Midlife Crisis ကို အကြံပေးကြည့်ခြင်း
***ပြီးပြည့်စုံပြီးသူများကို မရည်ရွယ်ပါ။ ကြိုးစားလုပ်ကိုင်နေပါလျှက် ကိုယ့်ဘဝကိုယ်အားမလို၊အားမရဖြစ်နေရသော မိတ်ဆွေတို့အတွက်လက်ဆောင်ဖြစ်ပါသည်။***
တာတိုမှာခွန်အား တာလတ်မှာအဆုံးအဖြတ် တာဝေးမှာစိတ်ဓာတ်လို့ ဆရာခမ်းလိတ်ကရေးခဲ့တယ်။ ကိုထီးဆိုခဲ့တယ်။ ဆက်ပြီးတော့ အဲဒီသီချင်းမှာဘဲ ရွှေဆုလဲမမက်မော ငွေဆုလဲမမက်မော “ရေ” တခွက်ဘဲ စိတ်စောလို့ ဆက်ရေးထားပြန်တယ်။
ဟုတ်တယ် ခုလူလတ်ပိုင်းဆိုတော့ “ဘဝတာဝေးပြေးပွဲ” တော်တော်ပြေးခဲ့ပြီ၊ ခရီးပေါက်ခဲ့သလားဆိုတော့ အင်း….အတန်အသင့်ပေါ့လို့ဘဲ ဖြေနိုင်မည်။ ပန်းတိုင်ရောက်ပြီလားလို့မေးလာရင်တော့ ပြတ်ပြတ်သားသား ဖြေလိုက်စရာ အင်အားမရှိ။
တာဝေးအပြေး တွင်ရှိအပ်သော “စိတ်ဓာတ်” က ပန်းတိုင်ကို လွယ်လွယ်မရောက်နိုင်သောအခက်အခဲများနှင့် ကိုယ်ရောစိတ်ပါပင်ပန်းမှု များက ရွှေဆု၊ငွေဆု၊ဆိုသောပန်းတိုင်ထက် ရောက်ရာနေရာတွင် ရပ်တန့်နားလိုက်ချင်သောစိတ်= ရေတခွက် ကိုသာ စိတ်စောမိသည်က လက်တွေ့။
ဪ လက်ရှိဘဝကိုမကြေနပ်နိုင်သော ဒါမှမဟုတ် ကြေနပ်စရာကောင်းသောအနေအထား တွင် ရောက် မနေသော လူလတ်ပိုင်းအသက်အရွယ်များ၏ စိတ်အကြပ်အတည်း Midlife crisis ဟုခေါ်သည်ပေါ့။
အိမ်ပိုင်မရှိ၊ကားမရှိ၊လုပ်ငန်းမရှိ၊လစာကောင်းသောအလုပ်(သို့)အဆင့်မြင့်ရာထူးရာခံမရှိ၊မိဘအမွေရစရာမရှိ၊အောင်မြင်သင့် သော(သို့)ရည်မှန်းထားသောပစ္စည်းဥစ္စာ၊ပညာအဆင့်အတန်း၊မရသေး။
ဘဝအတွက်ခိုင်မာသောအာမခံချက်က မရေရာ၊ အသက်ကကြီးလာပြီ၊နောက်အလုပ်မလုပ်နိုင်တော့ရင်ဘယ်လိုလုပ်ရပါ့။ လုပ်သမျှကလဲ ဘာမှထိထိရောက်ရောက်ဖြစ်မလာ။ ဒီအတိုင်းဆက်သွားရင် ခက်ရချည်ရဲ့။ အသက်ကြီးရင် ဘယ်လိုနေရ ဘယ်လိုရပ်တည်ရပါ့မလဲ။ ရင်တွေပူလာခြင်းက ” Midlife crisis” တွင်ထင်ရှားသည်။
(ဖြတ်၍ပြောလိုသည်မှာ ပြည့်စုံရက်နဲ့ ခံစားနေရသူများလည်းရှိသေးသည်။သူတို့ကြတော့ လူလတ်ပိုင်းထက်ကျော်နေသည်ကအများစု။ တကိုယ်ထီးသမားများဖြစ်သည်။အသက်ကြီးလာပြီ၊ငါတခုခုဖြစ်ရင်ဘယ်သူပြုစုမှာလဲ?။အရက်ကိုအဖော်လုပ်သည်။ ကလပ်သွားသည်။အွန်လိုင်းမှာစကားပြောသည်။ “Pet” လေးတွေနှင့်စကားပြောသည်။ အိမ်တွင်စိုက်ထားသောပန်းပင်မှပွင့်လာသောပန်းပွင့်လေးတွေနှင့်စကားပြောသည်။အပေါ်ယံအေးချမ်းသလိုထင်ရသော်လည်း ရင်မှာအပူရှိနေတတ်သည်။ ဤကား နောက်မှဆက်ရေးလိုသောအကြောင်းအရာ။)
ခုပြောလိုသည်က လူလတ်ပိုင်းတို့၏ဖီလင် ဒီလိုစဉ်းစားကြည့်မိသည်။ခုချိန်လူလတ်ပိုင်းဆိုသည်က
၁.အသက် ၂ဝ အရွယ်လောက်က ခြေသလုံးကသွေး နားထင်တွင် တက်ဆောင့်ပြီး မာန်မာနတလွှားလွှားနှင့် လွန်စွာကြီးမားသော ရည်ရွယ်ချက်တွေ အိမ်မက်ရင်း ကြိုးစားလာခဲ့သည်။
လုပ်လို့ဖြစ်ခဲ့တာတွေရှိတယ်ဆိုပေမဲ့ လိုချင်တိုင်း ဖြစ်ချင်တိုင်း မဖြစ်ခဲ့တာတွေ များလာခြင်းက ငါလုပ်နိုင်တယ်၊ငါလုပ်ရင်ဖြစ်တယ်ဆိုသောစိတ်ကလေးတွေ ထန်းလျက်ခဲ ခွေးလျက်သလို လုံးပါးပါးလာပေပြီ။ မဖြစ်နိုင်လောက်ဘူး၊ ဖြစ်မှာဖြစ်ပါ့မလား၊ စိတ်ချရအောင် တခုခု ခံထားအုန်းမှပါလေ။ စွန့်ရန် မ “ရဲ” တော့ပြီ။
၂.ဒီအတိုင်းမနေ နောက်တဆင့်တက်ပြီး သူများနှင့် ယှဉ် ပြန်သည်။
ဟိုကောင်တော်တော် ကြီးပွါးနေပြီ။ ငါကား ယခုအခြေအနေပါလား ဆိုပြီး ကိုယ့်ထက်မြင့်သူနှင့်ယှဉ်ပြီး စိတ်ဓာတ်ကိုထပ်ကျအောင်လုပ်သည်။ ကိုယ်အနေအထားထက် နိမ့်သူကို ယောင်လို့မှမစဉ်းစား။
၃.ငါကံမကောင်းတာဟု စိတ်ဆင်းရဲရုံမျှသာတတ်နိုင်သော အတွေးကိုတွေးသည်။
၄.အပေါ်က သုံးချက်ကိုပေါင်းစဉ်းစားပြီး ငါညံ့တယ် ဟူသော ရီပို့ ကိုလည်း ကိုယ်ဟာကိုယ် မကြာမကြာတင်တော့သည်။
ဟုတ်ပြီ။
မအောင်မြင်သေးဘူးလို့ထင်နေတယ်ဆိုရင် ဘာတွေမလုပ်တတ်ဆိုပြီး၊ ညံ့တယ်ဆိုပြီး မလုပ်ဘဲမလေ့လာတော့ဘဲထပ်ပြီးတခြားနည်းလမ်းနှင့်မလုပ်တော့ဘဲပစ်ထားတော့သည်။ပစ်ထားတော့ တတ်သွားရောလား။ မတတ်ရေးချမတတ်။
အပျင်းတက်သောအကျင့်သာပိုလာသည်။
ကြိုးစားချင်စိတ်မရှိတော့စိတ်၊ အားကုန်နေရန်တာစူနေသာစိတ်က အစွမ်းကုန် ကိုယ့်အင်အားကို ကိုယ်မသုံးတော့။
