စာရေးဆရာမှာလည်း အသည်းနှင့်

khinmintatthuMay 17, 20101min860

၁၉၈ဝ ပြည့်နှစ်မှ ၁၉၈၂ ခုလောက်ထိ ဂီတပဒေသာ မဂ္ဂဇင်းတွင်  ပန်းဝင်္ကပါအမည်ဖြင့် ဆောင်းပါးများရေးသားခဲ့ဖူးပါ သည်။ ကျွန်တော်ရောက်ရှိ ကျင်လည်ခဲ့ရသော ပြဇာတ်နယ်ပယ်မှ အတွေ့အကြုံအဖြစ်အပျက်များကို  တင်ပြရခြင်းဖြစ်ပါသည်။ ယခု နောက်ပိုင်းတွင် တွေးရင်းငေးရင်းနှင့် ထိုစဉ်ကမရေးမိခဲ့သောအကြောင်း အရာအချို့ကို ပြန်လည်မြင်ယောင်လာပါသည်။ ဤသည်မှာလည်း သက်ရွယ်ကြီးရင့်လာကြပြီဖြစ်သော မိတ်ဟောင်းဆွေဟောင်း (ပြဇာတ် မိတ်ဆွေများ) များနှင့် တွေ့ကြုံမေးမြန်းပြောဆိုရာမှ ဟောင်းမြည့်ခြင်း တို့ သစ်လွင်ဖူးပွင့်မွေးပျံ့လာရခြင်းဖြစ်သည်ဟု ဆိုရပါမည်။
၁၉၅ဝ ပြည့်နှစ်တွင် ဒဂုန်ဆရာတင်အမှူးပြုသော ဝင်းဝင်း ပြဇာတ်ရုံကြီးမှာ ရွှေပွဲလာပရိသတ်တို့ ကြိတ်ကြိတ်တိုးမျှစည်ကားနေ ပါပြီ၊ တက္ကသိုလ်မျိုးချစ်၊ ခင်မောင်မြင့်၊ ဖိုးပါကြီး၊ ခင်မောင်ညွန့်၊ ခင်မောင်ကြည်စသော မင်းသားများ၊ မေချစ်၊ မေမြင့်၊ ခင်အုန်းမြင့်၊ ကြည်ကြည်ဌေး၊ တင်တင်မူ၊ မေရီမြင့် အစရှိသော မင်းသမီးများ။ ဦးကြယ်နီ၊ သန်းနွဲ့၊ ကျွန်တော်ချစ်မောင်၊ ဖိုးပါလေး၊ သောကြာ၊ မစိန်ခင်စသော လူရွှင်တော်များ ဇာတ်ပို့ ဇာတ်ရံပေါင်းများစွာတို့ဖြင့် စွဲမက်ဖွယ်ပြဇာတ်ကြီးများကို အားပါးတရတင်ဆက်နေလေရာ ရုံပြည့် ရုံလျှံမျှ အားပေးကြပါ၏။ ပြဇာတ်ရုံတွင်းသို့ ရွှေပွဲလာတို့  သဲသဲလှုပ်မျှ ရောက်လာကြသည့်နည်းတူ ပြဇာတ်ရုံနောက်ဘက် သရုပ်ဆောင် အမျိုးသား၊ အမျိုးသမီးတို့ ဖီးလိမ်းပြင်ဆင်ကြသော အတွင်းပိုင်းသို့ လည်း ခင်မင်ရင်းနှီးသူ ပြဇာတ်ဝါသနာအိုး အပေါင်းအသင်းရောင်းရင်း များ၊ ပြဇာတ်ရုပ်ရှင်၊ ဓာတ်ပြားစသော လုပ်ငန်းစုတို့နှင့် ပတ်သက်သူ များ၊ အလှအပတိုလီမိုလီ ပစ္စည်းရောင်းချ သူများ ဝင်ထွက်သွားလာ စည်ကားလျက်ရှိသည်။ ကျွန်တော်တို့ ဆရာ ဒဂုန် ဆရာတင်က စည်းကမ်းကြီးသည်။ ထို့ကြောင့် အချို့မရင်းနှီးသူတို့မှာ ဆရာအလစ် ကိုကြည့်၍ ဝင်ထွက်နေကြရပါ၏။
