ဆဲတတ်သော အိမ်နီးနားချင်းများ
ကျွန်မအရင်တုန်းကနေတဲ့ရပ်ကွက်ထဲမှာ အခြေခံလူတန်းစား (ဆင်းရဲသား) အများစုနေထိုင်ကြပါတယ်။ ကျွန်မနေတဲ့တိုက်ခန်းရဲ့ဘေးချင်းကပ်လျက်တိုက်မှာ အလွန်ဆဲဆိုတတ်သောမိသားစုများနေထိုင်ကြပါတယ်။ မိုးလင်းပြီဆိုတာနဲ့ သူတို့အချင်းချင်း အဆဲလေးတွေနဲ့နှုတ်ဆက်ကြတယ်။ ကလေးတွေကိုလဲ ယုတ်ညံ့တဲ့စကားတွေနဲ့ ဆူပူကြိမ်းမောင်းပြီး နံနက်ခင်းကို စတင်နှုတ်ဆက်လေ့ရှိလို့ ကြားခါစမှာ ကျွန်မစိတ်ထဲ တော်တော်လေး တုန်လှုပ်ခဲ့ဖူးပါတယ်။ သူတို့အသံကြားတာနဲ့ကြောက်လို့ ပြူတင်းပေါက်တံခါးကိုတောင် မဖွင့်ရဲခဲ့ဘူး။ ဒေါ်လှဆိုတဲ့အဖွားကြီးကတော့ အဆိုးဆုံးပါပဲ။ ၆ ထပ်တိုက်ရဲ့ အောက်ဆုံးထပ်မှာနေပြီး အိမ်ရှေ့ထွက်ပြီး ထမီတိုတိုနဲ့ ခါးထောက်လို့ တစ်တိုက်လုံးကို အော်ဆဲနေတာ မကြားချင်မှအဆုံးပါပဲ။ အပေါ်မှာနေသူတွေကလဲ စည်းကမ်းမရှိ နောက်ဖေးလမ်းကြားကို အမှိုက်ပစ်ချကြတယ်။ ဒေါ်လှကလဲ မိသားစုများလွန်းလို့ မီးဖိုကို နောက်ဖေးလမ်းကြားအထိ ကျူးကျော်ပြီး ချက်ရတယ်ဆိုတော့ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း မကြားချင်မှအဆုံး ငယ်ကျိုးငယ်နာအကုန်ဖော်လို့ပဲ။
သူတို့တွေ တည့်နေကြတဲ့အခါတွေမှာ ချစ်စနိုးနှုတ်ဆက်ပြောဆိုနေတာကလဲ အဆဲလေးနဲ့ပဲ။ အိမ်ရှေ့မှာထွက်ထိုင်ပြီး သန်းရှာ၊ ဆံပင်ဖြူနှုတ်၊ သူများအတင်းပြောနဲ့ လောကကြီးကိုကျေနပ်နေလိုက်ကြတာများ မနာလိုချင်စရာတောင်ကောင်းပါတယ်။ ကျွန်မတိုက်ခန်းကနေ နေ့တိုင်းသူတို့ကိုမြင်နေရ၊ အသံတွေလဲအမြဲကြားနေရပြီး ရင်းနှီးအောင်တော့ မကြိုးစားရဲခဲ့ပါဘူး။ အမှန်အတိုင်းဝန်ခံရရင်တော့ ကျွန်မအတော်လေးစိတ်အနှောင့်အယှက်ဖြစ်ခဲ့မိပါတယ်။ လောကကြီးထဲမှာ ခပ်ပေါ့ပေါ့နေသူများ၊ အဆင့်အတန်းမရှိသူများ စသဖြင့် အမျိုးမျိုးအထင်သေးစိတ်များဖြစ်ခဲ့မိပါတယ်။ အဲဒီတိုက်ခန်းကနေ မြန်မြန်ပြောင်းရရင် ကောင်းမှာပဲလို့တောင်မှ တွေးခဲ့ဖူးပါတယ်။
