ပြာတာဝါဝါနှင့် ဆားပုလင်း .. အိုင်အိုဒင်း စုံထောက်ရှော်ကြီးများအမှု

သူရႆဝါSeptember 9, 20114min1642

ဒီနေ့မနက် ကျွန်တော့်ရဲ့ ဘလော့ဂ်ထဲ ဝင်ကြည့်ပြီး ဟိုးအရင်က ပိုစ့်အဟောင်းတွေ ဖတ်မိတော့ ဒီပိုစ့်လေးကို ပြန်တွေ့ပါတယ်။ ဟာသဝတ္ထုတိုလေးပါ။ သူငယ်ချင်းတွေရဲ့ နာမည်တွေကို သုံးပြီးတော့ ဟာသအနေနဲ့ ရေးထားခဲ့တာပါ။ အခုပြန်ဖတ် ကြည့်တော့ သဘောလည်းကျ၊ အမှတ်တရလည်း ဖြစ်နေတာနဲ့ ပြန်တင်လိုက် ပါတယ်။ ၂၀၀၉ လောက်ကရေးခဲ့တာ ဖြစ်တဲ့အတွက် အရေးအသား ကတော့ နည်းနည်း ညံ့လိမ့်မယ် ထင်ပါတယ်။ ဖတ်ကြည့်ကြပါ။

“ပြာတာဝါဝါနှင့် ဆားပုလင်း .. အိုင်အိုဒင်း စုံထောက်ရှော်ကြီးများအမှု”

တစ်နေ့သ၌ဟု စာရေးဆရာများ သုံးစွဲလေ့ရှိသော တစ်နေ့သ၌ တစ်ခု၏ နံနက်ခင်းတွင် နာမည်ကျော် စုံထောက်ကြီး ဆားပုလင်း ပိုးကောင် အိပ်ရာမှ နိုးထလာခြင်း ကစသော အဖြစ်အပျက် များကို အခြေပြု၍ ယခု တင်ပြ လတ္တံ့သော ဗမာ့ရာဇဝတ်မှု သမိုင်းတွင် မကြုံစဖူး ကြီးကျယ် ဂယက်ရိုက်ခဲ့သည့် ဤကိုယ်ကျိုးနည်း တက်တက်ပြောင် အမှုဆန်းကြီး အကြောင်း စတင် ဖော်ပြရပေမည်။

အထက်ပါ တစ်နေ့သ၌ တစ်ခု၏ နံနက်ခင်းတွင် နာမည်ကျော် စုံထောက်ကြီး ဆားပုလင်း ပိုးကောင် အိပ်ယာမှ မှုံတိမှုံမွှား ယောင်ဝါးဝါးနှင့် နိုးထလာ ခဲ့လေသည်။ “ဆားပုလင်း ပိုးကောင်နှင့် ငတက်ပြား စိုးမိုးအမှု”၊ “ဆားပုလင်း ပိုးကောင်နှင့် ဒတ်ကလော့ လူသတ်သမားအမှု” ဟူ၍ပင် အထူးအရေးပေး မှတ်တမ်းတင် ထားရသော အမှုအခင်း အကြီးစား များကို ကံအားလျော်စွာ ဖော်ထုတ် ပေးနိုင်ခဲ့သည့် ဆားပုလင်း ပိုးကောင်အား ပုလိပ်မင်းကြီး လူလိန်မှ ဂုဏ်ပြုမည့် ကော်ဖီ ပါတီပွဲရှိရာ ဦးညိုကြီး ကာကာဆိုင်သို့ သွားရောက်ရန် အိုင်ပီပင်ဂွင်းနှင့် ယနေ့နံနက် ချိန်းဆို ထားမိကြောင်း နိုးလျှင် နိုးချင်းပင် ဆားပုလင်း ပိုးကောင် သတိရလေ၏။ ထို့ကြောင့်ပင် ဧည့်ခံပွဲ တက်ရောက်ရန် ပြင်ဆင်ဖြီးလိမ်း ရဦးမည့် အရေးကို တွေးကာ အိပ်ယာမှ အလူးအလဲ ပြူးပြဲပြီး ထလာခဲ့လေသည်။ မနေ့ညက စွပ်ကျယ် လက်ပြတ်လေး ဝတ်ပြီး အိပ်ယာဝင် ခဲ့မိခြင်းကြောင့် လားတော့မသိ။ အိပ်ယာမှ နိုးနိုးချင်းပင် ခန္ဓာကိုယ်မှ အေးစိမ့်သော အရသာတမျိုး ခံစားနေရ ကြောင်းကို (စုံထောက်ပီပီ) ဆားပုလင်းပိုးကောင် သတိပြုမိ လေသည်။

“ဆားပုလင်းထိပ်ခေါင် မောင်ပိုးကောင် နှစ်လုံးထီထိုးရင်း ပုဆိုးပေါင် ဒါ့ ဒါ ဒိ ဒီ ဒေါင်”

သီချင်းလေး တအေးအေး ရွတ်ဆိုကာ မျက်နှာသစ်၊ သွားတိုက်ရန် အလို့ငှာ ရေချိုးခန်း အတွင်းသို့ ဝင်လာခဲ့ လေသည်။ သူဖော်ထုတ် ပေးနိုင်ခဲ့သော ယခင်အမှုများ အတွက် ပုလိပ်မင်းကြီး လူလိန်က သူ့ကို ပါးလျက် နားလျက် ချီးကျူးရဦးမည့် အရေးကို မျက်လုံးမှိတ်ကာ တွေးရင်း စိမ်ပြေနပြေ သွားတိုက် နေမိလေ၏။ တဆက်တည်း မှာပင် သွားတိုက် ပြီးပြီးချင်း ရေပါချိုးလိုက်လျှင် ကောင်းလိမ့် မည်ဟု စိတ်အကြံရသဖြင့် အကျီ င်္ ချွတ်ရန် အတွက် လက်နှစ်ဖက်ဖြင့် စွပ်ကျယ်အကျီ င်္ကို ဆွဲမလိုက်လေ၏။

“ဟင်… အလို… အို…” ဟူ၍သာ အံ့အားတသင့် မြည်တမ်းမိ လေတော့သည်။ အကြောင်းမှာ မနေ့ညက ဝတ်အိပ်ခဲ့သော အကျီ င်္ မရှိတော့ချေ။ ဆားပုလင်း ပိုးကောင် အလွန်ပင် ထိတ်လန်ု့ သွားပြီး ကမန်း ကတမ်း အောက်ငုံ့ကြည့်သော အခါတွင် အလွန်တရာ ထိတ်လန့် အံ့ဩဖွယ် ကောင်းသော အချင်းအရာကို မြင်လိုက်ရ လေသည်။ အဘယ်ကြောင့်ဆိုသော် မနေ့ညက သူဝတ်ဆင် အိပ်စက်ခဲ့သော စွပ်ကျယ်အကျီ င်္နှင့် ရေလဲပုဆိုးပိုင်းတို့မှာ သူ၏ ကိုယ်ပေါ်၌ မရှိတော့ချေ။ ၎င်းတို့အစား သစ်ရွက်များ ဖုံးလွှမ်း အပ်သော မလုံ့တလုံ လံကွတ်တီနှင့် ပိန်ချပ်ပြားကပ်ကာ ယခုခေတ် မော်ဒယ်လ် မိန်းကလေးများ အတုယူစရာ ကောင်းလှသည့် ဆားပုလင်း ပိုးကောင်၏ ဗိုက်ပူနံကားလေး ပေါ်တွင် ထင်ရှားစွာ ပေါ်နေသော စာကြောင်းများ ကိုသာ မြင်တွေ့ လိုက်ရ လေတော့သည်။

“ကိုင်း… ဘယ့်နှယ့်ရှိစ စုံထောက်ရှော်ကြီး မောင်ပိုးကောင်

သင်၏ အကျီင်္အဝတ်အစားတို့အားချွတ်ယူပြီး အရှက်ရစေသော

ကျွန်ုပ်ကို အဘယ်သူဖြစ်ချိမ့်မည်ဟု အသင့်

ပိစိညှောက်တောက် ဖြုတ်ဦးနှောက်ဖြင့် တွေးတောဆင်ခြင်မိပါသနည်း ငှီးငှီး”

အလွန်တရာမှပင် သွေးပျက်ခြောက်ခြား အရှက်ရစရာ တစ်ခုကို ခံစားလိုက်ရသူ တို့၏ ထုံးစံအတိုင်း ဘာကိုမှ တွေးတော ဆင်ခြင်နိုင်စွမ်း မရှိတော့ပဲ အာရုံကင်းလွတ်စွာဖြင့် အိမ်ရှေ့သို့သာ လံကွတ်တီ စွပ်လျက်သား သွေးရူးသွေးတမ်း ပြေးထွက်လာ မိလေသည်။ ထိုအခါကျမှပင် ထို့ထက်ပို၍ အံ့ဩစရာ ကောင်းသော မြင်ကွင်းကို ဆားပုလင်း ပိုးကောင် တစ်ယောက် ပါးစပ် အဟောင်းသား ဖြစ်သွား ရလောက်သည် အထိ မြင်တွေ့ရ လေတော့၏။ သူ့အိမ်ဝင်း အတွင်းသို့ သူ့လိုပင် ကမူးရှူးထိုး ပြေးဝင်လာသော အိုင်အိုဒင်းလုလင်။ သူ့လိုပင် လံကွတ်တီနှင့်၊ ဗိုက်မှာ စာတန်းကလေးနှင့်။

