ကြုံဆုံရ Cashier ဘဝ

စဆရ ႀကီးOctober 4, 20111min22110

အများစုသော လူသားများအတွက်မူ နေ့အချိန်သည်သာ အလုပ်ချိန်ဟု သတ်မှတ်နေကြသော်ငြား တိုင်းတစ်ပါး၊ ဝေးမြေရပ်ခြားတွင် ရောက်ရှိနေသော ကျွန်တော့်အဖို့မှာမူကား ညနေစောင်းမှပင် လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်းပြုရတော့သည်။ ကန္တာရဒေသမို့ လွန်စွာမှ ပူပြင်းခြောက်သွေ့လှသည်ဖြစ်ပေရာ ရောင်ဝါထိန်ငြီးသည့် သူရိယနေမင်းကြီး အနောက်အရပ်သို့ ဝင်ရောက်ပျောက်ကွယ်သွားကာမှ နီယွန်မီးရောင်များဖြင့် ထိန်ထိန်ငြီးလျက် အေးချမ်းခြင်းဖြစ်တော့သည်။ အစွန်အဖျားမြို့နယ်လေးဖြစ်သည့်အားလျော်စွာ နေ့လည်၊ နေ့ခင်းအချိန်များသည်ကား တစ်မြို့လုံးခြောက်ကပ်လျက် တိတ်ဆိတ်ငြိမ်သက်နေသလောက် ညနေစောင်းမှပင် လုပ်ငန်းခွင်အသီးသီးမှ ပြန်လာသည့် ကားများဖြင့်လည်းကောင်း၊ ဈေးဝယ်သူများဖြင့် စည်ကားနေသည့် မြို့၏ တစ်ခုတည်းသော ကုန်တိုက်အနီးတစ်ဝိုက်တွင်လည်းကောင်း လှုပ်လှုပ်ရှားရှား အသက်ဝင်လာတော့သည်။

နေထိုင်ရာအိမ်မှတစ်ဆင့် အလုပ်လုပ်ကိုင်ရာ KFC သို့ Delivery ကားဖြင့် ရောက်ရှိသည့်အခါ ဆိုင်တွင်လည်း အတော်ပင် သက်ဝင်လှုပ်ရှားနေပြီဖြစ်သည်။ Clock In လုပ်ပြီးသည့်နောက် နေ့ခင်းပိုင်းတွင် အလုပ်ဆင်းသည့် Cashier ထံမှ POS Machine ကို ငွေစစ်ဆေးရေတွက်၊ လက်ခံပြီးသည့်နောက် ကျွန်တော်သည်ကား စိတ်ညစ်ခဲ့သည့်အကြောင်းအရာများကို ခဏဘေးဖယ်ထားပြီး မျက်နှာတွင် အပြုံးကြီးကြီးတစ်ခုကို တွဲလဲချိတ်လျက် ဆိုင်ပေါက်ဝမှ ဝင်လာသမျှ အရွယ်မျိုးစုံ၊ လူမျိုးစုံတို့အား နှုတ်ခွန်းဆက်စကားများကို ခရားရေလွှတ်၊ တတွတ်တွတ်ပြောရလေတော့သည်။ ထိုသူများမှာမူကား သွေးစုတ်ဖုတ်ကောင်များနှင့်တူသည်ဟု လူတစ်ယောက်ပြောဖူးသည်ကို အမှတ်ရပြီး ပြုံးမိလေသည်။ ညရောက်သည်နှင့် Chicken, Chicken ဟုအော်ကာ လှုပ်လှုပ်ရွရွ အောင်းနေရာများမှ ထွက်လာကြသည်ကို တွေးမိတိုင်း ကျွန်တော့်အပြုံးများမှာ ပိုအသက်ဝင်ခြင်း ဖြစ်မိတော့သည်။ လာရောက်ကြသူများမှာ များသောအားဖြင့်မူ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ကျောင်းသားအရွယ်များသာ ဖြစ်ကြသည်ကို သတိပြုမိသည်။ မိန်းကလေးအများစုမှာ ခေါင်းမြီးချုံများသာဖြစ်သောကြောင့် လှသည် မလှသည်ပင် မသိရဘဲ လက်မှ Tatoo များကိုသာ မြင်ရသည်။ Serian လေးများမှာတော့မူ အတော်လေးပင် ချောမွေ့လှပကြပေသည်။ မျက်နှာဖုံးအုပ်မထားသည်များမှာ ဖားမလေးများသာ ဖြစ်တော့သည်။

