သိချင်မသိချင်ယောင်ဆောင်နေ၊ မသိရင် သိအောင်မလုပ်နဲ့ (စဆုံး)
မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်းများတွင် တပ်တွင်းအခေါ် အာဒတ်ဆိုင် ဗိုလ်လိုအခေါ် RSM
ခေါ် ပအရာခံဗိုလ် တစ်ယောက်၏ တာဝန်ကား အိမ်ထောင်သည်မိန်းမများကို ခပ်ကြမ်းကြမ်း အုပ်ချုပ်ရန်သာတည်း။
အနှီ အာဒတ်ဆိုင်တော်တော်များများသည်အပြောကြမ်းအဆိုကြမ်းပြီးတော်ရုံမိန်းမများအိမ်ရှေ့မှပင်ဖြတ်မလျှောက်ရဲ လောက်အောင် ကြောက်ကြရသူများ ဖြစ်ပါသည်။ တပ်ရင်းတစ်ခုတွင် တစ်ယောက်သာ ခန့်ထားသော ရာထူးဖြစ်၏။
ယခုအဖြစ်အပျက်မှာ တပ်ရင်းအရာခံဗိုလ်ဟောင်းကြီးတစ်ဦး ပြန်ပြောပြသော ကိုယ်တွေ့ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ ဤ ဇာတ်လမ်းသည် စစ်တပ်မကောင်းကြောင်းရေးသားခြင်းမဟုတ်ပါ။ စစ်တပ်တွင်လည်း အပြင်လော ကမှာကဲ့သို့ပင် ဒီလိုဇာတ်လမ်းမျိုးတွေရှိသည် ဆိုတာကို ပြောချင်တာသာ ဖြစ်ပါသည်။
ခြေလျင်တပ်ရင်း တော်တော်များများမှာ ရှေ့တန်းထွက်ကြရပါသည်။ အနည်းဆုံး ၆လ၊ ရလ ခန့် ကြာအောင် တာဝန်ကျရာ ရှေ့တန်းစခန်းများသို့ သွားရောက် စစ်တိုက်ထွက်ကြရပါ၏။ ၎င်းတို့ ရှေ့တန်းထွက်ချိန်တွင် နောက်တန်းတွင်ကျန်ခဲ့သော မိန်းမတို့ကို နောက်ဆံမတင်း စိတ်ချလက်ချ ဖြစ်အောင် အာဒတ်ဆိုင်ကြီး က အုပ်ချုပ် ပေးရပါသည်။ မိန်းမတို့ကား အကျင့်စရိုက် အမျိုးမျိုးတည်း။ ယောင်္ကျားနှင့် ၆လ၊ ရလလောက် ခွဲနေရသည့် အခိုက်အတန့် တွင်ပင် လူမှုရေး ဖေါက်ပြန်တတ်သော မိန်းမအချို့ (အချို့) ရှိပါ၏။ စစ်တပ်တွင် ခွင့်မလွှတ်နိုင်သော ပြစ်မှုတစ်ခုမှာ လူမှုရေးဖေါက်ပြန်မှု ပင်ဖြစ်ပါ၏။ ထို့ကြောင့် အာဒတ်ဆိုင် ကြီးက မျက်နှာသာမပေးပဲ အုပ်ချုပ်ထား ရပါသည်။
တပ်တွင်းစည်းကမ်းဆိုသည်မှာ တော်ရုံတန်ရုံမိန်းမတစ်ယောက်အော်ပြေးသွားနိုင်သည့် စည်းကမ်းမျိုးဖြစ်ပါသည်။
စစ်သားတစ်ယောက်ဘဝမှာ မိန်းမတစ်ယောက်ကို ကောက်ယူချင်တိုင်းယူလို့ မရပါ။ စစ်သားတစ်ယောက် အိမ်ထောင်ပြုချင်လျှင် တပ်ရင်းသို့ လက်ထပ်ခွင့်တင်ရပါသည်။ လက်ထပ်ခွင့်ကျ၍ တပ်ရင်းသို့ ခေါ်လာလျှင် အာဒတ်ဆိုင်ကြီးနှင့် အရင် တွေ့ရပါသည်။ စစ်သားမိန်းမဆိုတာ စစ်တိုက်မထွက်ရသော်လည်း စစ်မြေပြင်ကဲ့သို့ ကြမ်းတမ်းသော သဘောရှိသည်ဆိုတာ သဘောပေါက်သွားစေနိုင်သည့် အင်တာဗျူးဆန်ဆန် အမေးအဖြေ လုပ်ရပါ၏။ ရဲဘော်စံလှ မိန်းမခေါ်လာသော နေ့က အဖြစ်ကို ကြည့်ပါ။ ရဲဘော်စံလှ က သူယူလာသည့် မလှတင် ဆိုသည့် မိန်းမကို အာဒတ်ဆိုင်ကြီးမှ စစ်ဆေးမေးမြန်းနိုင်ရန် ရုံးသို့ခေါ်လာရပါသည်။ အာဒတ်ဆိုင် ကြီး၏ အုပ်ချုပ်မှုအောက်မှာ နေရမှာ ဖြစ်သောကြောင့်တည်း။ ရုံးရောက်ရောက်ခြင်း ဝင်တွေ့ခွင့်ရတာတော့ မဟုတ် တစ်နာရီလောက်စောင့်ချင်လည်း စောင့်ရပါလိမ့်မည်။ ဝင်ခဲ့ ဆိုတော့မှ ဝင်ခွင့် ရပါသည်။အာဒတ်ဆိုင်ကြီးက မျက်နှာကြော ကို တင်းနိုင်သမျှ တင်းထားပါသည်။ ရဲဘော် စံလှက သူ့မိန်းမနှင့် မိတ်ဆက်ပေးပါသည်။
