မချစ်မနှစ်သက်သောသူနှင့် အတူနေရခြင်းဒုက္ခ
နောက်ဆုံး ရန်သူကြီးတစ်ပါးကတော့ “မချစ်မနှစ်သက်သောသူ” ဆိုတာပါပဲ ။ “မချစ် မနှစ်သက်သောသူနှင့် ပေါင်းသင်းဆက်ဆံရခြင်း” သည် လူတိုင်းအတွက် ကြီးစွာသော ဆင်းရဲကို ဖြစ်စေတယ်မလား ။ “ချစ်သောသူ နှင့် ကွေကွင်း ရခြင်း” ကမှ စိတ်ထဲမှာဖြေတတ်ရင် ၊ နေတတ်ရင် တော်သေး တယ်လို့ ပြောရပါမယ် ။ ဒီမချစ်မနှစ်သက်သောသူကြီးနဲ့သာအမြဲ ပေါင်းသင်း ဆက်ဆံ နေရရင်တော့လည်း ဒုက္ခဆင်းရဲကြီးက လွတ်ဖို့ လမ်းမမြင်တော့ပါဘူးနော့ ။
ဒါပေမယ့်လေ ခုတော့ တို့မှာ ဒီ ဒုက္ခ ဆင်းရဲ ကြီးနဲ့ အမြဲ ပူးတွဲနေရပါတယ်နော် ။ ဘာလို့လဲဆိုတော့ ခန္ဓာ ရထားတာကိုး ။ ဒီခန္ဓာကို ရထားလေတော့ ဇာတိဖြစ်လာသမျှကတော့ အိုရမယ် ၊ နာရမယ် ၊ သေရဦး မယ်နော် ။ အင်း ဒီ အို ၊ နာ ၊ သေ နဲ့ ခွဲနေလို့ရော ရသေးရဲ့ လား ။ သူ့ကိုရော ချစ်ကြရဲ့လား ။ လိုချင်ကြရဲ့လား ။ ဒါကြောင့် ခု ပြောချင်တဲ့ “မချစ် မနှစ်သက်သောသူ” ဆိုတာသည်ပင် ဒီ အို ၊ နာ ၊ သေ ၊ ကို ရည်ညွန်းတယ်ဆိုတာ ပေါ်လာပါပြီ ။
အင်း လူတိုင်းဟာ မချစ်ပေမယ့် အမြဲလက်တွဲပေါင်းသင်း နေကြရတာ ဒီရန်သူကြီးပဲပေါ့ ။ အိုတာကြီးကို မကြိုက်ပါဘူး ။ မချစ်ပါဘူးဆိုတော့လည်း ဒါကြီးကိုပဲ ချစ်နေရဦးမှာပဲလေ ။ မချစ်ခင်ဘူး ၊ မနှစ်သက်ဘူး ဆိုပေမယ့် ဘဝသံသရာ အစကတည်းကမှ ဒီ အို ၊ နာ ၊ သေ နဲ့ ပေါင်းသင်းလာခဲ့ကြရတဲ့ ဘဝတွေက မရေမတွက်နိုင်ပါဘူးနော် ။ အင်း နုပျိုတာမှ ကြိုက်ပါတယ် ဆိုပြန်တော့လည်း အိုမင်းခြင်းနဲ့သာ လက်တွဲပြီး တစ်နေ့တစ်နေ့ အိုလိုက် လာတာသာကြည့် ပေတော့ ။ ဒါတောင် ကိုယ်က အာခံပြီး နုပျိုအောင် ပြုပြင် ချင်သေးတယ် ၊ ဖန်တီးချင်သေးတယ်နော် ။ ဘယ်လိုပဲ ပြုပြင်ဖန်တီးပါစေ “အိုခြင်း” ဆိုတဲ့ မချစ်တဲ့ သူနဲ့က ချစ်ခင်စွာ ပေါင်းသင်းနေရပြီပဲ ။ အင်း ဒါကြောင့်လည်း ဒုက္ခတွေရောက်နေရတာပေါ့နော် ။ ရှိတဲ့ အသက်ထက် ငယ်တယ် ထင်ရအောင် ပြုပြင်ရ ၊ ဖန်တီးရတဲ့ ဝန်တွေပိုလာတာပါပဲ ။
