ရဲစခန်းရောက် ဘလက်ချော
လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဘလက်ချော ရဲစခန်း ရောက်ခဲ့သော ဇာတ်လမ်းလေးပါခင်ဗျာ။
နေသာသော နေ့တစ်နေ့၏ နေ့လယ် ၁ နာရီခန့်တွင် ဖြစ်ပါသည်။ ကျွန်တော်သည် ကိစ္စ တစ်ခုဖြင့် လှည်းတန်းမှနေ၍ ၃ရ လမ်းရှိ မိတ်ဆွေတစ်ယောက်၏ ရုံးခန်းသို့ အငှားကားတစ်စီးဖြင့် ချီတက်ခဲ့ပါ၏။
မိတ်ဆွေ၏ ရုံးခန်းမှာ ၃ရ လမ်း၊ အနော်ရထားလမ်းနှင့် မဟာဗန္ဓုလလမ်းကြား အောင်ဘာလေရုံးအနီးတွင် ဖြစ်သောကြောင့် အငှားကားကို အနော် ရထာလမ်းမှ ၃ရ လမ်းထဲသို့ ချိုးကွေ့ဝင်စေလိုက်ပါသည်။ ထုံးစံအတိုင်း လမ်းထိပ်မှစ၍ ယဉ်ကြော ပိတ်ဆို့နေပါသည်။ ဓါတ်တိုင်တစ်တိုင်ခန့်ဝင်မိချိန်၌ စိတ်မရှည်သည်ဖြစ်၍ လမ်းဆင်းလျှောက်ရန်ဆုံးဖြတ်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ ကားတံခါးကို ဖွင့်ပြီး ဆင်းလိုက်ချိန်တွင် ချိုင်းထောက်နှင့် လူတစ်ယောက်နှင့် တိုက်မိမလိုဖြစ်သွား၏။ သို့သော် လုံးဝမထိမိလိုက်ပါ။ ကျွန်တော်လည်းလွယ်နေကြ အိတ်အနက်ကြီးကိုလွယ်၍ လမ်းလျှောက်ခြင်းအမှုကို စတင်ပြုပါ၏။ ခြေတစ်လှမ်းမှ မလှမ်းရသေးချိန်တွင်ပင် ကျွန်တော့်အိတ်ကို တစ်စုံတစ်ယောက်က ဆွဲထားသလိုခံစား ရသဖြင့် လှည့်ကြည့်လိုက်မိသည်။
“ ဟေ့လူ လျော်မလား မလျော်ဘူးလား “
ခုနက ချိုင်းထောက်နှင့် လူက အိတ်ကြိုးကိုဆွဲထားရင်း ပြောလိုက်ခြင်းဖြစ်ပါ၏။ သူ့ဘေးတွင်လည်း ကလေးတစ်ယောက်ကို ပိုက်လျှက် မိန်းမတစ်ယောက်ကိုပါတွေ့ရသည်။ ကျွန်တော် ဒေါသထွက်ပါလေပြီ။
“ ဘာတွေ လာပြောနေတာလဲ “
ဒေါသဖြင့် ပြန်မေးမိ၏။
“ မင်းကားနဲ့တိုက်မိတာ ငါ့နှဖူးကွဲသွားပြီ ဆေးဘိုးပေးပါ “
ချိုင်းထောက်နှင့်လူက သူ့နှဖူးပေါ်က သွေးစို့နေသော အနာစိမ်းတစ်ခုကို ပြရင်း ဆေးဘိုးတောင်းနေလေပြီ။ သူ့ဘေးမှ မိန်းမကလည်း တစ်စခန်းထပြန်လေ၏။
“ ရှင်တို့ မတရားမလုပ်နဲ့နော် ပေးစရာရှိတာ မပေးရင် အဘဆီရောက်သွားမယ် “
“ ဘာတွေ လာပြောနေတာလဲဗျ။ ကျွန်တော့် မှာ ဘာကားမှ လည်းမပါဘူး “
ခွေးနှစ်ကောင်ကိုက်သည်ကိုပင် ဝိုင်းကြည့်တတ်သော ရန်ကုန်မြို့၏ ထုံးစံအတိုင်း လူတွေဝိုင်းအုံပြီး ကြည့်နေကြလေပြီ။
ကျွန်တော် စီးလာသော ကားပေါ်မှ ကားသမားကို စစ်ကူတောင်းကြည့်လိုက်သည်။
“ ကားဆရာ လုပ်ပါဦးဗျ၊ ဒီမှာ ဘာတွေမှန်းမသိဘူး “
ကားဆရာကလည်း ကားပေါ်မှ တံခါးဖွင့်ဆင်းလိုက်ရင်း
“ ဟေ့ လူ ခင်ဗျားတို့ကို ဘယ်ကားကတိုက်သွားလို့လဲ”
အငှားကားကို ပုတ်ပြရင်း “ ဒီကားလေ ဒီကားပေါ့၊ ခုနကပဲတိုက်မိသွားတာ “
ကျွန်တော်လည်း လွတ်မြောက်ရာတွေ့လေပြီ ဆိုသည့် အတွေးဖြင့်
“ အဲဒါဆို ဒီကားဒရိုင်ဘာက သူပဲ၊ သူနဲ့ရှင်းပေါ့၊ ကျွန်တော့် အိတ်ကိုလွှတ်ပါ”
ချိုင်းထောက်နှင့်လူ မှာ ကျွန်တော့် အိတ်ကြိုးကို ပိုမို တင်းကျပ်အောင် ဆုပ်ကိုင်ပြီး အရူးကွက်ဆက်နင်းပါ၏။
