မြန်မာကျပ်ငွေမာနေရခြင်း Brain Storming နောက်ဆက်တွဲ

padonmarSeptember 12, 20111min55024

မြန်မာကျပ်ငွေမာနေရခြင်း Brain Storming
လွန်ခဲ့တဲ့ ၃ လလောက်က ဒီနာမည်နဲ့ ကျွန်မ Post တစ်ခုတင်ခဲ့သေးတာ မှတ်မိကြမယ် ထင်ပါတယ်။
ဒီအတောအတွင်းမှာ အစိုးရပိုင်းကလည်း စီးပွားရေးလုပ်ငန်းတွေ အထူးသဖြင့် ပြည်ပ ပို့ကုန် Export လုပ်ငန်းတွေ မနစ်နာရအောင် စီးပွားရေးမူဝါဒတွေ အတတ်နိုင်ဆုံး ဖြေလျှော့ ပေးလာတာတွေ့ရပါတယ်။ တရားဝင်ငွေလဲနှုန်းမသတ်မှတ်သေးပေမယ့် ပို့ကုန်ဝင်ငွေလို့ခေါ်တဲ့ Export Earning ကို ၈၀ဝ ကျပ်နဲ့မှန်းပြီး တရားမဝင်သွင်းလာတဲ့ Super Custom မော်တော် ယာဉ်တွေရဲ့ ဒဏ်ကြေးကို ဒေါ်လာ ၁၃၀၀ဝ = ကျပ်ငွေ သိန်း ၁၀ဝ လို့ သွင်းခိုင်းတယ်ဆိုတာ ကြည့်ရင် အစိုးရအနေနဲ့လည်း ဒီလိုပြည်တွင်းသုံး ကျပ်ငွေမာနေရခြင်း ကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်း ကုန်မယ်ဆိုတာကို စိုးရိမ်နေတယ်ဆိုတာ သိသာပါတယ်။
ဒါပေမယ့် ပေးကားေပေး၏မရ ဆိုသလို အစိုးရက မူဝါဒတစ်ခုပြင်ပေးလိုက်၊ ငွေဈေးက ကျသွားလိုက် ဖြစ်နေရတာကိုလည်း တွေ့နေရပါတယ်။ ဥပမာ Export Tax ကို 10% ကနေ 8% ချလိုက်တဲ့အချိန်မှာ သွင်းကုန်လုပ်ငန်းရှင် Importer တွေက Earning ဈေးကို ချဝယ်ကြ တော့ ဗိုက်နာနေတဲ့ Exporter တွေကမနေနိုင်ဘဲ လျှော့ရောင်းရပါတယ်။ တစ်ခါ Export Tax ကို 8% ကနေ 2% ထပ်ချပေးပြန်တော့လည်း ပဲဝယ်တဲ့ India ဝယ်လက်တွေက F.O.B ဈေး နှုန်းချဝယ်ပြန်တော့ Exporter လည်းဈေးမရ။ နောက်ကတောင်သူတွေလည်း ဈေးမရ ဖြစ်ရပြန် ပါတယ်။ ဒါကတော့ ရောင်းရတဲ့ နယ်ပယ်ကျဉ်းလို့ဖြစ်ရတဲ့ အားနည်းချက်တစ်ခုပါဘဲ။ ဒါကိုကျော်လွန်ဘို့ အကြံပေးကြတဲ့ လုပ်လည်းလုပ်သင့်တဲ့ Value Added ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ နည်းလမ်းနဲ့ ဈေးကွက်ချဲ့ထွင်တဲ့ နည်း လမ်းတွေက အချိန်လည်းယူ၊ အစိုးရရဲ့Supporting လည်း ပါပါမှ ဒီအားနည်းချက်ကိုကျော်လွှားနိုင်မှာပါ။
အခုကမ ္ဘာ့ဈေးကွက်မှာလည်း ကြည့်ရင် တစ်ကမ ္ဘာလုံးရဲ့ နိုင်ငံရေးအနေအထား၊ Stock Share ဈေးကွက်အနေအထားတွေ အရ ကမ ္ဘာရွှေဈေးဟာလည်း မိနစ်ပိုင်း၊ နာရီပိုင်းနဲ့ ထိုးတက်လိုက်၊ ထိုးဆင်းလိုက် ဖြစ်နေပါတယ်။ အမေရိကန်ဒေါ်လာ၊ Euro စတဲ့ ကမ ္ဘာသုံးငွေ ကြေးတွေကလည်း အားပျော့နေပါတယ်။ ဒီ Effect တွေကလည်း ကျွန်မတို့လို နိုင်ငံငယ်လေး တွေကို ရိုက်ခတ်နေပါတယ်။
အထူးသဖြင့်ကျွန်မတို့ တိုင်းပြည်ရဲ့ရွှေဈေးဟာ Nearly Fixed လုပ်ထားတဲ့အတွက် ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေဈေးဟာ အနည်းငယ်ဘဲတက်ပြီး သူနဲ့နွယ်နေတဲ့ ဒေါ်လာ ငွေလဲနှုန်းကို ဆွဲချပစ်လိုက်ပါတယ်။ အဲဒီအခါမှာ Domino Effect နဲ့ Export Earning ဈေးရော F.E.C ငွေလဲနှုန်းရော လိုက်ပြီးဆင်းသွားပါတယ်။
Export Earning ကျရင် Exporter က ပဲဈေး၊ ဆန်ဈေး ကိုချဝယ်ပါတယ်။ အဲဒီအခါ နယ်ကကုန်သည်လေးတွေကလည်း လျှော့ဝယ်ကြပါတယ်။ နောက်ဆုံးတော့ ပဲစိုက်၊ စပါးစိုက် တောင်သူမှာ ဈေးနည်းသွားတာပါဘဲ။
အခုခေတ်တောင်သူတွေကလည်း ရှေးခေတ်နဲ့ မတူ တယ်လီဖုန်းနဲ့ စလောင်းနဲ့ ဆိုတော့ သူတို့ကလည်း ကမ ္ဘာ့ရွှေဈေးလည်းသိ၊ ငွေလဲနှုန်းတွေလည်း ကြား၊ ဘယ်နိုင်ငံရဲ့မိုးလေဝသက ဘယ်လိုဆိုတာအထိ သိနေကြပါတယ်။ သူတို့မှာ ငွေအင်အားလည်းရှိလာတော့ ရှေးယခင်ကလို စပါးပေါ်ချိန် ငွေပေါ်ချိန် မဟုတ်တော့ပါဘူး။ သူတို့ကလည်း သီးနှံပေါ်ချိန်မှာ မရောင်းသေးဘဲ သိမ်းထားပြီး ဈေးတက်ချိန်လေးမှန်းပြီး ရောင်းလိုကြပါတယ်။ တိုင်းပြည်မှာ တောင်သူ လယ်သမားတွေရဲ့ ဝင်ငွေကောင်းမှလည်း အဆင့်ဆင့် ဝင်ငွေကောင်းပြီး Consuming power တက်လာမှာပါ။
ဒီလိုခေတ်မျိုးမှာ ကမ ္ဘာ့ရွှေဈေးနဲ့ ငွေလဲနှုန်း အပြောင်းအလဲမြန်မှုဟာ ကုန်သည်ပွဲစား သာမက တောင်သူတွေကိုပါ သွားပြီး ထိခိုက်ပါတော့တယ်။ ဒါကြောင့်ကောက်ပဲသီးနှံနဲ့ ဆက်နွယ်မှုများတဲ့ ငွေလဲနှုန်းပေါ်မှာ အပြောင်းအလဲဖြစ်စေမယ့်အစား ကောက်ပဲသီးနှံနဲ့ တိုက်ရိုက် မဆက်စပ်တဲ့ ရွှေဈေးကို လွတ်လွတ်လပ်လပ် Float လုပ်ခွင့်ပေးလိုက်ရင် ကမ ္ဘာ့ရွှေ ဈေးတက် မြန်မာ့ရွှေဈေးလည်း တက်ပါစေ၊ ကမ္ဘာ့ရွှေဈေးကျရင် မြန်မာ့ရွှေဈေးလည်းကျပါစေ၊ ရွှေလုပ်ငန်းရှင်တွေ သူ့ဖာသာသူထိန်းသွားကြရင်ကောက်ပဲသီးနှံမှတဆင့် တောင်သူဆီ မရောက် တော့ဘူးလို့ထင်ပါတယ်။ စီးပွားရေးပညာရှင်မဟုတ်တဲ့အတွက် မှားရင်လည်း ထောက်ပြပေး ကြပါ။
နောက်တစ်ခုကတော့ ဒီရက်ပိုင်းမှာ ငွေဈေးအပြောင်းအလဲကို ဦးဆောင်နေတာက ကမ္ဘာ့ရွှေဈေး အပြင် မြန်မာ-တရုတ် နယ်စပ်က Chinese Yuan နဲ့ ကျပ်ငွေ လဲနှုန်းပါဘဲ။ အဲဒီ အဝေးခေါ်တဲ့ ငွေလဲနှုန်းကျရင် မြန်မာငွေဈေးမာပြီး ငွေလဲနှုန်းတက်ရင် မြန်မာငွေဈေး ပျော့သွား ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ Investment တွေအများကြီး လာလုပ်ထားတာလည်း အားလုံးအသိပါ။ အဲဒီ Investment တွေအတွက် ငွေတွေကလည်း စီးဝင်နေဦးမှာပါဘဲ။ တားမရပါဘူး၊
မကြာခင် I.M.F ရဲ့ အကူအညီနဲ့ မြန်မာငွေလဲနှုန်းကို သတ်မှတ်ဘို့ ဆွေးနွေးနေကြပါ တယ်။ အားပျော့နေတဲ့ အမေရိကန် ဒေါ်လာ၊ Euro တွေနဲ့ ငွေလဲနှုန်းသတ်မှတ်ရင် အခုလိုဈေး နှုန်း အတက်အကျ မြန်နေတာ ရှိနေဦးမယ်လို့ မြင်မိ်ပါတယ်။
ပတ်ဝန်းကျင် နိုင်ငံတွေထဲမှာ ဈေးနှုန်းတည်ငြိမ်တဲ့ (အခုအခါမှာ ကမ ္ဘာမှာ အမေရိကန်ဒေါ်လာပြီးရင် Chinese Yuan ဟာ အမာဆုံးဖြစ်နေပြီလို့ ဆိုကြပါတယ်) Chinese Yuan နဲ့ ချိတ်ဆက်ပြီး Peg လုပ်မယ်ဆိုရင် ကျွန်မတို့ရဲ့ မြန်မာကျပ်ငွေဟာ တည်ငြိမ်မှု ရလာမယ်လို မျှော်လင့်ရပါတယ်။
ရွာသူရွာသားတွေ ဆွေးနွေးပေးကြပါအုံး၊
ဒီလိုပြောလို့ တရားအားထုပ် တရုတ်အားထားတယ်လို့တော့ မစွပ်စွဲကြစေချင်ပါဘူး၊ အငြင်းပွားနေတဲ့ မြစ်ဆုံဆည်ကိစ္စနဲ့လည်း ရောမတွေးကြပါနဲ့လို့ ကြိုပြီးတောင်းပန်ပါတယ်၊
MG ရဲ့ ဆောင်ပုဒ်အတိုင်း မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးကြည့်တာပါ၊
ရွာသူတွေ နိုင်ငံရေးဆိုရင်မပါဘူးဆိုပြီး တစ်ခါက ဝိုင်းပြီးအပြစ်ပြောကြလို့ တတ်သလောက်မှတ်သလောက်လေး ပြောကြည့်ပါတယ်။မှားရင်လည်းပြင်ပေးကြပါ၊

