Royalties (၄) မျိုးနဲ ့မြန်မာပြည်ဂီတလောက နန်းတွင်းအရှုပ်တော်ပုံ
တကယ်တော့ Royalties (၄) မျိုးမကဘဲ အများကြီးရှိပါတယ်။ Trade Mark Royalties, Book Publishing Royalties, Artwork Royalties, Software Royalties ဆိုပြီး သက်ဆိုင်ရာကဏ္ဍအလိုက် မူပိုင်ခွင့် နဲ့ပတ်သက်တဲ့ အကျိုးအမြတ်အပေါ် ရာခိုင်နှုန်းခွဲဝေမှုတွေရှိပါတယ်။ ဂီတစီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြု နေတဲ့ Royalties (၄) မျိုးအကြောင်းကို လက်ရှိမြန်မာပြည်ဂီတ ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နှိုင်းယှဉ်ပြီးတင်ပြသွားပါ့မယ်။ နိုင်ငံတကာပုံစံနဲ ့မတူတဲ့အချက်အလက်တွေကတော့ တပုံတပင်ပါပဲ။ Royalties ကြောင့်ဖြစ်တဲ့ ဂီတလောကရဲ့ အကွဲအပြဲဇာတ်လမ်းတွေလည်း မနည်းလှပါဘူး။ ဒီလိုပြဿနာတွေဟာလည်း အနောက် နိုင်ငံရဲ့ဂီတလုပ်ငန်းတွေမှာ အကြိမ်ကြိမ်ဖြေရှင်းရင်း နောက်ဆုံးနည်းလမ်း အမှန်ပေါ်ရောက်လာ ကြတာပဲ ဖြစ်ပါတယ်။ ဒါတောင် အာဖရိကတိုက်ရဲ့ နိုင်ငံအများစုက ဂီတလုပ်ငန်းတွေမှာ အခုထိ Royalties နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေရှိနေတယ်ဆိုတာဖတ်ရတော့ ကိုယ့်နိုင်ငံအခြေအနေနဲ့ တော်တော်တူပါလားလို့ သဘောပေါက်သွားပါတယ်။ တေးဂီတလုပ်ငန်းဆိုင်ရာ Copyright ဥပဒေမှာပါဝင်တဲ့ အချက်အလက်တွေ အကြောင်း အတိုချုပ်ရှင်းပြပါရစေ။ တေးသီချင်းတစ်ပုဒ်ကို တေးရေးသူဆီက Publisher က ဝယ်ယူလိုက်တဲ့ အခါမှာ အဲဒီသီချင်းကို Publisher က အပိုင်ရသွားပါတယ်။ ဒါပေမယ့် သီချင်းတစ်ပုဒ်ဟာ ဦးနှောက်ထဲကထွက် လာတဲ့ အသိဉာဏ်ပစ္စည်းဖြစ်တဲ့အတွက် ဂျင်းဘောင်းဘီဝယ်သလိုမျိုး လုပ်လို့မရပါဘူး။ ငါဝယ်ထားတဲ့ ဂျင်းဘောင်းဘီ ငါ့ဘာသာငါ ဘာလုပ်လုပ် ဖြဲချင်ဖြဲမယ်။ သူများပြန်ရောင်းချင်ရောင်းမယ်။ မင်းနဲ့ မဆိုင်ဘူး ဆိုတာမျိုးမရပါဘူး။ ဝယ်ယူထားပြီးသီချင်းကို အသုံးချလိုက်တာနဲ့ Royalties ဆိုတဲ့ အနုပညာမူပိုင်ကြေးကို ပေးရပါတယ်။ တကယ်စတင်ဝယ်တဲ့စာချုပ်ထဲမှာ Album ထဲမှာထည့်ရင် သီချင်းတန်ဖိုးရဲ့ 50% ပေးရ မယ်လို့ပါရင် 50% ပေးဆောင်ရမှာဖြစ်ပါတယ်။ မူပိုင်ခွင့်ဥပဒေမှာ ဂစ်တာသမားတစ်ယောက်တီးထားတဲ့ Solo ကို နောက်ဂစ်တာသမားတစ်ယောက်က စင်ပေါ်မှာတီးခတ်တာနဲ့ Royalties ပေးရပါတယ်။ Royalties (၄) မျိုး အကြောင်း ရှင်းပြချင်ပါတယ်။