အဲဒီလိုနဲ့ သုံးနှစ်လောက်ကြာလာတော့ အတော်လေးနေသားကျလာပါတယ်။ တစ်ယောက်ထဲနေရတဲ့ ကျွန်မကို သူတို့တွေက စောင့်ရှောက်ပြီးသားဖြစ်နေခဲ့တယ်။ ကျွန်မလိုအပ်တာတွေကို လိုအပ်တဲ့အချိန်တိုင်းမှာ ပျာပျာသလဲ လုပ်ပေးကြပါတယ်။ ဟန်ဆောင်စကားတစ်ခွန်းမှမပါတဲ့သူတို့နဲ့ ပြောဆိုဆက်ဆံရတာ စိတ်လက်ပေါ့ပါးလာပါတယ်။ တစ်ယောက်စာအတွက် ဈေးသွားဝယ်စရာမလိုပဲ လိုတာမှာလိုက်လို့ရတယ်။ အချိန်နဲ့အမှိုက်ပစ်ဖို့ကြောင့်ကြနေစရာမလိုအောင် သူတို့လုပ်ပေးခဲ့တယ်။ လုပ်ပေးရတယ်လို့ တစ်စက်ကလေးမှ မညိုညင်ပဲ လုပ်ပေးရတာကို ကျေနပ်နေတဲ့ သူတို့မျက်နှာတွေက ရိုးသားကြပါတယ်။ ကျွန်မစိတ်ရူးပေါက်တိုင်း အိမ်ထဲက ပရိဘောဂတွေကို ဟိုရွှေ့ဒီရွှေ့လုပ်ချင်တိုင်း လှမ်းအော်ခေါ်လိုက်ရုံနဲ့ လာလုပ်ပေးကြပါတယ်။ ကျွန်မကလဲ သူတို့ကလေးတွေကို စာသင်ပေးခဲ့ဖူးပါတယ်။ ပြောမနာဆိုမနာကလေးတွေက ဉာဏ်ရည်ကတော့ အလွန်ထုံထိုင်းကြတယ်။ ဘယ်လိုသင်သင် ဆရာမ နံမည်ပျက်ကိန်းသာရှိလို့ တစ်နှစ်သင်ပြီးနောက် ဆက်မသင်ပေးဖြစ်ခဲ့ဘူး။ ပညာရေးကိုတော့ သူတို့တွေ စိတ်မဝင်စားကြဘူး။
ဒီလိုပဲနေလာရင်း ကျွန်မအိမ်ပြောင်းရပါတယ်။ အတော်လေးကောင်းတဲ့တိုက်ခန်းတစ်ခန်းနဲ့ ပတ်ဝန်းကျင်ကလဲ အလွန်တိတ်ဆိတ်ငြိမ်သက်တယ်။ လူကြီးလူကောင်းတွေနေထိုင်တဲ့ရပ်ကွက်တစ်ခုလိုမျိုးပေါ့။ ပြောင်းရမယ်ဆိုတုန်းက ကျွန်မဝမ်းသာခဲ့ပါတယ်။ သူတို့တွေကလဲ ကျွန်မအတွက်ဝမ်းသာပေးပြီး အိမ်ပြောင်းဖို့ ဝိုင်းလုပ်ပေးခဲ့ကြပါတယ်။ သူတို့ရပ်ကွက်ထဲက ပြောင်းလာတုန်းက ကျွန်မစိတ်ထဲမှာ ဘာခံစားချက်မှမရှိခဲ့ဘူး။
အခု ကျွန်မသူတို့ကို သတိရတမ်းတလာပါပြီ။ ဟန်ဆောင်ခြင်းတွေကို စိတ်ပျက်လာပြီ။ တစ်နှစ်တောင်ပြည့်တော့မယ် ကျွန်မနဲ့အခန်းချင်းကပ်လျက်မှာ ဘယ်သူနေမှန်း မသိသေးဘူး။ အောက်ထပ်ကလူတွေနဲ့ တစ်ခါမှ နှုတ်မဆက်ဖြစ်သေးဘူး။ တိတ်ဆိတ်လွန်းလို့ သော့တွေကို အထပ်ထပ်သတိထားပြီး ခတ်နေရပါတယ်။ အခန်းထဲမှာ လေးလေးပင်ပင်လုပ်စရာရှိလာရင် အရင်ကဆဲတတ်သူတွေကို သွားခေါ်ရပါတယ်။ ကျွန်မသွားခေါ်တာကို အရမ်းဝမ်းသာအားရဖြစ်ကြတဲ့ သူတို့တွေကို ကျွန်မအခု တကယ်ခင်မင်နေပါပြီ။ အထင်သေးစိတ်တွေပျောက်လို့ သူတို့တန်ဖိုးကိုလဲ တကယ်သိလာခဲ့ပြီ။
ဂျူးရေးတဲ့ဝတ္ထုတိုထဲက ဆဲတတ်သူများအကြောင်းကို သတိရမိတယ်။ ဘက်စ်ကားတစ်စီးပေါ်က အဖြစ်အပျက်ကလေးကို ရေးထားတာပါ။ ဘက်စ်ကားပေါ်မှာ အော်ဟစ်ဆဲဆိုရန်ဖြစ်နေတဲ့ လူတစ်ခုကို အထင်သေးမိတဲ့မိန်းကလေးတစ်ယောက်နေရာကနေရေးထားတာ။ လမ်းမှာကားလဲပျက်ရော ဆဲဆိုတတ်သူတွေက ချက်ခြင်းထပြီး ကားကိုဝိုင်းတွန်းပေးကြပေမယ့် ခပ်တည်တည်နဲ့ သိက©ာရှိရှိနေသူတွေက တွန်းဖို့နေနေသာသာ ကားပေါ်ကတောင် မဆင်းခဲ့တာကို ပညာသားပါပါ ရေးထားတဲ့ ဝတ္ထုတိုလေးပါ။
