ဇော(၇)ချက်ဆိုတာ

who whoOctober 20, 20111min4129

ဒီနေ့တော့ ကံတွေရဲ့အကျိုးပေးပုံလေး ကိုယ်နားလည်ထားတာလေး ဖောက်သည်ချချင်ပါတယ်။ ကုသိုလ်ကံပဲ ဖြစ်ဖြစ်၊ အကုသိုလ် ကံပဲဖြစ်ဖြစ် တစ်ခုခု ပြုလုပ်မိတိုင်း သူ့ရဲ့သတ္တိလေးတွေ (၇)ချက် ဖြစ်ပေါ်တယ်တဲ့။

ဥပမာ-ကျနော်တို့ လှိုဏ်ဂူထဲဝင်ပြီး “ဟေး” လို့ အော်လိုက်တယ် ထား။ ဟေး…ဟေး…ဟေး…ဟေး…ဟေး… ဟေး…ဟေး… ဆိုပြီး Harmony အနေနဲ့ ကိုယ့်အသံရဲ့ နောက်ကနေ ဆက်တိုက်ပဲ့တင် လိုဏ်သံပေါ်သလိုပဲ။ ကုသိုလ်၊ အကုသိုလ်မှာလည်း ဘာပဲလုပ်လုပ် သူ့ရဲ့သတ္တိက ကိုယ်ပွား(၇)ခုအနေနဲ့ ဖြစ်သွားပါတယ်။ အဲဒါကိုပဲ ဇော(၇) ကြိမ်ဖြစ်တယ်လို့ ခေါ်ကြတယ်။

ကဲ..အဲဒီ ဇော(၇)ကြိမ်ကနေ အကျိုးတွေပြန်ပေးတော့ ဘယ်လို ပေးသလဲဆိုရင် “ပထမဇော” က ဒီ လက်ရှိ ပစ္စုပ္ပန်ဘဝမှာ အကျိုးပြန်ပေးပါတယ်။ အကယ်လို့ ဒီဘဝမှာ အကျိုးပေးခွင့်မရခဲ့ရင်လည်း အဟောသိကံဖြစ်သွားပါတယ်။

“သတ္တမဇော” လို့ခေါ်တဲ့ နောက်ဆုံး “ဇော” အချက်ကလေးက နောက် ဒုတိယဘဝမှာသွားပြီး အကျိုး ပေးတယ်။ အလယ်ဇော (၅)ချက်ဖြစ်တဲ့ (ဒုတိယ မှ ဆဋ္ဌမ) ဇောထိကတော့ နောက် တတိယဘဝက စလို့ နိဗ္ဗာန်မရမချင်း အကျိုးပေး လေရဲ့။

အဲဒီတော့ တို့တွေဟာ အခု ရောက်နေတဲ့ လက်ရှိဘဝမှာ ဟိုးအတိတ်တွေက လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ဇော တွေက ကိုယ့်နောက်မှာ အလှည့်ကျနဲ့ အကျိုးတွေ ပေးနေကြတယ်လို့ သိထားရပါမယ်။ ကုသိုလ်က အကျိုးပေးခွင့်ကြုံရင် ကောင်းကျိုးခံလိုက်ရပြန်၊ အကုသိုလ်က အကျိုးပေးခွင့် ကြုံရင် ဆိုးကျိုးတွေ ခံရပြန်ရော။

ဒီတော့ ကိုယ်လုပ်ခဲ့တာတွေက အကုသိုလ်တွေ များနေရင်အဲဒီဇောတွေကဆက်တိုက် လိုက်ပြီး ဒုက္ခပေးနေမှာမို့ အဲဒီ အကုသိုလ်အရိပ်တွေကို ဘာနဲ့ ချေဖျက်မလဲလို့ မေးရင် ကုသိုလ်နဲ့ပဲ ချေဖျက်ရမှာပေါ့။