အင်း ဒီအိုခြင်းကြီးကို မရလိုလို့လည်း ရွေးချယ်ခွင့်မှ မရှိတာပဲလေ ။ ဒါကြီးနဲ့ပဲ အမြဲပူးတွဲ ပေါင်းသင်းနေရလေတော့ တစ်နေ့ထက်တစ်နေ့ ၊ တစ်လထက်တစ်လ ၊ တစ်နှစ်ထက် တစ်နှစ် အမြင်တွေက မွဲလာပြီ ။ ခါးတွေက ကိုင်း လာပြီ ။ ဆံပင်တွေက ဖြူလာပြီ ။ သွားတွေက ကျိုးလာပြီ ။ မသွားနိုင် မလာနိုင် အိပဲ့ အိပဲ့ နဲ့ တဖြည်းဖြည်း အိုခြင်းတရားကြီးက လက်စွမ်းတွေပြလာပြီ ။ အော် ကိုယ်က ဒီရန်သူကြီးနဲ့ အတူပေါင်းသင်းလာရပြီပဲ ။ ဘာတတ်နိုင်ဦး မှာလဲနော် ။ အင်း … ဒီလိုကနေ အိုလို့တင် မပြီးသေးဘူး။ အိုရာကနာ လာပြီလေ ။ ဟိုနားက ကျွတ် … ကျွတ် … ဒီနားက ကျွတ်…ကျွတ် နဲ့ ဒါဆိုရင်တော့ အိုခြင်းက လက်ဆင့်ကမ်းလိုက်လို့ “နာခြင်း” နဲ့ ပေါင်းသင်း ရပြန်ပါပြီ ။ ဒီ “နာခြင်း” ကြီးရော ချစ်ရဲ့လား ? လိုချင်ရဲ့လား ? နှစ်သက် ရဲ့လား ? ဆို တော့ တစ်စက်မှကို ကြည့်မရတာ ။ ဒီ “နာတယ်” ဆိုတဲ့ အသံတောင် မကြားချင်အောင် မုန်းတာနော်။ ဒါဆိုသူသည် ကိုယ့်ရဲ့ မချစ်မနှစ်သက်သူ ရန်သူကြီးပဲမလား ။ အင်း ဒီရန်သူကြီးကို မချစ်ပေမယ့် ပေါင်းသင်း နေရပါ လား။ ဪ ဒုက္ခ … ဒုက္ခ ။
ဒီခန္ဓာ ကြီး ရထားမှတော့ (တနည်း) ဒီခန္ဓာကြီး ချစ်ခင်စွဲလန်းနေမှတော့ ဒီကမွေးဖွားလာမယ့် အိုခြင်း ၊ နာခြင်းတွေကိုလည်း မချစ်မနှစ်သက်ပေမယ့် လက်တွဲနေရပါတယ် ။ ဪ … ရန်သူ့လက်အောက် ရောက်နေရတဲ့ ဘဝပါလားနော် ။ အင်း ဇာတိ ရလာရင်တော့ ဒီ အိုခြင်း ၊ နာခြင်း တွေနဲ့ သေချာပေါက် ပေါင်းသင်းရမှာပါလားလို့ အရင်က တစ်ခါမှ မစဉ်းစားမိလေတော့ ဒီခန္ဓာကြီးအတွက် ဆုတွေတောင်းခဲ့တာ။ ကောင်းမူ့ ကုသိုလ်တွေလုပ်ပြီး တလွဲတွေ ဆုတောင်း ခဲ့တာတွေလေ ။ ရန်သူကိုမြင်မှ မမြင်ပဲကိုး ။