ဒီကြားထဲ နဲနဲလေးလုပ်ရခက်လာရင်၊ ဒီတခါလဲမအောင်မမြင်ဖြစ်အုန်းမှာဘဲလို့စဉ်းစားလာပြီး ရော့တိရော့ရဲ။
အဆိုးဆုံးက ကိုယ်ကို့ကို ကတိမတည်တာ။
လုပ်မယ်လို့ စဉ်းစားပြီး မလုပ်သေး နေ့ရွှေ့ညရွှေ့ ရွှေ့တတ်တာ။အချိန်ဆွဲတာ တွေက နင့်နင့်နဲနဲကြီးကို စိတ်မှာအကျင့်ပါ နေလိုက်တာ။ ပိုက်ဆံမသုံးတော့ဘူးဆိုပြီး မထိန်းနိုင်။ စုမည်ဆိုပြီး ရေပွက်ပမာ တခဏတာ။ နောက်တခုက ရေတက်ငါးစင်ရိုင်းလို အင်နှင့်အားနဲ့ တရက်နှစ်ရက်လုပ်တတ်တာ။
အဲဒီ အကျင့်တွေက တနေ့ထက်တနေ့ တိုးလို့လာနေတုန်းအနေအထားမှာ ၊တဘက်ကလည်း စိတ်ဓာတ်ကျနေမယ် မကြိုးစားချင်တော့ဘူး ဆိုရင် ဘယ်လိုလုပ် နလံထူပါတော့မလဲ။
လဲသွားတာ အရေးမကြီးပါ ပြန်ထဖို့ဘဲလိုပါတယ်။ ဘယ်နှစ်ခါလဲလဲ ထ ရအောင်ပါ။ ကဲ ပြန်ထကြည့်ကြရအောင်။
ကျနော် လက်တဘက်ကမ်းကြည့်ပါရစေ။
ကုထုံးနည်းလမ်းငါးသွယ်
မိမိလုပ်သောအလုပ်ကို ယခုထက်ပိုမိုကျွမ်းကျင်အောင်လုပ်ခြင်း။
မိမိလုပ်ငန်း(သို့) အသစ် လုပ်လိုသောလုပ်ငန်းကို သေသေချာချာသိအောင်လုပ်ရန်ဖြစ်သည်။ ယခုချိန်တွင်မအောင်မြင်ခြင်းက ဤသိုသေသေချာချာမသိသေးခြင်းကိုဖော်ပြနေသည်။ လူလောကတွင် အသုံးဝင်သောလုပ်ငန်းတခုကိုနားလည်ပြီ၊ ဖြစ်နိုင်လျှင်ကျွမ်းကျင်ပြီဆိုရင်နောက်တဆင့်က
အသိုင်းအဝိုင်းဖန်တီးခြင်း။
လောကကြီးပွါးရာကြီးပွါးကြောင်းလေးပါးအနက် အကြောင်းတရားတခုအဖြစ်မိတ်ကောင်းဆွေမွန်ရှိခြင်း=ကလျာဏမိတ္တ္က္က္က္တကာဟုဆိုသည်။
ထားတော့။အပေါင်းအသင်းအသိုင်းအဝိုင်းကိုချဲ့ထွင်ရမည်။ကာရာအိုကေသွားဘို့ သူငယ်ချင်းမျိုးမဟုတ်တာတော့သိမှာပါ။ မိမိကဲ့သို့စီးပွါးရှာချင်သူ၊မှန်ကန်သစ္စာရှိသူ၊များဖြစ်သည်။
ရပြီဆိုလျှင်
ယုံကြည်မှုကိုတည်ဆောက်ခြင်း။
ယုံကြည်မှုကိုတည်ဆောက်ရမည်။တူတူလုပ်မဲ့သူအချင်းအချင်းမယုံကြရဘဲ “customer “မှယုံကြည်ပြီး ရေရှည်မှာ သူ့ပိုက်ဆံကိုယ့်ကိုပေးချင်လာအောင်လုပ်ရန် မဖြစ်နိုင်။မိုနိုပိုလီလုပ်ထားရင်တော့အောင့်သက်သက်နှင့်ဝယ်မှာပေါ့ဗျာ (မြန်မာနိုင်ငံ၏ ယနေ့ဈေးကွက်သည် မတတ်သာ၍၊ မိုနိုပိုလီလုပ်ထားကြ၍၊ မလွှဲမရှောင်သာဝယ်နေရသော ရောင်းသူဈေးကွက်ဖြစ်နေဆဲဖြစ်သော်လည်း နောက်ပိုင်းတွင် ဝယ်သူကရွေးချယ်နိုင်လာတော့မည်။ယခု ပင်လျှင် တချို့နေရာများတွင် ဝယ်သူကို ဦးစားပေးလာနေရပြီမဟုတ်ပါလော။)
အရင်းအနှီးရှာဖွေခြင်း။
အတတ်ပညာရှိသော၊အပေါင်းအသင်းကောင်းကောင်းများရှိသော၊ယုံကြည်စရာလေးစားစရာရှိပြီဆိုလျှင် သင့်ထံတွင်မရှိသော အရင်းအနှီးကိုသင်ရရန် မခက်တော့ဟုထင်ပါသည်။ ကဲ ပေါင်းဘဲလုပ်လုပ်၊တယောက်ထဲဘဲလုပ်လုပ်၊ရပြီ။
အရင်းအနှီးဆိုတာ ငွေ တမျိုး ထဲလို့မထင်ပါနဲ့။ ထင်ရှားစွာ ဥပမာ ပေးပါမည်။ မန်းဂေဇက်မှ ဦးခိုင် မြန်မာပြည်တွင်စားသောက်ဆိုင်လုပ်မည်ဆိုပါစို့။ ရန်ကုန်တွင် ဆိုင်တဆိုင်၊မန်းလေးတွင် ဆိုင်တဆိုင် အသာလေး ဖွင့်နိုင်သည်။ ကြော်ညာရိုက်ပေးမဲ့ ဓာတ်ပုံဆရာများကအစ၊ကင်ဒိုဒါး ကိုင်စောင့်ပေးမဲ့လူအထိရှိမည်။ အမာခံတွေ အများကြီး။ အသိုင်းအဝိုင်းရဲ့အရေးပါပုံ။ ဟုတ်ပြီ။
စေတနာနှင့်ရောင်းချပါ။
ကျနော်တို့မြန်မာနိုင်ငံတွင်ငရုတ်သီးမှုန့်ကိုပင် စစ်စစ် မရောင်းချင်ကြ။ ကိုယ့်ရောင်းကုန်မှန်ကန်ဘို့ဆိုတာအခြေခံဖြစ်သည်။ ဆေးတုရောင်းသောသူ သူ့ကလေးဆေး ရုံတက်ရပြီး၊ သူရောင်းခဲ့သောဆေးတုနှင့်ပင်သူ့သားလေး သေရသော တကဲ့ဖြစ်ရပ်မှန်တခုရှိခဲ့ပါသည်။
ခုခေတ်တွင် စေတနာနှင့်ဈေးရောင်းခြင်းများ နိုင်ငံတကာတွင်တွေ့ရသည်။ ရေသန့်ဘူးတဘူး သင်ဝယ်ယူလိုက် ခြင်းသည် အာဖရိကမှ ကလေးတဦးအတွက် သောက်ရေ တပုလင်းဖိုးလှူခြင်းဖြစ်သည်၊ဆိုသော ရောင်းချခြင်းမျိုး။
ခုပြောနေတာတွေက လုပ်ခိုင်းနေတာမဟုတ်ပါဘူးနော်။
ရှိရဲ့ သားနဲ့ မေ့နေမှာစိုးလို့ ပြန်သတိရအောင် ပြောပြ ပေးနေတာပါ။
အဲဒီ လို တွေ ရှိနေရက်နဲ့ ၊မရှိသေးလဲ ရှိအောင်လုပ်လို့ရပါရက်နဲ့ စိတ်ညစ်နေတဲ့ မိတ်ဆွေတို့ကို စဉ်းစားလို့ရအောင် စေတနာသက်သက်သာ ဖြစ်ပါကြောင်း။
တဝက်တပြက်မှာ ရေတခွက်နဲ့ ကျေနပ်နေသူလား?