ကုသိုလ်ဆိုတဲ့ နေရာမှာ ဝိပဿနာ ကုသိုလ်နဲ့ ချေရမယ်လို့ ဆိုလိုပါတယ်နော်။ ဝိပဿနာကုသိုလ် အခုပွားရင် ဒီကုသိုလ်ကြောင့်ဖြစ်မယ့် ဇော(၇)ကြိမ်ထဲက ပထမဇောက လက်ငင်း အကျိုးပေးမှာမို့ ဟိုးနောက်က လိုက်လာတဲ့ အကုသိုလ်ဇောတွေကို သူက တစ်ချက်စီ ချေဖျက်ပြီး ကုသိုလ်ကျိုး (လက်ငင်း) အနေနဲ့ ပြောင်းပေးမှာနော်။

အဲလိုမှ မဟုတ်ရင်တော့ တို့တွေဟာလေ တစ်ရက်လေးတောင်မှ ငြိမ်းချမ်းစွာနေရတယ်လို့ မရှိပါဘူး။ အို..တစ်နေ့တစ်နေ့ မထပ်အောင် များလှတဲ့ဒုက္ခတွေထဲမှာ လည်လို့ အမြဲ ကြောက်လန့်ပြီး နေရတယ်။

အခုဆို ဘေးအမျိုးမျိုးတွေ ကြုံနေရတယ်။ အို..လေဘေး၊ ရေဘေး၊ မီးဘေး၊ ….စုံလို့ပေါ့။ ဒီကြားထဲက ကြက်ငှက်တုပ်ကွေးတဲ့။ ကြက်သား မစားရပြန်ဘူး။ ကြောက်လို့လေ ရှောင်နေရပြန်ပြီ၊ အခုဆို ဝက်နားရွက်ပြာတဲ့ဆို တော့ ဝက်ရှောင်ရပြန်ပြီ။ ဒါတွေဟာ ဘေးတွေ အမျိုးမျိုး ဝိုင်းထားတာ။

ဟာ..ဘယ်နိုင်ငံက နျူကလိယလက်နက်တွေ စမ်းသပ်ရင် ဘယ်သူတွေနဲ့ တိုက်ကြတော့မှာပဲ။ စိုးရိမ်၊ ထိတ်လန့်၊ ကြောက်ရွံ့ စွာနဲ့ နေ့စဉ် ရှင်သန်နေရတာလေ။ ဒါတောင် ဘယ်လောက်ကြောက်ကြောက် ဘေးထဲ ပါသွားကြတဲ့လူတွေက တပုံကြီးပဲ။ ဘာလို့များ ဒီလောက်ထိ ဖြစ်နေရပါ့မလဲ ဆိုတော့ နောက်ကနေ အကုသိုလ်ဇော တွေက အကျိုးပေးဖို့ လိုက်လို့ ပြေးနေရပါ လားလို့သာ မှတ်လိုက်တော့။

ဒီလိုသာ ပြေးနေလည်း လွတ်မှာ မဟုတ်ပါဘူး။ လွတ်ရာ လွတ်ကြောင်း ရှာမှပဲဆိုတော့ သူ့ကိုနိုင်နဲ့ လူနဲ့ ကိုင်မှ ဖြစ်တော့မယ်လေ။ အဲဒါက ဝိပဿနာ ကုသိုလ်ပဲပေါ့။ “ဖြစ်ပျက်” လေး တစ်ချက်မြင်အောင် ရှု့နိုင်ရင် ဇော(၇)ကြိမ် ဖြစ်မှာမို့ သူက နောက်က လိုက်လာတဲ့ အကုသိုလ်ကံတွေကို ဖျက်ပစ်ပြီး ကုသိုလ် အကျိုးပေးလေး ပြောင်းပေးမှာမို့ များများလုပ်နိုင်ရင် များများ ပြောင်းပြီး ကောင်းကျိုးခံရမယ်။ နည်းနည်းလုပ်နိုင်ရင် နည်းနည်းပဲ သက်သာ လိမ့်မယ်ဆိုတာသာ မှတ်ထားပေတော့။