“ ဆရာကြီး ဒါ ကျွန်တော့် မိန်းမပါ၊ မလှတင် လို့ ခေါ်ပါတယ်” (တပ်ထဲတွင် ၎င်းအဆင့်ကို ဆရာကြီးဟုခေါ်သည်)
အင်မတန်မလိုလားသော မျက်နှာပေးမျိုးဖြင့် အာဒတ်ဆိုင်ကြီး ပြန်ပြောသည်မှာ
“ ဘယ်က ဟာတွေ ကောက်ယူလာ ပြန်ပြီလဲ စံလှရယ် “
“ မိကောင်းဖခင်သားသမီးပါ ဆရာကြီး။ အရှုပ်အရှင်းလည်း ကင်းပါတယ်ခင်ဗျ “
အခုထိ လင်မယားနှစ်ယောက် ထိုင်ခွင့် မရသေးပါ။
“ ဟဲ့ ကောင်မ နင်တို့ ရွာထဲမှာ ဖြစ်ချင်ရာဖြစ်ခဲ့ပြီးမှ ငါ့ရဲဘော်ကို အမိဖမ်းလိုက်တာမဟုတ်လား “
ရဲဘော်စံလှ မိန်းမမှာ စိတ်ထဲထောင်းကနဲ ဖြစ်သွားသော်လည်း မျက်နှာကို ပြုံးပြုံးလေးထားပြီး
“ မဟုတ်ပါဘူး ဆရာကြီး “
“ စံလှက လူရိုး၊ မိန်းမအကြောင်းဘာမှသိတာမဟုတ်ဘူး၊ စစ်တိုက်ဖို့ပဲ သိတဲ့ကောင်၊ နင်တို့လို မိန်းမလည်တွေနဲ့
မတန်ပါဘူးဟာ “
အာဒတ်ဆိုင်ကြီးက စစခြင်း ဦးကျိုးသွားအောင် ခပ်နှိမ်နှိမ် ပြောထားရခြင်း ဖြစ်ပါ၏။
“ ဟေ့ကောင်ထိုင် “
လင်မယားနှစ်ယောက် အာဒတ်ဆိုင်ကြီးရှေ့မှ ခုံနှစ်လုံးတွင် ဆတ်ကနဲ ဝင်ထိုင်လိုက်ပါသည်။
“ ဟဲ့ ဟာမ နင့်ကို မထိုင်ခိုင်းဘူး၊ ငါ့ရဲဘော်ကို ထိုင်ခိုင်းတာ “
မိန်းမလုပ်သူမှာ ထိုင်ပြီးမှ ရူးကြောင်ကြောင်ပုံစံဖြင့် မတ်တပ်ပြန်ထရပ် ရပါသည်။
“ ကျောင်းစာ ဘယ်နှစ်တန်းတတ်သလဲ “
“စာရေးတတ်ဖတ်တတ် တော့ရှိပါတယ်” စံလှက ဝင် ဖြေသည်။
“ ဟေ့ကောင် မင်းကို ငါမေးနေတာ မဟုတ်ဘူး၊ သူ့မှာ ပါးစပ်ပါတယ် “
မိန်းမက ဝင်ဖြေရသည်။
“ ရေးတတ်ဖတ်တတ် ပါတယ်ရှင့် “
သိတ်စိတ်မရှည်ချင်သော အသံမျိုးနည်းနည်း ပေါက်သွားသည်။ အာဒတ်ဆိုင် ကြီး ဒေါသထွက်သွားသည်။
“ ဟေ့ကောင် စံလှ မင်းမိန်းမက ဘာအချိုးလဲကွ၊ မေးတာတောင် ကောင်းကောင်း မဖြေချင်ဘူး၊ တပ်ထဲမှာ နေလို့ ဖြစ်ပါ့မလားကွ၊ မင်းတို့က ရှေ့တန်းသွားတဲ့ အချိန် ငါက အုပ်ချုပ်ထားရမှာ မင်း စစ်တပ်အကြောင်းပြောမပြထားဘူး လား “
စံလှ သူ့ မိန်းမကို မျက်ရိပ်မျက်ကဲ ပြရသည်။
“ မဟုတ်ပါဘူး ဆရာကြီး ကျွန်တော် အကုန်ရှင်းပြထားပြီးသားပါ “
“ အေး တပ်ထဲမှာ အလကား သောက်ရည်ထွက်ပြီး နေလို့မရဘူး။ ရဲဘော်မယားဟာ ရဲမေပဲ။ စစ်တိုက်မထွက်ရပေ မယ့် တပ်ရင်းသာယာလှပဘို့ ရဲမေတွေမှာ တာဝန်ရှိတယ်။ ကိုယ့်အိမ်ကို လည်း သန့်ရှင်းနေအောင်ထားရမယ်။ ကိုယ့် ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းနေရမယ်။ လိုအပ်ရင် ဖက်ထိပ် လုပ်ရမယ်။ တပ်ထဲမှာ နေရင် နေချင်သလိုနေ စားချင်သလိုစားလို့မရဘူး။ တပ်စည်းကမ်းကို လိုက်နာနိုင်မှ နေလို့ရမယ်။ “
“ ဟုတ် ဟုတ်ကဲ့ပါ “
“ အေး တပ်ထဲက အပြင်ထွက်ချင်ရင်လည်း ထွက်ချင်တဲ့ အချိန်ထွက် ဝင်ချင်တဲ့ အချိန် ဝင်လို့မရဘူး။ အောက်ပတ်စ် စာအုပ်လုပ်ထားရမယ်။ ငါ့ဆီမှာ ခွင့်တောင်းရမယ်။ ရွာကိုခွင့်ပြန်ချင်ရင်လည်း နင့်ယောင်္ကျားက ခွင့်ပေးလိုက်ပါဆိုမှ ခွင့်ပေးမပေး စဉ်းစားပေးမယ်။ နားလည်လား “