မောသွား၍ လက်လျှော့လိုက်သူလား?
နှစ်သိမ့် ဆုနှင့်ကျေနပ်နေသူ၊ ကျေနပ်လိုက်သူလား?
သေချာတာတခု က အဲဒီ လို ဖြစ်နေသူတွေက လူညံ့တွေ မဟုတ်တာပါဘဲ။
ဘာဘဲဖြစ်ဖြစ် သင့်မှာ သူများကဲ့သို့ တန်ဖိုးရှိသောနေရာတခု ယူပိုင်ခွင့်ရှိသည်ကို မမေ့ပါနဲ့….
အားလုံးကိုလေးစားပါသည်
မောင်သစ်မင်း
32 comments
kai
October 18, 2011 at 5:10 am
အင်း..
စားသောက်ဆိုင်..တကယ်ဖွင့်မှနဲ့တူတယ်…နော..။
မြန်မာနဲ့ ..စားသောက်ဆိုင်… တယ်အကျိုးပေးတာကလား.. ဂျပန်ရော.. ယူအက်စ်ရော..မြန်မာတွေကိုယ်တိုင်ထလုပ်လိုက်..အလုပ်တွေရလိုက်.. စားသောက်ဆိုင်ချည်းပဲ..
လူမျိုးလိုက်…တော်ချက်က….
–
တော့ပစ်ပြန်တည့်ရရင်…
ဆရာသစ်မင်း..အတွေး/အရေးထဲ.. အကြွေးစံနစ်ကြီးထည့်လိုက်ရင်.. ကောင်းမလား တွေးနေတာပါ..
အကြွေးကမောင်းတော့..လူက.. နွားလိုပြေးရ/ရုန်းရရောလေ..။
ကျောခင်း..ခြေဆင်း.. ထိုင်နေဖို့..သိပ်မစဉ်းစားနိုင်တော့ဘူး….. 😆
thit min
October 18, 2011 at 4:40 pm
သူကြီး ပြောတာဟုတ်ပါတယ်….
စားသောက်ဆိုင်ဆိုတာ “Daily short operation ” ပေါ့နော်။
မြန်မာလူမျိုးဆိုတာ ” Short operation ” နဲ့အကိုက်ဆုံးပါဘဲ၊ “Long operation” ဆိုရင်ငြီးငွေ့သွားတတ်ပါတယ်။တက်ကြွမှုနဲသွားတတ်ပါတယ်။
သူကြီး ဆိုင်ဖွင့်လို့ရတယ်ဆိုတာ ” Joke ” မဟုတ်ပါဘူး။
” Business ” ဆိုတာ အချက် (5) ချက်ပေါ်မှာအခြေခံပါတယ်။သိရှိပြီးသားဖြစ်မှာပါ။
၁.နေရာကိုကုန်သွယ်ပါတယ် (ဂျပန်ကားမြန်မာပို့တယ်ဆိုတာမျိုး)
၂.အချိန်ကိုကုန်သွယ်ပါတယ် (စပါး၊ပဲ လှောင်ပြီးရောင်းတာမျိုး)
၃.နာမည်ကောင်း နဲ့ ကျော်ကြားမှု (ခုနေ ကိုဇာဂနာ ကော်ဖီဆိုင်ဖွင့်မယ်ဆိုတာမျိုး၊ နေမျိုးဆေးရဲ့ မစ်စတာဂီတာလိုမျိုး)
၄.သံယောဇဉ် နဲ့ အသိုင်းအဝိုင်း (မြန်မာရိုးရာအစားအစာ ကို အဆင့်မြင့်မြင့်ကောင်းကောင်းရောင်းတာမျိုး)
၅.ဆက်နွယ်မှုကိုကုန်သွယ်ခြင်း (ကားတွေသွင်းခွင့်ရတော့မယ် ဆိုလို့ကားဝပ်ရှော့ထောင်ခြင်း)
ဆိုတာတွေနဲ့ပတ်သက်ပြီး လုပ်ရတာဆိုတော့ သူကြီးရဲ့အနေအထားနဲ့ လုပ်ချင်ရင်လုပ်သင့်တာအမှန်ပါ။အတည်ပြောတာပါ။
အကြွေးစံနစ်ကတော့ ပရိုက်ဗိတ်ကဏ္ဍကို မြှင့်တင်ဘို့ “Planning / Project Loan ” တွေလိုပါတယ်။
“Credit card” စံနစ်ဆိုတာကတော့ “Inflation” အင်ဖလေးရှင်းသိပ်များတဲ့မြန်မာနဲ့မသင့်တော်ပါဘူး။
US ,Japan and advanced countries တွေမှာ” Credit card ” ဖြစ်လာရတာကလည်း “Deflation” ဒီဖလေးဖြစ်လွန်းလို့ပါ။
“Mass Production”နဲ့ပစ္စည်းတွေစွတ်ထုတ်၊ဝယ်သူမရှိတော့ဈေးချ၊ ချလဲမဝယ်နိုင်တော့
“Credit card ” နဲ့ဝယ်ကြ၊ပိုက်ဆံရှိရင်ပြန်ပေးကြပေါ့။
အဲဒီ ” On paper money ” တွေက တကယ်ငွေသားနဲ့ကုန်ရမဲ့အခါမျိုး (ဥပမာ စစ်အသုံးစရိတ်၊သဘာဝကပ်ဘေး၊ ဘတ်ဂျက်လိုငွေ တွေလဲကြုံလာရော ရှင်းစရာမရှိလို့ “Gaint” ကြီးတွေ (= US,Japan)ကွဲကုန်ပါရော) ဆိုလိုတာက ကောင်းတော့ကောင်းတယ် မျက်စေ့ စပ်တယ်ဆိုသလို။
ပြီးတော့ အကြွေးရရင်ဆင်သက်စေ့ ဝယ်လွှတ်မယ်ဆိုတဲ့ ကိုယ့်မြန်မာတွေ၊ အကြွေးများအေးအေးပေါ့၊ ကိုယ်ပေးမှဖြစ်တာဆိုတာမျိုးတွေက အများသား။တင်းတင်းကြပ်ကြပ်ဥပဒေနဲ့ လုပ်ရမှာပေါ့နော်။လုပ်မယ်ဆိုရင်တောင်။
ပြောရင်း စဉ်းစားမိတာက မြန်မာလူမျိုး ုစီးပွါးရေးသမားတွေမှာလိုနေတာ ကိုယ်ကျင့်တရား ဆိုတာဘဲ။ ဟိုပို့စ်တခုမှာ
စားစရာတွေစိတ်မချရဘူးဆိုတာမျိုး။ ပြီးတော့ အချင်းချင်းမကူညီကြတာ၊ မစည်းလုံးကြတာ။
စံပြအနေနဲ့ မန်းဂေဇက်အဖွဲ့က နမူနာလုပ်ပြလိုက်ရင်တော့။
” သူ့ခြံမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့” ခင်ဗျာ။
Foreign Resident
October 18, 2011 at 5:23 am
ကိုသစ်မင်း
ဂျပန်ကထင်ပါတယ် ။
