Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျမရင်ထဲက ရာဇဝင်မြို့တော်

poochOctober 6, 20116min88353

ပြီးခဲ့တဲ့ ရက်ပိုင်းက ပုဂံကို အိမ်က မောင်နှမ တတွေ အလည်အပတ်အနေနဲ့ သွားခဲ့ကြပါတယ်။ ကျမအတွက်တော့ ၆ ခေါက်မြောက်ပါ။ ဘယ်နှစ်ခါ သွားသွား ဘယ်အချိန်သွားသွား ဘယ်တော့မှ မရိုးတဲ့ သမိုင်းတွင်တဲ့ ကျမရင်ထဲက  ရာဇဝင်မြို့တော်ပါ။ အခုတခေါက်သွားတဲ့ အချိန်မှာ ထူးထူးဆန်းဆန်း မိုးတွေရွာနေခဲ့ပါတယ်။ မြင်မြင်သမျှကလည်း စိမ်းစိုနေပါတယ်။မိုးတွင်းမို့  မိုးရွာတာအဆန်းမဟုတ်ပေမဲ့ ပုဂံမိုးက ကျမအတွက်တော့ ဆန်းပါတယ်။ပုဂံက အင်မတန်မှကို မိုးနည်းပြီး ခြောက်သွေ့လွန်းတဲ့နေရာပါ။ သွားလည်ခဲ့တဲ့ အကြိမ်တိုင်း  နေပူပူမှာ ဖုန်ထူထူနဲ့ တွေ့ခဲ့တာပါ။

ဒီတခါတော့ ကားက အဲယားကွန်းကတမျိုး အပြင်မိုးက တဖုံနဲ့ နှာရည်တွေတောင် ရွှဲလို့လာပါတယ်။ အံ့ဖွယ်ပါပဲ။ ပုဂံမှာ ရာသီဥတု ကောင်းလာတာ မနှစ်ရယ် ဒီနှစ်ရယ် ၂ နှစ်ရှိပါပြီလို့ ဂိုက်လုပ်တဲ့  သူ ကပြောပါတယ်။ ဥတုရာသီတောကို မှီလာပြီထင်ပါတယ်။ အကုန်လုံး က Global warming ဖြစ်လာပြီလို့ အော်နေကြတဲ့ အချိန်မှာ ပုဂံက အသစ်တဖန်မွေးဖွားလာသလို ထင်ရပါတယ်။ ပုဂံကို စိမ်းလန်းစိုပြေ အောင်စီမံကိန်းတွေ ချနေတယ် လုပ်နေတယ်လို့ ကြားခဲ့ မြင်ခဲ့ရစဉ်အခါတုန်းက စိတ်ထဲမှာ သိပ်မမျှော်လင့်မိပါဘူး။  တကယ်အကောင်အထည်ဖော်လိမ့်မယ်လို့လဲ မထင်ခဲ့ပါဘူး။

ဒါပေမဲ့ မရောက်ဖြစ်တဲ့ နှစ်တွေ အတောအတွင်းမှာ ရာဇဝင်မြို့တော်ကြီး တဖန်ပြန်လည်စိမ်းလန်းနေတာကို တွေ့လိုက်ရပါတယ်။ ရင်ထဲမှာလည်း  အတော်လေးကို လန်းဆန်းသွားပါတယ်။ ကျွန်းစိုက်ခင်းတွေလည်း တွေ့ခဲ့ပါတယ်။ အတော်လေးကို ရှင်သန်နေပါပြီ။

ကျမ ပုဂံကို ဟိုးအရင်သွားခဲ့စဉ် အခါတုန်းက  ရင်ထဲမှာ သိပ်မခံစားတတ်ပါဘူး။ ဒီတခါ သွားတာတော့ အဓိပ္ပာယ်အပြည့်   ၊  ခံစားမှု အပြည့်   နဲ့ သွားခဲ့တာပါ။ မြန်မာပြည်ကြီး စတင်မွေးဖွားပေးရာ ဇာတိမြေ၊ ဘာသာတရားတို့ အစပြုရာဒေသ   ဆိုတဲ့

အသိနဲ့သွားခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့  အခုနောက်ပိုင်းကျမ တို့ နိုင်ငံကို ယူနက်စကို မဝင်တဲ့ သမိုင်းဝင်တဲ့   အမွေအနှစ်တွေ မရှိတဲ့ တိုင်းပြည်လို့ ပြောကြရေးကြတာတွေကို တွေ့နေမြင်နေမိလို့ပါ။  မော်ကြွားစရာ ဘာမှ မရှိဘူးလို့ လည်း ပြောကြရေးကြပါသေးတယ်။ ပြောချင်နေတာ ကြာပါပြီ။ ရင်ထဲမှာ ကလိကလိနဲ့ပါ။ ပုဂံနဲ့တောင်ကြီးခရီးစဉ် မှာ ကျမက တမင်တကာ  ပုဂံကိုရွေးခဲ့တာပါ။

အဲ့ဒီအနောက်တိုင်းသားများဟာ အင်မတန်မှကို  အဆင့်အတန်းခွဲလွန်းတယ်လို့ ကျမတော့ထင်မိပါတယ်။ ဟိုတလောက ကြားမိပါသေးတယ်။ ကျမတို့ ငယ်ငယ်က သင် ခဲ့ ရတဲ့ စကြာဝဋ္ဌာထဲက ဂြိုလ်ကြီး ၉ လုံးကိုတောင်မှ အဲ့ဒီ ၉ လုံးထဲက တလုံးဟာ သူတို့ သတ်မှတ်ထားတဲ့  ဂြိုလ်အဆင့်မမှီတဲ့အတွက်ဆိုပြီးတော့ စာရင်းထဲက ထုတ်ပြီး ဂြိုလ်သိမ်ဂြိုလ်မွှားလို့ သတ်မှတ်ပါသတဲ့။  နေရင်းထိုင်ရင်း အဲ့ဒီဂြိုလ်လည်း အဆင့်လျှောရပါသေးတယ်။ အခုဂြိုလ် ကြီး ၈ လုံးပဲ ရှိပါတော့တယ်။

ကျမတို့ရဲ့ ဇာတိမြေကိုလည်း အထိန်းအသိမ်းမတတ်လို့  ဆိုပြီး ယူနက်စကို စာရင်းမသွင်းပါဘူးတဲ့။ သိပ်တော့လည်း အရေးမကြီးလှပါဘူး။  သူတို့ စာရင်းမသွင်းတာနဲ့ပဲ ကျမတို့ရဲ့ သမိုင်းတွင်ခဲ့တဲ့ ရာဇဝင်မြို့တော်ကြီးက ပျောက်ပျက်သွားမှာမှမဟုတ်တာ။

ကျမတို့ တိုင်းပြည်ကို ထူထောင်ပေးခဲ့တဲ့ ဘိုးဘေးများရဲ့ ကျေးဇူးဟာ ခုနေခါမှာ တွေးကြည့်လေ ပိုပြီးတော့တောင ်ကျေးဇူးတင်စရာကောင်းလေ ဖြစ်ပါတယ်။ မြေပုံပေါ်မှာ ကိုယ့်တိုင်းပြည်တခုထူထောင်ဖို့ အတွက် သွေးချောင်းစီးအောင် မပြီးနိုင်မစီးနိုင်တိုက်ယူနေဆဲ တို်င်းပြည်တွေ ၊ မြေပုံပေါ်မှာ နေရာပျောက်သွားတဲ့တိုင်းပြည်တွေတောင်   ရှိနေပါတယ်။ နိုင်ငံမဲ့ လူတန်းစား ၁၂ သန်းတောင်ကျော်လာပြီလို့ လည်း ဟိုတလောကမှ  ဖတ် လိုက်ရပါသေးတယ်။

အဲ့ဒီလိုလူတွေ တိုင်းပြည်တွေနဲ့စာရင် ကျမတို့ က ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဇာတိ ၊ ကိုယ့်ယဉ်ကျေးမှု ၊ ကိုယ့်စာပေ၊ ကိုယ့်ဘာသာနဲ့ လုံလုံခြုံခြုံ ၊ ဝင့်ဝင့်ကြွားကြွား နေနိုင်ပါသေးတယ်။ ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာက  ဘိုးဘေးတွေ အစဉ်အလာနဲ့ ထားခဲ့လေတဲ့တိုင်းပြည်ကို နောင်လာနောက်သားများက အထိန်းအသိမ်းမတတ်လေတော့ ပိုပိုပြီး ဝင့်ကြွားရမဲ့အစားမှေးမှိန်လာခဲ့ပါတယ်။

ဒေသတွင်းနိုင်ငံများက ကိုယ့်ထက်သာလိုသာ၊ အိမ်နီးချင်းနိုင်ငံများက  နှိမ်လိုနှိမ်၊ ကိုယ့်အိမ်ထဲဝင်ပြီး လှန်လှောပြီးရှိတာတွေ ယူလိုယူနဲ့ပါ။ အဆီကိုစားပြီး အသားကိုမြိုယုံတင်မက လည်ချောင်းသွေးကိုပါ ဖောက်သောက်ဖို့ ကြိုးစားလာလို့ ရှိတဲ့အားနဲ့ တားရတာကို တသက်လုံး ငါပေးတာယူ ငါကျွေးတာစားပြီး ငါထားသလို နေတာကနေ ငါမွေးတဲ့မျောက်က ငါ့ပြန်ခြောက်နေပြီလို့ ပြောနေပြန်ပါသေးတယ်။

ပုဂံပြည်ကို တည်ပေးခဲ့တဲ့ မြန်မာပြည်ဆိုတာကို အစပြုခဲ့ကြတဲ့ ဘိုးဘေးများ ကြားရင် ရင်တွေတောင်ကွဲထွက်ကုန်ပါလိမ့်မယ်။

ဒီလိုတွေ အပြောခံ အဖြစ်ခံရတာတွေဟာ  နောင်လာနောင်သားတွေ အထိန်းအသိမ်းညံ့လို့ပါ။ အုပ်ချုပ်ရေးယန္တရားကြီး နှစ်ပေါင်းများစွာ ချွတ်ချော်တိမ်းစောင်းနေခဲ့လို့ပါ။ ကိုုယ့်လူမျိုးတွေသာ လူညံ့ဆိုရင် ခုချိန်မှာ ဒီလို မြေပုံပေါ်မှာ တနေရာစာတောင်ထားနိုင်ခဲ့မှာ မဟုတ်ပါဘူး။

ခေတ်အဆက်ဆက် ဆက်ခံသူများရဲ့  အရည်အသွေးတွေ ညံ့ဖျင်းကျဆင်းလာလို့ သာ ဒီလိုဘဝရောက်ကုန်တာပါ။ ကိုယ့်လူမျိုးတွေ က ဘယ်လောက်တောင် အစွမ်းအစရှိလည်းဆိုရင် ကမ္ဘာ့ကုလသမဂ္ဂက  အထိလည်း အုပ်ချုပ်ခဲ့ဖူးတယ်။ ဘောလုံးမှာလည်း ရွှေခေတ်ရောက်ခဲ့ဖူးတယ်။ နိုဗယ်ဆုရှင်လည်း ရှိခဲ့တယ်။  အခုလက်ရှိလည်း ပြည်ပ မှာ အောင်မြင်ကျော်ကြားနေတဲ့ သူတွေ ဒုနဲ့ဒေးပါ။  ဒေသတွင်းနိုင်ငံများကလည်း တက္ကသိုလ်ဆိုတာကို ကိုယ့်ဆီမှာ တကူးတက လာတက်ခဲ့ကြဖူးတယ်။

 

အဲ့ဒီဘဝကနေ ဒီဘဝရောက်လာရတာ အတော်လေးတော့ ရင်နာစရာကောင်းပါတယ်။ ဒါပေမဲ့ ကျမတို့ ဆီမှာ အခုတော့ ရောင်နီသန်းလာပါပြီ။ အခွင့်အရေးတွေ ပေါ်လာတဲ့အခါ အခုခေတ် မျိုးဆက်တွေရဲ့ အစွမ်းကို မြင်ကြတွေ့ကြရတော့မှာပါ။ ကျမက တော့ အကောင်းဘက်ကပဲ လှည့်တွေးပါတယ်။ ကျမတို့တွေလည်း တပွဲတလမ်းတော့  အကဲစမ်းကြရတော့မှာပါ။ ဘယ်သူ့ကိုမှ လက်ညှိုးမထိုးပဲ  ကိုယ့်အားကိုယ်ကိုးပြီး ကောင်းအောင်နေကြရတော့မှာပါ။ နေလို့ ရတဲ့ အနေအထားတွေ မကြာခင်မှာ ရောက်လာပါစေလို့လည်း ဆုတောင်းမိပါတယ်။