24 comments

  • ဆူး

    September 12, 2011 at 9:27 pm

    အခုလုပ်တဲ့ မူဝါဒ ထဲမှာ ကားဟောင်းပေးပြီး ကားပါမစ် ၃၅၀ဝ လေးပါ ထည့်စဉ်းစားရမလားပဲ..
    ဒေါ်လာဈေးပြန်ဦးမော့လာမယ် ထင်တယ်။
    ဒေါ်လာဈေး ကျ လို့ မကိုက်ဘူး အော်နေတဲ့ လုပ်ငန်းတွေ အသက်ရှုနည်းနည်း ပိုချောင်လာမလား တွေးမိတယ်။
    ဒေါ်လာဈေး ကျလို့ ပစ္စည်းဈေးတွေ မကျပဲ တင်းခံနေတာ အခုတော့ ကျမလို ကျသယောင် ဖြစ်လာတာ.. ပြန်တက်မယ် ဆိုတော့.. အရင်အတိုင်းပဲ ဆက်သွားမလား မသိဘူး။
    အစိုးရ မူဝါဒ အပိုင်းကတော့ နားမလည်ဘူး။ လတ်တလော မြင်နေရတာတွေကို ပြောကြည့်တာ။

    • windtalker

      September 13, 2011 at 12:23 am

      မှန်ပါတယ် ဆမူးမူး ရေ
      ဒေါ်လာ ကို အသက်ကယ်ဆေး ထိုးပေးနေတာပါ

  • mgmglusoe

    September 12, 2011 at 9:33 pm

    ဖတ်ရတာတော့ ရှင်းပါတယ်…. ဒါပေမဲ့လဲ ဝင်ဆွေးနွေးနိုင်တဲ့အခြေအနေ မရှိလေတော့… ဝင်ရောက်ဆွေးနွေးမဲ့ ပုဂ္ဂိ ုလ်ကိုပဲ
    စောင့်မျှော် ပါတော့မယ်… စိတ်ရှည်လက်ရှည် သိသလောက် ရေးချပြတဲ့ အတွက်ကျေးဇူးပါဗျာ…။ 🙄

  • weiwei

    September 12, 2011 at 9:37 pm

    မပဒုမ္မာလိုမျိုး နားလည်တတ်ကျွမ်းတဲ့သူတစ်ယောက် ဒီရွာထဲမှာရှိနေတာ ရွာသူတွေကိုယ်စား ဂုဏ်ယူပါတယ် …
    ကျန်းမာရေး .. ပညာရေး … စီးပွားရေး … ဘာသာရေး … နိုင်ငံရေး …. ဘက်ပေါင်းစုံတော်တဲ့သူ အခုခေတ်မှာ ရှားပေမယ့် ရှိနေသေးတဲ့ သက်သေပေါ့နော် …