“ ဟုတ်ကဲ့ပါ “
“ အေး စည်းကမ်းဖေါက်ဖျက်ရင်တော့ လူမြင်ကွင်းမှာ ဖက်ထိပ်လုပ်ရမယ် ဘာမရှင်းတာ ရှိလဲ“
“ ရှင်းပါတယ် ဆရာကြီး “
“ ဆက်လုပ်လို့ရပြီ သွားတော့ “
စံလှ မိန်းမ မလှတင်မှာ စစ်တပ်၏ ကြပ်တည်းသော အုပ်ချုပ်ပုံကို စိတ်ကုန်ချင်သလိုဖြစ်သွား သော်လည်း နောက် ဆုတ်လို့ မရတော့ပါ။
စစ်သားတစ်ယောက်ကိုယူမိသော မိန်းမတစ်ယောက်ကြုံရနိုင်သည့် အတွေ့အကြုံတည်း။
ရဲဘော်စံလှတို့ ရှေ့တန်း ထွက်သွားပြီး နှစ်လခန့်ရှိပြီ ဖြစ်သည်။
မလှတင်တစ်ယောက် စံလှရှေ့တန်းထွက်သွား သဖြင့် တပ်တွင်းတွင် အဆင်ပြေအောင် ကြိုးစားနေပါ၏။
ရဲမေများအတွက် စည်းကမ်းတစ်ခုမှာ အိမ်ဝန်းကျင်သန့်ရှင်းရေးဖြစ်သည်။ မနက် ၅ နာရီလောက်ကတည်းက အာဒတ်ဆိုင်ကြီး သည် RP ခေါ် တပ်ထိန်း နှစ်ယောက်လိုက်ပါလျက် တပ်တွင်းအိမ်ထောင်သည် လိုင်းတွေကို ပတ်ကြည့်ပါသည်။ နောက်တန်းတွင် လူပျို စစ်သည်များလည်း ကျန်ခဲ့ကြရာ မဖြစ်သင့်တာ မဖြစ်ရအောင် ကြိုတင်ကာကွယ်သည့် အနေဖြင့် အိမ်ထောင်သည်လိုင်းသို့ ဝင်ခွင့်မပေး ပါ။
ဒီနေ့လည်း မနက် အိပ်ယာမှ မနိုးသေးခင် အာဒတ်ဆိုင်ကြီး အသံကို ကြားရလေပြီ။
“ လှတင်တို့ ခင်မြင့်တို့ သန်းသန်းအေးတို့ မထကြသေးဘူးလား၊ ကောင်မတွေ နင်တို့ယောင်္ကျားတွေက ရှေ့တန်း မှာ အသက်ကိုဖက်နဲ့ထုတ်ပြီး စစ်တိုက်နေရတယ်၊ နင်တို့က သောက်ပျင်းကြီးပြီး သောက်ရေထွက်နေကြတယ်။ ထကြစမ်း၊ အိမ်ဘေးမှာ တံပျက်စည်းထလှည်းကြစမ်း “
မလှတင်တစ်ယောက် အိပ်ချင်နေသေးသော်လည်း ချက်ခြင်း အိပ်ယာမှ လူးလဲထရင်း တိုင်ကပ်နာရီ ကိုလှမ်းကြည့် လိုက်သည်။ မနက် ၆ နာရီတောင် မထိုးသေး။
“ ဟုတ်ကဲ့ ထပါပြီ ဆရာကြီး “
တံပျက်စည်းကိုယူ၍ အိမ်ဘေးမယ်ဇလီပင်များမှ ကြွေကျနေသော သစ်ရွက်ခြောက်များကို လှည်းရတော့သည်။ စစ်သားကိုယူမိမှတော့ စစ်စည်းကမ်းအတိုင်းနေနိုင်ရမည်ပေါ့။
တပ်တွင်းမှ အပြင်ထွက်ချင်လျှင်လည်း အာဒတ်ဆိုင်ကြီးထံ ကြိုတင် ခွင့်တောင်းရပါသည်။
တပ်နှင့် နှစ်မိုင်လောက်အကွာမှ မြို့လေးတွင် ဈေးသွားဝယ်မည့် မလှတင် တစ်ယောက် အာဒတ်ဆိုင် ကြီးထံတွင်
Out pass စာအုပ်ဖြင့် တစ်ရက်ကြို၍ ခွင့်လာတောင်းခြင်းဖြစ်ပါသည်။ ခွင့်တောင်းရပုံကို ကြည့်ပါ။
အာဒတ်ဆိုင် ။ ။ ဘာကိစ္စလဲ (မျက်နှာထားတင်းမာစွာဖြင့်)
မလှတင် ။ ။ မြို့ကို ဈေးဝယ်သွားချင်လို့ ပါ ဆရာကြီး။
အာဒတ်ဆိုင် ။ ။ တပ်ဈေးမှာလည်း ဝယ်လို့ရတာပဲ။ နင်တို့က အလေလိုက်ဖို့ပဲစဉ်းစားနေကြတယ်။
မလှတင် ။ ။ ဆွမ်းတင်ဘို့ မုန့်ဆမ်းနဲ့ အုန်းသီး ဝယ်ချင်လို့ပါဆရာကြီး။ ခဏလေးပါ။
အာဒတ်ဆိုင် ။ ။ ခဏဆိုတာ ဘယ်လောက်လဲ။
မလှတင် ။ ။ မနက် ၁ဝ နာရီလောက်ဆိုပြန်ရောက်ပါပြီရှင့်။
အာဒတ်ဆိုင် ။ ။ အခုမှ ရ နာရီရှိသေးတယ်။ ၁ဝ နာရီမှ ပြန်မယ်ဆိုတော့ လင် ၁ဝ ယောက်လောက်ယူလို့ရတယ်။
မလှတင် ။ ။ အသွားအပြန် ဆိုက်ကားစီးမှာနဲ့ ဆိုတော့….
