလိုသလို ပြောဆိုတတ်ကြပါတယ်။
    တရားတဲ့စကား၊ မတရားတဲ့ စကားတွေ နားမလည်ဘဲ ပြောချင်သလို လက်လွတ်စပယ်
    ပြောလေ့ရှိတတ်ကြပါတယ်။

    လိုချင်တာရှိရင် လိမ်ပြောရမှာလည်း ဝန်မလေးသလို မြှောက်ပြောရမှာလည်း
    ဝန်မလေးတတ်ပါဘူး။ ကိုယ်နဲ့အဆင်မပြေရင်
    အပြစ်ပြောရမှာလည်း ဝန်မလေးတတ်သလို ဆဲဆိုကြိမ်းမောင်းကာ အပုတ်ချရမှာလည်း
    ဝန်မလေးတတ်ပါဘူး။
    ဒီလို စကားကို ပေါ့ပေါ့တန်တန် အလွယ်တကူ ပြောဆိုတတ်တဲ့ အတွက်လည်း မဟုတ်မတရားတဲ့ စကား
    အပြောများလာခြင်းရဲ့ ရလာဘ်အဖြစ် နောက်ပိုင်း
    ဒီလိုပြောဆိုရတာကို အပြစ်တစ်ခုလို မမြင်တော့ဘဲ မဟုတ်တာ၊
    မကောင်းတာမှန်သမျှ ပါးစပ်က အလွယ်တကူ ပြောဆိုဖြစ်ကုန်ပါတယ်။ မကောင်းမှု အကုသိုလ်ရဲ့ သဘောကလည်း အဲဒီမကောင်းတဲ့အလုပ်ကိုလုပ်ပါများလာတဲ့အခါ
    မကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ သာမန်နေ့စဉ် ထမင်းစား
    ရေသောက်အလုပ်တစ်ခု အဖြစ် ထင်လာတတ်တာ ဖြစ်ပါတယ်။

    ဒါကြောင့် မကောင်းမှု အကုသိုလ်ဟာ အသေးလေးဆိုပြီး အထင်မသေးပါနဲ့လို့ ဗုဒ္ဓဘုရားရှင်
    မိန့်တော်မူတာဖြစ်ပါတယ်။

    အခုလည်း ဒီလိုပါပဲ။ စကားကို အလွယ်တကူ အထိန်းအကွပ်မရှိ ပြောတတ်တဲ့အတွက်
    မတရားတဲ့ စကားတွေ ဖြစ်တတ်ကာ အဲဒီစကားနောက်
    မတရားတဲ့ အရာတွေ ပါကုန်တာ
    ဖြစ်ပါတယ်။

    သာမန်ပုထုဇင်တွေ အနေနဲ့ နေ့စဉ်စောင့်ထိန်းကြတဲ့
    ငါးပါးသီလထဲမှာ အထိန်းရအခက်ဆုံး သီလသိက္ခာပုဒ်ဟာ မုသာဝါဒ သိက္ခာပုဒ်လို့ ပြောနိုင်ပါတယ်။
    ပါးစပ်ကို စောင့်ထိန်းစေလိုတဲ့အတွက်သီလသိက္ခာပုဒ်
    တစ်ခုအနေနဲ့ ထိန်းစေလိုရင်း ဖြစ်ပေမယ့် ဒီပါးစပ်တစ်ခုကို ထိန်းဖို့ဟာ
    အတော်မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစကားမှာ “အပေါက်တစ်ရာကို
    ပိတ်လို့လွယ်တယ်၊
    ပါးစပ်ပေါက်တစ်ပေါက်ကို ပိတ်ဖို့မလွယ်ဘူး” လို့ ဆိုခြင်းဖြစ်ပါတယ်။

    တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် သတိထားကြည့်မိရင်နေ့စဉ်ပါးစပ်က
    ပြောတဲ့အရာတွေမှာ ကောင်းတာထက် မကောင်းတာက များတတ်တာကို သတိပြုမိကြမှာ
    ဖြစ်ပါတယ်။
    ပါးစပ်က ကုသိုလ်နဲ့စပ်တဲ့ စကား၊ ကောင်းတဲ့စကား၊ ရတနာသုံးပါးနဲ့စပ်တဲ့ စကားတွေ ပြောဖြစ်ကြတာထက် ဘယ်သူက ဘာဖြစ်တယ်၊
    ဘယ်သူ့ကြောင့်ဘာဖြစ်တယ် စတဲ့
    သူများမကောင်းပြောတဲ့ စကား၊ အတင်းပြောတဲ့စကား၊ အပြစ်ပြောတဲ့ စကားတွေပဲ
    များနေတတ်တာကို တွေ့ရတတ်ပါတယ်။ အဲဒီလို မကောင်းတဲ့ စကားစတာတွေ
    ပြောဖြစ်လာပြီဆိုရင် ဒီလူတစ်ယောက်ဟာ မကောင်းတဲ့အလုပ်တွေမှာလည်း လုပ်ဖို့
    ဝန်မလေးတော့ပါဘူး။
    မဟုတ်တာကို ပြောတတ်တဲ့သူတစ်ယောက်ဟာ မလုပ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူးလို့ ဆိုသလို ပါးစပ်က မဟုတ်တာတွေ
    ပြောလာတတ်ပြီဆိုရင် အဲဒီသူဟာ
    မကောင်းတဲ့ အလုပ်ကိုလည်း အလွယ်တကူ လုပ်ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။
    ဒါကြောင့် ဘုရားရှင်က သားတော် ရာဟုလာကို “ချစ်သား ရာဟုလာ မုသားဆိုလျင် ရယ်ဖွယ်မျှပင် မပြောနဲ့” လို့ မိန့်တော်မူတာ ဖြစ်ပါတယ်။
    ဒီလိုနှုတ်ကိုမစောင့်စည်းဘဲ အလွယ်တကူ ကျူးလွန်တတ်တဲ့သူတွေဟာ
    သူ့စကားနဲ့သူ့ကိုပြန်ပြီး
    ထိခိုက်စေကာ စကားနောက် တရားပါကုန်တတ်တဲ့အတွက် စကားပြောတဲ့အခါ ကောင်းတဲ့တရားတွေပါအောင် ပြောဆိုကြဖို့
    တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

    နောက် ပါးစပ်က ပြောတဲ့စကားဟာ မမှန်တဲ့ စကားတွေများနေ၊ အကျိုးမရှိတဲ့ စကားတွေ များနေတဲ့အခါ အဲဒီသူတွေရဲ့ ပါးစပ်ဟာ
    အနံ့အသက်မကောင်းဘဲ စကားမပီ
    သွားလည်းမညီ ဖြစ်တတ်ကြောင်း စသဖြင့် စာပေအဖွင့်တွေမှာ ဆိုပါတယ်။

    အရှင်ဇနကာဘိဝံသရဲ့ ရတနာ့ဂုဏ်ရည် စာအုပ်မှာလည်း ဆရာတော်က “မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုတ်ညှီပါးစပ်၊
    ခြောက်ကပ်ကိုယ်ရေ၊
    ဣန္ဒြေနောက်၊ ပုံယွင်းဖောက်၏၊ မရောက်ဩဇာ၊ နှုတ်လျှာကြမ်းထော်၊
    လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း”လို့ ဆောင်ပုဒ်ကဗျာ ဖွဲ့သီထားပါတယ်။ ဒါဟာ မဟုတ်မမှန်တဲ့ စကားကိုပြောဆိုတတ်တဲ့
    သူတွေထံ ရောက်လာနိုင်တဲ့ သက်ရောက်မှု အကျိုးတရားတွေ ဖြစ်ပါတယ်။
    ဒီလိုပဲ မှန်ကန်တဲ့ စကားပြောဆိုတဲ့ သူတွေကျပြန်တော့ စကားပီပြီး သွားညီကာ ခံတွင်းအနံ့ကောင်းခြင်း စတဲ့ ကောင်းတဲ့တန်ပြန် သက်ရောက်မှု
    အကျိုးတရားတွေကို
    ဖြစ်စေမှာ ဖြစ်ပါတယ်။