ဆရာ၏ မိတ်ဆွေရင်းချာများဖြစ်ကြသော စာရေးဆရာကြီး ဆရာဇဝနနှင့် ဆရာကြီးမဟာဆွေတို့ မကြာခဏရောက်လာတတ် ကြ၏။ ဆရာက ကျွန်တော်တို့ ညီအစ်ကိုကိုခေါ်၍ မိတ်ဆက်ပေးသဖြင့် ဆရာကြီးများ၏ အသိအမှတ်ပြုခြင်းကို ခံရလေရာ အလွန်အကျူး ဝမ်းသာမိပါသည်။
ငယ်စဉ်ကတည်းက ဆရာကြီးများ၏ဝတ္ထု၊ ဆောင်းပါးပေါင်း များစွာတို့ကို ဝါသနာအလျောက် စွဲစွဲလမ်းလမ်းဖတ်ရှုခဲ့ရသည်။ ကြည်ညိုလေးစား ရင်းစွဲရှိသည့် ပုဂ္ဂိုလ်ကြီးများ ဝင်းဝင်းရုံသို့ ရောက် လာကြသည့်အခါ ကျွန်တော်တို့က ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ဝမ်းမြောက်ဝမ်းသာပြုစုကြရပါ၏။ ဟန်မလုပ်တတ်သော အနုပညာ ဆရာကြီးများကလည်း ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး နေထိုင်ပြောဆို ကြခြင်းအားဖြင့် အထွေထွေသော ဗဟုသုတများ၊ ရှေးဟောင်း နှောင်းဖြစ်၊ သိဖွယ် မှတ်ဖွယ်အကြောင်းအရာများကို ကြားနာ မှတ်သားကြရပါ၏။
လူငယ်စာရေးဆရာထဲက စာရေးဆရာသန်းဆွေမှာ ကျွန်တော် တို့ ဝင်းဝင်းရုံသို့ မရောက်မီကတည်းက ရင်းနှီးခင်မင်သူဖြစ်သဖြင့် ဝင်းဝင်းရုံသို့ မကြာခဏရောက်လာတတ်၏။ သူနှင့် ခင်မင်သူ စာရေးဆရာများကိုလည်း ဖိတ်ခေါ်လာပြီး မိတ်ဆက်ပေးတတ်သည်။
၁၉၅ဝ ပြည့်နှစ် နှစ်ဦးပိုင်းလောက်က အသားဖြူ၊ ရုပ်ဖြောင့် ဖြောင့်၊ မျက်ပေါက်ကလေးအတန်ငယ်ကျဉ်းသယောင်ရှိသူ စာရေး ဆရာတစ်ဦးကိုခေါ်လာပြီး ကျွန်တော်တို့နှင့် ဆုံပေး၏။
အလိုလေး… တကယ့်ဆရာပါတကား… စာပြောင်စာနောက် လိုလို နှင့် အတော်လက်သံပြောင်ပြောင်နှင့် နှက်တတ်ပေသော သာဂဒိုးပေတည်း။ ကျွန်တော်တို့က ဧည့်သည်တော်အသစ်ကျပ်ချွတ် ဗိုလ်သာဂဒိုးကို ဝင်းဝင်းရုံ  ဘေးကပ်ရက်၌တည်ရှိသော ဘားထဲတွင် အဖျော်ယမကာဖြင့် ဧည့်ဝတ်ပြုကြ၏။ လက်စသတ်တော့ မောင်သာဂဒိုးဆိုသော ငနဲသားသည် အရည်ကလပ် သမားမဟုတ်၊ အဖတ်ကလပ် သတ်သတ်ဖြစ်လေရာ အမြည်းတွေချည်း ထိုင်စားနေ တော့၏။
မိတ်ဆွေသစ်နှင့် ပြဇာတ်အကြောင်း၊ ဝတ္ထု၊ ဆောင်းပါးများ အကြောင်း၊ ရုပ်ရှင်အကြောင်းစသည်တို့ ပြောဆိုရယ်မောနေရင်း ဆရာသန်းဆွေ က သာဂဒိုး၏ လုံချည်စကို ဆတ်ခနဲဆွဲလှန်လိုက်ပြီး…
