အတွင်းမီးဘေး ငြိမ်းစေရေး
“ဝေါ….ဝေါ…..တီတီ…ဝေါ…”
နားထဲကိုဆူညံသောအသံတွေ တရစပ် ဝင်တိုက်နေကြပါပြီ။ ဘာသံများဖြစ်မလဲ?။ စဉ်းစားကြည့်ပါဦး။
ထုံးစံအတိုင်း…ကြားရသူတိုင်းကို အထိတ်တလန့် ဖြစ်စေသောအသံ။ မီးသတ်ကားသံပဲပေါ့။
“ ဒိတ်” ခနဲ ရင်ထဲမှာ ကြားလျှင်ကြားချင်း ဆိုသလိုပါပဲ auto နှလုံးအိမ်မှာ ထတ်လန့်မှု ဝေဒနာလေး တန်းပေါ်လာပါတယ် ။ အင်းဒီ့နောက်တော့ ဘာပြောကောင်းမလဲ။ အပေါ်ဆုံးထပ်ကို ပြေးတက်ရတဲ့ ကာယကံတွေ ဆက်ဖြစ်ရပြီလေ ။ ဟောမြင်ရပါပြီ ။ သိပ် မဝေးလှတဲ့ နေရာလေးက မီးခိုးလုံးတွေ တက်လာတာကို အပေါ်စီးကနေ ထင်းနေအောင်တွေ့ရပြန်ပြီ။ တစ်ချိန်တည်းလည်း မီးသတ်ကားသံတွေနဲ့ တရစပ် ဆူညံလို့ပေါ့ ။ ဪ “အားလုံးသတ္တဝါတွေ ကျန်းမာကြပါစေ ၊ ချမ်းသာကြပါစေ” လို့သာတရစပ် စိတ်ထဲက မေတ္တာတွေ ဖြန်းပက် နေမိပါတယ် ။
ဪ ဆင်းရဲ လိုက်တာနော် ။ ဒုက္ခပေါ်ဒုက္ခတွေ ဆင့်နေတဲ့ မြင်ကွင်းကြီးကို ကြည့်ပြီး သံဝေဂတွေပဲရနေမိတယ် ။ အောက်ကို ငုံ့ကြည့် လိုက်ပြန်တော့လည်း ပူပင်သောက ကိုယ်စီနဲ့ တရစပ် ပြေးလွှားနေကြတဲ့ ဒုက္ခသည်တွေကို ကြည့်ပြီး စိတ်တွေ ပျက် ၊ ပျက် လိုက်နေပါပြီ ။ အားလုံး အမြန်ဆုံး ငြိမ်းအေးနိုင်ကြပါစေလို့သာ အဆက်မပြတ် ဆုတောင်း နေမိပါတယ် ။ ဪ “ဒုက္ခများမြောင် လူတို့ဘောင်” ဝယ် ရထားတာက ဒုက္ခ ခန္ဓာ ၊ ဝိုင်းနေတာက ရန်သူမျိုး (၅) ပါး ။ အချိန်ပြည့် ပူလောင်နေရတဲ့ ဘဝကြီး ပါပဲလားလို့သာ မှတ်ချက်ချနေမိ ပါတယ် ။ ဒီခံစားချက်ကနေပဲ ရန်သူမျိုးငါးပါးထဲက ရန်သူတစ်ပါးဖြစ်တဲ့ မီးရန်သူကြီးအကြောင်း ဖောက်သည်ချဖို့ အကြောင်းဖန်လာ ပါတော့တယ်။
“ မီးဘေးရှောင် မလောင်ခင်ကတား” ၊ “… သူခိုး ၊ ဓါးပြထက်ဆိုးတဲ့ ရန်သူ …” ရယ်လို့ တောင် လူတိုင်းကြောက်လန့်ရတဲ့ အော်ကြောလှန် ရန်သူကြီးလေ။အခုများဆို နွေလေးပေါက်တာနဲ့ပဲ ဟိုနားလောင်ပြန်ပြီ ၊ ဒီနား တဲ့ နဲ့ နားတွေပဲ စွင့်နေရတာ လူတိုင်းရဲ့ အချစ်တော်ကြီးကို ဖြစ်လို့ပေါ့ ။ ဪ ကြောက်မယ်ဆိုလည်းကြောက်စရာပါပဲလေ ။ သူ ဝင်မွှေလို့ကတော့ လူတောင်မသေရုံ တမယ် ဒုက္ခတွေပေးသွားတာနော် ။
