တခါတည်းပါ နှင့် နောက်ဆက်တွဲများ
***မည်သူ့ကိုမှ မရည်ရွယ်ပါ၊ တိုက်ဆိုင်မှုရှိလျှင် စဉ်းစားပါ။***
သောကြာနေ့လို တရက်ကတော့ ကိုယ့်ကျောင်းမဟုတ် တဲ့ မြို့နဲ့နည်းနည်းဝေးတဲ့တခြားကျောင်း တခု ကိုသွားရတာလေ။
မနက်စောစောအိပ်ရာထရ တယ်။ ရထားက ၂ဆင့် ကား ၁ ဆင့်၊ နေရာကတော့ လှတယ်ဗျား။တောတောင် တွေကြားက စက်မှုတက္တ္တသိုလ်။ အဲဒီလို မသွားခင် မနက်စောစောကို ထမင်းစားလို့ မရလို့ဘာမှ မစားဖြစ်တာများတယ်ပေါ့။
အဲ ပြန်လာပြီး မြို့ထဲ ရောက်ပြီဆို မွန်းလွဲ 1:00 နာရီထိုးခါနီး ဆိုတော့ ဘယ်ပြောကောင်းမလဲ၊ဆာ သလားမမေးနဲ့။
အဆင်က တော်တော် ပြေတာနော်၊ အဲဒီ လို ပြန်ရောက်နေကြနေရာ မှာ အဝစား
650 (ဘူဖေးလို့ခေါ်ချင်လဲခေါ်ပေါ့၊ ဒီမှာကဗိုက်ကင်း လို့ ခေါ်တာလေ) အင်ဒီယား
ဆိုင် ရှိတယ်။ ထမင်း တခါစား၊ခေါက်ဆွဲပြုတ်ကောင်းကောင်းတခွက် 1000ကျော်ဆိုတော့ ၆၅ဝ နဲ့ နံပြား၊ထမင်း၊ကြက်သားဟင်း၊ဆိတ်သားဟင်း၊အသားလုံး
ဟင်း၊သီးစုံဟင်း၊ဆဲလဒ်(အရွက်စုံ)၊စွပ်၊ တွေ ကြိုက်သလောက် စား ၆၅ဝလေ။
ဆွဲပြီပေါ့ (မော်လမြိုင်လေသံ)
အိမ်မှာ ဝက် ကိုဓာတ်တည်ပြီးစားနေတာဆိုတော့အပြင်မှာစားရင်ဝက်သားမဟုတ်တာစားချင်တာနဲ့အချိန်ကလဲကွက်တိ။
ဟုတ်ပြီ။
အဲဒီမှာ စတွေ့တာဘဲ ဗျို့။ နံပြား နဲ့ ဟင်းတွေ၊တန်အောင်တီးတာပေါ့နော်။
တပတ် တရက်ထဲပါပဲ။ဒါပေမဲ့ ဘာဖြစ်လဲ ဆိုတော့ ပေါင်ချိန် တွေတိုးတာ။
အသားတွေနဲ့ ကုလားပဲလေ တိုးပြီပေါ့။
ကျောင်းပိတ်ထားရင်လုပ်လေ့ရှိတဲ့ပြေးတာတွေလေ့ကျင့်ခန်းတွေကလဲကျောင်းဖွင့်
တာနဲ့ နေလာနှင်းပျောက်။ဆိုတော့ ဒစ်ပိုဇယ် က မကောင်းတော့ဘူး။
ဝ လာပြီ လို့စဉ်းစားမိပြီး နောက် အဲဒီ သောကြာ ကို မစားဖြစ်အောင် ရှောင်ရတာပေါ့။
ဘာသွားတွေ့လဲ ဆိုတော့ အဲဒီ မှာ စားချင်စိတ် ပေါ်လာရင် ပေးတတ်တဲ့ (ကိုယ်ဟာကိုပေါ့နော်)ဆင်ခြေ စကား “တခါတည်းပါ”
(ဒီ တခါထဲ နဲ့ ပို “ဝ” မ လာ ပါဘူးပေါ့နော်)။
ကိုယ် က သေသေချာချာ မှတ်ထားမိတော့ အဲဒီလိုနဲ့ “တခါတည်းပါ” “တခါတည်းပါ” နဲ့ခဏခဏ ထပ်စားမိနေတာ သတိထားမိလာတယ်။
ဒါနဲ့ ဆက်စဉ်းစားမိတာလေးတွေ ရေးကြည့်ချင်လာတယ်။
အရက်
အရက် ကို တခါမှမသောက်ဖူး တဲ့ လူတယောက် တနေ့အရက်သောက်ပြီး အိမ်ပြန်လာတော့ အမေ နဲ့တန်းတိုးတယ် ဆိုပါတော့။ အမေ က မေးတယ် မင်း အရက်သောက်လာ လားပေါ့။
