ဆေးရုံပြတင်း
လူသားနှစ်ဦး။ ရောဂါကသည်းတာချင်းလည်းအတူတူ။ ဆေးရုံအခန်းတစ်ခုအတွင်းလာဆုံမိကြသည်။ တစ်ယောက်ကတော့ သူ့အဆုပ်ထဲက အရည်တွေ စီးဆင်းစေရန် နေ့ခင်းဘက်ဆို တစ်နာရီလောက် ခုတင်ပေါ်ထထိုင်ခွင့်ရှိသည်။ သူ့ကုတင်က ထိုအခန်းအတွင်းရှိတစ်ခုတည်းသော ပြတင်းပေါက်ဘေး နားတွင်ရှိသည်။ တစ်ခြားတစ်ယောက်ကတော့ တစ်ချိန်လုံး ကုတင်ပေါ်မှာကျောခင်းနေရရှာသည်။ သူတို့နှစ်ယောက်သား ရောက်တတ်ရာရာ စကားပြောရင်းဖြင့်သာပျင်းရိညည်းငွေ့ဖွယ်အချိန်တွေ ကို ဖြတ်သန်းကြရသည်။ အိမ်ကမိန်းမနဲ့ကလေးတွေအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း၊ သူတို့စစ်ထဲဝင်တုန်းကအကြောင်း၊ အားလပ်ချိန်ပျော်ပွဲစားထွက်တုန်းကအကြောင်း စုံအောင်ပြောကြသည်။
နေ့ခင်းဘက် ခုတင်ပေါ်လှဲနေရာကနေ ထထိုင်ခွင့်ရတဲ့အချိန်ဆို သူက ပြတင်းပေါက်ကတဆင့် အပြင်ဘက်က မြင်ရသမျှကို သူ့အခန်းဖော်အား ပြောပြလေ့ရှိသည်။ တဖက်ကုတင်က ပုဂ္ဂိုလ်အတွက်တော့ ဒီတစ်နာရီလေးအတွင်း သူ့ကမ္ဘာလေးသည် အသွေးအရောင်စုံလှုပ်ရှားသက်ဝင်နေ သည့် ဆေးရုံခန်းရဲ့အပြင်သို့ဖြန့်ကျက်ကွန့်မြူးနိုင်ပေသည်။ ပြတင်းပေါက်မှ လှပသည့်ရေကန်လေး ရှိသည့် ပန်းခြံကိုလှမ်းမြင်ရနိုင်သည်။ ကလေးငယ်များ လှေကလေးတွေစီးကြ၊ ငွေငန်းဖြူနှင့် ဘဲများမြူးထူး ရေကူးကြ။ ငယ်ရွယ်သူစုံတွဲလေးများလက်ခြင်းချိတ်လျက် ရောင်စုံယှက်သွေးဖြာနေသည့် ပန်းဥယျာဉ်အလယ်လျှောက်လှမ်းနေကြ နှင့် မိုးကုတ်စက်ဝိုင်းအောက် အလှပဆုံးမြင်ကွင်းပင်ဖြစ်သည်။ သစ်ပင်အို မြင့်မြင့်ကြီးတွေကြောင့် မြင်ရသည့် ရှုခင်းကပို၍ခန့်ငြားလို့နေပြန်သည်။ မြို့ပြရဲ့ ကောင်းကင်အနားသတ်ကို ခပ်လှမ်းလှမ်းမှပင် မြင်တွေ့နိုင်သည်။ ပြတင်းပေါက်နားကလူက အဆိုပါရှုခင်းကိုတစ်ခုခြင်း အသေးစိပ်ရှင်းပြသည့်အခါ ကုတင်ပေါ်လှဲနေရသည့်လူက သူ့မျက်လုံးအစုံကိုမှိတ်ထားက အာရုံတွင်စိတ်ကူးပုံဖော်နေတတ်သည်။
တစ်ခုသော နေသာသည့်နေ့လည်ခင်းမှာတော့ ပြတင်းပေါက်နားကလူက စစ်ရေးပြအခန်းအနားတစ်ခု ဖြတ်သွားပုံကိုပြောပြလေသည်။ ကျန်တစ်ယောက်သည် တီးဝိုင်း၏အသံကို မကြားနိုင်သော်လည်း သူ့မိတ်ဆွေဖော်ကျူးသည့်အတိုင်း သူ့စိတ်ကူးပုံရိပ်တွင် အထင်းသားပေါ်လာတော့ သည်။ ဒီလိုနှင့် နေ့တွေ၊ လတွေ ဖြတ်သန်းခဲ့သည်။