မလှတင် စကားမဆုံးလိုက်ပါ။ အာဒတ်ဆိုင်ကြီးက စာအုပ်ကိုကောက်ယူပြီး လက်မှတ်ထိုးပေးလိုက်ပါသည်။ နောက်
ဆက်တွဲ စကားကိုတော့ ပြောဖြစ်အောင်ပြောလိုက်ပါသေး၏။
“ကောင်မတွေ ယောင်္ကျားလုပ်တဲ့သူက ရှေ့တန်းမှာ နေ့သေမလားညသေမလားမသိ စစ်တိုက်နေရတယ်။ သူတို့က နောက်တန်းမှာ ကောင်းကောင်းမွန်မွန် မနေကြဘူး၊ ၁ဝ နာရီကို တစ်မိနစ် စွန်းတာနဲ့ ဖက်ထိတ်နဲ့တွေ့မယ်”
“ လှတင်ရေ ကြားပြီးပြီလား “
အခန်းချင်းကပ်ရက်တွင်နေသော ရဲဘော် မောင်မောင် ၏ မိန်းမ မခင်မြင့်က မေးလိုက်ခြင်းဖြစ်ပါ၏။
“ ဘာတွေဖြစ်လို့လဲ ပြောပါဦး အစ်မ “
“ ဆရာမြင့်ဝင်း မိန်းမ မစန်းနဲ့ လူပျိုဆောင်က ရဲဘော် ဟန်စိုးတို့ မိလို့တဲ့ဟေ့ “
“ ဘာကိုမိတာလဲ အစ်မရဲ့ “
“ ဟယ် ဖေါက်ပြန်တာကို ပြောတာဟေ့ ဖေါက်ပြန်တာကိုပြောတာ “
မခင်မြင့်က တစ်ဆက်တည်း ဆက်ပြောသည်မှာ “ နေ့လယ် ၁ နာရီကို တပ်ရင်းခန်းမမှာ အိမ်ထောင်သည် ရဲမေတွေ အကုန်လုံး ကို အာဒတ်ဆိုင်ကြီးက အစည်းအဝေးခေါ်ထားတယ် “
နေ့လယ် ၁ နာရီတွင် အိမ်ထောင်သည် ရဲမေများ တပ်ရင်းခန်းမတွင် စုရုံးရောက်ရှိနေကြပေပြီ။
ရဲမေများက အောက်တွင် ပလတ်စတစ် ထိုင်ခုံများဖြင့် စတိတ်ရှိုး ကြည့်သလို ထိုင်ကြရသည်။ စင်ပေါ်တွင် အာဒတ်ဆိုင်ကြီးက စားပွဲတစ်လုံး မိုက်တစ်ခုဖြင့် ထိုင်လျက်ရှိနေ၏။
“အစည်းအဝေးစမယ်”
ဆူညံနေသောမိန်းမများ တိတ်ဆိတ် သွား၏။ အာဒတ်ဆိုင်ကြီးက အဖွင့်မိန့်ခွန်း ပြောကြားပါလေပြီ။
“ ခင်ဗျားတို့ကို ဒီနေ့ခေါ်ရတဲ့ အကြောင်းကတော့ ကိစ္စ တစ်ခုကို ခင်ဗျားတို့ သိသင့်တယ်ထင်လို့ပါ။ ကျွန်တော်တို့ ရဲ့ ရဲဘော်ရဲဘက်တွေဟာ ရှေ့တန်းမှာ ရန်သူနဲ့ သေသေကြေကြေ တိုက်ပွဲဝင်နေတဲ့ အချိန်မှာ နောက်တန်းက ခင်ဗျား တို့ကလည်း တတ်နိုင်တဲ့ ဘက်က သူတို့ကို ပံ့ပိုးပေးနိုင်ဘို့ ကြိုးစားကြရမှာပါ။”
အာဒတ်ဆိုင်ကြီး၏ မျက်နှာမှာ ဒေါသကြောင့် တင်းမာလျက်ရှိနေပါသည်။
“ အိမ်ထောင်ရေးဖေါက်ပြန်မှုဆိုတာ စစ်သားမိန်းမမှ မဟုတ်ပါဘူး။ အရပ်ထဲမှာ လည်း လက်သင့်မခံပါဘူး။ အခု စုန်းပြူးတစ်ယောက်က မလုပ် သင့် မလုပ်ထိုက်တာကို လုပ်ခဲ့တဲ့ အတွက် ဒီအစည်းအဝေးကိုခေါ်ပြီး ပြောသင့်တာကို ပြောရတာ ဖြစ်ပါတယ်။ ကျုပ်အုပ်ချုပ်နေတဲ့ အချိန်မှာ ဒီလိုကိစ္စမျိုးဖြစ်တာဟာ အင်မတန်ရှက်စရာ ကောင်းပါတယ်။ ရှေ့တန်းက ကျုပ်ရဲ့ ရဲဘော်ရဲဘက်တွေက ကျုပ်ကိုတာဝန်မကျေဘူးလို့ ပြောကြမှာပဲ။ အဲဒီတော့ နောက်နောင် ဒီလိုကိစ္စမျိုး မဖြစ်အောင် ခင်ဗျားတို့ကို သတိပေးရမယ့် တာဝန်ရှိလာခဲ့ပါပြီ။”
ပြောပြီး အာဒတ်ဆိုင်ကြီးမှ ခမ်းမအပြင်ဘက်သို့လှည့်၍ “ဟေ့ကောင်တွေ ခေါ်ခဲ့ကြ” ဟု အော်ပြောလိုက်သည်။
တပ်ရဲနှစ်ယောက်ခြံရံလျှက် ဟန်စိုးဆိုသော ရဲဘော်ကို စင်ပေါ်သို့ ဆွဲခေါ်လာကြ၏။
“မိစန်း ကိုပါ ခေါ်လာခဲ့”
အာဒတ်ဆိုင်ကြီးက အော်လိုက်သဖြင့် မိစန်းဆိုသော အမျိုးသမီး ခန်းမအပြင်မှနေ၍ စင်ပေါ်သို့ တက်လာသည်။
အောက်မှ နှစ်ရာခန့်ရှိသော ရဲမေများက ဝိုင်းကြည့်နေကြသဖြင့် ကြာကူလီ ဟန်စိုးနှင့် မိစန်းတို့ မျက်နှာကြီး အောက်ချ၍ အရှက်ကြီး ဟက်တက်ကွဲကြလေပြီ။ ဟန်စိုးကား အာဒတ်ဆိုင်ကြီး၏ ဘယ်ဘက်တွင် မတ်တပ်ရပ် လျက် မိစန်းကား အာဒတ်ဆိုင်ကြီး၏ ညာဘက်တွင် မတ်တပ်ရပ်လျက် ရှိနေကြ၏။ အာဒတ်ဆိုင်ကြီးမှာ ဒေါသသံ ဖြင့် ဟန်စိုးအား “ မင်းက ငါအုပ်ချုပ်နေတဲ့ ငါ့ရဲဘော်ရဲဘက်တွေရဲ့ မိန်းမကို ထိပါးစော်ကားတဲ့အတွက် စစ်ဥပဒေရဲ့ ပြစ်ဒဏ် ကိုခံရလိမ့်မယ်၊ ငါ့ ဥပဒေ အရတော့ နောက်လူတွေ မိစန်းလို မဖြစ်ရအောင် သတိပေးရလိမ့်မယ် “
ထိုသို့ပြောပြီး “ရဲဘော် မောင်မောင် ရဲ့မိန်းမ မခင်မြင့် စင်ပေါ်သို့ ကြွပါ “ ဟု တစ်ဆက်တည်း ဖိတ်ခေါ်လိုက်၏။
မလှတင် နံဘေးတွင်ထိုင်နေသော မခင်မြင့်မှာ သူ့နာမည်ကို ခေါ်လိုက်သဖြင့် လန့်သွားသည်။
ဟဲ့ ခင်မြင့် နင့်ကို ခေါ်နေတယ် ထသွားလိုက်လေ ဆိုသော ဆရာကြီး မောင်သန်း ကတော်၏ အသံကြောင့် စင်ပေါ်သို့ တစ်လှမ်းခြင်း တက်သွားရတော့သည်။ စင်အောက်မှ ရဲမေများကလည်း အာဒတ်ဆိုင်ကြီး ဘာလုပ်မှာလဲ ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိနေ၏။ စင်ပေါ်အရောက်တွင် အာဒတ်ဆိုင်ကြီးက