ပြီးတော့ သမိုင်းမှာ နာမည်ကြီးလှတဲ့နေရာတွေကို အသေအချာသွားခဲ့ပါသေးတယ်။ သူတို့ အခေါ် Local sight နဲ့ Foreigner sight ဆိုတဲ့ နေရာတွေကိုလည်း အကုန်နှံ့အောင်သွားခဲ့ပါတယ်။

သမိုင်းတွေကို လိုက်ရှင်းပြတဲ့ ဂိုက်ကိုလည်း ကျမက ပြသာနာတော်တော်လေးရှာလိုက်ပါသေးတယ်။ ဒီလိုပါ သူပြောတဲ့ ပုဂံပြည်မှာ စစချင်း ဖိုထိုးပြီး ဓာတ်လုံးအောင်တဲ့သူကို(သူ့ဓာတ်လုံးနဲ့ ထိသမျှှ သံ၊ကြေး၊သွပ် မှန်သမျှ  ရွှေ  ဖြစ်တဲ့အတွက် ပုဂံမှာ မုဆိုးမက အစ ဘုရားတည်နို်င်တာလို့ အဆိုရှိခဲ့တာပါ) သူက လို့ ရဟန္တာ လို့  သမုတ်ပါတယ်။ ကျမက လက်မခံပါဘူး။ အဲ့ဒါ ရဟန္တာ မဖြစ်နိုင်ဘူး၊ ထွက်ရပ်ပေါက် ဝိဇ္ဇာ ပဲ ဖြစ်မယ်လို့ ငြင်းပါတယ်။

သူက ဟုတ်ပါတယ် ။ အမပြောတာဖြစ်နိုင်ပါတယ်လို့ ပြောရှာပါတယ်။

နောက် အနော်ရထာ ကျွဲခတ်လို့ နတ်ရွာစံတဲ့နေရာမှာ နားတောင်းတွေ့တယ်လို့ ပြောတော့ ကျွဲက  နားတောင်းမဝတ်ဖူးဆိုတော့ ထိန်ပင်စောင့်နတ်က ကျွဲယောင်ဆောင်တာလို့ရှင်းသွားပါတယ်။

ကျန်စစ်သားက အပါယ်ရတနာအတွက်ရည်စူးပြီး ဘုရားတဆူ ၊ ခင်ဦးအတွက် ရည်စူးပြီး ဘုရားတဆူတည်တယ်ဆိုတော့  ကျမရဲ့ညီမတယောက်က  သူ့မှာ မိဖုရား ၄ ပါးလေ ဘာဖြစ်လို့ ၂ ယောက်ကိုပဲ တည်ပေးတာလည်းဆိုတော့ သူက မဖြေနိုင်တော့ ရီနေပါတယ်။ ကျန်တဲ့ညီမ က သူက စစ်တို်က်ဘာတိုက်နဲ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူဆိုတော့  အားတာမှမဟုတ်တာ၊ ့ မအားတဲ့ကြားက အားသလို တည်သွားတာနေမှာ ဆိုတော့  အဲ့ဒီဂိုက်က ကျမ ညီမကို အမက တော်လေးဝ ဝင်တယ်လို့ အငေါ်တူးသွားပါတယ်။

အဲ့ဒီဂိုက်က သမိုင်းနဲ့ကျောင်းပြီးတာပါ။  ကျမတို့နဲ့တွေ့မှ သူလည်း ချွေးပျံ  ရရှာပါတယ်။

ကုလားသတ်လို့သေတဲ့ ကုလားကျမင်းလို့ခေါ်တဲ့ နရသူရဲ့ သမို်င်းကို ပါးစပ်ရာဇဝင်နဲ့ နားထောင်ရတာကလည်း အလွန် စိတ်မသက်မသာဖြစ်မိပါတယ်။ နရသူက (အဖသတ်ပြီးထီးနန်းလုခဲ့သူပါ)  ဘီလူးဘဝကနေ လူဝင်စားဖြစ်လာတာမို့ အလွန်အင်မတန်မှကို ဒေါသကြီးပြီး ညစ်ပတ်ပါတယ်တဲ့။ ဘယ်လောက်တောင် ညစ်ပတ်သလဲဆိုရင် ရေမချိုးဘူး၊ ထမင်းစားရင်လည်း လက်မဆေးတဲ့အပြင်၊ အိမ်သာတက်တာတောင်လက်မဆေးပါဘူးတဲ့။  ဒါပေမဲ့ သူသိမ်းပိုက်ထားတဲ့ ပဋိက္ခရားမင်းသမီး (ကုလားပြည်ကမင်းသမီး)ကတော့ အင်မတန်မှကို အသန့်အပြန့်ကြိုက်လေတော့ သူလာရင်ရှောင်ဖယ်ဖယ်လုပ်တဲ့အတွက် စိတ်တိုပြီး သန်လျက်နဲ့ သုံးပိုင်းပိုင်းပြီး သတ်ခဲ့ပါသတဲ့။ နောက်မှ နောင်တရပြီး သူ့ကိုရည်စူးပြီး ဘုရားတည်ပေးခဲ့တာပါ။  နောက်ပိုင်းအဲ့ဒီ မင်းသမီးရဲ့ ဖခင်က လူလွှတ်သတ်ခိုင်းတဲ့အတွက် ကုလားသတ်လို့သေပြီး ကုလားကျမင်းဆိုပြီး ရာဇဝင်မှာ အမဲစက်ထင်ခဲ့ရတာပါ။

ပျူစောထီးငှက်ပစ်တဲ့နေရာကို သွားပြီး ကြည့်ပါသေးတယ်။ ငှက်ကြီးက မိန်းကလေးတွေကို ချောချောလှလှမှစားတာပါတဲ့။ မှဲ့၊ ဝက်ခြံ၊ ကျောက်ပေါက်၊ အမာရွတ်ပါတာ  ၊ ပိန်လွန်းဝလွန်း ၊ အသားမဲ သော၊ ဖင်တုံကြီးသော၊ ဖြူလွန်းသော  သူများကိုမစားပါဘူးတဲ့။ ဖွားစောရွာသူ  ခြောက်ပြစ်ကင်း သဲလဲစင်ကိုမှ ရွေးစားတာပါတဲ့။ အဲ့ဒီငှက်ကြီး  အခုခေတ်မှာသာဆို ငတ်သေမှာလို့  ကျမစိတ်ထဲတွေး  မိပါသေးတယ်။ သူ့အတောင်တွေဖြန့်ထားလိုက်ရင် ပုဂံတပြည်လုံးနေပြောက်တောင်မထိုးနိုင်အောင် ပါပဲတဲ့။ သူ့ခေတ်သူ့အခါမှာတော့ အတော်လေးကြောက်ခဲ့ကြမှာပါ။

နောက် အေဒီ ၁၁ ရာစုမှာ တည်ခဲ့တဲ့ ဘုရားတွေဆိုရင်  သူတို့ရဲ့ ဗိသုကာပညာများဟာ အံ့မခန်းပါ။ မွန်တို့ရဲ့ လက်ရာများလည်းတွေ့ရပါတယ်။  ရပ်တော်မူဘုရားတဆူဟာ အနီးနားက ကြည့်ရင် မျက်နှာတော် တည်တည်ကို ဖူးရပါတယ်။ ဒုတိယပတ်လမ်းကသွားကြည့်ရင်တော့ အနည်းငယ်ပြုံးသယောင ် ဖူးမြင်ရပါတယ်။ တတိယပတ်လမ်းက သွားကြည့်ရင်တော့ ပြုံးရွှင်ကြည်သာနေတဲ့ မျက်နှာတော်ကို ဖူးရပါတယ်။

ပြောရရင်တော့ ကုန်နိုင်မှာတောင်မဟုတ်ပါဘူး။

 

ဒီပုံတွေက အေဒီ ၁၁ ရာစု (လွန်ခဲ့သော နှစ်ပေါင်း ၉၀၀) က မူရင်းအတိုင်းကျန်ရှိနေသေးတဲ့အထဲက တချို့တလေလက်ရာများပါ။ အုတ်ချပ်များကိုလည်း တွေ့ရမှာပါ။ငလျင်ဒဏ်ကြောင့် ယိုင်သွားတဲ့ တံတိုင်းတခုပါ။

 

သဘာဝက ပေးတဲ့အလင်းကိုလည်း အသေအချာ တွက်ချက်ပြီးတော့မှကို ဂူတွေထဲမှာ နေပေါက် လေပေါက်တွေကို ထည့်ပေးခဲ့တာ ပညာသားပါလှပါတယ်။

ပုဂံခေတ်က ဗိသုကာပညာရပ်များဟာ အင်မတန်မှ အံ့ဩစရာကောင်းပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မှတ်တမ်းမတင်နိုင်ခဲ့သလို  ဘယ်သူကမှလည်း လက်ဆင့်ကမ်းပြီး မထိန်းသိ်မ်းနိုင်ခဲ့ကြတာကတော့ ဝမ်းနည်းစရာကောင်းပါတယ်။

 

နောက်တခုက ငလျင်ဒဏ်ခံရတာတောင် သူ့အတိုင်းရှိနေသေးတဲ့နေရာတွေကိုလည်း တွေ့ခဲ့ပါတယ်။ ဘုရားတဆူကိုလည်း အန္ဒိယက         ဗိ သုကာပညာရှင်များလာရောကြ်ပီး ရှေးမူမပျက်ထိန်းသိမ်းပြုပြင်ပေးနေတယ်လို့ ပြောပါတယ်။ တချိန်က  ယူနက်စကို အဖွဲ့ဝင်များ ပုဂံဘုရားတော်တော်များများမှာ နံရံဆေးရေးပန်းချီကားတွေကို လာပြီး ချေးချွတ်ပေးတဲ့ ထိန်းသိမ်းပြုပြင်ပေးတဲ့  အတွက ် တချို့နေရာ တော်တော်များများ မှာ နံရံဆေးရေးပန်းချီတွေက ို  လွန်ခဲ့တဲ့ နှစ် ၉၀ဝ ကျော်က အတိုင်း  လက်ရာတချို့တဝက်ကိုလည်း မြင်ခဲ့ရပါတယ်။

ဒီလောက်နှစ်အကြာကြီး ကြာတာတောင် ကျန်နေနိုင်သေးတဲ့ ဆေးပန်းချီကို ဘယ်လိုများဖော်စပ်ခဲ့ကြတာပါလိမ့်လို့လည်း တွေးမိပါတယ်။ ပုဂံပြည်ကို မွန်ဂိုတွေ လာတိုက်တဲ့အချိန်မှာ မပြီးပြတ်သေးတဲ့ ဖွားစောရွာက ဘုရား ၃ ဆူဘုရားကိုလည်း ဖူးခဲ့ရပါတယ်။ စစ်တွင်းကာလ  မွန်ဂို စစ်သားရဲ့ ပုံကို နံရံဆေးရေးပန်းချီမှာ ထည့်ဆွဲထားတဲ့ တဆူတည်းသော ဘုရားကိုလည်း တွေ့ခဲ့ပါတယ်။

 

နောက်ထပ်ထူးဆန်းတာတခုက အခုတခေါက်မှ ဖူးခဲ့ရတဲ့ ဓမ္မပါလ စေတီဆိုတဲ့ ဘုရားပါ။ အခေါက်ခေါက်သာသွားတယ် မရောက်ပါဘူး။ အဲ့ဒီမှာ မကျွတ်သေးတဲ့  ဓမ္မပါလ  စစ်သူကြီးက ဘုရားရှေ့မှာ မားမားကြီးရပ်နေတဲ့ပုံကို ဓာတ်ပုံဆရာတယောက်က  ည ၁၀  နာရီလောက်မှာ ဘုရားအလှကို ဓာတ်ပုံစောင့်ရိုက်ရင်းတွေ့ခဲ့တာပါ။ သူ့ရိုက်တဲ့အထဲက ၂ ပုံမှာ လာပေါ်တာပါ။ သူက ရှေးဟောင်းသုတေသနက လူကို သွားပြပါတယ်။ သုတေသီက အဲ့ဒီဘုရားက ကျောက်စာကို နှစ်ခြမ်းကွဲလျက်တွေ့ထားတာပါ။ နောက ်ဘုရားမှာ ရှိတဲ့အစောင့်ကိုလည်း ဝင်ပူးပြီး သူ့အတွက်နေရာတောင်းပါတယ်တဲ့။