  • padonmar

    September 12, 2011 at 9:42 pm

    အစိုးရက စီးပွားရေးမူဝါဒ အသစ်တစ်ခုတင်လိုက် ခဏငွေဈေး တက်မလိုဖြစ်လိုက် ၊အဝေးဆိုတာကြီးက ဆွဲချလိုက်ဖြစ်နေလို့ပါ၊
    လုပ်ငန်းရှင်ဆိုတာ အခုမမြတ်လည်း အရင်မြတ်၊နောင်မြတ်မှာတွေရှိတော့ ဆက်လုပ်နေကြအုံးမှာဘဲ၊
    တောင်သူတွေ ကရှုံးပါများရင် ဒီအလုပ်မလုပ်တော့မှာ စိုးရိမ်တယ်၊

  • padonmar

    September 12, 2011 at 9:46 pm

    ဝေဝေ ၊ဘာစားမလဲဟင် ၊ဆူရှီလေးများစားမလား၊
    မှန်တာလေးတွေ များများပြောပေးနော် 😀 😀 😀

    • weiwei

      September 12, 2011 at 10:09 pm

      အမှန်တွေချည်းပဲ ပြောနေတာ .. နောင်လဲ ပြောအုန်းမှာ … 😛

      စူရှီဆိုလို့ စူရှီဆိုင်ဖွင့်ရင်ကောင်းမလားလို့ … လောလောဆယ်တော့ ကြော်ညာတဲ့အနေနဲ့ marketing ဆင်းမယ့်အစီအစဉ်ရှိတယ် … အလကားအမြည်းကျွေးမယ်နော် … အားပေးပါအုန်းလို့ …

  • MaMa

    September 12, 2011 at 9:50 pm

    မြန်မာပြည်အနေအထားနဲ့ဆိုရင် ငွေကြေးလဲလှယ်နှုံးကို IMF အကူအညီနဲ့ သတ်မှတ်မယ့်အစား နယ်မြေဒေသချင်းလည်း ဆက်စပ်မှုရှိတယ်။ ပို့ကုန် သွင်းကုန်တွေလည်း အများကြီး ဆက်စပ်မှုရှိပြီး ကမာ္ဘမှာလည်း အတော်လေး သက်ရောက်မှုရှိတဲ့ China yuan နဲ့ ချိတ်ဆက်တာက ပိုထိရောက်ပြီး ရေရှည်လည်း အကျိုးများမယ် ထင်ပါတယ်။

    • kai

      September 13, 2011 at 3:00 am

      ယွမ်ကိုယ်တိုင်က.. ဒေါ်လာနဲ့လာချိတ်ထားတာမို့… ( တရုတ်အစိုးရက ယူအက်စ်ဘွန်းတွေ အများဆုံး ဝယ်ထားသူ) .. မြန်မာငွေကို ဒေါ်လာနဲ့သာကစားသင့်တယ် ထင်မိပါတယ်..။

      ဒီအတိုင်းဆက်သွားရင်.. IMF ဝင်ပြီး နောက်နှစ်မှာ..အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်လျှော့လာမှာမို့.. နည်းနည်း သည်းခံစောင့်ကြဖို့ပဲ ပြောချင်မိတာပါ..။

      ကြားထဲတော့.. တည်ငြိမ်ဦးမယ်မထင်..။

      • ကြောင်ကြီး

        September 13, 2011 at 7:44 am

        မပဒုမ္မာနဲ့ အန်တီမမ ရေးတဲ့အချက်ကို ဆွေးနွေးဖို့မေ့သွားတယ်။ ယွမ်ကိုယ်တိုင်က တည်ငြိမ်မှု အစစ်အမှန်မရှိပါဘူး။ တရုပ်ကုန်ပစ္စည်းများ ဈေးကွက်မှာ အရောင်းတွင်ကျယ်ဖို့ ယွမ်ငွေဈေးကို အစိုးရချုပ်ကိုင် ကစားထားတယ်လို့ အမေရိကန်နဲ့ ဥရောပ (တရုပ်နိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်များ) နိုင်ငံများက သံသယရှိပါတယ်။ ဒါကြောင့်လည်း ကုန်သွယ်ရေး မညီမျှမှုအတွက် ပြစ်ဒဏ်ခတ်မယ်နဲ့ ဝိုင်းဝန်းပြောဆိုကြရင် ငွေလဲလှယ်နှုန်းကို တင်မယ်ချမယ် အသံခဏခဏ ထွက်ပါတယ်။ လွန်ခဲ့တဲ့နှစ်များတုန်းက စင်္ကာပူထင်တယ် ဒေါ်လာအစား ယွမ်နဲ့ချိတ်ဖို့ အသံထွက်ပါတယ်၊ တရုပ်ကိုယ်တိုင်က သဘောမတူပါဘူး။ ဦးပါလေရာ၄၆ပြောသလို ယွမ်ငွေကြေးမှာ ဒေါ်လာပိုင်ရှင် အမေရိကန်လို ဈေးကျတိုင်းတက်တိုင် လိုက်ထိန်းနိုင်တဲ့ အတွေ့အကြုံ၊ အသိပညာ၊ ရင့်ကြက်မှု၊ လွတ်လပ်တဲ့ငွေကြေးဈေးကွက် စတဲ့ တာဝန်ယူနိုင်စွမ်း မရှိသေးပါဘူး။ ယူရိုငွေကြေးကျတော့လည်း သိတဲ့အတိုင်း ဥရောပနိုင်ငံအချို့ရဲ့ ကြွေးမြီပြသနာဂယက်က သူ့ရဲ့ခိုင်မာမှုကို မသေမချာဖြစ်စေပါတယ်။ ဒါကြောင့် ဒေါ်လာနဲ့ ချိတ်ဆက်ခြင်းသာ (လောလောဆယ် သူ့ထက်ဆိုးတာတွေပဲရှိတာမို့) လက်တွေ့အကျဆုံး ဖြစ်မယ်ထင်ပါတယ်။

        ငွေအကြွေးမြုပ်မပြန်သူ ကြောင်ကြီး

  • padonmar

    September 12, 2011 at 10:28 pm

    အမှန်တော့ ဒီအချက်အလက်တွေ အားလုံး ကိုယ်တစ်ယောက်ထဲရဲ့ အမြင်မဟုတ်ပါ၊ ဝေဝေလို အထင်ကြီးနေမှာစိုးလို့ပါ။
    အကိုတွေ မောင်တွေ မိတ်ဆွေတွေ ကျားရောမရောပါပါတယ်။
    ကျွန်မက လက်စိုက် ပါးစပ်စိုက်တာပါ၊
    ဒီထဲမှာ ဟာကွက်တွေလည်းရှိပါတယ်၊ ဝေဖန်အကြံပေးတာလိုချင်လို့ပါ၊