ဒါပေမယ့် ဒီမီးထက် ဆိုးတဲ့ အဆိုးတကာ့ ထွဋ်ခေါင် မီးများနောင်ကတော့ တို့ရဲ့ ခန္ဓာတွင်းမှာ လောင်မြိုက်နေတဲ့ လောဘမီး ၊ ဒေါသမီး ၊ မောဟမီး စတဲ့ အတွင်းကိလေသာ အပူမီးတွေပါပဲ ။ အပြင်မီးတွေက ခံရရင် တစ်ဘဝစာပဲနော် ။ အခု အတွင်းမီးကတော့လေ ဘယ်လောက်တောင် ဆိုးသလဲဆိုရင် သတ္တဝါတွေအားလုံးကို တစ်သံသရာလုံးထိ အမြဲမပြတ် ဒလစပ်လောင်ကျွမ်းညှဉ်းပမ်း တတ်တဲ့ သတ္တိရှိနေလို့ မို့ သူက ပိုတောင်ကြောက်စရာကောင်းနေပါတယ်နော် ။
“မီး” ရဲ့ ဂုဏ်သတ္တိကိုက ပူလောင်စေတတ် ၊ လောင်ကျွမ်း ပျက်စီးစေတတ်တယ်မလား ။ ဪ အပြင်မီးကမှ လောင်ကျွမ်းနေတာမြင်ရင် ဝိုင်းဝန်း ငြိမ်းသတ်မယ့် သူတွေရှိ ပါသေးတယ်။ ကိုယ့်ရင်ထဲက အတွင်းမီးတောက်တွေကျတော့ ကိုယ်ကိုယ်တိုင်ငြိမ်းမှပဲ ငြိမ်းတော့မယ်မလား ။
အချိန်အခါမရွေး အကြောင်းတိုက်ဆိုင်တိုင်း ထတောက်တဲ့ မီးဆိုတော့လည်း တော်ရုံနဲ့ ငြိမ်းလို့ရမယ် မထင်ပါဘူး ။ မနက်မီး ၊နေ့မီး၊ ညမီးက ဆက်နေတာကိုး။အင်း ဒီမီးတွေ ဟုန်းဟုန်း တောက် နေသမျှ တော့ ဒီခန္ဓာကြီးလည်း ဘာခံနိုင်လိမ့်မလဲနော် ။ တဖြည်းဖြည်း မီးလောင်ရာတွေနဲ့ ညိုမဲပုပ်သိုး နေရပြီလေ ။ ဒေါသမီး အလောင်ခံထားရတဲ့ မျက်နှာတွေများ တင်းတောင့် ၊ ခက်ထန် ၊ ကြမ်းတမ်းနေလိုက်တာနော် ။ ကိုယ့်ဒေါသမီးအရှိန်တွေ ဟပ်နေတာကို သူများက မျက်နှာ လှမ်းကြည့် တာနဲ့တောင်သိနိုင်တယ် ။
အတွင်းမီးရဲ့ အပူရှိန်ကြောင့် မျက်နှာကြီးက ပူကျက်လာတယ် ။ အဲဒါဆိုတော့ ဥဩဆွဲသံပဲ လို့သိပေတော့ ။ ခန္ဓာကိုယ်မှာလည်း ရှိန်းဖိန်းလာတယ် ။ သိသာတာကတော့ မျက်နှာကြီးပဲ ။ အဲဒီအချိန်မှာ အမြန်ဆုံး ငြိမ်းနိုင်ရင် ငြိမ်းပေတော့ ။ မငြိမ်းလို့ကတော့ ။ သွားပြီ ။ မျက်နှာကြီးက မဲပုပ်ပွပြီး ဖုံးဖိလို့လဲမရတော့ဘူး ။
