ဝမ်းသာရမှာလား?

weiweiSeptember 1, 20111min31213

“တီချယ် မင်္ဂလာပါ”
ကျွန်မအနောက်ဘက်ကနေ နှုတ်ဆက်သံကြားလိုက်ချိန်မှာ ကျွန်မတော်တော်လေး အံ့ဩသွားပါတယ်။ တီချယ်လို့ခေါ်မယ့်သူ အရေအတွက်နဲနဲလေးသာရှိတဲ့ ကျွန်မအတွက် ဘယ်သူများဖြစ်မလဲလို့ ချက်ခြင်းနောက်ပြန်လှည့်ကြည့်လိုက်တယ် …..
“ဟယ် … နှင်းနှင်းပါလား။ ဘယ်လိုလုပ် ဒီမှာရှိနေတာလဲ?”
“သမီး ဒီမှာ အလုပ်လုပ်နေတာ တီချယ်”
နှင်းနှင်းကို ရုံးယူနီဖောင်းနဲ့ အစိုးရရုံးတစ်ရုံးမှာ တွေ့လိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်မက အဲဒီရုံးမှာ သူငယ်ချင်းရှိလို့ သူ့ဆီဝင်တွေ့ရင်း လှေခေါးအထက်အဆင်းမှာ မမျှော်လင့်ပဲ တွေ့လိုက်ရတာဆိုတော့ အံ့ဩနေတာနဲ့ ဘာမှတောင်မမေးဖြစ်လိုက်ဘူး။ နှင်းနှင်းက အလုပ်ရှိပုံနဲ့အောက်ကိုဆင်းသွားတယ်။ ကျွန်မကတော့ အပေါ်ထပ်ကသူငယ်ချင်းဆီတက်သွားရင်း တွေးသွားလိုက်ပါတယ်။
နှင်းနှင်းဆိုတာက ကျွန်မရဲ့တပည့်ကျော်များထဲက တစ်ယောက်ဖြစ်ပါတယ်။ ကျွန်မ မကြာခင်က ရေးခဲ့ဖူးတဲ့ ဆဲတတ်သောအိမ်နီးနားချင်းများပို့စ်ထဲမှာ ကျွန်မစာသင်ပေးခဲ့သော ၉ တန်းကျောင်းသူလေးတစ်ယောက်ပါ။ လွန်ခဲ့တဲ့ ၆ နှစ်က သူက ၉ တန်းဆိုတော့ အခု ဘွဲ့များရသွားပြီလား? ကျောင်းတက်နေတုန်းလား? စသဖြင့် သိချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။
သူငယ်ချင်းဆီရောက်တော့ ကျွန်မမနေနိုင်တော့ပဲ မေးလိုက်မိပါတယ်။
“ငါ့တပည့် နှင်းနှင်းကို နင်သိတယ်မဟုတ်လား? ငါသူ့ကို နင်တို့ရုံးအောက်ထပ်မှာ တွေ့ခဲ့တယ်။ သူ့အကြောင်း သိသလောက် ပြောပြပါအုန်း။”
“ဪ … သူက မကြာသေးခင်ကမှ ဒီရုံးမှာခန့်လိုက်တဲ့ သန့်ရှင်းရေးဝန်ထမ်းလေ၊ အခုတလော အစိုးရအလုပ်တွေက အလုပ်ခေါ်တာ အရမ်းနဲနေတာ။ သန့်ရှင်းရေးလုပ်သားပဲခေါ်တာဆိုတော့ သူလဲ သန့်ရှင်းရေးအလုပ်ပဲ ရတာပေါ့။ ဒါတောင်မှ သူ့အမေက ဒီရုံးက ဝန်ထမ်းမို့ သူအလုပ်ရတာ …”
“သူက ဘွဲ့ရသွားပြီလား ..”