  • parlayar46

    September 13, 2011 at 12:10 am

    တည်ငြိမ်မှု့လဲမရှိ ခိုင်မာမှု့လဲမရှိ လုံလောက်တဲ့ ပမာဏလဲမရှိတဲ့ ငွေတမျိုးကို အခြားခိုင်မာတဲ့ တည်ငြိမ်တဲ့ အင်အားကြီးတဲ့ ငွေတမျိုးနဲ့ နှုံးသေချိတ်ဆက်ထားဘို့ လွယ်မယ်မထင်မိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုချိတ်ဆက်ထားရင် ကိုယ့်စီးပွားရေးမတည်ငြိမ်တိုင်း ပြည်ပငွေပေးငွေယူပမာဏ ကွာခြားတိုင်း အသွင်းအထုတ် အလဲအလှယ်ရှိလာမယ့် ငွေပမာဏအတွက် ဗဟိုဘဏ် သို့မဟုတ် တိုင်းပြည်ရဲ့ ငွေကြေးစီမံသူက စိုက်ထုတ်ညှိနှိုင်းရမှာမို့ (လိုအပ်သလို ကိုယ်ချိတ်ထားတဲ့ငွေကြေးကို ဝယ်ပေးရမယ်/ရောင်းပေးရမယ်) reserve fund အများကြီးလိုလို့ပါပဲ။ အဲဒါက အခန့်မသင့်ရင် တိုင်းပြည်ကို ဆွဲချသွားနိုင်ပါတယ်။ ၁၉၉ရ တုန်းက ဂျော့ချ်ဆိုးရောစ့်က ပိုက်ဆံလေးနှစ်ပြားတပဲ (ဒေါ်လာတစ်ဘီလီယံလောက်)နဲ့ ထိုင်းနိုင်ငံကိုဝင်ကလိလို့ တတွဲကြီး ပြိုကျသွားတာ သတိရမိပါတယ်။

    ဒါကြောင့်လဲ နောက်ပိုင်းမှာ နိုင်ငံတော်တော်များများဟာ ကိုယ့်ငွေကို နှုံးရှင်နဲ့မျှော float လိုက်ကြပါတယ်။ နှုံးရှင် ဆိုပေမယ့်လဲ ဈေးကွက်အတိုင်းတော့ လွှတ်ပေးထားလို့မဖြစ်ပါဘူး။ အစိုးရတွေကပဲ လိုအပ်သလို ဝင်စွက်ဖက် (ရောင်း/ဝယ်/လဲ/တား/လွှတ်/တွန်း/ခေါ်) ရပါတယ်။ အခုလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာတော့ ဒါ့ထက်အများကြီးပိုရှုပ်ထွေးတဲ့ နည်းဗျူဟာတွေသုံးပြီးတော့လဲ စွက်ဖက်ရပါတယ်။ ဒီနည်းနဲ့ ကိုယ့်ငွေကို ပဲ့ကိုင်ရတာမို့ ငွေကြေးစီမံမှု့ရဲ့ ပဲ့ကိုင် လူ(ပညာရှင်)ဟာ အရေးကြီးပါတယ်။ ပြီးတော့ လျှင်မြန်ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ လုပ်နိုင်ဘို့ စံနစ်ကလဲ အရေးကြီးပါတယ်။

    ကျုပ်တို့နိုင်ငံမှာ အဲဒါ ၂မျိုးလုံးမရှိပါဘူး။ ဒါကြောင့် အနှစ်၃ဝအတွင်း ၃၀၀၀၀% ငွေဖေါင်းပွသွားတာပါ။
    ငွေဖေါင်းပွတာ မကောင်းပါဘူး။ ဒါပေမယ့် ဖေါင်းပွပြီးသားငွေ ပြန်ကျစ်ရင် ပိုမကောင်းပါဘူး။ အခုအားလုံခံနေကြရသလိုပါ။ အစိုးရကလဲ လုပ်သလောက်တော့ လုပ်နေတယ်ထင်ပါရဲ့။

    ဒါပေမယ့် – အားမရှိတဲ့သူဟာ ခေါင်းရှိဘို့ ပိုလိုတယ်။

  • thit min

    September 13, 2011 at 4:33 am

    (Monetary Policy)ငွေကြေးပေါ်လစီဆိုတာ ငွေကြေးကြုံ့ခြင်း(Deflation) နဲ့
    ငွေကြေးဖောင်းပွခြင်း(Inflation)၂မျိုးစလုံးကိုထိမ်းညှိရတာပါ။

    ငွေကြုံ့ခြင်း(ဒီဖလေးရှင်း)ဆိုတာဈေးမှာပစ္စည်းတွေဈေးပေါပေမဲ့လူတွေလက်ထဲမှာငွေသိပ်မရှိကြလို့
    မသုံးနိုင်တဲ့အခြေအနေမျိုးပါ။
    ငွေဖောင်းပွခြင်း(အင်ဖလေးရှင်း)ကတော့အမျိုးမျိုးသောပစ္စည်းတွေရဲ့ဈေးတွေတက်နေခြင်းပါ။
    ၂ခုစလုံးမှာတွန်းအားပေးအကြောင်းအရာနဲ့ဆွဲအားပြုအကြောင်းအရာရယ်လို့ရှိပါတယ်။

    မြန်မာပြည်ဟာစရိတ်ရဲ့တွန်းအားငွေဖောင်းပွခြင်းရော..ဝယ်လိုအားရဲ့ဆွဲအားငွဖောင်းပွခြင်းပါခံစားနေရတာပါ။
    လိုင်စင်တခုရဘို့၊ပါမစ်တခုရဘို့၊မှတ်ပုံတင်ဘို့၊ဘာဘို့ညာဘို့တခုခုဆိုပေးလိုက်ရ”လောင်းလိုက်ရတဲ့ရေ”
    တွေဟာစရိတ်တွေပါ။အင်ဖလေးကိုဖြစ်လာအောင်”တွန်း”ပါတော့တယ်။
    မြန်မာလူမျိုးများဟာစိုးရိမ်တတ်လွန်းတဲ့လူမျိုးပါ။ဟိုအသံဒီအသံကြားရင်စိုးရိမ်စိတ်နဲ့
    ဈေးတက်မှာကြောက်ပြီးအရမ်းဝယ်တတ်ပါတယ်။သူများဝယ်ရင်လဲလိုက်ဝယ်ကြနဲ့
    အဲဒီလိုဝယ်သူများလာရင်ဈေးကတက်ပါတယ်။ဝယ်လိုအားက”ဆွဲ”လို့ဖြစ်ရတဲ့အင်ဖလေးရှင်းပါ။

    အဲဒီပိန်ဖောင်းတွေကိုထိမ်းညှိဘို့ပေါ်လစီမိက်ကာအဖြစ်လုပ်ဆောင်သူများကဗဟိုဘဏ်အကြီးအကဲတွေပါပဲ။
    တခြားသူထွေထက်ငွေကြေးလည်ပတ်မှူအတက်အကျ(fluctuation)ကိုနားလည်ကျွမ်းကျင်ကြသူများပါ။
    အချိန်နဲ့တေပြေးညီဆောင်ရွက်ရတာမှို့အတိုင်းအတာတခုအထိအဲဒီလူကို”လုပ်ပိုင်ခွင့်”ပေးထားရပါတယ်။