ဒါကြောင့် “ဖြစ်ပျက်” ခဏခဏ မြင်အောင်အားထုတ်ကြဖို့ လိုလာပါပြီနော်။ တို့ ဇာတ်တော်ထဲက အင်္ဂုလိမာလ ကိုပဲကြည့်လေ။ လုပ်လိုက်တဲ့ အကုသိုလ်တွေ၊ လူဆိုး၊လူမိုက်အနေနဲ့ ကျင်လည်ပြီး လူတကာ သတ်နေတဲ့ လူတစ်ယောက် ရဲ့ အကုသိုလ် ဘယ်လောက်ကြီးလဲ ခန့်မှန်းကြည့်ပေါ့။

ဒါပေမယ့် သူ့ရဲ့ အကုသိုလ်ကို ဝိပဿနာဉာဏ်နဲ့ ချေဖျက် နိုင်တဲ့အတွက် ရဟန္တာဘဝကို ပိုင်ဆိုင်နိုင်ခဲ့ တာပေါ့။ အခု စီးပွားပျက်ကပ်ဆိုက်လို့ပဲ လူတွေများစွာ အလုပ်လက်မဲ့တွေဖြစ်၊ ငတ်၊ပြတ်နေကြတာ။ဒီထဲက အကုသိုလ် အလုပ်တွေခိုး၊ ဆိုး၊ တိုက်ခိုက် နေကြ တော့ နောက်က လိုက်လာတဲ့ အကုသိုလ်ကံကို အခုလုပ်လိုက်တဲ့ အကုသိုလ်ကံက Welcome လုပ်လိုက်တဲ့အတွက် အစုလိုက် အပြုံလိုက် သေရပြန်ပြီ။ တစ်မြို့လုံး ကျွံကျ သွားတာဆိုတော့ အပြုံလိုက်တွေ မြေမြိုတာပေါ့။

ရာသီဥတုတွေကစ ဖောက်ပြန်လို့ လူတွေရဲ့ အကုသိုလ်စွမ်းအား ဘယ်လောက်ကြီးသလဲ ခန့်မှန်းသာ ကြည့် လိုက်တော့။ မိုးလိုအပ်ချိန်မှာ မိုးတွေခေါင်လို့၊ မိုးမလိုတော့ ရေတွေ လွှမ်းလို့၊ မုန်တိုင်းတွေ ကလည်း နာမည်အမျိုးမျိုးတွေ တပ်ပြီး ဝင်ချင် တိုင်း ဝင်နေကြတာ။ ဒါ ဘာကြောင့်လဲ?။ အကုသိုလ် အလုံးအရင်း ကြီးလာလို့လေ။

သူ့ကိုတားမယ့်၊ ဖျက်ပစ်နိုင်မယ့် ဝိပဿနာ ကုသိုလ်ကျတော့ မလုပ်ကြတော့ အကုသိုလ်က ကြောက်စရာမရှိ ဝင်ချင်တိုင်းဝင်နေတာပေါ့၊ အခုဆိုရင် ကိုယ့်တစ်ဝမ်းတစ်ခါးတောင်ဝအောင် မနည်းရှာစားနေရတာသာ ကြည့်တော့၊ ဪ..တော်တော် ဆိုးဝါးတဲ့ အကုသိုလ်ထုကြီးပါလားလို့ သိထားပြီး သံဝေဂဉာဏ်လေး ရစေချင်တယ်။

အဲဒီလို ဒုက္ခတွေရောက်တော့ လူတွေက ဘာလုပ်ကြလဲ။ ဆုတွေ တောင်းကြတယ်လေ။

“မသူတော် ဘေးမှ လွတ်ရပါလို၏။” “ကပ်ကြီးတွေမှ ကျော်နိုင်လွှားနိုင်ရပါလို၏။” ဘာညာဘာညာနဲ့ ရွတ်သာ နေတာ သူတို့ ရင်ထဲမှာ ကိန်းနေတာကိုက မသူတော်တရားတွေ၊ အမြင်မှားတွေ ကိန်းနေတာနော်။

မသူတော် တရားတွေ ဆိုတာဘာလဲဆိုတော့ ဒီလူ့ကို တော့ ချစ်တယ်၊ ဟိုလူ့ကိုတော့မုန်း တယ်… ဘာမဆို မြင်မြင်သမျှ အပေါ်မှာ ပုံမှန်စိတ်ထားရမှာကို မတရားတဲ့စိတ်တွေနဲ့ တွေး၊ ပြော၊ ပြုမူနေကြတာ။