“ကိုင်း… ဘယ့်နှယ့်ရှိစ အိုင်အိုဖျင်းလုလင်

သင်၏ အကျီင်္အဝတ်အစားတို့အားချွတ်ယူပြီး အရှက်ရစေသော

ကျွန်ုပ်ကို အဘယ်သူဖြစ်ချိမ့်မည်ဟု အသင့်

ပိစိညှောက်တောက် ဖြုတ်ဦးနှောက်ဖြင့် တွေးတောဆင်ခြင်မိပါသနည်း ငှီးငှီး”

အိုင်အိုဒင်းလုလင်၏ ဗိုက်မှ စာကြောင်းမှာလည်း သူ၏ဗိုက်မှ စာကြောင်းနှင့် ထပ်တူထပ်မျှ နီးပါးပင် ဖြစ်ကြောင်း တွေ့ရှိရလေ၏။ ယခုကဲ့သို့ နိုင်ငံကျော် စုံထောက်ကြီး နှစ်ဦး၏ အဝတ်အစား များကို ချွတ်ယူရုံ မျှမက ဝမ်းဗိုက် တွင်ပါ မထီလေးစားဆန်သော စာမျိုးကို ရေးဝံ့သည်မှာ တော်ရုံသတ္တိ ကောင်းရုံမျှ ဖြင့်တော့ မဟုတ်နိုင်ချေ။ ဆားပုလင်းပိုးကောင်နှင့် အိုင်အိုဒင်းလုလင်တို့ တစ်ယောက်ကို တစ်ယောက် ယူကျုံးမရစွာ ကြည့်ရှု ငေးမော နေမိကြစဉ်မှာပင် သူတို့၏ အထက်အရာရှိ ဖြစ်သူ အိုင်ပီပင်ဂွင်း ရောက်ရှိ လာလေသည်။ နိုင်ငံကျော် စုံထောက်ကြီး နှစ်ဦး၏ ထူးဆန်းထွေလာ ရယ်စရာ အဖြစ်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသော အိုင်ပီပင်ဂွင်း မှာလည်း ၎င်းတို့နှစ်ဦးထက် မပိုသည့်တိုင်အောင် ၎င်းတို့ထက် မလျော့သော အံ့ဩခြင်းမျိုးဖြင့် ပါးစပ်အဟောင်းသား ငေးမောကြည့်ရှုနေ မိလေသည်။

“ဟား…. ကိုယ့်ဆရာတို့ ပါတီတက်မယ့် ဝတ်စုံတွေက အထူးအော်ဒါလားဗျ ဟီးဟီး”

အသံနှင့်အတူ ထပ်မံရောက်ရှိ လာသူကား ပြာတာဝါဝါပင် ဖြစ်လေသည်။ ဆားပုလင်း ပိုးကောင်လည်း ရှက်ရမ်းရမ်းကာ ဒေါသတကြီး ပြန်လည် အော်ဟစ်လေ၏။

“နေစမ်းပါကွာ ဒီမှာ အရှက်တကွဲ အကျိုးနည်းမယ့် ကိစ္စကြီး ကြုံနေရတဲ့ကြားထဲ မင်းကတမှောင့်၊ ကဲ … မင်းကရော ဘာလာလုပ်တာတုန်း”

“ပုလိပ်မင်းကြီး လူလိန် လွှတ်လိုက် တာဗျ၊ ဟိုက ဗြစ်တောက် ဗြစ်တောက် လုပ်နေပြီ၊ သူ့လို အထက် အရာရှိကြီးက ပေးအပ်တဲ့ ဂုဏ်ပြုပွဲ ပါတီကို တက်ရောက် ဖို့တောင် လူကလေး ပိုးကောင်က ဘာကိစ္စ နောက်ကျ နေရသလဲတဲ့၊ ဒါဟာ သူ့ကို မခန့်လေးစား လုပ်တဲ့ အပြုအမူ ဆိုရင်တော့ ဂုဏ်ပြုပွဲကနေ နားအုံထုပွဲ အစီအစဉ်ကို ပြောင်းသင့်ရင် ပြောင်းရ လိမ့်မယ်လို့ မှာလိုက်တယ်၊ အဲဒါ လာပြောတာဗျ”

ထိုအခါကျမှပင် ဆားပုလင်း ပိုးကောင်နှင့် အိုင်အိုဒင်း လုလင်တို့လည်း ၎င်းတို့ နှစ်ဦး၏ အရှက်တကွဲ အကျိုးနည်း ရသော ကိစ္စအလုံးစုံကို ပုလိပ်မင်းကြီး လူလိန်အား ပြန်လည်၍ “ဖွ”ခြင်း မပြုပါမည့် အကြောင်း အိုင်ပီပင်ဂွင်းနှင့် ပြာတာဝါဝါ တို့အား အနူးအညွတ် ရှိခိုးဦးတင် တောင်းပန် ကြပြီးလျှင် ဂုဏ်ပြုပွဲ ကျင်းပမည့် ဦးညိုကြီး ကာကာဆိုင်သို့ အဝတ်အစားများ လဲလှယ်ကြပြီး သုတ်သီးသုတ်ပြာ ထွက်ခွာ လာကြ လေသည်။

အထက်ပါ ကိစ္စများ ဖြစ်ပွားပြီး နောက်တစ်ပတ်ခန့် အကြာတွင် CYG ရုံးခန်း အတွင်း၌ အိုင်ပီပင်ဂွင်း၊ အိုင်ပီပိုင်းရိတ်၊ ရာဇဝတ်အုပ်ဝိုင်၊ အိုင်အိုဒင်း လုလင်နှင့် ဆားပုလင်းပိုးကောင် ဟူသော စုံထောက်ရှော် ကြီးများသည် အထက်အရာရှိ မရှိခင် အတင်းချတတ်သော လက်အောက်ငယ်သား တို့၏ ထုံးစံအတိုင်း မင်းကြီး လူလိန် မကောင်းကြောင်း ရောက်တတ်ရာရာ အတင်းအဖျင်း ပေါင်းစုံကို မင်းကြီးလူလိန် ရုံး၌မရှိခိုက် မြိန်ရည်ရှက်ရည် ပြောဆို နေကြလေ၏။

အိုင်ပီ ပင်ဂွင်းက “အိုင်ပီတို့ ကြားဖူးရဲ့လား .. ကျုပ်တို့ရဲ့ မင်းကြီးလူလိန်ဟာ CYG ကို မရောက်ခင် အင်္ဂလန် မှာတုန်းက စတန်းဖိုဒ့် တံတားနားမှာ ဆိုက်ကားနင်းစား ခဲ့တာဆိုပဲ” ဟု ပြောလေရာ ရာဇဝတ်အုပ် ဝိုင်က “အာ … အိုင်ပီကလည်း ကောလဟာလတွေ ပြောနေပြန်ပြီ၊ တကယ်တော့ မင်းကြီးလူလိန်က ဆိုက်ကား နင်းစားခဲ့တာ မဟုတ်ဘူးဗျ၊ လန်ဒန်က ဆင်ခြေဖုံး ရပ်ကွက် တစ်ခုမှာ လိန်ဒေါ်နယ်လ် ဆိုတဲ့ နာမည်နဲ့ မြေပဲပြုတ် ရောင်းခဲ့တာ၊ အဲဒါကို မက်ဒေါ်နယ်လ် ကုမ္ပဏီက သိသွားတော့ သူတို့ ဟမ်ဘာဂါ ရောင်းတဲ့ နာမည်ကို ဆင်တူယိုးမှား ယူထားပါတယ်လို့ တရားစွဲတော့မှ ကြောက်လန့်ပြီး ဗမာပြည်ကို ပြေးလာတာဗျ” ဟု ပြန်လည်ပြောဆိုလေ၏။

ထိုအခါ အိုင်ပီပိုင်းရိတ် ကလည်း အားကျမခံ “အိုင်ပီ တို့ကလည်း ပြောရော့မယ်၊ တကယ်တော့ မင်းကြီး လူလိန်က မြေပဲပြုတ် ရောင်းခဲ့တာလည်း မဟုတ်ဘူး၊ ဆိုက်ကား နင်းခဲ့တာလည်း မဟုတ်ဘူး၊ သူတကယ် လုပ်ခဲ့တာက ကင်းဗရစ်ချ် တက္ကသိုလ် ဝင်းထဲမှာ လည်ပြီး ကွမ်းယာ ရောင်းခဲ့တာဗျ” ဟု ဟုတ်သည် မဟုတ်သည် အပထား၍ တစ်ယောက် တစ်ပေါက် ပြောဆိုလျက် ရှိကြလေ၏။ စုံထောက်ကျော်ကြီး ဆားပုလင်း ပိုးကောင်မှာ မူကား တစုံတရာကို အလေးအနက် စဉ်းစားနေဘိ သကဲ့သို့ မျက်လုံးအစုံကို မှိတ်ကာ ပါးစပ် မှလည်း သွားရည် တတောက်တောက် ကျလျက် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကျလျက် ရှိနေလေသည်။ ထို အချင်းအရာကို မြင်သော အိုင်အိုဒင်း လုလင်က “အင်း …. ကျုပ်တို့ကသာ တောင်စဉ်ရေမရ လျှောက်ပြော နေတာ ဆားပုလင်း ပိုးကောင် ကတော့ တကယ်ကို အေးဆေး လှချည်လား ဗျဟင်” ဟု ပြောဆို လိုက်လေ၏။

