ကိုပေါက်လမ်းသလားနေသည်(19)( ဖောင်တော်ဦး)
“ကိုပေါက်လမ်းသလားနေသည် အပိုင်း(19)”
( ဖောင်တော်ဦးဘုရား)
ကျနော်တို့အင်းထဲရောက်တဲ့အချိန်က မနက်ဆယ်နာရီကျော်ကျော်လောက်။
နေကတော့ နည်းနည်းပူပါတယ်။
ထီးကတော့ တစ်လက်ထဲပါတော့ မဒမ်ပေါက်ကို ဦးစားပေးလိုက်ပါတယ်။
ကျနော်ကတော့ နေပူတာတောင် သတိမထားနို်င်လောက်အောင် မြင်ကွင်းတွေက ဆွဲဆောင်နိုင်လွန်းပါတယ်။
အမြဲမြင်နေကျ မွန်းကျပ်ပိတ်လှောင်နေတဲ့ မြို့ပြကနေ ပြာလွင်သောကောင်းကင်ကျယ်၊
အေးမြလတ်ဆတ်သောလေတွေနဲ့သာ ထုံမွှမ်းထားတဲ့ရေပြင်ကျယ်၊
မြင်တွေ့လေရာမှာစိမ်းမြတဲ့ သဘာဝပေါက်ပင်တွေ ကိုင်းတောတွေသစ်ပင်တွေကြောင့် လူက ပိုလန်းဆန်းလာတာကတော့
အမှန်ပါဘဲ။
စိတ်မအားလူမအားနားမအား မျက်စေ့မနားဘဝကနေ အေးချမ်းသာယာတဲ့ နေရာထဲကို ခဏလောက်ပစ်ချခံရတဲ့ယာယီဘဝလေးကတော့ ကျေနပ်စရာအပြည့်လို့ထင်မိပါရဲ့။
ဖောင်တော်ဦးဘုရားကို လှမ်းမြင်နေရပေမယ့် လှေတွေဆိုက်ထားတဲ့နေရာမှာ ဝင်မကပ်ဘဲ ကျနော်တို့လှေကလေးက
ကွေ့ကောက်ပြီး ဘုရားကိုပတ်လို့ ဝင်သွားပါတယ်။
ကျနော်တို့ရောက်တဲ့နေကတော့ အင်းလေးဖောင်တော်ဦးက ဆင်းတုတော်လေးဆူ အပူဇော်ခံဘို့အတွက် ဒေသစာရီမကြွ
ခင်တစ်ရက်အလိုမှာရောက်တာပါ။
ဒါကြောင့်လဲအဲဒီနေ့မှာကျနော်တို့လို သာမန်ဘုရားဖူးတင်မကဘဲ ဆင်းတုတော်သယ်ယူဘို့အတွက်ဆွေးနွေးကြမယ့်
အခြားရွာကလူတွေလဲ ရောက်နေတာကို သိရပါတယ်။
ကွေ့ကောက်ဝင်သွားတဲ့လမ်းကလေးမှာတော့ ဇရပ်လို အဆောင်အကြီးကြီးတွေ တွေ့ရပါတယ်။
တစ်ဖက်မှာတော့ ရေပြင်ကျယ်ထဲက အိမ်ကလေးတွေ ဘုရားဖူးလာကြတဲ့လှေတွေကလည်း တစ်စီးဝင်တစ်စီးထွက်။
လှေကလေး က တရွှေ့ရွှေ့နဲ့ ကျနော်တို့ ကပ်မယ့် လှေဆိပ်နားကိုရောက်လာပါတယ်။
ကျနော်တို့ကအလာ ပြန်မယ့်သူတွေကလဲအဆင်သင့်။
ပျော်နေတဲ့ကလေးများကတော့ ရေထဲဆင်းလို့လှေကိုဆွဲထားပြီးဆော့နေကြပါတယ်။
ကုန်းပေါ်တက်ဘို့ သစ်သားတံတားလေးထိုးပေးထားပါတယ်။
ခင်းထားပေးတဲ့တံတားလေးကနေကမ်းပေါ်တက်တော့ ဧည့်ကြိုတွေက အနားမှာတကပ်ကပ်။
ဘုရားကပ်ဘို့ ရွှေသင်္ကန်းတွေ ဝယ်ဘို့ ပူဆာရင်းတတွတ်တွတ်နဲ့လိုက်ရောင်းတာပါ။