အရင်က အကြောင်းတရားတွေကြောင့် အခုတော့ အကျိုး “ဇာတိ” ရလာကြပြီ ။ ဒီတော့မှ လက်ရှိအချိန်ထိ ဒီနေ့တော့ တစ်ရက်လောက် ဒီမချစ်တဲ့ ရန်သူနဲ့ ခွဲနေပါရစေလို့များ ဆုတွေ တောင်းလို့ တစ်ရက်လောက် “မအို” အောင် ၊ “မနာ” အောင် နေခွင့်လေးများရကြရဲ့လားလို့ ။ ဪ ဒါကြောင့်လေ ငါတို့ဟာ ဒီခန္ဓာကြီးရတာနဲ့ပဲ ဒီ အို ၊ နာ ၊ သေ ရန်သူ လက်ထဲတန်းအပ်ခံ ရပြီလို့သာတွေးမိပါရဲ့။ အင်းလာပါတော့မယ် “သေခြင်း တရား” ကြီးကလေ ။ သူကျပို တောင်ကြောက်ကြတယ် ။ မုန်းကြတယ် ။ မလိုချင်ကြဘူး ။ မချစ်မနှစ်သက်ကြဘူး ။ ဒါပေမယ့် သူက ဘယ်သူ့များ မျက်နှာသာပေးပြီး သေခြင်းမှလွတ်စေလို့ရှိရဲ့လား ။ ဝေးပါသေးတယ် ။ အင်း ဒီမချစ်မနှစ်သက်သော ရန်သူဖြစ်တဲ့ “သေခြင်း” နဲ့လည်း တစ်နေ့တော့ ပေါင်းသင်းရပါဦးမယ် ။
ခုတော့ အိုခြင်း ၊ နာခြင်း ဆိုရဲ့ ရှေ့ပြေး ရန်သူတွေရဲ့ နှိပ်စက်တဲ့ ဒဏ်ကိုခံပြီး မချစ်သော်လည်း အောင့်အည်း ပေါင်းသင်း ဆက်ဆံနေရပါတယ် ။ ဘယ်နေ့ ၊ ဘယ်ရက် ၊ ဘယ်အချိန်မှာများ ၊ သေခြင်း ရန်သူက လက်ကမ်း လိုက်မလဲတော့ မသိနိုင်တော့ပါဘူး ။ အဲဒီ အချိန်ကျရင်တော့လေ မချစ်မနှစ်သက်သော ရန်သူ သေမင်းရှေ့မှာ ဒူးထောက် ရတော့မှာပါလား ။ ဒါကြောင့် အိုခြင်း ၊ နာခြင်း ၊ သေခြင်းတွေနှင့် မချစ်မနှစ်သက်ပါသော်လည်း ချစ်ခင်ပေါင်းသင်း ရခြင်းဟာ ကြောက်မက်ဖွယ်ကောင်းသော ရန်သူကြီးတစ်ပါး ပဲ မဟုတ်ပါလား ။
ဒါဆိုရင် တို့တွေအတွက် ရန်သူမျိုး(၅)ပါး ထဲက ဘယ်သူဟာ ကြောက်စရာ အကောင်းဆုံးလဲ ဆိုတာ အဖြေထုတ်နိုင်ပါပြီနော် ။ မနော ရေယဉ် နဲ့တူတဲ့ “ရေ” ရန်သူပဲလား ? လောဘ ၊ ဒေါသ ၊ မောဟ မီးတွေ နေ့စဉ် အလောင်ခံနေရတဲ့ “မီး” ရန်သူများလား ? အမြဲတမ်း တစ်မျိုး မဟုတ် တစ်မျိုး လှည့်ပြီး နှိပ်စက်တတ်သော သတ္တိရှိတဲ့ “ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ” ဆိုတဲ့ “မင်း” များလား ? နေ့စဉ် ခိုးဝင်ပေါင်းသင်း နှိပ်စက် တတ်တဲ့ အာရုံ ပုံရိပ် နဲ့တူတဲ့ “ခိုးသူ” ကို ပို ကြောက်ရမလား ? ဒါမှမဟုတ် အိုခြင်း ၊ နာခြင်း သေခြင်း ဆိုတဲ့“မချစ်မနှစ်သက်သော ရန်သူကြီး”နှင့်အတူလက်တွဲ ပေါင်းသင်း ရတဲ့ ဘေးရန်ကြီးပဲလားဆိုတာ တစိမ့်စိမ့် တွေးရင်း ဒီရန်သူမျိုး(၅)ပါး လက်က အမြန် လွတ်မြောက်နိုင်ဖို့ နည်းစနစ်တကျ ကြိုးစား ရုန်းထွက်ကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေနော် ။
5 comments
foewa
October 6, 2011 at 10:06 pm
ဒီတစ်သက် ရုန်းထွက်ဖို့ လွယ်ပါတော့မလား ဟူးဟူးရေ
အခက်ကြီး ခက်နေရပါတယ်ဗျာ ။
whowho
October 7, 2011 at 12:25 pm
လွယ်တယ်လို့လည်း မဟုတ်သလို ခက်သလားဆိုတော့လည်း မခက်ပါ။
စဖြစ်ဖို့သာ အဓိကမို့ ရုန်းထွက်လိုသောစိတ်ကလေးကိုသာ တန်ဖိုးထားကြိုးစားလိုက်ပါလို့သာ အကြံပေးပါရစေ။ လွယ်တာခက်တာကထက် စဖြစ်ဖို့က ပိုခက်နေတယ်နော်။ သတိ။
maungmoenyo
October 7, 2011 at 10:34 am
အပိယေဟိသမ္ပယောဂေါ ဒုက္ခော။
we R one
October 18, 2011 at 12:45 pm
မချစ်မနှစ်သက်သော သူ ဆိုတာထက် .. အမွေခံသားဆိုးသမီးဆိုး ဆိုတာ ပိုမမှန်ဘူးလား.. ကိုယ်မချစ်မနှစ်သက်သော သူတိုင်းနဲ နေစရာမှ မလိုတာ.. မပတ်သက်ရင် ပြီးတာပဲလေ..
သားသမီးဆိုးက မှ မပတ်သက်လို့လည်းမရ မဆိုင်လို့လည်းမရ မနေလို့လည်းမရ မဟုတ်ဘူးလား
whowho
October 19, 2011 at 11:00 am
ဟုတ်ကဲ့ပါ။ ကျနော်စဉ်းစားကြည့်တယ်။ သားသမီးဆိုးဆိုတာကလည်း ကိုယ်နဲ့က သေထိ အတူနေမသွားရဘူးလေ။ တချို့ သက်ဆိုးမရှည်ကြတဲ့သားသမီးတွေကျတော့ သူတို့က အရင်သေသွားတာတွေလည်းရှိတတ်တယ်။ ဒါ့အပြင် အိမ်ထောင်တွေခွဲထွက် သွားတာမျိုး လည်း ဖြစ်နိုင်သေးတယ်။ အဲလိုအနေအထားမျိုးမှာ ကိုယ်ကလွတ်မြောက် ကောင်းလွတ်မြောက်နိုင်ပါသေးရဲ့။ ခု ပြောမယ့် အို၊နာ၊သေကတော့ သူတို့ပေးတဲ့ဒုက္ခထက် အဆများစွာ ဒုက္ခပေးနေတာမို့ ခန္ဓာရှိသမျှမလွတ်အောင် ခံနေရမယ်ဆိုတာလေးတွေးမိတာကြောင့် မချစ်မနှစ်သက်သောသူလို့ တင်စားလို်က်ရပါတယ်။