အင်း မီးလောင်ရာ လေပင့်တတ်တယ် ဆိုသလိုပါပဲ ။ တစ်ခါတလေများ အခု ပစ္စုပ္ပန်မှာ မကျေနပ်စရာဖြစ်လို့ ဒေါသမီးတွေ လောင်နေပါတယ်ဆိုမှ ဟင်း … ငါ့ကို ဒီလိုလုပ်တာ ဘယ်နှစ်ခါရှိပြီ ဆိုပြီး ဟိုး အတိတ်က အကြောင်းတွေပါ ဆွတွေးလိုက်တော့ အခုမီးက ငြိမ်းဖို့နေနေ သာသာ ပိုပြီး မီးထိုး ပေးလိုက်လို့ အိုလောင်ကောင်းပေါ့။ ကဲ ဒီလိုလောင်နေ တဲ့ အခါမှာများ “သတိ” လေးနဲ့ ကြည့်နိုင်လို့မီးလောင်ပြီဟေ့ ပြေး …ပြေး ဆိုပြီး အော်ပြေး လို့ရောရရဲ့လား။
အခုလောင်နေတာက ခန္ဓာထဲက ကိလေသာမီးတွေလေ ။ ဒါဆို ပြေးလို့တော့ မလွတ်တော့ ဘူး ။ အမြန် ရေလောင်းပါဟ …ငြိမ်းကြပါဟ …ဆိုတော့ ဘယ်သူ့သွား အကူအညီတောင်းမလဲ?။ ကိုယ်တိုင် ငြိမ်းရမှာပေါ့ ။ ဒီတော့ “မီးတောက်နေတယ် … ရေလိုနေတယ်” ဆိုတော့ ဘယ်ရေနဲ့ ငြိမ်းမှာလဲ ? ရေချိုးလို့ ရောငြိမ်းမှာတဲ့လား ။ ဒီတော့မှ ဪ မဂ္ဂင် ရေအေးလေးနဲ့ ငြိမ်းမှပါပဲ ရယ်လို့ အသိလေးဝင်လာတယ်နော်။
ဒီတော့ ကို်ယ့်ကိုယ်ကို ပြန်မေးရပါတော့တယ် ။အခုဘာအတွက် ဒီမီးတွေလောင်နေရတာလဲ ။ ပြောပါဦး ။ ဆိုတော့မှ အော် … ဘာမှမဟုတ်တဲ့ ငါမပိုင် ၊ ငါမဆိုင် တာတွေ အတွက် ပူလောင်နေရ တာပါလား ။ အင်း … ကိုယ်ဖြစ်ချင်တိုင်း ဖြစ်နေလို့ ကတော့ “အတ္တ” ကြီးပဲဖြစ်နေမှာပေါ့ ။ အခုတော့ သူ့သဘော သူဆောင်ပြီး သူဖြစ်ချင်သလို ဖြစ်နေပြီမို့ အနတ္တ … အနတ္တ လို့ စိတ်ကလေး ငြိမ်အောင် ဖြေးဖြေးလေး နှလုံးသွင်းလေးနဲ့ ရေလေး တောက်တောက်ပေးလိုက်ပါ ။ ပြီးရင်တော့ အော် အရာ အားလုံးဟာ အနိစ္စတွေမို့ အခုဖြစ်နေရတဲ့ ဆင်းရဲ ၊ ချမ်းသာ ဟူသမျှ ကုန်ဆုံးပျက်စီးကုန်ကြပြီပဲ ။ လို့ နှလုံးသွင်းပြီး မျက်လုံးလေး မှိတ်လို့ ဖြစ်ပျက်ရှူ့လိုက်ရမယ် ။ ဒါမှ မဂ္ဂင်ရေ နှလုံးအိမ်ထဲ အရောက်ပို့ နိုင်လို့ မီးတောက်တွေ ဦးကျိုးနိုင်သွားမယ်နော်။