ကြည့်ကြစမ်းပါဦးဗျာဟု အာလေးလျှာလေးကြီးနှင့် ဆိုသည်။
ဘာတုံးဗျ၊ ဘာကိုကြည့်ရမှာတုန်း… ခင်ဗျားဥစ္စာ မထိတ်သာ မလန့်သာဟု ပြန်မေးလိုက်ရာ။
ကြည့်လေ…ဒီမှာကြည့်ကြစမ်းပါ၊ သူ့ခြေသလုံးကြီးတွေ ကို…
ဟုတ်ပါ့ခင်ဗျာ၊ အရပ်နှင့်အရွယ်နှင့် မလိုက်အောင်ပင် ထွားကျိုင်းတုတ်ခိုင်လှသော ခြေသလုံးကြီးတစ်စုံကို တအံ့တဩ တွေ့ကြရ၏။
ဘယ်လိုဖြစ်တာလဲ… ဆင်ခြေထောက်များလားဗျာ…
ဆင်ခြေထောက်ထက်ထူးတယ်၊ ဒါဟာ ကုလား ဆင်ခြေထောက်လို့ခေါ်တယ် ဆရာတို့… ဆရာသန်းဆွေက မောင်သာဂဒိုး၏ ခြေသလုံးတော် ကိစ္စအဝဝကို ဇာတ်ကြောင်းလှန် လေသည်။
ဟာသဘက်သို့ နွယ်သောဝတ္ထု၊ ဆောင်းပါးတို့ကို အများဆုံး စီခြယ် ရေးသားနေသည့် မောင်သာဂဒိုးသည်ကား… ထိုအချိန်တွင် အလွမ်းသမား ဘဝသို့ ကူးပြောင်းရောက်ရှိနေရလေပြီ (ထို့ကြောင့် လည်း အလွမ်းဝိဇ္ဇာဆရာ သန်းဆွေနှင့် ယာယီမဟာမိတ် ဖြစ်နေသည် လား မပြောတတ်ပါ) အကြောင်းမူကား သူအလွန့်အလွန် မေတ္တာ သက်ဝင်ချစ်ခင်နေသော မိတင်အေးဆိုသူ ဖြူဖြူချောချော ကုလားဆင် မကလေးကို မေတ္တာစာသဝဏ်လွှာ အတန်တန်ပေးသော်လည်း ချို သည်၊ ခါးသည် ဤနှစ်လီကို ပွင့်ပွင့်လင်းလင်း မပြန်ကြားဘဲ မစပ် တငန့်နဲ့လုပ်ထားသည့်အတွက် မေတ္တာအကျဉ်းသားမောင်သာဂဒိုးခမျာ ဆန့်ငင်ဆန့်ငင်နှင့် ဟားသူဘဝမှ လွမ်းသူဘဝသို့ ရောက်ရှိလာရပါ သတဲ့…။
အလွမ်းသမား မောင်သာဂဒိုးသည် ညှိုးငယ်နွမ်းလျသော မျက်နှာပေးဖြင့် ရွှေတိဂုံစေတီတော် ဗဟန်းဘက်စောင်းတန်း၌ ဈေးရောင်းသူ ထိုကုလား ဆင်မကလေး မိတင်အေးအား တစ်နေ့လျှင် တစ်ကြိမ် နှစ်ကြိမ်မျှ မမြင် မတွေ့ရလျှင် မူးမော်ချင်သလို၊ ဖျားနာ ချင်သလို ဖြစ်လာတတ်သည်ဆို၏။ ထို့ကြောင့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီး၏ ဗဟန်းဘက်စောင်းတန်းသို့ နေ့စဉ်နှင့်အမျှ အတက်အဆင်း အကြိမ်ပေါင်းများစွာ မရေသာအောင် လုပ်ရင်း ကြည့်ရ ရှုရ ဂေါ်ရ ရစ်ရ၏။
