ခင်သာဇာတိ မောင်သာဂိ(၁၀)

Nan ShinSeptember 28, 20111min1360

အခန်း(၁၀) ပညာသည် သားအမိ

ဗေဒင်တွက်ချင်လို့ပါရှင်…                                                                                                                                                                 ပဲခူးမြို့    ရွှေမော်ဓောဘုရားအရှေ့ဘက်မုဒ်   ဦးခန္တီစောင်းတန်း၌  အခင်းကို ကျကျနနခင်းလျှက်တင်ပလ္လင် ဖွဲ့ထိုင်ပြီး ပုတီးစိတ်နေဟန်ရှိသော ဗေဒင်ဆရာအား သီတာဦးကပြောလိုက်ခြင်းဖြစ်သည်။  ၎င်းဗေဒင်ဆရာ သည်  အသက်လေးဆယ်ခန့် ရှိ၍   ညိုပုတ်ပုတ်တီရှပ်အကျႌီင်္ကိုဝတ်ထားသည်။ခါးကိုဆန့်လျှက်မျက်လုံးကို   စုံမှိတ်ပြီး ပါးစပ်  ကလည်းမည့်သည့်  အရာများကို  ရွတ်ဖတ်နေသည်မသိရွတ်ဖတ်နေသည်။    သီတာဦးမှာ အသက်ဆယ့်ငါးနှစ်ခန့်ရှိပြီး  ဟင်္သသာကုန်းမှနေ၍ ပဲခူးမြို့အမှတ်(၃)ကျောင်းတွင် (၉)တန်း တက်ရောက်နေသူဖြစ်သည်။  ဟင်္သာကုန်းနှင့်  အမှတ်(၃)ကျောင်းသည် အလွန်ဝေးပြီး ၎င်းထက်နီးသော ကျောင်းများရှိပါသော်လည်း သီတာဦးက၎င်းကျောင်းကိုသာ တက်လိုသည်  ဟုဆို၍ မိခင်ဒေါ်သီမှ ၎င်း၏ဆန္ဒကို လိုက်ရောကာ အမှတ်(၃)ကျောင်း၌အပ်ပေးထားခြင်းဖြစ်သည်။  သီတာဦးသည် ကျောင်းသွားတိုင်း ဦးခန္တီဆောင်းတန်းကြီးကို ခြေလျှင်လျှောက်ပြီး ရွှေမော်ဓော်ဘုရား အနောက်ဘက်မုဒ် သို့ ရောက်မှာသာလျှင ်ကားစီး၍ ကျောင်းသို့ဆက်သွားလေ့ရှိပြီး  အပြန်၌လည်း ထိုနည်းအတိုင်းကျောင်းမှ ရွှေမော်ဓောဘုရား အနောက်ဘက်မုဒ်သို့ ကားစီးပြီး ဦးခန္တီဆောင်းတန်းမှ လမ်းလျှောက်ပြီး ပြန်လာခြင်းဖြစ် သည်။  လမ်းမလျှောက်ဘဲ ကားစီး ခရီးအစ အဆုံးကားစီး၍ရနိုင်သော်လည်း ဤသို့လမ်းလျှောက်ခြင်းမှာ ကျမ္မာရေးလေ့ကျင့်ခန်း  အထူးလုပ်စရာမလိုသောကြောင့်လည်းကောင်း၊  နေ့စဉ်ရွှေမော်ဓောဘုရားကြီးကို ဝင်ရောက်   ဖူးမျှော်နိုင်သောကြောင့်လည်းကောင်း   အလွန်နှစ်သက်ဖွယ်ရာ  ဖြစ်သည်     ဟုသီတာဦးက ခံယူထားသည်။                           ထို့ကြောင့်ဒေါ်သီက ၎င်းအသွားအပြန်အတွက် အစစအရာရာအစဉ်ပြေအောင ်စီစဉ်ပေးသော် လည်း ဤနည်းဖြင့်သာ  ကျောင်းသွားကျောင်းပြန်ပြုခဲ့သည်။အခုလည်းကျောင်းမှ အပြန်တွင် ရွှေမော် ဓော် ဘုရားကိုဖူးမြော်ပြီး ဦးခန္တီဆောင်းတန်းတွင် တွေ့သော ဗေဒင်ဆရာအား သွားရောက်ပြောကြား နေခြင်း ဖြစ်သည်။ဗေဒင်ဆရာသည် ၎င်း၏ရှေ့တဲ့တဲ့၌အောင်နိမိတ်ဆောင်သောဟူသည့် စာလုံးငယ် အား အပေါ် တွင် ရေး၍ ၎င်းအောက်၌ ဆရာအောင်ဟူသော နာမည်ကို စာလုံးကြီးကြီးဖြင့်ရေးသားထား ၏။ ဗေဒင် ဆရာသည် မကြားဟန်ပြုနေခြင်းလော တကယ်ပဲမကြားခြင်းလော။မည်သည့်အကြောင်းကြောင့်ရယ်မသိ ဘာမျှပြန်မပြောပဲ ရှိသဖြင့် နောက်တကြိမ်ထပ်ပြောလိုက်သည်။
ဗေဒင်တွက်ချင်လို့ပါ ရှင့်…..
