ချယ်ရီပင်ကိုင်းကျိုး
31 March 2011 14:35:24
ချယ်ရီပင်ကိုင်းကျိုး
“ကျောင်းဆင်းပြီးလည်းကျွန်တော်ဆက်နေလို့ရပါတယ်“ဆရာဟားဘတ်ကိုကျွန်တော်ပြောလိုက်တယ်။ “ဒါပေမယ့် ကျွန်တော့်ကိုကြိမ်နဲ့ရိုက်ပြီးကျောင်းစောစောဆင်းပေးစေချင်တယ်။ ဘာပဲဖြစ်ဖြစ် အဖေကကျောင်းကအပြန်နှစ်နာရီနောက်ကျလို့ ကျွန်တော့်ကိုကြိမ်နဲ့စော်မှာပဲ။
“မင်းကကြိမ်နဲ့ရိုက်ရမယ့်အရွယ်မဟုတ်တော့ဘူး´´ဆရာဟားဘတ်ကပြန်ပြောလိုက်တယ်။ “ဒါပေမယ့် မင်းကိုအဲဒီချယ်ရီပင်ကို သွားတက်တဲ့အတွက် ဒဏ်တော့ပေးမှရမယ်။ မင်းတို့ကောင်လေးတွေပိုသိပါတယ်။ တခြားငါးယောက်ကတော့ တစ်ယောက်တစ်ဒေါ်လာပေးပြီးပြီ။ မင်းတစ်ယောက်ပဲ အဲဒီအပင်ဖိုးလျော်ဖို့ကျန်တော့တယ်။ မင်းကွာ တစ်ဒေါ်လာလေးတောင် ချေးလို့မရဘူးလား။“
“ဟင့်အင်း“ကျွန်တော်ဖြေလိုက်သည်။ “ကျွန်တော်ပြစ်ဒဏ်ပဲခံမယ်။ ခပ်မြန်မြန်ပြစ်ဒဏ်မျိုးဖြစ်ရင်ကောင်းမယ်။ ကျွန်တော်မကြောက်ပါဘူး“
ဆရာဟားဘတ်ကကျွန်တော့်ကိုစိုက်ကြည့်နေသည်။ ဆရာကလူကောင်ကြီးသူဖြစ်သည်။
မီးခိုးရောင်ဝတ်စုံဝတ်ထားသည်။ သူ့ဝတ်စုံက သူ့ဆံပင်ဖြူတွေနှင့်လိုက်ဖက်လှသည်။
“ဆရာကျွန်တော့်အဖေအကြောင်းမသိပါဘူး။ သူကရှေးဆန်တယ်လို့ပြောလို့ရတယ်။ ကျွန်တော်တို့အသက်နှစ်ဆယ့်တစ်နှစ်အထိ သူစကားလိုက်နာရတုန်းပဲ။ သူက ကလေးကိုအလိုလိုက်ရင်ပျက်စီးတတ်တယ်ဆိုတဲ့စကားကို လက်တွေ့ကျင့်သုံးတဲ့သူပဲ။ သူ့ကို ချယ်ရီပင်ကိစ္စနားလည်အောင်ဘယ်လိုမှရှင်းပြလို့ရမှာမဟုတ်ဘူး။ ကျွန်တော်က ကျွန်တော်တို့အမျိုးထဲမှာ တစ်ဦးတည်းသောပထမဆုံးအထက်တန်းကျောင်းတက်နိုင်တဲ့သူလေ။
ဆရာက“ကဲ ဒါဆိုရင်တော့ မင်းပြစ်ဒဏ်ခံမှဖြစ်မယ်။ မင်းဒီနေ့ကျောင်းဆင်းပြီးနှစ်နာရီ၊ မနက်ဖြန်နှစ်နာရီနေရမယ်။ မင်းကို တစ်နာရီကိုနှစ်ဆယ့်ငါးပြားပေးမယ်။ အထက်တန်းကျောင်းသားတစ်ယောက်အတွက်တော့ ဒီပိုက်ဆံဟာတော်တော်များတဲ့ငွေပဲ။ မင်း ကျောင်းကြမ်းပြင်တွေကို တံမြက်စည်းလှည်းရမယ်။ကြမ်းတိုက်ရမယ်။
ကျောက်သင်ပုန်းတွေကိုသုတ်ရမယ်။ တံခါးပေါက်တွေကို သန့်ရှင်းရေးလုပ်ရမယ်။ မင်းအတွက်ပိုက်ဆံကိုငါစိုက်ပေးမယ်။´´ ဟုပြောသည်။
ဆရာဟားဘတ်ကို ကျွန်တော့်ကို တစ်ဒေါ်လာချေး ဖို့ပြောမထွက်။ သူကလဲဘယ်တုန်းကမှ စကားမဟခဲ့။ ကျောင်းဆင်းချိန် အချိန်ပိုဆက်နေပြီး တစ်နာရီ ၂၅ ပြားနှုန်းနဲ့ ကျောင်းသန့်ရှင်းရေးအဖိုးကြီးကို ဝိုင်းကူလုပ်ရုံပဲတတ်နိုင်တော့သည်။
ကြမ်းပြင်ကိုတိုက်နေရင်းနဲ့ “အဖေ ငါ့ကို ဘာများလုပ်မလဲ အိမ်ပြန်ရောက်တဲ့အခါ ဘယ်လို လိမ်ပြောရပါ့မလဲ“ဘာဖြစ်လို့များ ငါတို့အဲဒီချယ်ရီပင်ကိုသွားတက်မိရ တာပါလိမ့်။ အဲဒီ ပုတ်သင်ညိုနောက်ကို ဘာလို့ တို့ ခြောက်ယောက်သားလိုက်ဖမ်းကြရတာလဲ။ နောက်ပြီး အပင်ကဘာလို့ကျိုးရတာလဲ။ ခြံရှင်အဖိုးကြီး အိဖ် ကရော ဘာလို့အဲဒီအချိန် အပင် အောက်ရောက်နေရတာလဲ။ ´´ ဟုတောင်စဉ်ရေမရတွေးနေမိသည်။
ကျောင်းကပြန်တော့ ညနေခြောက်နာရီထိုးနေပြီ။ အိမ်ရောက်အောင်ခြောက်မိုင်လောက် လမ်းလျှောက်ရဦးမည်။ အိမ်ရောက်တဲ့အချိန်ကျ ရ နာရီကျော်နေလိမ့်မည်။ အိမ်ရောက်လျှင် လုပ်စရာ အလုပ်တွေကတစ်ပုံကြီး။ အဖေနဲ့အတူတူ နွားမခုနှစ်ကောင် နို့ညှစ်ရဦးမည်။ ကျွဲတွေနွား ဆယ်ကိုးကောင်၊ လားက လေးကောင်၊ ဝက် နှစ်ဆယ့်ငါးကောင် အစာကျွေးရဦးမည်။ မီးဖိုအတွက် ထင်းတွေခွဲရဦးမည်။ ပြီးတော့ ရေတွင်းကရေခပ်ရဦးမည်။ အိမ်ပြန်ရောက်တဲ့အချိန် အဖေလုပ်လက်စတန်းလန်းဖြစ်နေလိမ့်မည်။ ကျွန်တော်နောက်ကျနေတဲ့အကြောင်းတွေးပြီး အဖေတော့ ဒေါသပုန်ထနေတော့မည်။
ကျွန်တော် ညမှောင်မှောင်အောက် ရိုးတံပြိုင်းပြိုင်းနှင့်သစ်ပင်တွေကြားထဲမှ အိမ်ကိုအပြေးပြန်လာခဲ့သည်။ တောင်ကုန်းပေါ်ပြေးတက်လိုက်ဆင်းလိုက် နှင့် အမြန်သွားမှဖြစ်မည်။မြေကြီး က အေးစိမ့်နေသည်။ ကျွန်တော်တို့ နွားကျောင်းရာစားကျက်သို့သွားသည့် ခင်တန်းရှည်ရှည်သို့ရောက်လာသည်။ လေက မျက်နှာပေါ်ရှိချွေးတို့ကို ခြောက်သွေ့သွားစေသည်။ စားကျက်ကိုဖြတ်လျက် အိမ်ဆီသို့အပြေးနှင်လေတော့သည်။ စာအုပ်တွေကိုကဗျာကယာ ပစ်ချရင်း စပါးကျီသို့ နွားစာကျွေးဖို့ပြေးလာခဲ့သည်။ ကျောင်းဝတ်စုံကို အလုပ်ကြမ်းဝတ်စုံအဟောင်းနှင့်လဲဖို့အချိန်မရ။နွားစာတွေကိုမြေပြင်မှာဖွနေသည့်အဖေ့ကိုတွေ့ရသည်။ ဒါကျွန်တော်လုပ်ရမယ့်အလုပ်တွေ။ ကျွန်တော်ပြေးသွားပြီး “ထားလိုက်အဖေ။ ကျွန်တော်လုပ်လိုက်မယ်။ ကျွန်တော်နည်းနည်းနောက်ကျသွားတယ်“ဟုပြောလိုက်သည်။ “ငါမြင်သားပဲ´´အဖေကျွန်တော့်ဘက်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးမှာဒေါသမီးတောက်နေသည်။ “မင်းကဘာလို့ဒီလောက်နောက်ကျရတာလဲ။ ဒီအလုပ်တွေငါ့ကိုဘာလို့မကူရတာလဲ။ တစ်မိပေါက်တစ်ယောက်ထွန်းဖြစ်အောင်ကျောင်းထားပေးတာ ဒီလိုပြန်ကျေးဇူးဆပ်တာလား။´´ ကျွန်တော်ဘာမှပြန်ပြော။ ကျောင်းနောက်ကျရတဲ့အကြောင်းပြောပြချင်စိတ်လည်းမရှိပေ။ အဖေကနွားစာတွေဖြန့်တာရပ်လိုက်သည်။ ကျွန်တော့်ကိုကြည့်ရင်း “မင်းဒီလိုအချိန်ကျမှဘာလို့ရောက်လာတာလဲ။ ပြောရင်ပြော။မပြောလို့ကတော့ ဒီမှာတင် ထင်းတုံးနဲ့အတီးခံရမယ်။´´ ဟုကြိမ်းဝါးတော့သည်။