“ခင်မြင့် နင် ဒီကောင့် ကို သိသလား” ဟန်စိုးကိုလက်ညှိုးထိုးပြ၍ မေးလိုက်၏။ မခင်မြင့် ကလည်း သိနေသဖြင့်
“ ဟုတ်ကဲ့ သိပါတယ်ရှင့် “ ဟု ပြာပြာသလဲ ဖြေ၏။ အာဒတ်ဆိုင်ကြီးက မိစန်းကိုလက်ညှိးထိုး၍ ဆက်ပြောလိုက်ပုံမှာကား
“ အေး သိရင် မသိချင်ယောင်ဆောင်နေ ဟိုကောင်မကိုဆော်ပြီးပြီ၊ နင့်ကိုဆော်လိမ့်မယ် ကြားလား”
အောက်မှ ရဲမေများထံမှ ဝါး ကနဲ ရယ်သံကြီးကိုကြားလိုက်ရသည်။
မခင်မြင့်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် “ ဟုတ်ကဲ့ပါရှင့် “ ဟုဖြေလိုက်မိသည်။ ဟန်စိုးနှင့် မိစန်းမှာကား အရှက်လုံးလုံးကွဲခြင်းပေတည်း။ မိစန်းမှာ မတ်တပ်ရပ်လျက် မျက်ရည်အရွှဲသားနှင့် ခေါင်းပင်မဖေါ်တော့။
“အေး သွားလို့ရပြီ”
နောက်တစ်ယောက်ကို အာဒတ်ဆိုင်ကြီးက ဆက်ခေါ်၏။
“ရဲဘော် စံလှ ရဲ့မိန်းမ မလှတင် စင်ပေါ်သို့ကြွပါ။”
မလှတင်လည်း ကြောက်ကြောက်ဖြင့် စင်ပေါ်သို့ တက်ခဲ့ပြန်ပါ၏။ ထုံးစံအတိုင်း ဟန်စိုးကိုလက်ညှိုးထိုးပြ၍
“ မလှတင် နင် ဒီကောင့်ကို သိလား “
မလှတင်က စိတ်ထဲမှတွေး၏။ မခင်မြင့်တုန်းက သိတယ်ပြောလို့ ဟိုလိုအပြောခံရတယ်။ ငါ့ကျတော့ မသိဘူးပြော ရင် လွတ်မှာပဲ။
“ မသိပါဘူးရှင့် “ ဝမ်းသာအားရ ပြောလိုက်သဖြင့် အသံပင်နည်းနည်း ကျယ်သွား၏။
“ အေး မသိရင် သိအောင် မလုပ်နဲ့။ ဟိုကောင်မကို – ပြီးပြီ၊ နင့်ကို – လိမ့်မယ် သွားတော့ “
ရဲမေများ ရယ်ကြပြန်၏။
ဤသို့ဖြင့် အစည်းအဝေးတက်ရောက်လာသူ ရဲမေတစ်ယောက်ခြင်း သိရင် မသိချင်ယောင်ဆောင်နေ၊ မသိရင်သိအောင်မလုပ်နဲ့ ဟု ပြောပြီး တစ်တစ်ခွခွ သတိပေးလိုက် သည်မှာ ဟန်စိုးနှင့် မိစန်းတို့ မျက်နှာများကား ရှက်တတ်လျှင် လဲသေလိုက်ဖို့ပင်ကောင်းသေးတော့၏။
အဘဦးမိုးကြိုး ပြန်ပြောပြသော သူ တပ်ရင်းအရာခံဗိုလ် လုပ်ခဲ့စဉ်က တပ်တွင်းအိမ်ထောင်သည် ရဲမေများကို အုပ်ချုပ်ခဲ့ပုံ ဖြစ်ပါသည်။ ယခုတော့ ကွယ်လွန်သွားရှာပါပြီ။
သူဒီလိုခတ်ကြမ်းကြမ်းအုပ်ချုပ်ခြင်းသည် ရဲဘော်ရဲဘက်များ စိတ်ချလက်ချ ရှေ့တန်းတွင် စစ်တိုက်နိုင်အောင်ပါဟု ပြောပြရှာခဲ့ပါသည်။ ငါအဲဒီလိုလုပ်ပြီးကတည်းက ငါ့လက်ထက်မှာ လူမှုရေးဖေါက်ပြန်တာ လုံးဝမရှိတော့ဘူးဟု သူ့နည်းဗျူဟာကို သူဂုဏ်ယူနေခဲ့ပါသေးသည်။ တပ်ထဲမှာလည်း တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် နင်သူ့ကိုသိလား ဟု တစ်ယောက်နှင့်တစ်ယောက် နောက်ကြပြောင်ကြသည်အထိ ထိုနည်းဗျူဟာ အောင်မြင်ခဲ့သည်ဟု ဂုဏ်ယူနေပါသေးသည်။
ကျွန်တော်တို့က သူ့ကို ပြန်မေးကြသည်။
“ အဘပြောတဲ့ အာဒတ်ဆိုင် ဆိုတာ အဲလို အပြောအဆို ကြမ်းမှ လုပ်လို့ ရတာလား “
“ အများအားဖြင့်တော့ ကြမ်းကြတာချည်းပဲကွ၊ တချို့ နူးညံ့တဲ့ လူတွေလည်း ရှိကြပါတယ်၊ မအောင်မြင်ကြတာ များတယ်ကွ၊ မိန်းမတွေကလည်း စရိုက်စုံ၊ နယ်စုံ ကလာကြတာကိုးကွ ပျော့ပျော့လေးသွားလုပ်ရင် စည်းမဲ့ကမ်းမဲ့ တွေဖြစ်ကုန်မှာပေါ့ကွာ “
“ နည်းနည်း ရိုင်းတဲ့ ဘက်ကို ရောက်မသွားဘူးလား အဘ “
ကျွန်တော်တို့ အမေးကို အဘမိုးကြိုးက ဆွေးဆွေးမြေ့မြေ့ကြီး ပြန်ဖြေရှာပါသည်။
“ အဘတို့လည်း ဘယ်ကြမ်းချင် ရိုင်းချင်ပါ့မလဲကွာ အဘတို့ ရဲဘော်ရဲဘက်တွေ ရှေ့တန်းမှာ စိတ်အေးလက်အေး ရန်သူနဲ့ စစ်တိုက်နိုင်ဘို့ အဘတို့က နောက်တန်းမှာ အမုန်းခံပေးရတာပေါ့ “
16 comments
blackchaw
October 8, 2011 at 9:00 pm
သူကြီးရေ။
ကိုးနတ်ရှင် ဒုက္ခပေးလို့ ပို့စ် နှစ်ခုဖြစ်သွားပါတယ်။
တစ်ဝက်တစ်ပျက်ပဲပါတဲ့ ပို့စ်ကို ကျေးဇူးပြုပြီးဖျက်ပေးစေချင်ပါတယ် ခင်ဗျား။
windtalker
October 8, 2011 at 9:26 pm
ဖတ်လို ့ကောင်းလိုက်တာ
ဘလက်ချော ရာ
တစ်ကယ်ပြောတာပါ
ခင်ဗျားရေးတင်မှ ပဲ
မသိသေးတာတွေ သိလာရတယ်
နောက်လည်း ဒီလိုလေးတွေ
ထပ်တင်ပေးပါဦး
အညာဆေးရိုး ရှဲရှဲနီ
မှော်ဆရာ
October 8, 2011 at 9:27 pm
သူကြီးရေ ဘလက်ချောက ပြောနေတယ်
ပိုစ့် ဖျက်ပေးပါတဲ့ ….