သူပြန် ဖြေတယ် ဟုတ်ကဲ့ အမေ “တခါတည်းပါ” အမေရယ်။
အဲဒီလိုသာ လွယ်လွယ်ပြောလိုက်တာနော်….နောက်တော့လဲ ရံဖန်ရံခါ သောက်လာတာဘဲ။
လောင်းကစား
ဖဲမရိုက်တတ်လို့ ဘေးကဝင်ထိုးတယ်။ နဲနဲပါးပါးအရော်ရတယ်။ဆွယ်တဲ့ကောင်ကပြောတယ်။မင်း နောက်ဆိုနိုင်မှာ။ဒါနဲ့ တခါတည်းပါ လို့ ကိုယ်ဟာကို ထင်ထားတဲ့စိတ်ကလေး၊ ခဏခဏ လုပ်ဖြစ်တယ်။
အပျော်အပါး
ဒါကတော့ သစ်မင်းအဖိုးရဲ့ ကျေးဇူး လို့ဆိုရမှာ။ သူ့စာအုပ်တွေ သစ်မင်းကယူဖတ်တာ လေ။
အဲဒီမှာ ဆရာသိန်းဖေမြင့် ရဲ့ တက်ခေတ်နတ်ဆိုး ဆိုတဲ့ စာအုပ်ကိုဖတ်ဖြစ်တယ်။
ယောက်ျားလေး တိုင်း ဖတ်သင့်တဲ့ စာအုပ်ပါ။
အဲဒီမှာ “တခါတည်းပါ” နဲ့ ဘဝ ပျက်ရသူတွေ အကြောင်းပါ။
အပျော်အပါး ကို တခါလိုက် စားမိပြီး နောက်ပိုင်းတွေပါ စိတ်အလိုလိုက်မိသူတွေ။
တခါဆို တခါ ရောဂါရသွားတဲ့ သူတွေအကြောင်း။ရေးထားတာ တော်တော် ပီပြင်တယ်ဗျ။
(ကန်တော့ပါရဲ့နော်) ဆီးအိမ်ကနေ ရင်ခေါင်းလောက်ထိ အနာကြီး ဖြစ်နေတာတွေ။
ခါးကိုပတ် နေတဲ့အနာကြီးတွေ။အရေတရွှဲရွှဲနဲ့ အင်းကျီမကပ်နိုင်တာတွေ။
အခြေအနေ ဆိုးလွန်းလို့”ဖြတ်” ပစ်လိုက်ရတဲ့ “အရွယ်ကောင်း” ယောက်ျားလူငယ် လေးတွေ။
ဪ….. တခါတည်းပါ … က စခဲ့တာတွေပါလား။
အဲဒီ တခါတည်းပါ ဆိုတဲ့ စကားလေးကို ဆန်းစစ်ကြည့်လိုက်တော့
တခါတည်းပါဗျာ၊မကောင်းမှန်းသိပါတယ်၊ မှားမှန်းသိပါတယ် ဆိုတဲ့ “ဝန်ခံသံလေး” ကိုတွေ့လိုက်မိတာပါဘဲ။
ကျနော်တို့ “သိ” ကြတယ်၊သိ သိ ကြီးနဲ့ (တကြိမ်ထဲပဲဖြစ်ဖြစ်) လုပ်ခဲ့တာလို့ဝန်ခံရာ ရောက်နေတယ်နော်။
“မှား” နေမှန်း “သိ” ရက်နဲ့၊ အမှား ကို သိသိကြီးနဲ့ လုပ်တဲ့လူကို လူမိုက်လို့ခေါ်တယ်ဆိုတာ အားးလုံးသိမှာပါ။
ဟုတ်တယ် ကျနော် အကြိမ်ကြိမ် “သိ” ရက် နဲ့ “အမှား” မှန်း သိ ရက်နဲ့ “လုပ်”ခဲ့တာတွေ အ များကြီးပါဘဲလား။
အချိန်ဖြုန်းတာ မကောင်းမှန်း၊ မမှန်မှန်း သိရက်နဲ့ အချိန်ဖြုန်းတယ်။
ငွေ ကိုလဲ မသုံးသင့်တဲ့၊ မကုန်သင့်တဲ့နေရာမှန်း သိသိကြီးနဲ့ဘဲ သုံးမိတယ်။
ပြောရမဲ့ စကားတွေကို မပြောဘဲ၊ မပြောသင့်တဲ့စကားတွေကို “သိသိကြီးနဲ့” ပြောတယ်။
မလုပ်သင့်တာမျိုးတွေ “သိသိကြီးနဲ့” လုပ်တယ်။
မကြံစည် သင့်တာ “သိသိကြီးနဲ့” ကြံစည် တယ်။