အင်းဒီကိလေသာ မီးတောက်ဟာလေ သတိလွတ်နေသ၍ကတော့ သူ့ကို လက်မြှောက်ထား ရပြီမှတ်ပါ ။ သူ့မှာက အဖော်တွေ တကျိပ်နဲ့ပဲလေ ။ လောဘမီးလေး လင်းလက် လိုက်တာနဲ့ ဒေါသက ဝမ်းသားအားရကိုပဲ မီးကူ ပေးတော့တာပါပဲ။ ဒီတော့ လောဘရော ဒေါသပါ လက်ချင်း ချိတ်လို့ မီးပုံပွဲဆင်နွဲနေလိုက်ပုံများ ဘာပြောကောင်းမလဲ ။ သတိပညာ မရှိလို့ ကတော့လေ ရေ မရှိတာနဲ့ အတူတူပဲမို့ မနက် ကတည်းက လောင်တဲ့ မီး နောက်နေ့တွေထိ မငြိမ်းနိုင်ရှာတော့ပါဘူး။
ဪ မဂ္ဂင်ရေလေးမှ မရှိနိုင်တော့ လောင်ကောင်းဦးပေါ့ ။ ဒီကနေမှ ကိုယ့်မီးကိုယ် မငြိမ်းပဲ နောက်တစ်ယောက်ကိုပါ ဝစီကံ ၊ ကာယကံတွေနဲ့ ပြောဆို ပြုမူတော့ ဟိုလူမှာပါ မီးတွေကူးလို့ လောင်သွားရပြန်ပြီပေါ့ ။ ဒီတော့ မီးအားတွေက လက်ဆင့်ကမ်းပြီး ပွားသွားတာကြောင့် ဪ မီးတောက်တွေ အစဉ်တန်းလို့ ပိုတောင်ငြိမ်းဖို့ ခက်သွားပြီနော် ။ အင်း ဒီအတွင်းမီးတွေရဲ့ သတ္တိတွေကြောင့် အခု ပစ္စုပ္ပန်မှာလည်း ဆင်းရဲ ဒုက္ခတွေကြုံနေရသလို ဒီကနေ ပွားလာတဲ့ကာယကံ ၊ ဝစီကံတွေ မြောက်ကုန်လို့ သူတို့ရဲ့ အကုသိုလ်ကံတွေက ဘဝတိုင်း အကျိုးပေးဖို့လိုက်လာမှာနော် ။ ဒါကြောင့် ပြောတာပေါ့…“အတွင်းမီးများ ဒုက္ခ ပေးလို့ကတော့ သံသရာ တစ်လျှောက်လုံး အဆက်မပြတ် လိုက်လံဖျက်ဆီး လောင်ကျွမ်းပစ်မယ်” ဆိုတာပါပဲ။
အင်း ပြောသာပြောရတယ် ။ အခုပြောနေတဲ့ မီးကလေ တစ်နေ့ထဲကိုပဲ စောင့်ကြည့် လိုက်ပါဦး ။ ဘယ်နှကြိမ်လောက်တောင် လောင်နေသလဲဆိုတာ ။ လောဘမီး ၊ ဒေါသမီး ၊ မောဟမီး ၊ ရာဂမီး ၊ တဏှာ မီး … အို မီးတွေ လှည့်လောင်နေရပါလား ဆိုတာ သူများပြောလို့ မဟုတ်ပဲ ကိုယ့်ကိုယ်ကိုသာ သေချာ စောင့်ကြည့်ပေတော့။ အခုကစပြီး စောင့်ကြည့်တာပေါ့ ။ ဒီတိုင်းတော့ မရဘူး။ မီးလောင်တာ သိဖို့စောင့်ကြည့်နေတဲ့ မီးသတ်သမားဟာ သိတာနဲ့ ငြိမ်းဖို့ တာဝန် ရှိတယ်နော် ။ တော်နေမှ ရေ မရှိလို့ လောင်မှန်းတော့ သိပါတယ် ။ ရေ မရှိလို့ ထိုင်ကြည့်နေရတယ် ဆိုရင်တော့ ခက်ပြီနော်။