“ကျွန်တော်ကျောင်းနောက်ကျမှဆင်းရတယ်´´ကျွန်တော် အဖေ့ကိုလိမ်လို့မဖြစ်။ သူမနက်ဖြန် ကျောင်းကိုသွားပြီး ကျွန်တော်ကျောင်းနောက်ကျမှ ဆင်းရသည့် အကြောင်းစုံစမ်းလိမ့်မည်။ လိမ်ပြောလိုက်မှပိုဆိုးသွားလိမ့်မည်။ “ကျွန်တော်တို့ ဇီဝဗေဒအချိန်မှာ ပြင်ပလေ့လာရေးသွားရတယ်။ ကျွန်တော်တို့ ယောက်ျားလေးခြောက်ယောက်ကြောင့် ချယ်ရီပင်တစ်ပင်ကျိုးသွားတယ်။ အဲဒီအပင်အတွက် တစ်ယောက်တစ်ဒေါ်လာစီလျော်ပေးရတယ်။ ကျွန်တော့်မှာတစ်ဒေါ်လာမရှိဘူးလေ။ ဆရာဟားဘတ်ကကျွန်တော့်ကိုအလုပ်ခိုင်းတယ်။ တစ်နာရီ ၂၅ ပြားနှုန်းနဲ့။ ဒီညနေကျွန်တော်နေရတယ်။ မနက်ဖန်ညနေလည်းနေရဦးမယ်။ “
“မင်းတကယ်ပြောနေတာလား´´။
“ကျွန်တော်တကယ်ပြောတာပါ။ မယုံရင်အဖေသွားမေးကြည့်။´´
“ငါသွားကိုကြည့်ဦးမှာ။ ´´“နေပါဦး။ မင်းတို့က ဘယ်သူ့အပင်သွားချိုးပစ်လိုက်ရတာလဲ´´
“အိဖ်ရဲ့အပင်´´
အဖေကမေးသည်။“အိဖ်ရဲ့လယ်ကွင်းမှာ မင်းတို့ကဘာသွားလုပ်တာလဲ။ သူနေတာက ကျောင်းရဲ့ ဟိုး လေးမိုင်လောက်ဝေးတဲ့နေရာမှာ။ မင်းတို့ကျောင်းမှာ စာအုပ်တွေနဲ့မသင်ရဘူးလား။ သူတို့က မင်းတို့ကို ဒီအတိုင်းတောင်ကုန်းတွေသွားတက်ဖို့ လွှတ်ထားတာပဲလား။ ဒီလိုဆိုရင်တော့ မင်းကိုအိမ်မှာပဲထားတော့မယ် ဒေ့ဗ်။ မင်းအတွက်အလုပ်တွေဒီမှာအများကြီးပဲ။`
“အဖေ။ နွေဦးရာသီကရောက်နေပြီ။ ကျောင်းမှာ ပိုးကောင်တွေ၊ မြွှေတွေ၊ ဖားတွေ၊ ပုတ်သင်ညိုတွေနဲ့ အပင်တွေကိုလေ့လာရတဲ့ဘာသာတစ်ခုရှိတယ်။ အဲဒါ ဇီဝဗေဒပဲ။ အဲဒီနေ့ကနေသာတယ်။ ကျွန်တော်တို့ အကောင်တွေထွက်ရှာရတယ်။ ကျွန်တော်တို့ယောက်ျားလေး ခြောက်ယောက် ပုတ်သင်ညို တစ်ကောင်ကို ချယ်ရီပင်ပေါ်မှာ တပြိုင်တည်းတွေ့လိုက်ကြတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း အပင်ပေါ်အားလုံးတက်ဖမ်းကြတယ်။ အပင်က ခွဆုံကနေကျိုးသွားတယ်။ ဘကြီးအိဖ်က ကျွန်တော်တို့အောက်မှာ ထယ်ထိုးနေတာ။´´
“ဪ..သူဆင်းရဲသားပေါ့။ ဟုတ်လား။ မနက်ဖြန်ကျမှငါဒီကိစ္စရှင်းမယ်။ သူက ဒီနယ်သားလဲမဟုတ်ဘဲနဲ့။ မနက်ဖြန်ကျမှ ငါသူ့ကိုသွားကိုရှင်းဦးမယ်။ စာအုပ်တွေကျတော့ပစ်ထားပြီး တောင်ကုန်းပေါ်မှာလျှောက်ဆော့နေဖို့ လွှတ်ထားတယ်ပေါ့။ ဘယ်လိုကျောင်းမျိုးလဲကွာ။ ´´
“မသွားပါနဲ့အဖေရယ်။ သားဖာသာသား ပြားငါးဆယ်ရအောင်လုပ်ပြီးဒဏ်ငွေပေးပါရစေ။ အဖေ့ကိုကျောင်း မသွားစေချင်ဘူး။ ဆရာဟားဘတ်နဲ့ပြဿနာမဖြစ်စေချင်ဘူး။ ´´
“ဒီကိစ္စငါကိုယ်တိုင်ရှင်းရမယ်။ မင်းဆရာဟားဘတ်နဲ့လည်းရှင်းရမယ်။ တခြားကလေးတွေကျတော့ပိုက်ဆံရှိလို့လွှတ်ပေးပြီး မင်းကျတော့အလုပ်ခိုင်းရတယ်လို့။ သူ့မှာလုပ်ပိုင်ခွင့်မရှိဘူး။ ငါကဆင်းရဲသားပါ။ သေနတ်ကျည်ဆံကတော့ ဆရာကောဘာကောညှာမှာမဟုတ်ဘူး။ ဆင်းရဲသားလဲကျည်ဆံမှန်ရင်သေမှာပဲ။ သူဌေးလဲသေမှာပဲ။ ကဲလာ မင်းကျောကိုလျော်ထုံးနဲ့အရိုက်မခံရခင် အလုပ်လာလုပ်´´
စပါးကျီရဲ့အပေါ် တောအုပ်လေးကိုဖြတ်ပြီး ဝေးနိုင်သမျှဝေးဝေးပြေးမလားဟု ကျွန်တော် စဉ်းစားမိသည်။ ကျောင်းနဲ့အိမ်ကနေတခါတည်းထွက်ပြေးလိုက်မည်။ အဖေလိုက်နိုင်မှာမဟုတ်ဘူး။ အဖေနဲ့တော့ ကျောင်းကိုပြန်မသွားနိုင်ဘူး။ သူသေနတ်ယူသွားပြီး ဆရာ့ကို ပစ်ရင်ပစ်လိမ့်မည်။ သူဘာလုပ်မလဲ ပြောဖို့ခက်သည်။ အဖေ့ကို သူတို့ခေတ်တုံးကလိုမဟုတ်ဘဲ ဒီနယ်ကလေးမှာ ကျောင်းတွေက အများကြီးပြောင်းလဲသွားပြီလို့ ရှင်းပြရင်လဲ သူနားလည်မှာမဟုတ်။ ကျွန်တော်တို့ မြွှေတွေဖားတွေ၊ ပုတ်သင်ညိုတွေ၊ အကောင်တွေ အပင်တွေ လေ့လာရတယ်ဆိုတာပြောပြလဲ သူနားလည်မှာမဟုတ်ပေ။ အိမ်ကထွက်ပြေးရင်လဲ ထူးမှာမဟုတ်ဘူး။ အဖေကတော့ ဆရာနဲ့သွားတွေ့မှာပဲ။ ဆရာဟားဘတ်နဲ့ကျောင်းကလုပ်လို့ ကျွန်တော်အိမ်ကထွက်ပြေးတယ်လို့တောင် သူကထင်ဦးမယ်။ မထူးပါဘူး။ အိမ်မှာနေပြီး နွားစာပြီးအောင်ကျွေး၊ နောက်တစ်နေ့ အဖေနဲ့ကျောင်းကိုသွားဖို့ပဲရှိတော့တယ်။
အေးမြတဲ့မတ်လကောင်းကင်မှာ လကထိန်ထိန်သာနေသည်။ လရောင်နှင့်ကျွန်တော်အလုပ်ပြီးသွား သည်။ ဆရာဟားဘတ်ကတော့ ကျွန်တော်အိမ်မှာဘယ်လောက်အလုပ်ကြမ်းလုပ်ရသည်ကို တကယ်မသိရှာ။ သူသာသိရင်တော့ ကျွန်တော့်ကိုကျောင်းမှာ ခိုင်းမည်မဟုတ်။ လျော်ကြေးပေးဖို့ တစ်ဒေါ်လာသူထုတ်ချေးမှာပါပဲ။ သူက ဒီတောပိုင်းမှာဘယ်တုန်းကမှနေခဲ့ဘူးသူ မဟုတ် ဘူးလေ။ တောက ကလေးတွေကျောင်းတက်နိုင်ဖို့ အတွက် အလုပ်လုပ်ရတယ်ဆိုတာသူမသိခဲ့။ အခုတော့ သူ လယ်ထဲရွာထဲက ကလေးတွေကျောင်းလာတက်တဲ့ ကျေးလက်စာသင်ကျောင်း
ကလေးမှာ ဆရာလုပ်နေရပြီ။
အလုပ်တွေပြီးသွားတော့ ကျွန်တော်အိမ်ထဲဝင်ပြီး ညစာစားလိုက်သည်။ အဖေနဲ့အမေက စားနှင့်ပြီ။ ညစာကား အေးစက်၍ပင်နေပြီ။ အဖေနဲ့အမေ အိမ်ရှေ့ခန်းမှာ စကားပြောနေသံကြားရသည်။ အဖေက ကျွန်တော် ကျောင်းပြန်နောက်ကျတဲ့ အကြောင်း အမေ့ကိုပြောနေတာပင်။