ပထမတော့ ဓာတ်ပုံဆရာနဲ့ သုတေသီနဲ့ လုပ်စားပါတယ်ဆိုပြီး ပြသာနာတွေတက်ပြီး အတော်လေးရှင်းလိုက်ရပါတယ်တဲ့။ နောက်ပိုင်းမှ ကျောက်စာတွေရော ဝင်ပူးတာတွေရော ဆက်စပ်ပြီးမှ ဒါဟာ စစ်သူကြီးပါလို့ လက်ခံထားတာပါတဲ့။ အဲ့ဒီဘုရားတည်ထားတဲ့မြေက အဲ့ဒီစစ်သူကြီးပိုင်တဲ့ လယ်တွေယာတွေ အိမ်တွေအားလုံးကို လှူထားတာမို့ (ကျောက်စာအရ)သူက အစွဲကြီးပြီးမကျွတ်တာလို့ အားလုံးက ယူဆပါတယ်။

ကျမက စစ်သူကြီးလား ရိုးရိုးလူလား ဘယ်လိုလုပ်သိမှာလည်းလို့ အထွန့်တက်လို့ ဂိုက်က အတော်လေးကို ရှင်းယူပါတယ်။ သူ့ အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်လို့ပါ။ ရှေးခတ် ပုဂံသားရုပ်ထွက်နေတာမို့ ရွာသားတွေအတွက် ဗဟုသုတအနေနဲ့ ဓာတ်ပုံကို ဓာတ်ပုံပြန်ရိုက်ပေးခဲ့ပါတယ်။နည်းနည်းတော့ ဝါးပါတယ်။ ယုံတာမယုံတာ ကိုယ့်သဘောပါ။ ဒီဓာတ်ပုံ အစစ်ဆိုတာ အဆင့်ဆင့် ဆိုင်ရာများက စစ်ဆေးပြီးသားပါတဲ့။

စကားစပ်လို့ ပြောလိုက်ပါအုန်းမယ်။ အဲ့ဒီစစ်သူကြီးက ပုဂံခေတ်က ဝတ်စုံကို ဝတ်တာမှာ တိုက်ပုံနဲ့ ခပ်ဆင်ဆင်တူတာကို ဝတ်ထားခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံသာ အစစ်ဆိုရင်  ကျမတို့ တိုက်ပုံဆန်တဲ့ ဝတ်စုံက ပုဂံခေတ်က တည်းကလို့ ပြောမယ်ဆို ပြောလို့ ရပါတယ်။ မယုံလို့  ငြင်းချင်ရင် လည်း ငြင်းလို့ရပါတယ်။

 

 

ဒီလိုနေရာ ဒီလို အကြောင်းတွေကို အရင်က အခေါက်ခေါက်အခါခါရောက်ပေမဲ့ အမှုမဲ့အမှတ်မဲ့ပါ။ ခုတခါ ဂိုက်ပါတဲ့အတွက် အချိန်ကုန်သက်သာပြီး နေရာအနှံ့ရောက်ခဲ့ပါတယ်။ ကျမက  ပုဂံနဲ့ ပတ်သတ်တဲ့ သမိုင်းများကိုလည်း စာအုပ်အတော်များများမှာ ဖတ်ခဲ့ဖူးပြီးသားပါ။ ဒါပေမဲ့ သူတို့ ဆီက ပါးစပ်ရာဇဝင်များကလည်း သူ့ဟာနဲ့သူတော့ အဟုတ်ပါ။ သမိုင်းသုတေသီတွေကလည်း သူတို့ အထောက်အထားများနဲ့ အမှန်ကို အနီးစပ်ဆုံးထောက်ပြကြပါတယ်။  ဖော်ထုတ်ခဲ့ကြပါတယ်။

မတူတဲ့ ကွဲလွဲတဲ့ အချက်တွေလည်း အမြောက်အမြား   ရှိပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ်ပါ ဘိုးဘေးတွေ တည်ခဲ့ကြလေတဲ့ ဇာတိမြေဆိုတော့လည်း  လျှို့ဝှက်ချက်တွေ ၊ ဆန်းကြယ်မှုတွေ အပြည့်နဲ့ပါ။ ကျမတို့ရဲ့ ဘိုးဘေးများဟာ လူတော်တွေဆိုတာကိုတော့  ပုဂံကို ရောက်ဖူးသူတိုင်း  ငြင်းမရတဲ့အချက်ပါ။

ပျူတို့ရဲ့ မြို့ကွက်များတူးဖော်နေတာကိုလည်း   တွေ့မိပါတယ်။ ဝင်လို့တော့မရပါဘူး။   ပျူလူမျိုးများဟာ ဘာသာတရားနဲ့ ယှဉ်ပြီး အေးဆေးသိမ်မွေ့တယ်။ သူတို့ရဲ့ အတွေးခေါ် ၊ အစီအမံနဲ့ အတတ်ပညာပိုုင်းဆိုင်ရာတွေမှာ  အဆင့်အတန်းမြင့်မားတယ်လို့ တွေ့ရှိရတဲ့ ပစöည်းများအရ သိရပါတယ်တဲ့။

ပျူတွေမှာလည်း ရာဇဝင်အခိုင်အမာရှိခဲ့ပါတယ်။ ဘာကြောင့် တိတိကျကျမပြောနိုင်တာလည်းဆိုတော့ အရိုးပြာထည့်ထားလေ့ရှိတဲ့ ကျောက်အရိုးအိုးများနဲ့ ဘုရားပလ္လင် စာများကို အစအဆုံး မဖတ်နိုင်ကြသေးလို့ပါတဲ့။

နောက်ပြီး သတင်းကောင်းတခုကိုလည်း ကြားခဲ့ရပါတယ်။

 

အခုတူးဖော်ရရှိတဲ့ ပျူမြို့ဟောင်းများဖြစ်တဲ့  သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန် လင်းမြို့များကို   ကမ္ဘာ့ ရှေးဟောင်း  ယဉ်ကျေးမှု    အမွေအနှစ်စာရင်းသွင်းပြီး(World Heritage List)  ယူနက်စကို စာရင်းဝင်ဖို့ ဆိုင်ရာများက ကြိုးစားနေတယ်ဆိုပါတယ်။ ယူနက်စကို စာရင်းဝင်နိုင်ရင်တော့ အကောင်းဆုံးပါ။

ဒါမှသာ အဆင့်အတန်းကိုရှာကြံခွဲပြီး  ချိုးချိုုးဖဲ့ဖဲ့ နှိမ်ပြီး ချဉ်ပေါင်ရွက်အစ ပုန်းရည်ကြီး အဆုံး      အရေးလုပ် ပြောဆို  နေကြတဲ့လူတွေကိုု ပြန်တု ပြောနိုင်မှာပါ။ ပြောတဲ့ နှိမ်တဲ့သူများကလည်း နိုင်ငံခြားသားများမဟုတ်ပဲ ပြည်ပရောက်ကိုယ့်နိုင်ငံသား တချို့တလေတွေဖြစ်လို့ နေပါတယ်။ ဆရာကြီး လူထုစိန်ဝင်းကလည်း ဆောင်းပါးတပုဒ်မှာ နိုင်ငံခြားက ပြန်လာတဲ့ သူ့တပည့်များ အဲ့ဒီလို ပြောလေ့ရှိတယ်လို့ ရေးတော့ ကျမစိတ်ထဲ ဘယ်လိုမှ မနေခဲ့ပါဘူး။ ဒါပေမဲ့ ကျမကိုယ်တိုင် နားနဲ့ ဆတ်ဆတ်ကြားပြီး ရေးတာတွေကိုလည်း မျက်ဝါးထင်ထင်မြင်ခဲ့ရမှ သာ ဆရာကြီးရေးတဲ့ “နိုင်ငံခြားရောက် ကို ရွှေနိုင်ငံခြားသားများသို့”  ဆိုတဲ့ ဆောင်းပါးကို အပြည့်အဝ နားလည်ခဲ့ပါတယ်။

တချို့ကလည်း ရွှေထီးဆောင်းတဲ့ခေတ်ကို လွမ်းမနေကြပါနဲ့ လို ့ ပြောတတ်ကြပါသေးတယ်။ လွမ်းစရာရှိမှ လွမ်းလို့ ရတာပါရှင်။ လွမ်းဖို့ မကောင်းရင် စကားထဲတောင်မထည့်ပါဘူး။  ရွှေထီးဆိုတာ ဆောင်းခဲ့ဖူးတဲ့ အတွက် နောက်တခါ ဆောင်းဖို့ အားသစ်မွေးတဲ့အနေနဲ့ လွမ်းကြရတာပါ။

ကမ္ဘာ့ကုလသမဂ္ဂက  ပညာရှင်၊ သိပ္ပံနှင့် ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးအဖွဲ့ (UNESCO)က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွေ  ပြီးစီးပြီဆိုရင်တော့  ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာမှာလို့ ပြောပါတယ်။ ဝင်ရန် ရာနှုန်းပြည့်ပါ။

၁၉၉၈ခုနှစ်က  ရှေးဟောင်းအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၁ခုနှစ်မှာ  အဆို ပါ ဥပဒေ၏နည်းဥပဒေကိုပြဋ္ဌာန်း ဆောင်ရွက်ကာ ရှေးဟောင်းယဉ် ကျေးမှုဇုန် ၃ရဇုန် သတ်မှတ်ထားခဲ့ပြီးပါပြီ။

ယူနက်စကို စာရင်းသာ ဝင်နိုင်လို့ကတော့ သူတို့ အဖွဲ့အစည်းရဲ့ ဓာတု ဗေဒဆေးဝါးများဖြင့် ခေတ်မီ  ပစ္စည်းကိရိယာများကို အသုံးပြုပြီး ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းတဲ့ အတတ်ပညာက ကျမတို့ ဆီကို ရောက်လာမှာပါ။ ရှေးမူမပျက် ထိန်းသိမ်းရတဲ့ တန်ဖိုးကိုလည်း အပြည့်အဝနားလည်လာကြတော့မှာပါ။

 

ကျမက ယွန်းထည်တွေ လုပ်တဲ့ လုပ်ငန်းဆီကိုလည်း သွားပြီး လေ့လာခဲ့ပါတယ်။စကားစပ်လို့ ပြောရရင် ယွန်းပေလွှာပေါ်မှာ မင်္ဂလာ ဖိတ်စာရေးခိုင်းတာကိုလည်း တွေ့ခဲ့ရပါတယ်။ဖိတ်စာ တချပ်ကို ၅ ထောင်ကျပ်ကျပြီး ၅  လ ၆ လ လောက် ကြိုအပ်ရ   တာပါတဲ့။ ချမ်းသာသူများကလည်း အတော်ကို ချမ်းသာနိုင်ကြပါတယ်။  ပုန်းရည်ကြီး ကို တမြို့လုံးဖြန့်တဲ့ ပင်ရင်းကိုလည်း သွားခဲ့ပါသေး တယ်။

 

နောက် ဦးတေဇပိုင်တယ်ဆိုတဲ့ Aureum Palace  ဆိုတဲ့ ဟိုတယ်အကြောင်းလဲ ကြားခဲ့ရပါတယ်။ အကောင်းဆုံးအခန်းက တညကို မြန်မာငွေကျပ် ၉ သိန်းခွဲ ကျသင့်ပါတယ်တဲ့။ သာမန် ဟိုတယ်များထက် ၂ ဆကျယ်တဲ့  အိပ်ခန်း ၂ ခန်းပါပြီး ၊ ဧည့်ခန်း၊ ရေချိုးခန်းတွေအပြင် ရေကူးကန်အသေးစားလေးပါ ထည့်ပေးထားပါတယ်တဲ့ ။ သူ့ရဲ့ ပါတနာများ အများစု တည်းလေ့ရှိပြီး ၊ သူ့ရဲ့ အတော်အတန်အားကိုးရသော အလွန်ရင်းနှီးသော ဝန်ထမ်းများကိုတော့ အလကားတည်းခွင့်ပြုပါတယ်တဲ့။ တခြားသူများတော့ မတည်းသလောက်ပါတဲ့။   ကျမတို့ ဂိုက်က ရောက်ဖူးသွားဖူးလို့ သာ  ပြောပြနိုင်တာပါ။  ကျမတို့ ကလည်း အဲ့ဒီ ဟိုတယ်ကို မျက်လုံးလေးနဲ့ ပဲ စွေကြည့်ရုံပါ။

မိုးပျံပူဖောင်းစီးပြီး ပုဂံမြို့အလှကို ကောင်းကင်ထက်က ခံစား ချင်သူများအတွက်လည်း  တခါစီး တယောက်ကို  အမေရိကန် ဒေါ်လာ ၂၅ဝ နဲ့ စီးလို့ရပါတယ်။ ဒါပေမဲ့ အခု ရာသီဥတုကြောင့်   ဘယ်သူမှ စီးတာကို မတွေ့ခဲ့ပါဘူး။