“ ဒီလိုလုပ်လို့ ဘယ်ရမလဲ၊ ခင်ဗျားစီးလာတဲ့ကား၊ ခင်ဗျားကားပေါ့၊ ခင်ဗျားဆေးဘိုးပေးပါ “
သူ့မိန်းမကလည်း အသံတစာစာဖြင့်
“ဒုက္ခိတ ဆိုပြီး မတရားတော့မလုပ်နဲ့၊ တိုင်းပြည်အတွက် တိုက်ပွဲဝင်ရင်း ခြေထောက်ဖြတ်လိုက်ရတာ၊
ဗိုလ်ချုပ် — — ဆီရောက်သွားရင်မလွယ်ဘူး ဘာမှတ်လဲ “
လူတွေကလည်း ဝိုင်းကြည့်၊ လွယ်အိတ်ကိုဆွဲထားသဖြင့် သွားလို့ကလည်းမရ၊ ကံနိမ့်လေသော ဘလက်ချော ပါတကား။ ကားသမားလည်း ဝိုင်းပြောပေးပါ၏။ ဘယ်လိုမှ ပြောမရသည့်အဆုံး ဆွဲချင်လည်းဆွဲကွာ ဆိုပြီး မိတ်ဆွေ၏ ရုံးခန်းဘက်သို့ အတင်းသာလျှောက်ပါသည်။ ချိုင်းထောက်နှင့် သကောင့်သားကလည်း ဆေးဘိုးမပေးမချင်း မလွှတ်ဟုဆို ကာ လွယ်အိတ်ကြိုးကိုဆွဲရင်း လိုက်ပါလာ၏။ မိတ်ဆွေ၏ ရုံးခန်းအတွင်းသို့ ကျွန်တော် ဝင်လိုက်သောအခါ ချိုင်းထောက်နှင့်ကိုယ်တော်လည်း လိုက်ဝင်လာပါသည်။
“အောင်ကြီး ရှိလား”
“ အပြင်ခဏ သွားပါတယ်၊ အခုပဲပြန်လာတော့မှာပါဦး “
ဧည့်ခန်းဆက်တီပေါ်တွင် အခန့်သား ဝင်ထိုင်နေကြသော ချိုင်းထောက် မိသားစုအကြောင်း စာရေးမလေးနှစ်ယောက်ကို တီးတိုးရှင်းပြရပါသည်။ အပြင်မှာလည်း လူတွေက လိုက်ကြည့်နေကြသဖြင့် ပွဲတော်ကြီးဖြစ်နေပါတော့သည်။ ကျွန်တော် စီးလာသော အငှားကားယဉ်မောင်းကလည်း အမြဲတမ်းစီးနေကြဖြစ်သဖြင့် ကားကို တစ်နေရာတွင် ရပ်ပြီး လိုက်ပါလာပါသည်။ စာရေးမလေး နှစ်ယောက်က တီးတိုးအကြံဉာဏ်ပေးသည်။
“ပိုက်ဆံနည်းနည်းပေးလိုက်ပါလားဦးရယ်”
ထိုစဉ် ကျွန်တော့်သူငယ်ချင်း အောင်ကြီး ပြန်ရောက်လာပါ၏။
ရုံးခန်းထဲဝင်လာရင်း စာရေးမလေးနှစ်ယောက်ကို အောင်ကြီးကမေးသည်။
“ဒီလူတွေက ဘယ်သူတွေလဲ”
စာရေးမလေးက ရှင်းပြလိုက်သောအခါ အောင်ကြီးဒေါသထွက်ပါလေပြီ။ ချိုင်းထောက်နှင့်လူထိုင်နေသော ဆက်တီကုလားထိုင်ကို ဝုန်းကနဲ ဆွဲလှန်ပြစ်လိုက်၏။ ချိုင်းထောက်နှင့်လူမှာ အင့် ကနဲအော်ပြီး ခွေးကျကျ၏။ ဘလက်ချော အောင်ကြီးကို အတင်းဆွဲရ၏။ ကားသမားက ချိုင်းထောက်နှင့် လူကို တယုတယ ဆွဲထူပေးရသည်။ ကိုယ့်လက်ထဲတစ်ခုခုဖြစ်သွားရင် အမှုလာပတ်နေမှာ မဟုတ်လား။ အောင်ကြီးက ထိန်းလို့ မရပါလေပြီ။
“ ဒီကောင်တွေ ဒီလိုပဲ လုပ်စားနေတာ၊ ငါ့ ရုံးခန်းထဲကို ဒီလိုကောင်တွေ ဝင်စရာ ဘာအကြောင်းမှ မရှိဘူး၊ ဟေ့ကောင် အခုသွားမလား မသွားဘူးလား”
“ ဆေးဘိုးမပေးရင် မသွားဘူး၊ လုပ်ချင်ရာလုပ် “
ချိုင်းထောက်မိသားစုမှာ ပြောင်ပြောင်ပင် တိုက်ပွဲဆက်ဝင်ပါလေပြီ။
တစ်ခုခု ကောက်လုပ်လိုက်မှာ စိုးသဖြင့် ဘလက်ချော အောင်ကြီးကိုဆွဲထားရပါ၏။
အောင်ကြီး ကျောက်တံတား ရဲစခန်းကို ဖုန်းဆက်၏။ မကြာမီ ရဲ နှစ်ယောက် ရောက်လာပါတော့သည်။ ချိုင်းထောက်နှင့်လူကို ရဲ က စမေးပါသည်။
“ ဘာဖြစ် နေကြတာလဲ “
“ ကျုပ်ကို ကားနဲ့ တိုက်သွားလို့ “