“ငါ့မှာတော့ နွားတွေနို့ညှစ်ရတယ်။ ထင်းတွေတစ်ယောက်ထဲ ခွဲရတယ်။ တစ်နေကုန် လယ်ထဲမှာလုပ်ခဲ့ရသေးတယ်။ မနက်ဖန်တစ်ရက်တော့ နားလိုက်ဦးမယ်။ အဲဒီကျောင်းကိုသွားပြီး ဒီကိစ္စကို ရှင်းနိုင်မလားကြည့်ရမယ်။ ငါက ကျောင်းဆရာဟားဘတ်အတွက်တော့ စာတတ်ပေတတ်တစ်ယောက်မဟုတ်ဘူးပေါ့။ သူ့ကို မှတ်သွားအောင်တော့ သင်ခန်းစာတစ်ခုပေးရမယ်။ ´´
အမေကပြောသည်။ “လပ်စတာရယ်။ သွားမလုပ်ပါနဲ့။ ပြဿနာမရှာဘဲ အေးအေးနေစမ်းပါ။ ရှင်ဒီလိုလုပ်ရင် အချုပ်ထဲအထည့်ခံ ရမှာပေါ့။ ဥပဒေကနေမှာမဟုတ်ဘူး။ရှင်ကျောင်းကိုသွားပြီး တခြားကျောင်းသားတွေရဲ့ရှေ့မှာ ကိုယ့်သားကို မျက်နှာငယ်ရအောင်သွားတော့မလုပ်ပါနဲ့.´´
“ဟေ့။ မျက်နှာငယ်တာတွေဘာတွေ ငါမသိဘူး။ သူ ငါဒီမှာလုပ်နေရတာတွေကိုကျတော့ ထည့်မစဉ်းစားဘူး။ ကလေးတစ်ယောက်ကိုကျောင်းမှာ နေခိုင်းပြီး ကျန်တဲ့ကလေးတွေ ကျတော့ ပြန်ခိုင်းတာ သူ့မှာ လုပ်ပိုင်ခွင့်မရှိဘူး ဆိုတာပြရမယ်။ ငါ့သားလည်း တခြားကျောင်းသားတွေလောက်တော့ လိမ္မာရေးခြားရှိတာပဲ မဟုတ်လား။ ကျောင်းဆရာကိုလည်း တခြားလူတွေလို ကျည်ဆံကဖောက်သွားမှာပဲ။ ငါ့ကို ဒီလိုမျိုးတော့ ကြောသွားလို့မရဘူး။ မနက် စောစောသွားပြီး ရှင်းရမယ်။ ငါ ဒီ ပိုးကောင်ပညာရေး၊ တောင်ကုန်းတွေပေါ်ပြေးတက်ပြီး ဘုရားသခင်ဖန်ဆင်းထားတဲ့ ဖား မြွေ ပုတတ်တွေဖမ်းတဲ့ ပညာရေးအကြောင်းပြောရမယ်။´´
ကျွန်တော် ညစာကိုပြီးအောင်စားလိုက်သည်။ အပေါ်ထပ်ကို အသာတက်သွားပြီး မီးအိမ်ထွန်းလိုက်သည်။ အားလုံးကို မေ့ထားကြည့်မိ၏။ ဂျီဩမေတြီ လေ့လာသည်။ ဇီဝဗေဒ သင်ခန်းစာတွေလုပ်သည်။ အဖေ့အကြောင်းစဉ်းစားရင်းနဲ့ ဘာကိုမှ လေ့လာလို့မရ။ မနက်ကျရင် သူ ကျွန်တော်နှင့်ကျောင်းကိုသွားလိမ့်မည်။ သူ သေနတ်တစ်လက်ယူသွားလိမ့်မည်။ ဆရာ ဟားဘတ်ကတော့ ကျွန်တော့်ကို ဘယ်လိုထင်မည်မသိ။ အဖေပြန်သွားမှ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူးဆိုတဲ့အကြောင်း ရှင်းပြရမည်။ ဒါပေမယ့် အဖေက သူ့ကို သေနတ်နှင့် ပစ်ရင်ပစ်လိမ့်မည်။ ကျွန်တော် အဖေနှင့်သွားရမှာ ခါးခါးသီးသီးဖြစ်မိသည်။ ဒါပေမယ့်လည်း မနက်ကျရင် အဖေ သွေးအေးသွားပြီး မသွားဘဲ နေချင်လဲနေမှာပါ။
မနက်လေးနာရီထိုးတော့ အဖေထပြီ။ သူမီးဖိုထဲမှာ မီးမွှေးသည်။ ပြီးတော့ မီးလင်းဖို ဖိုသည်။ အမေ့ကိုနှိုးပြီး မနက်စာပြင်ခိုင်းသည်။ ပြီးတော့ ကျွန်တော့်ကိုနှိုးပြီး နွားစာကျွေး နွားနို့ညှစ် ကူခိုင်းသည်။ ကျွန်တော်တို့ စပါးကျီထဲမှာ အလုပ်တွေပြီးချိန်ရောက်တော့ အမေကမနက်စာပြင်ပြီးနေပြီ။ မနက်စာစားကြသည်။ နေ့အလင်းရောင်ပေါ်ထွက်လာကာ ဝက်သစ်ချပင်ကြီးတွေ ကိုနှင်းဖြူဖြူတွေဖုံးလွှမ်းနေတာတွေ့ရသည်။ တောင်ယာတစ်ခုလုံးနှင်းတွေဖြင့် ဆွတ်ဆွတ်ဖြူနေသည်။ အေးစိမ့်သည့်လေက တိုက်နေပြန်သည်။ ကောင်းကင်က ကြည်လင်နေသည်။ မကြာခင် နေထွက်လာကာ နှင်းတွေအရည်ပျော်စေတော့မည်။ နေ့ခင်းကျရင် နေရောင်ကြောင့် နွေးလာပြီး ရေခဲနေသည့်မြေပြင်လည်း ပျော်ဆင်းလာလိမ့်မည်။ တောင်ယာထဲမှာ ရွှံ့တွေနှင့်ပြန်ဖြစ်ဦးတော့မည်။ တောင်စောင်းတွေက ရေစီးကြောင်းလေးတွေအတိုင်း ရွှံ့နှစ်ရေတွေ စီးကျပေဦးတော့မည်။
“ကဲ ဒေ့ဖ်။ ကျောင်းသွားဖို့ပြင်တော့။ မင်းနဲ့ငါ ကျောင်းလိုက်ပြီး ဒီပိုးကောင် ဖား၊ မြွေ၊ ပုတတ် ပညာရေးအကြောင်း လိုက်ကြည့်မယ်။ ဒီလို အရူးအနှမ်းပညာရေးကို ငါလုံးဝမကြိုက်ဘူး။ ”
အဖေက လုံးဝသတိမမေ့။ သူ့ကို ကျောင်းကိုခေါ်သွားရတော့မည်။ ကျွန်တော်တို့ မနက်စောစောသွားကြသည်။ မနက်စောစောသွားရတာကိုပဲ နည်းနည်းတော့ ဝမ်းသာသည်။ အဖေက ဆရာဟားဘတ်ကို သေနတ်ထုတ်ခြိမ်းခြောက်ချိန်မှာ ကျွန်တော့်သူငယ်ချင်းတွေ သိပ်များများတွေ့မှာမဟုတ်။ အဖေ ကျောင်းနှင့်စိမ်းနေမှာ သေချာသည်။ အဖေက အပေါ်အောက်တဆက်တည်း အလုပ်ကြမ်းဘောင်းဘီ နှင့် ဘွတ်ဖိနပ်အကြီးကြီးဝတ်ထားသည်။ အပေါ်က ရှပ်အပြာနှင့် သိုးရေကုတ်အကျႌထပ်ဝတ်ပြီး ခေါင်းမှာ ဦးထုပ်အနက်ကြီးတစ်လုံး ခပ်ငိုက်ငိုက်ဆောင်းလိုက်သည်။ သေနတ်ကိုခါးမှာချိတ်ထားသည်။ တောင်ကုန်းကိုဖြတ်လျက် ကျွန်တော်တို့ ကျောင်းဆီသို့ ချီတက်ကြတော့သည်။
ကျောင်းကိုရောက်တော့ စောနေသေးသည်။ဆရာဟားဘတ်လည်းရောက်နှင့်ရုံရှိသေးသည်။ ကျောင်းဆောင် လှေခါးထစ်များတစ်လျောက်လှမ်းတက်ရင်းတွေးနေမိသည်။ “ဆရာဟားဘတ်ကလူကောင်းတစ်ယောက်ဆိုတာ အဖေသဘောပေါက်သွားမှာပါ။
သူ့ကိုမသိသေးလို့ပါ။ ကျွန်တော်နဲ့ သူငယ်ချင်းလမ်းဘတ်တို့လိုပေါ့။ ကျွန်တော်တို့မသိသေးခင်က လမ်းဘတ်ကိုကြည့်မရခဲ့ဘူး။ တကယ်စကားပြောကြည့်မှ ခင်သွားတယ်လေ။ ဒီလိုမျိုးတစ်ယောက်နဲ့တစ်ယောက် သိဖို့အရေးကြီးတယ်။
“ဒီကကျောင်းဆရာမဟုတ်လားဗျ” အဖေကမေးလိုက်သည်။
“ဟုတ်ပါတယ်။ အင်း ခင်ဗျားက ဒေဖ့် အဖေပေါ့”