1. Performance Royalties
အရေးအကြီးဆုံးနဲ့ အငြင်းပွားမှုအများဆုံးဖြစ်တဲ့ Performance Royalties ကိုတော့ တေးရေးသူတိုင်း Music Producer တိုင်းမက်မောကြတဲ့ဝင်ငွေပဲဖြစ်ပါတယ်။ စင်မြင့်ဖျော်ဖြေပွဲတိုင်းမှာ မိမိရေးသားတီးခတ် ထားတဲ့သီချင်းကိုအသုံးပြုတိုင်း ပွဲသွင်းသူတွေက Royalties ကြေးပေးသွင်းရပါတယ်။ ASCAP, BMI နဲ့ SESAC တို့လို အဖွဲ့အစည်းတွေကနေ ကောက်ခံရရှိတဲ့ငွေကြေးတွေကို Publisher နဲ့ တေးရေးသူတွေ ခွဲဝေယူရပါတယ်။ ASCAP ကနေ ၂၀၀၉ ခုနှစ်မှာ ကောက်ခံရရှိတဲ့ငွေဟာ အမေရိကန် ဒေါ်လာ၉၃၃ မီလျံအထိရရှိခဲ့ပါတယ်။ အဆိုတော်ဟာ တခါတလေ သူ့ရဲ့ဝင်ငွေထဲကနေ ဖဲ့ပေးရတာမျိုးရှိသလို ပုံသေသတ်မှတ်နှုန်းထားနဲ့ လိုင်စင်ထုတ်ပေးပြီး ကောက်ခံတာမျိုးလဲရှိပါတယ်။ ဖျော်ဖြေပွဲအမျိုးအစားအလိုက်ကွဲပြားသွားပါတယ်။ ဒါပေမယ့် လုံးဝမပေးဘူးလို့ ငြင်းပိုင်ခွင့်တော့မရှိပါဘူး။ သူများဦးနှောက်ထဲကထွက်လာတဲ့ အသိဉာဏ်ပစ္စည်းကို အသုံးပြုပြီးတော့ငွေရှာချင်ရင်တော့ ထိုက်တန်တဲ့ အဖိုးအခပေးရမှာပါ။ Live Performance ကနေရတဲ့ငွေတွေ ဟာ မက်မောချင်စရာကောင်းတာကြောင့် ၁၉၉ဝ နောက်ပိုင်းမှာ Record Label တွေကလည်း အဆိုတော်ကို 360 Deal ချုပ်ဆိုပြီး အဆိုတော်ဝင်ငွေရဲ့ 25% ကနေ 30% အထိရယူကြပါတယ်။ ဒီ 360 Deal ကို ယခုအခါ ကိုးရီးယားနိုင်ငံရဲ့ ဂီတလုပ်ငန်းတွေမှာပါ လက်ခံသုံးစွဲနေကြပြီဖြစ်ပါတယ်။
လက်ရှိပြည်တွင်းအခြေအနေ
တေးရေးသူတွေစုပေါင်းပြီး ASCAP ပုံစံလို MCLC ဆိုတဲ့ ကုမ္ပ္ပဏီထောင်ပြီး Performance Royalties ကောက်ခံမယ်ဆိုပြီး သတင်းစာကြော်ငြာထည့်လိုက်ရာက ဂီတလောကရဲ့ အက်ကြောင်းကြီးစတော့တာပါဘဲ။ တေးဆိုတွေခမျာ တစ်ခါမှမကြားဘူးတဲ့ Performance Royalties ဆိုတဲ့စကားလုံးကြီးက ထမင်းလုံးတစ္ဆေ ခြောက်ပြီး အကြောက်အကန်ငြင်းရင်း ဟိုတိုင် ဒီတိုင်လုပ်ကြပါလေရော။ တေးရေးတွေဘက်က တစ်သက်လုံး မှားလာတဲ့ အမှားကိုခုမှပြင်ဖို့ကြိုးစားပါတယ်။