“ ဘယ်ကားက တိုက်သွားတာလဲ “
“ ဒီလူ့ရဲကားပါ “ ကျွန်တော့်ကို လက်ညှိုးထိုးပြီး ပြောသဖြင့် ကျွန်တော်ဝင်ရှင်းပြရပါသည်။
“ ကျွန်တော်က ကားငှားစီးလာတာပါ၊ ကားမောင်းတဲ့လူက သူပါဗျာ “
ယဉ်မောင်းသူကလည်း ဝင်ပြောပါ၏။
“ ဟုတ်ပါတယ်၊ ဒီအစ်ကိုနဲ့ ဘာမှ မဆိုင်ပါဘူး၊ ကားကကျွန်တော့်ကားပါ၊ တိုက်လည်းမတိုက်မိပါဘူး “
ချိုင်းထောက်ကြီး၏ မိန်းမက ဝင်ပြောပြန်၏။
“ ဘာလို့ မတိုက်မိရမှာလဲ၊ တိုက်မိလို့ နှဖူးတောင်ကွဲသွားတယ် “
စစ်ဆေးနေသူ ရဲ က အခြေအနေမှန်ကို သဘောပေါက်သွားပါသည်။
“ ကားကနိမ့်နိမ့်လေးပဲ၊ ဘယ်လိုလုပ်နှဖူးကိုသွားထိရတာလဲ “
ချိုင်းထောက်ကြီး ချယ်နယ်ထပ်ပြောင်း၏။
“ မင်းတို့ မတရားတော့ မလုပ်နဲ့နော်၊ တိုင်းပြည်အတွက် ခြေထောက်တစ်ဖက်ကိုတောင် ပေးလှူထားတာ၊ ဗိုလ်ချုပ် — — ဆီရောက်သွားရင်မင်းတို့မလွယ်ဘူး “
ရဲ နှစ်ယောက်က အေးအေးဆေးဆေး ရှင်းပြသည်။
“ ယဉ်တိုက်မှု ဖြစ်တာဆိုတော့ စခန်းလိုက်ခဲ့ကြပါ၊ စခန်းကျမှ ရှင်းကြတာပေါ့ “
ချိုင်းထောက်ကြီး နည်းနည်း လန့်သွား၏။
“ စခန်းတော့ မလိုက်တော့ဘူး၊ ဒီမှာပဲရှင်းပေးပါ၊ ဆေးဘိုးလေးရရင်ကျေနပ်ပါပြီ “
ရဲက ဒေါသသံဖြင့်
“ ခင်ဗျားကို ရဲစခန်းလိုက်ခဲ့ဘို့ ပြောနေတယ်၊ လိုက်ခဲ့ဆို လိုက်ခဲ့လိုက်”
ချိုင်းထောက်ကြီး လက်လျှော့ပါလေပြီ။
“ ဆေးဘိုး မပေးရင်လည်း မယူတော့ပါဘူး၊ သွားတော့မယ် “
အရူးကွက်နင်းပြီး ထွက်ရန်ပြင်၏။ ရဲ ကလည်း အပြတ်ပြောပါသည်။
“ ဟေ့လူ ခင်ဗျားဘယ်ကိုမှ သွားလို့မရဘူး “
“ အဲဒါဆို ဒီလူ့ကိုပါ ခေါ်ခဲ့၊ ဒီလူမလိုက်ရင် ကျုပ်လည်းမလိုက်ဘူး “
ကျွန်တော့်ကိုပါ ရဲစခန်းလိုက်ရန် သူခိုးသေဘော်ညှိလိုက်ပါလေပြီ။ ရဲက ထပ်ရှင်းပြသည်။
“ ကားက သူ့ကားမဟုတ်ဘူးလေ၊ ကားမောင်းတဲ့လူပါရင်ပြီးတာပဲ “
ယဉ်မောင်းကလည်း ကျွန်တော့်ကို အားနာနေသဖြင့် ဝင်ပြောပေးပါသည်။
“ ဟုတ်ပါတယ်၊ ကျွန်တော်စခန်းကို လိုက်ခဲ့ပါ့မယ် “
ချိုင်းထောက်ကြီးက ကျွန်တော့်ကို ဘာသဘောကျနေသည်မသိ၊ လုံးဝပြောလို့မရပါ။
“ ဒီလူ ရဲစခန်းကိုမလိုက်ရင် ကျုပ်လည်း မလိုက်ဘူး၊ ခင်ဗျားတို့ ကြိုက်တာလုပ် “
ရဲ နှစ်ယောက်မှာလည်း ချိုင်းထောက်ကြီးနှင့် ဖြစ်နေသဖြင့် အကြမ်းပတမ်းလုပ်လို့လည်းမဖြစ်။
လူတွေကလည်း အပြင်မှ ဝိုင်းကြည့်နေကြသည်မှာ အုံခဲနေ၏။ နောက်ဆုံး ကျွန်တော့် ဘက်လှည့်၍ မျက်စိမှိတ်ပြပြီး “ ကဲ ကိုယ့်ညီပါ စခန်းကိုလိုက်ခဲ့ပေးလိုက်ပါကွာ “
ကျွန်တော်လည်း “ အစ်ကိုတို့ သွားနှင့်လိုက်ပါ၊ ကျွန်တော် ဒီအစ်ကို့ ကားနဲ့ နောက်က လိုက်ခဲ့ပါ့မယ် “
ချိုင်းထောက်ကြီးက မရပါ။
“ တစ်ခါတည်းလိုက်မှ ကျုပ်လည်းလိုက်မယ်၊ ကျုပ်ကိုလာလိမ်လို့မရဘူး “
ရဲ က “ ကဲတစ်ခါတည်းသာ လိုက်ခဲ့ပေးလိုက်ပါကွာ၊ စခန်းကျတော့ ရှင်းသွားမှာပါ “