ပုဂံမှာ ဧည့်မစည်ဘူးလို့ ပြောတဲ့ ဒီလို အချိန်မှာတောင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ အနောက်တိုင်းသားများကို  နေရာအနှံ့မှာ တွေ့ခဲ့ပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်လို့  အရက်၊ ဘီယာများကိုလည်း ပေါ်ပေါ်ထင်ထင်မတွေ့ခဲ့ရပါဘူး။ နံပါတ်ဖိုးရော တွေ့ဖူးလား ရှိသလားမေးတော့ ဂိုက်လုပ်သူက  သူ့ တသက်တော့ မတွေ့ဖူးသလို ရှိတယ်လို့လည်း မကြားဖူးပါတဲ့။ ကောင်းလေစွပါ။

 

ကျမရင်ထဲက ရာဇဝင်မြို့တော်၊ ကျမတို့ တိုင်းပြည်ရဲ့ အစပြုရာ ဇာတိမြေဟာ  အခုလက်ရှိ မြန်မာပြည်မှာ မှီတင်းနေထိုင်နေတဲ့  တိုင်းရင်းသား မောင်နှမတွေ ၊ မြန်မာလူမျိုးလို့ ခံယူပြီး ကျမတို့နဲ့ တသားထဲ ဖြစ်နေတဲ့ နိုင်ငံသားတွေ  အားလုံးနဲ့ ဆိုင်တဲ့ ဇာတိမြေပါ။

တချို့ အကြောင်းကြောင်းကြောင့် ကိုယ့်တိုင်းပြည်အစပြုရာ ဇာတိမြေကိုတောင် မရောက်ဖြစ်တဲ့ သူတွေရှိပါတယ်။ မရောက်သေးတဲ့  သူတို့တတွေကို လည်း မရောက်ရောက်အောင်သွားကြည့်ကြ ပါလို့ တိုက်တွန်ုးချင်ပါတယ်။ ဂျပန်နိုင်ငံမှာ ဆိုရင် သူတို့ နိုင်ငံရဲ့ သမိုင်းဝင်တဲ့ အထင်ကရနေရာများကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ဘဝမှာထဲက ကျောင်းရဲ့ စီစဉ်မှုနဲ့ မဖြစ်မနေ သွားကြ ရောက်ခဲ့ကြသလို့ သူတို့ သမိုင်းကို သူတို့ ဘယ်လို တန်ဖိုးထားတယ်ဆိုတာ တွေ့မြင်ရမှာပါ။ ကျမတို့ နိုင်ငံမှာလည်း ကျောင်းတွေမှာ ဒီလို အစီအစဉ်လေးတွေ ရှိရင်ကောင်းမှာပါ။

“တိုင်းပြည်တပြည်ရဲ့ အနာဂတ်ကို သိချင်ရင် အခုခေတ် အဲ့ဒီတိုင်းပြည်က လူငယ်တွေ ဘာလုပ်နေလဲလို့ ကြည့်ပါတဲ့”

ကျမတို့ တိုင်းပြည်လည်း အနာဂတ်မှာ ဝင့်ကြွားချင်ရင် အနာဂတ်လူငယ်လေးတွေကို ကျောင်းနေစအရွယ်မှာ ကတည်းက  သူများတိုင်းပြည်များနဲ့ တန်းတူ   ရင်ဘောင်တန်းနိုင်အောင်    ကျန်းမာရေးအသိ၊ ပတ်ဝန်းကျင်ဆိုတာကို ထိန်းသိမ်းတတ်တဲ့ အသိ၊  ကိုယ့်သမိုင်းကို လေးစားချစ်မြတ်နိုးပြီး   ဂုဏ်ယူတတ်တဲ့ အသိ တွေရဖို့ စနစ်တကျနဲ့ အခြေခံအုတ်မြစ်ဆိုတာတွေကို ချမှတ်ပေးမဲ့ ပညာရေး  စနစ်တခုကို အသေအချာဖော်ဆောင်ဖို့ ရာ လိုနေပါပြီ။

ဒီတခေါက် ပုဂံက ပြန်လာတာ အတွေးတွေ တပုံတပင်နဲ့ ကျမရင်ထဲက ရာဇဝင်မြို့တော် ကြီးကို နှုတ်ဆက်လက်ပြခဲ့ရပါတော့တယ်။

(သာမန်လူတယောက်သာဖြစ်တဲ့   ကျမရဲ့ ကိုယ်ပိုင် အတွေးအမြင် အရေး   အသားများသာ       ဖြစ်လေတော့ စာဖတ်သူများရဲ့ စိတ်ထဲမှာ အဆီအငေါ်မတည့်တာ ၊ ဘဝင်မကျတာများ ရှိရင်ဖြင့် အားမနာတမ်းဝေဖန်ထောက်ပြ  နိုင်သလို၊ လွတ်လွတ်လပ်လပ်ကြီးလည်း သဘောကွဲလွဲနိုင်ပါတယ်ရှင် ။)

53 comments

  • etone

    October 6, 2011 at 2:24 pm

    အစ်မ pooh ရေ … စာကောင်းလေး တစ်ပုဒ်ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါနော် ။ ပုဂံရာဇဝင်အကြောင်းတွေလည်း သိရပြီး …. ဓါတ်ပုံတွေနဲ့ ဝေဝေဆာဆာ ပြသွားတာ ဖတ်လိုက်ရတဲ့ အချိန်နဲ့ တန်တဲ့ ပို့စ်လေးတစ်ခုပါပဲ … 🙂
    ပြောမယ့်သာပြောတာ… ဒီအသက်ရွယ်ထိ ပုဂံသွားမလည်ဖူးသေးဘူး … ။
    အချိန်ရလျှင်တော့ သွားနိုင်အောင် ကြိုးစားပါဦးမယ် ။

    • pooch

      October 6, 2011 at 6:41 pm

      တုံရေ ဟန်းနီးမွန်းကို သွားလေကွယ် ….ပုပါးက အိုအေစစ်လေးကလည်း အရမ်းကို သာယာတာနော်
      စိတ်ကူးမလွဲနဲ့ ….. 🙂

      • Foreign Resident

        October 7, 2011 at 6:53 am

        What is “ပုပါးက အိုအေစစ်လေး” ???

        ” ဟန်းနီးမွန်း သွားလေကွယ် ”
        By the way, “Popa Mountain Resort” is good.
        I recommend it. I have been there 3 or 4 times.
        Especially, swimming pool with “Popa Taung Kalat” backgroung & Sunset.

        • pooch

          October 7, 2011 at 1:28 pm

          Dear FR,
          yes, I mean that ” Popa Mountain Resort”.
          it’s a really pleasure place. and i love it.

        • etone

          October 7, 2011 at 3:56 pm

          တယ်ဟုတ်ပါလား .. ညွှန်းတဲ့ လူကလ့ည်း ညွှန်းနေပြီ … ။ ဟန်းနီးမွန်းထွက်လျှင် ကားငှားလာခဲ့ကားခရှင်းမယ်ဆိုတဲ့ လူကလည်းရှိသေးတယ် … မန္တလေးက ခဲဖိုးတောင်းတဲ့ လူကလည်းရှိသေးတယ် … ။ ဘယ်လိုပဲဖြစ်ဖြစ် ..ရောက်အောင်တော့ သွားကို လည်ဦးမယ် :mrgreen:

  • နွယ်ပင်

    October 6, 2011 at 2:33 pm

    ပုဂံ အကြောင်း စုံလင်လင်နဲ့ ဓာတ်ပုံတွေပါ တစ်ဝကြီး
    ကြည့်ခွင့်ရတဲ့ ပိုစ့်လေးပါပဲ ။
    ပုဂံကို မရောက်ဖြစ်တာ (4) နှစ်လောက်ရှိနေပြီ
    အရမ်းသွားချင်နေတာ အခုလောလောဆယ်မသွားနိုင်သေးတော့
    pooh ရေးတဲ့ စာလေးတွေ ပုံလေးတွေကြည့်ပြီး ဖြေလိုက်တော့မယ် …

  • Moe Z

    October 6, 2011 at 2:45 pm

    မိုးစက်လည်း ပုဂံကိုသွားချင်နေတာ
    နိုင်ငံခြားသားသူငယ်ချင်းတွေကိုတော့ ခရီးစဉ်တစ်ခုလုံးစီစဉ်ပေးပြီး
    ကိုယ်တိုင်ကတော့မရောက်ဖူးသေးဘူး
    မြန်မာဖြစ်ပြီး ပုဂံကိုမရောက်ဖူးတာတော့မနိပ်ဘူးလေနော်..
    ဒီဇင်ဘာမှာတော့ သူငယ်ချင်းတွေနဲ့သွားဖို့စိတ်ကူးထားတယ်
    ဓာတ်ပုံတွေတစ်ဝကြီးကြည့်ရလို့ ကျေးဇူးနော်..

  • FattyCat

    October 6, 2011 at 3:24 pm

    (ကျမတို့ရဲ့ ဇာတိမြေကိုလည်း အထိန်းအသိမ်းမတတ်လို့ ဆိုပြီး ယူနက်စကို စာရင်းမသွင်းပါဘူးတဲ့။ သိပ်တော့လည်း အရေးမကြီးလှပါဘူး။ သူတို့ စာရင်းမသွင်းတာနဲ့ပဲ ကျမတို့ရဲ့ သမိုင်းတွင်ခဲ့တဲ့ ရာဇဝင်မြို့တော်ကြီးက ပျောက်ပျက်သွားမှာမှမဟုတ်တာ)
    အဲဒီစကားလေးနဲ့ ပတ်သက်ပြီး တစ်ခုလောက်ပြောချင်ပါတယ်..ကျွန်တော် ငယ်ငယ်က ကြားဖူးခဲ့တာလေးပါ..ပြောပြခဲ့ဖူးတာကတော့ UN က ဝန်ထမ်း (နိုင်ငံခြားသား) တစ်ယောက်ပါ။
    ၁၉၆ဝ ကျော်နှစ်တွေတုန်းက ယူနက်စကိုက ပုဂံမြို့ကြီးကို စာရင်းသွင်းပြီး ကာကွယ်စောင့်ရှောက်ဖို့ မြန်မာအစိုးရဆီမှ ခွင့်တောင်းဖူးပါသတဲ့။ ဒါပေမယ့် ယူနက်စကိုရဲ့ စည်းကမ်းတွေ၊ တိုးရစ်တွေဆီကရတဲ့ ဝင်တွေရဲ့ ရာခိုင်းနှုန်းတော်တော်များများကို ယူနက်စကိုရဲ့ ဘဏ္ဍာငွေအဖြစ်ပေးလိုက်ရမယ်ဆိုတာတွေကြောင့် အဲဒီအချိန်တုန်းက နိုင်ငံတော်အကြီးအကဲတွေက လက်မခံခဲ့ခြင်းဖြစ်တယ်လို့ ကြားခဲ့ဖူးပါတယ်။ အတိအကျမသိပေမယ့် အမှန်ဟုတ်မဟုတ် တတ်သိနားလည်သူတွေရှင်းပြပေးပါနော်။

    ကြောင်ဝတုတ်
    ရန်ကုန်။

    • pooch

      October 6, 2011 at 6:31 pm

      ကျမ ယူနက်စကို ဝင်ရင် သူတို့ စည်းကမ်းတွေကို လိုက်နာရတယ်ဆိုတာကို ကြားဖူးပါတယ်။ အသေအချာတော့ မသိခဲ့ပါဘူး။ သိတဲ့သူများပြောပြပေးရင်ကောင်းမှာပါ။

      ကျမစိတ်ထဲမှာ ထင်ခဲ့မိတာက ရှေးမူမပျက်ရှိရမဲ့ဟာ ကျမတို့ နောင်လာ နောင်သားများက ရွှေချ အသစ် ပြင်ဆိုတော့ မူပျက်သွားလို့ ရှေးဟောင်းအမွေအနှစ်စာရင်းမဝင်တာလို့ ရိုးရိုးပဲ တွေးမိခဲ့တာပါ။ အဲ့ဒီထက်ပိုပြီး နက်နဲ တဲ့ အကြောင်းတွေလည်း ရှိနေအုန်းမှာပါလို့လည်း တွေးမိပါတယ်။ ကိုကြောင်ဝတုတ် ပြောတဲ့ အကြောင်းက တော့ ကျမ မသိခဲ့ရိုးအမှန်ပါ။

    • small cat

      October 7, 2011 at 7:17 am

      ကြောင်အဖွဲ့သား တစ် ကောင်တိုးလာတာကြိုဆိုပါတယ်။
      မာကြာခင် J Five ကိုယှဉ်ဖို့ C Five အဖွဲ့ ဖွဲ့လို့ရတော့မယ်ထင်တယ်။