“အဝေးသင် နောက်ဆုံးနှစ်ရောက်ပြီလို့ပြောတယ်။ သူ့အဖေကလဲ သူဆယ်တန်းကထဲက ဆုံးသွားလို့ day မတက်နိုင်ပဲ အလုပ်ရှာရင်း အဝေးသင်တက်ရတာ။ အပြင်မှာ အလုပ်တော်တော်များများလုပ်ခဲ့ဖူးတယ်တဲ့။ အရောင်းစာရေးလဲဝင်လုပ်ဖူးတယ်။ မူကြိုကျောင်းမှာလဲ လုပ်အားပေးဖူးတယ်။ ဒါပေမယ့် လစာက တစ်လ သုံးသောင်းလောက်ပဲရပြီး ပင်ပန်းတယ်တဲ့။”
“အပြင်မှာပင်ပန်းတယ်ဆိုပေမယ့်လဲ အခုလို သန့်ရှင်းရေးဝန်ထမ်းလုပ်နေတယ်ဆိုတော့ ငါမြင်ရတာ စိတ်မကောင်းဖြစ်ရတယ်ဟာ …”
“ဘယ်တတ်နိုင့်ပါ့မလဲ .. အခု သန့်ရှင်းရေးအနေနဲ့ခန့်ထားပေမယ့် သူဘွဲ့ရတာနဲ့ စာရေးလိုင်းကို ပြောင်းပေးမှာပါ … အခုတော့ အခြေခံလစာအနေနဲ့ သုံးသောင်းရပြီး တခြားခံစားခွင့်တွေလဲ ရှိအုန်းမှာပါ။ သန့်ရှင်းရေးဆိုပေမယ့် သူ့ကိုအလုပ်ကြမ်းလဲ မခိုင်းထားပါဘူး။ စာရင်းနဲ့ပတ်သက်တဲ့အလုပ်တွေကို လေ့လာခိုင်းနေပါတယ်။”
“အင်း .. အဲဒါဆို တော်သေးတာပေါ့။ အခြေခံအစိုးရဝန်ထမ်းတစ်ယောက်အနေနဲ့ အားသာချက် အားနဲချက်တွေကို နဲနဲလောက်ရှင်းပြပေးပါလား”
“အားနဲချက်ကတော့ လစာနဲတယ်ပြောရမှာပေါ့။ ပုံမှန်စာရေးလစာက ပျှမ်းမျှ ငါးသောင်းလောက်ပဲရှိတယ်။ ငါတို့ဌာနမှာတော့ ယူနီဖောင်းဝတ်စုံပေးတယ်။ ဝန်ထမ်းသက်သာသဘောမျိုး တစ်လ ငါးထောင်ပေးတယ်။ အလုပ်ဘယ်လောက်ပဲကြိုးစားကြိုးစား အချိန်မတန်ပဲနဲ့ ရာထူးတက်ဖို့မလွယ်ဘူး။”
“အားသာချက်ကတော့ တော်ရုံတန်ရုံနဲ့တော့ အလုပ်မပြုတ်ဘူး။ စိတ်အေးရတာပေါ့။ မိန်းကလေးတစ်ယောက်အတွက် သင့်တော်ပါတယ်လေ။ နင်ကလဲ စိတ်မကောင်းမဖြစ်ပါနဲ့ … အခု သူအလုပ်ရနေတာ ဝမ်းတောင်သာရမှာ …”
“ဝမ်းသာရမလား၊ ဝမ်းနဲရမလား … ငါတကယ်မသိတော့ဘူး … ဟူးးးးး ……”
ရုံးပေါ်ကဆင်းလာတော့ ကျွန်မရင်ထဲမှာ ဆို့နင့်နင့်ဖြစ်သွားတယ်။ တခြားတပည့်ကျော်တွေလဲ ဘာတွေများလုပ်နေကြပါလိမ့်လို့ သိချင်လာပြီး သူတို့ကို စာသင်ခဲ့တဲ့ တစ်နှစ်တာအချိန်ကို ပြန်လည်သတိရတမ်းတမိပါတယ်။ သူတို့ရပ်ကွက်ကို သွားပြီး တစ်ခါလောက်တော့ စုံစမ်းရေးထွက်အုန်းမှလို့ စိတ်ထဲတေးမှတ်ထားလိုက်ပါတော့တယ် …..