ကျွန်တော် တော်တော် တင်းသွားပါသည်။ ကိုယ်နှင့်လည်း ဘာမှ မဆိုင်၊ ကိုယ့်ကိစ္စလည်းမဟုတ်ပါပဲနှင့် ရဲစခန်း ကို လိုက်ရမည်ဆိုတာတော့ တော်တော်တရားလွန်သည် ဟုထင်ပါသည်။ ဝိုင်းကြည့်နေသည့် လူတွေကြားထဲမှပင် ကျွန်တော်၊ ကားသမား၊ ရဲနှစ်ယောက်နှင့် ချိုင်းထောက်ကြီးတို့ မိသားစု ဆူးလေဘုရားလမ်းပေါ်ရှိ ကျောက်တံတား ရဲစခန်းဆီသို့ ချီတက်ခဲ့ကြပါသည်။ စခန်းရောက်သည်နှင့် ချိုင်းထောက်ကြီးက စခန်းမှူးကို စပြောသည်။
“ ကျွန်တော် ဗိုလ်ချုပ် — — တပည့်ပါ။ ညီလေး ကူညီပေးပါဦး “
မဖြစ်နိုင်သည်မှာ အသိသာကြီးဖြစ်ပါသည်။ စခန်းမှူးက ဖြစ်စဉ်ကို နားလည်ထားပြီးဖြစ်ပါလိမ့်မည်။
“ ယဉ်တိုက်မှု ဖြစ်တာဆိုတော့ ခင်ဗျားကို ဆေးစစ်ဘို့လိုလိမ့်မယ်၊ ရန်ကုန်ဆေးရုံကြီးကို အခုချက်ခြင်း ဆေးသွား စစ်ရမယ် “
“ ဆေးတော့ မစစ်တော့ပါဘူး၊ အမှုလည်း လုပ်မနေပါနဲ့တော့၊ ကျွန်တော်တို့လည်းသွားစရာရှိလို့ သွားလိုက်ပါဦး မယ် “
“ ဟေ့လူ ဒါရဲစခန်းဗျ၊ ဘာမှတ်နေလဲ၊ အခု ဒီဆရာနဲ့ ဆေးရုံကြီးကို လိုက်သွားပါ “
ချိုင်းထောက်ကြီးတို့ မိသားစု ဆေးစစ်ရန် လိုက်သွားရပါလေပြီ။ စခန်းမှူးက ကျွန်တော် နှင့် ကားသမားတို့ကို ရှင်းပြပါသည်။
“ ညီလေးတို့ ပြန်လို့ရပါပြီ။ ယဉ်တိုက်မှုမဖြစ်တာလည်း ကိုယ်တို့သိပါတယ်။ ကိုယ့်ညီဆီက ငွေဖန်ဘို့ ကြံတာပါ။
ချိုင်းထောက်ကြီးနဲ့ ဆိုတော့လည်း ကိုယ်တို့မှာ လုပ်ရကိုင်ရ ခက်တာပေါ့။
“ အမှုတွေဘာတွေတော့ ဖွင့်မနေတော့ပါဘူး အစ်ကိုရာ၊ သူတို့ကြည့်ရတာလည်း
ငတ်ပြတ်နေလို့ ကြံမိကြံရာ ကြံကြတဲ့ ပုံပါ “ ဟု ကျွန်တော်က စာနာစိတ်ဖြင့် ပြောပါသည်။
“ ဘာမှ စိတ်မပူပါနဲ့ နည်းနည်းပါးပါး ဆုံးမပြီး ပြန်လွှတ်လိုက်မှာပါ “
ဤကား ဘလက်ချော ရဲစခန်းရောက်ခဲ့သော ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါ၏။
ကူညီပါရစေ၊ ကူညီပါရစေ ဆိုသော ရဲတို့၏ ဆောင်ပုဒ်ကို ဘလက်ချော သိတ်ယုံကြည်လှသည် မဟုတ်ပါ။
ထိုနေ့ကတော့ ရဲ တို့သည် ဘလက်ချော ကို ကူညီပေးခဲ့ကြပါသည်။ ကျေးဇူးတင်ပါသည် ပြည်သူ့ရဲများ ခင်ဗျား။
ရဲစခန်းက ပြန်တော့ ညနေ စောင်းနေပါပြီ။
21 comments
Diamond Key
October 10, 2011 at 1:28 pm
Blackchaw ရေ၊
ချိုင်းထောက်နဲ့ရယ် ဖြစ်စဉ် တူနေတာရယ်ကြောင့် ကြူံဖူးတဲ့ ကိစ္စလေးတစ်ခု သတိရမိတယ်။
မန္တလေးရဲ့ တစ်ညမှာ (၉ နာရီလောက်) သူငယ်ချင်းနှစ်ယောက်နဲ့ ဆိုင်ကယ်နှစ်စီးနဲ့ ၇၈ လမ်း အတိုင်း မြောက်ဖက်ကနေ တောင်ဖက်ကို မောင်းလာကြတယ်၊ သူတို့နှစ်ယောက်က ရှေ့က အစီး၊ ကျွန်တော်က နောက်က မနီးမဝေးက မောင်းလာခဲ့ပါတယ်။