တေးရေးသူတွေဘက်ကလည်းRoyaltiesတောင်းမယ်ဆိုရင်တော့ ယခင်အဲဒီ သီချင်းတွေကို စတင်ဝယ်ယူခဲ့သူကို Publishing Right ကို ပြန်လည်အပ်နှင်းရမှာဖြစ်ပါတယ်။ ဥပမာ – သီချင်း (A) ကို ဇော်ဝင်းထွဋ်ကစတင်ဝယ်ယူခဲ့တာ ဖြစ်ရင် သီချင်း (A) ကိုပိုင်ဆိုင်တဲ့ ဇော်ဝင်းထွဋ်မသိဘဲ ထပ်ဆင့် လွှဲပြောင်းရောင်းချခွင့်တေးရေးမှာ လုံးဝရှိမှ မဟုတ်ပါဘူး။ အဲဒီလိုမိမိသီချင်းရဲ့ Publishing Right ကိုမိမိအပိုင် ပြန်လည်လိုချင်ရင်တော့ ဒီသီချင်းကို ဈေးကွက်ပေါ်တင်ပေးခဲ့သူဆီက Publishing Right ကို တေးရေး တွေက ပြန်လည်ဝယ်ယူဖို့လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီသီချင်းတစ်ပုဒ်ကိုဈေးကွက် ပေါ်တင်ပြီး ငွေရှာလို့ရအောင်လုပ်ပေးခဲ့သူဟာ Publisher ဖြစ်နေလို့ပါပဲ။ တေးဆိုတွေဘက်ကလည်း Performance Royalties ပေးရမယ်ဆိုတဲ့ အချက်ကိုငြင်းလို့မရပါဘူး။ ဘယ်လိုပုံစံ၊ ဘယ်လိုနှုန်းထားပေး ရမယ်ဆိုတာက တော့ ညှိုနှိုင်းအဖြေ ရှာသင့်ပါတယ်။
Performance Royalties ပေးပြီး Publishing Right ကို စတင်ထုတ်လုပ်ပေးခဲ့သူတွေကို အပ်နှင်းရမှာ ဖြစ်ပါတယ်။ စတင်ဝယ်ယူထုတ်လုပ်ခဲ့သူဟာ အဆိုတော်ကိုယ်တိုင်ဖြစ်နေရင်တော့ ပြဿနာဟာ ပိုလို့တောင် ရှင်းသွားပါပြီ။
ဒါဆိုရင် ဇော်ဝင်းထွဋ်စတင်သီဆိုခဲ့တဲ့သီချင်း(A)ကို Publishing Right ပိုင်ဆိုင်တဲ့ဇော်ဝင်းထွဋ်က ပြန်လည်မရောင်းချသရွေ့ အခြားသူသီဆိုတာကို ကြားရတော့မှာမဟုတ်ပါဘူး။ တေးရေးသူတွေအနေ နဲ့လည်း Performance Royalties တော့ယူမယ် Publishing Right ကိုတော့ လွှဲမပေးနိုင်ဘူး လုပ်ရင်တော့ အဖြေဟာ လိုက်လေဝေးလေဖြစ်နေမှာပါ။ Publishing Right ကိုလွှဲပြောင်းပေးလိုက်ရပေမယ့်လည်း ထပ်ဆင့်ရောင်းချ သမျှကို တေးရေးသဘောမတူပဲ ရောင်းလို့မရဘူးဆိုတဲ့ စာချုပ်ချုပ်ဆိုခဲ့ရင် မိမိသီချင်းကို မိမိဆက်လက်ပိုင် ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။ ခွေးဆိုမှာလား ကြောင်ဆိုမှာလားမသိပဲ မိမိတန်ဖိုးထား ရေးစပ်ထားတဲ့သီချင်းကို ရောင်းချလိုက်တာမျိုးကိုတော့ တေးရေးသူတွေဘက်က ပြန်လည်ကာကွယ်ဖို့လိုပါလိမ့်မယ်။ မူရင်းထုတ်လုပ်သူ (Publisher) တေးရေး၊ တေးဆို သုံးပွင့်ဆိုင်ဖြေရှင်းရမယ့် ပြဿနာပဲ ဖြစ်ပါတယ်။