တစ်မနက်မှာတော့ သူနာပြုဆရာမလေး သူတို့ချိုးရေအတွက်ရေယူလာပေးရင်း မြင်လိုက်ရသည် ကတော့ ့ပြတင်းပေါက်ဘေးနားကလူ၏ အသက်ဝိဉာဉ်ကင်းမဲ့နေသည့်ခန္ဓာကိုယ်ပင်။ အိပ်ပျော်ရင်း ငြိမ်းငြိမ်းချမ်းချမ်းပင်ကွယ်လွန်သွားရှာသည်။ သူမလည်း စိတ်မကောင်းခြင်းကြီးစွာဖြင့် ဆေးရုံဝန်ထမ်း များခေါ်ကာအလောင်းအား ရွှေ့ခိုင်းရတော့သည်။ အတန်ကြာတော့ ကျန်ခဲ့တဲ့လူနာက သူ့ကို ပြတင်းပေါက် နားရွှေ့ပေးဖို့ဆရာမလေးအား ခွင့်တောင်းသည်။ ဆရာမလေးလည်း သူ့ကိုနေရာရွှေ့ပေးပြီး နေသားတကျဖြစ်တဲ့အခါ ပြန်ထွက်သွားတော့သည်။
ဒီတော့မှ သူလည်း နာကျင်သည့်ဒဏ်ကိုကြိတ်ခံကာ တံတောင်တစ်ဖက်ဖြင့် သူ့ကိုယ်ကို ဖြည်းဖြည်းခြင်းထူမတ်ကာ ထထိုင်ဖို့ကြိုးစားသည်။ ပြတင်းပေါက်ကတဆင့် အပြင်လောကကို ပထမဦးဆုံးအကြိမ်ကြည့်ခွင့်ရတော့မည်။ နောက်ဆုံးတော့ သူ့မျက်လုံးနှင့်အားရပါးရ မြင်ခွင့်ရပေတော့ မည်။ သူ့ကုတင်ဘေးက ပြတင်းပေါက်ဆီသို့ အားယူကာ ဖြည်းဖြည်းခြင်းလှည့်ကြည့်ကြည့်လိုက်သည်။ သူမြင်ရသည်ကား ဗလာကျင်းနေသည့် နံရံကြီးပင်။ နောက် သူ ဆရာမလေးကိုမေးကြည့်သည်။ ကွယ်လွန်သွားသည့် သူ့မိတ်ဆွေက ဘာသဘောနှင့် ဒီလိုလှပသည့်မြင်ကွင်းတွေကို ပုံဖော်ပြသွားသလဲလို့ပေါ့။ ထိုလူသည် မျက်လုံးကွယ်နေကြောင်း၊ ဒီနံရံကိုပင် သူမမြင်ရကြောင်း ဆရာမလေးက ပြန်ပြောပြသည်။ ပြီးတော့ “ရှင့်ကို စိတ်ချမ်းသာစေချင်လို့ ဖြစ်မှာပေါ့ရှင်” တီးတိုးရေရွတ်လိုက်တော့သည်။
မူရင်းဇာတ်လမ်းရေးသူ- အမည်မသိ
chicken soup လိုမျိုးစာစုလေးပါ။Hospital Window တဲ့။ ဒီဇာတ်လမ်းလေးမှာ မူရင်းရေးသူကိုရော ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကိုပါ အမည်မသိရပါဘူး။ ဒီလိုမသိရတာကပဲ ခံစားချက်လေးတစ်မျိုးပေးတယ်ထင်ပါတယ်။
နည်ရဲဇော်
7-10-2011
8 comments
Handy note
October 7, 2011 at 1:56 pm
“chicken soup လိုမျိုးစာစုလေး” မဟုတ်ပါ။
အတိအကျကို (Chicken soup for the Soul) ပါ။