ထိုအခိုက် မှာပင် “ဒီလို မဟုတ်ဘူး အိုင်ပီရဲ့ … ဟိုလို ကျတော့လည်း မဟုတ်သေးဘူး” ဟူ၍ ဆားပုလင်း ပိုးကောင် ဆီမှ အသံထွက် လာလေသည်။ အိုင်ပီပိုင်းရိတ်တို့ အဖွဲ့လည်း ရုတ်တရက် လန့်ဖြန့် သွားပြီး ဆားပုလင်း ပိုးကောင်အား လှမ်းကြည့် မိသော အခါတွင်မှ ဆားပုလင်း ပိုးကောင်မှာ သူတို့အား စကား ပြန်လည် ပြောဆိုခြင်း မဟုတ်ပဲ အိပ်ပျော် နေရင်းမှထ၍ ယောင်ခြင်း ဖြစ်သည်ကို တွေ့ရှိကြရ လေသည်။ ထိုအခါ မှပင် အိုင်ပီပင်ဂွင်း တို့လည်း ဆားပုလင်း ပိုးကောင်၏ အဖြစ်ကို ကြည့်၍ ရယ်မော လှောင်ပြောင်ကြ လေတော့၏။ ထိုသို့ ဆူဆူညံညံ အသံများ ကြားသော အခိုက်မှာပင် ဆားပုလင်း ပိုးကောင်လည်း အိပ်နေရာမှ ဝူးဝူးဝါးဝါး အသံပြုကာ ပြန်လည်နိုးထ လာလေ တော့၏။ အိုင်ပီပင်ဂွင်း ကလည်း “အိုင်ဆေး ကိုပိုးကောင် ယူလှချည် လားဗျ၊ ဘယ်လောက်တိုး နဲ့တုန်း ဟဲ ဟဲ .. ဒါနဲ့ ကျွန်တော်တို့ တတွေ မင်းကြီးလူလိန် CYG မရောက်ခင် အင်္ဂလန်မှာ တုန်းက ဘာတွေ လုပ်ခဲ့တယ် ဆိုတဲ့ အကြောင်းကို ပြောနေ ကြတာဗျ၊ အဲဒါ ဟုတ်မဟုတ် ကိုပိုးကောင်က ပြောပါဦး၊ အိုင်ဆေး ကိုပိုးကောင်က ကျွန်တော်တို့ ထက်စာရင် ပိုပြီးစပ်စပ်စုစုရှိ …. အဲ .. ပိုပြီး အကြားအမြင် ဗဟုသုတ ရှိတယ် မဟုတ်လား” ဟူ၍ ဆားပုလင်း ပိုးကောင်အား မြှောက်ပင့် သလိုလို ပြောပြီး အချွန်နှင့် မ, လေတော့သည်။

ထိုအခါကျမှပင် ဆားပုလင်း ပိုးကောင်လည်း သူ၏ ပါးစပ်မှ စီးကျ နေသော သွားရည် များကို လက်ခုံဖြင့် ပွတ်၍ တဝါးဝါး သမ်းလိုက် လေသည်။ ထို့နောက် တစုံတရာအား ပိုင်ပိုင်နိုင်နိုင် သိရှိနေသော သူတို့၏ ထုံးစံအတိုင်း ဘာမှ မပြောသေးဘဲ အားလုံးကို ဝေ့ကြည့်၍ သူသောက်နေကျ ရွှေဒူးယား စီးကရက်ကို မီးညှိ ဖွာရှိုက် နေလေသည်။ ဆားပုလင်း ပိုးကောင်နှင့် ခေတ်ပြိုင် စုံထောက်တစ်ဦး ဖြစ်သော အိုင်အိုဒင်း လုလင် မှာလည်း ဆားပုလင်း ပိုးကောင် အိုက်တင်ခံ နေပုံကိုကြည့်၍ “တောက် .. ဒီဘဲက ပဲကိုများတယ်၊ သူ့ကို အားကိုးမှန်း သိတာနဲ့ ရူပါကျွေး တော့တာပဲ၊ ပြောစရာ ရှိတာ မြန်မြန် မပြောဘူး၊ ဟိုကြည့်ဒီကြည့် လုပ်နေတာ ထဘီသူခိုး ကျနေတာပဲ” ဟူ၍ စိတ်ထဲမှ ကြိတ်၍ ဆားပုလင်း ပိုးကောင်အား ကျိန်ဆဲလျက် ရှိနေလေသည်။

ရွှေဒူးယား စီးကရက်ကို တစ်ချက်မျှ ခပ်ပြင်းပြင်း ဖွာရှိုက်လိုက်ပြီးနောက် ဆားပုလင်း ပိုးကောင်က “တကယ်တော့ မင်းကြီးလူလိန်ဟာ အင်္ဂလန်မှာ ကတည်းက စစ်မှုထမ်း တစ်ယောက်ပဲ၊ စစ်ပွဲ တစ်ခုမှာ သူတို့ရဲ့ ရန်သူတပ်က သူတို့တပ် တစ်တပ်လုံးကို အပြတ် ချေမှုန်းခဲ့တာ၊ အဲဒီမှာ မင်းကြီး လူလိန်က ကံကောင်းချင်တော့ ရန်သူတပ်သား တွေက သူ့ကို မြင်မသွားဘူး၊ တစ်တပ်လုံးမှာ သူတစ်ယောက် တည်းပဲ ကျန်ခဲ့တာ၊ ရန်သူ တပ်တွေ ကတော့ အားလုံးသေပြီ ထင်ပြီး ပြန်ဆုတ်ခွာ သွားကြတယ်။ မင်းကြီး လူလိန်လည်း ဘာလုပ် ရမှန်း မသိပဲ ကယောင် ကတန်းနဲ့ စစ်မြေပြင်မှာ ပြန့်ကျဲ နေတဲ့ သေနတ် တွေကို လိုက်ကောက် နေမိတာ၊ အဲဒီ အချိန်မှာ သူတို့ရဲ့ ဂျင်နရယ်လ်က ရောက်လာ ပါလေရော” ဟု ပြောပြီး စကားစကို ခဏ ဖြတ်ထား လိုက်လေသည်။ အိုင်ပီပင်ဂွင်းတို့ လူစုမှာလည်း တခါမှ မကြားဖူးသော အကြောင်းအရာကို နားထောင် ကြရသည် ဖြစ်၍ ဆားပုလင်း ပိုးကောင်အား ဆက်လက်၍ ပြောပါရန် တောင်းပန် ကြလေသည်။

“ဂျင်နရယ်လ် ရောက်လာတဲ့ အချိန်မှာ မင်းကြီးလူလိန်က ပုခုံးမှာလည်း သေနတ်တွေ လွယ်လို့၊ ရန်သူ တပ်သား တွေလည်း တစ်ယောက်မှ မမြင်ရတော့ဘူး၊ အဲဒီမှာ ဂျင်နရယ်လ်က မင်းကြီး လူလိန်ကို အထင်ကြီး သွားတော့ တာပဲ၊ ဂျင်နရယ်လ်က မင်းကြီး လူလိန်ဟာ တစ်ယောက်တည်း ကျန်ပေမယ့် မကြောက်မရွံ့့ပဲ ရန်သူ တွေကို ပြန်လှန် တိုက်ထုတ် ခဲ့တယ်လို့ ထင်သွား တာပေါ့၊ အင်္ဂလန်လည်း ပြန်ရောက်ရော မင်းကြီး လူလိန်ကို သာမာန် ရဲဘော်လေး ဘဝကနေ ချက်ခြင်း ရာထူး တိုးပေးပြီး အရာရှိ ခန့်လိုက်တော့ တာပဲ” ဟု ဆားပုလင်း ပိုးကောင်က ဆက်၍ ပြောပြ လေသည်။

ထိုအခါ အိုင်အိုဒင်း လုလင်က “အော် … ဒါဆို မင်းကြီး လူလိန်က အဲဒီရာထူးနဲ့ ကျုပ်တို့ CYG ကို ရောက်လာတာ ပေါ့နော်” ဟု ပြောလေရာ ဆားပုလင်း ပိုးကောင်က ခေါင်းကို တွင်တွင်ခါ၍ “မဟုတ်ဘူး ကိုလုလင်ရဲ့ မင်းကြီးက ဒီကို ရောက်လာတာ ရာထူးကျပြီး ရောက်လာတာ” ဟု ပြန်လည် ဖြေကြား လိုက်လေ၏။ အိုင်ပီပင်ဂွင်း တို့လည်း ဆားပုလင်း ပိုးကောင်၏ စကားကို နားမလည်နိုင်စွာ ဖြင့်ပင် ပြန်လည် မေးမြန်း ကြလေသည်။

“ဟင် .. အိုင်ဆေး ကိုပိုးကောင် ပြောတော့ ရဲဘော် ဘဝကနေ ချက်ခြင်း အရာရှိ ဖြစ်တာဆို ဘယ်လို ဖြစ်လို့ ရာထူးကျပြီး ဒီရောက်လာ တယ်လို့ ပြောရတာတုန်း”