    (*)မြန်မာပြည်မှာအဲဒီလိုလုပ်ပိုင်ခွင့်ကိုဗဟိုဘဏ်အကြီးအကဲကရမယ်မထင်ပါဘူး။

    အမေရိကန်နိုင်ငံရဲ့ဖက်ဒရယ်ရီဆာ့ဗ်(ဗဟိုဘဏ်စနစ်)ရဲ့ဥက္ကဌ(Alan Greenspan) ဂရင်းစပန်းဟာ
    ၁၉၈၇-၂၀၀၆တာဝန်ယူစဉ်ကာလများမှာဘဏ်အတိုးနှုန်း (Bank interest rate) ကိုလက်နက်တခုလိုအသုံးပြုပြီး
    (Circulation money)ဈေးကွက်မှာသုံးနေကြတဲ့ငွေကြေး(လှဲ့လည်ငွေကြေး)အတိုးအလျှော့ဖြစ်အောင်လုပ်ခဲ့ပါတယ်။
    ၁၉၉ရခုနှစ်လောက်ကစတော့ရှယ်ယာဈေးတွေတက်ပီးတွေ(Circulation money)အရမ်းများလာခဲ့တယ်။

    ဈေးကွက်မှာလှဲ့လည်နေတဲ့ငွေတွေများလွန်းတယ်ဆိုတာအင်ဖလေးရှင်းပါပဲ။
    စတော့ရှယ်ယာဈေးတွေကောင်းတာကို(Bull)နွားသိုး… လို့ခေါ်ပြီး
    စတော့ရှယ်ယာဈေးတွေကျရင်တော့(Bear)ဝက်ဝံ…လို့ခေါ်ပါသတဲ့။
    ဂရင်းစပန်းကဘဏ်အတိုးနှုန်းကိုမြှင့်လိုက်ပါတယ်။နွားသိုးကြီးကိုအတိုးနှုန်းဆိုတဲ့ကျည်နဲ့ပစ်လိုက်တာပါတဲ့။
    နွားသိုးဖင်ထိုင်လဲပါတယ်။ဖောင်းပွမှူကိုထိမ်းလိုက်နိုင်တယ်။
    အင်ဖလေးရှင်းကိုနိုင်သွားတဲ့တချိန်ကဂရင်းစပန်းရဲ့ဖော်မြူလာကို”ကိုတရုက်ကြီး”ကသုံးပါတယ်။
    ၂၀၁ဝနှစ်ကုန်နဲ့၂၀၁၁နှစ်စပိုင်း၊ရှစ်လအတွင်းအတိုးနှုန်းခြောက်ကြိမ်ပြောင်းခဲ့တာပါ။ငွေလဲနှုန်း
    မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများလန်ပြေးမှာထိမ်းတဲ့သဘောပါတဲ့။အင်း…ဟိုတလောကမြန်မာပြည်မှာ
    အတိုးနှုန်းတွေပြင်တာ..ကိုတရုတ်အကြံပေးတာများလားလို့။
    ခုတော့၂၀၀၉ခုနှစ်ကထဲကပြည်ပငွေပေးငွေယူရှင်းတမ်းမှာလိုငွေပြ
    (အကြွေးပေးစရာရှိတာပေါ့ဗျာ)နိုင်ငံတကာအပေါ်ဘီလျံ၉၀ဝနီးပါးလောက်ရှိခဲ့တဲ့
    ကိုရွှေအမေရိကန်ကြီး၂၀၁၁ခုနှစ်မှာကိုတရုတ်ကြီးကိုပေးစရာ
    (ကုန်သွယ်ရေးလိုငွေပြ=Trade deficit) ဘီလျံ၅၀ဝနီးပါးရှိပါသတဲ့။
    ဂျိုးဇက်စတစ်ဂလစ်ကြီးလဲမကယ်နိုင်Green/Blue/Blackစပန်းလဲမတတ်နိုင်တော့ပီ။
    ဂလိုဘယ်လိုက်ဇေးရှင်းကြီး၏စတုတ္ထလှိုင်းနည်းပညာရွေ့ရှားမှူတွင်အာရှကျားများကိုသာမကစီးပွါးရေး
    ဂါလီဘာကြီးအမေရိကန်ကိုဈေးပေါသောလုပ်ခ,ကျယ်ပြန့်သောပြည်တွင်းဈေးကွက်,လျှင်မြန်သော
    အတုခိုးမှူ(learning by doing/designing/innovation) လက်နက်ပုန်းတို့ဖြင့်အသုံးချအနိုင်ယူပြီးစီးပွါးရေးအင်အားကြီးနိုင်ငံဖြစ်လာပေပြီ။

    (Float)မျှောမလား (Peg)ချိတ်မလားဆိုသည်မှာနှစ်ပေါင်းများစွာမေးခဲ့ကြသော
    မေးခွန်းဟောင်းကြီးဖြစ်ပါသည်။အိုင်အမ်အဖ်လိုစာတော်သူပင်အောင်မှတ်ရအောင်မ
    ဖြေနိုင်သေး။

    မက္ကစီကိုက၁၉၉ဝတွင်(Peg) “ချိတ်”ပြီးအိုကေသွား၏ ယိုးဒယားတို့က၁၉၉၇-၉၈
    တွင်(Float)”မျှော”လိုက်တော့မှနလန်ထူ၏။
    မျှောချင်မျှောချိတ်ချင်ချိတ်…..ပြဿနာကသူ့အတိုင်းအတာနှင့်ရှိပါ၏။
    *****************************************************
    မျှောလိုက်ချိတ်လိုက်လုပ်ခွင့်ပေးမယ်ဆိုရင်လဲအကောင်းသားနော်။

  • ကြောင်ကြီး

    September 13, 2011 at 7:00 am

    ချိတ်သင့်တာ ဒေါ်လာ၊ ယူရို၊ ယွမ် တခုမှမဟုတ်ဘူး၊ ကြောင်နဲ့ပါ။ ဒါမှ အမြင့်ကိုလည်း ခုန်တက်နိုင်မယ်၊ ကျရင်လည်း မနာဘူး။ ကြောင်ကျကျတာလောက် သက်သာတာ မတွေ့ဘူးသေးပါဘူး။ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတာ စစ်တပ်ခေါင်းဆောင်များ မကြောင်ဘဲ ရူး(အာဏာ)နေလို့ ခက်တာပါ။
    တိုင်းပြည်မှာ ကုန်ချောထုတ်လုပ်ငန်း စွမ်းအားစု အားမကောင်းသ၍၊ နိုင်ငံခြားပို့ကုန်ဈေးကွက်ကို ကိုယ့်အားကိုယ်ကိုး မရှာနိုင်သ၍ အဖြေရှိအုံးမယ် မထင်ပါဘူး။ အိုင်အမ်အက်ဖ်ကဝင်လည်း သူ့ထုံးစံအတိုင်း ပြုပြင်ပြောင်းလဲရေး ဆေးခါးကြီးတိုက်မှာပါ။ စစ်အစိုးရက လိုက်နာပြောင်းလဲမယ်ဆိုရင် ကျုပ်ခေါင်းကိုလာဖြတ်၊ အိုဗျာ ခေါင်းတင်မက ခြေ၊လက်၊ အတက်မှန်သမျှ ဖြတ်ချင်တာလာဖြတ်ကြပါ။ စီးပွားရေးပြုပြင်ပြောင်းလဲမှုသည် နိုင်ငံရေးစနစ်နဲ့ ကင်းကွာလို့မရပါဘူး။ အဲဒါဆို ဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရှိမှု၊ လွတ်လပ်ခွင့် စတာတွေ အကုန်လုံး တန်းစီပြီးလိုက်ပါတယ်။ တကယ်တမ်းချိတ်ရမှာ စီးပွားရေးနဲ့နိုင်ငံရေးကိုပါ၊ လွပ်လပ်ခွင့်မရှိရင် တည်ငြိမ်မှုမရှိ၊ တည်ငြိမ်မှုမရှိရင် ရင်းနှီးမြှုပ်နှံမှုမဝင်၊ အရင်းအနှီး အတတ်ပညာမရှိရင် တိုးတက်မှုမရှိပါဘူး။ စစ်တပ်အလိုတော်ရိများနဲ့ ကိုယ်ကျိုးရှာ စီးပွားရေးသမားများကတော့ ပြောင်းပြန်သွားပါတယ်။ ဒီလိုနဲ့ပဲ ချမ်းသာလာပြီး အခုတော့ ကိုယ့်အတတ်ကိုယ်စူး သူတို့ဖောက်ခဲ့တဲ့ လမ်းဆုံးနေပါပြီ။ ဒီတော့ မိုးပြော ဂျိုးပြော ဖြစ်ကုန်ပါတယ်။