ဘလက်ချောကို သိလား ……
ပေါက်ဖော်
October 8, 2011 at 9:28 pm
အဲလောက်ကြမ်းကာမှ တော်ကာကျမယ် ထင်တယ်နော့..
ဒါပေမဲ့..
အခုနောက်ပိုင်းမြင်ဖူးတဲ့ တပ်မိသားစုဝင်းတွေကတော့ အဲလောက် ကြမ်းစရာမလိုတော့ဘူးထင်ပါတယ်..
အခန်းချင်း..ကပ်..ပြိးတော့..
သားတွေ..သမီးတွေ..အကြွေးတွေနဲ ့ ရုန်းနေကြတာပဲ..ဖောက်ပြန်ဖို ့တောင် အာရုံရပါ့မလား..မသိ..
နယ်ဘက်တွေ တော့ မပြောတတ်ပါဘူး.ဗျာ..
Foreign Resident
October 9, 2011 at 6:58 am
အခုနောက်ပိုင်း အချင်းချင်း မဖေါက်ပြန်နိုင်တော့ဘူး ။
စစ်သားမိန်းမတွေ တပ်ပြင်ထွက်ပြီး ပိုက်ဆံရှာစားလွန်းလို့
တပ်ပြင်ထွက်ခွင့် ( out pass ) ပါ ပိတ်ထားရတယ် ။
နီးနီး နားနား ရဲတပ်ရင်းတွေသာ မေးကြည့်ကြတော့ ။
တပ်ရင်းမှူး အဘမှာ နီးနီးနားနားမြို့တွေက ဇိမ်ခန်းတွေ ရဲဝင်ဖမ်းရင် ရင်မနေရတယ် ။
ရဲတွေက တပ်ပြန်လာအပ်ရင် အရှက်ကွဲလွန်းလို့ ။
စစ်တော့လဲ “ ရဲဘော်က ဆေး မရှိတဲ့ စစ်ဆေးရုံမှာ ပက်လက် ” လို့ ငိုပြကြတယ် ။
တပ်ပြင်ထုတ် အပြစ်ပဲ ပေးလိုက်ရတယ် ။
ချီး တဲ့မှတိုင်းပြည် ။
KoNyeinChan
October 8, 2011 at 9:54 pm
ပြောပုံအရဆိုရင် RSM ဆိုတာ တပ်ထဲမှာ မိန်းမထိန်းကြီးပေါ့ 😀 အကယ်၍ မိန်းမ မိန်းမချင်း အုပ်ချုပ်ခိုင်းရင်ကော…
RSM ကြီးကကော ဘာလို ့ရှေ ့တန်းမထွက်သတုံး….
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သူငယ်ချင်းနဲ ့တပ်ထဲ အလည်လိုက်သွားတာ အိမ်ထောင်သည်လိုင်းရဲ ့အိမ်ရှေ ့တန်းလျားတွေမှာ မိန်းမတွေ ထိုင်ပြီး သန်းတုပ်နေလိုက်တာများ….
နောက်တစ်ခု.. သူငယ်ချင်းတပ်ကြပ်ကြီးတစ်ယောက်ပြန်ပြောပြတဲ့အဖြစ်အပျက်လေးတစ်ခုကို ကြုံတုန်းပြောပြချင်တယ်.. (ကြမ်းတော့ကြမ်းတယ် ရွာထဲက အစ်မ ညီမတွေ Sorry နော်)… သူငယ်ချင်းတပ်ကြပ်ကြီးစာရေးရဲ ့တပ်က ရန်ကုန်-မန္တလေး လမ်းဘေးမှာ.. အဲ့ဒီအခါကလည်း ရန်ကုန်-မန္တလေး ခြောက်လမ်းသွား စဖောက်နေချိန်.. သူ ့ရဲ ့မဟေသီလည်း လိုင်းခန်းထဲမှာ အငြိမ်မနေရဘဲ ဖက်ထိပ်လမ်းခင်းလုပ်အားပေးလိုက်သွားတော့ ရဲဘော်မိန်းမတစ်ယောက် ပြောလိုက်တာကို သူ ့ယောကျင်္ားဆီပြန်ပြောပြ.. သူ ့ယောကျင်္ားက ကျွန်တော်တို ့ကို ဟာသအဖြစ်ပြန်ပြောပြတာလေးပါ.. ရဲဘော်တစ်ယောက်ရဲ ့မိန်းမပြောလိုက်တာက “စစ်သားမယားဖြစ်ရတာလည်း မလွယ်လိုက်တာအေ.. မနက်ဆို ၄နာရီလောက် အိပ်ယာထ ခလေးတွေကျောင်းသွားဖို ့ချက်ပြုတ်ပြင်ဆင်ရ.. ရ နာရီလောက် သူတို ့ကျောင်းသွားတော့ မြို ့ထဲမှာ မီးဖိုချောင်အတွက် ဝယ်ရ ခြမ်းရ.. မနက် ၁ဝ နာရီဆို စစ်ရေးပြသင်တန်းတက်ရပြန်ရော.. မွန်းတည့်ချိန်လောက်ကျပြန်တော့ အိမ်ပြန် ရေမိုးချိုး လျှော်ရဖွတ်ရ.. နေ ့ခင်း ၃ နာရီကနေ ၅ နာရီ အထိ ကျပြန်တော့ ဒီ ၆ လမ်းသွားအတွက် ဖက်ထိပ်လုပ်အားပေး.. ညနေအိမ်ပြန်ရောက်ပြန်တော့လည်း ချက်ရပြုတ်ရ ရေမိုးချိုး ထမင်းစား..တစ်ကိုယ်လုံးကို ကိုင်ရိုက်ထားတဲ့အလားဘဲ.. ညကျပြန်တော့ ပင်ပန်းလွန်းလို ့အေးအေးဆေးဆေးအိပ်ရမလားအောက်မေ့တယ် အိမ်ကယောကျင်္ားက ထ ကညှောင့်လိုက်ပြန်ရော” တဲ့.. 😀 😀 😀 ကဲ.. ဖြစ်ချင်ဦးမလား စစ်သားမယား????????