“ဆက်ပြောပြ ပါ့မယ်၊ မင်းကြီးလူလိန်ဟာ အရာရှိ ဖြစ်သွားတဲ့ အချိန်ကစပြီး အင်္ဂလန် မှာတော့ ပျိုတိုင်း ကြိုက်တဲ့ ပန်းဂေါ်ဖီ ဖြစ်လာတော့ တာပဲ၊ မိန်းမပျိုလေးတွေ ကလည်း ရန်သူ တစ်တပ်လုံးကို တစ်ယောက်တည်း ခံချလာတဲ့ သတ္တိခဲကြီး ဆိုပြီးတော့ သူ့အနားမှာ ဝိုင်းဝိုင်းလည် နေကြ တာပေါ့၊ ဗြိတိန် ဘုရင်မကြီး ကလည်း နန်းတွင်းမှာ လုပ်သမျှ ပါတီပွဲတိုုင်း သူ့ကိုနေရာပေးပြီး ဖိတ်လေ့ရှိတယ်၊ အဲ … မင်းကြီး လူလိန် ရာထူးကျ ခဲ့တာလည်း အဲလို ပါတီပွဲ တစ်ခုမှာ ပဲပေါ့” ဟူ၍ ဆားပုလင်း ပိုးကောင်က ပြောကြား လေသည်။

“အင်္ဂလန် နန်းတော်ထဲမှာ လုပ်တဲ့ ပါတီပွဲ တစ်ခုမှာပေါ့၊ ဘုရင်မကြီးရဲ့ ဂါဝန်ကို သွားလှန်တဲ့ အမှုနဲ့ မင်းကြီး လူလိန် ရာထူးကျ သွားခဲ့ တာလေ၊ အဲဒီနေ့က ပါတီပွဲမှာ မင်းကြီး လူလိန်ဟာ အတော်ကို မူးနေခဲ့တယ်၊ ပိုဆိုး တာက ပါတီပွဲမှာ သူနဲ့တွဲကခဲ့တဲ့ မိန်းကလေး ကိုလည်း သူက အရမ်းစွဲလမ်း သွားမိ တာပဲ၊ မိန်းကလေးနဲ့ တွဲက နေရင်းပဲ မိန်းကလေးက အနောက်ဖက်ကို ထွက်သွားတယ်၊ မင်းကြီး ကလည်း မိန်းကလေး နောက်ကို လိုက်တာ၊ မိန်းကလေး ဝင်သွားတဲ့ အနောက်ခန်းထဲ ဝင်ဖို့ ခန်းဆီးလိုက်ကာကို ဆွဲမ လိုက်တာ၊ မူးကလည်း မူးနေ … ကံကလည်း ဆိုးချင်တော့ အဲဒီလိုက်ကာ အရောင်နဲ့ ဘုရင်မကြီး ဝတ်ထားတဲ့ ဂါဝန် အရောင်က အတူတူ ဖြစ်နေ တာပဲ၊ ဘုရင်မကြီး ကလည်း အဲဒီ လိုက်ကာနား မှာမှ ရပ်နေတာ ဆိုတော့ မူးနေတဲ့ မင်းကြီး လူလိန်က လိုက်ကာ အမှတ်နဲ့ ဘုရင်မကြီး ဂါဝန်ကို ဆွဲမ,မိပါလေရော၊ ဘုရင်မကြီး ကလည်း သူ့ကို အရှက်ခွဲပါတယ် ဆိုပြီး မင်းကြီး လူလိန်ကို ရာထူးကနေချ၊ ပြီးတော့ CYG ကို လွှတ်လိုက် တော့တာ ပါပဲ အိုင်ပီတို့ရာ” ဟု ဆားပုလင်း ပိုးကောင်က ပြောလိုက် လေသည်။ အိုင်ပီပင်ဂွင်းတို့၊ အိုင်ပီပိုင်းရိတ် တို့မှာလည်း ဆားပုလင်း ပိုးကောင်၏ အရာရာ နှံ့စပ် သိမြင်မှုကို အံဩ ချီးကျူး ကြလေ၏။ ထိုအချိန် မှာပင် မင်းကြီးလူလိန် ပြန်ရောက်လာ သဖြင့် စုံထောက်ရှော် တစ်စုလည်း ရုံးစာ ရေးသလိုလို၊ အမှုတွဲ ဟောင်းများ ပြန်ဖတ် သလိုလိုနှင့် သူတို့ ဘာမှ မပြောခဲ့သည့် အတိုင်း မရှိရှိသည့် အလုပ်ကို ရှာကြံ၍ လုပ်ဆောင် နေကြလေ၏။

ခဏ ကြာသောအခါ ပြာတာဝါဝါ ရောက်လာပြီး “ကဲ … ဆရာတို့ မင်းကြီး ကတော့ ကျိန်းနေပြီ အာရုံဆွမ်း ကပ်ဖို့သာ ပြင်ထား ကြပေတော့ အားလုံး ရုံးခန်းထဲကို ခဏလောက် ကြွခဲ့ကြပါဦး တဲ့ဗျား” ဟူ၍ စပ်ဖြဲဖြဲ မျက်နှာပေးနှင့် လာရောက် ပြောဆို လေတော့သည်။

ဆားပုလင်း ပိုးကောင်တို့ လူစုလည်း မင်းကြီးလူလိန် ရှိရာ ရုံးခန်း အတွင်းသို့ ကုပ်ချောင်းချောင်းဖြင့် တန်းစီ၍ ဝင်သွားကြ လေသည်။ ရုံးခန်း အတွင်းသို့ ရောက်သော အခါ မင်းကြီး လူလိန်က အလွန်တရာ ခက်ထန်၍ ဒေါသအိုး ပေါက်ကွဲ နေသော အမူအရာနှင့် စတင် ကြိမ်းမောင်း လေတော့သည်။

“လူကလေးတို့ စုံထောက်ရှော်တွေ အားကြီး လွန်လွန်းတယ်၊ သင်တို့ဟာ ဆိတ်သတ္တဝါ တွေလိုပဲ၊ သင်တို့ရဲ့ ပါးစပ်က အမြဲတမ်း ပေါက်ပေါက်ရှာရှာ တွေကို တမြုံ့မြုံ့ ပြောနေရုံ ကလွဲပြီး ဘာအရည်အချင်းမှ မရှိ ကြဘူး၊ အခုလည်း ကျွန်ုပ်မရှိတုန်း ကျွန်ုပ်ရဲ့ အတင်းကို ပြောကြ ပြန်တယ်၊ ကျွန်ုပ် ဘာမှ မသိဘူးလို့ လူကလေးတို့ မထင်နဲ့၊ သင်တို့ထက် လည်လို့ သင်တို့ရဲ့ အထက်အရာရှိ လုပ်နေတာ၊ ဒီမှာကြည့်” ဟု ဆိုကာ ဘယ်အချိန်က ဘယ်နားမှာ ထားသွားခဲ့မှန်း မသိသော အသံဖမ်းစက် ကလေးကို ဖွင့်၍ သူတို့လူစု ပြောခဲ့ သမျှကို ပြန်လည်၍ ဖွင့်ပြလေ တော့သည်။ ဆားပုလင်း ပိုးကောင်တို့ လူစုလည်း လက်ပူးလက်ကြပ် မိနေသဖြင့် ဘာမှ ပြန်လည် ပြောဆိုခွင့် မရပဲ မင်းကြီး လူလိန်၏ ဆူပူကြိမ်းမောင်း မှုကို ဆက်လက်၍ ခံကြရလေ တော့သည်။ မင်းကြီး လူလိန်က

“အားကြီး တရားကျဖို့ ကောင်းတယ်၊ ကျွန်ုပ်က မောင်မင်းတို့ သွားရမယ့် အမှုအခင်း တစ်ခုကို သွားပြီး စုံစမ်းနေတဲ့ အချိန်မှာ မောင်မင်းတို့က ကျွန်ုပ်အကြောင်းကို ပီပီပြင်ပြင် ထိုင်ပြော နေခဲ့ကြတယ်၊ မောင်မင်း တို့လို လက်အောက် ငယ်သားမျိုးနဲ့ အတူ အလုပ်လုပ် ရတာဟာ ကျွန်ုပ်ခေါင်းကို မိုးကြိုး ပစ်ချတာ ခံရသလိုပဲ၊ ဖားခရု ပဲကွာ၊ အခုလည်း တာမွေဗလီမှာ အမှုအခင်း တစ်ခု ပေါ်နေပြန်ပြီ၊ မောင်မင်းတို့ ဘာမှ မသိကြဘူး မဟုတ်လား”

ထိုအခါ ရာဇဝတ်အုပ် ဝိုင်က “အင်းလေ … မသိဆို မင်းကြီးက ရုံးမှာ အင်တာနက်မှ တပ်မပေး ထားတာ ကျွန်တော်မျိုး တို့က ဘယ်သိပါ့ မလဲလို့” ဟု မရဲတရဲ ဝင်ရောက် ပြောဆို လေသည်။ မင်းကြီး လူလိန် မှာလည်း နဂိုထက် ပို၍ ဒေါသအိုး ပေါက်ကွဲ သွားပြီး ထပ်မံ အော်ဟစ် ကြိမ်းမောင်း လေတော့သည်။