13 comments

  • ကြောင်ကြီး

    September 1, 2011 at 11:40 am

    “ဆရာ” ခေါ်သံကြားလို့ တအံ့တဩနဲ့ သမင်လည်ပြန်ကြည့် မိလိုက်တယ်။ မီနီစကတ်ဝတ်ထားတဲ့ အကျီလက်ပြတ်နဲ့ သွယ်သွယ်လျလျ ကောင်မလေး၊ မျက်လုံးရွဲကြီးနဲ့ ကျနော့်ကို အားကိုးတကြီး ကြည့်နေတယ်။ အနားကပ်လာပြီး “ဦး”လို့ ချွဲပြစ်ပြစ်လေးထပ်ခေါ်သံကြားမှ သူ့အလှထဲ နစ်ဝင်နေတဲ့ အသိစိတ်ကို ပြန်ထိန်းချုပ်လိုက်ပြီး ချောင်းတချက် ဟန်ဆောင်ဟန့်ရင်း ဘာလဲသမီးလို့ ပြန်မေးလိုက်တယ်။ စိတ်ထဲမှာတော့ တွေ့ဘူးသလိုပဲ၊ ဇဝေဇဝါ မသေမချာ။ ရေမွှေးနဲ့ ယဉ်ယဉ်လေး ဆွတ်ထားတဲ့ ကိုယ်သင်းရနံ့လေးက လေဝှေ့တချက်မှာ သင်းကနဲ။ ဘာရယ်မဟုတ် မနက်က အလှူပွဲကြုံတုန်း ဦးလေးဆရာတော်ပေးလို ယူခဲ့မိတဲ့ ရှစ်ပါးသီလကို သွားသတိရလိုက်တယ်။ ကိစ္စမရှိပါဘူးလေ၊ ကျားဥပုသ်ဆိုတာ လိုအပ်ရင် ဖျက်ရမှာပဲ။
    “ဦးရယ် တွေ့မှတွေ့ပါမလားလို့၊ ရှာလိုုက်ရတာ ဒေါင်းတောက်နေတာပဲ။ ညနေကျရင် အိမ်မှာ ဦးရှင်ကြီးတင်ချင်လို့ မေမေက ဦးဆိုက်ကားနဲ့ တခါထဲ နတ်စင်ပါ တင်လာခဲ့ပါတဲ့၊ ဒါပဲနော်ဦး။” ပြောပြောဆိုဆို အိမ်လိပ်စာနဲ့ စရံငွေ၁၅၀ဝကျပ်ကို လက်ထဲထည့်သွားတဲ့ မြီးကောင်ပေါက်မလေးကိုကြည့်ရင်း ဆိုက်ကားဆရာ၊ ဦးရှင်ကြီးဆရာ လူပျိုသိုးကြီး ဦးအောင်ကြူးခင်မျာ ဆရာ၊ဦး ဦး၊ဆရာလို့သာ မချိတင်ကဲ ရေရွတ်မိပါတော့တယ်။

  • မီးမီး သော်

    September 1, 2011 at 11:46 am

    ဟယ် ကိုကြောင်ကြီးကနော်။အကောင်းမှတ်လို ့ဖတ်မိပါတယ်။ဆိုက်ကားဆရာဖြစ်သွားတာကိုး။ဟိ ဟိ။ရီ ရလို ့ဦးအောင်ကြူးကိုကျေးဇူးပါ။

  • manawphyulay

    September 1, 2011 at 11:55 am

    မမဝေကြီးရေ… ရုံးပိုင်းဆို်င်ရာရဲ့ အားသာချက်တွေများများ ပြောပြပေးပါ။ အဟိ… မီးမီးက တံမြက်စည်းကိုင်ဖို့မနိုင်သေးတာပဲရှိတယ်။ 😛