ထမင်းဆိုင် အထည်ဆို်င်ဈေးဆို်င်တန်းလေးတွေကိုလဲလွန်ရော မြင်လို်က်ရတော့ ဖောင်တော်ဦးဘုရား
ဒီတစ်သက်မရောက်ဘူးလို့ထင်ထားတာရောက်လိုက်တော့ ဖော်မပြနိုင်တဲ့ခံစားမူ့ကရင်ထဲမှာ တလိပ်လိပ်
ကျေနပ်နှစ်သက်မူ့အပြည့်နဲ့ပါဘဲ။
ကျနော်ရောက်တဲ့အချိန်က မနက်ဆယ်နာရီခွဲလောက်ဆိုတော့ အမိုးအကာမရှိ အရိပ်မရှိတဲ့ဘုရားပုရဝုဏ်ထဲမှာတော့
ပူပါတယ်။နေပူကျဲကျဲရင်ပြင်တော်တစ်နေရာမှာ ချထားတဲ့ မုန့်လေပွေတောင်းတစ်တောင်း။
ငယ်ဘဝက ထန်းလျက်ရည်ဆမ်းထားတဲ့ မုန့်လေပွ ကြွပ်ရွရွစားခဲ့ရတာကို သတိရမိပါသေးတယ်။
သိပ်မမြင့်တဲ့လှေခါးကနေ ဆင်းတုတော်ငါးဆူဖူးမျှော်ရအောင်အပေါ်ကိုတက်ခဲ့ပါတယ်။
ဘုရားအလည်ကကျောင်းဆောင်မှာသီတင်းသုံးနေတော်မူတာကတော့ နာမည်ကျော် ရွှေအတိပြီးသော
ဖောင်တော်ဦးဆင်းတုတော်ငါးဆူ။
မတူညီသော ပုံသဏ္ဍာန်များနဲ့ ရှိနေတဲ့ အံ့ဘွယ်ဆင်းတုတော်များဘဲဖြစ်ပါတယ်။
အများပြည်သူရဲ့သဒ္ဒါတရားကြောင့်ရွှေတုံးရွှေခဲလိုဖြစ်နေတဲ့ ဆင်းတုတော်များရဲ့ မူလပုံတော်ဘယ်လိုများရှိမလဲလို့
တွေးမိပါသေးတယ်။
ဒီဖောင်တော်ဦးဘုရားငါးဆူရှိပေမယ့် လှည့်လည်အပူဇော်ခံတဲ့အခါမှာတော့ တစ်ဆူကိုကျောင်းတော်ပေါ်မှာချန်ခဲ့ရပြီး
အားလုံးကိုပင့်ဆောင်လို့မရဘူးလို့လဲသိရပါတယ်။
သီတင်းကျွတ်လဆန်းတစ်ရက်နေ့ကစပြီး အင်းလေးဒေသမှာရှိတဲ့ရွာတွေကို တစ်ရွာဝင်တစ်ရွာထွက်လှည့်လှည်အပူဇော်ခံဘို့
အတွက်တိုင်ပင်ဆွေးနွေးနေကြတဲ့ရပ်မိရပ်ဖများကိုလည်း
ဘုရားပင့်ဘို့အတွက်ပြင်ဆင်ထားတဲ့နေရာလေးရဲ့ နံဘေးမှာတစ်စုတစ်ဝေးတွေ့မြင်ခဲ့ရပါတယ်။
ဘုရားပေါ်မှာ စည်တော်တီးတဲ့အဖွဲ့လဲရှိပါတယ်။
ကျနော်ရောက်ချိန်မှာတော့ သူတို့ နားချိန်နဲ့ဆုံလို့ နားမဆင်ခဲ့ရပါဘူး။
ကျောင်းပေါ်ရောက်လို့ ဘုရားရွှေချအပြီးမှာ အသံချဲ့စက်ကနေပြီး အော်နေသံကြားလို့နားစွင့်ကြည့်တော့
ဆင်းတုတော်ကို ရွှေသင်္ကန်းကပ်ရင် ကျောင်းပေါ်မှာရောင်းနေတာက ဝယ်မှ တရားဝင်ဖြစ်တယ်လို့ကြားမိတော့
လမ်းမှာဧည့်ကြိုဆီကဝယ်ခဲ့တဲ့ရွှေသင်္ကန်းကပ်မိတာတောင်စိတ်ထဲမှာမလုံမလဲ။