  • padonmar

    September 13, 2011 at 8:32 am

    အကျယ်တဝင့်ဆွေးနွေးပေးကြတဲ့ အကိုတွေမောင်တွေညီမတွေ (အမတော့ ပါမယ် မထင်ဘူး) ကျေးဇူးပါ။

    • ကြောင်ကြီး

      September 13, 2011 at 10:17 am

      အကျယ်တဝန့် မဟုတ်ပါဘူး၊ အကျယ်တဝံ့ ဖြစ်ရပါမယ်။ မြန်မာ့မီးရထားကိုယ်စား ကြောင်ကြီးမှ သယ်ယူပို့ဆောင်ပေးခြင်းပါ။

  • zawmaung

    September 13, 2011 at 9:04 am

    ကြောင်ကြီး ,, with your statement , “အတက်မှန်သမျှ ဖြတ်ချင်တာလာဖြတ်ကြပါ။” , I can understand that you really feel and believe it.
    If you only say “အိုဗျာ ခေါင်းတင်မက ခြေ၊လက်လာဖြတ်ကြပါ။” I may have some doubt.

  • မီးမီး သော်

    September 13, 2011 at 12:40 pm

    ဘယ်လိုကြောင့်ဘယ် ဖြစ်ဖြစ်ပါစေ။ဒီအစိုးရလက်ထက်မှာ ဆက်ပြီးတော့ ငွေကြေးတွေကမောက်ကမဖြစ်နေဦးမှာပါ။ဘာလို ့လဲဆိုတော့ တန်ဖိုးမရှိတဲ့စက္ကူတွေသာဖြစ်နေလို ့ပါ။

  • forever

    September 13, 2011 at 3:28 pm

    အစိုးရဟာငွေဈေးကွက်မှာဝင်ကစားတာထိန်းကျောင်းတာတွေ
    မလုပ်နိင်သေးပါဘူး သူတို.လုပ်နိင်တာက ပေါ်လစီပိုင်းကိုချပြရင်း
    ငွေကြေးဈေးကွက်ကို အတက်ဘက်ရောက်အောင် တွန်းပို.နေတာပါ
    ဥပမာ ကားသစ်သွင်းဘို.ကိစ္စလိုမျိုးပေါ.လေသံပေးလိုက်တာနဲ.
    အန်နင်ဈေးကတက်သွားပြီ အဲ.ဒါကိုမှီပြီးပြည်တွင်း အရွက်ဈေးကလိုက်တက်လာတယ်
    ဒါ၂ရက်၃ရက်အတွင်းကိုပြောတာပါ ခဏစောင်.ကြည်.ရမှာပါ
    ထုံးစံလိုပါဘဲ စက်တင်ဘာအောက်တိုဘာ..နဲ. ဘာလေးဘာလို.အတိုခေါက်ခေါ်တဲ.
    လတွေမှာ ငွေဈေးဟာနှစ်တိုင်းကျလေ.ရှိပါတယ်..
    ရွှေဈေးကွက်ကိုလဲသူတို.ဝင်မထိန်းနိင်ပါဘူး
    ကမ္ဘာဈေးတက်တဲ.အချိန်မှာမြန်မာ.ရွှေဈေး မတက်ခဲ.ရင် ဈေးရတဲ.နိင်ငံဘက်ရွှေတွေ
    ထွက်သွားမှာပါ
    အစိုးရဟာ တရုပ်ကိုသိပ်သဘောကျတဲ.ပုံ မပေါ်ပါဘူးမတတ်သာလို.ပေါင်းနေရတာပါ
    သူတို.တကယ်ဖြစ်ချင်တာက အနောက်နဲ.အဆင်ပြေဘို.ပါ
    IMF ကဘယ်လိုဘဲအကြံပေးပေး…ငွေဈေးတရားဝင်သတ်မှတ်ပေးဘို.ဆိုတာ
    အခက်အခဲတွေအများကြီးနဲ.ကျော်လွားရမယ်.အနေအထားပါ
    ဆိုတော.အခုအရင်ဆုံးဖြစ်သင်.တာကမြန်မာနိင်ငံသားများနိင်ငံတကာငွေကြေးကို
    တရားဝင်ကိုင်ဆောင်အသုံးပြုခွင်.ရှိနိင်အောင်ခွင်.ပြုပေးဘို.ပါဘဲ