နောက် အမြင်မှားဆိုတာက မမြဲတဲ့ အနိစ္စကို နိစ္စလို့ထင်၊ ဆင်းရဲတဲ့ ဒုက္ခကို သုခလို့ထင်၊ အစိုးမရတဲ့ အနတ္တကို အတ္တလို့ထင်ပြီး ကိုယ့်ကိုကိုယ် မနှစ်မြို့ဖွယ်ဖြစ်တဲ့ အသုဘခန္ဓာကြီးကို သုဘလို့ ထင်နေတာကို ပြောတာ။ မကောင်း တာကို အကောင်းတွေလို့ ထင်နေတာဟာ အမြင်မှားပဲလေ။

ဒီအမြင်မှားနဲ့ ဒီမသူတော်တရားတွေက ပုထုဇဉ်လူသားတွေရဲ့ ရင်ထဲမှာ ကိန်းအောင်းပြီး အိမ်ရှင်သဖွယ် ဖြစ်နေတော့ သူ့ဆီ လာလည်မှာကလည်း သူနဲ့တူရာပဲ လာမှာပေါ့။ သံလိုက်လိုပါပဲ။ ကိုယ့်ရင်ထဲက မကောင်းတဲ့ စိတ်ခံ သံလိုက်တုံးကြီးက အမာခံရှိနေတာ မမြင်ပဲနဲ့ လာကပ်နေတဲ့ ဓားတွေ၊ လှံတွေ၊ သေနတ်တွေကို ကြောက်ပြီး ပြေးနေ မယ်ဆိုရင် ရပါ့မလား။

ပြီးတော့ ဒီသံလိုက်ရဲ့ ဆွဲအားကြောင့်လာကြမယ့် မကောင်းတဲ့ ကပ်ဘေးတွေ၊ အငတ်ဘေးတွေ၊ ဒုက္ခဘေး တွေကို ဆုတွေတောင်းပြီး မောင်းထုတ်နေလို့ကတော့ မောရုံပဲရှိမယ်။

ကိုယ့်ကိုယ်တွင်းက မကောင်းတဲ့ဓာတ်ခံကို ဆွဲထုတ်နိုင်မှ သူ့ဆီလာကြမယ့် မကောင်းတာတွေကို မောင်းထုတ်ပြီးသား ဖြစ်မှာပေါ့။ အခုတော့ လွဲနေကြတာ။

“တွေ့လိုက်ရရင် လူတွေက ဒီလိုချည်းပဲ၊ တစ်ယောက်မှ ကောင်းတာကို မရှိဘူး” လို့ ပြောကြတယ်မလား။ အဲဒါ ဘာလို့လဲ ? ။

ကိုယ့်ရဲ့ ရင်ထဲက အခံကမှ မကောင်းတာ၊ ကောင်းတာ လိုချင်လို့ ဘယ်ဖြစ်မလဲနော်။

အဲဒီတော့ ဘာကို အရင်လုပ်ရမယ် ဆိုတာ အဖြေထွက်နေပါပြီ။

အပြင်ကဘေးနဲ့ ဝေးချင်ရင် ဝမ်းထဲက မကောင်းတဲ့ သံလိုက်တုံးကြီးသာ အရင်ဖယ်ပေတော့။

အညှီရှိလို့သာ ယင်အုံကြ တာပါ။

လူတွေက အကြောက်လွဲ နေကြတယ်။ ဝမ်းထဲက လက်ခံထားတဲ့ ကြောက်စရာ ကောင်းတဲ့ သံလိုက်တုံးကြီးကို မကြောက်ပဲ အပြင်က လာကပ်တာတွေကို ကြောက်နေကြတယ်။
ဒါဆို အတွင်းရန်နှင့် အပြင်ရန်ကို တော်တော်လေးတော့ သိလောက်ရောပေါ့။