ထိုမိန်းကလေးများမှာ တစ်ခေါက်နှင့်တစ်ခေါက် မတူညီသော လူမျိုးများဖြင့် လာရောက်စားသောက်ခြင်းပြုကြသည်ကိုလည်း သတိပြုမိသည်။ လူမျိူးပေါင်းစုံ လက်ခံသည့် အမျိုးသမီးများသာ ဖြစ်တော့သည်။ ယေဘူယျအားဖြင့်မူ သွားခေါမည်၊ နှာခေါင်းပွမည်၊ ဗိုက်ခေါက်ထွက်မည်၊ အရပ်ပုမည်၊ အသားဖြူမည်၊ ဝက်ခြံတော်တော်များများပေါက်မည်၊ အပေါ်/အောက် မလုံမခြုံဝတ်မည် အစရှိသဖြင့် ဖြစ်သည်။ မြန်မာလူမျိုးတစ်ယောက်အမြင်ဖြင့်မူ စိတ်ဝင်စားစရာ တစ်စက်ကလေးမှမရှိသော၊ လျှပ်ပေါ်လော်လီသော အပြုအမူများဖြစ်သော်လည်း စင်္ကာပူတွင် တွေ့ကြုံခဲ့သည်များအရလည်းကောင်း၊ ယခုနိုင်ငံတွင် မြင်တွေ့နေရသည်များအရလည်းကောင်း ဖားမလေးများမှာ လူမျိုးပေါင်းစုံကြိုက်လေးများ ဖြစ်နေသည်ကို အံ့ဩမိခြင်းဖြစ်တော့သည်။ သူငယ်ချင်း ဖိလစ်ပိုင်ဟုခေါ်ကြသူများမှာလည်း သွေးပေါင်းစုံရောနှောနေသော မည်သည့်လူမျိုးမှန်းမသိသော ဖိလစ်ပိုင်များသာ ဖြစ်တော့သည်။ ဖိလစ်ပိုင်များမှာ ကြက်တောင်ပံနှင့် ကြက်ပေါင်ရင်းသား၊ Mash Potato နှင့် Crusher (ရေခဲမုန့်၊ သကာရည်နှင့် ဖျော်ရည်ရောမွေထားသော ) ကို ကြိုက်နှစ်သက်ခြင်းရှိကြသည်။ ဖိလစ်ပိုင်တွင်တော့မူ Halo Halo ဟုခေါ်သော ရေခဲမုန့်တစ်မျိုးရှိသည်။ မြန်မာပြည်မှ ဖာလူဒါနှင့် အတော်လေးတူသည်။ ထိုဖျော်ရည်ကို ယခုနိုင်ငံတွင် မရနိုင်သည့်အတွက် အနီးစပ်ဆုံးတူညီသော Crusher ကို ကြိုက်နှစ်သက်ခြင်းရှိကြသည်။ ဖိလစ်ပိုင်များမှာကား Cashier များနှင့် အတော်လေးပင် စကားလက်ဆုံကျချင်သူများဖြစ်သည့်အတွက် ၎င်းတို့နှင့် စကားပြောသည့်အခါ တတ်နိုင်သမျှ အမြန်ဆုံးပြောရသည်။ စက်သေနတ်ပြစ်သကဲ့သို့ ဆိုင်ရှိ Sandwich များကိုရှင်းပြခြင်း၊ အကြံပြုရောင်းချခြင်း (Suggestive sale) ကို ပြုလုပ်ရသည်။ တစ်ခုစိတ်ချမ်းသာစရာကောင်းသည်မှာ English လို အများစုနားလည်ကြခြင်းနှင့် ပြန်လည်ပြောတတ်ကြခြင်းကြောင့် ကျွန်တော့်အတွက်မူ အဆင်ပြေလေသည်။ သူတို့မှာကား Facebook တွင် ပုံများတင်ခြင်း၊ Activities များရေးသားခြင်းကို ခုံမင်ကြသည့်အလျောက် ဆိုင်ရောက်သည်နှင့် ဓါတ်ပုံရိုက်ပေးရန် လူအမြဲရှာကြသည့်အတွက် ပုံရိုက်ပေးရသေးသည့် ဒုက္ခကလည်းရှိသေးသည်။ အပြင်ပန်းအားဖြင့်မူ ခင်မင်လွယ်သည်ဟု ထင်သော်လည်း နေထိုင်ကြရာတွင် သူတို့လူမျိုးအချင်းချင်းသာ စုဝေးနေထိုင်ကြပြီး ရိုင်းပင်းကူညီခြင်းရှိကြသည်။ တစ်ခြားလူမျိုးခြားများကိုမူ ပြင်ပတွင်သာ ဖက်လှဲတကင်းနေထိုင်ကြသည်။ ဝင်ရောက်ရောနှောနေထိုင်ခြင်းကို လက်မခံကြပေ။