2. Mechanical Royalties
မိမိရေးသားသီဆိုတီးခတ်တဲ့သီချင်းကို CD, VCD, DVD, Blu-ray ပေါ်တင်ပြီး ရောင်းချတဲ့အခါမှာ စတင်ပေးချေရတဲ့ငွေကြေးအပြင် ရရှိတဲ့အမြတ်ထဲကနေ ထပ်ဆောင်းပြီးပေးရတဲ့ အနုပညာကြေးဖြစ်ပါတယ်။ Hit Song Bonus လို့ခေါ်တဲ့ ဆုကြေးလိုမျိုး မိမိရေးသားခဲ့တဲ့ သီချင်းဟာ ပေါက်သီချင်းဖြစ်သွားခဲ့ရင် သာမန် ထက်ပိုပြီးတောင် ထပ်ဆောင်းပြီး အနုပညာကြေးပေးရပါတယ်။ သတ်မှတ်အချပ်ရေကျော်လွန်တာနဲ့ CD တစ်ချပ်ရောင်းချရတိုင်း တေးဆိုတေးရေးနဲ့ Music Producer ကို ဘယ်လောက်ပေးရမယ်ဆိုတာလဲ စတင်တေးသီချင်းရောင်းချတဲ့စာချုပ်ပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားပါတယ်။ Album တစ်ချပ်ရောင်းအား ကောင်းလေလေ ဂီတဖန်တီးသူတွေမှာ အကျိုးအမြတ်ရလေလေဖြစ်ပါတယ်။
လက်ရှိပြည်တွင်းအခြေအနေ
1990 နှောင်းပိုင်းကနေ 2000 အစောပိုင်းနှစ်တွေအထိ ဝင်ငွေဖြောင့်ခဲ့တဲ့ Album တွေနဲ့ Album တစ်ချပ်လုံးမှာပါသမျှ သီချင်းတွေကို ဗီဒီယိုရိုက်ပြီးရောင်းစားတဲ့ VCD ရွှေခေတ်မှာ ထုတ်လုပ်သူတွေ ပွပေါက်တိုးကုန်ပါတယ်။ CD အချပ်ရေ သောင်းနဲ့ချီ VCD အချပ်ရေ သိန်းနဲ့ချီရောင်းရတဲ့ အခြေအနေထိ ရောက်ခဲ့ပေမယ့် တေးရေးသူတွေ တေးဆိုသူတွေကို Royalties တစ်ပြားတစ်ချပ်မှ မရရှိခဲ့ပါဘူး။ ဒီလိုဂီတ လောကရွှေခေတ်မှာတောင် တေးရေးသူတွေဟာ အရောင်မတောက်နိုင်ခဲ့ပဲ ထုတ်လုပ်သူနဲ့ အဆိုတော်ပဲ ချမ်း သာခဲ့ရပါတယ်။ အဲဒီအချိန်ကသာ တေးဆိုနဲ့ တေးရေးတွေအနေနဲ့ Mechanical Royalties ကိုရယူ တောင်းခံခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိပါတယ်။ ဒီနေရာမှာကြုံလို့ တီးဝိုင်းတွေအကြောင်း ပြောချင်ပါတယ်။ တီးခတ်သူတွေဟာ သီချင်းတစ်ပုဒ်မှာ အဓိကနေရာကပါဝင်ပါတယ်။ ဒါပေမယ့် သီချင်းရေးသူ ရဲ့ဦးနှောက်ထဲက ထွက်လာတဲ့သံစဉ်ကို ပုံဖေါ်ပေးရတာဖြစ်လို့ သူဟာတေးရေးသူထက်ပိုပြီးနည်းတဲ့ Royalties ကိုသာရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် Hip Hop ဂီတမှာတော့ တီးခတ်ထားတဲ့ ဂီတအပေါ်မှာ စာသားတွေရွတ်ရ တာဖြစ်တဲ့အတွက် Music Producer ဖြစ်တဲ့ တီးခတ်သူကို Royalties ဖိုးပေးရတဲ့ထုံးစံရှိပါတယ်။