                    သီတာဦးသည် နေ့စဉ်သွားနေကျဖြစ်သော ၎င်းဦးခန္တီဆောင်းတန်းကြီတွင် ဆရာအောင် ခေါ်သော  ဤဗေဒင်ဆရာအားပထမဆုံးစတင်တွေ့မြင်ဖူးခြင်းဖြစ်သည်။ဆရာအောင်ဆိုသူသည် နှုတ်ခန်း မွှေးရှည်ရှည် မုတ်ဆိတ်မွှေးကလဲတဖွားဖွား ဆံပင်မှာလဲ ဖြန့်ထုတ်လိုက်လျှင်တကိုက်ခန့်ရှိလိမ့်မည်ဟု ထင် ရသည်။ကွမ်းယာလဲ အင်မတန်စားပုံရသည်။ဘေးတွင်လဲ နဂါးရုပ်ပါသော ကြိမ်လုံးတလုံးကို အနီရောင်တရစ်ရွှေရောင်တရစ်ခြယ်သထားသည်။အသားအရောင် ညိုသည်။သာမန်အားဖြင့်ကြည့်သော် ဥပဓိရုပ်ခန့်ငြားသည် ဟုခန့်မှန်းနိုင်ခြေရှိသော်လည်း သီတာဦးကတော့ ဟန်ဆောင်မှု တခုခု ရောယှက်ထားသည် ဟုထင်သည်။သို့သော် ဗေဒင်ဆရာမြင်လျှင်  တွက်ကြည့်ချင်သည့်စိတ်က အမြဲကိန်းအောင်းနေခြင်းကြောင့် တွက်ဖြစ်အောင်တွက်လိုက်မည်ဟုဆုံးဖြတ်၍ ….ဗေဒင်တွက် ချင်လို့ပါ ရှင့်…             ဟုထပ်ပြောလိုက်ပြန်သည်။ ထိုအခါမှ ဆရာအောင် ဆိုသူက မျက်လုံးအစုံကို အသာအယာ ဖွင့်ကြည့်ပြီး အ ဘပုတီးစိတ်တာ အာရုံဝင်စားသွားလို့သမီးလေးခေါ်တာမသိလိုက်ဘူးကွဲ့ ဟုပြောလိုက် သော အခါသီတာဦးကဒီလိုလူသွားလူလာထူထပ်တဲ့နေရာမှာပုတီးစိတ်ပြီး  အာရုံဝင်စားသွားတယ် ဆိုတာဖြစ်နိုင်ပါ့မလားဟုတွေးလိုက်သည်။ထို့ကြောင့်စူးစမ်းလို စိတ်သည် ပို၍နိုးထလာခဲ့သည်။ ဘာအာရုံ ဝင်စားသွားတာလဲ၊ပုတီးစိတ်ပြီးအာရုံဝင်စား တယ်ဆိုတာမကြားဘူးပါဘူး။ အဖွားပြောပြောနေတဲ့ သမာဓိ ရတယ် ဆိုတာမျိုးပဲဖြစ်လိမ့်မည် ဟုကိုယ့်ဘာသာဖြေတွေးတွေး၍ဘာတွေဆက်ပြောမလဲမသိဘူး နားထောင်လိုက်ဦးမယ် ဟူသောအကြံအစီဖြင့်ငြိမ်သက်နေလိုက်သည်။                အင်း သမီးလေးက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပူပင်စရာတွေသိပ်များနေသကိုး ဟုဆရာအောင်က မျက်လွှာချရင်းခေါင်းတဆတ်ဆတ်ငြှိမ့်ပြီးပြောလိုက်သည်။သီတာဦးက သမီးမှာ ဘာမှပူပင်စရာမရှိပါဘူး…အဖေမရှိတော့ပေမဲ့ အဖေမဆုံးခင်က ရှာပေးထားတာနဲ့ဒီတသက် သားအမိ နှစ်ယောက်စားလို့တောင်ကုန်မှာ မဟုတ်ဘူး ဟုပြောလိုက်ချင်သော်လည်း သူပြောလိုက်လျှင် တဘက်သား ရှက်သွားမည်ကို စိုးရိမ်သည်ကတကြောင်း မိမိကိုယ်တိုင် ဗေဒင်တွက်ပါမယ်ဆိုပြီးသွားပြောမိခဲ့တာကို တကြောင်းဖြစ်သောကြောင့် ဘာမှပြန်မပြောဘဲ ဆက်လက်၍နားထောင်နေလိုက်သည်။ ဆရာအောင်က ဆက်လက်၍ ဒါပေမဲ့ ဘာမှမပူပါနဲ့ သမီးလေးရဲ့(၁၁)ပါးသော  အပူမီးတွေငြိမ်းအေးသွားဖို့အတွက် အဘအောင် ကိုယ်တိုင် ဝိဇ္ဇာရှစ်သောင်း  ပုဂ္ဂိုလ်အပေါင်းဆီက ရရှိခဲ့တဲ့ ဗေဒင်လေးပုံဆိုတဲ့ ပညာရပ် တွေနဲ့ သမီးလေးရဲ့အပူမီးတွေကိုငြှိမ်းသတ်ပေးလို့ရပါတယ်ဟုပြောရင်းသီတာဦး၏နားတွင်ပန် ် ထားသော စိန် နားကပ် ပြောင်ပြောင်လေးကို စူးစူးစိုက်စိုက်ကြည့် လိုက်သည်။ဆရာအောင်၏ စကားကိုကြား လိုက်ရ၍ဗေဒင်ဟာ လောဘ၊ဒေါသ၊မောဟ၊ ဇာတိ၊ဇရာ၊မရဏ၊သောက၊ပရိဒေဝ၊ဒုက္ခ၊ဒေါမနဿ၊ဥပါယာသ ဆိုတဲ့ (၁၁)ပါးသောမီးကငြှိမ်းသက်နိုင်စွမ်းမရှိဘူး…တစုံတယောက်ကများ ဆယ့်တမီးငြိမ်းသွားအောင် ဗေဒင်တွက်ပေးမယ်  ယတြာချေပေးမယ်လို့ပြောလာရင် အဲ့ဒါကိုယ့်ကိုလိမ်တော့မယ်လို့သာမှတ် လိုက်ပေ တော့ ….ဟုဗေဒင်မသင်ခင်၌အဖွားဖြစ်သူကပြောခဲ့သော စကားကို လည်းကောင်း၊ ကိုးနှစ်သမီး အရွယ် ဗေဒင်စသင်ခါစ၌ပြောကြားခဲ့သောဗေဒင်က  သာမဗေဒင်၊ယဇုဗေဒင်၊ဣသျှုဗေဒင်(ဣသုဗေဒင်)၊အာတပ္ပန ဗေဒင်ရယ် လို့လေးမျိုးရှိခဲ့တယ်…ဒါပေမဲ့ အာတပ္ပနဗေဒင်ဆိုတဲ့ ပြုစားနည်းကျမ်းကတော့ ဆုတ်ကပ်မှာ လူတွေရဲ့ သစ္စာတရားစောင့်စည်းမှုအားနည်းခြင်းကြောင့်ကွယ်ပျောက်သွားခဲ့ပြီဖြစ်လို့ ဗေဒင်ဟာ သုံးမျိုးပဲ ရှိတော့တယ်…ဒါကြောင့်  ဗေဒင်လေးပုံကို ကျွမ်းကျင်ပိုင်နိုင်စွာတတ် မြောက်ပါတယ်လို့ တစုံတယောက် ကပြောလာခဲ့ရင် အဲ့ဒိလူဟာလိမ်နေတာပဲလို့ကိုယ့်စိတ်ထဲက သိထားရမယ် သမီး ဟူသောစကားကို လည်းကောင်းပြန် လည်ကြားရောင်နေမိသည်။သို့သော်မည်သည့်အရာကို စူးစမ်းချင်နေမှန်းမသိ ဆက်လက် ၍စူးစမ်းလိုသောဆန္ဒ၏တိုက်တွန်းမှုကြောင့် အဘအောင်ဆိုသူရှေ့ဆက်ပြောမည့်  