မြေးချစ်အဖိုး ပြင်မဆုံး
ရွာသူ/သားတွေကို ကျွန်မဖိုးဖိုးနဲ့သူ့မြေးအငယ်ဆုံးလေးအကြောင်း ပြောပြရအုံးမယ် … နောက်အလျင်းသင့်ရင်လဲ ကြုံရင်ကြုံသလို ဖိုးဖိုးနဲ့ဖွားဖွားအကြောင်းကို ဖွ(အဲလေ ယောင်လို့) ရေးပါအုံးမယ် .. ဖိုးဖိုးမှာသားသမီး(၄)ယောက်ရှိတယ် မြေးက(၁၀)ယောက်ရှိတယ် … ဖေဖေကသားအကြီးဆုံးမို့လို့ မြေး(၁၀)ယောက်ထဲမှာမှ ကျွန်မက မြေးအကြီးဆုံးပေါ့ … အငယ်ဆုံးမြေးလေးက အဒေါ်အငယ်ဆုံးကမွေးတာမို့လို့ ဖိုးဖိုးက သူ့မြေးအငယ်ဆုံးလေးကို အချစ်ဆုံးပေါ့ …
ညီမလေးနာမည်က “ နေခြည်လင်း ” တဲ့ … အခုတော့ ညီမလေးက (၄)တန်းတက်နေပါတယ် .. အဲဒီ့တုန်းကတော့ သူက (၂)တန်းပေါ့ .. နာမည်နဲ့လိုက်အောင် ဖြတ်ထိုးဉာဏ်ကလဲ လင်းလက်တောက်ပနေပြီး သွက်လက်ချက်ချာတာကြောင့် မောင်နှမဝမ်းကွဲတွေထဲမှာ သူ့ကို အချစ်ပိုရပါတယ် … စကားအရာမှာလည်း မည်သည့်စကားလာလျှင် မည်ကဲ့သို့ ပြန်လည်ချေပ ပြောဆိုရမည်ကိုသိပြီး ချက်ချင်းပင် ထိမိအောင် ဒက်ခနဲ ပြောဆိုနိုင်သူလေးဖြစ်၍ ကျွန်မတို့ကပင် အံ့ဩရပါသည်..။ အဖိုးကတော့ အငယ်ဆုံးမြေးလေးမို့ “ မြေးငယ်လေး ” ဟု ချစ်စနိုးခေါ်၏ … တစ်ခါတစ်လေ ကျွန်မတို့က နောက်ပြောင်ပြီး “ မြည်းငယ်လေး ” ဟုခေါ်လျှင် ညီမလေးသည် အလွန်စိတ်ဆိုးပါသည် …။
တစ်နေ့ ဖိုးဖိုးတို့အိမ်တွင် သား/သမီး မြေးများ အားလုံး စုဝေးရောက်ရှိနေကြ၏ .. ဖွားဖွားက သား/သမီးနှင့် မြေးများ စားရန်အတွက် မီးဖိုချောင်တွင် မုန့်ဟင်းခါးချက်နေ၏ … သမီးနှင့်ချွေးမများက အဖွားနဲ့ အနောက်မှာ ဝိုင်းကူချက်လို့ပေါ့ … မြေးတွေကတော့ အိယောင်ဝါးလုပ်ပြီး စကားဝိုင်းဖွဲ့ပြောနေကြတာပေါ့ … သား/သားမက်နှင့် ဖိုးဖိုးတို့ကလည်း အားကျမခံ မြေးတွေနဲ့မလှမ်းမကမ်းမှာ စကားဝိုင်းတစ်ဝိုင်းပေါ့ … မုန့်ဟင်းခါးကျက်တော့ မြေးတွေက တစ်ဝိုင်း၊ သား/သမီး၊ ချွေးမ/သားမက် တွေက နှစ်ဝိုင်း စုစုပေါင်း သုံးဝိုင်း ဝိုင်းဖွဲ့ပြီး စားကြတာပေါ့ …