  • minthakhin

    September 13, 2011 at 3:42 pm

    (အထူးသဖြင့်ကျွန်မတို့ တိုင်းပြည်ရဲ့ရွှေဈေးဟာ Nearly Fixed လုပ်ထားတဲ့အတွက် ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေဈေးဟာ အနည်းငယ်ဘဲတက်ပြီး သူနဲ့နွယ်နေတဲ့ ဒေါ်လာ ငွေလဲနှုန်းကို ဆွဲချပစ်လိုက်ပါတယ်။ )
    ကျွန်တော်သိသလောက်ကတော့ အဲဒီလိုမဟုတ်ဘူးဗျ။ ရွှေဈေးတက်တာနဲ ့ဒေါ်လာဈေးက အလိုလိုကျသွားတာပါ (ဒေါ်လာကိုမယုံလိုရွှေဝယ်၊ဒေါ်လာဈေးကျ၊ဒီလိုမျိုးဖြစ်တာပါ၊ အရင်ကမာ့စီးပွားရေးပုံစံနဲ ့မတူပါဘူး၊အခုရွှေဈေးတက်တာကိုက ဥရောပနဲ ့အမေရိကန်ကြွေးမြီတွေကြောင့် ဒေါ်လာကိုမယုံဘဲ ရွှေတွေလွတ်ဝယ်နေတာကြောင့်ပါ)။
    ဒီတော့ Earning ပါကျလာပါတယ်။FEC ကတော့ထည့်ပြောစရာတောင်မလိုတော့ပါဘူး (ကောလဟာလပေါင်းစုံနဲ ့ကိုး)။ ပြီးတော့ ကမ္ဘာ့ရွှေဈေးတက်ရင်၊မြန်မာရွှေဈေးလဲတက်ပါတယ်။ တက်သင့်သလောက်မတက်တာက ဒေါ်လာဈေးက ဖမ်းထိမ်းထားလိုက်လို ့ပါ။ကမာ့ရွှေဈေးနဲ ့မြန်မာ့ရွှေဈေး ဟလို ့ကတော့ တရုတ်ကဘာပြောကောင်းမလဲ ဆွဲမှာပေါ့။အခုတောင် ၁ကျပ်သား ငါးထောင်အထက်ဟကြည့် တန်းဆွဲပဲ။အခုက ပြည်တွင်းမှာ ဒေါ်လာဈေးက
    ကမ္ဘာ့ပေါက်ဈေးထက် ပိုနည်းနေတာ (ပိုနည်းတယ်ဆိုတာက ဟိုဖက်ဒီဖက် ဖလှယ်လိုက်လို ့ရှိရင် အမြတ်ထွက်နိုင်မယ်ဆိုတဲ့ နည်းတာကိုပြောတာမဟုတ်ပါ) လဲပါသွားလို ့ပါ။ဘာဖြစ်လို ့ ပိုနည်းနေရတာလဲ ဆိုတော့ ပြည်တွင်းကျပ်ငွေ အလွန်ရှားပါးနေတာရယ်၊ ကောလဟာလတွေရယ်၊ ဒေါ်လာလိုအပ်ချက် ရှိနေမယ့် စီးပွားရေးလုပ်ငန်း ကိုအစိုးရကမဖော်ဆောင်ပေးသေးတာတွေရယ်၊ ပြည်တွင်းမှာရင်းနှီးမြှုပ်နှံမှု များလာလို ့နိုင်ငံခြားငွေများစွာဝင်ရောက်လာတာရယ်၊ကျောက်စိမ်းပွဲများရယ်၊နယ်စပ်တွေမှာ ဒေါ်လာနဲ ့မဟုတ်ဘဲ ယွမ်နဲ ့ဘဲ ရွှေကိုအရောင်းအဝယ်လုပ်နေကြလို ့ရယ်၊ကျပ်ငွေများစွာ ပြည်သူတွေဆီစီးဆင်းနိုင်တဲ့ ပရောဂျက်များစွာကို ဘတ်ဂျက်ဖြတ်တောက်ထားတာရယ် ရယ်ပေါင်းများစွာကြောင့်ဖြစ်နေရတယ်လို ့ မြင်ပါတယ်။ဒါတွေကြောင့် မြန်မာကျပ်ငွေမာနေတာလို ့ ပြောလို ့မရသေးပါဘူး။ မြန်မာကျပ်ငွေမာရလောက်အောင် ကျွန်တော်တို ့ကျပ်ငွေအဲဒီလောက်တန်ဖိုးမရှိသေးပါဘူးလို ့ပဲပြောလိုက်ပါတော့မယ်။
    တကယ်တမ်းသာ ကျပ်ငွေမာကြည့်ပါ (ဒါမှမဟုတ် အခုကျပ်ငွေဈေးနဲ ့ ရေရှည်သွားကြည့်လိုက်)အခုတောင်သူတွေ တွေ ့နေရတဲ့ အခက်အခဲမျိုးဟာ အချိန်ကာလ တစ်ခုအတော့အတွင်း တဖြည်းဖြည်းချင်း ပြေလည်လာလိမ့်မယ်လို ့ထင်ပါတယ်။(အစိုးရကလည်း ကုန်သည်တွေနဲ ့တောင်သူတွေကြား ဈေးဝင်ထိန်းညှိုပေးတာတွေလုပ်ပေးရပါမယ်)။ ပြီးတော့ အခုပဲပို ့တာကလည်း ပို ့စ်မှာပြောခဲ့သလို ့ ရောင်းရတဲ့ နယ်ပယ်ကျဉ်းနေလို ့ဖြစ်နေရတာပါ။ အစကတည်းက စီးပွားရေးပညာရှင်တွေ ထောက်ပြခဲ့ကြပါတယ်။ အဲဒီတုန်း ကတော့ဈေးရလို ့ ဒါကိုဂရုမစိုက်ခဲ့ကြပါဘူး။
    အခုထိတော့ မှ ဟုတ်ပါတယ်၊မှန်ပါတယ် လုပ်နေကြတော့တယ်။နယ်ပယ်ကျယ်လာလေ ကိုယ့်အတွက် အခွင့်ရေးများလေပဲ မဟုတ်လား။ အခုတော့ ကိုယ့်ပဲဈေးကွက်ထဲကို ဩစတေးလျ တစ်ခုပဲ ဝင်လာသေးတယ် တိုင်ပါတ်နေရပြီ။
    အကောင်းဆုံးကတော့ နှုန်းရှင်ထားလိုက်တာ အကောင်းဆုံးလို ့ထင်ပါတယ်။ နှုန်းသေနဲ ့ချိတ်ဆက်မယ်ဆိုရင် ကျွန်တော်တို ့အစိုးရ လိုက်မထိမ်းနိုင်ပါဘူး။ အဲဒီတော့ မှောင်ခိုဈေးကွက်ပေါ်လာအုံးမယ်။ပေါ်လာရင် မြန်မာနိုင်ငံရဲ ့စီးပွားရေး ဒုံရင်းက ဒုံရင်းဘဲဖြစ်နေပါလိ်မ့်မယ်။
    ဒါတွေကတော့ကျွန်တော်သိသလောက်ဝင်ဆွေးနွေးကြည့်တာပါ။

    • Foreign Resident

      September 21, 2011 at 7:07 am

      Dear Min Thakhin & Padonmar,

      “ကျွန်မတို့ တိုင်းပြည်ရဲ့ရွှေဈေးဟာ Nearly Fixed လုပ်ထားတဲ့အတွက်
      ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေဈေးဟာ အနည်းငယ်ဘဲတက်ပြီး
      သူနဲ့နွယ်နေတဲ့ ဒေါ်လာ ငွေလဲနှုန်းကို ဆွဲချပစ်လိုက်ပါတယ်”

      I think Padonmar’s saying is right.
      Actually, I ( not only me, also most businessmen ) have noticed it for a long time ( more than decade ).

      (1)
      In fact, our military regime has certain power to change the Dollar’s price.
      Because, our Foreign Currency market is still too small &
      they have absolute power & no people nor manner/practice to care.
      ( for example ; they pushed the Dollar’s price up to 850 kyats, now )
      Even, it might be temporary, but, they can do it.

      (2)
      They afraid of rising of Gold price, because,
      – Gold is still main indicator in Myanmar
      – it will spread out rumor
      – people becomes panic &
      – made our country unstable.

      (3)
      So, they want to fix the gold price.
      There are 3 factors to control the gold price.
      (aa) Local gold production/supply ( it is very tiny & useless )
      (bb) Local demand ( difficult to control, as we are no longer in Socialism )
      (cc) Dollar’s price ( they can control it & so, they change dollar’s price )

      (4)
      Recent days, World’s Gold Price is sky rocketing &
      in initial stage, they still used the old method to pull down the Dollar Price.
      Then, Dollar’s price became lesser than acceptable norm ( <700 ) &
      repercussion threaten the whole economy ( to topple ).