စကားကို စိတ်ဝင်တစားစောင့်ဆိုင်းနေလိုက်သည်။ထို့နောက် အဘအောင်က ကဲသမီးလေးလက်အဘကိုခဏပြစမ်း ဟုပြော၍ လက်တဖက်ကိုထိုးပေးလိုက်သည်။ထို့နောက် အဘအောင်က သီတာဦး၏လက်ကို ပယ်ပယ်နယ်နယ် ပွတ်သပ်ကာလက္ခဏာကို မကြည့်ဘဲ တခုခုကိုအာရုံစူးစိုက် ဟန်ဖြင့်ကြည့် ပြီးတစုံတရာ ကို ပြောဖို့အရှိန်ယူနေသည်။ လက္ခဏာဗေဒင်ကိုဟောမဲ့လူတယောက်ဟာ လက္ခဏာကိုအာရုံမစိုက်ပဲ အခြားတနေရာကိုအာရုံစိုက်နေမယ်ဆိုရင် အဲ့ဒိဗေဒင် ဆရာဟာ နှာဗူးထဖို့ကြိုးစားနေတာဖြစ်နိုင်သလို တခုခုကို လိမ်ညာဖြီးဖျန်းဖို ့ကို အကြံထုတ်နေတာလဲ ဖြစ်နိုင်တယ် သမီး ၊ဒါကြောင့် သမီးကိုယ်တိုင်လဲ လက္ခဏာဗေဒင်ဟောမယ်ဆိုရင်လူတကာအထင်သေးနိုင်တဲ့အဲ့ဒိ အမူအရာကိုရှောင်ရမယ်သမီး ဟု လက္ခဏာဗေဒင် အခန်းကို စသင်ခါစက အဖွားပြောသွားသည့်  စကားလေးကိုအမှတ်ရလိုက်သည်။ သို့သော် သူဘာပြောမလဲ ဆိုသည့် အချက်ကိုဆက်လက်နားထောင်နေလိုက်သည်။ ဆရာအောင်က သီတာဦး၏လက်တဖက်ကိုကိုင်ထားရင်းမှ သူမ၏မျက်နှာကို  အသေအချာစိုက်ကြည့်ပြီးဒီလက္ခဏာ ပိုင်ရှင်ဟာ ငယ်စဉ်အခါက အလွန်တရာမှချူချာတဲ့ရောဂါဝေဒနာရှင် ဖြစ်ခဲ့တယ် ဟု ဟောလိုက်၏။ သူဘယ်လိုအတတ်ပညာနဲ့ဟောလိုက်သည်ကို မသိသော်လည်း သူမ၏အမေ ဒေါ်သီတဖွဖွပြောဘူးသော ငါ့သမီးလေး ကကြီးလာမှာ သာကိုယ်ရည်စစ်ပြီး နည်းနည်းပိန်သွားလို့ကြည့်ကောင်းနေတာ  ငယ်ငယ်က ဆိုရင် ဘာရောဂါမှ မဖြစ်ခဲ့လို့ဝကစ်ပြီး ဘယ်သူူမှသီတာဦး လို့မခေါ်ပဲ မုန်လာဦး လို့ခေါ်ကြတာ ဟူသော စကားကိုသတိရလိုက်ပြန်သည်။                      သီတာဦးသည် ငယ်စဉ်တောင်ကြေးကလေးဘဝတည်းက အဖွားဖြစ်သူက သင်ပေးထား၍ ဗေဒင်ကို တဖက်ကမ်းခတ်မျှ တတ်သိနားလည်သော်လည်း နောက်ပိုင်းတွင် မိခင်ဖြစ်သူက ဗေဒင်ကို လုံးဝ မဟောရ ဟု ပညတ်ထားခြင်းကြောင့် မိမိကိုယ်တိုင်မဟောခဲ့သော် လည်း သူတပါးထံတွင်တွက်၍ မှန်မမှန်ကို လေ့လာကြည့်ချင်သည်။ထို့ကြောင့် ဗေဒင်ဆရာတွေ့တိုင်းလို လ ိုဗေဒင်တွက်ဖြစ်သည်။ မိမိကိုယ်တိုင် မတွက်ဖြစ်လျှင်သူငယ်ချင်းများအတွက်ပိုက်ဆံစိုက်ထုတ်၍တွက်စေသည်။သို့သော် ဆရာအောင် ကဲ့သို့သောသူများကိုသာတွေ့ခဲ့သည်ကများ၍ စိတ်ပျက်ခဲ့ရပေါင်းလဲမနည်းတော့။အခုလဲဆ ရာ အောင်ဆိုသူက တလုံးဟော တလုံးလွဲအောင်ဟောလိုက်ပြန်သည်။နေလည်းစောင်းနေပြီဖြစ်၍ အတော်လေးလူပြတ်ချိန်သို့ရောက်နေပြီဖြစ်သည်။ ထို့ကြောင့်ဖြစ်နေကျ ဖြစ်စဉ်တခုအတွက် လုပ်နေကျ အလုပ် တခုကိုကောက်လုပ်လိုက်ဖို့ဆုံးဖြတ်လိုက်သည်။မိခင်ဖြစ်သူကလဲ အားနာတယ်ဆိုတာ လူတော် လူကောင်း တွေလုပ်တဲ့အလုပ်မဟုတ်ဘူး သမီး၊လူညံ့လူဖျင်းတွေရဲ့အလုပ်ဖြစ်တယ်၊ဒါကြောင့် ကိုယ်လုပ် နေတဲ့ အလုပ်တခုဟာ ဆက်လုပ်လို့အကျိုးမရှိနိုင်ဘူးဆိုရင် ဘယ်သူ့မျက်နှာမှ မထောက်ပဲ ရပ်တန့်နိုင် ရမယ်၊ဖြတ်တောက်နိုင်ရမယ် ဟု ဆုံးမလေ့ရှိသည်။ထို့နောက် ဘဘဟောတာ မှားတယ်  သမီးဆက်မတွက်ချင်တော့ဘူး ဟုပြော၍ လက်ကိုပြန်ရုတ်သိမ်းပြီး  ထပြန်မည်အပြုတွင် ဆရာအောင်က လက်ကို အတင်းပြန် ဆောင့်ဆွဲလိုက်သဖြင့် သီတာဦး၏ခန္ဓာကိုယ်တခုလုံးသည် ၎င်း၏ ရင်ခွင်ထဲသို့ ရောက်သွားလေ၏။ထို့နောက်သီတာဦး၏ ပါးစပ်ကို လက်ဖြင့်ပိတ်၍  ကောင်မလေးနင့်နားက နားကပ် တွေကို နင်ကိုယ်တိုင်ဖြုတ်ပေးမလား ငါကိုယ်တိုင် ဖြုတ်ယူရမလားဟု မေးလိုက်၏။ကြိုးစားပြီး ရုန်းကြည့် သည်မရ။ လက်တဖက်ကပါးစပ်ကိုပိတ်ထားပြီးလက်တဖက်နှင့်ခါးကို  သိုင်းပြီးချုပ်ထားသည်။ ထို့ကြောင့် လွတ်နေသောလက်တဖက်ဖြင့် ခုန်ပေါ်တွင် တင်ထားသည့်  ဘောလ်ပင်ကို လျှင်မြန်စွာယူ၍ ထိုးမိထိုးရာထိုးချလိုက်သည်။အားဟူသည့် ကျယ်လောင်သော အသံနဲ့အတူ မိမိခန္ဓ္ဓာကိုယ် တခုလုံး လွတ်ထွက် သွားသည်။လွတ်လွတ်ချင်း ဘာမှဆက်လက်စဉ်းစားခြင်းမပြုတော့ဘဲ လွယ်အိတ်ကို ကောက်ယူ၍ ထွက်ပြေးလေ၏။အတော်လှမ်းလှမ်းရောက် မှ လိုက်မလာတော့မှန်းသိ၍ နောက်ပြန်လှည့်ကြည့်လိုက်သည်။ မျက်လုံးတဖက်ကို အုပ်၍ ဆတ်ဆတ်ခါလူးလှိမ့်နေတာကိုမြင်လိုက်သည်။                   