ဖေမြင့်ဘာသာပြန်ပြီး နှလုံးသားအဟာရ ရသစာများ အမှတ်(၂)/(၃) တအုပ်အုပ်မှာ
ရေးသားဖော်ပြပြီးသားပါ။ဘာသာပြန်ဖြစ်လို့အကိုလဲရေးနိုင်ပေမဲ့ သိသူတော်တော်
များရှိပီးသားဖြစ်ကြောင်းလေးပါ။
စုံ စုံ
October 7, 2011 at 2:18 pm
ထပ်ပြီးဖြည့်ပြောရရင်ဒီရွာထဲမှာလဲ ဒီပို့စ်ကိုတင်ပြီးသားပါ
နည်ရဲဇော်
October 7, 2011 at 2:32 pm
အင်း။ ကျွန်တော်လည်း ပုံနှိပ်စာပေနဲ့တော်တော် မျက်ခြေပြတ်သွားတယ်။ ဒါလေးကို ဒီနေ့မှ http://www.humanhealing.com ကနေဖတ်ဖူးတာ။ ဆရာဖေမြင့်ရဲ့ chicken soup for the soul ကိုလည်းအကုန်လုံးမဖတ်ဖူးတော့ သူပြန်ထားမှန်းမသိဘူး။ ဒီမှာတင်ထားပြီးသားမှန်းလည်းမသိပါဘူး။ ဆရာဖေမြင့်ရဲ့လက်ရာဖတ်ဖူးပြီးသားလူတွေအတွက်တော့ ပေါ့ရွှတ်ရွှတ်ကြီးဖြစ်နေမယ်နဲ့တူတယ်။
ဝေးလွင့်တိမ်
October 7, 2011 at 8:24 pm
ဆရာဖေမြင့်ရေးတာကိုဖတ်ဖူးးပါတယ် ။ နှစ်ခါပြန်ဖတ်ရတော့ နှစ်ခါခံစားလို့ရတာပေါ့ဗျာ ။ ကောင်းပါတယ် ။
kyeemite
October 8, 2011 at 9:26 am
ကိုယ်တိုင်ဘာသာပြန်တာဆိုရင်တော့သူများပြန်ဘူးလဲပြသာနာမရှိဘာဘူး..
စာပေလောကမှာဒီလိုဘဲထပ်ပီးပြန်နေကြတာတွေရှိပါတယ်.
bluerose
October 8, 2011 at 1:05 pm
လောကမှာကိုယ်ကိုတိုင်မမြင်နိုင်တဲ့အရာကိုတောင်သူများကိုစိတ်ချမ်းသာအောင်ဖြည့်ဆည်းပေးနိုင်တဲ့
မျက်စိမမြင်နိုင်တဲ့သူကိုတော့ချီးကျူးမိပါတယ်
အဲဒါလေးကိုတခါဖတ်တော့ဖတ်ဖူးတယ်ဘယ်မှာဖတ်ဖူးလဲတော့မသိဘူး
ခုပြန်ဖတ်တော့လည်းမျက်စိမမြင်တဲ့သူလိုမျိုးသူများကိုစိတ်ချမ်းသာအောင်လုပ်ပေးချင်မိတယ်
စိတ်ထဲရှိတာပြောတာနော်တကယ်လုပ်နိုင်ဖို့ကတော့ဟဲဟဲဟဲ 😛
MOEPWINTPHYU
October 8, 2011 at 1:49 pm
ဆရာဖေမြင်ရေးထားတာနဲမတူပါဘူး ဆင်တယ်ဆိုယုံပါပဲ
ဆရာဖေမြင့်ရေးတာလဲကြိုက်တယ် အခုစာလဲကြိုက်တယ် စိတ်ရှုပ်ရင်ဒါမျိုးစာတွေဖတ်နေရတာသက်စိတ်သက်သာရာရစေပါတယ်
thit min
October 8, 2011 at 6:00 pm
ပို့စ်တင်တဲ့လူရဲ့ ရှယ်ချင်တဲ့စိတ်ကလေးကိုမြင်အောင်ကြည့်ပေးလိုက်ရင်လဲ
Chicken Soup for the Soul တခွက်ဖြစ်ကောင်းပါရဲ့လေ။