ဘူတာကြီး စစ်ခေါင်းရုံ မြောက်ဖက်ထိပ်လောက် အရောက်မှာ (လမ်းမီးကလည်း မှိန်ပျပျလေးပဲ ရှိနေတော့ ပတ်ဝန်းကျင်က မှောင်နေပါတယ်) လမ်းလယ်အုပ်ခုံကြားမှာ ရပ်နေတဲ့ လူတစ်ယောက်က ရှေ့က သူငယ်ချင်းနှစ်ယောက်ရဲ့ ဆိုင်ကယ်နောက်ကို တွန်းလိုက်တာ ကျွန်တော်ဆိုင်ကယ်ရဲ့ မီးရောင်အောက်မှာ တွေ့လိုက်ရပြီး သူငယ်ချင်းနှစ်ယောက်နဲ့ ဆိုင်ကယ်ရယ်၊ သူရယ်လဲသွားတာ တွေ့လိုက်ရပါတယ်။
ဖြစ်ဖြစ်ချင်းမှာပဲ လမ်းတစ်ဖက်က လူတစ်စု ပြေးလာတာ တွေ့လိုက်ရပါတယ်။ အားလုံး ၄ ယောက်ပါ။ သူတို့က ဆိုက်ကယ်က ဒုက္ခိတလေးကို ဝင်တိုက်သွားကြောင်းပြောပါတယ်။ ကျွန်တော်ဆိုင်ကယ်ရပ်လိုက်တော့ ၁၄\၅ နှစ်လောက် ခြေတောက်မှာ ကျောက်ပတ်တီးနဲ့ ကောင်လေးက သူ့ခြေထောက်ကို နှိပ်ပြီး အော်နေပါတယ်။ ကျွန်တော်ကတော့ အဲဒီကလေး လမ်းလယ်အုပ်ခုံကြားကနေ ထွက်ပြီး တွန်းလိုက်တာ အသေအချာ မြင်လိုက်ရပါတယ်။
ဒါကို ကျွန်တော်က ပြောတော့ လမ်းတစ်ဖက်က ဝိုင်းလာတဲ့ လူတစ်စုက ကျွူပ်တို့က တိုက်မိတာ သေသေချာချာ မြင်တယ် ဘာညာနဲ့ လုပ်ကြပါတယ်။
အရှေ့မှာ ဆိုင်ကယ်မောင်းလာတဲ့ သူငယ်ချင်းက သူဆေးဖိုးပေးမယ် ပြောပြီး ပိုက်ဆံ ၁၀၀၀ဝ ပေးလိုက်တော့ ကောင်ကလေးကို ဝိုင်းပွေ့ပြီး ဆေးခန်းသွားမယ် ဘာညာနဲ့ ထွက်သွားကြပါတယ်။
ကျွန်တော်က ခံပြင်းနေပေမဲ့ သူငယ်ချင်းက ပြသနာ မရှည်ချင်တော့ (ပိုက်ဆံကလည်းရှိသူမို့) စကားနည်းရန်စဲ ရှိင်းလိုက်ပေမဲ့ လုပ်စားသွားတာပါ။
Blackchaw ပို့စ်လေး တွေမိလို့ ရေးလိုက်တာ။
မောင်ဘလိူင်
October 10, 2011 at 2:15 pm
တော်တော်ကို ရဲ ပြီး ဖြဲလဲ ဖြဲဝံ့တဲ့ မိသားစုပါကလား.. အိုင်ဆေး ဘလက်ချော..
တန်ရုံလူကတော့ ငွေပေးပြီး ရှင်းလိမ့်မယ် ထင်ပါရဲ့ဗျာ.. အိုင်ဆေးကတော့
စခန်းမှူး ကိုအုန်းဖေနဲ့ တွေ့ပေလို့သာပေါ့။နို့မဟုတ်လို့ကတော့ ..
windtalker
October 10, 2011 at 2:27 pm
ဒီကိစ္စကို စုံထောက်ကြီး ဦးလန်ဘား မသိလိုက်ရလို ့ပါ
“ဘီလူးကြီး”ogre
October 10, 2011 at 2:42 pm
ဒီလိုမျိုးလူတွေကို ဒီလိုရှင်းလိုက်တာကောင်းတယ်
ဘာပဲပြောပြော မှတ်မှတ်သားသားတော့ ရှိသွားမယ်ထင်တယ်
blackchaw လဲမှတ်မှတ်သားသား ရောသွားရောမှတ်လား
နောက်ဆိုရင်မြို့ထဲမသွားနဲ့
ခိုနင်းခံရလိုက်မယ်…..:)
“ဘီလူးကြီး”ogre
October 10, 2011 at 2:42 pm
ဒီလိုမျိုးလူတွေကို ဒီလိုရှင်းလိုက်တာကောင်းတယ်
ဘာပဲပြောပြော မှတ်မှတ်သားသားတော့ ရှိသွားမယ်ထင်တယ်
blackchaw လဲမှတ်မှတ်သားသား ရှိသွားရောမှတ်လား
နောက်ဆိုရင်မြို့ထဲမသွားနဲ့
ခိုနင်းခံရလိုက်မယ်…..:)
ပုံပြောသူ
October 10, 2011 at 2:58 pm
လမ်းမပေါ်မှာ စဖြစ် စ ကတည်းကဘဲ လမ်းပေါ်က ပရိသတ်တွေ ကြားထဲမှာ မဖြစ်မနေအတင်း
ရှင်းခိုင်း နေရင် မလွယ်လောက်ဖူး နော်…..၊
ကျနော့်သူငယ်ချင်း တစ်ယောက်အဖြစ်ကိုတိုတိုလေး ပြောပြပါမယ်၊ ကျောက်မြောင်း ထဲမှာ ဖြစ်တာ၊
သူငယ်ချင်းက ကောင်မလေးကို အိမ်ပြန်ပို့ပြီး အိမ်ပြန်မလို့ ကားဂိတ် မှာကားစောင့်နေတာပေါ့၊