အိမ်ပြန်ရောက်ရောက်ချင်း ဒေါ်သီက ဟေ့ သီတာဦး ဘာတွေလျှောက်လုပ်လာပြန်ပြီ လဲ ဒီနေ့အိမ်ပြန်တာ နောက်ကျလွန်းတယ် ဟု ဆီး၍ပြောသည်။သီတာဦးက ဘာမှပြန်မပြောပဲ လွယ်အိတ်ကို အိမ်ထဲသို့ပြစ်ထည့်လိုက်ပြီး လုံချည်ကိုအနည်းငယ် မတင်၍ ဒေါသထွက်လွန်းသည့် ဟန်ဖြင့် အိမ်ရှေ့ဒါန်းပေါ်တွင် ထိုင်ချလို်က်သည်။ ဒေါ်သီက ရေတခွက်ခပ်လာပြီဘာဖြစ်လာပြန်ပြီလဲ သမီးလေး ဟုပြောရင်းရေခွက်ကိုထိုးပေးသည်။ဒေါ်သီသည် စိတ်တိုသည့် အခါများတွင် သမီးဖြစ်သူအား ဟောက်ဟမ်း ပြောဆိုတတ်သော်လည်း သမီးဖြစ်သူကပြန်လည်စိတ်ကောက်ပြလျှင် ချော့မော့ပြောဆိုရန်လေသံ ပြောင်းသွားတတ်သည်။ယခုအခါ မိခင်အား စိတ်ကောက်ခြင်းမဟုတ်ပဲ အပြင်မှာ တခုခုဖြစ်လာဟန်ရှိသည် ဟု ဒေါ်သီကနားလည်လိုက်သည်။                          သမီး ဗေဒင်ဟောချင်တယ် အမေ သမီးကိုဗေဒင်ဟောခွင့်ပြုပါ နော် အမေနော် ဟု  မိခင်၏ခွင့်ပြုချက်တခုကို မုန့်တောင်းသလိုတောင်းနေသည်။ ဧကန္တတော့ သမီးဒီနေ့ဗေဒင် ဆရာလိမ် တယောက်နဲ့တွေ့ခဲ့ပြန်ပြီနဲ့တူတယ်…ပုံမှန်ဖြစ်နေကြ ပြဿနာရပ်တခုဖြစ်နေ၍ ဒေါ်သီကစိတ်အေးသွား သည့်ဟန်ဖြင့် အေးအေးဆေးဆေးပင် ပြောလိုက်သည်။သီတာဦးသည် ထိုသို့လွဲမှားစွာ ဟောတတ်သော ဗေဒင်ဆရာတဦးထံ၌ တွက်ခဲ့ပြီးသည့်အချိန်တိုင်းလိုလို ပင်  သမီးဗေဒင်ဟောချင်တယ် ဟုပူဆာ နေကြဖြစ် သည်။ အမေ စဉ်းစားကြည့်လေ မျိုးနွယ်စဉ်ဆက်မို့သင်ကိုသင်ရမယ်ဆိုပြီးသင်ထားတဲ့ ဒီဗေဒင် ပညာရပ်ကြီးကို ထမ်းရုံသက်သက်ထမ်းထားအဲ့ဒါကြီးကိုအသုံးမချရဘူးဆိုတာကတော့ လူကြီးတွေက လူငယ် တွေကို သက်သက်အနိုင်ကျင့်တာပဲ အမေ………….။သီတာဦးသည် ဗေဒင်ဟောချင်သည့်ဆန္ဒဖြစ်လာတိုင်း ခွင်ပြုချက်ရဖို့အမေထံတွင်ပူဆာတတ်သော်လည်း ဒီတကြိမ်လောက်ပြင်းထန်စွာမစွပ်စွဲမတောင်းဆိုခဲ့ဖူးပေ။ အခုတော့လူကြီးတွေကလူငယ်တွေကိုသက်သက်အနိုင်ကျင့်တာပဲ  ဆိုပါလား။တဦးတည်းသောသမီးလေးမို့ စကားမခြေအတင် ငြင်းခုန်၍မပြောချင်သည်က တကြောင်း ပြောချင်ရာပြောပြီးသွား၍ စိတ်ပြေ သွားသော အခါ၌ မိမိချောမော့ ပြောဆိုခဲ့သမျှ  နာခံတတ်သူလေးဖြစ်ခြင်းကတကြောင်းမို့ လိုက်လိုက်ရောရော ပင်ပြောလိုက်သည်။ ဘယ်လိုဖြစ်ရတာလဲသမီးလေးရယ်အမေ့ကိုရှင်းပြပါဦး လူကြီးတွေကလူငယ်တွေကို  ဘယ်လိုအနိုင်ကျင့်တာတဲ့တုန်း……..