အများဆုံးလာရောက်ကြသည်မှာကား အာရပ်များသာဖြစ်သည်။ များသောအားဖြင့် အမျိုးသမီးများသာဖြစ်သည်။ အိမ်ထောင်မကျခင်အရွယ်များမှာမူ ကိုယ်လုံးကိုယ်ပေါက်၊ အသားအရေများမှာ လွန်စွာလှပကြသော်လည်း အိမ်ထောင်ကျပြီးသူများမှာမူ ပုံပျက် ပန်းပျက်သာဖြစ်သွားကြသည်။ ကလေးထုတ်စက်များပမာ အိမ်တွင်သာနေထိုင်ပြီး ကလေးများအားစောင့်ရှောက်ခြင်း၊ ကလေးများ မွေးပေးရခြင်းသာ ပြုကြရသည့်အတွက် ဖြစ်ပေမည်။ ထိုအမျိုးသမီးများမှာမူကား အတော်လေးပင် ဂဂျီဂဂျောင်နိုင်ကြသည်။ Sandwich အမျိုးကွဲပေါင်းများစွာကို မှာကြသည်။ အမျိုးတိုင်းတွင်လည်း ပုံမှန်ရောင်းတမ်းများကို မကြိုက်ကြပဲ အထူးပြုပြင်ပေးရသည့်အတွက် ထိုအမျိုးသမီးများလာရောက်လျင် Cashier မှာကား Sandwich Station နှင့် Counter ပြေးလွှားနေရတော့သည်မှာ ဟိုဟာ နေရာမရသည့်အလားဖြစ်တော့သည်။ ဒီ့ပြင်မကသေးပါ သူတို့နားလည်ရန်အတွက်လည်း တတ်သမျှ မှတ်သမျှ အာရဗီစကားဖြင့်လည်းကောင်း၊ English လိုတစ်ဖုံ၊ ခြေဟန်လက်ဟန်နည်းဖြင့်တစ်မျိုး ရှင်းပြရသည်မှာ အတော်လေးပင် ဂွကျလှပေသည်။ Tips သာမပေးလိုကြသော်လည်း Extra Service ကိုတော့ အတော်လေးပင်လိုချင်ကြသည်။ ဆိုင်၏ စံနစ်မှာ Counter Service သာဖြစ်သော်လည်း Table Service ထိ လိုက်ပါဆောင်ရွက်ပေးရခြင်း၊ Order များကို ဆိုင်အပြင်ဘက် ကားပေါ်ရောက်သည်အထိ လိုက်ပါပို့ဆောင်ရခြင်းတို့ကိုပါလုပ်ပေးရသည်။ ဥရောပနိုင်ငံသားများမှာမူကား စားသောက်ပြီးသမျှကို Trash Bin များတွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စွန့်ပစ်ခြင်းပြုကြသော်လည်း အာရပ်နိုင်ငံသားအများစုမှာ စားပြီးထပြန်ကြသည်သာများသည်။