အတွင်းရန်ကို အရင်ဆုံး ကြောက်ပြီး အမြန်ဆုံးဖယ် ထုတ်လိုက်ပါတော့။ ဒါမှ လာကပ်စရာလည်း မရှိတော့ မှာမိုု့့ အပြင်ရန်တွေလည်း ငြိမ်းအေး ပါလိမ့်မယ်။

ဒီတော့ကာ တို့တွေ ဝိပဿနာတရား အားထုတ်လိုက်တာနဲ့ အတွင်းရန်တွေ ပြေးသွားပါလိမ့်မယ်။ ဒီ အတွင်းရန် နေရာမှာ အဖော်ကောင်းလေးဖြစ်တဲ့ မဂ္ဂင်တရား အသိလေးတွေ အစားထိုးလာလို့ အအေးသံလိုက်ဓာတ်ကြီးဖြစ်အောင် ပြောင်းကြရမယ်ဆိုတာ ပေါ်လာပါပြီနော်။

ဒါဆို လာကပ်မှာတွေကလည်း အေးချမ်းစေမှာမို့ အတွင်းကောင်းမှ အပြင်ကောင်းလိမ့်မယ်ဆိုတာ နားလည်နိုင် ကြပါစေလို့ ဆုတောင်းရင်းနဲ့ ဒီနေ့တော့ ဒီလောက်ပဲနော်။

အားလုံးပဲ ဓမ္မဓာတ်တွေကိန်းလို့ အမြန်အေးချမ်းနိုင်ပါစေ။
မနောကံကို မနောနဲ့သာ တိုက်ထုတ်နိုင်ပါတယ်။ ဝစီနဲ့ ဆုတောင်းလို့ မရဘူးဆိုတာလေး ဝေမျှရင်းနဲ့ တတ်အား သရွေ့အတွင်းရန်တွေကို တိုက်ထုတ်ကြပါစို့လား။

9 comments

  • ပေါက်ဖော်

    October 20, 2011 at 9:02 pm

    ကိုပြာတို ့တော့ မပြောတတ်..
    ဗုဒ္ဒဘာသာတစ်ယောက်အနေနဲ ့တော့ အကြွင်းမရှိ ယုံတယ်ဗျာ
    😆

  • windtalker

    October 20, 2011 at 9:35 pm

    ဝူဝှူးရေ
    ဟူး..အတွင်းရန်တွေကို ရှင်းနိုင်အောင်
    အများကြီး ကြိုးစားအားထုတ်ရပါဦးမည်

    • whowho

      October 20, 2011 at 9:56 pm

      ကို်ယ့်ရင်ထဲက မကောင်းတဲ့ ဓါတ်ခံသံလိုက်တုံးကြီးကို အမြန်ဆုံးဖယ်ရှားနိုင်မှ ဘေးတွေကင်းနိုင်မယ်ဆိုတာလေး သိလာရလို့ ဘေးကင်းစေဖို့ ကြိုးစားကြပါစို့လား…

  • koyinmaung

    October 20, 2011 at 11:06 pm

    အင်…မြန်မာပြည်မှာမနေနိုင်လောက်အောင်ကို
    အကျိုးပေးနေတာ ခုမှသိတော့တယ်
    ခုလိုသတိပေးတာ
    ကျေးဇူးဘဲဝူးဝူးရေ….

  • TTNU

    October 20, 2011 at 11:37 pm

    ပထမဇော က ဒီ လက်ရှိ ပစ္စုပ္ပန်ဘဝမှာ အကျိုးပြန်ပေးပါတယ်။ အကယ်လို့ ဒီဘဝမှာ အကျိုးပေးခွင့်မရခဲ့ရင်လည်း အဟောသိကံဖြစ်သွားပါတယ်။
    အဟောသိကံ မဖြစ်အောင် whowho ရဲ ့ တရားတွေ နာကြားနေရတာပေါ့။ တီချာဆီ ပို့ပေးဦးနော်။
    ကြီးသော အထောက်အပံဖြစ်ပါစေ။