အဖိုးနဲ့အဖွားကတော့ ကျွန်မတို့နဲ့ မလှမ်းမကမ်းမှာ ထိုင်ပြီး သား/သမီး မြေးတွေ စားတာသောက်တာကို ကြည့်ပြီး ကြည်နူးပီတိ ဖြစ်နေတာပေါ့ …။ အဖိုးက မြေးတွေစားနေတဲ့ဝိုင်းကို လှမ်းကြည့်လိုက်ပါတယ် ..။ မြေးတွေအားလုံးကလဲ ဝတ်ကောင်းစားလှတွေဝတ်ပြီး အလှအပတွေ ပြင်ဆင်ခြယ်သထားတာပေ့ါ .. အဲဒီ့ထဲမှာ ကျွန်မလဲပါတာပေါ့နော် .. (အဟီးးးးး လှချင်တာက အဲ့လို) 😛 မြေးတွေဝိုင်းကို စူးစိုက်ကြည့်နေရင်းမှ အဖိုးက အဖွားဘက်သို့လှည့်ပြီး “ မိန်းမရေ … ဟိုမှာကြည့်စမ်း တို့မြေးတွေထဲမှာ သဲသဲ(ကျွန်မ၏ ညီမငယ်လေး) ကတော့ အချောဆုံးပဲဟေ့ ” (အဟင့် ငါလဲမဟုတ်ဘူး) ဟု မဆင်မခြင်ပြောမိလိုက်၏ … ခပ်တိုးတိုးပြောမိသည်ထင်သော်လည်း အဖိုးမှာ နားအနည်းငယ်လေးနေသောကြောင့် နားလေးသူတို့ ထုံးစံအတိုင်း သူများကိုလဲ ကိုယ့်လိုပဲထင်ကာ အသံကျယ်သွား၏ … မြေးများအားလုံးလဲ ကြားသွား၏ …
အဖိုး၏စကားအဆုံးမှာ မတ်တပ်ထရပ်လိုက်သူက “ မြေးငယ်လေး ” အစ်မတစ်ဝမ်းကွဲဖြစ်သူ တတိယမြေး “ သဲသဲ ” ကို လက်ညှိုးထိုး၍ “ မမသဲသဲနော် အဖိုးက နောက်ပြောတာကို တကယ်အောက်မေ့မနေနဲ့ ” ဟုပြောပြီး ပြန်မထိုင်သေးဘဲ အဖိုးကို ခပ်ထွေထွေ လှမ်းကြည့်နေ၏ … ထိုအခါ အဖိုးမှာ မနေနိုင်တော့ဘဲ “ ဟုတ်တာပေါ့ သဲသဲချောတယ်ဆိုတာ မြေးငယ်လေးကို ဘယ်မှီပါ့မလဲ .. တကယ်ဆို မြေးငယ်လေးသာ အချောဆုံး ..” ဟု ပြန်ပြင်ပြောလိုက်မှ သူက “ ကဲ .. မမသဲသဲ သမီးမပြောဘူးလား အဖိုးက နောက်ပြောနေတာပါလို့ .. နော် အဖိုး နော် နော် ” ဟု အဖိုးဘက်လှည့်၍ ထောက်ခံမဲလှမ်းယူလိုက်သေး၏ … အဖိုးကခေါင်းညိတ်လိုက်တော့မှ ကျေနပ်သော မျက်နှာပေးနှင့် ပြန်ထိုင်လိုက်လေ၏ .. ထိုစဉ် အဖွားက “ အဖိုးရဲ့ အမှားကတော့လေ ဘယ်တော့မှ ပြင်လို့ဆုံးတော့မှာ မဟုတ်တော့ဘူး“ ဟု ညည်းတွားလိုက်လေသည် ………။
5 comments
annonymous
October 6, 2011 at 2:42 pm
ချစ်လေးကကော အဖိုးက ကိုယ်ကိုလှတယ်မပြောတော့ စိတ်ထဲဘယ်လိုနေလဲ အဟိ
chitlay
October 6, 2011 at 2:48 pm
မ annonymous ရေ .. ဘယ်လိုမှမနေဘူး ကလေးတွေ စိတ်အားငယ်မှာစိုးလို့ ပြောတယ်ပဲ မှတ်တယ် (ကိုယ့်လှတယ်မှမပြောတာ) … 😀
KoNyeinChan
October 6, 2011 at 4:12 pm
ငါ့အမြည်း… ချစ်လေး.. သိပ်လှတယ်ကွာ (ဘိုးဘိုးကြောင်ကြီးပြောတာ) 😀 😀 😀
chitlay
October 6, 2011 at 4:20 pm
ဘယ်နှယ့် ငါ့အမြည်းလဲ konyeinchan ရေ ငါ့မြေးလုပ်ပါဗျ …. 🙁
ကြောင်ကြီး
October 7, 2011 at 11:11 am
မစားရက်ခဲ့ပါ
ကျားငတ်တာ
မှန်ပေမဲ့
နွားပါးစပ်လို
မနံပါဘု
တပါးအရပ်မှာ
ထားလျက်ခွာ
သွားခဲ့သူချစ်လေး..။ 😥