နောက်တစ်မျိုးကြုံရသည်မှာကား အိနိ္ဒယနိုင်ငံသားများဖြစ်ကြသည်။ ၎င်းတို့မှာ လူစုလူဝေးနေထိုင်ရသည်ကို လွန်စွာကြိုက်နှစ်သက်ကြသလို အစပ်ဆိုလျင်လည်း စပ်ပါပေ့ဆိုသည်ကိုမှ စားသောက်လိုကြသည်။ ဈေးအသက်သာဆုံးကို လိုချင်ကြသော်လည်း အများဆုံးရနိုင်သည်ကိုသာလိုချင်ကြသည်။ Cashier ဘဝကို စတင်ကာစ ကြုံတွေ့ရသည်ဆိုလျင် လူလေးယောက်ဝင်လာသည့်အတွက် ကျွန်တော်သည်ကား ဝမ်းသာအားရဖြင့် လူလေးယောက်စာ ကြက်ကြော်ကိုပြ၊ အာပေါက်အောင်ရှင်းပြသော်လည်း မကြိုက်ကြောင်းခေါင်းခါပြ၊ ထို့နောက် ထပ်မံလျှော့ပြီး ၂ ယောက်စာ၊ တစ်ယောက်စာ၊ အစရှိသည်ဖြင့် ပြသော်လည်း ခေါင်းသာ တွင်တွင်ခါနေသည့်အတွက် နောက်ဆုံးတွင် ကျွန်တော့်မှာ ဘာလိုချင်တာလဲဟု တည့်တည့်မေးသောအခါတွင်မှ အဆာပြေစားသည့်ဟာလေးတစ်ခုကို လာဝယ်ကြခြင်းဖြစ်ကြောင်းသိရသည့်အခါတွင်မတော့ ကျွန်တော်သည်လည်း အာခေါင်တစ်ခုလုံး ခြောက်သွေ့နေပြီဖြစ်တော့သည်။ ထိုမှစပြီး နောင်တွင် ဆင်ခြင်မိပါတော့သည်။

ဆိုင်ရှိအမျိုးအမည်ကွဲပေါင်းကား လွန်စွာမှပင် များပြားတော့သည်။ မီးဖိုချောင်အတွင်း နှံ့စပ်အောင် ဖြတ်သန်းခဲ့ပြီးမှသာ Cashier ဘဝသို့ရောက်လာသည့်အတွက်သာ တော်သေးတော့သည်။ ဈေးဝယ်လာသူများ မေးသမျှကို ဖြေနေရသည်မှာ ဆရာမရှေ့တွင် စာဖြေနေသော ကျောင်းသားလေးအလားပင်။ တစ်ချိူ့သော ဖောက်သည်များမှာကား ဘာမှပြောစရာမလိုတော့အောင်ပင် သူတို့လိုချင်သည်များကို တိုက်ရိုက်မှာယူသည့်အတွက် သက်သာရသော်လည်း စကားမတိုးသည့်၊ ဘာလိုချင်မှန်းမသိသည့် ဖောက်သည်များအတွက်မှာကား ပင်ပန်းရသည်မှာ ပြောမပြချင်လောက်အောင်ဖြစ်သည်။ မြန်မာပြည်တွင် စကားနည်းနည်းပဲပြောရသည့် အလုပ်များကိုသာ လုပ်ခဲ့သော ကျွန်တော့်မှာကား ယခုမှပင် အတော်လေးပင်လေပေါသောသူတစ်ယောက်ဖြစ်လောက်အောင်၊ စကားဖောင်ဖွဲ့ပြောဆိုရခြင်း၊ အရောဝင်ခြင်းများလုပ်ရသည့်အတွက် အတော်လေးပင် စိတ်ပျက်ခြင်းဖြစ်တော့သည်။