  • ကြောင်ကြီး

    October 21, 2011 at 10:11 am

    “ပထမဇော” က ဒီ လက်ရှိ ပစ္စုပ္ပန်ဘဝမှာ အကျိုးပြန်ပေးပါတယ်။ အကယ်လို့ ဒီဘဝမှာ အကျိုးပေးခွင့်မရခဲ့ရင်လည်း အဟောသိကံဖြစ်သွားပါတယ်။
    ဟူးဟူးရေ နဲနဲလောက် မရှင်းလို့ မေးခွင့်ပေးပါ။ ပထမဇောက ပစ္စုပ္ပန်ဘဝမှ အကျိုးပေးခွင့်မကြုံခဲ့ရင် အဟောသိကံ ဖြစ်သွားတာနဲ့ ပတ်သက်ပါတယ်။ ဝိပဿနာကုသိုလ်သည် ဒီဘဝအကျိုးပေးခွင့် မကြုံလည်း နောင်ဘဝကို အထုံပါတယ်လို့ အားကိုးရတဲ့ ဆရာတော်များ ဆုံးမစကားကို မှတ်သားဖူးပါတယ်။ ဟူးဟူးပြောချင်တာနဲ့ နဲနဲများ လွဲနေသလားလို့ ဒါမှမဟုတ် ထင်ရှားအောင် တမင်ပြောသလားလို့ပါ။
    ဝိပဿနာကုသိုလ်နဲ့ လက်ငင်းအကုသိုလ်တွေကို ချေဖျက်နိုင်တယ်ဆိုတာ လက်ခံပါတယ်။ ဝိပဿနာကုသိုလ်ထက် ဝိပဿနာညဏ်အမြင်နဲ့ ခုခံကွာကွယ်နေတယ်ဆိုရင် ပိုမှန်မလားမသိဘူး။ သမထအားကောင်းရင်လည်း ပစ္စုပ္ပန်အကျိုး အလားတူဖြစ်မယ်ထင်ပြီး သံသရာအကျိုးစီးပွားခြင်းတော့ ကွာပါမယ်။ ဥပမာ နာတာရှည်ရောဂါနဲ့ မနာမကျန်းဖြစ်နေသူတယောက် စိတ်ပင်ပန်းနွမ်းနယ် ဝမ်းနည်းနေမဲ့အစား စိတ်ပြောင်းခံယူခြင်း လိုမြင်ပါတယ်။ ညဏ်ဖြစ်နေရင်၊ စိတ်ကလေးငြိမ်သက်နေရင် ဆင်းရဲခြင်းဝေဒနာကနေ လွတ်မြောက် သို့မဟုတ် သက်သာကြပါလိမ့်မယ်။ ဒါကိုပဲ တမျိုးပြောတော့ အကုသိုလ်ကို ခုခံကာကွယ်ခြင်းလို့ ပြောနိုင်ပါလိမ့်မယ်။ အကုသိုလ်ကံ ကုန်တော့လည်း ကိုယ်ခံစွမ်းအား ပြည့်ဝနေပြီမို့ ရှေ့ဆက်ကောင်းဖို့သာ ဖြစ်နိုင်ပါပြီ။ ကြောင်းကျိုးတိုက်ဆိုင်လို့ ပစ္စုပ္ပန် အကုသိုလ်အကျိုးဆက်ကို ကျင့်ကြံနေတဲ့ ဝိပဿနာကုသိုလ် အကြောင်းက လွှမ်းမိုးနိုင်တော့လည်း အတိုင်းထက်အလွန် တံခွန်ထက်ကုက္ကာပေါ့နော်…။