ကာယ၊ဝစီ၊မနော ကံတွေကို “သိသိကြီးနဲ့” ကျကျနနကြီး ကျူးလွန်နေသော ငါ ပါလား။
အထူကြီး မဟုတ်တာတွေ မလုပ်ဖြစ်တာနဲ့ ဟုတ်လှပြီထင် နေခဲ့တာ။
ပါပါးလေးတွေကို အစုလိုက် အပုံလိုက် “သိသိကြီးနဲ့” လုပ်လာခဲ့တာ တော်တော်ကြာနေပါပေါ့လား။
တခါတည်းပါ………..လို့ ကိုယ်ဟာကို ဆင်ခြေပေးပြီး လုပ်လာခဲ့တာ၊ တချို့ဟာတွေ ဆို အကျင့်ဖြစ်တောင်နေပါပေါ့လား။
ကဲ ဘာ ဆက်လုပ်မလဲ???????????????????????
————————————————————————————-
အဖြူရောင်ကို နှစ်သက်သော သစ်မင်း က အဖြူပါသော အင်းကျီများ အဝတ်များပါသည်။
(ကို) ထူးအိမ်သင် ၏
{“အဖြူရောင် အင်းကျီ အောက်မှာ~~~~နာကျင် ညစ်ထေး စွန်းပေသော~~
ဘဝ တခု ရှိနေတယ်~~ }ဟူသော သီချင်းစာသားလေးကိုရွတ်ဆိုမိရင်း………
————————————————————————————–အားလုံးကိုလေးစားပါတယ်
မောင်သစ်မင်း
34 comments
koyinmaung
October 14, 2011 at 6:24 pm
ကိုသစ်မင်းရဲ့ပိုစ်ကိုဖတ်ပြီးမှ
ကိုယ်ကိုယ်တိုင်တခါထဲပါတွေများနေမှန်း
သတိထားမိတော့တယ်…..
သတိပေးလိုက်သလိုပါဘဲကိုသစ်မင်းရေ
ကျေးဇူးပါဘဲ…..
windtalker
October 14, 2011 at 6:25 pm
မနေ ့က ကိုသစ်မင်းရေးတဲ့စာထက် ဒီနေ ့ရေးတဲ့စာက ကောင်းတယ်
ဒီနေ ့ကိုသစ်မင်းရေးတဲ့စာ ထက် မနက်ဖန် ရေးတဲ့စာ က ကောင်းမယ်….
ကိုသစ်မင်းစာကို ဖတ်ပြီး သီချင်းဆိုချင်စိတ်ပေါက်လာတာနဲ ့
ဂျေမီ+ရန်ရန်ချမ်း သီချင်းစာသားကို ရေးသွားပါကြောင်း ခင်ဗျာ
blackchaw
October 14, 2011 at 7:07 pm
ကိုသစ်မင်းရေ အင်မတန်လှပတဲ့ စကားပြေပဲဗျာ။
akswe
October 14, 2011 at 7:45 pm
သိသိကြီးနဲ့ မိုက်နေ မိဆဲပါ ကိုသစ်မင်းရေ…လောင်းကစားနဲ့ အပျော်အပါးမရှိပေမယ့် ပါတ်ဝန်းကျင် လူမှုရေး နေရာဒေသ နီးစပ်မှု နဲ့ ကိုယ်တိုင်ကလည်း ခပ်ပါပါ ကြောင့် သူရာမေရယ ကို မကောင်းတာ သိနေရက်နဲ့ မရှောင် နိုင်သေးဘူး….
ပီထီး သီချင်းလို အရင်လိုပြန်စခွင့်ရရင်တောင် အပြန်တစ်ရာမိုက်ဦးမယ်ဆို တာ ကျွန်တော် တို့ပေါ့ဗျာ….
naywoonni
October 14, 2011 at 8:15 pm
http://myanmargazette.net/51143/society-lifestyle/aha-jokes
ပေါက်ဖော်
October 14, 2011 at 8:22 pm
အင်းဗျာ..
ကျနော့်မှာလဲ..တစ်ခါတည်းတွေတော်တော်များတာပဲ..