      အကိုကြောင်ကြီးရေ ကျွန်တော်တို့ အင်အားတိုးလာပြီဗျ။

  • kyeemite

    October 6, 2011 at 3:28 pm

    လေးစားပါတယ်ဗျာ..ဒီလိုအဖိုးတန်လှတဲ့ အမွေအနှစ်တွေကိုချစ်မြတ်နိုးတတ်အောင်..ထိန်းသိမ်းတတ်အောင်
    ရေးသားတိုက်တွန်းထားလို့…ခရီးသွားတတ်တိုင်းဒီလိုရေးတတ်တာမဟုတ်ဘူးလေ။အားပေးနေပါတယ်

  • htoosan

    October 6, 2011 at 3:40 pm

    “နောက် ဦးတေဇပိုင်တယ်ဆိုတဲ့ Oriental Palace ဆိုတဲ့ ဟိုတယ်အကြောင်းလဲ ကြားခဲ့ရပါတယ်။ တညကို မြန်မာငွေကျပ် ၉ သိန်းခွဲ ကျသင့်ပါတယ်တဲ့။ သာမန် ဟိုတယ်များထက် ၂ ဆကျယ်တဲ့ အိပ်ခန်း ၂ ခန်းပါပြီး ၊ ဧည့်ခန်း၊ ရေချိုးခန်းတွေအပြင် ရေကူးကန်အသေးစားလေးပါ ထည့်ပေးထားပါတယ်တဲ့ ။

    မိုးပျံပူဖောင်းစီးပြီး ပုဂံမြို့အလှကို ကောင်းကင်ထက်က ခံစား ချင်သူများအတွက်လည်း တခါစီး တယောက်ကို အမေရိကန် ဒေါ်လာ ၂၅ဝ နဲ့ စီးလို့ရပါတယ်။ ဒါပေမဲ့ အခု ရာသီဥတုကြောင့် ဘယ်သူမှ စီးတာကို မတွေ့ခဲ့ပါဘူး။”

    Pooh ရေ ။နဲနဲတော့ဝင် စွက်ခွင့်ပြုပါ။
    ၉ သိန်းဆိုတာ အကောင်းဆုံး အခန်း Island Villa ပါ။ ကျွန်တော်သိသလောက် အနိ်မ့်ဆုံးအခန်း Deluxe ကဒေါ်လာ ၈ဝ ဝန်းကျင်ပါ/ Jasmin Villa , Orchid villa , Lotus Villa စသဖြင့်ဈေး အမျိုးမျိုုး ပေးရတဲ့ အခန်းတွေရှိပါတယ်။ Villa တွေက ဒေါ်လာ ၂၀ဝ လောက်က စပါတယ်။

    “ဒါပေမဲ့ အခု ရာသီဥတုကြောင့် ဘယ်သူမှ စီးတာကို မတွေ့ခဲ့ပါဘူး။”Ballon Over Bagan က ရာသီချိန်နဲ့ ပျံတာပါ။ October to March ဘဲ ပျံပြီး Safety အရမ်းဂရုစိုက်ပါတယ်။ Safe မဖြစ်ရင်လုံးဝမပျံပါ… စီးဖူးသူတွေကတော့ ရူခင်းဟာ တသက်မမေ့နှိင်စရာပါလို့ ပြောကြပါတယ်..

  • pooch

    October 6, 2011 at 6:21 pm

    ဟုတ်ကဲ့ ကျမ ကို အခုလို ပြောပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ပူဖောင်းစီးရင် ရာသီနဲ့ ဆိုင်တာကို သိပေမဲ့ ဂိုက်ကို မေးတော့ လည်း အခု မရဘူးလို့ ပြောပါတယ်။ ကျမ သွားခဲ့တာလည်း October ၁ ရက်ကနေ ၃ ရက်ထိပါ ။ နောက် စီးခ သီးသန့် က ဒေါ်လာ ၂၀ဝ ပါ။ ၅ဝ က တော့ အပိုဆောင်းပေးရတယ်လို့ ပြောပါတယ်။

    Oriental Palace က ကျမ ပြောတဲ့ အခန်းက အကောင်းဆုံး မိသားစုခန်းလို့ ပြောပါတယ်။ ဈေးပြောတော့ ကျမတို့ အကုန်လုံးလည်း မဖြစ်နို်င်ဘူးလို့ ထ အော်ခဲ့တာပါ။ ဂိုက်ကလည်း ဒေါ်လာဈေးအတိုင်းသူ သိခဲ့သလို ပြောတာဖြစ်ပါလိမ့်မယ်။ ကျမ အတိအကျမသိတဲ့အပြင် အဲ့ဒီဟိုတယ်ကိုလည်း အဝေးကသာ လှမ်းမြင်ခဲ့ရတာပါ။ ဝင်ဖြစ်ရင် ဓာတ်ပုံတောင် ရိုက်ခဲ့ဖို့ ပါ။ ဟုတ်မဟုတ်ကိုတော့ ကြုံတဲ့သူများ ရောက်ဖြစ်ရင် ဝင်မေးပေးကြပါ။ ကျမ က ဂိုက်ကတဆင့် ကြားခဲ့ရလို့ပါ။ ကြားခဲ့တဲ့ အတိုင်း သိစေချင်တဲ့ စိတ်နဲ့ ပြန်မျှတာပါ။

    • etone

      October 7, 2011 at 4:09 pm

      ရှိနိုင်ပါတယ် အစ်မရေ .. အဲ့ဈေးနဲ့ .. ဘာလို့လဲ ဆိုတော့ .. ရန်ကုန်မြို့က strand မှာတောင် ဈေးအကြီးဆုံး အခန်းတစ်ခန်း .. ဒေါ်လာ တစ်ထောင့်ငါးရာဆိုတာ သွားကြည့်ခဲ့ဖူးတယ် … ။ ညီမတို့ဆီလာတဲ့ ဧည့်သည်လေ … ရန်ကုန်မြို ့ရဲ့ အကောင်းဆုံး ဟိုတယ်လို့ နာမည်ကျော်ကြားခဲ့တဲ့ .. အဲ့ဒီမှာ သွားတည်းချင်လို့ နောက်တခေါက်လာဖို့ ဘိုကင်လုပ်ရင်းရောက်သွားတာ .. ငတိက သွားကြည့်ပြီး တကယ်လည်း မတည်းဘူး …နောက်ဆုံး ထရိတ်ဒါး က တခန်း 160လောက်တန်ပဲ တည်းဖြစ်တယ် 😀 လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကလေ 😛

      အဲ့ဒီဈေးကြီးတဲ့ … အခန်းထဲက ပရိဘောဂနဲ့ .. အသုံးဆောင်တွေကတော့ .. လုံးဝကို ထရေဒေ ရှင်နယ်ချည်း သုံးထားတာ နိုင်ငံခြားသား အကြိုက်ချည်းပဲ 😀

      • Foreign Resident

        October 7, 2011 at 4:28 pm

        Dear E Tone,

        For you information, My advice,
        the best way to stay in Trader Hotel ( For couple ) is,
        Don’t stay in the cheapest room ( around 50 $ )
        Choose the cheapest suite room ( around 90 $ )
        Then you (2) are entitle for free drink & food in suite Club
        ( I think it is in 23rd floor or – – – – )

        So, you need to pay only 40 $ more,
        But, you (2) can have better room, free drink & free dinner.
        you see, dinner for 2 persons ( in ground floor ) alone will cost 40 $.
        It can be said very prudent choice. 😛

        • etone

          October 7, 2011 at 4:49 pm

          Dear FR,

          Thanks for ur advice but you’re going with misunderstanding 🙂 he he …
          It was last two yrs ago …. I checked everythings for my customer from Germany not for us 🙂 he he …

          You’re right ! Trader is a nice place to drink together at 21st floor .
          every weekend they make the happy hr. starting from 5:00pm with a special price for soft drink 😀 Sometime we go there and drink 2gthr . Recently we’re so busy with clinic and can’t spare much time 🙁

          The cheapest room in Trader is around 105 $ i think … coz of .. my customer stay there whenever he visit to Myanmar but the room charge would be about 140$ for suite 😉

        • Foreign Resident

          October 8, 2011 at 7:23 am

          ” The cheapest room in Trader is around 105 $ ”
          Ohhh, I am out of date or forgot,
          Anyway, I would like to mention is
          this “40$ different between cheapest room & suite” deserves paying for.

        • kocho

          October 7, 2011 at 6:27 pm

          ကိုရင်ဖော ကပို့ပေးပါတယ် Pagan မဟုက်ဘူး နတ်ပြည် ကို 😀

  • Yin Nyine Nway

    October 6, 2011 at 8:44 pm

    ဘယ်နှစ်ခါရောက်ရောက် အမြဲသွားချင်နေတဲ့မြို့ပါ

  • padonmar

    October 6, 2011 at 10:24 pm

    “ရာဇဝင်မြို့တော်ကြီး တဖန်ပြန်လည်စိမ်းလန်းနေတာကို တွေ့လိုက်ရပါတယ်။ ရင်ထဲမှာလည်း အတော်လေးကို လန်းဆန်းသွားပါတယ်”
    ဒီစာလေးဖတ်ရတာ စိတ်ချမ်းသာပါတယ်၊မြန်မာတစ်ပြည်လုံး စိမ်းလန်းစေချင်ပါတယ်။
    ရန်ကုန်ကိုလည်း ပြန်လည်ထိန်းသိမ်းဘို့ နောက်မကျသေးဘူးထင်ပါတယ်။

  • mandalarthu

    October 6, 2011 at 11:04 pm

    အရမ်း…အရမ်းကို ကျေးဇူးတင်မိပါတယ်။ ပုဂံ ကို မနှစ်တုန်းက ပ ကြိမ် တခေါက် ရောက်ခဲ့ပေမယ် ့
    အားရပါးရလေ ့လာခွင် ့မရခဲ ့ပါဘူး။ ရှားပါးတဲ ့သမိုင်းအကြောင်းအရာတွေကို သိရတာ အရမ်း
    ဝမ်းသာမိပါတယ်။
    ယူနက်စကို စာရင်းဝင်တာ၊မဝင်တာ ကြောင် ့မြန်မာကို တန်ဖိုး ဖြတ်လို ့ရနိူင်တာ မဟုတ်ပါ ဘူး။
    မြန်မာနိူင်ငံရဲ ့ ်အစပြုရာ ဇာတိမြေကို နိူင်ငံသားတိုင်း ရဲ ့နှလုံးသည်းပွတ်ထဲ မှာ
    ထည် ့ပြီး တလေးတစား နဲ ့ထိန်းသိမ်းသွားဖို ့လိုအပ်ပါတယ်။

  • TTNU

    October 6, 2011 at 11:16 pm

    Dear Pooch ရေ
    ဓါတ်ပုံလေးတွေနဲ့ ပုဂံရွှေမြို့တော် ကြီးအကြောင်းရေးသွားတာ အတော်ကောင်းတယ်ကွယ်။
    တီချာ သွားတိုင်း မဖြစ်မနေ သွားတဲ့ (၂)နေရာရှိတယ်။ ကန်တော့ပလ္လင် နဲ့ မျက်တော်ဖြေ ဘုရားနှစ်ဆူပါ။
    မျက်တော်ဖြေဘုရား အကြောင်း Facebook မှာရေးဘူးပါတယ်။ ကန်တော့ပလ္လင် ကတော့ မိမိ ရဲ ့ မိဘ
    ဘိုးဘွား ဆွေမျိုးညာတကာများအပေါ် ပြစ်မှားကျူးလွန် မိတဲ့အပြစ်တွေ ခွင့်လွှတ်ဖို့ နရပတိစည်သူမင်း
    အေဒီ(၁၂၀၃) မှာတည်ခဲ့တာမပြီးလို့ သားတော် နားတောင်းများဆက်တည်တယ်လို့ ဖတ်ဖူးတယ်။
    မျက်တော်ဖြေဘုရားကိုသိပ်စိတ်ဝင်စားမိတယ်။သက်မင်းကတုံအပေါ်ကျန်စစ်သားမင်းအမျက်တော်ပြေ၍
    တည်ထားခဲ့တဲ့ မျက်တော်ပြေဘုရားပါ။ကျောက်စာကို ဖတ်ပြီး အကြိုက်ဆုံးကတော့ ရှင် အရဟံ က ကျန်စစ်သားကို ပြောတဲ့ စကားလုံးကို အကြိုက်ဆုံးပါ…… ရှေးဘဝက ဆုပန်ဘက် မိတ်ဆွေဟောင်းတွေကို ခွင့်လွှတ်ပေးနိုင်ဘို့…….. ဒေါသဖြစ်မယ် ကြံတိုင်း…. စိတ်ကို ထိန်းသိမ်း နိုင်အောင်…ပုဂံရောက်တိုင်းဖူးဖြစ်ပါတယ်။

  • ဆူး

    October 6, 2011 at 11:24 pm

    စာဖတ်ရင်းနဲ့ စစ်သူကြီး ပုံကို မြင်တော့ ကြက်သီးထမိတယ်။ ပုဂံမှာ များသော အားဖြင့် အလှူ အတန်းတွေ လုပ်ပြီး မကျွှတ်မလွတ်ဖြစ်နေကြတာ များတယ် ကြားဖူးတာပဲ။

  • တညင်သား

    October 7, 2011 at 7:18 am

    အမ Pooch ပုဂံ မှာ တဝ ဂူဘုရား ဆိုတာရှိလား………. အဲဒီအကြောင်းအရာတွေက ဇတ်လမ်းတွေလား တကယ်လား သိရင် ပြောပြပါအုံး……..