ဒါကြောင့် မဂ္ဂင်ရေပိုက်လေး အဆင်သင့်ကိုင်လို့ကိုယ့်မနောလေးမှာ လောင်လာမယ့် မီးဟူသမျှ အသေးအကြီး မခွဲခြားပဲ တောက်လျှောက် ပက်ဖျန်းပေးနေရမယ် ။ အင်း ကိုယ့်ကို မီးလောင်မှု့ဖြစ်စေမယ့် လောင်စာ ရှိတဲ့ နေရာမျိုးကို သတိနဲ့ ရှောင်ရပါမယ် ။ ဥပမာ-နိုက်ကလပ် လိုမျိုးပေါ့။ရာဂမီးတွေ ထကြွ လောင်ကျွမ်း စေဖို့မီးထိုးပေးနေတယ် ။ လက်ယပ် ခေါ်နေတယ် ဆိုရင် သတိလေးနဲ့ ရှောင်သွားနိုင်တယ် ။ ဒီလိုပါပဲ “ မီးဘေး ရှောင်ချင်ရင် မလောင်ခင်ကတား” ဆိုတဲ့အတိုင်း မီးလောင်စေမယ့် အထောက်အပံ့ ပေးမယ့် အရာတွေနဲ့ ကင်းအောင်နေမယ် … နောက်ပြီး မီး ခဏခဏ ထတောက်တတ်တဲ့ တို့ရဲ့ မီးလောင်ပြင်ကြီးဖြစ်တဲ့ ခန္ဓာတွင်းကို အချိန်အားတိုင်း မဂ္ဂင်ရေတွေနဲ့ ပက်ဖြန်းလို့ မဂ္ဂ ပွားပေးနေမယ်ဆိုရင် မီးလောင်ပြင်ဟာ ဒီမဂ္ဂ အအေးဓါတ် ကြောင့် တော်ရုံ လောင်မယ်လုပ်တဲ့ မီးတောင် လောင်ခွင့်မရနိုင်တော့ဘူးပေါ့။
အင်း မဂ္ဂင်ရေတွေ ဘယ်လို ပက်ဖြန်းရမလဲ ဆိုရင်တော့ ကိုယ့်စိတ်ကိုယ် သတိနဲ့ စောင့်ကြည့်ရုံပါပဲ ။ ဪ အခု ငါ့စိတ်လေး ငြိမ်းချမ်းနေတယ် … ငြိမ်းချမ်းနေတယ် ။ နောက် ငါတွေးနေပြန်ပြီ … တွေးနေတယ်ပေါ့ ။ အဲဒီလို ဒေါသဖြစ်ရင် ဖြစ်တယ် …မဖြစ်ရင် မဖြစ်ဘူး ။ အကုန်လိုက်သိပြီး ၊ လိုက်ကြည့်ပေးနေမယ်ဆိုရင်တော့ တစ်နေ့ တစ်နေ့ အလောင်နည်းပြီး အအေးပိုလာမယ်လေ ။ကဲ ဒါဆို တို့တွေလည်း မျက်နှာလေး ကြည်လင်လို့ ငြိမ်းအေးပြီး ပူလောင်မှု့ကင်းစွာ နေနိုင်ကြမှာမို့ မီးဘေးကနေ ဝေးစေဖို့ မြန်မြန်မီးကင်း စောင့်ကြပါစို့လား။
3 comments
windtalker
October 3, 2011 at 12:00 pm
စကားမစပ်
ဝှူးဝှူး က
ယောက်ျား လား မိန်းမ လား ဗျ
နိုက်ကလပ် ထဲ သွားရုံ နဲ ့တော့
ရာဂ မီးတွေ မထကြွ လောက်ဘူး လို ့ထင်ပါတယ်
ပြောမယ့်သာ ပြောရသာ
မောင်ပေ က မန်းတလေး မြို ့သား ပါ
ရန်ကုန် က ဘယ်နိုက်ကလပ် မှ လည်း မရောက်ဖူးပါဘူး
ဝှူးဝှူး ပို ့စ်ကို ဖတ်အပြီး မှာ
စဉ်းစားမိလို ့
ပြောကြည့်တာပါ ခင်ဗျာ
whowho
October 3, 2011 at 5:35 pm