Dr. Dre တီး ခတ်ထားတဲ့ တီးလုံးကို Liver Performance တွေမှာဖွင့်ပြီးငွေရှာမယ်ဆိုရင်လည်း Dr. Dre ကို Royalties ပေးရမှာဖြစ်ပါတယ်။ ဒါကလည်း ပြဿနာနောက်တစ်မျိုးဖြစ်ပါတယ်။ Performance Royalties မပေးချင်လို့ အဲဒီတီးလုံးကို အပြတ်စနစ်နဲ့ဝယ်ယူတဲ့ ပုံစံကွဲတွေလည်း ရှိပါတယ်။
3. Synchronization Royalties
Album အဖြစ် ထုတ်လုပ်ဖြန့်ချိထားပြီးဖြစ်တဲ့ တေးသီချင်းကို ဇာတ်ဝင်တေးအဖြစ် ရောင်းချတာမျိုး၊ တယ်လီဖုန်း Ring Tone, FM Radio တွေကို ရောင်းချတာမျိုးမှာရရှိတဲ့ Royalties ဖြစ်ပါတယ်။ မိမိရေးသား သီဆိုထားတဲ့ တေးသီချင်းတွေကို ထုတ်လုပ်သူကနေ ရောင်းချခဲ့မယ်ဆိုရင် သက်ဆိုင်ရာအနုပညာရှင်တွေကို ထိုက်သင့်တဲ့ Royalties ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့်သတိထားရမယ့်အချက်ကတော့ ဒီလိုပြန်လည်ရောင်းချ မယ် မရောင်းချဘူးဆိုတာကတော့ Record Label ရဲ့ ဆုံးဖြတ်ခွင့်သာဖြစ်ပြီး တေးရေးနဲ့ တေးဆိုတွေက ဆုံးဖြတ်ခွင့်မရှိပါဘူး။
လက်ရှိပြည်တွင်းအခြေအနေ
ဒီမူပိုင်ခွင့်ကို အပိုင်သိမ်းထားတာကတော့ တေးရေးနဲ့ တေးဆိုပဲဖြစ်ပါတယ်။ 1990 နှောင်းပိုင်းတွေ တုန်းက ဒီအခွင့်အရေးကို ထုတ်လုပ်သူတွေနဲ့ တေးဆိုသူတွေက တေးရေးကိုပေးထားကြပြီး ရုပ်ရှင်၊ ဗီဒီယို ဇာတ်ဝင်တေးရောင်းလို့ရသမျှပိုက်ဆံ တေးရေးပဲယူပါဆိုပြီး နားလည်မှုပေးခဲ့ကြပါတယ်။ ဒါကြောင့် ထုတ်လုပ် သူဟာ သီချင်းရဲ့မူပိုင်ခွင့်ကိုဆုံးရှုံးပြီး စိတ်ကြိုက်ရုပ်ရှင်သီချင်းရောင်းချမှုကို ခံခဲ့ရပါတယ်။ Royalties တင်မက ဘဲ Publishing Right ကိုပါ တေးရေးလက်ထဲကို လွှဲပြောင်းပေးအပ်လိုက်သလိုဖြစ်နေပါတယ်။ အခုဆိုရင် FM မှာသီချင်းတစ်ပုဒ်ရောင်းရင် ၅ လွှာ အညီအမျှခွဲဝေရမယ်ဆိုတဲ့ စနစ်ဖြစ်နေပြီး ဒီသီချင်းကို CD