မိန်းမပိုးကြသည့်စကား အင်္ဂါရပ်များတွင် လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းယောင်ဟု ကြားဖူးသော်လည်း အများတကာထက်ထူးသည့် ကိုသာဂဒိုးမှာ လမ်းမလျှောက်ရ အသံမပေးရဘဲ ပုတီးကိုင်ရ၊ တံခွန်၊ ကုက္ကား၊ ပန်း၊ ဆီမီးအမျိုးမျိုး တစ်လှည့်စီကိုင်ရနှင့် လှေကားထစ် ပေါင်းများလှစွာသော စောင်းတန်းတစ်လျှောက် တက်ချည်ဆင်းချည် စာဆိုနှင့်မညီသော အလုပ်များကို အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင် ရင်း ခြေသလုံးကြီးများ တစ်နေ့တခြား ကြီးထွားလာခြင်းဖြစ်ပါသည်ဟု ဋီကာဖွင့်လေသည်။
ထိုအချိန်က ဝင်းဝင်းပြဇာတ်ရုံတွင် အချစ်ဇာတ်ခုံ၊ ငယ်ကျွမ်း ဆွေ၊ နှစ်ကိုယ်သစ္စာစသော မေတ္တာဘွဲ့ဇာတ်လမ်းများ တင်ဆက်ပြသ နေလေရာ အချစ်ရောဂါတက်၍ ကြိုက်မရှက်ဘဝသို့ ရောက်နေသူ မောင်သာဂဒိုးခမျာ အချိန်အားရတိုင်း ဝင်းဝင်းရုံသို့ ရောက်ရှိလာပြီး  ပြဇာတ်များကို ကြည့်ရင်း မျိုးချစ်နှင့် ကြည်ကြည်ဌေး၊ ခင်မောင်မြင့်နှင့် မေမြင့်၊ ဖိုးပါကြီးနှင့် မေချစ် တို့၏ နှစ်ပါးသွားခန်းများ၊ ချစ်ခင်ယုယ ကြင်နာကြသည့်ဇာတ်လမ်းများ၊ ပြကွက်များကို သူနှင့် ကုလားဆင်မလေး မိတင်အေးတို့ဟု စိတ်ကူးယဉ်ကာ တဟင်းဟင်း… တဟဲဟဲနှင့် ကြည်နူးဖြေသိမ့်နေဟန်တူပါ၏။ ပြဇာတ် ကြည့်ပြီးသောအခါ ကျွန်တော်တို့နှင့်အတူ ဘားတွင်းသို့ဝင်၍ အမြည်းတွေ စားလေတော့၏။
စာရေးဆရာသန်းဆွေမှာ သူတကာ၏ အချစ်ဇာတ်လမ်းလေးများကို လွမ်းလွမ်းတတ လှိုက်မောတတ်၏။ ကျွန်တော်တို့က သန်းဆွေအား သာဂဒိုး မသိစေဘဲ သူ့ဟာမကလေးကို လိုက်ပြစမ်းပါဟု အပူကပ်သဖြင့် ဗဟန်း စောင်းတန်းသို့ လိုက်ပို့ပေးပြီး မျက် စ မျက် န နှင့် ပြ၏။
ဟုတ်ပေသည်။ သာဂဒိုး၏ အသည်းမွှာကို ခွဲခြမ်းစိတ်ဖြာနေသော ကလေးမ မိတင်အေးဆိုသူကား သွက်လက်ချက်ချာသော ချစ်စရာ့ ကုလားဆင် မိန်းမချောကလေး အမှန်စင်စစ်ဖြစ်ပါပေ၏။ ကိုသန်းဆွေက သူ၏ ထူထူ ထဲထဲ နှုတ်ခမ်းကြီးကို မပွင့်တပွင့်ပြု၍…
တရုတ်ပေါက်ဖော်နဲ့တူတဲ့ကောင်က ကုလားဆင်မကလေးကို သွားကြိုက်သတဲ့ဗျာ၊ ဒင်းတို့နှစ်ယောက်ညားကြရင် မွေးလာတဲ့ကလေးတွေက တော့ ပန်းသေးရုပ်မျိုးလေးတွေဖြစ်လာကြတော့မှာပဲဟု ပြောပါ၏။ ကျွန်တော် တို့ ညီအစ်ကိုမှာ ဆီမီးအမွှေးတိုင်နှင့် ပန်းများက တစ်ဖက်၊ ဖိနပ်ကို တစ်ဖက် ကိုင်၍ စောင်းတန်းကို တက်ရင်းမောမောနှင့် ရယ်ကြရ၏။