လူ့အသိုင်းအဝိုင်းထဲမှာ ပေါ့ပေါ့ပါးပါးနေတတ်တာ တကယ်တော့ အထင်သေးစရာမဟုတ်ပါဘူး။ ရိုးရိုးသားသားနဲ့ပျော်ရွှင်အောင်နေနိုင်ကြတာ ချီးကျူးစရာ အတုယူစရာတောင်ကောင်းပါသေးတယ်။ ဒေါ်လှတို့မိသားစုလဲ တစ်နေ့ ထမင်းနှစ်နပ်စားတာပဲ။ ငါးပိရည်တို့စရာနဲ့ ခပ်ပေါပေါဟင်းတစ်ခွက်ကို မိသားစု ဆယ်ယောက်ကျော် ပျော်ပျော်ပါးပါး လုယက်စားသောက်ကြတယ်။ သူတို့ဆင်းရဲတာကို ပြောင်ပြောင်တင်းတင်း ဖွင့်ပြရဲကြတယ်။ မောင်နှမတွေအချင်းချင်း မကျေနပ်တာကို ရန်ဖြစ်ပြီး ဖြေရှင်းကြတယ်။ တစ်တိုက်လုံးနဲ့ အော်ဆဲနေပေမယ့် အရေးကြီးတော့ သွေးနီးကြတယ်။ သာရေးနာရေးတွေမှာ ဝိုင်းဝန်းကူညီကြတယ်။ သူတို့တွေ ပညာမတတ်ပေမယ့် လုပ်အားခက တစ်နေ့ကို ၅၀၀ဝ ရှိပါတယ်။ ယောက်ျားလေး ၂ ယောက်လောက်အလုပ်လုပ်ပြီး တစ်အိမ်လုံး ထမင်းနပ်မှန်အောင်တော့ စားနိုင်ကြသေးတယ်။
ကျွန်မတို့ ပညာတတ်အသိုင်းအဝိုင်းတွေမှာတော့ …………..
26 comments
manawphyulay
August 23, 2011 at 12:36 pm
ဘဝကြမ်းတော့ အနေကြမ်းကြတာပေါ့။ ရပ်ကွက်ဆိုတာ တကယ်တော့ အားကိုးစရာ ခင်စရာ မင်စရာ အလွန်ကောင်းတဲ့နေရာလေးပါ။ ဟန်ဆောင်မှုမပါ ကူညီတတ်ကြတဲ့ အသိုင်းအဝန်းဆိုလည်း မမှားပါဘူး။ မနောတို့ကတော့ ရပ်ကွက်နဲ့ ခြံနဲ့နေလို့လားမပြောတတ်ဘူး။ တိုက်ခန်းဆို မနေတတ်မှာ အမှန်ဖြစ်သလို ရပ်ကွက်ထဲက ဗျို့ဟစ်လိုက်ရင် အသံတိတ်တာနဲ့ လာပြီး ဘာကူညီပေးရမလဲဆိုတဲ့အသံပါ ကပ်ပါလာစမြဲပါပဲလေ…. ဘယ်နေရာရောက်ရောက် အနေတတ်ဖို့ လိုတာတော့ အမှန်ပါပဲ။
မီးမီး သော်
August 23, 2011 at 12:47 pm
ပျော်စရာ ပတ်ဝန်းကျင်လေးမျိုးမှာနေထိုင်ရတော့ သက်ရှည်ကျန်းမာစေတာပေါ့။ခြောက်ကပ်ကပ်နဲ ့မေးထူးခေါ်ပြောမရှိတဲ ့ပတ်ဝန်းကျင်မှာတော့ မနေချင်ပါဘူး။
windtalker
August 23, 2011 at 1:03 pm
ကိုကြောင်ကြီး ရယ်
ကိုအောင်ပု ရယ် နဲ ့
အိမ်နီးနားချင်း ဖြစ်ရမယ် ဆိုရင်တော့
တော်တော် ပျော်စရာ ကောင်းမှာပဲ
မီးမီး သော်