    အရှင်မဟာမေဂ္ဂလာန်မထေရ်မြတ် နတ်ပြည်ကိုကြွတော့ နတ်ပြည်မှာ နတ်သားတစ်ယောက်နဲ့ တွေ့ပါတယ်။ ဒီနတ်သားနဲ့တွေ့တော့ အရှင်မြတ်က “နတ်သား…
    သင်နတ်ပြည်ရောက်လာတာ
    ဘယ်လိုကောင်းမှုတွေ လုပ်ခဲ့လို့လဲ”လို့ မေးတော်မူတဲ့အခါ အမေးခံရတဲ့ နတ်သားက
    “အရှင်ဘုရား… တပည့်တော် ပြောရမှတောင် ရှက်လှပါတယ်ဘုရား…၊ တပည့်တော်
    လူ့ပြည်မှာတုန်းက တစ်ခြားကုသိုလ်ကောင်းမှုတွေ ဘာမှ မလုပ်ခဲ့ပါဘူးဘုရား၊
    ဒါပေမယ့် မုသားမပြောဘဲ အမှန်ကိုသာ ပြောခဲ့တဲ့ သစ္စာအလုပ်တစ်ခုတော့
    လုပ်ဖြစ်ခဲ့ပါတယ်၊ အဲဒီ အမှန်ကိုပြောခဲ့ခြင်း ဆိုတဲ့ ဒီကုသိုလ်လေး
    တစ်ခုနဲ့ပဲ တပည့်တော် နတ်ပြည်ကို ရောက်လာတာ ဖြစ်ပါတယ်ဘုရား…”လို့
    ပြန်လျှောက်ပါတယ်။ ဒါဟာ ကောင်းတဲ့စကားကို ပြောဆိုရခြင်းရဲ့
    ကောင်းတဲ့တန်ပြန် သက်ရောက်မှုရဲ့ စကားနောက် တရားပါခဲ့ခြင်းပဲ ဖြစ်ပါတယ်။
    ဒါကြောင့် စကားဆိုတာ တရားပါမှ မတရားတာကို ပယ်နိုင်ပြီး ကောင်းတဲ့အရာတွေ
    ပါမှာလို့ ဆိုခြင်း ဖြစ်ပါတယ်။

    ဆိုလိုတာက စကားနောက် တရားပါဆိုတဲ့ ဆိုရိုးအတိုင်း ဘယ်သူပဲဖြစ်ဖြစ် စကားပြောတဲ့အခါ စကားနောက်ကို တရားတွေက
    ပါနေကြမှာ ဖြစ်တဲ့အတွက်
    ကောင်းတဲ့အကျိုးတွေနဲ့ ကောင်းတဲ့တရားတွေ ပါလာစေဖို့ စကားပြောတဲ့အခါ
    ကောင်းတဲ့စကားတွေ ပြောနိုင်အောင် ကြိုးစားကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အကောင်းလည်းပြောတတ် မကောင်းလည်း ဟောတတ်တဲ့ ဒီပါးစပ်ဟာ
    အကောင်းပြောရင်
    အကောင်းရမှာဖြစ်ပြီး မကောင်းဟောရင် မကောင်းရမှာ ဖြစ်တဲ့အတွက်
    အကောင်းလည်းပြော အကောင်းလည်းဟောရင်း ကောင်းကျိုးတွေနဲ့ စကားနောက်ကို ကောင်းတဲ့တရားတွေ ရောက်အောင် လေ့ကျင့်ကြဖို့ တိုက်တွန်းလိုရင်း
    ဖြစ်ပါတယ်။

    ဒါကြောင့် ပါးစပ်ဆိုတာ ပြောဖို့နဲ့ စားဖို့အတွက် သဘာဝက ဖန်တီးပေးတာ ဖြစ်ပေမယ့် ပြောချင်ရာပြော စားချင်ရာစား မယ်ဆိုရင်တော့
    ကိုယ်ပြောတဲ့စကား၊
    ကိုယ်စားတဲ့ အစားတွေကြောင့်ပဲ တန်ပြန်သက်ရောက်မှု အကျိုးတရားတွေ
    ဖြစ်စေတတ်တဲ့အတွက် အကောင်းပြောပြီး အကောင်းစားနိုင်အောင် ပြောသမျှစကားတွေမှာ ကောင်းတာတွေ ဖြစ်စေဖို့နဲ့
    စားသမျှအစားတွေမှာလည်း
    လောဘတဏှာတွေ မဖြစ်စေဖို့ စကားနောက်မှာ တကယ့်အစစ်အမှန် တရားတွေ
    ပါအောင်သာ ကြိုးစားကြပါလို့ စေတာနာထား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။ အားလုံး စကားနောက်ကို တကယ့်တရားတွေပါနိုင်ကြပါစေ…။

    စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

  • mandalarthu

    August 9, 2011 at 10:16 pm

    Manaw,Thanks for yr sharing.I wana to read yr own ideas and share about yr topic more than our Buddha’s six kinds of saying words as we have already heard before.

    Shweinsi, Is it yr. own comment or a post?It is too long !It’s really sharing of a monk’s blog.
    I think you’d better put this as a post.Is it yr own idea or sharing Ashin Wiseita’s blog? အရှင်ဝိစိတ္တ (မနာပဒါယီ).Which one? May I know.

  • mandalarthu

    August 9, 2011 at 10:23 pm

    Manaw,Thanks for yr sharing.I wana to read yr own ideas and share about yr topic more than our Buddha’s six kinds of saying words as we have already heard before.