ပေါ်အရောက်တင်ပေးပြီး လူထုကြားထဲကိုရောက် အောင် ငွေစိုက်ပြီးလုပ်ပေးခဲ့တဲ့ ထုတ်လုပ်သူကို အသိအမှတ်မပြု သလိုတောင်ဖြစ်ခဲ့ရပါတယ်။ တကယ်တော့ Publishing Right ကို ပိုင်ဆိုင်တဲ့ထုတ်လုပ်သူသဘောမတူပဲနဲ့ ဒီသီချင်းတွေကိုထိလို့တောင်မရပါဘူး။ ဒါဟာ လည်းလက်ရှိပြည်တွင်းမှာ လွန်စွာလွဲမှားနေတဲ့ကိစ္စဖြစ်ပါတယ်။ အခန်းငှါးစားတဲ့ Studio ကလည်း Royalties ဝင်တောင်းနေပါတယ်။ ပြဿနာအကြိမ်ကြိမ်တက်တာကြောင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ကြားဝင် ဖြေရှင်းပေးရင်းနဲ့ Album များရဲ့ Synchronization Right ကို ဂီတအစည်းအရုံးပိုင်သလိုတောင်ဖြစ်တဲ့အထိ လွဲချက်ကနာလှပါတယ်။
4. Print Music Royalties
Album အဖြစ် ထွက်ရှိအောင်မြင်ပြီးသား တေးသီချင်းတွေကို သီချင်းစာအုပ်အဖြစ်ထွက်ရှိရင် စာသားတွေကိုWebsite ပေါ်တင်ချင်ရင် တေးရေးသူ (Lyricist) တစ်ဦးတည်းကိုသာပေးဆောင်ရန်လိုအပ်တဲ့ Royalties ပဲဖြစ်ပါတယ်။ တေးဆိုတွေ Music Producer တွေနဲ့မဆိုင်ပါဘူး။
လက်ရှိပြည်တွင်းအခြေအနေ
ဒီကိစ္စအတွက်တော့ သီချင်းစတင်ဝယ်ယူကတည်းက သဘောတူညီမှုယူပြီး ဝယ်ယူကြပါတယ်။ ဒါပေမဲ့ စာအုပ်ဘယ်နှစ်အုပ်ကျော်ရင် Royalties ခပေးရမယ်ဆိုတဲ့ ထုံးစံမရှိပါဘူး။ ယခင်တေးပေါင်းချုပ်ထုတ်တဲ့ ခေတ်တုန်းက ပြဿနာအနည်းငယ်ရှိပါတယ်။ နာမည်ကြီးအဆိုတော်ရဲ့ တေးပေါင်းချုပ်ဆိုပြီး အဆိုတော်ကိုပဲ ပိုက်ဆံပေးပြီး စာသားရေးသားထားတဲ့ တေးရေးတွေ ပိုက်ဆံမရတာမျိုး လည်းရှိပါသေးတယ်။
နိဂုံး
အားလုံးကို ခြုံပြောရရင် တေးရေး၊ တေးဆို၊ ထုတ်လုပ်သူတွေမှာ လွဲမှားနေတဲ့ထောင့်တွေ ကိုယ်စီရှိနေပါတယ်။ သူများပိုင်တဲ့ Right ကို ကိုယ်ကယူထားသလိုဖြစ်ပြီး ကိုယ်ပိုင်တဲ့ Right ကို သူများကို ပေးထားသလိုဖြစ်နေတဲ့အမှားတွေပါ။ ဒီတော့ နိုင်ငံတကာမူပိုင်ခွင့်ပုံစံကို စတင်ပြောင်းချင်ရင်တော့ လွဲနေတဲ့ စံနှုန်းတွေကို ဂီတလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဂီတအနုပညာသမားများအားလုံး ညှိုနှိုင်းပြီး အပြန်အလှန် ဆွေးနွေးအဖြေရှာရ မယ့်ကိစ္စသာဖြစ်ပါကြောင်း . . .