  • weiwei

    October 7, 2011 at 8:35 am

    ပုဂံကို ရ ကြိမ်ရောက်ဖူးတယ် … ခဏခဏသွားချင်နေတဲ့နေရာတစ်ခုပါ … သွားတိုင်းစိတ်ထဲမှာ ကြည်နူးရတယ် … အခုလိုဖတ်လိုက်ရတော့ အခုချက်ခြင်းရောက်သွားသလို ပြန်ခံစားရပါတယ် … ပထမ ၂ ကြိမ်သွားတုန်းက မပြုပြင်ရသေးခင် ရှေးဟောင်းပုံစံအတိုင်း မြင်ခဲ့ရတယ် … နောက်ပိုင်းအခေါက်တွေမှာ အသစ်ပြင်ပြီးသားပေမယ့်လဲ တစ်မျိုးလှပဆန်းသစ်နေတာပါပဲ …

  • amatmin

    October 7, 2011 at 9:04 am

    အမ ရေ..ဒါလေးကိုသဘောကျပါတယ်..
    .”တချို့ကလည်း ရွှေထီးဆောင်းတဲ့ခေတ်ကို လွမ်းမနေကြပါနဲ့ လို ့ ပြောတတ်ကြပါသေးတယ်။
    လွမ်းစရာရှိမှ လွမ်းလို့ ရတာပါရှင်။ လွမ်းဖို့ မကောင်းရင် စကားထဲတောင်မထည့်ပါဘူး။
    ရွှေထီးဆိုတာ ဆောင်းခဲ့ဖူးတဲ့ အတွက် နောက်တခါ ဆောင်းဖို့ အားသစ်မွေးတဲ့အနေနဲ့ လွမ်းကြရတာပါ။ “…

    ကျွန်တော် လည်းပုဂံရောက်ခဲ့ရင် အဲဒီစိတ်လေးမွေးပြီးလွမ်းပါ့မယ်..ကိုယ့်သမိုင်းရှိခဲ့ဖူးလို့ ဒိလိုလွမ်းလို့ရတာပါ.
    အမပြောသလိုပဲ..တချို့က ကိုယ့်သမိုင်းကို..သေးသိမ်အောင်ပြောဆိုပုတ်ခတ်ရတာကို ဂုဏ်ယူစရာလို့တွေးကြတာကိုး..

  • eainsoemay

    October 7, 2011 at 9:15 am

    ဒီရက်ပိုင်း ပုဂံကို သွားချင်လောက်အောင် ပြင်းပြမိတယ်
    စာရေးတာကောင်းလိုက်တာ
    ကိုယ်တိုင်ရောက်သွားတဲ့အတိုင်းဘဲ

  • zaymdy

    October 7, 2011 at 9:25 am

    စာသားတည်းမှာ မျိုးချစ်စိတ် တွေ.အမျိုးဘာသာ သာသနာချစ်စိတ်တွေ.ကိုတွေ.နေရလို. ဝမ်းသာမိပါတယ် အခုလို. စာသားရော ဓါတ်ပုံရော စုံစုံလင်လင်တင်ပြတည်းအတွက် ကျေးဇူးတင်ပါတယ်… မရောက်ဖူးသေးတည်းကျွန်တော်တို.အတွက်တော. အရမ်းကိုသွားချင်နေတည်း မြန်မာရာဇဝင် မြေကြီးပေါ..

  • kyawmonkhant

    October 7, 2011 at 9:47 am

    ဒီပို့စ်လေးတွေ့တော့ တွေ့နေတာဘဲ မဖတ်ဖြစ်ခဲ့ဘူး။ အမှန်အတိုင်းပြောရရင်
    စိတ်ကူးပေါ်ရာအတိုအထွာဆိုတဲ့ tag ကိုကြည့်ပီး ပေါက်တတ်ကရတွေ ရေးထားတာ နေမှာဆိုပြီး
    တခြားဖတ်လို့ကောင်းမယ်ထင်တဲ့ အရာလေးတွေဘဲဖတ်မိတယ်။ ဒီနေ့ ဒီပို့စ်
    ထိပ်ဆုံးမှာရောက် နေတာရယ်, ကွန်မန့်ပေးထားထာတွေလဲတွေ့ရတော့ ဖတ်ဖြစ်သွားတယ်။ တကယ်ကောင်းပါတယ်။ ပို့စ်ပိုင်ရှင်ဟာ စေတနာအပြည့်၊ ခံစားချက်အပြည့်နဲ့ရေးထားတယ်ဆိုတာ အတော်ကြီးကို ပေါ်လွင်ပါတယ်။ အရေးအသားလဲ အများကြီးကောင်းလာတာကိုတွေ့ရပါတယ်။ ရွာထဲမှာ လူတော်တွေ များများတွေ့ရတဲ့အတွက် ဝမ်းမြောက်ရပါတယ်။ ဒါကြောင့်လဲ ရွာထဲကိုနေ့တိုင်းလောက်နီးပါး ရောက်ဖြစ်ပါတယ်။ မန်းတာကတော့ တခါတလေမှ မန်းဖြစ်တာပါ။ ဝင်ရတာကြာတာနဲ့ ကွန်နက်ရှင်မကောင်းတာနဲ့ စိတ်တော်တော်ရှည်ရပါတယ်။ ဆက်လက်ပြီးတော့လဲ ပို့စ် တွေ အများကြီးတင်နိုင်ပါစေဗျား။

  • pan pan

    October 7, 2011 at 10:05 am

    ဖတ်လို့ကောင်းလိုက်တာအစ်မရယ်
    အရသာရှိပါ့
    အဲလို ပုဂံ၊ သရေခေတ္တရာ၊ ဗိဿနိုးခေတ်တွေကို စိတ်ထဲကတွေးကြည့်မိတာ ကြက်သီးထတယ်
    ဘာလို့ရယ်တော့ သေချာမသိဘူး (ရာဇဝင်စာအုပ်တွေဖတ်ပြီး မြင်ယောင်ကြည့်တာပါ)
    မနှစ်က အစ်မဝမ်းကွဲလိုက်ပို့တာ ပုဂံကိုရောက်ဖြစ်သွားတယ်
    နေ့ချင်းပြန်ဆိုတော့လည်း အနှံ့မရောက်လိုက်ရပါဘူး
    တန့်ကြည်တောင်လည်း တက်သေးတာဆိုတော့
    ဓမ္မပါလဘုရားလည်း မရောက်လိုက်ရဘူး
    စစ်သူကြီးတော့ ရှိနေဦးမှာပဲ

  • maungmoenyo

    October 7, 2011 at 10:13 am

    လူဆိုတာ တစ်ဦးထဲနေလို့မရ အသိုင်းအဝိုင်းနဲ့နေရသလို၊ မြန်မာနိုင်ငံဟာလဲအသိုင်းအဝိုင်းနဲ့နေသင့်တဲ့ နိုင်ငံဖြစ်သင့်ကြောင်း နိုင်ငံခေါင်းဆောင်တွေက သိပြီးသားပါ။ တံခါးပိတ်ဝါဒ စနစ်ဟာသူတို့ရဲ့ ရာထူးခိုင်မြဲလုံခြုံရေးအတွက်အထောက်အကူပြုနေလို့ မျက်စေ့မှိတ်ပြီး ငါတို့အသွေးအသားအဆီအနှစ်တွေလာသွေးစုတ်ဘို့လုပ်နေတယ်လို့ သတင်းလွှင့်တဲ့မူဝါဒကို အသေစွဲကိုင်ထားပါတယ်။ ယူနက်စကိုဆိုတာ ကမ္ဘာ့မိသားစုကြီးနဲ့ဖွဲ့ထားတာဖြစ်ပါတယ်။ သူကစည်းကမ်းသတ်မှတ်တယ်ဆိုတာ ဟာလဲအကြောင်းအချက်ခိုင်လုံတဲ့အကြောင်းပြချက်တွေအတွက်ကြောင့်ဖြစ်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်ကို ထိမ်းသိမ်းပြုစုတဲ့ နည်းပညာနဲ့ဘဏ္ဍာစရိတ်ထောက်ပံ့ပေးပါတယ်။ အဲ့ဒီအဖွဲ့ကမတရား စည်းကမ်းသတ်မှတ်တတ်တယ်ဆိုတဲ့ အဖြစ်အပျက်မျိုးမကြားဖူးပေါင်။ မြန်မာထက် အဆများစွာချမ်းသာကြွယ်ဝပြီး၊ နည်းပညာဘက်မှာလိုုက်မမှီတဲ့ နိုင်ငံကြီးတွေတောင်ယူနက်စကိုရဲ့ အသိအမှတ်ပြုတာကိုခံယူချင်ကြရင်၊ မြန်မာနိုင်ငံအနေနဲ့လည်းကမ္ဘာမိသားစုဝင်စာရင်း တန်းဝင်ချင်ရင် ကိုယ့်ဘက်ကပြင်ရမှာတွေရှိရပါမယ်။ အိမ်တံခါးပိတ်ပြီး ငါ့ဖာသာဘာလုပ်လုပ်၊ ဘာသတ်မှတ်မှတ် မင်းတို့အပူမပါဘူး ဆိုတဲ့ ပစ္စည်းမဲ့ မာနတက်လို့မရပါဘူး။ အမွေအနှစ်ကိုထိမ်းသိမ်းတယ်ဆိုတာ ရှိသမျှ စေတီပုထိုးတွေ ရျွေရည်သုတ်ပြီးရွှေရောင်တဝင်းဝင်းဖြစ်နေတာကိုမခေါ်နိုင်ကြောင်းပါ။

    • kai

      October 7, 2011 at 12:15 pm

      ဒီစာကို အယ်ဒီတာရွေးတဲ့စာအနေနဲ့..လူတွေများများဖတ်လို့ရအောင်.လုပ်ထားတာပါ..။
      အထဲမှာ..ချဉ်ပေါင်ရွက်သည်ကျုပ်ကို.. ဆော်ပလော်တီးထားတာလည်း ပါသပေါ့..။ 😕

      သိပ်တော့များများပြောစရာမရှိပါဘူး..။
      အပေါ်က ဦးမိုးညိုပြောတဲ့ အတိုင်း..အတွေးအခေါ်အားလုံးတူတူပါပဲ..။

      မြန်မာတွေ..
      .ရှေးစွန်းစွဲတွေရဲ့…ကြိမ်စာတိုက်ခံထားရတဲ့ဘဝ..
      … ရေတွင်းထဲပစ်ချခံထားရတဲ့.. ဖားကလေးတွေဘဝကနေ.. ကုတ်ကပ်..ခုန်တက်ရင်း.ကျယ်ပြန့်လှတဲ့.. .လောကကြီးအလှ..အားရပါးရကြည့်ကြပါစို့လားခင်ဗျား..။

      ဟိုးးးးးးးးးးးးးးမှာ.. လွန်ခဲ့တဲ့နှစ်၄၀၀ဝကျော်က..လူတွေလုပ်အားနဲ့ဆောက်ခဲ့တဲ့.. ပိရိမစ်ကြီးတွေ..
      လူသားတွေဆောက်ထားတဲ့.. ရေကာတာ..တူးမြောင်းကြီးတွေ….
      လူသားတွေဖန်ဆင်းထားတဲ့.. အာကာသထဲပျံနိုင်တက်နိုင်..ပြန်လာနိုင်တဲ့.. လွန်းပျံယဉ်..ဒုံးယဉ်တွေ…

      ဪ….. ဒို့လူသားတွေနေတာ.. မစ်လ်လကီးဝေး…ဂယ်လက်စီ….တဲ့..။ 😯

      (ဓါတ်ပုံလေးတွေနဲ့.. ဇတ်ကွက်ကလေးတွေလို..ချက်ကျကျရှင်းရေးရေးသွားတာ.. ကြိုက်ပါတယ်..။
      အထဲက.. မျောပါနေတဲ့..အဓိကတွေးမြင်မှုကိုတော့.. လွတ်လွတ်လပ်လပ်ကြီး ကွဲလွဲတာပါနော.. စာရေးသူကိုယ်တိုင် သေသေချာချာကို.. ခွင့်ပြုထားတာတွေ့လို့ပါ.)