ကားလဲလာရော လူအဆင်းအတက်နဲ့ တက်မရဖြစ်နေဆဲ လူတစ်ယောက်က မင်းထီးနဲ့ ငါ့ကိုလာ
ထိတာ နဖူးပေါက်သွားပြီ၊ မင်းဆေးဖိုးပေးရမယ်ဆိုပြီး အတင်းဆွဲခေါ်ပါလေရော။ သူငယ်ချင်းက
ကျောင်းသားလေး နယ်ကဆိုတော့ ကြောင်တောင်တောင်နဲ့ ကျနော် မဟုတ်ရပါဘူး လို့ဘဲ
ပြောနေခဲ့တာပေါ့၊ အဲဒီ သကောင့်သားက ဆွဲခေါ်သွားပီး လူရှင်းတဲ့လ္ဘက်ရည်ဆိုင် နားကိုခေါ်သွား
ပြီး ဒီဆိုင်က ငါ့ဆိုင်ကွ၊ အလုပ်သမားတွေ ကလဲ ငါ့လူတွေပဲ ဒီရပ်ကွက်ကလဲ ငါ့ ရပ်ကွက် ဘာညာ
ပြောဆိုချိန်းခြောက်ပြီး ငွေ ၂၀၀ဝ တောင်းပါတယ်၊ ကျောင်းသားလို့ပြောလိုက်တော့ ငွေမပါဘူး
ထင်ပြီး ရနိုင်သလောက်တောင်းတဲ့သဘောထင်ပါတယ်၊
သူငယ်ချင်းကလဲ ကြောက်ကြောက်နဲ့ လွယ်အိပ်လေးထဲက ငွေကို ကမန်းကတန်းထုတ်မိပါလေရော
ဖြစ်ချင်တော့ဗျာ .. လူကြုံပါးလိုက်တဲ့ငွေ ၇၀၀၀ဝ ကသူ့အိတ်ထဲမှာ ရှိနေနှင့်တာကိုး၊
သီးသန့်ငွေ အပိုလဲမပါလေတော့ အထပ်လိုက်ကြီးထုတ်မိသလိုဖြစ်သွားတယ်ပေါ့ဗျာ၊
ဒီတော့ အကြံအဖန်သမား လဲပွပေါက်တိုးပါလေရောဗျို့.. ပီးတော့ ပြောပါတော့တယ်
ဟာ မင်းက ငွေ အများကြီးနဲ့ ငါသိမ်းထားလိုက်မယ် ၊ စိတ်မချလို့ . နက်ဖန်မင်းပြန်လာယူလှဲ့
ပြောပြီး အတင်းဆွဲယူပါလေရော တဲ့၊ နယ်ကျောင်းသားလေး သူငယ်ချင်းလဲ အရမ်းကြောက်
နေပြီးဖြစ်လို့ ဘာမှ မပြောနိုင်ပဲ လက်ချည်းဗလာပြန်လာခဲ့ရတော့တယ်ပေါ့ဗျာ။
အိမ်ပြန်ရောက်တော့ သူ့ ဦးလေးက ချက်ခြင်းကျောက်မြောင်း လ္ဘက်ရည်ဆိုင်ကို သွားပြီး
မေးကြည့်တော့ စောစောက ဆိုင်ပိုင်ရှင်ကြီးကို ဘယ်သူမှ မသိကြဘူးတဲ့လေ၊
ဒါနဲ့ ကျောက်မြောင်းရဲစခန်းကို သွားပြီး အမှုဖွင့်တော့တာပေါ့၊ နောက်ပိုင်းရဲစခန်းကို
၃ ကြိမ်ခန့် သွားပြီးမေးသော်လည်း တရားခံ ကို ခုထိ မမိသေးကြောင်းပါ၊
ဒီအဖြစ်ကတော့ နယ်ကျောင်းသားလဲ ဖြစ်ပြန် . ခပ်အတတ သူငယ်ချင်းကြောင့်သာ
ခံလိုက်ရတာ ပါ ၊ ရန်ကုန်နေကျောင်းသားဆိုရင်တော့ ဒီအဆင်လောက်တော့ အသာ
လေးနေမှာပါ၊
ကိုဘလက်ချော နဲ့ တိုက်ဆိုင်လို့ ပါ …။
blackchaw
October 10, 2011 at 3:28 pm
စဖြစ်ကတည်းက ကျွန်တော် ပိုက်ဆံနည်းနည်းပေးလိုက်ဖို့ ကြံတယ်ဗျ။
သွားပေးလိုက်ရင် တိုက်မိတယ်လို့ ဝန်ခံလိုက်သလို ဖြစ်သွားမှာလည်းစိုးရသေးတယ်။
လူတွေကလည်း မတိုက်မိမှန်း သိသိကြီးနဲ့ ဘယ်သူမှ ဝင်မဖြေရှင်းပေးကြဘူးဗျ။
ကျွန်တော့်ကားလည်းမဟုတ်ဘူးဗျာ။ အသားလွတ်ကြီး။
ဒီထဲမှာ ဇာတ်ကောင်တွေများရင် မနိုင်မှာစိုးလို့ ထည့်မရေးလိုက်တာက
ဘလက်ချော ကတော် ပါ ရဲစခန်းကို လိုက်လာပြီး စစ်ကူပေးခဲ့ရတဲ့ အကြောင်းပါ။
ပုံပြောသူ
October 10, 2011 at 3:55 pm
တစ်ကယ်တမ်း အပြစ်ဖြစ်လာခဲ့မယ်ဆိုရင်တောင်မှ ကိုဘလက်ချောက လွတ်ပြီးသား..
လာဝိုင်းကြည့်တဲ့လူတွေကလဲ ဆွမ်းကြီးလောင့်ဖို့ စောင့်နေကြတာများမသိနော..