August 23, 2011 at 1:32 pm
ကိုလေပွကြီး ရေ သူတို ့ကိုတွဲထားလိုက်မယ်ဆို ရင်တော့ မလွယ်ဘူထင်ပါတယ်နော်—။ရှင်တို ့သုံးယောက်ပေါင်းလိုက်ရင်. သုံးယောက်ပေါင်းလောင်းကျော်တဲ ့။အဲလိုဖြစ်သွားလိမ့်မယ်။
နွယ်ပင်
August 23, 2011 at 1:09 pm
မြို့ကတိုက်ခန်းတွေကတော့ ကိုယ့်တံခါးကိုပိတ်လို့ အိမ်နီးနားချင်းဆိုတာလဲ သိပ်မရှိ
ကိုယ့်ကိစ္စကို အပြင်လူသိမှာဆိုးလု့ိ ဖုံးဖုံးဖိဖိ သူများကိစ္စ အကူအညီတောင်းလဲ စိတ်မဝင်စားနဲ့
ဒါ မြို့ပြယဉ်ကျေးမူလို့တောင် ပြောရမလိုဖြစ်နေပြီ မဝေရေ ………
ရွှေအိမ်စည်
August 23, 2011 at 1:14 pm
တို ့ကတော့အဲ ့သလိုရန်ဖြစ်ရင်
စပ်စုတတ်လွန်းလို ့…ခိုးကိုကြည့်မှာ..ပြောင်တော့မကြည့်ဘူး
ဆဲ ခံထိမှာစိုးလို ့
Shwe Ei
August 23, 2011 at 1:15 pm
ကျွန်မတို့ အိမ်နီးနားချင်းတွေကိုတော့ အတင်းတုတ်သူများအကြောင်းလို့ စာဖွဲ့ရင်ရလောက်ပါရဲ့။
ခပ်ဝေးဝေးကတည်းက သူတို့ကိုယ့်ကိုအတင်းတုတ်နေကြမှန်း မြင်ရုံနဲ့သိနိုင်ပေမဲ့ အနားရောက်ရင်တော့ မျက်လုံးပြူးကြီးတွေနဲ့ စိုက်ကြည့်နေပြီး ဘာသံမှမထွက်လာကြတော့ပါဘူး။ ပြုံးပြရတာတောင် အူကြောင်ကြောင်နိုင်လွန်းလို့ နောက်ဆို မျက်စောင်းတောင်ထိုးမကြည့်တော့ဘူး။
minthakhin
August 23, 2011 at 1:32 pm
လူ ၁၀ဝ မှာ ၉ဝ လောက်က ကိုယ်ပိုင်အတွေးအခေါ်၊ ရပ်တည်ချက်နဲ ့မနေကြပါဘူး။ အခုမြို ့ပြ လူနေမှု ပုံစံလို ့ဖြစ်လာနေတဲ့ ကိုယ့်ဘာသာကိုယ်နေဆိုတဲ့ ပုံစံကြီးကလည်း ဒီလိုမျိုးတွေကနေ ဖြစ်လာတာပါ။ လူအများကတော့ သူများ အခက်တွေ ့နေလို ့ ရှိရင်ကူညီ ချင်ကြပါတယ် ၊ ဒါပေမယ်လို ့ကူညီလိုက်ရရင် (သူတို ့စိတ်ထဲမှာ) ဘာဖြစ်သွားမလား၊ သူတို ့ကိုဘာထင်သွားမလား၊ တစ်ခြားသော သူတွေက ဘယ်လိုမျိုးမြင်သွားမလား ….. လားပေါင်းများစွာတွေးပြီး
ရပ်ကြည့်ရင်ကြည့် ၊ မကြည့်ရင် မမြင်ချင်ယောင်ဆောင်သွားပါတော့တယ်။ မြို ့ပြတအားဆန်လာပြီ ဆိုရင်ပိုဆိုးပါတော့တယ် ။ ရပ်ကွက်ထဲမှာတော့ ကူညီလိုက်ရင် သိပ်မသိသာပေမယ်လို ့၊ မြို ့ထဲမှာဆိုရင် တစ်ချို ့လူတွေ ကြည့်တဲ့အကြည့်ကို မခံချင်ကြပါဘူး (သူတို ့သာ ဝင်မကူညီတယ်၊ ကူညီတဲ့လူကိုကြည့်တဲ့အကြည့်မျိုးကို တစ်ချို ့တွေခံဖူးမှာပါ၊ တစ်ချို ့တွေကျတော့လည်း မကြားတကြားပြောကြပြန်တယ်)။ ဒီမှာတင် ကူညီချင်တဲ့ လူတစ်ချို ့ရဲ ့ရပ်တည်ချက်တွေ ပြောင်းလဲလာရတော့ပါတယ်။ စောစောကအတွေးမျိုးတွေ ပေါ်လာရပါတယ်။