မောင်သာဂဒိုးတစ်ယောက် ဝင်းဝင်းပြဇာတ်ရုံသို့ ရောက်လာလိုက်၊ ပျောက်သွားလိုက်နှင့် နေလာရာမှာ ၁၉၅ဝ ပြည့်နှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့ ညဘက် ပြဇာတ်ကပြနေချိန် ကိုသန်းဆွေရုံနောက်ဘက်သို့ဝင်လာပြီး အာလေး လျှာလေးကြီးနှင့် ဟိုငနဲတော့ လစ်သွားပြီဟု ပြော၏။
ဘယ်ငနဲတုံး… တောခိုသွားတာလားဟု ပြန်မေးရ၏။ ထိုစဉ်ကာလမှာ နိုင်ငံရေးလှုပ်ရှားမှု အလွန်သွက်လက်နေသည်။ ပစ်ကြ၊ ခတ်ကြ၊ တောခိုသွားကြ၊ ဝင်လာလိုက်ကြ၊ မကျေနပ်ဘူးဆိုပြီး တစ်ခါ တောပြန်ခိုကြ၊ တိုက်ကြခိုက်ကြနှင့် မျက်စိလည်စရာ အပြောင်းအလဲမြန်လှ သည်ဖြစ်၍ ဤသို့မေးမိလိုက်ခြင်းဖြစ်ပါသည်။
မဟုတ်ဘူးဗျ… သာဂဒိုးလေ…
မိတင်အေးကို ခိုးပြေးပြီ…
ဟုတ်လား…ဟီးဟီး…
ဒါဖြင့်…
ပန်းသေးသေးလေးတွေထွက်လာဖို့ သေချာသွားပြီပေါ့…
ကိုသန်းဆွေမှာ ထူထဲသော သူ၏မျက်မှန်ကိုချွတ်၍ မျက်ရည်များ သုတ်ယူရသည်အထိ ရယ်လေသည်။
သူချစ်၊ ကိုချစ် မေတ္တာစစ်ရှိကြသူချင်း ပေါင်းသင်းကြရလေပြီ ဆိုသောသတင်းမှာ ရင်ထဲ၌အလွန်ချမ်းမြေ့ဖွယ်၊ ကြည်နူးဖွယ်ကောင်းလှပါ၏။ အကြောင်းအမျိုးမျိုးတို့ကြောင့် သဘောမမျှနိုင်ကြသော မိဘ၊ ဆွေမျိုးများမှ အပ ချစ်ခင်ရင်းနှီးကြလေသော သူငယ်ချင်းအပေါင်းအသင်းများနှင့် ကိုယ်ချင်း စာနာတတ်ကြသော ချစ်လောကတွင်းမှ ချစ်သူများအတွက်မှာမူ မင်္ဂလာရှိလှ သော ဝမ်းမြောက်ဖွယ်သတင်းထူးဖြစ်ကာ ပီတိဖြာကြရလေသည်။
သာဂဒိုး (ခေါ်) မောင်တင်စိုးနှင့် မိတင်အေး (ခေါ်) (အခြားနာမည် တစ်မျိုး ရှိသေးသလော၊ မသိရသေး။ မိတင်အေးသည် ပင်လျှင် နာမည်ရင်းလော၊ မွန်အမျိုးသမီးဖြစ်သည့်အတွက် မိတပ်၍ ခေါ်သည်လော မပြောတတ်) တို့ ယခုအချိန်တွင် တစ်နေရာရာ ချစ်ဦးဂေဟာအတွင်း၌ ပျော်ရွှင်ကြည်နူး နေကြပေလိမ့်မည်၊ ၎င်းတို့ ခိုအောင်းနေကြသည့် မေတ္တာစခန်းရိပ်မြုံလေးကို မသိကြလို့သာပေါ့၊ သိများသိကြလျှင် ရင်းနှီးချစ်ခင်ကြသော သူငယ်ချင်းတစ်စု အစုံအလင် နှင့် တီးမှုတ်စရာတွေပါယူပြီး ဒင်းတို့နောက် လိုက်ကြမည်ဧကန် ဖြစ်ပါသည်။