တစ်ချို ့တစ်ခါတည်းက ..တစ်ခါဆို..ဆိုသလောက်ပဲ..
ခါပြီးမှတော့ ဘာမှတတ်နိုင်တော့ပါဝူးဂျာ.
နောက်တစ်ခါ..မခါအောင်သာ..သတိထားရမှာပေါ့…
ခက်တာက မကောင်းတာဆို…အခါလွယ်ပြီး ကောင်းတာဆို..အခါမလွယ်ဘူး..ဗျို ့..
အဲဒါ..ခက်ဒါဘဲ
padonmar
October 14, 2011 at 10:41 pm
ဆရာသစ်မင်းကတော့ နာမည်မြင်ရင် မဖြစ်မနေဖတ်ရမယ့် ဦးစားပေးစာရင်းထဲပါနေပြီ။(ကိုယ့်အတွက်ပြောတာပါ)
HIV နဲ့ Pregnancy ကလည်း တစ်ခါတည်းပါလို့ ဆင်ခြေပေးခွင့် မပြုဘူး ကိုသစ်မင်းရေ။
ဒါကို ကြီးမိုက်တွေအသာထားပြီး လူငယ်တွေ ခေါင်းထဲစွဲစေချင်ပါတယ်၊
72 hr after pills တွေနဲ့ ကိုယ်ဝန်မရအောင် လုပ်တတ်လာကြပေမယ့် အဲဒီ တစ်ခါပြီးတစ်ခါတွေက ရှိတတ်တော့၊……
thit min
October 31, 2011 at 6:43 pm
ဒီမှာတွေ့ပြီ။ ဒေါက်တာပဒုံမာရေ၊ ရေးပါအုန်းလို့၊ ဆေးပညာပေးလေးကို။
ကိုပေါက်(မန္တလေး)
October 14, 2011 at 10:54 pm
ကဲ တစ်ခါလောက်တော့ ဖတ်ပြီး တစ်ခါလောက်မန်းလို်က်ပါအုံးမယ်။
ကောင်းလိုက်တဲ့ တစ်ခါတည်းပါ။
etone
October 15, 2011 at 8:37 am
အရက် ၊ ဆေးလိပ် ၊ လောင်းကစားတို့က တစ်ခါတည်းပါပြောပြီး … စွဲသွားသည့်တိုင်အောင် လွတ်လမ်းရှိပေမယ့် .. အပျော်ပါး မိန်းမမက်တာကတော့ တစ်ခါတည်းပါဆိုလည်း ရောဂါရနိုင်ပါတယ် … ။ တဏှာဆိပ်တက်နေတဲ့ အချိန် ပတ်ဝန်းကျင်နဲ့ ရောဂါအကြောင်း ဘယ်လောက်နားလည်လည် … တဒင်္ဂစိတ်နဲ့ မှားနိုင်ပါတယ် …ကံကောင်းလို ့ရောဂါမကူးဘူးဆိုလျှင်တောင်မှ … တစ်ချိန်မဟုတ်တစ်ချိန် လေးလုံးရောဂါရနိုင်ပါတယ် 🙂
ကြောင်ကြီး
October 15, 2011 at 9:37 am
တခါထဲပါ
လာဆဲတာ
ခွာပြဲမကြာ
ဘာလဲကွာ..။
နီလေး
October 15, 2011 at 9:49 am
တစ်ခါတည်းပါလို့ ဆင်ခြင်ပေး
နောက်မှနောင်တပွေ့တပိုက်
ရောဂါကိုရင်ဝယ်ပိုက်
မျက်ရည်စက်လက်
အော် ငါမှားခဲ့ပါပေါ့လား
ရွှေဘိုသား
October 15, 2011 at 10:06 am
မှန်တယ် မအိတုံ ရေ တဒင်္ဂ စိတ်ကလေးကို မထိန်းနိုင်လို့ ရောဂါ ရသွားတဲ့ သူတွေကို စဉ်းစားလို့ကိုမရဘူး
Diamond Key
October 15, 2011 at 10:23 am
ဆရာသစ်မင်းရေ၊ ကောင်းတယ်ဗျာ ဖတ်လို့ နဲ့ ဆင်ခြင်နိုင်ဖို့။ ရေးပါအုံးနော် တောင်းဆိုမိတာ ” တစ်ခါတည်းပါ”။