ဂျပန်က နိုင်ငံသားခံဖို့ မလွယ်ဘူး လို့ကြားတယ် ။
သူတို့ Social Security System & Pension System လေးကကော
ဘယ်လိုရှိလဲခင်ဗျ ။
thit min
October 18, 2011 at 5:20 pm
ဟုတ်ပါတယ်၊ ဘရာသား FR ရေ
နိုင်ငံသားခံဖို့က မလွယ်ဘူးလို့ပြောလို့ရပေမဲ့အရမ်းအခက်ကြီးတော့လဲ မဟုတ်ပါဘူး။
သတိထားမိမလားဘဲ ခုနောက်ပိုင်း အိုဆုမိုစံ=ဆုမိုနပမ်းသမား ချန်ပီယံတေ ွဂျပန် လူမျိုးမဟုတ်ကြတော့ဘူး။
ဒါပေမဲ့ နိုင်ငံသားခံထားတယ်ပေါ့ဗျာ။
ကျောင်းကပါမောက္ခ တွေလဲ နိုင်ငံသားခံထားတာတွေ့နေရတာဘဲ။ ဥပဒေမှာတော့ အနဲဆုံး ၅နှစ် ဂျပန်တွင်နေပြီးဖြစ်ရမည်။
ရာဇဝတ်ကင်းရမည်၊ရပ်တည်နိုင်သောစီးပွါးရေးအခြေအနေရှိရမည်လို့ဘဲရေးထားပေမဲ့ တကယ်တမ်းမှာ ကိုယ့်ကိုထောက်ခံပေးမဲ့ဂျပန်နိုင်ငံသားလိုပါတယ်။
အနေအထားခြင်းအတူတူရတဲ့သူရ မရတဲ့သူမရ တာမျိုးလဲရှိပါတယ်။အခက်ကြီးမဟုတ်ပေမဲ့ ခပ်လွယ်လွယ်လို့ တော့ ပြောလို့မရဘူးပေါ့ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပင်စင်က ဒီမှာ ကိုယ်အလုပ်စဉ်ကသွင်းရတဲ့ ငွေးကြေးပမာဏနဲ့ တွက်ပေးတာပါ။
နိုင်ငံတော်ပင်စင်၊ လုပ်ငန်းအာမခံစနစ်ကပင်စင်၊ Company (in case of company staff) ကပင်စင် ဆိုပြီး ၃ မျိုး ကိုပေါင်းပြီးပေးတာပါ။
ကိုယ့်ဝင်ငွေအနဲအများအလိုက် ပင်စင်အတွက်ဆိုပြီး အလုပ်လုပ်စဉ်ကထဲက “contribution” လုပ်ရပါတယ်။
ကိုယ် “contribution” လုပ်ထားခဲ့တဲပမာဏအပေါ်ကနေ အချိုးကျပြန်ပေးတာပါ။
“Minimum contribution” ယန်း ၁၅၀၀ဝ က အခြေခံပါ။ ဝင်ငွေအလိုက် ပိုများသွားတယ်ပေါ့နော်.။
အနဲဆုံး တလကို ယန်း ၆၀၀၀ဝ လောက်ပြန်ရတာတွေ့ရပါတယ်။လစာနဲ ဝန်ထမ်းအဆင့်ပေါ့ဗျာ။
ပြဿနာက အသက် ၆ဝ ထိ ” contribution” ပေးရပြီး။ ကိုယ်ပြန်ရတော့ အသက် ၆၅ နှစ်ကျမှတဲ့ဗျား။
အဲဒီဥပဒေကို ဟိုဆံပင်ကောက်ကောက်နဲ့ ဆရာ” Koizumi=ကိုအိဇူမိ” ဝန်ကြီးချုပ်ဖြစ်တော့ ၆၈-၇ဝ မှ ပင်စင် ထုတ်ပေးရေး အဆိုပြုသေးဗျား။
အလုပ်လုပ်ခွင့်ကိုလည်း ၆၅ နှစ်အထိ(ကိုယ့်သဘောနဲ့ကိုယ်ပေါ့နော်) တိုးပေးထားတယ်။
ပရိုက်ဗိတ်ယူနီဗာစီတီတွေမှာတော့ ၇၂ နှစ်ထိ လုပ်နေတာတောင်တွေ့ဘူးတယ်။ပရိုက်ဗိတ်မှာလုပ်လိုရတယ်ပေါ့ဗျာ။
small cat
October 18, 2011 at 6:13 am
” ဟိုကောင်တော်တော် ကြီးပွါးနေပြီ။ ငါကား ယခုအခြေအနေပါလား ဆိုပြီး ကိုယ့်ထက်မြင့်သူနှင့်ယှဉ်ပြီး စိတ်ဓာတ်ကိုထပ်ကျအောင်လုပ်သည်။ ကိုယ်အနေအထားထက် နိမ့်သူကို ယောင်လို့မှမစဉ်းစား။”
ဆင်းရဲတယ်ချမ်းသာတယ်ဆိုတာနှိုင်းယှဉ်ခြင်းတစ်ခုပါ၊ကိုယ့်ထက်သာတဲ့သူနဲ့နှိုင်းရင် ကိုကဆင်းရဲမယ်၊
ကိုယ်ထက်ဆင်းရဲသူနဲ့နှိုင်းရင် ကိုယ်ကချမ်းသာမယ်ပေါ့။
နှိုင်းယှဉ်မှုဆိုတာလည်းလိုပါတယ်။ ဒါမှ ကိုယ့်ကို သတိထားမိပြီးဘာဆက်လုပ်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်မှာပါ။ နှိုင်းယှဉ်တယ်ဆိုရာမှာ အကန့်အသတ်တခုတော့ ထားရမယ် ကိုယ့်ထက် သိပ်မြင့်လွန်း နိမ့်လွန်း သူတွေကိုလှမ်းမကြည့်ပဲ လယ်ဘယ်တန်း တစ်ခုအတွင်း သတ်မှတ် ထားပြီးမှ သူတို့နဲ့ကိုယ့်ရဲ့ အခြေအနေကွဟမှုကို သုံးသပ်ရမှာပါ။
MaMa
October 18, 2011 at 7:15 am
ကောင်းလိုက်တဲ့ ပိုစ့်လေးပါ သစ်မင်းရေ။ ရောဂါကို ရှာဖွေပေးရုံတင်မကဘူး ကုသမယ့်ဆေးနည်းပါ တခါတည်း ပေးလိုက်တာ ကျေးဇူးတင်စရာပါ။ ဆင်ခြင်သင့်တာ၊ ပြင်သင့်တာတွေကို ဖတ်ရှု့မှတ်သားသွားပါကြောင်း……
weiwei
October 18, 2011 at 10:06 am
ရောဂါရော ကုထုံးရော သိပါလျက်နဲ့ မကုသနိုင်ဖြစ်နေပါသေးတယ် …
amatmin
October 18, 2011 at 10:08 am
“အပေါ်က သုံးချက်ကိုပေါင်းစဉ်းစားပြီး ငါညံ့တယ် ဟူသော ရီပို့ ကိုလည်း ကိုယ်ဟာကိုယ် မကြာမကြာတင်တော့သည်”
ဟုတ်ပဗျာ..ကိုယ်ကို.ကိုယ် တခါတလေများဒီလိုချည်းထင်နေတာ..