ပုံပြောသူ
October 8, 2011 at 10:28 pm
ဖတ်လို့ ကောင်းလိုက်တာ ၊ နစ်မျောသွားတာပဲ ၊
တပ် ထဲမှာ ဒီလိုတွေရှိ တာ ခုမှ သိရတော့တယ်၊
သိတယ်ဆိုလဲခက်. မသိပါဘူးဆိုလဲ မလွယ်တဲ့ ဇတ်လမ်းပဲဗျို့။
ညီလေး
October 9, 2011 at 2:11 am
RSM တစ်ယောက်ကိုသူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးဘူးတယ်၊ KTV တစ်ခုမှာပါ၊အဲဒီတုန်းကသူအကဲဆုံးပဲ……..
blackchaw
October 9, 2011 at 10:30 am
ကျေးဇူးပါ ကိုပေရေ။
ခင်ဗျားလိုပဲ ကိုယ်တွေ့လေးတွေကို ပြန်ရေးပြတော့ ရန်မဖြစ်ရတော့ဘူးပေါ့ဗျာ။
မှော်ဆရာ လေးရေ။ သူကြီးနဲ့ ဘလက်ချော သိလို့မဟုတ်ပါဘူး။
ဒီပို့စ် က နှစ်ခါပြန်တင်ရတော့ နှစ်ခုဖြစ်သွားလို့ သူကြီးကို request လုပ်လိုက်တာပါ။
ပေါက်ဖေါ်ကြီးရေ။
ဘလက်ချော ပို့စ်ထဲမှာ ပါတဲ့ တပ်က စစ်တကယ်တိုက်ရတဲ့ တပ်မျိုးတွေပါ။
ဘလက်ချော မွေးကတည်းက တပ်ထဲမှာ မွေးပြီး ၁ဝ တန်းအောင်မှ အဖေ အငြိမ်းစားယူလို့
တပ်နဲ့ ဝေးသွားခဲ့တာပါ။ ဒီပို့စ်ထဲက အဖြစ်အပျက်တွေ အားလုံးနီးပါးဟာ ဘလက်ချော ကိုယ်တွေ့တွေပါ။
အာဒတ်ဆိုင်ကြီးက သူ့ကိုသိလား၊ သိရင်မသိချင်ယောင်ဆောင်နေ လို့ ပြောတာတစ်ခုပဲ
အဘဦးမိုးကြိုးပြောပြခဲ့တာပါ။ နောက်ထပ်ရေးစရာ ပြောပြစရာတွေ အများကြီးရှိနေပါသေးတယ်။
Foreign Resident ကြီးရေ။
ဘလက်ချော ပြောတာ ရဲတပ်ရင်းမဟုတ်ပါ။
စစ်တပ်တွေထဲမှာတောင် စစ်တကယ်တိုက်နေရတဲ့ တပ်နဲ့ မြို့ပေါ်မှာ ကြော့ကြော့လေးနေရတဲ့တပ်
ဆိုတာရှိပါသေးတယ်။
KoNyeinChan ရေ။
တပ်ထဲမှာ ရှေ့တန်းမထွက်ရတဲ့ ရာထူးနေရာတွေလည်းရှိနေပါတယ်။
ဥပမာ RQ ဆိုတဲ့ တပ်ထောက်အရာခံဗိုလ် ရာထူးမျိုး
မော်တော်ယဉ်မှူး ဆိုတဲ့ ရာထူးမျိုး၊ တွေ ပေါ့ဗျာ။
အရာရှိထဲမှာတောင် တပ်ရေးဗိုလ်ကြီးတို့ တပ်ထောက်ဗိုလ်ကြီးတို့က နောက်ချန်ရာထူးတွေပါ။
ရှေ့တန်းထွက်ရင် တပ်ရင်းမှူးက ဦးဆောင်ပြီးထွက်ရပါတယ်။
အဲဒီတပ်ရင်းထဲက ဘယ်သူကတော့ ရှေ့တန်းကိုလိုက်၊ ဘယ်သူကတော့ နောက်တန်းမှာနေ ဆိုတဲ့
လုပ်ပိုင်ခွင့်က တပ်ရင်းမှူးကလုပ်ရတာပါ။ တစ်ခုတော့ရှိပါတယ်။
အာဒတ်ဆိုင် ဆိုတဲ့ ရာထူးကတော့ တပ်ရင်းမှူးနဲ့ မဆိုင်ပါဘူး။
တပ်ရင်းကို စရောက်လာကတည်းက အာဒတ်ဆိုင် ဆိုရင် ရှေ့တန်းမထွက်ရတော့ပါဘူး။
ရဲဘော်၊ ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ တပ်ခွဲတပ်ကြပ်ကြီး၊ ဒုအရာခံဗိုလ် ဘဝတွေကို
နှစ်ရှည်လများ ဖြတ်သန်းပြီးမှ အာဒတ်ဆိုင်ဖြစ်တာပါ။
ညီလေး ရေ။
ညီလေး ပြောတဲ့ KTV မှာကဲနိုင်တဲ့ RSM ဆိုတာ မျိုး ရှိမှာပါ။
ဘာလို့လဲဆိုတော့ တပ်ရင်းတွေက အများကြီးနဲ့ RSM တွေကလည်း အများကြီးကိုး။
မှော်ဆရာ
October 9, 2011 at 6:22 pm
ဟား ဟား ဘလက်ချောက တယ်ရိုးတာကိုး
သူကြီးရေ ဘလက်ချောကို သိလား
သိရင် ….မသိချင်ယောင်ဆောင်နေ
မသိရင် ….