ကျားလား မလားဆိုတာထက် စိတ်မှာဖြစ်လာနိုင်တဲ့ ကိလေသာအပေါ် တွေးမိတာလေး ရေးချလိုက်တာပါ။ ကျနော့်အနေနဲ့ အဲလိုနေရာမျိုးနဲ့လည်း မနီးစပ်ပါဘူး။ တကယ်တော့ ပျော်ပွဲ ရွှင်ပွဲသွားမှရယ်မဟုတ်ပါဘူး။ နေရင်းထိုင်ရင်းနဲ့လည်း ကိလေသာမီးတွေက အချိန်အခါမရွေး အာရုံပေါ်လိုက်ပြီး ပေါ်တတ်တာမို့ ကိုယ့်ဖက်က သတိနဲ့ ထိန်းသိမ်းနိုင်မှ တော်ကာကျမယ်ဆိုတာလေး ဖော်ပြချင်တာနဲ့ ရေးလိုက်တာပါပဲ။ ကိုယ့်စိတ်ကိုယ် သတိနဲ့ မကြည့်မိသမျှ အချိန်တိုင်းလိုလိုမှာ ကိလေသာမီးတွေ အခွင့်ရတိုင်း ထထတောက်နေတာမို့ မီးတွေတောက်လို့ လောင်ကောင်းနေပါလားလို့တောင် သတိမရှိရင် သိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်နေ့ကို ဘယ်နှစ်ကြိမ်လောက်များ လောင်နေပါလိမ့်ဆိုတာလေး တစ်ရက်လောက် သတိနဲ့ စောင့်ကြည့်ပေးပါလား windtalker ရေ။ ပြီးရင်တော့ကျနော့်ကို ဝေမျှပါဦးနော်။ တစ်နေ့ ဘယ်နှစ်ကြိမ်လောက် လောင်နေတယ်ဆိုတာကို။
windtalker
October 3, 2011 at 6:20 pm
ဘယ်မှ မသွားဘဲနဲ ့
နေရင်းထိုင်ရင်း ကိလေသာ မီး ထပေါ်တယ် ဆိုတာ တယ်မှန်သဗျာ
ကျုပ်မောင်ပေ ကတော့
ကိုယ့်ရှေ ့မှာ မပေါ့်တပေါ် ၊ မလုံ ့တလုံ လေးတွေ မြင်ရရင်
မြင်ခဲ့ပြီးတဲ့နောက် အတွေးထဲ အဲဒါလေး တွေ ပြန်ခေါင်းထဲ ရောက်ရောက်လာတတ်တယ်
တစ်ခါတစ်လေကြတော့လဲ သာယာမိတာပေါ့ဗျာ
သို ့ပေသည့်…မေ့ပစ်၊ခေါင်းထဲက ထုတ်ပစ်ခဲ့တာလည်း ရှိတာပေါ့ ဗျာ
အဲဒီလို ဖြစ်တဲ့အခါ သာယာမိတာများရင်လည်း
အော်..ပုထုဇဉ် တစ်ယောက် ၊ လူသား တစ်ယောက်မို ့ပါလေ ဆိုပြီး
ကိုယ့်ကိုကိုယ်ဖြေသိမ့်ရတာပေါ့
သို ့ပေသည့် အမှန်အတိုင်း ပြောရရင်တော့
မောင်ပေ သည် တရားကျင့်ကြံအားထုတ်ရန် အသင့်မဖြစ်သေးတာ အမှန်ပါပဲ
စီးပွားရေးကိစ္စများစွာ နဲ ့လည်ပတ်လုံးပမ်းနေရသောအခါ မို ့ပေါ့
အလှူအတန်း ဒါန ကတော့ အမြဲမပြတ် လုပ်ဖြစ်ပါတယ်
တစ်နေ ့နေ ့တစ်ချိန်ချိန်တော့
ဖြစ်လာမယ် လို ့ကိုယ့်ကိုကိုယ်တော့ ယုံကြည်မိပါတယ်