တဝက်တပြက်မှာ ရေတခွက်နဲ့ ကျေနပ်နေသူလား?. အဲလိုမဖြစ်တော့အောင်ရေသန့်ဘူးဆောင်ထားပြီး.
.ခရီးဆက်ဖို့ အတွက်.ဆရာသစ်ရဲ့စာတပုဒ်နဲ့.ပြန်ထလာပါပြီဗျာ…ကျေးဇူးပါ….
blackchaw
October 18, 2011 at 12:06 pm
ကျွန်တော့်ကိုများ ကြည့်ရေးနေတာလား လို့တောင် ထင်မိတယ်။
“တဝက်တပြက်မှာ ရေတခွက်နဲ့ ကျေနပ်နေသူလား?
မောသွား၍ လက်လျှော့လိုက်သူလား?
နှစ်သိမ့် ဆုနှင့်ကျေနပ်နေသူ၊ ကျေနပ်လိုက်သူလား?”
ကိုသစ်မင်းရေ။
ရေတစ်ခွက်နဲ့လည်း မကျေနပ်ချင်ပါဘူး။
နှစ်သိမ့်ဆုနဲ့လည်း မကျေနပ်ချင်ပါဘူး။
ဒါပေမယ့် နေတတ်အောင်နေပြီး ကျေနပ်နေရတဲ့ ဘဝပါဗျာ။
“ဘာဘဲဖြစ်ဖြစ် သင့်မှာ သူများကဲ့သို့ တန်ဖိုးရှိသောနေရာတခု ယူပိုင်ခွင့်ရှိသည်ကို မမေ့ပါနဲ့….”
လူလတ်ပိုင်းကျွန်တော့်ကို စိတ်ခွန်အားပေးသော စာစုတစ်ခုဟု တင်စားချင်မိပါတယ်ဗျာ။
Moe Z
October 18, 2011 at 1:49 pm
အရမ်းကိုတန်ဘိုးရှိတဲ့ အကြံပါကိုသစ်မင်းရေ..
ကိုယ့်ကိုကိုယ်ကတိမတည်တဲ့အထဲမှာ မိုးစက်လည်းပါတယ်
တစ်ခါတစ်လေ ”ဒီနေ့လုပ်ရမယ့်အလုပ်ကို နောက်နေ့လုပ်” ဖြစ်သွားတယ်။
သိသာတာက တစ်ခုနောက်ကျသွားရင် နောက်လုပ်ရမယ့်အလုပ်တွေပါနောက်ကျသွားတယ်။
တစ်ခါတစ်လေဆိုတော့ ဘာမှမဖြစ်လောက်ပါဘူးလို့တွေးပေမယ့် အဲဒီကုန်သွားတဲ့အချိန်ကို အစားပြန်မရဘူးလေ။ ဒီပို့စ်လေးဖတ်ပြီး အချိန်မီပြင်လိုက်ပါ့မယ်။
ပေါက်ဖော်
October 18, 2011 at 2:18 pm
ပေးတဲ့အကြံအတိုင်း..လိုက် မလုပ်နိုင်တာ တော်တော်ခက်ဒါဘဲဂျာ
သဂျီးစားသောက်ဆိုင်ဖွင့်ဖြစ်ရင်တော့.ဘီယာတို ့..ဘာတို ့ပါ တင်နော်..
နေရာလဲရှာပေးမယ်..တစ်ချို ့နေရာတွေ..ဂွင်တော်တော်ကောင်းတယ်..
ကျနော်က ဝိတ်တာလာလုပ်ပေးမယ်..
ဘီယာခိုးမသောက်ဘူး..
ဂယ်ပြောတာ..
🙄
thit min
October 22, 2011 at 1:51 pm
ရန်ကုန် မှာ ဂေဇက်ဆိုင်ဖွင့်မယ်။ ဂေဇက်ရံပုံငွေ အတွက် ပေါ့ကွာ။
လတ်စ်ဗီးဂတ်စ် ကနေ သူကြီးပြန်လာလို့ “နိုင်” လာရင် ပွဲဖြစ်ပြီ။ဒါဘဲ။
pooch
October 18, 2011 at 2:52 pm
ကုထုံးတွေကို သဘောကျတယ်.. ဟုတ်တယ် ကိုယ့်ဘဝကို ကိုယ်ပဲဆုံးဖြတ်ရမှာ ရပ်နေလို့တော့ မရဘူး..
ရအောင်တော့ စွမ်းသလောက်တော့..ဆက်လျှောက်ကြည့်ရမှာပဲလေ..