    • whowho

      October 29, 2011 at 4:01 pm

      ကျနော် ကိုကြောင်ကြီးရဲ့ ဆွေးနွေးချက်ကို reply လုပ်ခဲ့ပြီးဖြစ်ပေမယ့် စာကဝင်မသွားတာ ကွန်ကြောင့်ဖြစ်မယ်ထင်တယ်။ ဒါကြောင့် ဒုတိယအကြိမ်ထပ်ပြီး ပြန်လိုက်ပါတယ်။
      ကျနော့်အနေနဲ့ အဘိဓမ္မာသင်တန်းတွေဘာတွေလည်း တက်ထားဖူးခြင်း မရှိတာကြောင့် ကျနော် နားလည်ထားသလိုပဲ ဆွေးနွေးပါရစေ။
      “ပထမဇော” က ဒီ လက်ရှိ ပစ္စုပ္ပန်ဘဝမှာ အကျိုးပြန်ပေးပါတယ်။ အကယ်လို့ ဒီဘဝမှာ အကျိုးပေးခွင့်မရခဲ့ရင်လည်း အဟောသိကံဖြစ်သွားပါတယ်။ ဆိုတဲ့အချက်။
      ဘာကြောင့်လဲဆိုရင် ဒီပထမဇောသည် အလွန်အားသေးလို့ပါပဲ။ ဘယ်လိုကြောင့် အားသေးသလဲ ဆိုရင် ရှေ့က ထောက်ပံ့ကူညီမယ့် သတိ္တမရှိလို့ပါပဲ။ အလယ်ဇောငါးချက်ကတော့ ရှေ့က ဇောသတိ္တတွေရဲ့ ထောက်ပံ့မှုကြောင့် ပထမဇောကနေ စတုတ္ထဇောထိတိုင်အောင် အစွမ်းကုန် အားကောင်းပြီး နောက်ပိုင်းဇောတွေမှာ တဖြည်းဖြည်းနဲ့ လျောကျပြီးသတ္တမဇောမှာ အဆုံးသတ်လျောကျရပါတယ်။ ဒါကြောင့် သတ္တမဇောသည်လည်း အားသေးသော ဇောတစ်ခုပါပဲ။ ဒါပေမယ့် သူက အားသေးသော်လည်း သတ္တမဇောကျပြီးမှသာ ဆိုင်ရာအမှုကို ပြီးစေနိုင်တာမို့ တနည်းပြောရင် ကံအထမြောက်မှုမှာ အချုပ်အခြာဇောတစ်ခုဖြစ်တာကြောင့် သူရဲ့အကျိုးပေးသည် ဒုတိယဘဝ ပဋိသန္ဓေကျိုးကို ပေးစွမ်းပါတယ်။ အကျိုးပေးပြီးရင်တော့ သူ့သတိ္တကုန်သွားပါပြီ။ အလယ်ဇောငါးချက်ကတော့ အားကောင်းသတိ္တရှိတာကြောင့် တတိယဘဝမှသည် နိဗ္ဗာန်ရသည့်တိုင်အောင် အကျိုးမပေးမချင်း မပျက်စီးနိုင်ပါဘူး။ အကျိုးပေးပြီးရင်တော့ ပျက်စီးပျောက်ကွယ်သွားရပါတယ်။အဲဒီဇော(၇)ကြိမ်ထဲမှာမှ ပထမဇောသည် အားအသေးဆုံးမို့ ဒီဘဝမှာ အကျိုးပေးချင်ပေး၊ ပေးခွင့်မရသော် အဟောသိကံဖြစ်ရပါ၏။
      ဝိပဿနာကုသိုလ်ကနေ လက်ငင်းကြုံမယ့် အကုသိုလ်တွေကို ချေဖျက်ပေးတယ်ဆိုတဲ့အပေါ် ကျနော်နားလည်မိတာက ကို်ယ်ပြုနေတဲ့ ကုသိုလ်ပထမဇောရဲ့ အကျိုးသတိ္တကြောင့် လည်း ဖြစ်နိုင်သလို ရှေးရှေးကုသိုလ်တွေအကျိုးပေးခွင့်ကို လက်ရှိကုသိုလ်က လမ်းဖွင့်လိုက်လို့ အကျိုးပေးခြင်းကြောင့်လည်းဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်က ကံရဲ့ ကိစ္စလေးချက်ထဲမှာကလည်း ပြုဆဲကံသည် ကုသိုလ်ကံပြုရင် ရှေးက အကျိုးမပေးရသေးသော ကုသိုလ်ကံကို အကျိုးပေးခွင့်ရအောင် ထောက်ပံ့ပေးနိုင်သလို အကုသိုလ်အမှုမှာလည်း ထိုနည်းလည်းကောင်းမို့ ပစ္စုပ္ပန်မှာ ကောင်းသော ကုသိုလ်မှုတွေ လုပ်ကြဖို့သာ လိုရင်း ပဓာန ကျပါကြောင်း….