      (5)
      Now, they realized it & try to push up the Dollar's price back.

      I don't have much knowledge about Business & Economy,
      I have no ability to see from macro view, but,
      Don't forget, every country needs controllable little inflation. ( 1 to 3 % )

      Thanks.

  • padonmar

    September 13, 2011 at 8:39 pm

    “့ပေါ်လစီမိက်ကာအဖြစ်လုပ်ဆောင်သူများကဗဟိုဘဏ်အကြီးအကဲတွေပါပဲ။
    တခြားသူထွေထက်ငွေကြေးလည်ပတ်မှူအတက်အကျ(fluctuation)ကိုနားလည်ကျွမ်းကျင်ကြသူများပါ။
    အချိန်နဲ့တေပြေးညီဆောင်ရွက်ရတာမှို့အတိုင်းအတာတခုအထိအဲဒီလူကို”လုပ်ပိုင်ခွင့်”ပေးထားရပါတယ်။

    (*)မြန်မာပြည်မှာအဲဒီလိုလုပ်ပိုင်ခွင့်ကိုဗဟိုဘဏ်အကြီးအကဲကရမယ်မထင်ပါဘူး။”
    ကိုသစ်မင်းပြောသလို အခြေအနေမျိုး စင်္ကာပူမှာတော့ Monetary Authority of Singapore ကို ဂိုချောက်တောင် တစ်ယောက်ထဲ ပေးဆုံးဖြတ်တယ်လို့ ကြားဖူးတယ်၊
    မြန်မာပြည်မှာတော့ ဖြစ်နိုင်မယ်မထင်ပါဘူး၊

    ဦးကြောင်ရေ၊အလုပ်သွားခါနီး ကမန်းကတန်းမန့်ခဲ့တာ သတ်ပုံမစစ်နိုင်ဘူး၊
    မြန်မာ့မီးရထားကိုယ်စား ကြောင်ကြီးမှ သယ်ယူပို့ဆောင်ပေးတာ ကျေးဖူးပါ၊

    Peg ကိုလည်း Pack လို့ မှားသုံးမိပါတယ်၊ကိုသစ်မင်းcomment ဖတ်ရမှ သိတယ်၊ပြင်လိုက်ပါမယ်။
    forever ပြောသလို မြန်မာနိင်ငံသားများနိင်ငံတကာငွေကြေးကို
    တရားဝင်ကိုင်ဆောင်အသုံးပြုခွင်.ရှိနိင်အောင်ခွင်.ပြုပေးဘို. ကတော့ မဝေးတော့ဘူးလို့ထင်တာဘဲ။
    minthakhin ပြောသလို နှုန်းရှင်ဖြစ်စေ တစ်ခုခုနဲ့တော့ ချိတ်ဖို့ လိုနေပြီလို့မြင်ပါတယ်၊
    တိုင်းပြည်တိုးတက်ဖို့ဆိုရင် အရှေ့ဖြစ်စေ အနောက်ဖြစ်စေ အင်အားကောင်းသူနဲ့ ပေါင်းကိုပေါင်းရပါမယ်။
    ဒါကိုကျွန်ဖြစ်ချင်တယ်လို့ ပြောလို့မရပါဘူးနော၊

  • nature

    September 13, 2011 at 8:55 pm

    ငွေဈေးတွေဟာ ဗိုလ်ချုပ်နေဝင်းလက်ထက်က တက်လွန်းလို့လိုက်ဖမ်း ထောင်ချ ။ ဒါလဲတက်တာပါပဲ။ထိမ်းမရပါဘူး။ ဒါဟာ စီးပွားရေးကို အာဏာနဲ့ထိမ်းလို့ခဏပဲရမယ်ဆိုတာကိုပြတာလို့ထင်ပါတယ်။ မြန်မာနိုင်ငံမပြောနဲ့ အမေရိကန်တောင်ငွေဈေးပြောင်းလဲမှုတွေ ဖြစ်တတ်ပါတယ်။ ဒီလိုကြီးမား မြန်ဆန်တဲ့ငွေဈေးပြောင်းလဲမှုမှာ ကြီးမားတဲ့ရေသောက်မြစ်တခု တော့ရှိနိုင်ပါတယ်။ ငွေဈေးတွေသတ်မှတ်မယ်ဆိုရင်လဲ floating system ဟာ ပိုကောင်းမယ်ထင်ပါတယ်။ ဘယ်အရာကိုမဆို အမှန်ကို အမှန်အတိုင်း မြင်နိုင်ဖို့က အဓိက အရေးကြီးပါတယ်။

  • unclegyi1974

    September 14, 2011 at 10:26 pm

    တိုင်းပြည်တပြည်ပို့ကုန်တွေဈေးကောင်းရဖို့ကသက်ဆို်င်ရာအစိုးရပေါ်မှာလည်း
    အများကြီးမူတည်ပါတယ်
    ဒါကြောင့်နိုင်ငံအစိုးရရဲ့ချမှတ်တဲ့မူဝါဒတွေကအရေးကြီးတဲ့အခန်းကအဓိကပါနေပါတယ်
    နိုင်ငံသားတွေလုပ်နိုင်ကိုင်နိုင်အောင်ရှိဖို့အလွန်အရေးကြီးပါတယ်
    ကျွန်တော်တို့်ဆီမှာစက်မှုဇုန်ဆိုပြီးအစိုးရကမြေကွက်ရိုက်ပေးလိုက်ရင်တာဝန်ကျေပြီ
    စက်မှုဇုန်ဖြစ်ပြီ ဖြစ်နေတာပါ
    လုပ်ကိုင်တဲ့လုပ်ငန်းရှင်များကကိုယ်ထုူကိုယ်ထလမ်းဖောက်ရတယ်
    ကိုယ်ထူကိုယ်ထမီးလင်းရေးစက်ရုံလည်ပတ်ဖို့မီးရရှိရေးခွဲရုံတွေတည်ဆောက်ရတယ်
    လုပ်ငန်းလုပ်မယ်မရှိသေး အခွန်ဆိုတာကြီးကအရင်ရောက်လာပြန်ရော

    နို်င်ငံခြားတိုင်းပြည်တွေမှာကြားရတာတွေနဲ့တခြားစီဖြစ်နေတဲ့စက်မှုဇုန်တွေနဲ့
    ဘယ်နို်င်ငံတွေကိုသွားပြိုင်လို့ရမှာတုန်း
    တည်ငြိမ်တဲ့စီးပွားရေးရှိမှတည်ငြိမ်တဲ့ငွေကြေးစံနစ်ကိုရရှိမှာပါ
    ဒါကြောင့်မြန်မာ့ငွေကြေးတည်ငြမ်အောင်ဘယ်ငွေနဲ့မှချိတ်စရာမလိုပါဖူး
    ကိုယ့်နိုင်ငံစီးပွားရေးကောင်းမွန်လာရင်သူ့အလိုလိုခိုင်မာလာမှာဖြစ်ပါကြောင်း

Leave a Reply