thit min
October 18, 2011 at 5:50 pm
အပေါ်ကဆရာတွေက ဟဲဗီးတွေမေးထားလို့ပေါင်းဖြေရင် မရှင်းမှာစိုးလို့ပါ။
ကိုစမောကက် ရေ
ကျနော်ကဖြစ်စဉ်ကိုပြောပြတာပါ။ အကောင်းဆုံးတိုင်းတာခြင်းကတော့ မနေ့ကငါနဲ့ ဒီနေ့ငါရဲ့ တိုးတက်မှုပါဘဲ။
ဘယ်သူနဲ့ဘဲ ယှဉ်ယှဉ် မြင့်ရင်မနာလိုစိတ် မဖြစ်အောင် ထိန်းရမယ်၊ နိမ့်ရင် မလေးစားချင်ဘူး၊ဆိုတာတွေ အပိုပါလာ
တတ်ပြီး။ အဲဒီဟာမျိုးတွေက ဘဝအတွက် ဘာမှကိုအသုံးမဝင်ပါဘူး။
လိုရင်းက ကြိုးစားလိုစိတ် ကျ မသွားဖို့ပါ။
MaMa ရေ
ကျေးဇူးပါ။ အကျိုးရှိမယ်ဆိုရင်ဝမ်းသာရပါတယ်။ပိုပြီးကောင်းတဲ့နည်းလမ်းလေးတွေ တွေ့ခဲ့ရင်လဲပြန်ရှယ်ပါအုန်းဗျာ။
မweiwei ရေ
သူဌေးကလဲငြီးနေပြန်ပါပြီ။ မဝေရေ သဇင်ဆောင် ဒင်နာ ကိုတက်ခဲ့ဘူးတယ်ဗျ။
ဆရာ ဦးခင်အောင်ကြည်လက်ထက်ပေါ့။ကျနော်က ကျောင်းသားအဆောင်အတွင်းရေးမှူးဖြစ်ခဲ့တဲ့နုစဉ်ဘဝကပေါ့။
ကိုamatminရေ
ထပြီး ရင် ပြေး ပေတော့ဗျို့။ ပဝါမကူ ရေမရှူကြေး။
ဘက်တူရင်ပြိုင်ဘက်ကင်း ငါဟဲ့ အမတ်မင်း ပေါ့နော်။
ကိုblackchaw ရေ
လက်တွေ့ တွေကိုရေးပြနေတာပါ။ထိမှာပေါ့ဗျာ။ဒီလမ်းရောက်ဘူးသူများတာကိုး။
ခင်ဗျား လူတော်တော်များများကိုအတိတ်ရဲ့ ပျော်စရာတွေ ဆီ ပြန်ခေါ်သွားပေးခဲ့တယ်။
တက္ကသိုလ်မြေ နေဝင်မှာကိုစိုးတယ်…………….. ဗျာ
မMoe Z ရေ
ပြင်မယ် ပြောတယ်နော်။ ကတိတည်တော့။
ညီပေါက်ဖော် ရေ
တခါတည်းပါညီရာ။ လုပ်ကြည့်လိုက်။
မ pooch ရေ
ဆက်လျှောက်ကြည့်ဆိုတဲ့စကားလေး ကို ဘယ်တော့မှ မမေ့နဲ့နော်။
၁။ဆက်(မရပ်ဘူး) ၂။လျှောက်(အလုပ်တွေလုပ်နေမှာ) ၃။ကြည့်(သတိရှိတယ်နော်) အဲဒီ အတိုင်းဘဲ။ အောင်မြင်မှာပါ။
blackchaw
October 18, 2011 at 7:51 pm
ကိုသစ်မင်းရေ။
ဒီပို့စ်လေးကို ရေးလိုက်တဲ့ ခင်ဗျားကို
ကျေးဇူးတင်ပါတယ်ဗျာ။
thit min
October 18, 2011 at 8:02 pm
ကိုဘလက်ရေ
ပီအမ်ပို့ထားပါတယ်နော်၊ ဖိုရမ်ကနေဝင်ကြည့်လိုက်ပါ။
windtalker
October 18, 2011 at 8:56 pm
ငါ့အကို သစ်မင်း ဂျပန်ကွင်း
ငါ့ကို အသိ ငါလည်း သိ၏
ဘဝတိုက်ပွဲ စိန်ခေါ်နွှဲပျော်
ဝင်းတော်ကာ လဲ မောသနော်
သို ့ပေမယ့်ငြား စိတ်အားမငယ်
ရင်ဆိုင်ကြိုးစား လူ ့ခွန်အား
ဇမှန်သမျှ သုံးကာချ၍
တွန်းတွန်းတိုက်တိုက်
ဆိုးကောင်းရင်ဆိုင်
ကြုံပါများသော်
တွေ ့ ရ အခွင့်ကောင်း
ရအောင်ပေါင်း၍
ဆုလဒ်မှန်သမျှ လွန်လှပ
မလွဲမသေရ
thit min
October 19, 2011 at 7:55 am
ကဗျာနဲ့ မန်းတဲ့အထဲ နောက်တယောက်တိုးလာပါလား။ ကောင်းတယ်။အကုန်ပေါင်းပြီး ကောင်းတဲ့ကဗျာတွေစိစစ်ပြီး
ဝမ်းပို့စ်လုပ်မယ်။ခုတော့မဟုတ်သေးဘူး။
အပုဒ်ရေ ၁၀၀ဝ ပြည့်မှ။(^^)
padonmar
October 20, 2011 at 6:45 pm
ကိုသစ်မင်းရေ
midlife crisis ကို ကျွန်မလည်း ခံစားခဲ့ဖူးပါတယ်။မအားတမ်းအလုပ်လုပ်နေရချိန်မှာ မတွေးအားပေမယ့် အလုပ်တွေအားပြီဆို ဘယ်သူငယ်ချင်းကတော့ MRCP,FRCS ဖြစ်သွားပြီ၊ငါတော့ ဘာကောင်မှ မဟုတ်သေးဘူး ဆိုတာမျိုးတွေတွေးပြီး စိတ်ဓာတ်ကျချင်လာပါတယ်၊
အသက်တန်းတစ်ခု တုံးကတော့ အဲဒီလိုအချိန်ဆိုရင် တက်လို့ရတဲ့ တရုတ်စာ အင်္ဂလိပ်စာ speaking တွေ ရှာတက်တယ်။ပြီးတော့ မအားတော့ရင်ပြန်မေ့သွားရော။ဒါပေမယ့် လူမအားတော့ စိတ်ဓာတ်ကျဘို့ သတိမရတော့ဘူးလေ။
အခုနောက်ပိုင်း ဘာသာရေးစာတွေသင် တရားစာအုပ်တွေဖတ် ဘာဝနာအလုပ်တွေ စလုပ်ဖြစ်လာတော့ ကိုယ့်ဘဝကိုယ် မကျေမနပ်မဖြစ်တော့ပါ၊
အဓိက ကတော့ စိတ်ကိုအအားမထားတော့တာကြောင့်လို့ထင်ပါတယ်။
ကိုယ့်ထက်အောင်မြင်တဲ့ သူတွေ့ရင် မုဒိတာပွားနိုင်လာတယ်။
ကိုယ့်လောက်မှ မအောင်မြင်တဲ့သူဆိုရင်လည်း လက်တွဲခေါ်ချင်လာတယ်။
စီးပွားရေးအရတိုင်းတာရင်တော့ ထိပ်တန်းရောက်တဲ့ထဲမပါနိုင်ဘူးပေါ့။
အဲဒီလိုမရောက်လို့လည်း စိတ်မဆင်းရဲတော့ပါဘူး။
ဒါ ကျွန်မရဲ့ကုထုံးပါ၊ ဖြစ်ရပ်မှန်ကနေ ရှောင်ပြေးတယ်လို့ များဝေဖန်ကြမလားတော့မသိဘူး။
နောက်ပြီး စီးပွားရှာတာနဲ့ ပတ်သက်လို့ တက်လမ်းဦးရှိန်ဝင်းက အလှူတစ်ခုမှာ ပြောတာလေး ကျွန်မတော့ကြိုက်လို့ မိတ်ဆွေတွေကို ပြန်ပြောပြလေ့ရှိပါတယ်။။
သူက လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် ဒီအလုပ်ကရတဲ့အမြတ်ထဲက ဘယ်နေရာလှူမယ်လို့ရည်စူးထားပါတယ်တဲ့၊
အဲဒီစိတ်နဲ့ အလုပ်လုပ်တော့ မပူလောင်ပါဘူးတဲ့၊
ငါသားသမီးအတွက်၊ငါ့အိမ်အတွက် စသည် ရှာရင် စိတ်မှာပူလောင်ပါတယ်တဲ့။