P.S နန်းတွင်းအရှုပ်တော်ပုံ ဖတ်ပီး ဂီတလောကရဲ ့နန်းကျဘုရင်ကြီးများ အမျက်တော်ရှရင်လဲ ခံယူရုံမှတပါးအခြားမရှိပါကြောင်း…
Post Writer- ရဲမြင့်သူ (တေးဂီတဗီဒီယိုဒါရိုက်တာ၊ တေးရေး၊ ထုတ်လုပ်သူ)
6 comments
ကြောင်ကြီး
September 26, 2011 at 9:13 am
…ခွေးဆိုမှာလား ကြောင်ဆိုမှာလားမသိပဲ မိမိတန်ဖိုးထား ရေးစပ်ထားတဲ့သီချင်းကို ရောင်းချလိုက်တာမျိုးကိုတော့…..
ကြောင်တွေကိုတော့ ခွင့်လွှတ်လိုက်ပါဗျာ၊ သူတို့ဆိုလည်း မီညောင် မီညောင်ထက် ပိုအသံမထွက်ပါဘူး။ ခွေးတော့ ခွင့်မလွှတ်နဲ့ဗျို့၊ အလကားကောင်တွေ။
ပျော်တတ်လို့ စတာပါ ခင်ဗျာ၊ စိတ်မဆိုးပါနဲ့။ ဆရာရဲ ပြောသလိုမျိုး မူပိုင်ခွင့်ဥပဒေ စနစ်တကျ မရှိခဲ့လို့ နာမည်ကြီး အဆိုတော်တွေ မပေါက်ခင် အဖောက်ခံရတာ ဥပမာ – စိုင်းထီးဆိုင်၊ ထူးအိမ်သင်၊ လေးဖြူ အခြားသူများလည်း ထိုနည်းလိပ်ခေါင်း ဖြစ်မှာပါ။ ဗဟုသုတ ရလို့ကျေးဇူးတင်ပါတယ်။ အဆိုကျော်မလေးများအကြောင်းကိုလည်း မူပိုင်ခွင့်ကိစ္စလိုပဲ နှိုက်နှိုက်ချွတ်ချွတ် သိပါရစေ။
blackchaw
September 26, 2011 at 10:38 am
မရှင်းလို့မေးတာပါ။
blaze က ကိုရဲမြင့်သူ ကိုယ်တိုင်လား။ ဒါမှမဟုတ် ကိုရဲမြင့်သူ ရေးထားတဲ့ဆောင်းပါးကို
ပြန်တင်ပေးတာလားလို့ သိချင်ပါတယ်။
Post Writer- ရဲမြင့်သူ (တေးဂီတဗီဒီယိုဒါရိုက်တာ၊ တေးရေး၊ ထုတ်လုပ်သူ) လို့
တင်ထားလို့ပါ။ ရှေက blaze ရဲ့ ပို့စ်တစ်ခုမှာ
(ဧရာဝတီချစ်သူအားလုံးကို လေးစားလျှက်
မောင်မောင်လတ်
ရွှေအင်းလေးစာပေ။–15-8, 2011) လို့ ဆိုထားသေးလို့ပါ။
blaze
September 26, 2011 at 10:55 am
ကျွန်တော်က ကိုရဲမြင့်သူ မဟုတ်ပါဘူး။ ဒီ ဆောင်းပါးက ကိုရဲမြင့်သူ ကိုယ်တိုင်ရေးထားတာပါ။ ကျွန်တော်ကိုယ်တိုင်ဆို Post Writer ဘယ်သူဆိုတာ ထည့်မည်မဟုတ်ပါ။ ဒီဆောင်းပါးတွေက ဗဟုသုတ ရလို့ ကျွန်တော်ပြန် share ထားတာပါ ခင်ဗျာ။
kai
September 26, 2011 at 11:15 am
နောက်ဆို.. ဘယ်ကကူးယူတင်ပါတယ်ဆိုတဲ့..မှတ်ချက်လေးပါရေးပါဗျာ..။
ဖေ့စ်ဘုတ်က..ဆိုလည်း..လင့်ခ်လေးပါပေးပါနော..။
blackchaw
September 26, 2011 at 11:06 am
ကျေးဇူးပါဗျာ။
Nan Shin
September 26, 2011 at 10:15 pm
ကျေးဇူးပဲဗျို့……..။အတော်လေးကို ဗဟုသုတရလိုက်တဲ့ ပိုစ့်လေးပါ။