အမှန်ကတော့ ကိုယ့်ရပ်တည်ချက်ကိုက အမှန်ဖြစ်နေရင် ဘယ်သူဘာပြောပြော၊ ကူညီသင့်တဲ့ဖြစ်ရပ်မှန်ရင်၊ ကူညီရမယ့်သူ မှန်ရင် ကိုယ့်ရပ်တည်ချက်အတိုင်း လုပ်လိုက်ရုံပါဘဲ။
ကိုယ့်စေတနာကိုယ်အကျိုးပေးဆိုတာကို ဖယ်ထားအုံး၊ ကိုယ့်လုပ်ရပ်ကို ပြန်တွေးပြီး ကြည်နူးနေမိမှာတော့အမှန်ပါဘဲ။
Shwe Tike Soe
August 23, 2011 at 1:33 pm
ဟုတ်ပ အဆဲအဆိုကတော့ နှုတ်ကြမ်း ကြတယ်.. စိတ်ထားတော့ကောင်းကြပါတယ်.. ကူညီတတ်ကြတယ်. ဖေးမတယ်…
ဟန်မဆောင်တတ်တာလဲ ပါတယ် စိတ်ထားလေးက ကောင်းပေမယ့် ပညာအရေအချင်း မပါတော့ နဲနဲ ရိုင်းတာပေါ့ဗျာ….
ဒါပေမယ့် ဟန်ဆောင်ပြီး စိတ်ထဲ ကျိတ်ယုတ်မာနေတဲ့ မျက်နှာဖုံးစွပ်လူကုံတန်တွေနဲ. စာရင် တော်သေးတာပေါ့ဗျာ..
True Answer
August 23, 2011 at 1:43 pm
ဟုတ်တယ် မဝေ။
များသောအားဖြင့် ကျွန်တော်တို့ ….ကာယကံ၊ ဝစီကံ လောက်ပဲ ကြည့်တတ်ကြတာ။
မနောကံ (စိတ်သဘောထား) ကို လုံးဝထည့်မစားကြဘူး။
မြင်လည်း မမြင်ရဘဲကိုး။
ကိုယ်မကျေမနပ်ဖြစ်မိတဲ့သူတွေက တခါတလေ မိတ်ဆွေရင်းတွေဖြစ်လာတယ်။
စုံ စုံ
August 23, 2011 at 1:55 pm
ကျမလဲကြုံဖူးပါတယ်မဝေရေ
အခုချိန်ထိအိမ်တွေလဲခနခနပြောင်းခဲ့ရတော့ပတ်ဝန်းကျင်တွေလဲ
အမျိုးမျိုးကြုံခဲ့ဖူးပါတယ်
တချို့နေရာတွေကဟန်ဆောင်တယ်အတင်းတုတ်တယ် လိုအပ်ရင်နဲနဲပါးပါးကူညီမယ်
တချို့နေရာကျတော့လဲအခုမဝေပြောသလိုအင်မတန်နှုတ်ကြမ်းလျှာကြမ်းတွေပေါတယ်
အခုနေတဲ့ပတ်ဝန်းကျင်ကျတော့လဲကလေးနဲ့ခွေးလုပ်တဲ့စက်ရှိသလားမှတ်ရတယ်
ကလေးသံခွေးသံတွေဆူမှဆူ
တကယ်စိတ်ပျက်ဖို့ကောင်းပါတယ်
အခုချိန်ထိတော့အိမ်နီးချင်းကောင်းကောင်းမတွေ့ဖူးလို့လားမသိဘူး
အရင်အိမ်နီးချင်းတွေကိုမတမ်းတမိတာတော့အမှန်ဘဲ
ကျမကတော့ကိုယ့်မိသားစုသီးသန့်လေးနေရတဲ့နေရာမျိုးကိုဘဲနှစ်သက်မိတယ်
pan pan
August 23, 2011 at 2:08 pm
ပြောစရာရှိ ပွင့်ပွင့်လင်းလင်း ဗြောင်ပဲ
အဲလိုလူတွေကျတော့ ရိုင်းတယ်ထင်ကြတယ်နော်
အပေါ်ယံလေးပြုံးနေတော့ လူယဉ်ကျေးတဲ့