thit min
October 15, 2011 at 11:31 am
koyinmaung ရေ
မမယ်မ နဲ့ ပတ်သက်ပြီးလဲ အငြိုးအမှတ်ဖြစ်စေမဲ့ စကားမျိုး တခါတည်း မပါ. နိုင်ပါစေနော်။
ကိုwindtalker ရေ
ကျေးဇူးပါ၊ တကယ်ခံ စားနေရတာ “အစစ်” ကို ရေးမိတာပါ။ စားစရာက “လျှာ” ကို “ငြိ” သွားရင် စားလို့ကောင်းတယ်လို့
ပြောသလိုပေါ့ဗျာ။ “ထိ” လို့ “ငြိ” လို့ “ကောင်း” သွားကြောင်းနားလည်ရပါသည်ပေါ့ခင်ဗျာ။
ကိုblackchaw ရေ
မေ~သရဖီ၊ ဟန်~နှင်းဆီ၊ အုန်း~ကန့်ကော်၊ ဇွဲ~ဂန္ဓမာ၊ နောက်တော့ ပေါင်း~မာလာ အကြောင်းပေါ့နော်။
ကြုံရင် အားရပါးရ ပြောကြမယ်ဗျာ။
ဘရားသား aksw ရေ
ကင်းအောင်နေလို့မရတာ သစ်မင်းလဲ ဖြစ်တတ်ပါတယ်။ ကင်းအောင်မနေချင် ရင်တော့လဲ “ချ” ပါ။
အဲ ကင်းနိုင်သွားပြီ ဆိုရင်တော့ (ဝိုင် နဲ့ ချက်တဲ့ ခရု ဟင်း တောင်မစားဘူးလို့ ဆုံးဖြတ်လိုက်ဗျာ၊ ယောက်ျားပီပီပေါ့)
မကင်းနိုင် သေးရင်တော့ ကိုယ်ဟာကို ” guilty ” မဖြစ်ပါနဲ့ ၊ လိုအပ်လို့ လုပ်နေ ရတာလို့ စဉ်းစားပါ။
ကို naywoonni ရေ
အဲဒီ “စာ” ကို သတိ မထားမိခဲ့ရိုးအမှန်ပါ။ လေးစားပါတယ်။ ကျနော်ထက် ဝါ၊ သဘာ ရင့်မှန်း ကော်မန့် တွေအရသိခဲ့ရလို့ပါခင်ဗျာ။
ညီပေါက်ဖော် ရေ
ကောင်း တာလုပ်တဲ့ လူတိုင်း က အများအားဖြင့်အဲဒီ စကားကို မသုံးပါဘူး။သုံးရင်လဲ နောက်မလုပ်ဖြစ်တာ “မှားတယ်”ဆိုတဲ့
ဝန်ခံသံက ပါပြန်ရော။ ဆိုလိုတာကအပေါ်မှာ ပြောခဲ့သလို “သိသိကြီး” နဲ့ ပေါ့ကွာ။
မpadonmar ရေ
ဟုတ်ပါတယ်၊ အဲဒီ ဟာ လေးတွေကိုဘဲ ထောက်ပြချင်တာပါ။ ဘာသာရပ်ဆိုင်ရာ အနေနဲ့ ပို့စ်တခုရေးစေချင်ပါတယ်။အားလုံးသိရတာပေါ့။လေးစားပါတယ်။
ကိုပေါက်(မန္တလေး)ရေ
ကျနော်တို့မှာ နှစ်ကိုယ်တူထားခဲ့ပြီး ကတိ ရှိခဲ့ပြီနော်။ဟဲဟဲ။
မြန်မာပြည်ပြန်ရောက်ရင် မန်းလေးမှာ အမှိုက်ကောက် ဘို့ပါ။ (မကြောက်ပါနဲ့)
ညီ/ညီမ etone ၊နီလေး၊ရွှေဘိုသား တို့ရေ
အဲဒီ ဆရာသိန်းဖေမြင့် ရဲ့ တက်ခေတ်နတ်ဆိုး စာအုပ်ကိုတကယ်ဖတ်စေချင်ပါတယ်။
တော်တော် ကြောက်ဘို့ ကောင်းတဲ့ တခါတည်းပါ။ ပါဘဲ။
သစ်မင်း ဘဝတဆစ်ချိုးမှာ ထိုင်း မှာ နေခဲ့ဘူးတယ်။ ဆရာသိန်းဖေမြင့် ရဲ့ တက်ခေတ်နတ်ဆိုး က
ကောင်းကောင်း ကြီး ထိန်းပေးခဲ့လို့ကိုယ်ဟာကို သံသယကင်း နိုင်ခဲ့တာယနေ့အထိပါ။