ချိုင့်ထောက်နဲ့ လူကလဲ အပွဲပွဲ နွှဲလာခဲ့သူပဲထင်ပါတယ် ။
အင်းနော် .. ဒါဆို အရပ်ကူပါလူဝိုင်းပါ လုပ်ခဲ့ရသေးတာပါလား..။
etone
October 10, 2011 at 4:33 pm
တော်သေးတယ် ကို ဘလက်ချောရေ … ဝိုင်းကြည့်တဲ့ လူုထဲ ဝင်ညှော်တဲ့ လူမပါတာ ကံကောင်းတယ်မှတ် … မဟုတ်လျှင် ..ဘာမသိ ညာမသိပဲနဲ့ .. ဆွမ်းကြီးလောင်းခံရနိုင်တယ် … ။ အဲ့ဒီလူတွေက အဲ့ဒီလိုပဲ ..သူများပိုက်ဆံ ဘယ်လို အင်ထုရမလဲတွေးနေကြတာ … ကိုယ့်လုပ်အားနဲ့ ရှာ မစားချင်ကြဘူး ။
ကိုယ့်ဘက်က မှန်နေလျှင်တော့ … အဆုံးစွန်ထိ ဥပဒေဘောင်အတွင်းက လိုက်ရှင်းတာ အကောင်းဆုံးပါ … ။ အလုပ်ရှုပ်မှာ စိုးလို့ .. လွယ်လွယ်ပေးလိုက်လျှင်တော့ …တခြားလူတစ်ယောက်ကိုလည်း .. ဒီနည်းအတိုင်း ဒုက္ခပေးနိုင်ပါသေးတယ် … အခုတော့ နည်းနည်း ဖြုံသွားတာပေါ့ 😛
pan pan
October 10, 2011 at 4:34 pm
ဒီလိုဖြစ်သွားတာပဲ ကောင်းပါတယ်ဦးချောရယ်
ကိစ္စမြန်မြန်ပြတ်စေချင်လို့ ငွေပေးလိုက်ရင် အကျင့်ပါတယ်
ရမှန်းသိရင် ဆက်လုပ်ကြဦးမှာပဲ
tra
October 10, 2011 at 4:34 pm
ကျွန်တော်လည်း ကြုံဖူးသဗျ
ပန်းဆိုးတန်းလမ်းက ကုလားဘုရားကျောင်းဘေးက ဗန်ဒါစေ့ရောင်းတဲ့သူလေ
ကျွန်တော်က လမ်းလျှောက်ရင်း လွယ်အိပ်နဲ့ သူ့ဗန်းကိုသွားထိတယ် အဲဒီတော့ဗန်းထဲ ဗန်ဒါစေ့ထည့် ထားတဲ့ကတော့ တစ်ခုပြုတ်ကျသွားတယ်…
ကျွန်တော်က တောင်းပန်းတယ် သူကမရဘူးလျှော်ပေးလို့ပြောတယ် ကျွန်တော်လည်း အဲဒီကျသွားတဲ့ ကတော့တစ်ခုစာပေးလိုက်တယ် သူကပြောတယ်မရဘူးတဲ့ တစ်ဗန်းလုံးစာလျှော်ရမယ်တဲ့ ကျွန်တော်က ဘာဖြစ်လို့လည်းဆိုတော့ အထဲကထည့်ထားတဲ့ဟာတွေပုံစံပျက်သွားလို့တဲ့ အဲဒီမှာတင်အခြေအတင် စကားများတယ် ဘေးကဈေးသည်တွေက ဘာဖြစ်တာလည်းဘာလည်းညာလည်းဆိုပြီး သတင်းမေးသလိုလို ဝိုင်းဖြဲသလိုလိုနဲ့လုပ်လာကြတယ် ကျွန်တာ်လည်းဒီတစ်ခုဖိုးကို လျှော်မယ်မကျေနပ်ရင် ရဲစခန်းတိုင်ပါ ဒါမှမဟုတ်ရင် စည်ပင်ကိုခေါ်ပြီးရှင်းပါ ကျွန်တော်ဖုန်းဆက်ခေါ်ပေးပါ့မယ် ဆိုပြီးဖုန်းထုတ်ဆက်တော့မှ ကျန်တဲ့ဈေးသည်တွေက ဝိုင်းဖြေရှင်းသလိုလို ဘာလိုလိုနဲ့ လျှော်ပြီးပြန်ပါဘာညာနဲ့ ဖြစ်သွားတာ ကျွန်တာ်သိပ်တော့မကျေနပ်ဘူး ဒါပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ်မို့လို့ ပြန်လာခဲ့ရတယ် ဒါမျိုးတွေကဖြစ်နေကြပဲဗျာ………..
Foreign Resident
October 11, 2011 at 2:18 am
By the way, for your consideration,
တရုတ်ပြည်သွားလည်တုံးက, Guang Zhou မှာ
မိန်းမက ခေါက်ဆြွဲပုတ်ပို့တဲ့ ကောင်လေးရဲ့ဗန်းကို ဝင်တိုက်လိုက်တာ
ခေါက်ဆြွဲပုတ်ပန်းကန်းလဲကျကွဲ ကောင်လေးလက်လဲ နီရဲပြီး အပူလောင်သွားတယ်
ဆို်င်ရှင်နှင့် အချိန်အကြာကြီးပြောလိုက်ရတယ်
ကောင်လေးလက်မဆိုးတာ သေချာတော့မှ ပြန်လွှတ်တယ်
ဒါပေမယ့် ပိုက်ဆံလျော်ပေးတာ ခေါက်ဆြွဲပုတ်ပန်းကန်းဘိုးတောင် မယူဘူး
တော်တော်လေးကို မှတ်မှတ်ရရ အထင်ကြီးလေးစားသွားတယ်
ပေါက်ဖော်
October 10, 2011 at 4:38 pm
ချိုင်းထောက်ကြီးက..ဘလက်ချောကို တော်တော်ချစ်ပုံရတယ်..ဟီ.ဟိ..
ရုပ်ရှင်ထဲပဲ ရှိသလားအောင့်မေတယ်..အပြင်မှာလဲ များကြီးပဲနော့်..