  • mandalarthu

    August 9, 2011 at 10:28 pm

    Shweinsi, Is it yr. own comment or a post?It is too long !It’s really sharing of a monk’s blog.
    I think you’d better put this as a post.Is it yr own idea or sharing Ashin Wiseita’s blog? အရှင်ဝိစိတ္တ (မနာပဒါယီ).Which one? May I know.

  • ရွှေအိမ်စည်

    August 9, 2011 at 10:56 pm

    မန်းသူရေပိုစ် ့ပါ….ပြီးတော့ဒါကဆရာကြီးလုပ်တယ်ထင်မှာစိုးလို ့ဆရာတော်စာနဲ ့ပါပူးတွဲ ပါတယ်..လွန်ခဲ ့တဲ ့၃နှစ်လောက်ရှိပါပြီ….

    မနောစာမှာလိုနေတာရှိလို ့..စ..ဆုံး….သတိထားသင့်တာလေးကောမက်အနေနဲ ့
    လက်ဆောင်ပေးလိုက်တာပါ……

    ကျမ…ဧဒင်ဥယျာဉ်ထဲ မှာအချင်းချင်းစကားများတဲ ့အခါ..
    ဦးဦးမှော်ဆရာဂရု…
    အလင်းစေတမာန်…
    generationဂရုတွေ များ…..အချင်းချင်း

    ပြသနာတွေ ခဏခဏတက်ကြတတ်ပါတယ်…
    .ဒီအခါကျမက…မျက်နှာမည်းပေါင်ချိန်တော့မဟုတ်ပါဘူး….

    ကြားကနှစ်ဘက်ပြေလည်အောင်..ညှိသူတစ်ယောက်လို ့ဘဲနားလည်ပေးပါ…
    ဒီစာကကျမလက်ထဲ မှာ..အဆင်သင့်ယူလို ့ရတဲ ့နေရာမှာအမြဲထားရတယ်လေ…
    လိုတာသုံး..မလိုတာဖယ်ပါ……

    Buddhaထွန်းကားတဲ ့နေရာမှာ..ကျမစကားထက်…
    ဘုရားသားတော်စကားကပိုထိရောက်တယ်လေ…
    ဒီစာဒီပိုစ်လေးအချင်းချင်းကြားပေးဖတ်တိုင်းပြေလည်ခဲ ့တာချည်းပါဘဲ…..

    ကျမနဲ ့တသားတည်းတွေ ့ရမယ့်စာပါဘဲ..

  • ဒီသဘောတရားတွေကို လူတိုင်းကြားဘူးကြ သိကြပါတယ်။
    ဒါပေမယ့် လက်တွေ့ကျင့်သုံးနိုင်အောင် ကြိုးစားတဲ့သူက နည်းပါး ပါတယ်။
    သဘောတရားတစ်ခု ကို ပါးစပ်ကပြောနိုင်တာ လက်ကချရေးပြတာထက်စာရင်
    ကိုယ်တိုင် ကျင့့်သုံးနိုင်အောင် ကြိုုးစားသင့်ပါတယ်။
    ကျနော်ဆရာတစ်ယောက်က ပြောဘူးပါတယ်။
    ညအိပ်ယာဝင်ခါနီးရင် တစ်နေကုန် ဘာတွေပြောထားသလဲ ပြန်စဉ်းစား။
    မသင့်တော်တာ ဘာများပါသွားသလဲပေါ့။
    စဉ်းစားမိတော့ ကိုယ်တစ်နေ့လုံးပြောတာတွေမှာ အမှားတွေအများကြီးဆိုတာ နေ့စဉ်တွေ့နေရပါတယ်။
    ဒါပေမယ့်နောက်နေ့မှာလဲ မှားမြဲ မှားဆဲပါဘဲ။
    ဒီလိုပြန်စဉ်းစားလိုက်အတွက်ရလာတဲ့ရလာဒ်ကတော့ တော်တော်များများပြန်မှတ်မိနေတာပါဘဲ။
    ဘယ်သူနဲ့ဘယ်လိုပြောခဲ့တယ် ကိုယ်ကဘာပြောခဲ့တယ် ဘယ်သူက ဘာပြောတယ်ဆိုတာတွေကိုပေါ့။
    ကျနော်တို့အားလုံးက သာမန်လူသားဖြစ်တဲ့အတွက် သိတော့သိတယ် မကျင့်သုံ့းနိုင်ဘူးဆိုတာကတော့ အမှန်ပါဘဲ။
    သီအိုရီအရသိနေတာနဲ့ လက်တွေ့ ဘဝမှာ ကျင့်သုံးနိုင်တာ ကွာတော့ကွာပါတယ်။
    ဒါပေမယ့် ကြိုးစားလို့ ………………………..