ကျွန်မကြုံရသမျှတော့ စကားအလှလေးတွေနဲ့ ချိုချိုသာသာပြောတတ်တဲ့လူတွေက ဆတ်ဆတ်ထိမခံတွေပဲ
တချို့ကျတော့လည်း ဘုရားတရားမီးကုန်ယမ်းကုန်လုပ်ပြီး အတ္တကြီးတာလက်ဖျားခါတယ်
အဲလိုလူတွေနဲ့လည်း ကြုံပ့ါ
hmee
August 23, 2011 at 2:09 pm
မှီ စိတ်ထဲမှာ ခံစားနေရတာတွေကို မဝေက ရေးပြလိုက်သလိုပဲ။ ကျွန်မလည်း အခုတလော အဲ့လို ခံစားနေရတာ။ လူရှေ့ကျတော့ မျက်နှာကပြုံးနေပြီး အခွင့်အရေးရတာနဲ့ နောက်ကွယ်ကနေ ဓါးနဲ့ထိုးဖို့ ချောင်းနေသူတွေပဲမို့ တော်တော်ကို စိတ်ပျက်လှပြီ။ ရိုးသားပြီး နှုတ်ဆက်တာတောင် “ဟဲ့ ကောင်မကြီး ဘယ်တုန်းက ပြန်ရောက်တာတုံး” လို့ မေးတတ်တဲ့ နေရာလေးကို လွမ်းလှပြီ။ 🙁
MaMa
August 23, 2011 at 3:13 pm
တကယ့်ပတ်ဝန်းကျင်မှာ တွေ့ရတတ်တဲ့ သဘာဝကို ရိုးရိုးလေး တင်ပြထားတာ ကောင်းလိုက်တာ။ ဆဲတတ်သော အိမ်နီးချင်းများရဲ့ အတွင်းစိတ်ရင်းကောင်းကို မြင်တတ်သွားစေတဲ့ ပိုစ့်ကောင်းလေးတစ်ခုပါပဲ။
fatty
August 23, 2011 at 5:29 pm
ဒီစာလေးကိုကြိုက်လို့ ဝင်မန်းလိုက်ပါတယ် ..။ စာရေးသူကလည်း စာအတော်ဖတ်ပုံရပါတယ် ..။
ဝတ္ထုတိုလေးရေးမယ်ဆို ရေးလို့ကောင်းတဲ့ပုံစံလေးပါ။ ကျနော်အခုနေတဲ့တိုက်ခန်းမှာ ၈ နှစ်ကျော်ပြီ
ဘေးခန်းအောက်ခန်းကလူတွေ အကုန်မမြင်ဘူးပါဘူး ..။ နာမည်တွေလဲတယောက်မှမသိဘူး။
weiwei
August 23, 2011 at 8:20 pm
ဝတ္ထုတိုရေးမလို့ စိတ်ကူးခဲ့ပါသေးတယ် … ဒါပေမယ့် ဇာတ်လမ်းဖွဲ့ဖို့ မကျွမ်းကျင်သေးတာနဲ့ ရေးတတ်သလို ရိုးရိုးပဲ ရေးလိုက်တယ် …
ရင်ထဲမှာ ပြောပြချင်တာက ရေးထားတာထက်များပါတယ် …
icecube
August 23, 2011 at 6:32 pm
ကိုဖက်တီးရဲ့ အဲ့သဟာ ကိုလဲ ဝတ္ထုတို လေးရေးပါလား။ တစ်ယောက်မှ မသိတဲ့ကျွန်တော် ဆိုပီးတော့…။
ယမမင်း ကြီး
August 23, 2011 at 6:41 pm
လူ့အသိုင်းအဝိုင်းထဲမှာ ပေါ့ပေါ့ပါးပါးနေတတ်တာ တကယ်တော့ အထင်သေးစရာမဟုတ်ပါဘူး။ ရိုးရိုးသားသားနဲ့ပျော်ရွှင်အောင်နေနိုင်ကြတာ ချီးကျူးစရာ အတုယူစရာတောင်ကောင်းပါသေးတယ်။
naywoonni
August 23, 2011 at 8:27 pm