“ဟုတ်တယ်” ဟုပြောပြီး သူ့သေနတ်ကြီးကိုဆွဲထုတ်ကာ ဆရာဟားဘတ်ရဲ့ ရုံးထဲက ခုံတစ်လုံးပေါ် တင်ထားလိုက်သည်။ အဖေ့သေနတ်ကြီးမြင်တော့ အနက်ရောင်မျက်မှန်ကိုင်း နောက်ကွယ်က ဆရာဟားဘတ်ရဲ့ မျက်လုံးအစုံပြူးသွားသည်။ ဖြူဖျော့ဖျော့သူ့ပါးမှာ သွေးရောင်လွှမ်း လာသည်။
အဖေက ” ဒီကျောင်းနဲ့ပတ်သက်လို့ သိချင်တာလေးနည်းနည်းပါးပါးရှိလို့ပါ။ ကျုပ်က ကျုပ်သားဒေ့ဖ်ကို ပညာတတ်ကြီးဖြစ်အောင်လို့ကျောင်းထားတယ်။ ကျောင်းထားလိုက်တဲ့ ကျုပ်သားသမီး ဆယ့်တစ်ယောက်ထဲမှာလည်း သူတစ်ယောက်ထဲပဲ
ဖြစ်ဖြစ်မြောက်မြောက်ရှိတယ်။ အခုတော့ သူကျောင်းကနောက်ကျမှပြန်လာပြီး အလုပ်တွေကျုပ်ချည်းပဲ လုပ်ရဖို့ ပစ်ထားတယ်။ ကျုပ်သားကပြောတော့ သူတို့အကုန်လုံး မနေ့က အကောင်တွေလိုက်ဖမ်းပြီး ချယ်ရီပင်တစ်ပင် ချိုးလာခဲ့တယ်တဲ့။ အလျော်ပေးဖို့ ကျောင်းကနှစ်နာရီနောက်ကျဆင်းပြီး အလုပ်လုပ်ပြီးမှ ပြန်လာခဲ့ရတယ်တဲ့။ ဒါအမှန်ပဲလား” ဟုမေးလိုက်သည်။
ဆရာက အဖေ့သေနတ်ကို တစ်ချက်ကြည့်ရင်း “အဲ . . . ဟုတ်ပါတယ်ခင်ဗျာ” ဟုပြောလိုက်သည်။
“အော်. . . ဒါဆိုဒါက စာသင်ကျောင်းမဟုတ်ဘူးပေါ့။ ဖား ကျောင်း။ ပုတတ်ကျောင်း။ မြွေကျောင်းပေါ့။ အထက်တန်းကျောင်းဘယ်နည်းနဲ့မှမဟုတ်ဘူးပေါ့။”
“ခင်ဗျား သေနတ်ကြီးဘာလို့ယူလာရတာလဲဗျာ”
” ဒီအပေါက်သေးသေးလေးတွေ့တယ်မဟုတ်လား။ ” သေနတ်ကိုကောက်ကိုင်ကာ ပြောင်းဝကို လက်ညှိုးတင်ပြီးပြောပြန်သည်။ ” ဒီအပေါက်ကနေ ကျည်ဆံထွက်လာပြီဆိုရင် ကျောင်းဆရာကိုလည်း တခြားလူတွေလိုပဲသေအောင်သတ်နိုင်တယ်။ ချမ်းသာတဲ့လူရော ဆင်းရဲတဲ့လူရော
သေအောင်လုပ်နိုင်တယ်။ ဒါပေမယ့် ကျုပ်ခင်ဗျားကို တွေ့ပြီးတဲ့အခါမှာတော့ ဒီကောင်သုံးဖို့ မလိုဘူးဆိုဒါ ကျုပ်သိတယ်။ ဟောဒီ ပဲခွပ် နဲ့တင်လုံလောက်တယ်။”
ညိုမှောင်သောအသားအရည်၊ ကြံ့ခိုင်တောင့်တင်းသည့်ကိုယ်ခန္ဓာ နှင့်အဖေသည် ဆရာဟားဘတ် နားမားမားကြီးရပ်နေသည်။ အဖေ့ကိုဒီလောက်ထိ ကြီးမားကြံ့ခိုင်လိမ့်မည်ဟုအရင်က မသိခဲ့။ အဖေ့ကို ကျောင်းပရဝုဏ်ထဲမှာဘယ်တုန်းကမှ မမြင်ဖူးခဲ့။ ဆရာ ဟားဘတ်ကိုတော့ အမြဲမြင်နေရသည်။ ကျွန်တော့်အရှေ့မှာတော့ ဆရာသည် အကောင်ကြီးကြီးဖြစ်ခဲ့သည်။ အဖေနှင့်ယှဉ်လိုက်တော့ ဆရာသည် လူကောင်ကြီးသည်မထင်ရတော့။
ဆရာက ” ကျွန်တော်က တာဝန်အရလုပ်ရတာပါ မစ္စတာ ဆက်တန်။ အထက်က ချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ရတာပါ။”
“သင်ရိုးညွှန်းတမ်း. . . ဟုတ်လား။ သင်ရိုးညွှန်းတမ်းလဲ။ အကောင်ဗလောင် ပိုးမွှား လေ့လာတဲ့ သင်ရိုးညွှန်းတမ်းလား။ ကလေးတွေကို တောထဲခေါ်သွားပြီး သူတို့ရဲ့ မိဘတွေကျတော့ သူတို့ပညာရေးအတွက်၊ ကျောင်းထားနိုင်ဖို့ ကျွန်လိုရုန်းနေရတယ်။ ကောင်လေးတွေနဲ့ကောင်မလေးတွေ အဲဒီလိုအတူတူလွှတ်လိုက်တာ အရမ်းအန္တရာယ် များတယ်ဆိုတာ ခင်ဗျားမသိဘူးလား။”
ထိုအချိန်တွင် ကျောင်းသို့ ကျောင်းသားများရောက်လာနေကြသည်။
“တခြားလူတွေမကြားအောင် တခါးပိတ်လိုက်ပါ ဒေ့ဖ်ရယ်” ဆရာကပြောသည်။ ကျွန်တော် တံခါးဆီသို့လျောက်သွားပြီး ပိတ်လိုက်သည်။ ကျွန်တော့်တစ်ကိုယ်လုံး လေထဲကသစ်ရွက်လို တုန်ယင်နေသည်။ အဖေ ဘယ်တော့များ ဆရာ့ကိုရိုက်လိုက်မလဲ စိုးရိမ်နေမိသည်။ သူကချည်း ပြောနေသည်။ အဖေ့မျက်နှာ နီမြန်းလာသည်။ နေပူမိုးရွာဒဏ်ခံထားရသည့် သူ့မျက်နှာညိုမှောင်မှောင်ဆီမှဖြစ်သည်။
“ကျွန်တော် ကျောင်းသားတွေနဲ့အတူရှိနေပါတယ်။ သူတို့ ဘာလုပ်လဲ၊ ဘာမလုပ်ဘူးလဲ ဆိုတာ ကျွန်တာ်အကုန်သိပါတယ်။ ဒီလေ့လာရေးခရီးမှာ တခြားဆရာတစ်ယောက်နဲ့ သူတို့ကိုမထည့်လိုက်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လိုက်သွားတာပါ။ ယောက်ျားကလေးတွေနဲ့ မိန်းကလေးတွေခေါ်သွားတာ ဟုတ်ပါတယ်။ ဘာလို့မခေါ်သွားရမှာလဲ”
“ကျုပ်အမြင်ကတော့ လုံးဝမသင့်တော်ဘူးဗျာ။ ဒီမြီးကောင်ပေါက်တွေတပြုံတမကြီး တရုန်းရုန်းနဲ့လျှောက်သွား၊ ချယ်ရီပင်တွေ လျှောက်ချိုး။ ပြီး ကောင်လေးတွေကို ကျောင်းမဆင်းခိုင်းနဲ့။”
“ကျွန်တော် တခြားဘာများလုပ်ပေးနိုင်မှာမို့လို့လဲ မစ္စတာ ဆက်တန်ရယ်။ ကောင်လေးတွေအားလုံး ချယ်ရီပင်တစ်ပင်ထဲကို ဝိုင်းတက်စရာမှမလိုတာ။ တစ်ယောက်ယောက်တက်ဖမ်းလိုက်ရင်ရတဲ့ဟာ။ ခြံပိုင်ရှင်ကခြောက်ဒေါ်လာအလျော်တောင်းတယ်။ နည်းနည်းတော့ များတယ်ထင်တာပဲ။ ဒါပေမယ့် ကျွန်တော်တို့ လျော်ပေးရမှာပဲ။ ကလေး ငါးယောက်တော့ ပေးခိုင်းပြီးတော့ ကျန်တစ်ယောက်ကို လွှတ်ပေးလိုက်ရမှာလား။ သူက တစ်ဒေါ်လာမရှိဘူး။ ရှာလို့လည်းမရဘူးလို့ပြောတယ်လေ။ ကျွန်တော် သူ့ကို ကျောင်းအတွက်အလုပ်လုပ်ခိုင်းပြီးအလျော်ပေးခိုင်းတာ။ ကျွန်တော့် အတွက် အလုပ်လုပ်ပေးတာမဟုတ်ဘူးလေ။”
“ခင်ဗျားဘာလုပ်ပေးနိုင်လဲကျုပ်မသိဘူး။ ဒီကောင့်ကို ကြိုးနဲ့တုပ်ပြီး ဆော်ရမှာ။”
” သူကတုတ်နဲ့ရိုက်ရမယ့်အရွယ်မဟုတ်တော့ဘူး။ လူကြီးနီးပါးဖြစ်နေပြီ”