“အိုးဂေါ့ဒ် မိုင်အဖ ဘုရားသခင် ကယ်တော် မူပါ၊ သင်တို့ စုံထောက်ရှော်တွေ အားလုံး ကိုတော့ ဖားခရု ပဲကွာ၊ သင်တို့လို ဆိတ်သတ္တဝါ တွေကို အင်တာနက် တပ်ပေးထားလို့ ကတော့ ကျွန်ုပ်ရဲ့ CYG ကြီး ရှစ်စိတ် ကွဲဖို့ ရှိသလို ကျွန်ုပ်လည်း အင်္ဂလန်ကို ဘင်သံတောင် မကြားရဘဲ ပြန်သွားရ လိမ့်မယ် သိရဲ့လား၊ အခု တာမွေဗလီ နားမှာ အမှုတစ်ခု ဖြစ်နေတယ်၊ ကုလားမလေး ဆမာဆူ ချွတ်ကရီးရဲ့ ဆာရီ ပျောက်သွား တယ်လို့ ကျွန်ုပ်ကို တိုင်ချက် လာဖွင့် သွားတယ်၊ အဲဒီ အမှုကို လူကလေးတို့ အမြန်ဆုံး ဖော်ထုတ် မပေးနိုင်ရင် သင်တို့ အားလုံးကို ဖမ်းပြီး ထောင်ချပစ်မယ် ဒါပဲ ဂက်ဒေါက်” ဟူ၍ မျက်ထောင့်နီကြီးဖြင့် ကြိမ်းမောင်း လေတော့ရာ ဆားပုလင်း ပိုးကောင် ခေါင်းဆောင်၍ စုံထောက်ရှော်ကြီးများ အားလုံး ထိုဆာရီ ပျောက်မှု ကြီးကို အမြန်ဆုံး ဖော်ထုတ်ရန် အတွက် တာမွေ ဗလီသို့ သုတ်သီး သုတ်ပျာ ထွက်ခွာ သွားကြရ လေတော့သည်။

တာမွေ ဗလီရှိ ကုလားမလေး ဆမာဆူ ချွတ်ကရီး၏ နေအိမ်သို့ ရောက်သော အခါတွင်လည်း စုံထောက်ရှော် ကြီးများမှာ အမှုနှင့် မည်သို့မှ မသက်ဆိုင်သော အချင်းအရာ များကိုသာ သူ့ထက်ငါ ဦးအောင် လုပ်ကိုင် ကုန်ကြ ခြင်းဖြင့် အမှုမှန် ပေါ်ပေါက်အောင် အားထုတ် ကြလေ၏။ အိုင်ပီ ပင်ဂွင်းက ဆမာဆူ ချွတ်ကရီး၏ အခန်းတွင်း၌ ရှုပ်ပွပြန့်ကျဲ နေသော ထဘီပုံ အောက်သို့ ခေါင်းထိုးကာ ဆာရီကို အပူတပြင်း လိုက်လံ ရှာဖွေ လေသည်။ ရာဇဝတ်အုပ် ဝိုင်ကမူ ဆာရီ ပျောက်သွား သောကြောင့် တရှုံ့ရှုံ့ ငိုနေရှာသော ဆမာဆူ ချွတ်ကရီးအား ဆယ်တန်း ဘယ်နှခုနှစ်က အောင်သလဲ၊ ဘယ်မင်းသားကို ကြိုက်သလဲ စသည်ဖြင့် အမှုနှင့် မည်သို့မျှ မသက်ဆိုင်သော မေးခွန်းများ ကိုသာ တွင်တွင် မေး၍ သူ၏ မှတ်တမ်း စာအုပ် ထဲသို့ အရည်မရ အဖတ်မရ အဖြေများကို ထည့်သွင်း ရေးသား၍ အချိန်ကုန်စေ လေသည်။

နောက်ထပ် တစ်နာရီခန့် ကြာသော အချိန်တွင်မှ ဆမာဆူ ချွတ်ကရီး၏ အစ်ကိုဖြစ်သော မိုဟာမက် ရန်ကနာ ဖြိုးနွယ်က ပျောက်ဆုံး သွားသည် ဟူသော ဆာရီကို ကိုင်ကာ ဒယီးဒယိုင်ဖြင့် သိုင်းကွက် နင်းကာ ပြန်လာ သည်ကို တွေ့ရှိလိုက် ကြရလေသည်။ ထိုအခါမှပင် ရန်ကနာ ဖြိုးနွယ်က အရက် သောက်စရာ ပိုက်ဆံ မရှိ၍ ဆမာဆူ ချွတ်ကရီး၏ ဆာရီကို အပေါင်ဆိုင်တွင် တိတ်တိတ်လေး ယူပေါင် ထားခြင်း ဖြစ်ကြောင်း၊ ယနေ့မှ အရက်ပုလင်း အခွံများ ရောင်းရငွေဖြင့် ပေါင်ထားသော ဆာရီကို ပြန်ရွေး လာခြင်း ဖြစ်ကြောင်း သိရှိကြ ရလေ၏။ အမှုတစ်ခု ပြီးဆုံးသွားပြီ ဖြစ်၍ စုံထောက်ရှော် ကြီးများလည်း CYG သို့ ပြန်လည် ထွက်ခွာလာ ကြလေသည်။ ရုံးသို့ ရောက်သောအခါ တွင်လည်း ပေါက်ကရ လေးဆယ် ထိုင်ပြောနေရုံ မှတပါး အခြား မရှိသဖြင့် ဆားပုလင်း ပိုးကောင်၊ အိုင်အိုဒင်း လုလင်နှင့် အိုင်ပီပင်ဂွင်းတို့ သုံးယောက်မှာ လက်ဖက်ရည် သောက်ရန် အလို့ငှာ ဦးညိုကြီး ကာကာဆိုင်သို့ ထွက်ခွာ လာကြ လေ၏။

ဦးညိုကြီး ကာကာ ဆိုင်တွင် လက်ဖက်ရည် သောက်ရင်းဖြင့် ၎င်းတို့ သုံးယောက်မှာ တမြန်နေ့ မနက်က ကြုံတွေ့ ခဲ့ရသော ဆားပုလင်း ပိုးကောင်နှင့် အိုင်အိုဒင်း လုလင်တို့၏ အရှက်ကွဲဖွယ် အဖြစ်ကို ပြန်လည် ပြောဆိုရင်း တရားခံ မည်သူ ဖြစ်နိုင် သည်ဟု မှန်းဆ နေမိကြ လေ၏။ အိုင်ပီ ပင်ဂွင်းက ထိုသို့ ဗိုက်တွင် စာလာရေး လောက်အောင် အစွမ်းထက် သူမှာ ရာဇဝတ်မှု လောက၌ လက်ချိုးရေလို့ ရအောင်ပင် ရှားပါးကြောင်း၊ သူ့အထင် ကတော့ ယခုကဲ့သို့ ပေါက်ပေါက်ရှာရှာ လုပ်တတ် သူမှာ လူဆိုးကြီး မြိုင်ရာဇာ မာဇေးပင် ဖြစ်မည်ဟု ထင်ကြောင်း ပြောကြား လေ၏။ အိုင်အိုဒင်း လုလင် ကလည်း သူ့စိတ်ထဲတွင် ထင်မြင်မိ သမျှသော သံသယရှိဖွယ် လူများ စာရင်းကို တောင်စဉ်ရေမရ လျှောက်ပြော နေလေ၏။ ထိုသို့ ပြောဆို ကြရင်း မှာပင် အသံကျယ်ကျယ် လောင်လောင်ဖြင့် အနည်းငယ် ဝသော လူကြီး တစ်ယောက် ကာကာ ဆိုင်ထဲသို့ ဝင်လာကာ ဆားပုလင်း ပိုးကောင်တို့ ဝိုင်း၏ ဘေးချင်းကပ် ဝိုင်းတွင် ဝင်ထိုင်နေ လေသည်။

အိုင်ပီ ပင်ဂွင်းနှင့် အိုင်အိုဒင်း လုလင် တို့မှာမူ တရားခံ ဖြစ်နိုင်ခြေ ရှိသူများ အကြောင်းကို စဉ်းစား နေရခြင်းကြောင့် ထိုအချင်း အရာကို သတိမထား လိုက်မိချေ။ သို့သော်လည်း ဆားပုလင်း ပိုးကောင်ကမူ ထိုလူကြီးက ကာကာဆိုင် စားပွဲထိုးအား စားစရာ သောက်စရာ မှာယူနေသည့် အချိန်ကတည်းက မျက်တောင် မခတ်တမ်း စိုက်ကြည့် နေလေ၏။ ခဏမျှ ကြာသော အခါတွင် အိုင်ပီ ပင်ဂွင်းနှင့် အိုင်အိုဒင်း လုလင်တို့က ဆားပုလင်း ပိုးကောင်အား ယခုအမှု အတွက် သံသယ ဖြစ်ဖွယ် လူစာရင်းအား မိမိတို့ နှစ်ယောက် တွေးတောမိပြီး ဖြစ်၍ ထိုသူများအား ဖမ်းဆီးပြီး ရိုက်နှက် စစ်ဆေး လိုက်သော အခါတွင် အမှုမှန် ပေါ်မည်မှာ မြေကြီး လက်ခတ် မလွဲ ဖြစ်သောကြောင့် ထိုသူ များအား ယခုပင် သွားရောက် ဖမ်းဆီး ကြရန် သင့်ကြောင်း ဆားပုလင်း ပိုးကောင်အား ပြောဆို လေသည်။