ဆရာ ချစ်ဦးညိုက စာပေ ဟောပြောပွဲ တစ်ခုမှာ ပြောသွားတယ်နော် ” ယဉ်ကျေးမှု အစ ဆဲခြင်းက” တဲ့…။ ကျွန်တော်တို့ ယောက်ျားလေးချင်းလည်း ဘယ်သူမှမရှိရင် အဆဲလေးနဲ့မှစကားပြောတတ်သူတွေရှိပါတယ်..။ မိန်းကလေးတွေရှိရင်တော့ ထိန်းတာပေါ့..။ မရှိရင် လစ်ရင်လစ်သလိုဆဲလိုက်တာပါပဲ..။ ဘာရယ်လို့တော့ မဟုတ်ကြပါဘူး…။
ဆူး
August 23, 2011 at 9:49 pm
ငယ်ငယ်က နေတဲ့ အိမ်မှာဆိုရင် အိမ်ဘေး အိမ်အောက် အိမ်အပေါ်တွေမှာ ရွယ်တူတွေ ရှိလို့ ညတိုင်း ၆နာရီ ဆိုရင် လမ်းထဲမှာ ဆူညံ အော်ဟစ် ကစားကြတော့တာပါပဲ…
ပျင်းနေရင် အိမ်ရှေ့က ထွက်အော်လိုက်ရင် သူငယ်ချင်းတွေက ထွက်လာပြီး စကားပြောတယ် တူတူ ဆော့တယ်။
အိမ်မှာ ထမင်းကုန်သွားရင် ဇလုံ တလုံးနဲ့ အပေါ်တက် အောက်ဆင်း ဇလုံ တလုံး အပြည့်ပဲ.. အားနာစရာကို မလိုဘူး။ အိမ်နီးပါးနီးတွေနဲ့ ပန်းခြံတွေကို သွားပြီး ရွယ်တူတွေနဲ့ တူတူဆော့ရတာနဲ့.. တခါတရံ သူများ အိမ်က ချက်တဲ့ ဟင်းကောင်းတွေလည်း စားရတယ်။ ကိုယ်အိမ်က ချက်တဲ့ ဟင်းကောင်းတွေကိုလည်း မျှဝေ စားသောက်ကြတယ်။
၆တန်းလောက်မှာတော့ အိမ်ပြောင်းခဲ့တယ်။ တနေ့ နေလို့ အိမ်ရှေ့က ဖြတ်လျောက်တာ လူ အယောက် ၂ဝ ၃ဝ တောင် ပြည့်ပါ့မလား မသိတဲ့ ရပ်ကွက်တခုကို ရောက်လာပါတယ်။ ပျင်းရိငြိငွေ့စရာ ကောင်းလှပေမဲ့ ၆နှစ်လောက်ကြာတော့ နေတတ်သွားတယ်။
နောက်တော့ ပိုဆိုးတယ်.. တနေ့နေလို့ လူ ၁ဝယောက်တောင် ဖြတ်မလျှောက်ဘူး။ကားနဲ့သာ ဖြတ်သွား ဖြတ်လာ လုပ်နေကြတဲ့ နေရာကို ရောက်သွားတယ်။ ဘေးအိမ်ကို ခင်မင်ရင်းနှီးတဲ့ သဘောနဲ့ မုန့်သွားပေးတာတောင် အလုပ်ရှုပ်တယ် ပုံစံမျိုး ပြောလွတ်လိုက်လို့.. နောက်တော့ ဘာမုန့်မှ ထပ်မလုပ်တော့ဘူး။ လှူချင်ရင် ဘုန်းကြီးကျောင်းမှာ သွားလှူလိုက်တယ်။ စိတ်တူကိုယ်တူ ဝါသနာတူ လူတွေ နဲ့ တူတူ မျှဝေ စားသောက်လိုက်တယ်။ ၁ဝနှစ်ကျော် နေလာတဲ့ သက်တမ်းမှာတော့ အခု နေတဲ့ အိမ်ကလည်း နေသားကျနေပါပြီ။ ကိုယ်တိုင်လည်း အိမ်ရောက်တယ် ဆိုတာနဲ့ ကွန်ပြူတာ သုံးချိန်မှ လွဲလို့ အခန်းထဲဝင် ဂျက်ချပြီး အိပ်တော့တာပါပဲ။
ကိုပေါက်(မန္တလေး)
August 23, 2011 at 9:58 pm
ကျနော်ငယ်ငယ်က စက်ရုံတစ်ခုမှာအလုပ်လုပ်ဘူးပါတယ်။
သစ်ခွဲစက်ဆိုပါစို့။
အစကတော့ ကျနော်က သူတို့နဲ့ဆက်ဆံတဲ့နေရာမှာလေးစားသမူ့နဲ့
ကျနော်တွေခင်ဗျားတွေ လုပ်နေတော့ အဆင်မပြေပါဘူး။
နောက်တော့လဲ သူတို့လိုဘဲ မင်းနဲ့ငါနဲ့