  • nozomi

    September 1, 2011 at 12:13 pm

    ဝမ်းသာလိုက်ပါ မဝေရာ
    အစိုးရဝန်ထမ်း အလုပ်က ဝင်ငွေနဲပေမဲ့ (သူ့ထက်ကောင်းတဲ့ အလုပ်လဲ ရွယ်ချယ်ခွင့်မရှိသေးဘူးဆို ) တည်တည်ငြိမ်ငြိမ် နဲ့ ထိုက်သင့်တဲ့ လွတ်လပ်မှုလဲရှိပါတယ် ၊စက်ရုံတွေလို မလာရင် လစာဖြတ်မယ်တို့ အိုဗာတိုင်အမြဲ ဆင်းရမယ်တို့လဲ မရှိပါဘူး

    သူ့ရဲ့ လိမ္မာပါးနပ်မှု၊ကြိုးစားမှု နဲ့ သူနဲ့ သင့်တော်တဲ့ နေရာတစ်ခုရှိလာမှာပါ၊

    နောက် သမ္မကြီးကလဲ ပြောထားပါတယ် အခြေအနေပေးတာနဲ့ လစာတိုးပေးပါမယ်တဲ့ 😀

  • pan pan

    September 1, 2011 at 1:37 pm

    မြန်မာနိုင်ငံမှာ ဘာမဆို ကွာဟချက်အရမ်းကြီးတယ်နော်
    အစိုးရဝန်ထမ်းတွေမှာလည်း ဝင်ငွေနည်းတဲ့လူတွေက စားဖို့အနိုင်နိုင်
    ဝင်ငွေများသူများကျတော့လည်း………….အင်း…………..။။။။

  • Shwe Ei

    September 1, 2011 at 2:02 pm

    အော်၊ ဘွဲ့ရ အလုပ်လက်မဲ့ထက်စာရင်၊ ဘွဲ့ရ သန့်ရှင်းရေးက တော်သေးတာပေါ့ မဝေရယ်။ ဘွဲ့ရဖြစ်တဲ့ အတွက်တက်လမ်းရှိပြီးသားမို့ အလုပ်တခုဝင်လုပ်နေတာကမှ တိုးတက်ရာတိုးတက်ကြောင်း ရှာလို့ရသေးတယ်။ ဒီအတိုင်းထိုင်စားနေတဲ့လူတွေ ထက်တော့ အများကြီးသာတယ်မှတ်တယ်။

  • hmee

    September 1, 2011 at 2:14 pm

    မဝေရေ ရွေးစရာမရှိတဲ့ ဘဝမှာ ရတာပဲ ယူရတာပေါ့။ ဒါပေမဲ့ ဘွဲ့ရတော့မဲ့သူက သန့်ရှင်းရေး လုပ်နေရတော့ စိတ်ထဲမှာ တမျိုးပဲ။

    • etone

      September 1, 2011 at 4:31 pm

      မမှီရေ… အစိုးရရုံးမှာက သန့်ရှင်းရေးဆိုတာ… အပြင်က ကုမ္ပဏီသန် ့ရှင်းရေးလိုမဟုတ်တော့… ဒီလောက်ကြီး မပင်ပန်းဘူးလေ … ။ position တစ်ခုပေးထားပြီး … တောက်တိုမယ်ရ အကုန်အစုံလုပ်ရတဲ့ … etoneတို့တွေကသာ ဝဋ်ကြွေးပါလာတာ ထင်ပါ့ … ။
      အဖွားပင်စင်မယူခင်က သူ့ဘေးက တောက်တိုမယ်ရလုပ်တဲ့ အဒေါ်ကြီးက … (ရာထူးနာမည်ကသာ သန့်ရှင်းရေး ) အဖွားနဲ့တွေ့ချင်ရင် သူ့ကို လာဘ်ထိုးရတယ် …၊ ဒါတောင် သူက ဝင်ပြောပေးဦးမှ … အင်တင်တင်နဲ့ … အချိန်ဆွဲရင် စောင့်ပေတော့ပဲ .. တချို့ဆို တွေ့ချင်တာက အဖွားနဲ့ … ၊ မုန့်ဝယ်လာတာ သူ့အတွက် …အဲ့ဒီလိုမျိုး အနေထားနဲ့.. အနှစ်သုံးဆယ်ကျော်လေးဆယ်လောက် … နေခဲ့တယ် .. 😛