ဆားပုလင်း ပိုးကောင်က ဘာမှ ပြန်မပြောပဲ စီးကရက်ဘူး ထဲမှ ရွှေဒူးယား တစ်လိပ်ကို ထုတ်၍ မီးညှိဖွာရှိုက် နေလေသည်။ ပြီးမှ “တရားခံက အဝေးကြီး သွားဖမ်းစရာ မလိုဘူး အိုင်ပီရဲ့၊ ကျွန်တော်တို့ နားမှာတင် ရှိတယ် အခုကျွန်တော် ဖမ်းပြမယ် ကြည့်နေ” ဟု ဆိုလိုက်လေ တော့သည်။ ထို့နောက် သူတို့၏ ဘေးတွင် ရှိသော ဝိုင်းသို့ ထသွားပြီး လက်ဖက်ရည် ထိုင်သောက် နေသော လူကြီးအား “ကဲ … ဟေ့လူ ခင်ဗျားကို ဆားပုလင်း ပိုးကောင်နဲ့ အိုင်အိုဒင်း လုလင်တို့ရဲ့ အကျီ င်္ အဝတ်အစား တွေကို ချွတ်ယူမှု၊ ဗိုက်မှာ စာရေးသွားမှု တွေနဲ့ အခုပဲ ဖမ်းဆီး လိုက်ပါပြီ၊ အသာတကြည် အဖမ်းခံမယ်လို့ မျှော်လင့် ပါတယ်” ဟု တရားခံ ဖမ်းမိ သောကြောင့် ဝမ်းသာ နေသော အသံဝါကြီးဖြင့် အော်ဟစ်ဖမ်းဆီး လေတော့သည်။

မမျှော်လင့်ပဲ အဖမ်းခံ လိုက်ရသဖြင့် ကြောက်လန့် နေသော လူကြီးမှာလည်း အထိတ်တလန့်ဖြင့် တရားခံမှာ သူမဟုတ်ကြောင်း၊ ဆားပုလင်း ပိုးကောင် စွပ်စွဲသမျှ အမှုများ ကိုလည်း သူမသိကြောင်း၊ ထို့အပြင် ဆားပုလင်း ပိုးကောင် ပြောသော အမှုများ ဖြစ်ခဲ့ချိန် ၌လည်း သူသည် ဒီမှာ မရှိကြောင်း၊ သူ၏ “အရိန္ဒမာသဘောင်္” ပေါ်မှ အလုပ် တာဝန်များ ပြီးဆုံးသွား၍ ယခုမှ ကမ်းပေါ် ပြန်တက် လာသော မာလိန်မှူး တစ်ဦး ဖြစ်ကြောင်း၊ မယုံကြည်ပါက ဗိုလ်တစ်ထောင် ဆိပ်ကမ်းသို့ သွားရောက်၍ မာလိန်မှူး ဇော်ဝင်းမြတ် ဟုမေးလျှင် အားလုံး သိကြောင်း အကြောက်အကန် ငြင်းဆန် သော်လည်း ဆားပုလင်း ပိုးကောင်က သူ့အား လက်ထိပ် ခတ်၍ CYG ရုံးသို့ ဖမ်းဆီး ခေါ်ဆောင် သွားလေ တော့သည်။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး တစ်ပတ်ခန့် ကြာသော အခါတွင် ဆားပုလင်း ပိုးကောင်နှင့် အိုင်အိုဒင်း လုလင် တို့အား ပုလိပ်မင်းကြီး လူလိန်မှ ဆင့်ခေါ်ကြောင်း သတင်းကြား သဖြင့် ဆားပုလင်း ပိုးကောင်လည်း မာလိန်မှူး ဇော်ဝင်းမြတ်အား ဖမ်းဆီးပေးနိုင် ခဲ့သောကြောင့် မင်းကြီး လူလိန်၏ ဂုဏ်ပြု ချီးကျူးခြင်းကို ခံရဦးမည့် အရေးကို တွေးကာ ပျော်ရွှင် ဝမ်းမြောက်စွာဖြင့် CNG ရုံးသို့ ထွက်ခွာလာ ခဲ့လေသည်။

CYG ရုံးသို့ ရောက်သော အခါ ပုလိပ်မင်းကြီး လူလိန်၏ ရုံးခန်း အတွင်းသို့ ရင်ကော့ ခေါင်းမော့ပြီး ဝင်ရောက် သွားလေ၏။ ထိုအခါကျမှပင်ပုလိပ်မင်းကြီး လူလိန်က အိုင်အိုဒင်း လုလင် အပါအဝင် အခြား စုံထောက် များကို ဒေါသတကြီး ဆူပူ ကြိမ်းမောင်း နေကြောင်းကို အထင်နှင့်အမြင် တက်တက် စင်အောင် တွေ့မြင် လိုက်ရလေ၏။ သူဝင်သွား သည်ကို မြင်သောအခါ ပုလိပ်မင်းကြီး လူလိန်က

“အိုး … လူကလေး ပိုးကောင် … သိပ်သိပ်ကို တော်တဲ့ ဆားပုလင်း ပိုးကောင် မောင်မင်း ရောက်လာ ပြီလား” ဟု ဆီး၍ မေးမြန်းလေ တော့သည်။ ဆားပုလင်း ပိုးကောင်လည်း

“ဟုတ်ပါတယ် မင်းကြီး ကျုပ်ရောက်ရှိ လာပါပြီ၊ မာလိန်မှူး ဇော်ဝင်းမြတ်ကို ဖမ်းဆီးပေး နိုင်ခဲ့တဲ့ ကျွန်ုပ်နဲ့ အိုင်အိုဒင်း လုလင်ကို ဂုဏ်ပြုပွဲ လုပ်ပေးဦးမယ် ထင်တယ် ဟုတ်လား” ဟု မေးမြန်း လိုက်လေ၏။ ထိုအခါ ပုလိပ်မင်းကြီး လူလိန်က နားလည်ရခက်သော ရယ်ပုံမျိုးဖြင့် ကျယ်လောင်စွာ ရယ်မော လိုက်ပြီး

“ဟုတ်ပ မောင်မင်းနဲ့ လူကလေး လုလင်ကို ကျွန်ုပ် ဂုဏ်ပြုရ ပေမပေါ့၊ ဒါပေမယ့် ဒီမှာတော့ မဟုတ်ဘူး၊ ကဒုံကနိမှာ ဂုဏ်ပြုမှာ” ဟု ပြောကြား လေသည်။ ဆားပုလင်း ပိုးကောင်လည်း အံ့ဩသွားပြီး …

“ဟင် … ကဒုံကနိမှာ … ဟုတ်လား … ဘာဖြစ်လို့လဲ” ဟု ပြန်လည် မေးမြန်းလေ၏။ မင်းကြီး လူလိန်က အလွန်တရာ ဒေါသထွက် နေသော အသံဖြင့်

“ဟုတ်တယ် ကဒုံကနိမှာ ဂုဏ်ပြုမှာ၊ ဘာအပြစ်မှ မရှိတဲ့ တရားခံကို စားနေ သောက်နေတုန်း ခက်ခက်ခဲခဲကြီး ဖမ်းဆီးလာ နိုင်ခဲ့တဲ့ မောင်မင်းနဲ့ အိုင်အိုဒင်း လုလင်ကို ကဒုံကနိ ဂတ်ကို ရွှေ့ခိုင်းတဲ့ ဂုဏ်ပြုပုံ မျိုးနဲ့ ဂုဏ်ပြုမှာ”

ထိုအခါ ဆားပုလင်း ပိုးကောင်က အံ့ဩတကြီးဖြင့် “မင်းကြီးနော် … လွန် .. လွန်မယ်နော် … ကျုပ် ဖမ်းလာတဲ့ တရားခံက အမှန်ပဲ ဟာကို … မယုံရင် သူ့မေးကြည့် ပါလား” ဟူ၍ အကြောက် အကန် အထွန့်တက် ပြောဆိုလေသည်။ မင်းကြီး လူလိန်က သရော် တော်တော် လေသံဖြင့်

“ရဒယ် မောင်မင်း ရဒယ် … သူု့ကို မမေးခင် မောင်မင်း ပိုးကောင်ကိုပဲ ကျုပ် အရင်မေးပါ့မယ် ဘယ်လို အချက်အလက် တွေနဲ့ မာလိန်မှူး ကြီးကို လူကလေး ဖမ်းဆီး လာခဲ့သလဲ ဆိုတာ အရင်ပြော ပါလေ” ဆားပုလင်းပိုးကောင်လည်း သူ၏မာနကို ထိခိုက် သွားသဖြင့် ကက်ကက်လန်သောအသံဖြင့်

“ဒီမယ် မင်းကြီး ကျှုပ်က မှားပြီး ဖမ်းစရာ အကြောင်းမရှိဘူး၊ ဒီလူကြီးက ကာကာဆိုင်ထဲ ဝင်လာ ကတည်းက အော်ကြီး ဟစ်ကျယ်နဲ့ ဗိုက်စာ၊ ဗိုက်စာ ဆိုတဲ့ အကြောင်း ပြောပြီး ဝင်လာတာ၊ သူဆိုလိုချင် တာက ကျုပ်နဲ့ အိုင်အိုဒင်း လုလင်ရဲ့ ဗိုက်မှာ သူစာရေး သွားတယ် ဆိုတဲ့ အကြောင်းပဲ၊ သူကံဆိုး သွားတာက ကျုပ်နဲ့ အိုင်အိုဒင်း လုလင်တို့ ဆိုင်ထဲမှာ ရှိတယ် ဆိုတာကို မသိလိုက်တဲ့ အချက်ပဲလေ၊ ဒါ့ကြောင့် သူ့ကို ကျုပ်ဖမ်းလာ နိုင်ခဲ့တာပေါ့ မင်းကြီးရ၊ မဟုတ် ဘူးလား အိုင်အိုဒင်း လုလင်ရယ် …. နော်” ဟူ၍ သူတရားခံ ဖမ်းခဲ့သည့် ကွင်းဆက်ကို မင်းကြီးအား ပြောပြရင်း အိုင်အိုဒင်း လုလင်ကိုပါ လှမ်း၍ အဖော်ညှိ လိုက်လေသည်။ ထိုအခါ အိုင်အိုဒင်း လုလင်က အသံ တုန်တုန်ဖြင့်