ချိုင်းထောက်ကြီး..ကားအောက်ထဲ ပြေးမဝင်တာပဲ ကျေးဇူးတင်ရမယ်……
alinsett
October 10, 2011 at 7:20 pm
ဖတ်လို့ကောင်းပါတယ် ။
gyinkalay
October 10, 2011 at 7:56 pm
အင်း….သူတို ့လို လုပ်စားနေတဲ ့သူတွေတော်တော်များများက ချာတိတ်ပိုင်း 9 တန်း 10 တန်း စသဖြင့်လူငယ်တွေကို ပစ်မှတ်ထားတာများတယ်….ကျွန်တော် ငယ်ငယ်တုန်းကလဲ အဲ့လိုပဲ ကုလားတစ်ကောင် က သူ ့ကိုယ်သူ စကော်ပီယံ ဂိုဏ်းက တဲ့ ကွမ်းစားချင်လို ့ပို်က်ဆံ တစ်ရာလောက်တဲ့…ကိုကလဲ မအူမလည် နဲ ့ဆိုတော့ ဘောင်းဘီအိတ်နှို်က်ပြီး ပို်က်ဆံထုတ်လိုက်တာ200 တန် တစ်ရွက်ထွက်လာတာ 200 တန်မသွားကော…ကလေးဆိုတော့ ဘာမှ မပြောတော့ပဲ ထွက်လာခဲ့ကော…ဖြစ်တာက တော့ ကားဂိတ်မှာပါ…လမ်းမေးသလိုဘာလိုလိုနဲ ့. နောက်ဆုံးတော့လဲ ပိုက်ဆံတောင်းတာပါပဲ…..
padonmar
October 10, 2011 at 8:18 pm
လွန်ခဲ့တဲ့၅နှစ်လောက်က ကျွန်မတို့ဖယ်ရီကား မြောက်ဥက္ကလာမီးပွိုင့်မှာ မီးနီရပ်ထားတုံး ဘေးလမ်းသွယ်အတိုင်း စက်ဘီးစီးလာတဲ့ ချာတိတ်မလေးတစ်ယောက် အရှိန်မသတ်နိုင်ဘဲ သူ့ဖာသာသူ ကားဘေးကိုဝင်တိုက်ပြီး နဖူးကွဲဒူးပြဲဖြစ်ကုန်ပါတယ်၊
အဲဒါကိုဘေးလူတွေကဝိုင်းလာပြီး ဆေးရုံပို့ပေးလိုက်ပါဆိုတော့ ကားသမားကလိုက်ပို့ပေးတယ်၊
မြောက်ဥက္ကလာဆေးရုံလည်းရောက် ယာဉ်မှုစစ်က အမေးမှာ ကောင်မလေးမိဘတွေက ကားကတိုက်ပါတယ် လုပ်ကြပါလေရော၊
ယာဉ်မှူစစ်ကလည်း ကားကတိုက်တယ်ဆိုမှ သူ့အတွက် ပိုက်ပိုက်ရမယ်ဆိုတော့ အတင်းအမှုုဖွင့်လို့
လျော်ကြေး အမှုပိတ်ကြေး စုစုပေါင်း၂ သိန်းကုန်ခဲ့ရပါကြောင်း ။
kai
October 11, 2011 at 6:24 am
ဒီလိုခေတ်အပြောင်းမှာ.. မာဖီးယားလို.. လူဆိုးဂိုဏ်းတွေ လိုအပ်တယ်ဆိုတာ.. ပိုသေချာလာတယ်..
အင်း..
အလိုလိုထိမ်းညှိယင်းပေါ်လာမယ်ထင်မိတာပါပဲ.. 😀
blackchaw
October 11, 2011 at 10:21 am
သူကြီးပြောသလိုဆို
မာဖီးယား လိုလူဆိုးဂိုဏ်းတွေက လူ့အဖွဲ့အစည်းအတွက်
လိုအပ်နေတာပေါ့။
မာဖီးယားတွေမှာလည်း ဥပဒေရှိတယ် ထင်တယ်နော်။
နည်းနည်းရှင်းပြပါဗျာ။
nozomi
October 11, 2011 at 10:31 am
သူကြီးက အမေကြီးကားမှာ ဂိုဏ်ခေါင်းဆောင် ဆိုတော့ အကုန်သိနေတာပဲ ရွာသားတွေ ဗဟုသုတရအောင် အသေးစိတ်ပြောပြပေးပါ လိုအပ်ရင် ဒီမှာလဲထောင်ရအောင်
blackchaw လုပ်ရပ် ထောက်ခံပါတယ် ဒီလို လူမျိုး များများလိုပါတယ်
kai
October 11, 2011 at 10:41 am
ဖဆပလခေတ်.. ရန်ကုန်မှာ လမ်းမတော်ဖိုးတုတ်၊ ပုဇွန်တောင်ငမိုး၊စသဖြင့်ရှိခဲ့ဖူးတာပေါ့..။
နောက်ပိုင်း.. စစ်တပ်ကအဆိုးဆုံး.. အင်အားအကောင်းဆုံးဂိုဏ်းနေရာ ဝင်ယူလိုက်တာမို့.. ကျန်တာတွေ ပျောက်ကုန်တာပါ..။
တချို့ကိစ္စတွေက.. ဥပဒေကြောင်းနဲ့..အင်မတန်ရှင်းရခက်တာမို့.. ဥပဒေအတွင်းက အဖွဲ့အစည်းတွေ..စံနစ်ကျ..အင်အားမကောင်းခင်.. လူ့အသိုင်းအဝိုင်းကိုထိန်းကြောင်းဖို့.. ဆိုင်ရာနယ်ပိုင်ဂိုဏ်းတွေက. (သဘာဝတောင်းဆိုချက်အတိုင်း). ပေါ်လာရတယ်လို့.. ဖတ်ဖူးတယ်..။
ဆိုတော့..
🙂
ကြောင်ကြီး
October 11, 2011 at 11:13 am
သဂျီးက လုပ်ချလိုက်ပြန်ပြီ။ ဗိုလ်တထောင်ငမိုးပါဗျ? ပုဇွန်တောင်မဟုတ်ဘူး။ သူ့လက်ထဲကြမှပဲ ငမိုးခမျာ ထောင်ရာကနေ တောင်ပေးလိုက်ရတယ်။ အင်းလေ ဒါလည်းမထူးပါဘူး၊ အတူတူပါပဲ၊ ဆက်လုပ်သဂျီး၊ တပ်ချုပ်ကြောင်ကြီး ခွင့်ပြုသည်။