အရမ်းကိုကျေးဇူးကြီးလှသော စာ တပုဒ်ပါ။
ကိုDiamond Key ရေ
စာဖတ်သူတွေ ရဲ့ နှလုံးသား ကို စိန်စီသော သော့များ တချောင်းချင်း သုံး ပြီး ဖွင့်နေတဲ့ ဆရာလို လူမျိုး က ချီးကျူးတာ
အလွန်ဝမ်းသာလေးစားပါတယ်ဗျာ။
ကိုကြောင် ရေ
ပြောရရင် စိတ်ပူတယ်။ တကယ်။ မဆိုးနဲ့ နော်။ ဒါဘဲ။
kai
October 17, 2011 at 5:32 am
တင်ထားတဲ့ ပို့စ်လေးလည်း ကြိုက်တယ်..။
အခုလို… မန်းတာတွေတခုချင်း/တဦးချင်းစီကို..(တာဝန်ယူပြီး) ပြန်စာရေးပေးတာလည်း ကြိုက်တယ်ဗျာ..။
အဲဒါနဲ့.. ဝင်မန်းလိုက်တာ…။ 😆
နွယ်ပင်
October 15, 2011 at 12:00 pm
တစ်ခါတည်းပါ …. …… တစ်ခါတည်းပါ …. ………… တစ်ခါတည်းပါ …………
ဒီလိုနဲ့ ပေါင်းလိုက်တော့ အခါများစွာ ………… 🙂
photwenty
October 15, 2011 at 2:05 pm
တစ်ခါတည်းပါ ခိုးသားငါးရာနဲ. ဟီးးးးးးးးးးးးးးးးးးးးးး
weiwei
October 15, 2011 at 2:14 pm
ကျွန်မကတော့ အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးရှိတယ် …
အဲဒီလိုနဲ့ ဒုက္ခရောက်ပေါင်းမနဲပေမေယ့် အခုထိ မမှတ်သေးဘူး …
alinsett
October 15, 2011 at 7:02 pm
ကိုယ်လည်း…တစ်ခါတည်းပါတွေ..များနေပါသေးတယ်။
မှားမှန်းသိနေတာတောင်…..အဲဒီအမှားကိုပဲ..ခဏခဏ ကျုးလွန်မိတာမျိုးတွေ..ရှိပါတယ်။
တချို ့အမှား ..ဆိုတာတွေကလည်း…..ဆွဲဆောင်မှု…အပြင်းအထန်..ရှိတဲ ့အမှားတွေ…လေ။
ဒီ ပို ့စ်လေးကို ကြိုက်ပါတယ် ။
သွက်လက် ညက်ညော တဲ့ စာအရေးအသားကိုလည်း ချီးကျူးသွားပါတယ်နော်။
amatmin
October 16, 2011 at 10:40 am
အကိုရေ..တကယ့်ကိုကောင်းတဲ့ပို့စ် လေးပါပဲဗျာ..
တခါတည်းပဲ ဖတ်ပြီးတချက်ထဲနဲ့စွဲသွားတာပါပဲ။
ကိုယ်တိုင်ကလဲ..တခါတလေသမားဆိုတော့.ကိုယ့်ကိုများစောင်းရေးထားသလားလို့..
တော်သေးတာက..အပေါ်က.မန့်ထားတာတွေကြည့်မှပဲ.
ကိုယ်လိုလူစားအများသားလို့တွေးမိတယ်….
comegyi
October 16, 2011 at 9:35 pm
မဟုတ်တာကျတော့ အဲဒီတစ်ခါတည်းပါဆိုပြီး ခဏခဏလုပ်ဖြစ်နေတယ် ကောင်းတဲ့အလုပ်ကျ တစ်ခါတည်းပါလို့မဆိုရင်တောင် တစ်ခါလုပ်ပီးရင် ထပ်ခါထပ်ခါလုပ်ဖို့ကျ နေ့ရွှေ့ညရွှေ့နဲ့ ပါလားနော် ကျွန်တော့်မလဲ . .ဟူး………လေတယ်…….