“ကျုပ်အတွက်တော့ မကြီးသေးဘူး။ သူတို့အသက်နှစ်ဆယ့်တစ်နှစ်မကျော်သေးသ၍ ကျုပ်အတွက်တော့ မကြီးသေးဘူး။ ရိုက်သင့်ရင်ရိုက်ရမှာပဲ။ ကျုပ်ကမတရားဘူးထင်လို့ပါ။ တစ်ယောက်ကျတော့ အလုပ်လုပ်ရပြီး ကျန်တဲ့ငါးယောက်ကတော့ ပိုက်ဆံရှိလို့ လွှတ်လိုက်ရတယ်လို့။ တရိစ္ဆာန်တွေနဲ့ ကျောင်းနဲ့ ဘာဆိ်ုင်လို့လဲဆိုတာ စဉ်းစားလို့ကိုမရဘူး။ ကျုပ်အတွက်တော့ ဘာမှ အဓိပ္ပါယ်မရှိဘူး။”
အဖေသူ့သေနတ်ကိုကောက်ကိုင်လိုက်ပြီး သေနတ်အိတ်ထဲပြန်ထည့်ထားလိုက်သည်။ ဆရာ ဟားဘတ်မျက်နှာပေါ်က အနီရောင်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီ။ အဖေ နည်းနည်းတော့ ပျော့ပျောင်းလာသည်။ အဖေ့ကို ကျောင်းအဆောက်အအုံထဲမှာမြင်ရသည်မှာ အနည်းငယ်ရယ်စရာကောင်းတော့သည်။ သူ့အဖို့ ပထမဦးဆုံးအကြိမ် ကျောင်းကိုရောက်ဖူးခြင်းပင်။
“ကျွန်တော်တို့ ဖားတွေ၊ မြွေတွေ၊ လိပ်ပြာတွေ၊ ပုတ်သင်ညိုတွေ သာဖမ်းရုံသက်သက်မဟုတ်ပါဘူး မစ္စတာ ဆက်တန်။ ကျွန်တော်တို့ မြက်ရိုင်းခြောက်တွေကို ပိုးမွေးခန်းထဲထည့်ပြီး ပရိုတိုဇွာ တွေမွေးဖို့ကြိုးစားနေပါတယ်။”ဟုဆရာကပြောသည်။
“ကျွန်တော် အဲဒါဘာလဲ မသိဘူး။ ပိုးမွေးခန်းဆိုတာ လှည့်ဖြားပြီး ကြက်မတွေကိုသားပေါက်တဲ့ နည်းလမ်းတစ်မျိုးပဲ။ ခင်ဗျားပြောတဲ့ အကောင်မျိုးတော့ သိပ်မသိဘူး။”
“မစ္စတာ ဆက်တန် လေထဲက ရောဂါပိုးမွှားတွေအကြောင်း ကြားဖူးမယ်ထင်ပါတယ်”
“ကျွန်တော့်ကို အပန်းမကြီးရင် လက်စတာ လို့ပဲခေါ်ပါဗျာ။” အဖေက သက်တောင့် သက်သာပုံစံဖြင့်ပြော လိုက်သည်။
“ကောင်းပါပြီ လက်စတာ။ ရောဂါပိုးတွေအကြောင်း ကြားဖူးတယ်မဟုတ်လား”
“အင်း။ ဒါပေမယ့် ကျွန်တော် အဲဒီ ပိုးမွှားတွေကိုမယုံဘူးဗျာ။ ကျွန်တော် အသက်ခြောက်ဆယ့်ငါးနှစ်ရှိပြီ။ ရောဂါပိုးမွှားတစ်ကောင်မှမမြင်ဖူးသေးဘူး”
“သူတို့ကို သာမာန်မျက်လုံးနဲ့မမြင်နိုင်ဘူးဗျ။ ကဲပါဗျာ။ ခင်ဗျား သေနတ်ကြီးသိမ်းထားပြီး ဒီနေ့ကျွန်တော်နဲ့ ကျောင်းမှာနေကြည့်ပါလာ။ ခင်ဗျားကို ကျွန်တော် ပြစရာတစ်ချို့ရှိတယ်။ ခင်ဗျားသွားပေါ်က ချိုးတွေမှာ ပိုးမွှားတွေရှိတယ်။”
“ဘယ်လို… ကျွန်တော့်သွားမှာရောဂါပိုးတွေရှိတယ် ဟုတ်လား”
” ဟုတ်တယ်။ မြွေမည်းတစ်ကောင်ကို ခွဲစိပ်လေ့လာကြည့်ရင် တွေ့ရမယ့် ပိုးနဲ့ အတူတူပဲပေါ့”
“ခင်ဗျားစကားကို အငြင်းမပွားလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တော့မယုံဘူးဗျာ”
“ကျွန်တော်နဲ့ဒီနေ့နေလိုက်။ ခင်ဗျားကို ကျွန်တော်ပြမယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားကို ကျောင်းထဲလိုက်ပြချင်ပါတယ်။ ခင်ဗျားတို့ ကျောင်းတက်တဲ့ခေတ်နဲ့ အခုခေတ် အတော်ကို ကွာသွားပြီဗျ။ အဲဒီအချိန်တုန်းက အထက်တန်းကျောင်းရှိဦးမယ်မထင်ဘူးနော်။”
“ဟင့်အင်း။ အရေး၊ အဖတ်၊ အတွက်အချက် ဒီလောက်ပဲ။ ဒီလို အကောင်ဗလောင်တွေလေ့လာ၊ ပိုးမွှားတွေကို သွားတွေ၊ မြွေနက်တွေမှာ လိုက်ရှာတာလုံးဝမရှိခဲ့ဘူး။ အင်း ကမ္ဘာကြီးပြောင်းလဲသွားပြီပဲ။”
“ဒါပေါ့။ အကောင်းလို့ပဲမျှော်လင့်ရတာပဲ။ ခင်ဗျားသားလို ကလေးတွေက အဲဒီအပြောင်းအလဲထဲပါလိမ့်မယ်။ အခု ခင်ဗျားသား ကျွန်တော်ခင်ဗျားကိုပြောခဲ့တာတွေအကုန်လုံး သူသိတယ်။”
“အေးဗျာ။ ကျွန်တော် ခင်ဗျားနဲ့ဒီနေ့နေမယ်။ ကျုပ်သွားထဲက ပိုးကောင်တွေ မြင်ဖူးချင်တယ်။ ပိုးတစ်ကောင်လောက်တော့မြင်ဖူးချင်တယ်။ ကျုပ်တစ်သက်မှာ တစ်ခါမှမမြင်ဖူးသေးဘူး။ အေးလေ။ လက်တွေ့မြင်ရင်တော့ယုံရမှာပဲပေါ့”
အဖေ ဆရာဟားဘတ်နှင့်ရုံးခန်းထဲက လိုက်ထွက်သွားသည်။ သေနတ်ကျောင်းကိုယူလာလို့ ဆရာဟားဘတ်ကအဖေ့ကိုရဲလက်မအပ်ပါစေနှင့်ဟုသာကျွန်တာ်ဆုတောင်းမိသည်။ ပြဿနာတစ်ခုခုဖြေ ရှင်းရလေ့ရှိတဲ့အခါ သေနတ်ဟာ အဖေ့ရဲ့ အကောင်းဆုံးသူငယ်ချင်းပါပဲ။
ခေါင်းလောင်းတီးပြီ။ ကျောင်းတက်လေပြီ။ ကျောင်းသားတွေ စာသင်ခန်းထဲတန်းစီသွားရင်း အဖေ့ကိုကြည့်သွားတာ မြင်ရသည်။ သူတို့ တစ်ယောက်နဲ့တစ်ယောက်စလိုက်တွန်းလိုက်ထိုးလိုက်နဲ့။ အဖေကတော့ သူတို့ဖြတ်သွား တာကို တံခါးဝကနေရပ်ကြည့်နေသည်။ ယောက်ျားလေးတစ်တန်းနှင့် မိန်းကလေးတစ်တန်း ရှည်လျားစွာချီတက်လာကြသည်။ ကျောင်းသားကျောင်းသူအားလုံး သန့်ရှင်းသပ်ရပ်စွာဝတ်ဆင်ထားကြသည်။ အဖေက ကျောင်းဝင်းအတွင်းရိုးတံပြိုင်းပြိုင်းအပင်အောက်မှာ မားမားမတ်မတ်ရပ်နေသည်။ ဆိတ်သားရေကုတ်အကျႌ၊ ဘွတ်ဖိနပ်ကြီးကြီးနှင့် အဖေရဲ့အထက်အောက်တစ်ဆက်တည်း အလုပ်ကြမ်းဘောင်းဘီမှာ ပွယောင်းယောင်းနှင့် ကုတ်အကျႌနှင့်ဖိနပ်ကြားမှာ တွန့်ကြေနေသည်။ သူ့အပြာရောင်အလုပ်ကြမ်းအကျႌကို
ကော်လာပဲမြင်ရသည်။ သူရဲ့ ကြီးမားတဲ့ဦးထုပ်မဲအောက်မှာ ဖြူစပြုနေသည့်ဆံပင်ကိုမြင်ရသည်။ မျက်နှာက ခပ်တင်းတင်း။ ရာသီဥတုဒဏ်ခံထားရလို့ နွားစာစဉ်းသည့်ဓါးအရောင်ပေါက်နေသည်။ သူ့လက်ချောင်းတွေက သူရပ်နေသည့်ဘေးကသစ်ပင်အမြစ်များကဲ့သို့ ဖုထစ်လိမ်ကျစ်နေသည်။ ကျွန်တော် ပထမဆုံးအတန်းချိန်မှာဝင်သွားတော့အဖေနှင့်ဆရာဟားဘတ် ကျောင်းထဲလျှောက်သွားနေကြ