၁၉၅၁ ခု ဇန်နဝါရီလကုန်ပိုင်းလောက်တွင် ကိုရင်သာဂဒိုး ပြုံးဖြဲဖြဲမျက်နှာကြီးနှင့် ဝင်းဝင်းပြဇာတ်ရုံသို့ ရောက်လာ၏။
သူနှင့် မိတင်အေးတို့ကိစ္စ၊ နှစ်ဖက်မိဘဆွေမျိုးများ ညှိနှိုင်းကြ ၍ အဆင်ပြေချောမောသွားပါပြီ၊ မင်္ဂလာရက်မြတ်ရွေး၍ လက်ထပ်ပေး ရန်လည်း လူကြီးများက သဘောတူခွင့်ပြုလိုက်ပါပြီဟူသော သတင်း ကောင်းကို ပြောကြားရင်း သူ၏မင်္ဂလာကိစ္စတွင် မည်သည့်သတင်းစာ တိုက်ပိုင်ရှင် ပုဂ္ဂိုလ်ကြီးက ဘာတွေကူညီမည်ဟု ကတိပြု၍ မည်သည့် စာအုပ်တိုက်ပိုင်ရှင် ပုဂ္ဂိုလ်ကြီးက သွားရေးလာရေးအတွက် မော်တော်ကားစရိတ်အားလုံး ကျခံမည်ဟုပြောပါကြောင်း၊ သတင်း ထောက်များအသင်းကလည်း အကျွေးအမွေးနှင့် ဧည့်ခံခြင်း၊ ဝေယျာ ဝစ္စကိစ္စများဆောင်ရွက်ရန် တာဝန်ယူကြသည့်အပြင် မင်္ဂလာခန်းမ အတွက် စထရင်းဟိုတယ်၊ ဂရင်းဟိုတယ်၊ မြို့တော်ခန်းမစသည်တို့ကို မငှားနိုင်သဖြင့် ပန်းဆိုးတန်းလမ်းရှိ စာရေးဆရာအသင်းတိုက်၌ ကျင်းပနိုင်ရန် ခွင့်ပြုချက်ရထားပြီးဖြစ်ပါကြောင်း။ မိမိမှာမူ မင်္ဂလာ ဆောင်ရန် စရိတ်ပင်မရှိပါသောကြောင့် မြို့မေတ္တာခံယူရမယ့်သား အဖြစ်သို့ ရောက်ရှိနေရာ ဝင်းဝင်းပြဇာတ်မှ ဂီတလုလင်မောင်ကိုကို တူရိယာအဖွဲ့ကလည်း မိမိ၏မင်္ဂလာဆောင်တွင် မေတ္တာနှင့် အခမဲ့ ကူညီသင့်ပါကြောင်း ပြောတော့သည်။
ထိုစဉ်က စာရေးဆရာအသင်းတိုက် (ယခု ပြန်ကြားရေး) မှာ လေးထပ်တိုက်အပေါ်ဆုံးထပ်တွင်ရှိပါသည်။ ကိုသာဂဒိုး၏ မင်္ဂလာ ပွဲသို့ အာဇာနည် မင်္ဂလာပရိသတ်များသာလျှင် တက်ရောက်ချီးမြှင့် နိုင်ဖွယ် ရှိနေပါ၏။ ထို့ကြောင့်…