  • ကြောင်ကြီး

    October 30, 2011 at 12:48 pm

    ကျေးဇူးပါ ဟူးဟူး။ ကျနော် ရေးလိုက်တာ ဝိပဿနာကုသိုလ်သည် ပထမဇောအဖြစ် အကျိုးပေးတယ် ဆိုလို့ပါ။ ပထမဇောသည် ပစ္စပ္ပန်ဘဝမှာ အကျိုးပေးရင်ပေး မပေးရင အဟောသိကံ ဖြစ်သွားတယ်ဆိုတော့ ကျနော်သိသလောက် တရားမရတောင် ဝိပဿနာကုသိုလ်နဲ့ အထက်ဘုံစံသွားသူများ ရှိကြောင်း သုတ္တန်တရားအနေနဲ့ ဖတ်ဖူးလို့ပါ။ အထင်ရှားဆုံးမှာ ကဿပ ဘုရားရှင်လက်ထက် မိတ်ဆွေခုနှစ်ဦး တောင်ပေါ်ကြိုးလှေခါးနဲ့တက် တရားကျင့်တယ်။ တရားမရင် အစာပြတ်ရေပြတ် အသေခံမယ် ဆုံးဖြတ်ပြီး ကြိုးလှေခါးကို ဖြတ်ချတယ်။ တရက်ကြာတော့လားမသိဘူး ပထမပဂ္ဂိုလ် ဈာန်အဘိညာဏ်ပေါက် ရဟနာ္တ၊ နောက်နေ့မှာ ဒုတိယပုဂ္ဂိုလ် အနာဂါမ်တည်တယ်။ သူတို့က ဆွမ်းခံကျွေးမယ်ပြောတော့ ကျန်သူများ လက်ခံပဲ အသက်သေခံသွားတယ်။ အစာငတ်ရေငတ် ဝေဒနာကို ကြံ့ကြံ့ခံသွားမှတော့ ပုထုဇဉ်အဖြစ်နဲ့သေသွားပေမဲ့ ဝိပဿနာညဏ် ဝိပဿနာကုသိုလ် ရသွားတယ်လို့ ယုံကြည်ပါတယ်။ သူတို့သေတော့ သုဂတိဘုံစဉ်စံစားကြပြီး ဂေါတမမြတ်စွာဘုရားလက်ထက်မှာ တဦးသောသူက လူဝတ်နဲ့ ရဟနာ္တဖြစ်တယ်။ ဘွဲ့နာမည်မေ့နေတယ်။ တရားအလျင်အမြန်အဆုံးသူအဖြစ် ဧင်္တဂရတယ်။ ရဟန်းဝတ်ဖို့ ကံမပါလို့ ခုနှစ်ရက်နဲ့ ကျွဲရိုင်းခတ်ပြီး ပရိနိဗ္ဗာန်ပြုရတယ်။
    သောတာပန်ညဏ်မဖြစ်ပဲ ဝိပဿနာညဏ်ဖြစ်တယ်ဆိုရင်လည်း ကုသိုလ်အဟုန်သည် လွန်စွာကြီးမားသော အကျိုးပေးတယ်လို့ ပြောချင်တာပါ။ ဝိပဿနာ ကုသိုလ်သည် ပထမဇောသက်သက်ဆိုလျင် အသိညဏ်မဖြစ်ခဲ့ရင် ဒီဘဝမှာတင် ဆုံးပြီဆိုလို့ ကိုယ်သိထားတာနဲ့ ဆွေးနွေးခြင်းဖြစ်ပါတယ်။ ဟူးဟူးဆီက တရားအတွေ့အကြုံများကို စာသံပေသံ မပါပဲ ရေးထားတာမျိုးကို ပိုနှစ်သက်ပါတယ်။ အသိအမြင်များ ဝေမျှပေးလို့ ကျေးဇူးပါခင်ဗျား။။

Leave a Reply