အမေတို့ရဲ့မျိုးနွယ်စဉ်ဆက် ဒီဗေဒင်ပညာရပ်ကို မသင်မနေရ သင်ရမယ် ဆိုလို့သမီးငယ်ငယ်ကတည်းက သင်ခဲ့တာပဲ….အေး ဟုတ်တယ်လေ သမီးလေးက သမီးအလိမ္မာလေးမို့ လူကြီးတွေပြောစကားနားထောင်ပြီးသင်ခဲ့တာပဲ….. အတတ်ပညာတခုကို တတ်အောင် သင်ထားပြီးအဲ့ဒိပညာရပ်ကိုအသုံးမချရဘူးဆိုရင်  အဲ့ဒိလူအတွက် ဘယ်လောက် ဒုက္ခ ရောက်တယ်ဆိုတာအမေ တွေးရောတွေးကြည့်ဖူးလားအမေ….ပြီးတော့ ပညာဆိုတာလူသားရဲ့ ဝန်ကို ထမ်းဖို့ ဖြစ်လာတာပါ အမေ …ပညာကိုသင်သာသင်ထားပြီး အသုံးမချရဘူးဆိုရင် လူက အဲ့ဒိ ပညာကိုပြန်ထမ်းထားရတာဖြစ်တဲ့အတွက် ပညာလည်းအချည်းအနှီးဖြစ်သလို  အချိန်ကုန်တယ် လူပန်း တယ်အမေ….အခုဟာက အမေတို့ရဲ့ဆွေစဉ်မျိုးဆက်ဆိုတဲ့တာဝန်ကြီးကိုတော့ သမီးကို လူမဖြစ်ခင် ကတည်း ကထမ်းခိုင်းထားခဲ့ပြီးတော့ သမီးရဲ့ဆန္ဒကိုတော့ပိတ်ပင်ထားတယ်..အဲ့ဒါဟာ လူကြီးတွေက လူငယ် တွေကို အနိုင်ကျင့်တာ မဟုတ်လို့ဘာဖြစ်ဦးမှာလဲအမေ….အမေတို့ရဲ့ဆုံမစကားမှန်သမျှ တသွေမတိမ်း သမီးနားထောင်ခဲ့တာပဲအမေ….သမီးရဲ့ ဒီဆန္ဒကိုတော့ ခဏလေးဖြစ်ဖြစ် လိုက်ရော ပေးပါလား အမေ…ဟုပြောရင်းတောင်းပန်တိုလျှိုးသောမျက်နှာငယ် လေးနှင့်ကြည့် လိုက်သည်။ ဒေါ်သီကသီတာဦး၏ဆံစလေးများကိုအသာအယာပွတ် သပ်ပေးရင်း သမီးရဲ့ ဆန္ဒတွေမကြာခင ်ပြည့်တော့ မှာပါသမီးဟု ကရုဏာသက်စွာဖြင့်ပြောရင်း သွေးစလေးများထွက်ပြီးအနည်းငယ်ပွန်းပဲ့နေသော သီတာဦး၏ ညာဘက်လက်ကိုတွေ့သွားသည်။                      သမီးလက်မှာ သွေးတွေနဲ့ပါလား ဘာဖြစ်တာလဲသမီး အမေ့ကိုပြောစမ်းပါဦး ဟုစိတ်ပူစွာဖြင့်မေးလိုက်သည်။သမီးရဲ့အကြိမ်ကြိမ်တောင်းဆိုမှုကိုအမေတို့ကမလိုက်ရောခဲ့လို့ဖြစ်တာပေါ့.  