ဆိုင်ပိတ်သိမ်းချိန်ရောက်လေပြီ…။ ဝမ်းသာခြင်းမှာ ပြောမပြတတ်အောင်ဖြစ်သည်။ တစ်ရက်တာအတွက် ကုန်ဆုံးပေပြီမဟုတ်ပါလား။ အိမ်သို့ပြန်ရတော့မည်။ ကိုယ်ပိုင်အချိန်တွေကို ပြန်ရတော့မည်ဖြစ်သည့်အတွက် Counter တွင် လိုအပ်သည့် ပစ္စည်းများကိုဖြည့်၊ ငွေရေတွက်၊ အပ်နှံပြီးသည့်နောက်တွင်မတော့ ကျွန်တော်သည်ကား တစ်ညတာ နားခိုရမည့် နေရာရှိရာသို့ ခြေလှမ်းကြဲကြီးများဖြင့် လှမ်းရင်း… လှမ်းရင်း… လှမ်းရင်း….

10 comments

  • small cat

    October 4, 2011 at 7:42 am

    ဖားဆိုတာ မြန်မာပြည်က ကြက်ကိုပြောတာလား၊?
    ကြောင်လေးတို့ကတော့ ကြွက်ပဲကြိုက်တယ်
    ကြောင်ကြီးတော့ဘာကိုကြိုက်သလဲမသိဘူး ။

    • ကြောင်ကြီး

      October 4, 2011 at 8:29 am

      ယုန်သားသန့်ရင်ကြိုက်တယ်။ ပူးသား (ပိုလန်)နဲ့ရေဆင် (ရုရှား)ဆို ပြောမနေနဲ့တော့..။
      မောင်ရှုံးရေ
      တောင်ပြုံးမှာ
      ဗျောင်ကုန်းတာ
      ယောင်ထုံးနဲ့ကွဲ့..။ 😀

  • နည်ရဲဇော်

    October 4, 2011 at 8:43 am

    ကိုယ်မရောက်ဖူးသေးတဲ့ဒေသက အတွေ့အကြုံလေးတွေဟာ ဖတ်လို့ အင်မတန် တန်ဖိုးရှိပါတယ်။ လူမျိုးတွေရဲ့ စရိုက်တွေကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်တော်တို့အလုပ်ထဲက ဖိလစ်ပိုင်မလေးတွေကတော့ တမင်များရွေးခေါ်ထားလို့လားမသိဘူး။ တော်တော်လှကြတယ်ဗျ။

  • KoNyeinChan

    October 4, 2011 at 9:32 am

    ကိုရှုံးလူရေ… နိုင်ဂျီးရီးယား ကာစတန်မာတွေနဲ ့ကြုံခဲ့ဖူးရင် ထပ်ရေးပါဗျာ.. ကျုပ်တော့ ဒီမှာ စိတ်အညစ်ဆုံး ကာစတန်မာတွေကိုပြောပါဆိုရင် နိုင်ဂျီးရီးယန်း နဲ ့ မစ်ဒယ်လ်အိစ်က သူတွေဘဲ.. နိုင်ဂျီးရီးယန်းတွေဆို သာမန်စကားပြောရင်တောင် ရန်ဖြစ်နေတဲ့အလား အော်ကြီးဟစ်ကျယ်…..