“အင်း … အဲဒီနေ့ ကတော့ ဟုတ်တယ် အိုင်ဆေး ကိုပိုးကောင်ရဲ့၊ ဒီနေ့တော့ မဟုတ်တော့ ဘူးဗျာ” ဟူ၍ အားငယ်စွာ ပြန်ပြော လေသည်။ မင်းကြီး လူလိန်က ဆက်၍

“ကဲ .. မောင်မင်းပိုးကောင် ဖမ်းလာခဲ့တဲ့ မာလိန်မှူးကြီးကို ခေါ်ပြီး မေးပြမယ် သေချာ နားထောင်ထား” ဟု ဆိုကာ မာလိန်မှူးကြီး ဇော်ဝင်းမြတ်အား ခေါ်လိုက် လေသည်။ မာလိန်မှူး ဇော်ဝင်းမြတ်လည်း အပြင်သို့ ရောက်လာ သည်နှင့် ဆားပုလင်း ပိုးကောင်နှင့် အိုင်အိုဒင်း လုလင်အား နှစ်ပြား မတန်အောင် ပယ်ပယ်နယ်နယ် ကျိန်ဆဲရွတ်ဆို လေတော့သည်။ မင်းကြီး လူလိန်က မာလိန်မှူး ဇော်ဝင်းမြတ်အား

“ကဲ.. မောင်မင်းကို သူတို့ ဘယ်လို ဖမ်းလာ ကြတယ် ဆိုတာ ပြန်ပြော ပါဦး” ဟူ၍ အားပေး အားမြှောက် ပြုလေသည်။ မာလိန်မှူးကြီးက ဆားပုလင်း ပိုးကောင်တို့ နှစ်ယောက်အား မျက်စောင်း တချက် ထိုးလိုက်ပြီး

“ကျွန်တော် အဲဒီနေ့က သင်္ဘောပေါ်မှာ အလုပ်ပြီးလို့ ကမ်းပေါ် ပြန်တက် လာပါတယ်၊ မနက် ကတည်းက ဘာမှလည်း မစားရ သေးလို့ ဗိုက်ဆာတာနဲ့ ဦးညိုကြီး ကာကာ ဆိုင်ထဲမှာ တစ်ခုခု စားဖို့အတွက် ဝင်လာ ခဲ့ပါတယ်၊ အထဲ ရောက်တော့ ဗိုက်ဆာလွန်းလို့ ဆိုပြီး စားပွဲထိုးလေး တွေကို စားစရာတွေ အမြန် ယူလာဖို့ မှာပြီး ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ်လို့ အော်ဟစ် နေခဲ့ ပါတယ်၊ အဲဒါကို ဒီစုံထောက် အစုတ်ပလုပ် နှစ်ကောင်က သေချာ မစုံစမ်းပဲနဲ့ တရားခံ ဆိုပြီး ဖမ်းကြ တာပါ မင်းကြီး ခင်ဗျား” ဟု ပြောဆို တော့မှပင် ဆားပုလင်း ပိုးကောင်လည်း ဗိုက်ဆာတယ် ဟူသော အသံကို “သူ၏ဗိုက်တွင် စာရေးသွားသူ” ဟု အမှတ်မှားပြီး ဖမ်းမိခြင်း အကြောင်း သိမြင်သွား လေတော့၏။

ထိုအခါမှပင် ဆားပုလင်း ပိုးကောင်လည်း ယခင်က သူ ဖမ်းဆီး ပေးခဲ့ဖူးသော အမှုများနှင့် အိုင်အိုဒင်း လုလင် ဖော်ထုတ် ပေးခဲ့သော အမှုများအား ငဲ့ညှာသော အားဖြင့် သူတို့ နှစ်ယောက်အား ကဒုံကနိ ဂတ်သို့ မပို့ဘဲ တစ်ကြိမ်တစ်ခါ ခွင့်လွှတ် ပေးပါရန် ခြေသလုံး ဖက်မတတ် တောင်းပန် လေသည်။ ထိုစကား ကြားသော အခါတွင် မင်းကြီး လူလိန်မှာ ပို၍ပင် ဒေါကန်သွားသော အမူအယာဖြင့် ဒေါသတကြီး အော်ဟစ် လေတော့၏။

“ဘာ … မောင်မင်းတို့ ဖမ်းပေးခဲ့တဲ့ အမှုတွေကို ငဲ့ညှာသော အားဖြင့် … ဟုတ်လား၊ အရင်က မောင်မင်းတို့ ဖမ်းခဲ့တယ် ဆိုတဲ့ အမှုတွေ ကလည်း သောက်တလွဲတွေ ချည်းပဲ၊ ကျွန်ုပ်က သင်တို့ နှစ်ယောက် အကြောင်းကို ကောင်းကောင်း သိလို့ သင်တို့ စုံထောက် နှစ်ယောက်ကို ပြန်ပြီး စုံထောက်ဖို့ အတွက် လူငှားပြီး နောက်ယောင်ခံ လိုက်ခိုင်း ခဲ့တာ ကြာပြီ၊ အဲဒီလူ ကလည်း နယ်နယ်ရရ မဟုတ်ဘူး၊ စာရေးဆရာကြီး ဆာရိုက်ဒါ ဟတ်စ်ဂတ်ရဲ့ ဝတ္ထုဇာတ်ကောင် ဖြစ်တဲ့ မုဆိုးကျော်ကြီး အလန် ကွာတာမိန်းရဲ့ ဆရာ အရင်းကို တောင်းတောင်း ပန်ပန် ခေါ်ပြီး မောင်မင်းတို့ နှစ်ယောက် နောက်ကနေ ရှဲဒိုး လုပ်ခိုင်းထား ရတယ် ဆိုတာ မောင်မင်းတို့ နားလည် ကြစမ်းပါ၊ ကဲ .. အလန် ကွာတာမိန်းရဲ့ ဆရာ အရင်းကြီးရယ် … စုံထောက်ရှော် နှစ်ယောက်ကို နည်းနည်း ပညာပေး လိုက်ပါဦး” ဟူ၍ ဖိတ်ခေါ်လိုက် လေတော့၏။

ထိုအခါ ကျမှပင် ပုလိပ်မင်းကြီး လူလိန်၏ နောက်ခန်း ကန့်လန့်ကာ နောက်မှ အလွန်တရာ ခန့်ညား လှပ သေသပ် ချောမော၍ ကျက်သရေ မင်္ဂလာ အပေါင်းနှင့် သာမက စိန်ခြူးကြာညောင် အပေါင်း နှင့်ပါ ပြည့်စုံသည့် ရုပ်ဆင်းအင်္ဂါကို ပိုင်ဆိုင်သော အနောက်တိုင်း ဝတ်စုံကို သေသပ် ကျနစွာ ဝတ်ဆင် ထားသည့် လူရွယ် တစ်ဦး ထွက်လာ လေသည်။ ထိုလူရွယ်၏ သေသပ် ခန့်ညားသော ပုံပန်း သဏ္ဍာန်ကို မြင်ရသည့် အခိုက်တွင် ဆားပုလင်း ပိုးကောင် အပါအဝင် ရှိသမျှ စုံထောက်ကျော် ကြီးများ အားလုံး အသက်ရှူရန် မေ့လျော့ နေကြသည့်အလား ရင်သပ်ရှုမော ဝိုင်းဝန်း ကြည့်ကြ လေ၏။ ထို့နောက် တွင်မှ ဆားပုလင်း ပိုးကောင်က တစ်စုံတစ်ရာကို မှတ်မိ သွားသည့် အလား အလန့်တကြား ထ၍ အော်ဟစ် လေတော့သည်။

`ဟင်…. ဝါတာပြာပြာ.. အဲလေ.. ပြာဝါတာတာ.. အာ.. မဟုတ်သေးပါဘူး.. ပြာတာဝါဝါ…´

ဆားပုလင်း ပိုးကောင်က ထိုသို့ ထအော်သည့် အချိန် ကျမှပင် ကျန်စုံထောက် များလည်း အဖြစ်မှန်ကို ရိပ်မိ သိရှိကာ ၎င်းလူငယ်မှာ သူတို့ရုံးတွင် လက်တိုလက်တောင်း ခိုင်းသော ပြာတာဝါဝါ ဖြစ်နေကြောင်း သိရှိကြ ရလေ၏။ ဆားပုလင်း ပိုးကောင်လည်း လျှင်မြန်စွာ ဖြစ်ပျက် သွားသော အဖြစ်အပျက် များကို လိုက်၍ မမှီနိုင်တော့ သကဲ့သို့ ခေါင်းကို တဗျင်းဗျင်း ကုတ်၍ “ကယ်ကြပါဦးဗျာ … တစ်သက်လုံး ဟောက်စား လုပ်ချင်တိုင်း လုပ်လာခဲ့တဲ့ ပြာတာဝါဝါက ဘယ်လိုဖြစ်ပြီး အလန် ကွာတာမိန်းရဲ့ ဆရာအရင်းကြီး ဖြစ်နေရ တာတုန်း မင်းကြီး လူလိန်ရယ်´ ဟူ၍ ပုလိပ်မင်းကြီး လူလိန်အား မေးလေ တော့သည်။ မင်းကြီး လူလိန်က မိန့်မိန့်ကြီး ပြုံးလိုက်ပြီး