  • myanpyithar

    September 1, 2011 at 4:27 pm

    အလုပ်ဟူသမျှဂုဏ်ရှိစွ..ဆိုမဟုတ်လား..

  • weiwei

    September 1, 2011 at 5:16 pm

    အလုပ်အကိုင် ရှားပါးနေတာကို တွေးမိအောင် ရေးလိုက်တာပါ ..
    သန့်ရှင်းရေးဆိုတဲ့ အလုပ်နေရာကိုတောင်မှ လုပ်ချင်တိုင်းလုပ်လို့ရတာ မဟုတ်ဘူး … သူ့အမေက အဲဒီရုံးမှာလုပ်တဲ့ဝန်ထမ်းမို့လို့ … အမေကလဲ ပင်စင်ယူခါနီးမို့လို့ ဦးစားပေးအစီအစဉ်နဲ့ အလုပ်ရထားတာတဲ့ …
    အလုပ်ဟူသမျှ ဂုဏ်ရှိစွပါပဲ … ကိုယ့်တပည့်တော်ခဲ့ဖူးလို့ စိတ်မကောင်းတော့ နဲနဲဖြစ်မိတာပေါ့ …
    အဲဒါကြောင့်လဲ ခေါင်းစဉ်စဉ်းစားတုန်းက ဝမ်းသာရမလား ဝမ်းနဲရမလားလို့ ပေးမလို့ …

  • MaMa

    September 1, 2011 at 5:37 pm

    ရိုးရိုးသားသားနဲ့ ရရာအလုပ်ကို လုပ်ချင်တဲ့စိတ်ကလေးကိုတောင် ချီးကျူးရမယ်။ အဲလို ရိုးရိုးသားသား မရပ်တည်ချင်လို့ ဘဝပျက်တဲ့လူတွေထဲမှာ ဘွဲ့ရတွေလည်းပါတယ်။

  • ဆူး

    September 1, 2011 at 7:57 pm

    အလုပ်မပြုတ်ဘူးဆိုတော့ ခွင့်ရက်ရှည် ၃လ လောက် ယူပြီး ၁လ အလုပ်ဆင်း အဲလို လုပ်လို့ ရမလားဟင်။

    • weiwei

      September 1, 2011 at 8:16 pm

      အဲဒီလိုတော့ ဘယ်ရမလဲ ….
      ခွင့်အမျိုးအစား အမျိုးမျိုးရှိတယ် … ခွင့်ရက်ရှည်ယူချင်ရင် ဆေးခွင့် သို့မဟုတ် လစာမဲ့ခွင့် ယူရမယ်ထင်တယ် … ပျက်တာများရင်တော့ အလုပ်ပြုတ်သွားမှာပေါ့ …
      တချို့အလုပ်သမားတွေဆို ရသလောက်ဘောင်အတွင်းကခွင့်ယူပြီး အပြင်မှာ နေ့စားသွားလုပ်စားကြတာလဲရှိတယ် … အပြင်မှာက ကျွမ်းကျင်ရင် တစ်ရက် ၅၀၀ဝ လောက်ရတယ် …. ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အစိုးရအလုပ်ကလဲ ထွက်လို့မဖြစ်ပြန်ဘူးဆိုတော့ အဆင်ပြေသလို လုပ်စားနေကြရတာပေါ့ …

Leave a Reply