သည်ကို မြင်ရသည်။
အဖေနဲ့ဆရာဟားဘတ် ကျွန်တော်တို့အခန်းထဲဝင်လာတော့ ဂဲဩမေတြီအချိန်ဖြစ်နေသည်။ ကျွန်တော်တို့ရဲ့ အဖြေများကို ကျောက်သင်ပုန်းပေါ်တွင်ရှင်းပြနေချိန်ဖြစ်သည်။ သူတို့နှစ်ယောက် တိတ်တိတ်ကလေး ဝင်လာပြီးခဏထိုင်နေကြသည်။ အတန်းဖော် ဖရက်က ဂလင်း ကို “ဟိုအဖိုးကြီးကဘယ်သူလဲကွ။ ကြည့်ရတာ ခပ်ကြမ်းကြမ်းကြီးပဲ။” ဟုတီးတိုးပြောသည်။ “ဒေ့ဖ် အဖေနဲ့တူတယ်ကွ” ဟု ဂလင်းကပြန်ဖြေသည်။ စာသင်ခန်းထဲကကျောင်းသားများ အဖေ့ကိုလှည့်ကြည့်ကြသည်။ သူကျောင်းကိုဘာလာလုပ်ပါလိမ့်ဟု သူတို့တွေးနေကြလိမ့်မည်။ စာသင်ချိန်မပြီးခင်မှာ အဖေနှင့်ဆရာဟားဘတ်တို့ထထွက်သွားကြသည်။ သူတို့နှစ်ယောက်ကို ကစားကွင်းထဲမှာတွေ့ရသည်။ ဆရာဟားဘတ်က အဖေ့ကိုတစ်ခုခုရှင်းပြနေသည်။ အဖေ့ရဲ့သေနတ် အရာကိုသူလမ်းလျှောက်လိုက်တိုင်း အကျႌအောက်မှာမြင်နေရသည်။ မွန်းတည့်ချိန်မှာ ဆရာဟားဘတ် တစ်ယောက်တည်း ထိုင်စားလေ့ရှိသည့် ကျောင်းမုန့်ဈေးတန်းက စားပွဲသေးသေးလေးမှာ အဖေတို့နှစ်ယောက်ကိုတွေ့ရသည်။ သူတို့ အတူတူစားကြသည်။ ကျောင်းသားတွေကတော့ အဖေစားနေတဲ့ပုံကိုကြည့်ကြသည်။ သူက ခက်ရင်းနှင့်စားရမည့်အစား ဓါးနှင့်စားသည်။
သူကကျွန်တော့်အဖေမှန်းသိသွားတော့ ကျောင်းသားအတော်များများက ကျွန်တော့်အတွက်စိတ်မကောင်းဖြစ်ပေးကြသည်။ သူတို့ စိတ်မကောင်းဖြစ်စရာမလိုပါဘူး။ သူ ဆရာဟားဘတ်ကို သေနတ်နဲ့ ပစ်မှာမဟုတ်ဘူး ဆိုတာသိတဲ့အချိန်ကစလို့ အဖေ့အတွက် ကျွန်တော် မရှက်တော့ပါဘူး။ သူတို့မိတ်ဆွေတွေဖြစ်သွားကြတာပဲ ကျွန်တော်ဝမ်းသာလှသည်။ အဖေ့သားဖြစ်ရတာမရှက်တော့ပါဘူး။ သူတစ်ခုခုထမလုပ်သရွေ့ပေါ့။ ကျွန်တော် ကောင်လေး လမ်းဘတ်အကြောင်းသိသွားသလို ကျောင်းရဲ့အကြောင်းကို အဖေသိသွားခဲ့ပြီလေ။
နေ့လည်ခင်းမှာတော့ ကျွန်တော်တို့ ဇီဝဗေဒအခန်းကိုသွားရသည်။ အဖေအဲဒီမှာရှိနေသည်။ အနုကြည့်မှန်ပြောင်းဘေးက ခွေးခြေခုံမြင့်တစ်ခုပေါ်မှထိုင်နေသည်။ ကျွန်တော်တို့ အဖေ့ကို မသိကျိုးကျွန်ပြုကာ လုပ်စရာရှိသည့်ကျောင်းစာများကိုဆက်လုပ်ကြသည်။ အဖေက သူ့ဓါးနှင့် သွားချိုးတစ်ခုကို ခြစ်ထုတ်လိုက်သည်။ ဆရာဟားဘတ်က ၎င်းကို မှန်ဘီလူးအောက်ထားပြီး အနုကြည့်မှန်ပြောင်းကို အနည်းငယ် ချိန်ညှိလိုက်သည်။ ခဏနေတော့ အဖေ့ကို “ကဲ လပ်စတာ။ ကြည့်ပေတော့။ ခင်ဗျားမျက်လုံးကို မှန်ဘီလူးထဲစိုက်ကြည့်လိုက်။ တခြားတစ်ဖက်ကို ပိတ်ထား။”
အဖေက ဆရာပြောသည့်အတိုင်း ခေါင်းငိုက်ကာကြည့်ပြီးပြောသည်။ “တွေ့ပြီ။ လူတစ်ယောက်ရဲ့ကိုယ်ခန္ဓာမှာ၊ သွားထဲမှာ ဒီလိုအကောင်တွေရှိတယ်ဆိုတာ ဘယ်သူကတွေးမိဖူးပါလိမ့်။ ဒါတွေဟာကြံစည့်လုပ်ထားတာမဟုတ်ဖူးဆိုတာ သေချာပါတယ်နော် ဆရာရောဘတ်။ ”
“မဟုတ်ပါဘူး။ ဒါတကယ့်ပိုးတွေပါ။ ပိုးတွေဟာ ကျွန်တော်တို့သာမာန်မျက်လုံးတွေနဲ့ မမြင်နိုင်တဲ့လောကမှာ ရှင်သန်ကြတယ်။ ကျွန်တော်တို့ အနုကြည့်မှန်ပြောင်းသုံးမှရတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ မမြင်ရတဲ့ပိုးပေါင်း သန်းပေါင်းများစွာရှိတယ်။ တစ်ချို့က အန္တရာယ်ရှိတယ်။ တစ်ချို့ကကျတော့ အကျိုးပြုတယ်။”
အဖေက ခေါင်းငုံပြီးထပ်ကြည့်ပြန်သည်။ ကျွန်တော်တို့ လုပ်လက်စရပ်ပြီးအဖေ့ကိုကြည့်ကြသည်။ သူက ခွေးခြေခုံရှည်ပေါ်မှာထိုင်နေသည်။ သူ့ဒူးခေါင်းတွေက စားပွဲကိုမှီထားသည်။ သူ့ခြေထောက်တွေက ရှည်ရှည်မျောမျော။ သူ့ကုတ်အကျႌကသူကုန်းလိုက်တိုင်း ပေါ်သွားပြီး
သေနတ်ဒင်ကိုမြင်နေရသည်။ ဆရာဟားဘတ်က သူ့အကျႌကို အမြန်ဆွဲချပေးရသည်။
“အိုး။ ဟုတ်ပါ့ဗျာ။ ” အဖေအမြန်ထရပ်ပြီး ကုတ်အကျႌကိုဆွဲချသည်။ ရှက်စိတ်နှင့်အဖေ့မျက်နှာ နည်းနည်းနီသွားသည်။ သူ့သေနတ်က ဒီကျောင်းမှာဘာမှအသုံးမကျဘူးဆိုတာ သူသိသွားသည်။
“ဟိုနားမှာ ကျွန်တော်တို့မနေ့ကဖမ်းမိထားတဲ့ မြွေနက်တစ်ကောင်ရှိတယ်။ သူ့ကို မေ့ဆေးပေးပြီး ခွဲစိပ်လေ့လာကြည့်ပြီး သူ့ကိုယ်ထဲက ပိုးတွေ ခင်ဗျားကိုပြမယ်။”
“မလုပ်ပါနဲ့ဗျာ။ ကျွန်တော် ဆရာ့ကိုယုံပါတယ်။ ကျွန်တော် မြွေကိုသတ်တာမကြည့်ချင်လို့ပါ။ ကျွန်တော်ကိုယ်တိုင် တစ်ခါမှ မသတ်ဖူးဘူး။ သူတို့ဟာတကယ့်ကိုတော်တဲ့ကြွက်ဖမ်းသမားတွေပါ။ ကျွန်တော်တို့လယ်သမားတွေကို အများကြီးအကျိုးပြုပါတယ်။ ကျွန်တော်သူတို့ကို သဘောကျတယ်။ သူတို့အသတ်ခံရတာကို မမြင်ချင်ဘူး။ ကျွန်တော့်လယ်ထဲမှာဆို သူတို့ကို လုံးဝအသတ်မခံဘူး။”
ကျောင်းသားတွေ အဖေ့ကို ဝိုင်းကြည့်ကြသည်။ သူဒီလိုပြောလိုက်တော့ သူ့ကို ပိုနှစ်လိုလာကြဟန်ရှိသည်။ ခါးမှာသေနတ်ချိတ်ထားတဲ့ဖခင်တစ်ယောက်။ ဒါပေမယ့် သူ့ရင်ထဲမှာတော့ မြွေတွေအတွက် နူးညံ့တဲ့နှလုံးသားရှိသူ။ လူတွေအတွက်တော့မဟုတ်။ အိမ်မှာ အဖေ နွားတစ်ကာင်ကို ကြိမ်နှင့်မတို့ဖူးခဲ့။ သူက သူ့ကျွဲတွေနွားတွေကိုလုံးဝမရိုက်တတ်သူ။