ကိုသာဂဒိုးရေ… ခင်ဗျား မင်္ဂလာဆောင်မယ့်နေရာက လေးထပ်တိုက် အပေါ်ဆုံးထပ်ဗျာ၊ လှေခါးကလည်း ကျဉ်းကျဉ်းလေး၊ ဒီတော့ စန္ဒရားဘယ်လိုလုပ်တင်မလဲ… အဲဒါအတွက်တော့ ခင်ဗျား တာဝန်ယူပြီး စန္ဒရားအပေါ်ရောက်အောင်တင်ပါ၊ ကျန်တာအားလုံး အခမဲ့ တပြားမှမကုန်စေရပါဘူးဟု ပြောရ၏။ သတို့သားလောင်း ခမျာ စန္ဒရားကြီးကို ကိုယ်တိုင်ထမ်းတင်၍ ဖြစ်မည်ဆိုလျှင် ထမ်းတင် ရန် ဝန်မလေး။ သို့သော် မနိုင်ဝန်ဖြစ်နေ၍ခက်ပြီ။ ကူလီခ ကလေးပင် ပေးနိုင်ရန်တွက်ချက်ချိန်ဆနေရသောကြောင့် စန္ဒရားကြီး မတင်နိုင်ရင် လည်း ဆရာတို့ရယ်… ဟိုဒင်း… လက်စွဲဘာဂျာလိုဥစ္စာ၊ ဘာတဲ့… အကော်ဒီယံ… အဲ…အဲ… အဲဒါနဲ့ပဲ ကိစ္စပြီးအောင် စောင့်ရှောက် ကြပါဗျာ။ ကျွန်တော်ဘာမှ တာဝန်မယူပါရစေနဲ့နော်…ဟီးဟီး… ရယ်သလို မောသလိုပြောပြီး ဖိုသီဖတ်သီနှင့် လှုပ်ရှားထွက်ခွာသွားရှာ သော သတို့သားလောင်း ကိုသာဂဒိုးကိုကြည့်၍ ရယ်ချင် ငိုချင် ဖြစ်ကြ ရပါသည်။
ဆရာသာဂဒိုးနှင့် မိတင်အေးတို့ချစ်သူနှစ်ဦး၏ မင်္ဂလာ လက်ထပ်ပွဲကို ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပန်းဆိုး တန်းလမ်းရှိ စာရေးဆရာအသင်းတိုက်၌ ခမ်းနားစွာကျင်းပခဲ့ရာ သတင်းစာဆရာကြီး ဦးညိုမြနှင့် ဇနီးဒေါ်ခင်သန်းနွယ်တို့က ကမကထ ပြု၍ သတင်းစာ၊ စာပေ၊ အနုပညာနယ်ပယ်မှ မင်းပရိသတ်များ လေးထပ်တိုက်အပေါ်ဆုံးထပ်သို့ တပင်တပန်းတက်ရောက်ချီးမြှင့်ခဲ့ကြ ပါသည်။ စာနယ်ဇင်းသမား၏ မင်္ဂလာဆောင်ဖြစ်သောကြောင့် ဓာတ်ပုံ သတင်းထောက်များကလည်း ဝိုင်းဝန်းကူညီကာ တဖျပ်ဖျပ်နှင့် ဓာတ်ပုံ ရိုက်ကူးကြသည်။ နိုင်ငံကျော်မယ်ဗမာ မစိန်အေးကလည်း ကိုသာဂဒိုး နှင့် မိတင်အေးတို့ မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုသည့်အတွက် မင်္ဂလာပွဲမှာ ပို၍မြိုင်ဆိုင်သွားရသည်။ ဂီတလုလင်မောင်ကိုကိုတူရိယာ  အဖွဲ့တော်သားများကလည်း (စန္ဒရား မတင်နိုင်သောကြောင့်) အကော် ဒီယံ ထရန့်ပက်၊ ဆက်ဆိုဖုန်းနှင့် ဂျပ်(စ)ဘင်ဆိုသော တူရိယာပစ္စည်း လေးမျိုးကိုသာ သယ်ယူတင်ဆောင်လာနိုင်ခဲ့ပြီး တဂေါ်ဂေါ် တဂီဂီ တဒိန်ဒိန်နှင့် ဟိန်းနေအောင် အော်ဟစ်သီဆိုခဲ့ကြပါသတည်း။

(ဖတ်မိသော မဂဇင်းတစ်အုပ်မှ ရေးသားဖော်ပြလိုက်ရပါသည်။ နောက်ထပ် ကျန်ရှိနေသေးသော၊ ဖတ်ထားမိသော ဝတ္ထုတိုများကိုလည်း ရေးသားဖော်ပြပါဦးမည်၊ စာဖတ်သူအားလုံးကို ကျေးဇူးတင်လျက်)