ဘာပြောပြော ဒီဘူတာကိုသာပြန်စိုက်လာမည်ကိုသိ၍ ဘာမှဆက်မမေးတော့ဘဲ အရက်ပျံပုလင်းသွားယူ၍ စွတ်ပေးလိုက်သည်။အနည်းငယ်နာသော်လည်း အောင့်အီးသည်းခံလိုက်ပြီးနောက် စိန်နားကပ်ကိုချွတ်၍ ဒေါ်သီအားပေးလိုက်သည်။သီတာဦးသည် မိခင်အားစိတ်ဆိုးသည့်အခါတိုင်း ၎င်းနားကပ် အားချွတ်၍ လွှင့်ပြစ်ခြင်း  မပန်ပဲတနေရာ၌ထားလိုက်ခြင်းစသည်ကို ပြုလုပ်လေ့ရှိသဖြင့် အမေ့ကို စိတ်ကောက် ပြန်ပြီလားသမီး ဟုမေးသည်။မဟုတ်ပါဘူး အမေ အမေ့ကိုစိတ်မဆိုးတော့ပါဘူး…အမေကိုစိတ်ဆိုးလဲ  ဘာမှထူးလာမှာမှမဟုတ်တာ သမီးစိတ်ဆိုးရင်အမေကချော့မယ် သမီးကပျော့မယ်  ပြီးရင် သမီးရဲ့ဆန္ဒ တွေကို မသိကျိုးကျွန်ပြုထားမယ်…လူကြီးတွေစိတ်ချမ်းသာဖို့ကို  လူငယ်တွေကပဲ အလိုက်သိသိနဲ့ နားလည်ခွင့်လွှတ်ပေးနေရတဲ့ခေတ်ကြီးရဲ့တောင်းဆိုမှု အောက်မှာ ကျဆုံးပြီး ဒုံရင်းအတိုင်းပဲ ပြန်ဖြစ်သွား မယ် ဒါပဲမဟုတ်လားအမေ၊ဒါပေမဲ့  ဘာကြောင့်သမီးကို ဗေဒင်ပေးမဟောရတာလဲ ဆိုတာ ကိုတော့ သမီးသိပါရအမေ… ဟုရင်ထဲရှိသမျှကိုအယဉ်ကျေးဆုံးနည်းဖြင့် ဖွင့်ချလိုက်သည်။ထူးထူးမရှိပါဘူးသမီးလေး ရယ်  သမီးလေးကငယ်လည်းငယ်သေးတယ်၊ပြီးတော့ ကျောင်းပညာရေးကိုလဲ သင်ယူရဦးမယ်၊ အမေတို့ ကဗေဒင်ဟောမယ်ဆိုရင် သူငယ်ချင်းမိတ်ဆွေ ဆွေမျိုးမခွဲခြားပဲ လာတွက်သူမှန်သမျှကိုပိုက်ဆံ ယူရမယ် ဆိုတဲ့ စည်းကမ်းချက်ရှိတယ်ကွဲ့၊သမီးလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ဟောမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ် နဲ့နာမည်ကြီးပြီး ပညာရေးတပိုင်းတစဖြစ်သွားမှာလဲစိုးရိမ်တယ်၊ ပြီးတော့အမေတို့ကသမီးလေးရဲ့လုပ်စာကို မစားချင်သေးလို့ပါကွယ်ဟု  ပြောနေကျ အကြောင်းပြချက်အတိုင်းပြုံးလျှက်ပြောလိုက်သည်။သီတာဦးကလဲ နှုတ်ခမ်းလေးစူပြီးဟွန့်ပြောလိုက်ရင်ဒါချည်းပဲဟုပြော၍    ခြေကိုဆောင့်နင်းလျှက်အိမ်ထဲသို့ဝင်သွားပါလေ တော့သတည်း။
ဆက်လက်ရေးသားပါဦးမည်။ ………………ရေးသားသူ။    ။နန်းရှင်