“လူတွေက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်။ ကျွဲတွေနွားတွေက မကာကွယ်နိုင်ဘူး။ ဒို့က စောင့်ရှောက်ပေးရမှာ။ ကောင်းကောင်းရုန်းတဲ့နွားကိုရိုက်တဲ့လူလောက် အကြင်နာကင်းတဲ့လူမရှိဘူး။” ဟု အဖေအမြဲပြောတတ်သည်။
ဆရာဟားဘတ်က အဖေ့ကို လက်တွေ့ခန်းထဲလျှောက်ပြသည်။ ကျောင်းသားတွေလုပ်ရတဲ့ အလုပ်တွေလိုက်ပြသည်။ ပစ္စည်းကိရိယာတွေအမျိုးမျိုးကို လည်းပြသည်။ ကျွန်တော်တို့ စာလုပ်နေတုန်း သူတို့ ရပ်စကားပြောကြသည်။ ပြီးတော့ သူတို့ထွက်သွားကြသည်။ အခန်းအပြင်ရောက်တော့ သူတို့ ပိုကျယ်ကျယ်ပြောကြသည်။ ဇီဝဗေဒအချိန်ပြီးတော့ ကျွန်တော်လည်း အခန်းထဲကထွက်ပြီးလမ်းလျှောက်လာသည်။ ကျွန်တော်တို့စာသင်နေ့တစ်နေ့၏နောက်ဆုံးအချိန်ပါပဲ။ ကျွန်တော် တံမြက်စည်းကိုင်ပြီး နှစ်နာရီကြာ သန့်ရှင်းရေးလုပ်ရဦးမည်။ ချယ်ရီပင်ချိုးခဲ့မိသည့်လျော်ကြေး ကြေစေရန်ပင်။ အဖေက ကျွန်တော့်ကို နေခိုင်းပါ့မလား တွေးမိသည်။ သူက ကော်ရစ်ဒါမှာရပ်ရင်း ကျောင်းသားတွေတန်းစီထွက်တာကြည့်နေသည်။ ကျွန်တော်တို့ကြားမှာ သူစိတ်လွင့်မျောသွားပုံရသည်။ သူ့ကြည့်ရသည်မှာ တစ်ပင်လုံးသစ်လွင်စိမ်းမြနေသည့်အပင်ထက်က ခြောက်သွေ့ခါနီး ရွက်ဝါတစ်ရွက်လိုပင်။
ကျွန်တော်တံမြက်စည်းကိုယူလိုက်ပြီး စလှည်းတော့သည်။ ဆရာဟားဘတ်လျှောက်လာပြီးကျွန်တော့်ကိုပြောသည်။ “သား တခြားအချိန်မှာလုပ်ဖို့ ဆရာခွင့်ပြုပါတယ်။ အခု အဖေနဲ့ အိမ်ပြန်နိုင်တယ်။ ဟိုမှာ သား အဖေစောင့်နေတယ်”
ကျွန်တော် တံမြက်စည်းကိုချ၊ စာအုပ်တွေယူပြီး လှေကားအတိုင်းဆင်းလာခဲ့သည်။ အဖေကမေးသည်။ “သား နှစ်နာရီ တံမြက်စည်းလှည်းရဦးမှာမဟုတ်လား”
ဆရာဟားဘတ်က အဖေနဲ့အိမ်ပြန်ခွင့်ပြုလိုက်တဲ့အကြောင်းကျွန်တော်ပြောပြတော့ “မဟုတ်ဘူးသား။ မင်း လုပ်ရမယ်။ သူက လူကောင်းတစ်ယောက်ပဲ။ အင်း ငါတို့ခေတ်ကနဲ့ အခု ကျောင်းတွေအ များကြီးပြောင်းလဲသွားပြီပဲ။ အဖေကသစ်ရွက်ကြွေဖြစ်သွားပြီ ဒေ့ဖ်။ ခေတ်နောက်ကျသွားပြီ။ ဒီနေရာဟာ အဖေနဲ့တန်တဲ့ နေရာမဟုတ်ဘူး။ သူသာ ခွင့်ပြုမယ်ဆိုရင်အဖေလည်းမင်းနဲ့အတူ တံမြက်စည်းတစ်ချောင်းယူပြီးတို့သားအဖနှစ်ယောက်တစ်နာရီလုပ်ကြမယ်။ ဒါဆိုသားလည်းအကြွေးကျေပြီ။ အဖေကူဆပ်ပေးမယ်။ ငါသူ့ကိုသွားမေးကြည့်မယ်။ ”
“ကျွန်တော် အဲဒီအကြွေးကိုလျော်လိုက်ပါ့မယ်” ဆရာကပြောသည်။ “ကျွန်တော် ခင်ဗျားသဘောပေါက်စေချင်တာတစ်ခုပါပဲ လပ်စတာ”
“ကျွန်တော် နားလည်ပါပြီဗျာ။ အဲ ဒီလို နားလည်လို့ပဲ သူ့အကြွေးကိုဆပ်ပေးရမယ်လေ။”
“မလုပ်ပါနဲ့ဗျာ။ ကျွန်တော့်တာဝန်ထားလိုက်ပါ” ဟုဆရာကထပ်ပြောသည်။
“ကျွန်တော်တို့ ဒီလိုမျိုးလက်မခံပါရစေနဲ့။ ကျွန်တော်တို့က ရိုးသားတဲ့တောသူတောင်သားတွေပါ။ ဘာကိုမှ အလကားမလိုချင်ပါဘူး။ ဆရာဟားဘတ် အခုတစ်ခါတော့ မှားသွားပြီ။ ကျွန်တော်မှန်သွားပြီ။ ကျွန်တော်ပြောတာနားထောင်ပါ။ ကျွန်တော် ဆရာ့ဆီက အများကြီးသင်ခန်းစာရခဲ့ပါတယ်။ ကျွန်တော့်ကလေးက ဆက်ပြီးကြီးပြင်းရဦးမှာ။ လောကကြီးက ကျွန်တော့်ကိုနှုတ်ဆက်သွားပြီ။ ကျွန်တော် လယ်ထွန်ပြီးမိသားစုကိုကျွေးမွေးနေ တဲ့အချိန်အတွင်းမှာ လောကကြီးကပြောင်းလဲသွားပြီ။ ကျွန်တော်က သာမာန်လူရိုးတစ်ယောက်ပါ။ ကျွန်တော် အကြွေးတွေကို ရှောင်မပြေးတတ်ဘူး။ ကျွန်တော့်သားတွေကို ဒီလိုလမ်းမပြချင်ဘူး။ ကျွန်တော်စာသိပ်မတတ်ပါဘူး။ ဒါပေမယ့် ဘယ်ဟာမှန်တယ် ဘယ်ဟာကမှားတယ်ဆိုတာကိုတော့ ကြည့်လိုက်ရုံနဲ့ ခွဲခြားတတ်ပါတယ်။ ”
ဆရာဟားဘတ်အိမ်ပြန်သွားတော့သည်။ ကျွန်တော်နှင့်အဖေ တစ်နာရီတံမြက်စည်းလှည်းကြသည်။ အဖေ့ကို တံမြက်စည်းနှင့်မြင်ရသည်မှာ ရယ်စရာကောင်းတော့သည်။ အိမ်မှာဆိုလျှင် အမေက တံမြက်စည်းလှည်း။ အဖေက ထွန်တုံးကိုင်နေကျ။ ဘယ်တုန်းကမှ တံမြက်စည်းမကိုင်ခဲ့။ အလုပ်ကြမ်းမှန်သမျှ အဖေကဒိုင်ခံလုပ်နေကျ။ အဖေကပြောသည်။”ငါတံမြက်စည်းမလှည်းတတ်ပါလား။ ကြည့်ပါဦး ကြမ်းပြင်ပေါ်မှာ ဖုန်တွေကျန်နေခဲ့တာ။ ငါနဲ့လုံးဝမဆိုင်တဲ့အလုပ်ပါလား။ ငါ့အတွက် တံမြက်စည်းက ပေါ့လွန်းနေတယ်။ ငါတတ်နိုင်သမျှတော့ လုပ်ကြည့်တာပဲဒေ့ဖ်ရေ။ ငါကျောင်းကို အထင်မှားခဲ့တယ်ကွာ။” တဲ့ . . .။
ကျွန်တော်လည်း “ဆရာဟားဘတ်က အဖေ့ကို ကျောင်းကိုသေနတ်ကိုင်လာမှုနဲ့ ဝရမ်းထုတ်နိုင်တယ်ဆိုတာသိရဲ့လား။ သူတို့အဖေ့ကို ဖမ်းလို့ရတယ်။” ဟုပြောလိုက်သည်။
“အေးဆေးပါကွာ။ ဆရာဟားဘတ်က ငါ့ကိုရဲစခန်း ပို့မှာမဟုတ်ပါဘူး။ သူငါ့ကို သဘောကျပါတယ်။ ငါလည်းသူ့ကိုသဘောကျတယ်။ ဒို့နှစ်ယောက် ရင်းနှီးဖို့ပဲလိုတယ်။ သူ့မှာနည်းလမ်းရှိတယ်။ ငါ့ကိုညွှန်ပြခဲ့တယ်။ ”