နောက်တာပါဗျာ….
Foreign Resident
October 9, 2011 at 12:35 pm
Dear Black Chaw ရေ,
ကျွန်တော်ကလည်း တပ်ထဲမှာ ဖြစ်နေတာကိုပဲပြောပြတာပါ ။
( ရဲတပ်ရင်း ဆိုတာ ပုံစံတူူလို့ ဥပမာပေးတာပါ )
စစ်သားမိန်းမတွေ ဆင်းရဲလွန်းလို့
တပ်ပြင်ထွက်ပြီး ဇိမ်ခန်းတွေ မှာ ပိုက်ဆံရှာစား နေရတဲ့ဘဝ အကြောင်း ပြောတာပါ ။
By the way,
အာဒတ်ဆိုင် = RSM = Regimental Sergeant Major = တပ်ရင်း အရာခံဗိုလ် ဖြစ်ပါတယ် ။
RQ ဆိုတဲ့ တပ်ထောက်အရာခံဗိုလ် = Regiment Quarter Master ဖြစ်ပါတယ် ။
တပ်မတော်မှာ
General staff ( ဦး )
Adjutant ( ရေး )
Quarter master ( ထောက် )
ဆိုပြီခွဲထား ပါတယ် ။
ကြောင်ကြီး
October 9, 2011 at 1:25 pm
အခုလို သရုပ်မှန် တင်ဆက်မှုကို ကြိုဆိုပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာအဖွဲ့က ဗိုလ်မှူးကြီး သောင်းဝေဦးရေးတဲ့ သူ့အထုပ္ပတ္တိစာအုပ်များမှာလည်း စစ်တပ်အတွင်း ဖွဲ့စည်းတည်ဆောက်မှု၊ သဘောသဘာဝများကို တစေ့တစောင်း သိရှိနိုင်ပါတယ်။ အခုလိုတော့ ပွင့်လင်းမှုမရှိဘူးပေါ့လေ။ အပြုသဘောနဲ့ ရေးသားတယ်လို့ ယူဆပါတယ်။ (လွန်လာရင်တော့ ဆဲမှာနော်)
alinsett
October 9, 2011 at 6:59 pm
အင်း….ဒါမျိုးလေးရေးတော့လည်းကောင်းတာပါပဲ။
kocho
October 9, 2011 at 7:17 pm
စာရေးကောင်းတဲ့ Black Chaw ရေစာဖတ်လို့ ကောင်းတယ်ဗျိုး အားပေ:လျှက်ပါ
blackchaw
October 9, 2011 at 8:57 pm
တော်တော် နောက်တဲ့ မှော်ဆရာ။
Foreign Resident ကြီးရေ။
ဦး၊ ရေး၊ ထောက် အခေါ်အဝေါ်တွေ ဝင်ရောက် ရှင်းပြပေးတာ ကျေးဇူးပါ။
ဒီပို့စ်ကို ဖတ်ပြီး ကွန်းမန့် ဝင်ပေးတာနဲ့တင် ကျေနပ်နေတာပါ။
အခုလို အခေါ်အဝေါ်တွေကို တပ်ထဲမှာ နေခဲ့ပေမယ့် သေချာ မသိခဲ့တာ အမှန်ပါ။
F R ကြီးရေးတဲ့ အင်္ဂလိပ်စာလေးတွေလည်း ရိုးရိုးရှင်းရှင်းလေးတွေမို့
စောင့်ဖတ်လေ့လာနေပါတယ်။ အမှန်တကယ် ကျေးဇူးပါ။
ကြောင်ကြီးရေ။
ဆဲစရာရှိရင် ဆဲသာဆဲပါ။ M G မှာ မမှန်တာ မရေးရဲပါဘူးဗျာ။
alinsett နဲ့ kocho ရေ။
ကျေးဇူးပါဗျာ။
kyeemite
October 10, 2011 at 1:36 pm
တပ်ထဲမှာကRSM ဆိုမိန်းမတွေတင်မကဘူးဗျ..ကလေးတွေပါကြောက်ရတာ..
ကလေးတွေမဟုတ်တာလုပ်နေတာတွေ့ရင်လဲသူကနရင်းရိုက်ဆုံးမတာဘဲ..
ကလေးမိဘတွေကစိတ်မဆိုးရတဲ့အပြင်..တွေ့တဲ့အခါ ဆုံးမပေးလို့ကျေးဇူးတင်ကြောင်းတောင်ရိုရို
သေသေပြောရတာ..ကျုပ်တို့ငယ်ငယ်ကတော့ခုလောက်လဲမရှားပါးသေး..တဦးနဲ့တဦးလဲရိုင်းပင်းကူညီကြ
ဆိုတော့တော်တော်ပျော်စရာကောင်းခဲ့ပါတယ်..စစ်တပ်ကိုလဲပြည်သူကအရမ်းလေးစားတဲ့ခေတ်ဆိုတော့
ဘယ်သွာ်းသွားမျက်နှာပွင့်တယ်ဗျ..ခုခေတ်ကတော့အပေါ်ကလူူကြီးတွေလုပ်ပုံကြောင့်အောက်ခြေရဲဘော်
တွေနဲ့မိသားစုတွေခမျာ..ငတ်ရတဲ့အထဲလူအထင်သေးပါခံနေကြရတယ်..ခုနင်ကပြောတဲ့အရာခံဗိုလ်က
တော်လိုလူမျီုးက အခုအထည်ချုပ်လိုစက်ရုံမျိုးမှာ သန့်ရှင်းရေးဝန်ထမ်းဝင်လုပ်နေရပီ..သနားဘို့အလွန်
ကောင်းပါတယ်..အောက်ခြေရဲဘော်သားမယားတွေကိုပြောပါတယ်..