ကိုပေါက်(မန္တလေး)
October 16, 2011 at 10:14 pm
တေးမြုံငှက်ရေ
မန်းလေးရောက်သော်
မောင်ပေကိုခေါ်
စစ်ကိုင်းတောင်ရိုးတစ်လျောက်
အမိူက်ကောက်မယ်နော်
thit min
October 22, 2011 at 12:00 pm
အာခံတွင်းထဲ ငုံခါထားတဲ့ တေးတပုဒ်တော့ ရှိမယ်ထင်ရဲ့။။။။။။။။။။။။ဆိုတဲ့နေရာမှာ
ဘဝအတွင်းထဲ ငုံခါထားတဲ့ “ပရ”စိတ်ဓာတ်ရှိသူ “လို ” ရဲ့ လို့ ပြင်ဆိုရမယ်။
လာဖြစ်အောင်လာမှာ၊လုပ်ဖြစ်အောင်လုပ်မှာ၊။
စိတ်သာချအတည် ဝိတ်ဇာ မ မည် ၊ ဘိုးဘိုးအောင် ဓားမြှောင် နဲ့ ပေါ်လာပြီ။
windtalker
October 22, 2011 at 1:51 pm
အခုမှ ကိုပေါက် ကွန်မင့် ကို တွေ ့တယ်
ကောက်မယ်၊ကောက်မယ် ကွယ်
ကန်တော်ကြီးနားမယ်
တိုက်ခန်းထဲ ဝင်မယ်
တီဗီတွေ ၊ အောက်စက်တွေ
ရှိသမျှ တွေ
အကုန်ကောက်ပါမယ်
ဟဲဟဲ
thit min
October 22, 2011 at 2:03 pm
လူမှုရေး လုပ်ပါမယ်ဆိုမှ အမှုတွဲတော့မယ်ထင်ပါရဲ့။(^^)
အဲ မန်းလေးမှာ ကောက်မယ်လို့ ပြောတာ သစ်မင်းက၊
ကိုပေါက်က စစ်ကိုင်းတောင်ရိုးတဲ့။
ချ ၂ ခုလုံး။ ရှောင် မနေနဲ့ အုန်းနော်။ ပြန်လာခါနီး သံချောင်းခေါက်မယ်။
ဟဲဟဲ (ချုပ်ထားတာ၊ဒီလိုဒီလို)
taungpawthar
October 17, 2011 at 2:40 pm
ကျွန်တော် ကတော့ တရက်ထဲပါဆိုပြီး အချိန်တွေ ဆွဲ ပြီး ဘဝရေစီးချောင်းထဲ မှာမျှော လိုက်လာနေတာ ခုထိပါ
ရာဇဝင်လူဆိုး
October 17, 2011 at 6:03 pm
ဆရာသစ်ရေ…..စာဖတ်သူအပေါ်ထားတဲ့စေတနာနဲ့ ခံစားမိပြီးရေးတဲ့အတွေး ……..
စံချိန်မှီ အဆင့်ရှိတယ်… ဆက်လုပ်ဗျာ….
fatty
October 17, 2011 at 9:35 pm
ဆရာမောင်သစ်မင်းခင်ဗျား … သဘောကျမိပါသည်။ အတုလည်းယူသင့်ပါသည် ဆရာရဲ့ အရေးအသားတင်ပြပုံများ ရိုးရှင်းရျ် ဆွဲဆောင်မှုကောင်းပါသည်။
thit min
October 19, 2011 at 8:01 am
ဦးဖက်ရေ
မန်းဂေဇက်ရဲ့ ” Idol ” တယောက်ဖြစ်တဲ့ ဦးဖက်ထံက ခုလို ချီးကျူးပြောဆိုခံတာကို အလွန်ကိုဝမ်းသာကြည်နူးမိပါတယ်ခင်ဗျာ။
စကားတတ်တဲ့ သားတော်မောင် နဲ့လည်း မကြာမကြာ နွေးထွေးစွာတွေ့ပါစေလို့ လေးလေးနက်နက်ဆုတောင်းပါတယ်။
Tiger mg
October 22, 2011 at 1:07 pm
“တစ်ခါတည်းပါ” ပိုစ်ကိုဖက်မိတော့ ဆရာနဒ္ဒသိန်းဇံရဲ့” နောင်တကင်းရာ”စာအုပ်ထဲက “အချိန်မီ” ကို ပြေးပြီးမြင်လိုက်တယ်ဗျာ။ အဲမှာ ရေခံတက်ပင်စောင့်ရုက္ခစိုးကြီးကို ဟသာင်္နှစ်ကောင်က သတိပေးထားတာလေးကိုရေးထားတာပါ။
ဒီလိုဗျ…လေရှည်မယ်နော်…..