  • hmee

    October 4, 2011 at 2:50 pm

    ရှုံး..လူရေ ဒီမှာလည်း ဟဲလိုဟဲလို ဝယ်လို့ရတယ်။ မမှီက ဖာလူဒါနဲ့ တူတယ်ဆိုပြီး ဝယ်သောက်တာ တဗူး ရှကယ် (၁၀) ပေးရတယ်။ ဒီမှာလည်း ဖားတွေ အရမ်းပေါတယ်။ ရှုံးလူ ပြောတဲ့ပုံတွေပဲ တချို့ ဖားမလေးတွေတော့ တော်တော် လှတယ်။ ဂငယ်တွေနဲ့လည်းယူ၊ ဆူဒန်က အမည်းတွေလည်းယူ၊ နငယ်တွေလည်း ယူတာပဲ။ ဂငယ်တွေနဲ့ ရတဲ့ ကလေးတွေကို နိုင်ငံသားခံယူခွင့် ကြိုးစားနေကြတာ အခုထိတော့ ခွင့်မပြုသေးဘူး။ ကလေးလေးတွေကလည်း ဟီဘရူးစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြတယ်။ ဖားတွေစားတဲ့ အစားအစာက ဗမာတွေနဲ့ နဲနဲဆင်တော့ သူတို့ ရောင်းတဲ့ ဆိုင်က မုန်ကလေးတွေက စားရတာ အဆင်ပြေတယ်။ ရှုံး..လူပြောမှပဲ ကိုယ့်ဘာသာ သတိထားမိတယ် မမှီတို့လည်း မုန့်မှာရင် စကားမပေါက်ရင် လက်ဟန်ခြေဟန်နဲ့ ပုံတွေပဲ လက်ညှိးထိုးပြီး မှာရတယ်။ 🙂

  • aungnng87

    October 4, 2011 at 3:30 pm

    ဖောက်ထုပ်မတွေကတော့ ပွင့်ပွင့်လင်းလင်းရှိတယ်။ အင်းဂလိပ်စကားလည်းပေါက်တော့ လူတော်တော်များများနဲ့ဆက်ဆံလို့ရတယ်။ ဒီမှာတော့သူတို့ဦးတည်ချက်က အဖြူကောင်တွေ(ဥရောပသား)ပေါ့။ သူတို့ဖောက်ထပ်ချင်းယူကြတယ်ဆိုတာရှားတယ်။ ဘယ်လူမျိုးမဆိုယူတယ်။ ပြီးတော့မူရင်းဘာသာကနေယူလိုက်တဲ့သူရဲ့ဘာသာပြောင်းတယ်။ အဲဒီလူနဲ့ကွဲသွား
    ရင် မူလဘာသာပြန်ယူတယ်။ ပြီးတော့သူတို့ယူတဲ့သူတွေက ကိုယ်မျက်စိမှာမြင်နေရတာအဖိုးကြီးတွေများတယ်၊ပြီးတော့ခလေးမွေးတယ်။ အဲတော့ဘယ်လိုဖြစ်နေလဲဆိုတော့ အသက်၆ဝကျော်အရွယ်အဖိုးကြီးက ခလေးလေး၂နှစ်၊၃နှစ်လောက်နဲ့ဆိုတော့တမျိုးပေါ့။ အာရပ်မတွေကတော့ နည်းနည်းရိုင်းသလိုဘဲ။ မျက်မှာအမူအယာကိုက တည်တင်းတင်းနဲ့.၊sweetမဖြစ်ဘူး။ သိပ်မခင်ချင်ဘူးသူတို့တွေကို၊ ဒါပေမဲ့သူတို့တွေကတကယ်ဝယ်တဲ့သူတွေ၊ window shoppingသိပ်မဟုတ်ဘူး။ သူတို့ဆိုင်ထဲဝင်လာရင် ဝယ်ဖြစ်တာများတယ်။ ဈေးကတော့အသေဆစ်တယ်။ ကပ်စေးနှဲတွေလေ။

  • Shwe Ei

    October 4, 2011 at 4:16 pm

    ကိုရှုံး ရာထူးတိုးတာမြန်တယ်လား။ ဟိုတလောကဘဲ မီးဖိုချောင်ထဲက အကြောင်းတွေရေးနေသေးသလားလို့။ ဒါနဲ့ ကက်ရှာက ဈေးပါရောင်းရတာပေါ့နော်။

    • ကျွန်တော့်ဘဝက မတည်ငြိမ်သေးပါဘူးခင်ဗျာ
      ခု Assistant Supervisor လုပ်နေပါတယ်၊ နောက် ၆လဆို Supervisor ဖြစ်ပါပြီ။ အဲဒီတော့မှ နည်းစနစ်ပိုင်းဆိုင်ရာတွေနဲ့ ဆိုင်လည်ပါတ်ပုံ အုပ်ချုပ်ပုံတွေကို သေချာရေးပါ့မယ်။

Leave a Reply