  • pan pan

    August 10, 2011 at 9:01 am

    ပါးစပ်ဆိုုတာ ရောဂါတွေကိုမျိုချပြီး
    ရန်သူတွေကိုမွေးထုတ်တယ်လို့ စာမှာဖတ်ရတယ်
    ဒီပါးစပ် တစ်ပေါက်တည်းရှိလို့သာရယ်ပဲ (ပါးစပ်တစ်ပေါက်ဆိုတာ စားလည်းစား၊ ပြောလည်းပြော)
    ကောင်းကျိုးပေးနည်းတယ်
    အသုံးချတတ်မှ တော်ရာကျမယ်
    အပြောမတတ်တဲ့ပါးစပ်တိုပြီး အငတ်ထားလို့လည်းမရဘူး 🙁

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 10, 2011 at 10:53 am

    စကားအချေတင်းပြောဆိုသောအခါ
    အသိခက်သော အနက်ကို ပြဆိုသောအခါတို့၌
    အခြားပုဂ္ဂိုလ်များ နှစ်သက်လက်ခံနိုင်အောင်
    ဝစနာယဝ ခေါ်စကား၏ အစိတ်အပိုင်း ငါးပါးလုံးကို
    ပြည့်စုံစွာပြောဆိုရ၏။ ၎င်းတို့မှာ-
    ၁။ ပဋိညာ – မိမိ၏ဝါဒ အဖြစ်ဖြင့် ဝန်ခံတင်ပြချက် အဆိုတင်ပြချက်
    ၂။ ဟေတု – ထိုတင်ပြချက်မှန်ကန်ကြောင်း သိစေရန်အကြောင်းပြချက်
    ၃။ ဥဒါဟရဏ – ပုံတူ ဥပမာထုပ်ပြချက်
    ၄။ ဥပနယ – ဥပမာနှင့် ဥပမေယျ နှီးနှောဆောင်ကပ်၍ ပြချက်
    ၅။ နိဂုံး – အဆုံးသတ်အတည်ပြု ဆုံးဖြတ်ချက် – တို့ပင်ဖြစ်သည်။
    ပုံစံထုပ်၍ပြအံ့
    ၁။ အသံသည်မမြဲ၊ ( ပဋိညာ )
    ၂။ ဖြစ်ခြင်းသဘောရှိသောကြောင့်၊ ( ဟေတု )
    ၃။ ဖြစ်ခြင်းသဘောရှိသောအရာဟူသမျှသည် အိုးခွက်ကဲ့သို့ပင် မမြဲသည်ချည်းသာ(ဥဒါဟရဏ)
    ၄။ ထိုအတူပင်အသံသည်လည်း ဖြစ်ခြင်းသဘောရှိ၏ ( ဥပနယ )
    ၅။ ထို့ကြောင့် အသံသည်မမြဲ ( နိဂုံး )
    ထိုထက်ထင်ရှားသော ပုံစံတစ်ခုကို ထုပ်ပြဦးအံ့
    ၁။ ထိုတောင်၌ မီးရှိ၏ ( ပဋိညာ )
    ၂။ ( အဘယ့်ကြောင့်နည်း ) မီးခိုးရှိနေသောကြောင့်တည်း( ဟေတု )
    ၃။ မီးခိုးရှိရာအရပ်တိုင်းမှာ စဖိအိမ်၌ကဲ့သို့ မီးရှိစမြဲပင် ( ဥဒါဟရဏ )
    ၄။ ထို့အတူပင် ထိုတောင်၌ မီးခိုးရှိနေသည် ( ဥပနယ )
    ၅။ ထို့ကြောင့် ထိုတောင်၌ မီးရှိကြောင်း သိရပေသည်။ ( နိဂုံး )
    …………………………….
    …………………………….
    ဘာရယ်တော့ ဟုတ်ပါဘူး
    စာအုပ်ထည်းမှာပါတဲ့ ဘဒ္ဒ န္တတွေရဲ့ စကားပြောနည်းလေးကို ကြုံလို့ ပြောပြတာပါ
    ကိုယ်ကတော့ ဘဒ္ဒ န္တ မဟုတ်လေတော့ အဆင်ပြေသလိုပြောတာပါဘဲ
    အဆင်ပြေသလို ပြောလို့ရရင်ရ မရရင်တော့
    ဆဲတာပေါ့ဗျာ

    • kai

      August 10, 2011 at 12:04 pm

      အင်း…
      ဒါလေးသိချင်နေတာ…အတော်ပဲဖြစ်သွားတယ်..။
      အာရိဂတ်တော..။ ကျေးဇူးကမ္ဘာ…။ 🙂

Leave a Reply