တစ်ခါတစ်လေ ငါနဲ့ကိုင်တုတ်လို့ ဆဲတော့ အဆင်ကိုချောလို့။
အဲသလိုဆဲတတ်ပေမယ့် အတွင်းစိတ်ရင်းဖြောင့်သူတွေအများကြီး တွေ့ရပါတယ်။
အပေါ်ယံချိုသလိုနဲ့အရေးအကြောင်းမှာ ကိုယ့် ကို ခွေးမောင်းသလိုမောင်းတတ်သူများနဲ့လဲကြုံရဘူးပါတယ်။
အပေါ်ယံချိုတာ ကြည့်ပြီုးဆုံးဖြတ်လို့ မရတာကတော့ ကိုယ်တွေ့တွေများလှပါပြီ။
ကြောင်ကြီး
August 24, 2011 at 9:35 am
!@#$%^&* 😡
etone
August 24, 2011 at 10:07 am
မဝေပြောတဲ့ … ဆရာမဂျူးရဲ့ ဝတ္တုလေးဖတ်ဖူးတယ် … ဘောလုံးပွဲကြည့်ပြီး ပြန်အလာ ကားပေါ်မှာ ကြုံရတဲ့ဇာတ်လမ်းလေးလေ … အတော်ဖတ်လို့ကောင်းပါတယ် … ။ မဝေရေးထားတဲ့ ပို့စ်လေးလည်း … ဖတ်လို့ကောင်းပါတယ် … လူနေမှူစရိုက်နဲ့စိတ်ဓါတ် တိုက်ရိုက်အချိုးမကျဘူးဆိုတာ ကွက်ကွက်ကွင်းကွင်းထောက်ပြထားလို့ပါပဲ … ။
ဆင်းရဲသားတွေက စရိုက်သာ ကြမ်းတာ … တကယ်တမ်းအကူညီတောင်းလျှင် ချက်ချင်းအင်တိုက်အားတိုက်လုပ်ပေးကြပါတယ် …. ကိုယ်တွေ့လေ … ဆေးခန်းဖွင့်ထားတဲ့ ပတ်ဝန်းကျင်မှာ အဲ့လိုလူတွေ အများကြီးပဲ … ။ ပွင့်လင်းလွန်းလို့ … … တမျှော်တခေါ်က လှမ်းတွေ့လျှင်တောင် အာပြဲကြီးနဲ့အော်ပြီး နှုတ်ဆက်တတ်ကြလို့ … ကွေ ့ဝှိက်သွားရတယ် 😀
mihninlay
August 24, 2011 at 11:04 am
မဝေပြောတဲ့ပုံစံမျိုးပဲမိုးမိုး(အင်းလျား)ဝတ္ထုတိုများထဲမှာဖတ်ဘူးတယ်…အရင်ရပ်ကွက်ကစရိုက်ကြမ်းပေမယ့်ကူညီလုပ်ကိုင်ပေးတယ်…နောက်တစ်နေရာပြောင်းသွားတော့ဘေးကဘယ်သူမှန်းတောင်မသိတော့ဘူးဖြစ်သွားရော….နေထိုင်မကောင်းတော့မှအရင်ကလူတွေကိုသတိရ…. ဒါလဲလူ ့သဘာဝပဲပေါ့
weiwei
January 26, 2012 at 11:40 am
ရဲရဲတောက် ဒို့ဗမာတွေပါလား ..
ကွန်မန့်တွေမှာ အနီတွေနဲ့ …. 🙂
ဒီနေ့တင်လိုက်တဲ့ ဆင်းရဲသော အိမ်နီးနားချင်းများနဲ့ ဆဲတတ်သော အိမ်နီးနားချင်းများသည် တူညီသော အိမ်နီးနားချင်းများဖြစ်ကြပါသည် ……
zoe
January 26, 2012 at 1:00 pm
မဆဲ ပေမဲ့ ကူညီတတ်တဲ့ သူ ဟန်မဆောင်တတ်တဲ့သူ လည်းရှိပါတယ် ။ ကူညီတတ် ပွင့်လင်းချင်ယောင်ဆောင် ပြီး ငွေလိမ်သွားတာ လည်းရှိပါတယ် ။ အခု အလုပ်မှာ လူအတော်များများ ခံလိုက်ရတာ။ ဆဲတာ နဲ့ပွင့်လင်း စိတ်ကောင်းရှိ တာ တခြားစီ လို့ထင် ပါတယ် ။