” ဒီမှာသား… မင်းကျောင်းဆက်တက်ရမယ်။ အဖေကတော့ ဒီလယ်တောမှာ အဖေ့ခေတ်တုန်းကအသန်မာဆုံးလူတစ်ယောက်ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အဖေနောက်ကျန်ခဲ့ပြီ ဒေ့ဖ်။ အဖေက မစွမ်းတဲ့လူတစ်ယာက်ဖြစ်ခဲ့ပြီ။ သားလက်တွေဟာ အဖေ့လက်ထက် နူးညံ့လိမ့်မယ်။ သားအဝတ်အစားတွေ ပိုကောင်းကောင်းဝတ်ရလိမ့်မယ်။ သားက သားအဖေအဖိုးကြီးထက်ပိုပြီး အမြဲတမ်း သန့်ရှင်းသပ်ရပ်နေ လိမ့်မယ်။ သား မှတ်ထား။ အကြွေးကိုကျေအောင်ဆပ်ပြီး ရိုးသားပါ။ တရိ စ္ဆာန်တွေကိုကြင်နာပြီး မြွေတွေကို ရန်မရှာပါနဲ့။ ဒါ အဖေ ဒီနေ့ကျောင်းကိုလာလို့ ရတဲ့သင်ခန်းစာပဲ။ ”
ကျွန်တော်တို့ အိမ်ပြန်ရောက်တော့ မှောင်နေချေပြီ။ ကောင်းကင်မှာ ကြယ်တို့တောက်ပနေသည်။ လ လည်းထွက်လာခဲ့ပြီ။ မြေပြင်က အေးစက်နေသည်။ အဖေက အိမ်ပြန်တာ မလော။ မနေ့ညကလုပ်သလို ကျွန်တော် မပြေးနိုင်တော့။ အိမ်မှာအလုပ်တွေပြီးတော့ ည ဆယ်နာရီထိုးလုပြီ။ ကျွန်တော်တို့ ညစာစားကြသည်။ အဖေက မီးဖိုရှေ့ထိုင်ရင်း တစ်နေ့နေ့ကျရင်အမေ့ကို ခေါ်သွားပြီး သွားထဲကပိုးတွေ ပြမည့်အကြောင်းပြောပြသည်။ အမေသည်လည်း ပိုးကို တစ်ခါမှမမြင်ဖူးချေ။ အဖေက အမေ့ကို အထက်တန်းအကြောင်းနှင့် ဆရာဟားဘတ်ဘယ်လိုတော်ကြောင်းပြောပြသည်။ အဖေက အမေ့ကို တောင်ကုန်းဟိုဖက်က ထူးဆန်းသည့်အထက်တန်းကျောင်း အကြောင်းနှင့် သူတို့ကျောင်းတက်ခဲ့တဲ့အချိန်တုန်းကနှင့် အခု ဘယ်လိုကွာခြားသွားပြီဖြစ်ကြောင်းပြောပြနေ
လေတော့သည်။
(ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျောင်းထားပေးခဲ့သော အဖေသို့ သတိတရ)
နည်ရဲဇော်
ဂျက်ဆီစတူးဝပ်၏ The split Cherry Tree ကိုခံစား ဘာသာပြန်သည်။
12 comments
ZinWinAung
August 21, 2011 at 4:34 pm
Posted ka ayan phat loz kg tal ……
Nout lal tin pay par owm …….thx:)
ဆူး
August 21, 2011 at 9:43 pm
ဒီပိုစ်လေး ဖတ်လို့ ကောင်းပါတယ်။
ဘာမန်းပေးရမှန်းတောင် မသိဘူး။
ဖတ်လို့ တော်တော် ကောင်းပါတယ်။
အဲဒါကို မြန်မာမှုပြုပြီး သေနပ်ကြီး အစား ငှက်ကြီးတောင်ကြီး ယူလာတယ် ဆိုပြီး ပြောင်းလဲလိုက်ရင် မှီငြမ်းကိုးကား လောက်ပဲ ဖြစ်သွားမလားလို့ တွေးမိတယ်။
မြန်မာမှုပြုတာ ဝင်းဦးရဲ့ မောင်တို့ ချယ်ရီမြေ ရုပ်ရှင်လိုပေါ့။
မီးမီး သော်
August 21, 2011 at 11:13 pm
“”””ဒီမှာသား… မင်းကျောင်းဆက်တက်ရမယ်။ အဖေကတော့ ဒီလယ်တောမှာ အဖေ့ခေတ်တုန်းကအသန်မာဆုံးလူတစ်ယောက်ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အဖေနောက်ကျန်ခဲ့ပြီ ဒေ့ဖ်။ အဖေက မစွမ်းတဲ့လူတစ်ယာက်ဖြစ်ခဲ့ပြီ။ သားလက်တွေဟာ အဖေ့လက်ထက် နူးညံ့လိမ့်မယ်။ သားအဝတ်အစားတွေ ပိုကောင်းကောင်းဝတ်ရလိမ့်မယ်။ သားက သားအဖေအဖိုးကြီးထက်ပိုပြီး အမြဲတမ်း သန့်ရှင်းသပ်ရပ်နေ လိမ့်မယ်။ သား မှတ်ထား။ အကြွေးကိုကျေအောင်ဆပ်ပြီး ရိုးသားပါ။ တရိ စ္ဆာန်တွေကိုကြင်နာပြီး မြွေတွေကို ရန်မရှာပါနဲ့။ ဒါ အဖေ ဒီနေ့ကျောင်းကိုလာလို့ ရတဲ့သင်ခန်းစာပဲ။ ””””
ဒီနေရာလေးက ပိုစိတ်ဝင်စားဖို ့ကောင်းမယ်ထင်လို ့ကူးယူလိုက်ပါတယ်နော်။ပြန်မန် ့ထားပါတယ်. ဟိ ဟိ
TTNU
August 21, 2011 at 11:31 pm
အဖေကသစ်ရွက်ကြွေဖြစ်သွားပြီ ဒေ့ဖ်။သူသာ ခွင့်ပြုမယ်ဆိုရင်အဖေလည်းမင်းနဲ့အတူ တံမြက်စည်းတစ်ချောင်းယူပြီးတို့သားအဖနှစ်ယောက်တစ်နာရီလုပ်ကြမယ်။
ရင်ထဲစွဲမြဲသွားစေတဲ့ အယူအဆများပါ။
ကြောင်ကြီး
August 22, 2011 at 8:05 am
ဦးလား ကိုလား မသိတဲ့ နီရဲဇော်ခင်များ.. အလွန်တရာကောင်းလှတဲ့ ဘာသာပြန်ပို့စ်လေးပါ။ ပရော်ဖက်ရှင်နယ် ဘာသာပြန်ဆရာတယောက်၊ သို့မဟုတ် အင်္ဂုလိစာတတ်ပညာရှင်တယောက် ဟုတ်မဟုတ် သိပါရစေ။ ပို့စ်ရှည်လွန်းပေမဲ့ အရေးအသားကောင်းလွန်းလို့ ဆက်တိုက်မငြီးမငွေ့ ဖတ်သွားရပါကြောင်း သိစေအပ်ပါသည်။
နည်ရဲဇော်
August 22, 2011 at 8:44 am
ကိုကြောင်ကြီးခင်ဗျား
ကောင်းတယ်ဆိုလို့ ပီတိလေးဖြစ်ရပါတယ်။
ပရော်ဖက်ရှင်နယ်တော့မဟုတ်ပေမယ့် စာပေနဲ့ ဘာသာစကားကို ဝါသနာပါသူတစ်ယောက်ပါ။
ဆက်လက်ကျိုးစားပါဦးမယ်။ comment သူအားလုံးကိုကျေးဇူးတင်ပါတယ်။
Shwe Ei
August 22, 2011 at 11:22 am
ဒီပို့စ်လေးကူးပြီး FB မှာရှယ်ချင်တယ်ဗျာ။ ခွင့်ပြုမယ်ဆိုရင်အကြောင်းပြန်ပါအုံး။
နည်ရဲဇော်
August 22, 2011 at 12:44 pm
ရွှေအိ ရေ။ ရှယ် လို့ရပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်လည်းကျွန်တော့် FB မှာတင်ထားသေးတယ်။
ကိစ္စတော့မရှိပါဘူး။
myanpyithar
August 22, 2011 at 2:26 pm
သိပ်ကောင်းပါတယ် ကျွန်တော်ဆရာဖေမြင့်ဘာသာပြန်တာဖတ်ဖူးတယ်
ရွှေအိမ်စည်
August 22, 2011 at 3:36 pm
စာရှည်ပေမယ့်တကယ်ဖတ်ကောင်းလို ့
အိပ်ချင်တာမအိပ်ဘဲဖတ်လိုက်ပါသည်..။
အရမ်းဖတ်လို ့ကောင်းပါတယ်..လေ ့လာဆည်းပူးသွားပါတယ်..။
myanpyithar
August 22, 2011 at 4:17 pm
ကျွန်တော်တော့ဆရာဖေမြင့်ဘာသာပြန်တာဖတ်ဖူးတယ် ဒီပုံပြင်လေးပါဘဲ
hmee
August 22, 2011 at 4:23 pm
ကောင်းလိုက်တာ။ ဘာရေးရမှန်း မသိအောင်ကို ပါပဲ။ စာဖတ်သူရဲ့ ရင်ထဲမှာ တခုခုကို ထင်ကျန်အောင် ရေးနိုင်စွမ်းပါတယ်။