အကယ်၍ မမြတ်ခဲ့ရင်လည်း မလှူထိုက်သေးဘူးလို့ဖြေသိမ့်ရပါတယ်တဲ့။
သဘောတူသူများ သုံးဖို့လက်ဆောင်ပါ။
thit min
October 20, 2011 at 7:03 pm
ကျေးဇူးပါ
ကောင်းတဲ့ကော်မန့်လေးပါ ။
မpadonmar ရေ
ရေးသာရေးတာ သူများအတွက်လို့ဘဲပြောရမှာပါ။
ကျနော်ကတော့ ပြည့်စုံနေတာတော့မဟုတ်ပေမဲ့ ရပ်တည်နိုင်စွမ်းရှိတယ်လို့ယုံကြည်ထားပြီးသားလို့ဘဲပြောပရစေ။
တမျိုးဖြစ်နေတာတခုပေါ့လေ။အဲဒါလေးတော့ရှိတယ်။
ဒီမှာဂျပန်လေးတွေကိုသင်နေရတာ ထက် ကိုယ့်မြန်မာလေးတွေကိုသင်ပေးချင်တာ။
မြန်မာပြည်ပြန်တဲ့အခါ တရက်ပဲဖြစ်ဖြစ် ကိုယ်သိတာလေး စိတ်ဝင်စားသူများကိုပြောပြပေးချင်ပါတယ်။
weiwei
October 20, 2011 at 7:40 pm
မပဒုမ္မာရေးတာ သိပ်ကောင်းပါတယ် … ကျွန်မဆိုလဲအခုအချိန်မှာ midlife crisis နဲ့ ရင်ဆိုင်နေရပါတယ် … ဘာသာရေးအသိသာမရှိဘူးဆိုရင် စိတ်ကျရောဂါဖြစ်နေမှာ … ဆုံးဖြတ်ရခက်တာတွေ … အားမရတာတွေ ရှိခဲ့တယ် … ဒါပေမယ့် ဘဝတစ်ခုအတွက်တော့ အာမခံချက်ရှိတဲ့အနေအထားရှိနေပြီးသားပါ … တစ်ခါတစ်လေတော့လည်း နောင်တရနေတုန်းပဲ …
thit min
October 20, 2011 at 7:51 pm
ဒီပရက်ရှင်အဆင့်ထိမရောက်အောင်လုပ်တဲ့ အလွယ်ဆုံးနည်းတခုရှိတယ်မဝေဝေရေ။
မျှော်လင့်ချက်ကင်းကင်းနဲ့ သူများအတွက် အလုပ်လုပ်ပေးခြင်းပါ။
ဒီပရက်ရှင်ရဲ့ တရားခံက “ရချင်နေတာ” “မရတာကိုစိတ်ညစ်ရတာ” “လက်ရှိဘဝကိုမကျေနပ်တာ”အားလုံးအတ္တရဲ့ပုံရိပ်တွေလေ။
ပရ က အတ္တ ကိုစားတဲ့ ငရဲမီးပဲ။
တလလောက် လက်ရှိအလုပ်တွေရပ်ပြီး
သူများအတွက် “လိုချင်မှုကင်းစွာ” လုပ်တာဖြစ်ဖို့တော့လိုပါတယ်။
ပတ်ဝန်းကျင်အသစ်မှာ မိမိကိုယ်တိုင် သစ် သွားပါလိမ့်မယ်။
weiwei
October 20, 2011 at 8:04 pm
ကိုသစ်မင်းပေးတဲ့ အကြံအတွက် ကျေးဇူးတင်ပါတယ် …
ဒီပရက်ရှင်အဆင့်အထိတော့ မရောက်နိုင်ဘူးထင်ပါတယ် … အခုတလော စိတ်မကျေနပ်တာတွေများနေတုန်းမို့ ကွန်မန့်တွေမှာ စိတ်ဓါတ်ကျတဲ့အရိပ်အယောင်တွေ ပါသွားတယ် …
စကားမစပ် သဇင်ဆောင်မှာ ၉၃ ကနေ ၉၅ လောက်အထိ နေခဲ့ဖူးပါတယ် …
ကံဆိုးတဲ့ ကျွန်မတို့ batch က ၉၆-၉ရ မှာ နောက်ဆုံးနှစ်မို့လို့ တစ်နှစ်ခွဲ နားလိုက်ရသေးတယ် … မာစတာကိုလဲ YTU မှာပဲ တက်ခဲ့ရဖူးလို့ YTU နဲ့ တော်တော်အကျိုးပေးတယ်ဆိုရမယ် …
thit min
October 20, 2011 at 8:17 pm
Good!!! Ma WeiWei
“အား” ယူတဲ့ နည်းလမ်းတွေထဲက ဘာသာရေး လဲ အကောင်းဆုံးနည်းလမ်းပါဘဲ။
သူကတော့တယောက်ထဲလုပ်ရတာမျိုးပေါ့နော်။
အများနဲ့ သွား ပေါင်းလိုက်တဲ့ “ပရ” လုပ်ငန်းမျိုးကျတော့ ကလူတိုင်းမှာ အဲဒီလိုတွေရှိပါလားလို့ သိလာရပြီး၊
ငါမှ ကံဆိုးလေခြင်းဆိုတာမျိုးတွေးနေမိရင်ပေါ့နော် အဲဒီစိတ်တွေ ပျောက်သလောက်ဖြစ်နိုင်တဲ့ အကျိုးကိုပါရလို့ပါ။
၁၉၉၁ထိ မေခမှာရှိခဲ့ပါတယ်။
blackchaw
October 22, 2011 at 2:48 pm
ကိုသစ်မင်း။
ကွန်းမန့်ကို အခုမှ ဖတ်ရတယ်ဗျို့။
ကျွန်တော်လည်း ပထမနှစ်တုန်းက
ခြေထောက်ခွဲစိတ်ထားတဲ့ အချိန်ဆိုတော့
အဆောင်မှူး ဦးမောင်မောင်စိုး ကိုခွင့်တောင်းပြီး
တစ်နှစ်လောက်နေခဲ့ဘူးတယ်ဗျ။
မေခ မှာ ကိုသစ်မင်းလည်း ရှိနေမယ်ထင်တယ်နော်။
thit min
October 22, 2011 at 3:33 pm
ဟုတ်ပါတယ် Ko Blackchaw
ဆရာစိုးလက်ထက်ဟုတ်ပါတယ်။မေခမှာသရဲချောက်တဲ့အကြောင်းနောက်ရေးကြတာပေါ့ဗျာ။
ဒဂုံဆောင်ကသရဲရယ် ရွှေဘိုသရဲရယ် သရဲ ကော်လက်ရှင်း လိုက်ရင်တော့ သရဲပို့စ် တခုဖြစ်သွားနိုင်ပါရဲ့။
ဦးဦးပါလေရာ
April 15, 2015 at 12:57 pm
.ဒီလောက်ကောင်းတဲ့ပိုစ့်လေးကျော်သွားတာ
.ကိုယ်နဲ့ အရမ်းတိုက်ဆိုင်(ခဲ့)လို့ဖြစ်မယ်…
.အခုတော့ midlife ကို ကျော်သွားတာကြာပေါ့….
.crisis တွေကိုသာ မကျော်နိုင်သေးတာ…
..
မြစပဲရိုး
April 15, 2015 at 1:11 pm
ကျွန်မ လဲ အခုမှ ဖတ်ရတယ်။
ညနေကျရင် ဝင်ပြီး ဆွေးနွေးပါဦးမယ်။
:))
ခင်ဇော်
April 15, 2015 at 2:12 pm
သများ တို့ အရွယ် ပေါ့။
ခိ။ :mrgreenn:
စိတ်ဂယောက်ဂယက်နဲ့ ဖိစီးတာတွေ များလွန်းလို့ စာတွေဖတ်ရင်းနဲ့ ဒီ အကြောင်းတွေ ဖတ်မိတာ။
အာ့ကြောင့် ဟိုးတလောက ပို့(စ) ရေးမို့ ကြံတော့ ကိုဖက်ရော ကိုမတ်ရောက ကိုသစ်မင်းရေးဖူးတယ်လို့ ပြောလို့ ဆေးရုံမှာ တွေ့တဲ့ စာအုပ်လေးထဲက ဆောင်းပါးလေးပဲ ဘာသာရမ်းပြန်လိုက်တယ်။
ငင့်ငင့်!!!