ရေကန်ကြီးတစ်ခုနားမှာရှိတဲ့ ရေခံတက်ပင်မှာ ရုက္ခစိုးကြီးက ဘုံဗိမာန်လုပ်နေတယ်။ အဲဒီ ရေခံတတ်ပင် ကိုဟသာင်္နှစ်ကောင်က လာလာပြီးနားလေ့ရှိတယ်။ ဒီလိုနဲ့ပဲအချိန်တွေကြာလာတော့
ရုက္ခကြီးနဲ့ရင်းနှီးလာတယ်။တစ်နေ့မှာ ညောင်ပင်ငယ်လေးတစ်ပင်ကိုအဲဒီရေခံတက်ပင်ရဲ့အကိုင်းခွကြား
တစ်ခုမှာ ပေါက်နေတာကို အမြှော်အမြင်ရှိတဲ့ဟသာင်္တွေက မြင်တော့ ရုက္ခစိုးကြီးကို သတိပေးတယ်။ အဲဒီညောင်ပင်ကိုမြန်မြန်ရှင်းပစ်လိုက်ဖို့ပေ့ါ။ အချိန်မီ မရှင်းလိုက်လို့ နောင်ကြီးထွားလာရင်
ရေခံတက်ပင်ကိုမြိုသွားပြီး နေစရာဘုံဗိမာန် ပျောက်သွားမယ်လို့ ပြောကြတယ်။ ဒါပေမယ့် ရုက္ခစိုးကြီးက သူတို့ရဲ့သတိပေး တာတွေကို အလေးအနက်မထားပဲ ရှင်သန်ခွင့်ပေးလိုက်တယ်လေ။ ဒီတော့ ညောင်ပင်ငယ်လေးဟာ အချိန်ကြာလာတာနဲ့အမျှ ကြီးထွားလာပြီး နောက်ဆုံးမှာတော့
ရေခံတက်ပင်ကို အကုန်လုံးဝါးမြို လိုက်လို့ ရုက္ခစိုးကြီး ဘုံပျောက်ခဲ့ရတယ်တဲ့။
————————————————
အဲဒီလိုပါပဲ ကျွှန်တော်တို့လဲ ကိုယ့်ရဲ့ အကျင်းစရိုက်ဆိုးတွေကို နုတုန်းငယ်တုန်းမှာ ဖယ်ရှားပစ်ရအောင်လား။ မဖယ်ရှားပစ်ဘဲ ကြီးထွားခွင့် ပေးလိုက်ရင်တော့ အဲဒီအကျင့်ဆိုးဟာ ဘဝ
တစ်ခုလုံးကို မြိုတော့မှာပဲ၊ ရုက္ခစိုးက ဘုံပဲပျောက်သွားတာ၊ အကျင့်ဆိုးမြို ခံရသူကတော့ ဘဝတစ်ခုလုံး
ဆုံးရှူံးသွားမှာလေ။
thit min
October 22, 2011 at 3:26 pm
ကိုTiger mg ရေ
အရမ်းကောင်းတဲ့ ကော်မန့်လေးအတွက် ကျေးဇူးပါ။
စာဖတ်နာသူ တယောက်လို့ နားလည်ရပါတယ်။
ပို့စ်ရေးဘို့ တိုက်တွန်းပါရစေဗျာ။
စောင့်မျှော်ဖတ်ချင်ပါတယ်။
ဆူး
October 22, 2011 at 1:23 pm
ဟင်းတစ်အိုးချက်ပြီး တခါတည်းပါ ဆိုပြီး နှိုက်မြည်းလိုက်တာ မစားခင် ကုန်ရော.. ဟိဟိ.. သဘောပြောတာပါ။ ဟင်းက ပြန်ချက်လို့ ရတယ်။ အချိန်နဲ့ အတွေ့အကြုံကတော့ ပြန်မရနိုင်တော့ဘူး။
ကုန်ဆုံးသွားတဲ့ အချိန်နဲ့ လက်လွတ်သွားမဲ့ အခွင့်အရေး အတွေ့ အကြုံတွေက ရဖို့ မလွယ်ဘူး။
Tiger mg
October 22, 2011 at 3:51 pm
ယခုလို အကြံဉာဏ်ပေးတဲ့အတွက်ကျေးဇူးပါ ကိုသစ်မင်း…
ဒါပေမယ့် ကိုယ်ကအသစ်တစ်ယောက် အနေနဲ့မရေးရဲသေးဘူးဗျ။
ရွာထဲမှာ ကစီနီယာတွေအများကြီး။ အဲဒါကြောင့်ပါ ကိုယ်ရေးတဲ့ပိုစ်တစ်ခုက အမှားတစ်စုံတစ်ခုပါသွားမှာကို
စိုးရိမ်ပြီး မရေးဖြစ်တာပါ။ ကြိုးစားပြီးတော့ တင်မယ်လို့တော့စိတ်ကူးထာပါတယ်။