“ဟုတ်ပ .. လူလေးတို့ှ အထင်မကြီး ခဲ့တဲ့ အဲဒီ ပြာတာဝါဝါ ဆိုတာ တကယ်တော့ မုဆိုးကျော်ကြီး အလန် ကွာတာမိန်းရဲ့ ဆရာအရင်း အလန် ဝါတာမိန်း (ခေါ်) အလန်ကွာတာ ဝါဝါပဲ … မောင်မင်းတို့ စုံထောက်ရှော် ကြီးတွေရဲ့ ညံ့ကွက်၊ ချာကွက် တွေကို စုံစမ်း ထောက်လှမ်းဖို့ အတွက် ကျုပ်ကိုယ်တိုင် တောင်းတောင်း ပန်ပန် ခေါ်ထား ရတာပဲ ကိုင်း … ရှင်းကြပြီလား မောင်မင်းတို့ ဟူ၍ ရှင်းလင်း ပြောဆိုပြ လေတော့သည်။ ထို့နောက် မင်းကြီး လူလိန်က အလန်ကွာတာ ဝါဝါအား ဖြစ်ပုံပျက်ပုံ အလုံးစုံကို ပြောဆို ရှင်းပြခြင်း အားဖြင့် သနားစရာ စုံထောက်ရှော် ကြီးများအား ပညာ အနည်းငယ်မျှ ပေးပါရန် တောင်းပန် စကား ပြောကြား လေသည်။

အလန်ကွာတာ ဝါဝါလည်း ဆားပုလင်း လူစုကို သရော်တော်တော် အပြုံးဖြင့် တစ်ချက်မျှ ကြည့်လိုက်ပြီး ကျားပျံမကောက် ဆေးပြင်းလိပ် ကြီးကို ရှူးခနဲ မီးညှိ၍ အားရပါးရ ဖွာရှိုက် နေလေသည်။ ထို့နောက်မှ အလွန်တရာ ပီသကြည်မြ၍ သာယာ နာပျော်ဖွယ် ကောင်းသော ဩဇာပါသည့် အသံဖြင့်

“ပထမဆုံး စပြောရ ရင်တော့ ဆားပုလင်း ပိုးကောင်တို့တွေ ဗိုက်စာ အမှုနဲ့ လျှောက်ဖမ်း ထားတဲ့ မာလိန်မှူး ဇော်ဝင်းမြတ်ကို ပြန်လွှတ်ပေး ရမှာပဲ၊ တကယ်တော့ အဲဒီစာကို ဆားပုလင်း ပိုးကောင်တို့ ဗိုက်တွေ ပေါ်မှာ လာရေး ခဲ့တဲ့သူဟာ ကျုပ်ပဲ၊ ဘာလို့ လာရေးခဲ့သလဲ ဆိုတော့ ဆားပုလင်း ပိုးကောင်နဲ့ အိုင်အိုဒင်း လုလင်တို့ရဲ့ အစွမ်း ဘယ်လောက် ရှိသလဲဆိုတာ သိချင်လို့ရယ်၊ ကျုပ်ရဲ့ အစွမ်းအစကို နမူနာ ပြချင်တာ ရယ်ကြောင့် လာရေး ခဲ့တာပဲ ဖြစ်တယ်၊ ခုတော့ ကျုပ် ရှင်းရှင်းလင်းလင်း ကြီးကို သိသွား ပြီလေ၊ စုံထောက် ရှော်ကြီး နှစ်ယောက်ဟာ အမှုလိုက်ရာမှာ သိပ်ကို တော်ကြပါတယ်။ သေးတဲ့ အမှုကို ကြီးအောင်၊ ကြီးတဲ့ အမှုကို သောက်ကျိုး နည်းအောင်၊ သောက်ကျိုးနည်း အမှုကို ကျတော့ မိုးမီး လောင်အောင် `ဖွ´ တဲ့ နေရာ မှာတော့ တကယ့်ကို ပြိုင်စံရှားပဲ ဆိုတာ သိလိုက် ရတယ်၊ အင်း … သူများ တွေရဲ့ အမှုအခင်းကို လိုက်ဖို့ မပြောနဲ့ သူတို့ အဝတ်အစားတွေ ချျွတ်ယူပြီး ဗိုက်မှာ စိမ်ပြေနပြေ စာရေးသွား တာတောင် ဘယ်သူမှန်း မသိတဲ့ စုံထောက် တွေကြောင့် CYG ဟာ မကြာခင် ကာလမှာ ခွေးလျက်တဲ့ ထန်းလျက်ခဲ လိုပဲ လုံးပါးပါး တော့မှာပဲ” ဟူ၍ လှောင်ပြောင်သံ စွက်သော စကားလုံး များဖြင့် ဆားပုလင်း ပိုးကောင်နှင့် အိုင်အိုဒင်း လုလင် တို့ကို နှိပ်ကွပ် လေတော့သည်။

ပုလိပ်မင်းကြီး လူလိန် ကလည်း ခေါင်းခါ လည်ခါဖြင့် “အင်း .. ဖားခရု ပဲကွာ၊ မောင်မင်းတို့ လုပ်ရပ်ကြောင့် CYG ကြီး လုံးပါး မပါးခင် ကျွန်ုပ်ရဲ့ ခေါင်းက ဆံပင်တွေ အရင်ပါး ကုန်လိမ့်မယ်၊ မဖြစ်ဘူး … လူကလေးတို့ လုပ်ရပ် တွေကြောင့် အင်္ဂလန်ကို ဘင်သံနဲ့ ကျွန်ုပ် မပြန်ရခင် လူကလေး ပိုးကောင်နဲ့ အိုင်အိုဒင်း လုလင် တို့ကို ရာထူး ထပ်ချပြီး ကဒုံကနိ ဂါတ်ကို ပြောင်းရွှေ့မိန့် ချလိုှက် တော့မယ်၊ နောက်နေ့ ကစပြီး လူကလေးတို့ နှစ်ယောက် ဂတ်ဒေါက်ပဲ ၊ ကဒုံကနိ ဂါတ်ကို ပြောင်းဖို့ အထုပ်ပြင်ထား ကြပေတော့” ဟူ၍ တစ်ချက်လွှတ် ရာဇသံ ပေးလေ တော့သည်။

နောက်တစ်နေ့ မြန်မာနိုင်ငံထုတ် သတင်းစာ တစ်စောင် ဖြစ်သော ခနော်နီ ခနော်နဲ့ သတင်းစာ ခေါင်းကြီး ပိုင်းတွင် ဆားပုလင်း ပိုးကောင်နှင့် အိုင်အိုဒင်း လုလင်တို့ နှစ်ဦး၏ ဗိုက်တွင် သူရသတ္တိ ကောင်းစွာဖြင့် စာရေးသား ခဲ့သော အလန် ကွာတာမိန်း၏ ဆရာအရင်း ဖြစ်သူ အလန် ဝါတာမိန်း (ခေါ်) အလန်ကွာတာ ဝါဝါ၏ စွမ်းဆောင် ချက်များ အကြောင်းကို ဝေဝေဆာဆာ ဖော်ပြကြ သလို၊ စုံထောက် ရှော်ကြီးှ နှစ်ဦးအား ပုလိပ်မင်းကြီး လူလိန်က ကဒုံကနိ ဂါတ်သို့ ပြောင်းရွှေ့ လိုက်ပြီး ရှေ့လျောက် အမှုများကို ဖော်ထုတ်ရန် အတွက် အလွန်တရာ အရည်အချင်း ရှိသော အလန်ကွာတာ ဝါဝါအား တာဝန် လွှဲပြောင်း ပေးအပ်ကြောင်း သတင်းများ ဝေဆာစွာ ဖော်ပြ ထားသည်ကို နိုင်ငံအဝှမ်းရှိ ပြည်သူများ ဖတ်ရှု ကြရ လေတော့ သတည်း။

သူရဿဝါ

မတ်လ ၃ ရက် ၊ ၂၀၀၉ ခုနှစ်

www.thurathawah.net

www.facebook.com/ThuraThawah

www.twitter.com/Thurathawah

www.facebook.com/LiteraryArtBlog

www.moba4all.org

2 comments

  • မီးမီး သော်

    September 10, 2011 at 1:52 pm

    ဟယ်. ကိုသူရဿဝါရေ အကိုရဲ ့ရှည်လျားလှတဲ့ ပို ့စ်ကို save page as လုပ်ပြီးနောက်မှဖတ်ပါတော့မယ်။စုံထောက်တစ်ယောက်တောင်မှလွဲလိုက်တဲ့အမှုတွေ၊ခု အကို ့မှာက စုံထောက်ရှော်ကြီးများဆိုတော့ မနည်းမနောပါလားနော်။ဟိ

  • phantom

    September 10, 2011 at 3:59 pm

    ကောင်းပါ့ဗျာ ကိုသူရဿဝါရဲ့ စာတွေကို net guide မှာလဲ ဖတ်ဖြစ်ပါတယ် သရော်စာလေးတွေကို သဘောကျတယ် အရေးအသားလည်းကောင်းတယ်

Leave a Reply