:k:
7 Habbits for Mental Wealth- ဆီလျော်အောင် ရေးချင်သလိုရေးသည်။- ခင်ဇော်
http://myanmargazette.net/178249
မြစပဲရိုး
April 15, 2015 at 10:11 pm
သီချင်းထဲ “ဒုက္ခ ကို မျက်ခြေပြတ်အောင် တစ်လှမ်းချင်းလှမ်း လို့ ” ဆိုတာလဲ ပါသေးတယ် လေ ကိုသစ် ရဲ့။
ဒါထက် ကျွန်မ တို့ ပြောနေတာ တွေ ကို ကြားမှာလား။
မကြား လဲ ပြောပြီကွယ်။ 😉
Midlife ဆိုတာ ကို ၄ဝ ကနေ ၆ဝ ထိ ပြောသလားလို့။
ကိုယ့်ဟာ ကို အင်မတန် ကျေနပ်တဲ့ အကြောင်း ကို ပြောပါ ဆိုရင် ကျွန်မ က ကိုယ့် ကိုယ် ကို သူများ တွေ နဲ့ မယှဉ်တတ်တာဘဲ။
အောင်မြင်သင့်သလောက် မအောင်မြင် တာ ဒီ အကြောင်းပါမလားဘဲ။
ဒါပေမဲ့ ပြောနိုင်တာ တစ်ခု က အင်မတန်စိတ်ချမ်းသာပါတယ်။
ဒါကြောင့် စိတ်ထဲ မယ် crisis ဆိုတာ အကြီးကြီး မဖြစ်နေဘူးထင်ရဲ့။
အခု အိမ်ပြန်ချိန် ကိုယ့် အသိုင်းအဝိုင်း ထဲ မှာ အတော်ကို အောင်မြင်နေသူတွေ တွေ့ရတယ်။
တစ်ချို့ က လုပ်ငန်းအောင်မြင်ပြီး ငွေကြေးချမ်းသာကြတယ်။
တစ်ချို့ က ရာထူး ဂုဏ်အတော်မြင့်နေကြတယ်။
အဲဒီအချိန် ကျွန်မ က ဘဝ ကို သုည က ပြန် စ နေရ တယ်။
အဲဒီအတွက် ကျွန်မ မရှက်ပါဘူး၊ အားလဲမငယ်ပါဘူး။
ဘာဘဲဖြစ်ဖြစ် ကိုယ်ရွေး လိုက် တဲ့လမ်း ကို ကိုယ့်နည်း နဲ့ ကို လှ အောင် သာယာအောင် ကြိုးစားနေသမျှ ဘဝ ဟာ နေပျော်ပါတယ် မဟုတ်လား။
ကိုသစ် ရဲ့ စကားအသုံးလေး
” သူ့ခြံမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့”
သိပ်မှန်ပါတယ်၊ သူများလို ” ဖြူပြာ” မဖြစ်လဲ ကိုယ့် အား ကိုယ့်ခွန် နဲ့ စိုက်ပြီး ပွင့်လာတဲ့ “နီဝါ” လေး ကို ပိုပြီး တင့်တယ် အောင် လုပ်ဖို့ ဘဲ လိုပါတယ်။
တစ်ဖက်က သူများ “ဖြူပြာ” ကိုလဲ မုဒိတာပွါးရင်း ကိုယ့် “နီဝါ” လေး ကိုလဲ ပီတိ ဖြစ်တတ် ရင် Midlife crisis ဆိုတာ သိပ် ဒုက္ခ မပေးလောက်ပါဘူး။
တစ်ခုတော့ ရှိတယ်။ ကိုသစ် သတိပေးသလိုဘဲ။
ထိုင်နေလို့ တော့ ဘာမှ ဖြစ်မလာပါဘူး။
ကုထုံးနည်းလမ်းငါးသွယ် ထဲ က ပထမဆုံး ကို လက်မလွှတ်ကြရင် ကျန်တာ တွေ ကို ဆက်ဖမ်းဖို့ သိပ်ပြီး ခက်မယ်တော့ မထင်ပါဘူး။
. မြန်မာပြည်ထဲ လောလောဆယ် Ethics ရှိသော၊ Ethics ကို လိုက်နာသော ကျွမ်းကျင်ပညာရှင်များ လို နေခြင်းပါဘဲ။
အဲဒီ Ethics ရှိတဲ့ ကျွမ်းကျင်သူများ ကို နိုင်ငံခြား က ဈေးကြီးပေး ငှားနေကြရတယ်။
အဲဒီ Ethics ရှိတဲ့ ကျွမ်းကျင်သူများ ရဲ့ Service အတွက် နိုင်ငံခြားမှာ သွားပြီး ဆေးကု နေကြရတယ်။
. အဲဒီလို ဖြစ်နေတာ ကို ဂရုမပြု ဘဲ ငွေ နောက်ကိုဘဲ ကောက်ကောက်ပါအောင် လိုက်နေကြရင် တစ်နေ့ ကျ နိုင်ငံခြားသား ကျွမ်းကျင်သူ တွေ ဘဲ မြန်မာပြည် ထဲ လွှမ်းသွားလိမ့်မလားဘဲ။
ပြောရင်း ချော်ကုန် ပြီလားမသိ။
ရပ်ပြီ ကိုသစ်ရေ။
တကယ်တော့ ကျွန်မ မှာ ကိုသစ် ကို ပြဖို့ မြန်မာပြည် က သတင်းစာထဲ က ဆောင်းပါးလေး တစ်ပုဒ် ပါ တယ်။
နောက်ကြုံ အောင်လုပ်ပြီး ပြောပါ့မယ်။
အဲဒီအချိန် ရွာထဲ ခဏလေး ပြန်ဝင်ခဲ့ပါဦး။
uncle gyi
April 16, 2015 at 11:56 pm
လူရယ်လို့ဖြစ်လာပြီးအရွယ်ရောက်လာကြရင်ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာတော့လူတိုင်းရှိကြမယ်
ထင်ပါတယ်ကိုသစ်
ဖြစ်သူလည်းရှိမဖြစ်သူလည်းရှိ
ဘာဖြစ်ဖြစ်တရားအလုပ်ကလေးလက်ကိုင်ထားရင်
စဉ်ချင်နိုင်ပြီးခံသာတာတော့အမှန်ဗျာ
သူကြီးကတော့တမျိုးပြောမှာ
လုံမလေးမွန်မွန်
April 18, 2015 at 1:24 am
အနော် (၂၅) နှစ် (ကြော်ငြာဝင်ပြန်ပြီ)…
လောလောဆယ် စိတ်ဓာတ်က ကျချင်ချင်ဖြစ်နေတယ်.. ပြဿနာက ကိုယ့်အထက်ကို မော့ကြည့်မိနေတာ… လမ်းဖြောင့်ဖြောင့် သွားနေတဲ့သူတွေကို လမ်းရှင်းနေရင်း အားကျနေတာ… ဘာသာရေးလည်း ဝေးနေတော့ အကုသိုလ်များ ဖြစ်နေပြီလား မသိဘူး.. 🙁