      • pooch

        October 7, 2011 at 1:53 pm

        အယ်ဒီတာ့ ရွေးစာထဲမှာ ပါလို့ ကျေးဇူးအများကြီးတင်ပါတယ် သူကြီးရယ်. ကျမ စိတ်ရော လူရောနှစ်ပြီး ညလုံးပေါက် မိုးလင်းရေးခဲ့တာပါ။ ဆိုးဝါးလှတဲ့ ကော်နက်ရှင်ကို အန်တုပြီး တင်ခဲ့တာပါ။ ဒါတောင်ကျန်သွားတာတွေ ရှိပါသေးတယ်။

        ဥပမာ အမေစု ပုဂံရောက်တုန်းက စားခဲ့တဲ့ သရပါ ၃ ထမင်းဆိုင် အကြောင်းနဲ့ ဒေသခံတချို့ အကြောင်းတွေရော ပါ။ ဒီလောက်နဲ့ လည်း ကျေနပ်ပါတယ်။
        အားပေးသူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ရေးချင်တဲ့ အကြောင်းလေးတွေ အတွက် အားရှိတာပေါ့လေ။

        သူကြီးကို ချဉ်ပေါင်မှာ အစာမကြေပေမဲ့.. ကျမရင်ထဲက သူကြီးကတော့ ချီးကျူးထိုက်သော လေးစားလောက်တဲ့ သဘောထားကြီးမှု ( ကျမ ဘယ်သူ့ဆီမှာ မှာ မမြင်မတွေ့ခဲ့ရဘူးတဲ့ သဘောထားကြီးမှု ၊ သီးခံမှု ) တွေ အပြည့်နဲ့ လူတယောက်ပါ။
        တိုင်းပြည်အပေါ်မှာ ထားတဲ့ စေတနာ ၊ သဘောထားတွေကိုလည်း ကျမ နားလည်ပါတယ်။

        ဒါပေမဲ့ သူကြီးရယ် ကျမလည်း ခံစားတတ်တဲ့ လူတယောက်ဆိုတော့ မကျေနပ်ချက်လေးတော့ ရှိခွင့်ပေးပါ။ ရှိခွင့်ပေးတဲ့ သူကြီးကြောင့်လည်း ကျမ ဒီရွာမှာ ပျော်နေခဲ့တာပါ။
        သူကြီးလို အမြင်ကျယ်ပြီး သဘောထားကြီးတတ်တဲ့ လူတယောက်ဖြစ်ဖို့ အချိန်လေးတော့ စောင့်ပေးပါ။

        ကျမ ကြိုးစားပါ့မယ်။ ဒါပေမဲ့ ကျမရဲ့ ခံယူချက် ၊ ယုံကြည်မှုကတော့ ကျမရဲ့ သီးသန့် ခံစားမှုပါ။
        သူကြီးရဲ့ လွတ်လပ်စွာ သဘောကွဲလွဲမှုကိုလည်း ကျမ လက်ခံပါတယ်။
        ကျမကိုလည်း များများဝေဖန်ပြီး ထောက်ပြပါ။

  • မောင်ဘလိူင်

    October 7, 2011 at 11:17 am

    ကျွန်တော်ဖြင့် ကနေ့ထိအောင် ပုဂံမရောက်ဘူးသေးဘူးဗျာ..
    ဓာတ်ပုံလေးတွေကြည့်ပြီးတော့ပဲ မျှော်ရ မှန်းရတာပေါ့..။ 🙁

  • weiwei

    October 7, 2011 at 11:36 am

    တရုတ်ပြည် ကုလားပြည်တွေမှာ ဘုရားဖူး လေ့လာရေးခရီးစဉ်တွေမှာ ယူနက်စကိုအသိအမှတ်ပြုနေရာတွေအတွက် ဝင်ကြေးအခကြေးက တော်တော်များတာကို သတိထားခဲ့မိတယ် … ဆိုလိုချင်တာက လူတန်းစားအားလုံးသွားလည်ဖို့ မလွယ်ဘူး …
    မြန်မာပြည်မှာက ဘုရားဖူးထွက်ရင် ဘယ်နေရာမှ ဝင်ကြေးမပေးရဘူး … လမ်းစရိတ်တတ်နိုင်ရင် ဘုရားဖူးသွားဖို့ တော်တော်လွယ်ပါတယ် … ကောင်းတဲ့စနစ်တစ်ခုပါ …

  • ကြောင်ကြီး

    October 7, 2011 at 12:07 pm

    Pooch ရဲ့မြို့တော်
    ကြောင်ကြီးဖော်
    မတော်တလျော်
    တွေးကြပါနဲ့..
    ရိုးရိုးသားသား
    ခင်မင်စွာ
    သုတေသန
    အလုပ်သဘောပါကွဲ့..
    ဟိုတူးဒီဆွ
    လုပ်ကွက်မှာ
    အဖိုးတန်ရတနာ
    မြင်ဖူးပါရဲ့..
    ပြောင်ပြောင်ဝင်းဝင်း
    ရှုမငြီးစရာ
    ဘာလဲဆိုတာ
    ပြောခွင့်မရှိ…။
    (အလုပ်စာချုပ်အရ ပြင်ပသို့ ပေါက်ကြားခွင့်မရှိလို့ ဤမျှနဲ့ကျေနပ်ကြပါ) :mrgreen:

    • pooch

      October 7, 2011 at 1:56 pm

      ဦးကြောင်တစ်ယောက်နဲ့တော့ စိတ်လေတယ်…. တကယ်ပဲ …ဘာတွေ လျှောက်ပြောမှန်းလည်း မသိဘူး. အနော့်အဒေါ်အပျိုကြီးနဲ့ တိုင်ပြောမယ်.. 🙁

  • GreeNSheeP

    October 7, 2011 at 12:45 pm

    ကျုပ်ရောက်ခဲ့တုန်းက တွေ ့ခဲ့တာကတော့
    ပုဂံညောင်ဦးသူလေးတွေ ဟာ
    အသားလေးတွေ ဝင်းဝါစိုပြေ တယ်
    ရုပ်ကလေးတွေ က လဲ
    မိန်းကလေးတိုင်းလိုလို
    ရုပ်ဆိုးတယ်လို ့ပြောစရာ မရှိလောက်အောင်ကို ချောမွေ ့လှပ ကြတယ်ဗျာ
    သို ့ဖြစ်ပါသဖြင့်
    ပုဂံသွားမည့် ယောက်ျားသားများအတွက်
    ပြန်လည် သတင်းကောင်းလေးပေးလိုက်ပါသည်

  • aungnng87

    October 7, 2011 at 1:59 pm

    ပုဂံဆိုတာ မြန်မာတိုင်းရောက်ဘူးသင့်တဲ့ နေရာတခုလို့ဆိုတာကြောင့် ရောက်အောင်သွားခဲ့တာဘဲရှိခဲ့တယ်။ နေတာကလည်း ၃ရက်လောက်ဘဲဆိုတော့သိမ်မနှံ့ခဲ့ပါဘူး။ အခုpooh ပြောပြတော့မှတော်တော်လေးထပ်သိရတယ်။ poohရဲ့ အရေးအသားလေးတွေကလည်းကောင်းတော့ ရှည်ပေမဲ့ တပုဒ်လုံးဆုံးအောင်ဖတ်ခဲ့ပါတယ်.။ အရေးအသားလေးတွေက ရီဝေဝေ လွမ်းတမ်းတမ်း…။

  • nozomi

    October 7, 2011 at 4:44 pm

    ပုဂံကို ၅ ခေါက်လောက်တော့ ရောက်ဘူးတယ် ၊ နဲနဲတောင် ကြာပြီ ၊
    ပြန်သွားချင်စိတ်ပေါ်နေတာလဲ ကြာပြီ ၊ လက်တွေ့က ဖြစ်မလာသေးဘူး၊
    လူကိုယ်တိုင် မရောက်နိုင်သေးတဲ့ အချိန်မှာ ပို့စ်လေးကို ဖတ်ရ ဓါတ်ပုံလေးတွေကိုကြည့်ရနဲ့တင် တော်တော်လေး အာသာပြေသွားတယ်
    ကျေးဇူးအများကြီးတင်ပါတယ်၊ မန်းထားတာတွေ အရ ပို့စ်က ရှည်တယ် ပြောပေမဲ့
    စိတ်ဝင်တစားနဲ့ ဖတ်မိတော့ ခဏလေးလိုပဲ

    မြန်မာပြည်မှာ ဧရာဝတီမြစ်ကြီးလိုပဲ ပုဂံကလဲ မြန်မာပြည်သူအားလုံးရဲ့ ချစ်ခြင်းကို ခံယူခွင့်ရသူပါ
    တန်ဘိုးထားကြတယ် မြတ်နိုးကြတယ် ဆိုပေမဲ့ ထိန်းသိမ်းမှု အပိုင်းမှာတော့ အားနည်းမှုလေးတွေ ရှိခဲ့တယ်
    အခုနောက်ပိုင်း ထိန်းသိမ်းဘို့လိုတယ် ထိန်းသိမ်းရမယ် ဆိုတဲ့ အသံတွေ ကျယ်လာပြီး အားလုံးဝန်းဝန်းလာကြတာတော့ အားတက်စရာပါ အဲဒီလုပ်ငန်းစဉ်မှာ ဒီပို့စ်လေးကလဲ တစ်တပ်တစ်အားပါပဲ

    • nozomi

      October 7, 2011 at 4:51 pm

      အရင် သွားခဲ့တုန်းက အချိန်များများ မရတော့ နေရာမနှံ့ဘူး ၊ သေချာ မသိခဲ့ရဘူး
      pooch ပို့စ်လေး ဖတ်မိမှ ဂိုက်နဲ့သွားရင် ပိုအကျိုးရှိမယ်လို့ တွေးမိသွားတယ်
      ( အရင်က ဂိုက်ဆိုတာ နိုင်ငံခြားသားတွေ အတွက်ပဲလို့ တွေးမိနေတာ )

      အဆင်ပြေရင်တော့ အချိန်များများလေး၊ဂိုက်နဲ့သွားချင်ပါရဲ့

      ငယ်ငယ်ကတဲက မှတ်ခဲ့ဘူးတဲ့ “ အနုမှာ အာနန္ဒာ၊ ထုမှာ ဓမ္မရံ ၊ အမြင့်မှာ သဗင်ညု ” (ပတ်ဆင့်ရိုက်မရလို့) ဆိုတာလေး ပို့စ် ကို ဖတ်ရင်းမှ ပြန်သတိရပြီး အဲဒီနေရာတွေ ပြန်မြင်ယောင်လာတယ်

  • kocho

    October 7, 2011 at 6:12 pm

    လှပပြည့်စုံတဲ့ ဓတ်ပုံလေးတွေရယ် ပြည့်စုံလှပပြီး ရည်ရွယ်ချက် ရှိလှတဲ့ စကားလုံးများ ပါတဲ့ post ဖြစ်ပါတယ် but(not including င်္ချဉ်ပေါင်ပင်) 😀

  • blackchaw

    October 7, 2011 at 9:58 pm

    ပုဂံ ကို ဒီလိုရေးဖွဲ့ပြီး ဒီလိုရိုက်ပြနိုင်တာ
    လေးစားပါတယ်၊ အားလည်းကျမိပါတယ် pooch ရေ။
    ်ကျေးဇူးပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 8, 2011 at 8:58 am

    လူကြီးမင်းတို့ အာဘော်လေးတော့နည်းနည်းလျှော့စေခြင်ပါသည်
    အပြန်အလှန်တွေးတာလေးကိုဆိုလိုတာပါ
    ယူနက်စကိုတွေဘာတွေစွတ်ပြောနေကြတာထက်
    ယူနက်စကိုရဲ့စည်းမျဉ်းကိုလည်း နည်းနည်းပါးပါးတီးခေါက်ပြမှအဆင်ပြေမယ်ထင်တယ်
    ( အထင်ပါ )
    အထူးသဖြင့် ဗုဒ္ဓဘာသာအဆောက်အဦးတွေဆိုတော့ကာ
    အုပ်စုက အော်တိုမက်တစ် ( တောက်!!ဘိုလိုရေးခြင်တာ စာလုံးပေါင်းမတတ်လို့ ) နှစ်ပိုင်းကွဲသွားပြီ
    ယူနက်စကိုရဲ့ ထင်သာတဲ့စည်းမျဉ်းက ဒီအဆောက်အဦးတွေကို လုံးဝသုံးစွဲခွင့်မပြုတဲ့အချက်
    ပါနေတယ် မဟုတ်လား
    ဆိုတော့ကာ ဒီအဆောက်အဦးတွေက ဗုဒ္ဓဘာသာအဆောက်အဦးတွေဖြစ်တဲ့အတွက်
    ဗုဒ္ဓဘာသာအယူအတိုင်းဆို ဟောင်းနွမ်းတဲ့စေတီပုထိုးတွေကို
    သန့်ရှင်းစင်ကြယ်စေပြီး ထုံးသုတ်မယ် ရွှေချမယ် ဒါက ယုံကြည်မှု့သဒ္ဒါအပိုင်း
    ယူနက်စကိုရဲ့သဘောကတော့ ဘုရားတွေဘာတွေနားမလည်ဘူး
    ရှေးဟောင်းအဆောက်အဦးဖြစ်တဲ့အတွက်
    ခပ်ရှင်းရှင်းပြောရရင်တော့ ရုံသွင်းစားတာပေါ့ဗျာ
    ဒါ့ကြောင့် လောကုတ္တရာထည်းက သဒ္ဒါနဲ့ကတစ်ဖက်
    လောကီထည်းက ဘစ်ဇနစ်လုပ်တာကတစ်ဖက်
    မျှအောင်တွေးပြီးချကြပေတော့
    ဗေပုံထီးပုံထီထီ..ဗေပုံထီးပုံထီ

  • windtalker

    October 8, 2011 at 1:09 pm

    ပု ရှ် ကို ဖိတ်ခေါ်ချင်ပါတယ်
    ဟက်ပီးနယူးရီးယား မှာ ပုဂံမှာ အတူဆုံဖို ့
    ကျုပ် မောင်ပေ က တော့
    အဆင်ပြေတဲ့နှစ်တိုင်း
    နယူးရီးယား ရောက်ရင်
    ပုဂံ မှာ ၂ ရက်လောက် သွားနေပါတယ်
    အဲဒီအချိန်က ခရီးသွားချိန်နဲ ့လဲ တိုက်နေတော့
    တိုးရစ်တွေရော ၊ တစ်နိုင်ငံလုံးက ဘုရားလာဖူးသူတွေ ရော
    နောက်ပြီး ပုဂံညောင်ဦးမှာ ဘုရားပွဲတော်ချိန်လဲ ဖြစ်တော့
    အရမ်းစည်ကားပြီး ပျော်စရာ အရမ်းကောင်းပါတယ်
    ပုဂံ မရောက်ဖူးသူတွေ လည်း
    ဟက်ပီးနယူးရီးယားအချိန်ဟာ သွားလည်ဖို ့
    အကောင်းဆုံးအချိန်ပါလို ့ ပြောလိုက်ပါသည် ခင်ဗျာ

  • good

    October 8, 2011 at 3:53 pm

    ရေးထားလေး အလွန် သဘော ကျ မိလို့ နှစ်ခါ ပြန် ဖတ် ပြီး မှ မန့် တာ ပါ။
    အားလုံး လည်း ထပ်တူ ခံစား ဖတ်ရှု ကြမယ် လို့ လဲ ထင်ပါတယ်။
    ကျမရင်ထဲ က ရာဇဝင် မြို့တော် ကြီး ကို အားလုံးရင်ထဲ ရောက်အောင် အရေးအသားကောင်းတာကြောင့်၊
    ရင်ထဲက ရာဇဝင်မြို့တော် လို့ ပြောချင် ပါတယ်။

  • ကျနော်ပုဂံကို 1978 သင်္ကြန်တွင်းကြီးမှာတစ်ခေါက်ရောက်ပါတယ်။
    ရွှေစည်းခုံဘုရား စောင်းတန်းမှာဖျာခင်းပြီးညအိပ်ခဲ့ကြတာပါ။
    နေ့လည်ဆိုရင် မြင်းလှည်းလေးနဲ့ ဖုံတထောင်းထောင်းထတဲ့လမ်းကလေးမှာ ။
    အလေ့ကျပေါက်နေတဲ့ခြုံပုတ်တွေကြားဘုရားအပြိုအပျက်တွေကြားလျှောက်သွားကြ။
    လူတစ်ကိုယ်စာဝင်ရုံလေး ရှိတဲ့အုတ်ကြားထဲဖြတ်ပြီး အပေါ်ပစ္စယံရောက်အောင်တက်လို့ နေဝင်ချိန်ကိုကြည့်ခဲ့ကြ။
    အာနန္ဒာဘုရားဘေးက ကျောင်းလေးထဲက ရှေးနံရံပန်းချီတွေကို ငေးမောလို့ အံဩခဲ့ရ။
    အပေါက်မရှိဘဲအလင်းတွေဝင်နေတာ ထူးဆန်းခဲ့ရ၊
    မြင်လေရာရာက ရှေးအငွေ့အသက်တွေမကုန်သလိုလွမ်းစရာ။
    2005 နောက်တစ်ခေါက်ရောက် ဖြောင့်တန်းညီညာသောလမ်းမများကို ကားနဲ့ဖြတ်ခဲ့ရ။
    အရင်တစ်ခေါက်က မရောက်တဲ့ လောကနန္ဒနဲ့ မနူဟာဘုရားကိုရောက်ခဲ့ရ။
    မြင်မြင်သမျှသစ်လွင်နေတဲ့ဘုရားတွေကိုမြင်တော့ ရင်ထဲမှာတစ်ခုခုပျောက်ဆုံးနေသလိုခံစားရ။
    ပထမတစ်ခေါက် ရွှေစည်းခုံစောင်းတန်းမှာ ညလုံးပေါက်နီးပါး သူငယ်ချင်းတွေနဲ့စကားတွေဝေမျှခဲ့တာကို အခုတစ်ခေါက် တည်းတဲ့တည်းခိုခန်းမှာ အိပ်မရတိုင်းပြန်သတိရ။
    အဲဒိတုန်းကတော့ မြင်ကွင်းတွေကို စိတ်နဲ့ဘဲမှတ်တမ်းတင်ခဲ့ရ။
    pooch ရေ ခင်ဗျားစာကိုဖတ်မိမှ
    ပုဂံကို သွားပြီး ဓါတ်ပုံတွေရိုက်ချင်စိတ်ပေါ်လာပြီ။
    မောင်ပေရေ မင်းသွားမယ်ဆိုရင်သံချောင်းခေါက်လိုက်ဟေ့၊
    ပုဂံမှာဆုံကြမယ်။

  • unclegyi1974

    October 8, 2011 at 10:53 pm

    pooch ရေအရေးလည်းကောင်းပါတယ်အတွေးလည်းကောင်းပါတယ်
    ဒါပေသိပုဂံမှာရာသီဥတုကောင်းတာ၂နှစ်ရှိပြီစီမ်းလန်းစိုပြေရေးဘာညာကတော့
    မဟုတ်သေးဖူးထင်ပါတယ် pooch သွားတဲ့အချိန်နဲ့မုန်တို်င်းမိုးရွာတဲ့အချိန်ကတိုက်နေလို့
    နေမှာပါ ရာသီဥတုပြောင်းနိုင်လောက်တဲ့သစ်ပင်တွေများများစားစားပုဂံမှာမရှိသေးလို့ပါ
    စစ်သူကြီးပုံကတော့ချင့်ယုံပေါ့ကွယ်

  • pooch

    October 8, 2011 at 11:28 pm

    ဟုတ်ကဲ့ပါ အန်ကယ်ကြီး.. စစ်သူကြီးက သူများ ပြောလို့ နားထောင်ခဲ့ပြီး ကြုံတာလေးကို ပြန်မျှတဲ့သဘောပါ။
    ပုဂံမှာ ခါတိုင်းနဲ့မတူ စိမ်းစိုနေတာကတော့ အမှန်ပါ။ မိုးကြောင့် မုန်တိုင်းကြောင့် မိုးရွာလို့ ရွာတုန်းခဏ စိမ်းတယ်ဆိုပေမဲ့
    အပင်တွေကိုတော့ ခါတိုင်းနဲ့မတူ တွေ့ခဲ့တာတော့ အမှန်ပါ။ အပင်တွေကြောင့် ရာသီဥတု အကြီးအကျယ်ပြောင်းလဲတာ မဖြစ်နို်င်ပေမဲ့ နည်းနည်းပါးပါး အထောက်အကူတော့ ပေးလိမ့်မယ်လို့ ယူဆလို့ပါ။ အရင် က ဆို ခြောက်သယောင်းပြီး အပင်ကြီးဆိုတာ မတွေ့ခဲ့ဖူးပါဘူး။ အခု မြင်လေရာမှာ အပင်တွေ စိမ်းလို့ပါ။ ပုဂံကို ရောက်ဖူးသမျှထဲမှာ ဒီတခါ အစိမ်းလန်းဆုံးမို့ ဒီလိုလေးတွေးမိ ရေးမိတာပါ။ ပုံတွေကို ကြည့်ကြည့်ပါ။

  • တညင်သား

    October 10, 2011 at 11:14 am

    ဟုတ်ပါတယ် ပုံတွေကြည့်ရတာ တော်တော် စိမ်းစိမ်းစိုစို တွေ့ရတယ် ..မျှဝေပေးတဲ့အတွက် ကျေးဇူးပါနော်……..ကျွန်တော်လဲ ငယ်ငယ်က ရောက်ဘူးတယ် ..ရာဇဝင်တွေထဲက တဝ ဂူဆိုတာကို ရှာကြည့်တယ် မြေဖြူနဲ့ ရေးထားတဲ့ လမ်းညွန်တွေအတိုင်း လိုက်ရှာကြည့်တယ် ဘယ်အရာမှ တိတိကျကျ မသိဘူး နောက်ဆုံး ဒါက တဝ ဂူပါ ဆိုတာတောင် ပြောနိင်တဲ့သူမရှိဘူး ဒီရွာထဲမှာလဲ ရောက်ဘူးတဲ့သူတွေ ရှိပါတယ် ပြောပြနိင်မလားလို့ပါ …အနိင်ဆိုတဲ့ သီချင်းထဲမှာကြားဘူးတာဆိုတော့ ပါးစပ်ရာဇဝင်လားပဲမသိဘူး……………….

  • blackchaw

    November 24, 2012 at 10:53 am

    အကြောင်းတိုက်ဆိုင်လို့ စကားအတင်းစပ်လိုက်ပါဦးမယ် တူမတော် ပုချ်ရေ…။
    ဒီပို့စ်ရဲ့ ကွန်းမန့်တွေထဲမှာ…
    ဖတ်ရုံသာ ဝင်ဖတ်ပြီး ကွန်းမန့် သိတ်ပေးလေ့မရှိတဲ့…
    မဒမ်ဘလက်ရဲ့ ကွန်းမန့်လေးတစ်ခု ပါခဲ့ပါတယ်ဗျာ…။
    အခုလိုပြောပြတာ မဒမ်ဘလက် မသိပါစေနဲ့…။
    :mrgreen: :mrgreen: :mrgreen: :mrgreen: :mrgreen:

    • pooch

      November 24, 2012 at 11:41 am

      သိပြီ မေ ဆိုတဲ့ ကွန်းမန့် နည်းနည်းပဲ ရှိသူပေါ့ ကျေးဇူးတင်ပါတယ်အမ နယူးရီးယားမှာ တကူးတက ဖုန်းဆက်နှုတ်ခွန်းဆက်ပေးတဲ့ အတွက်ရောပါ

      ပြောပြတဲ့အတွက်လည်း ကျေးဇူးပါ ကိုဘလက်

      ကျမတော့အခုတလော ရှားမီးကျနေသလားမသိဘူး
      နေရာတကာ ပြသာနာမီးခွက်ထွန်းရှာနေမိတယ် :mrgreen:

  • ခိုင်ဇာ

    November 24, 2012 at 12:02 pm

    ချမ်းမြေ့ရိပ်ငြိမ်တုန်းက တော့ဖတ်ပြီးပြီ။ ခုဖတ်တော့လည်း ဖတ်လို့ကောင်းတာပဲ။ အစ်မ နှစ်ခါပဲ ရောက်ဖူးတယ်။ ဒုတိယခရီးစဉ်က ကျောင်းနဲ့။ :harr:
    မှတ်မှတ်ရရ ဆုတောင်းခြင်းနဲ့ပတ်သက်လို့ အလိုတော်ပြည့်မှာ တစ်ခါပဲဆုတောင်းဖူးတယ်။ ပြည့်တယ်။ အရင်က နားမလည် ပါးမလည်သွားတာ။ ခု စိတ်နဲ့ နောက်တစ်ခေါက်သွားဖို့ ကြိုးစားလိုက်ဦးမယ်။ 🙂

Leave a Reply