ကျောင်းတော်ပေါ်ကနေအရှေ့ဘက်ကိုလှမ်းအကြည့် နိုင်ငံခြားသားသုံးယောက်ကငုတ်တုတ်ထို်င်
ဒေသခံပအို့ဘုရားဖူးများက ရိုးရာဝတ်စုံအပြည်နဲ့ ရင်ပြင်တော်ပေါ်လမ်းလျှောက်နေတာကိုတွေ့ရပါတယ်။
ကျောင်းရဲ့မြောက်ဘက်ခြမ်းမှာတော့ လှပတဲ့နဂါးရုပ်ကြီးတစ်ရုပ်နဲ့လှေဆိပ်။
ကျောင်းပေါ်ကနေအဝေးကိုလှမ်းကြည့်ပြန်တော့ ရေပြင်အစပ်မှာလှေကလေးတွေ သူ့နောက်မှာတော့ အိမ်ကလေးတွေ
ဟိုးအဝေးမှာတော့ အိမ်အစုစုနဲ့တောင်တန်းမြင်တာနဲ့ဘယ်ကိုလွမ်းရမှန်းမသိ။
ကျောင်းပေါ်မှာ ဆင်းတုတော်တွေကို စိတ်ကျေနပ်လောက်အောင်ဓါတ်ပုံတွေရိုက်ပြီးတော့မှကျောင်းအောက်ကိုဆင်းလို့
ရေဆိပ်ဘက်ကိုသွားတော့ ဘုရားပင်ဆောင့်ဘို့အတွက်ပြင်ဆင်နေတဲ့ရွှေရောင်လှေကြီးကိုမြင်ရပါတယ်။
လှေဆိပ်အနောက်ဘက်ခြမ်းမှာတော့ ကြီးမားတဲ့လှေရုံကြီးမှာ ခန့်ငြားလှတဲ့ကရိဝိက်ဖောင်တော်ကြီးကို မြင်ရပါတယ်။
အခုမြင်ရတဲ့ဖောင်တော်ကမှ ဆင်းတုတော်တွေပင့်ဆောင်မယ့် ဖောင်တော်ဆိုတာသိရပါတယ်။
ဖောင်တော်ကိုလှည့်ပါတ်ကြည့် ပြီး တဲ့အခါ ဆယ့်တစ်နာရီကျော်တော့နေအတော်ပူနေပါပြီ။
ဒါနဲ့ဘဲ ဖောင်တော်ဦးကအထွက်မှာရှိတဲ့ထမင်းဆိုင်လေးမှာထမင်းစားဘို့ဆုံးဖြတ်လိုက်တော့
ကျနော်တို့အလာတုံးက ကြိုလာတဲ့ ဧည့်ကြိုကဘဲ လာခေါ်ပါတယ်။
ဟင်းအနှစ်တွေနဲ့ မစားချင်တော့ ရှမ်းထမင်းသုတ်နဲ့ရေကြက်ကြော်မှာလိုက်ပါတယ်။
ဟင်းချိုကပူပူ၊ရှမ်းထမင်းသုတ်ကပဲပုတ်နံ့သင်းသင်း၊ငရုတ်သီးအတောင့်ကြော်ကလည်း တစ်တောင့်ဆို ဆိုသလောက်စပ်၊
ရေကြက်ကြော်က နူးနူးညံ့ညံ့၊ ဂျူးမြစ် ဖြူဖွေးဖွေးကို သံပုရာရည်လေးဆမ်းစားတော့အရသာကပြောမပြနိုင်အောင်။
ထမင်းစားပြီးတော့ ရနံ့မွှေးမွှေးနဲ့ရေနွေးကြမ်း၊
စားပြီးထမင်းဘိုးရှင်းတော့ ဈေးက ချိုတယ်ဆိုတော့
အင်မတန်မှကို စိတ်ကျေနပ်စရာကောင်းတဲ့ နေ့လည်စာတစ်နပ်လို့သတ်မှတ်လိုက်ပါတယ်။
ဒါနဲ့ဘဲပြန်ကြဘို့လှေဆရာကိုခေါ်ကြပါတယ်။
လှေဆိပ်မှာကပ်ထားတဲ့ သူများလှေတွေမှာ လိမ္မော်ရောင် အစိမ်းရောင် လေးတွေမြင်တော့ ဘာလဲလို့မေးတော့
အသက်ကယ်ဖော့အကျီပါတဲ့။
ကျနော်တို့ကြတော့ မပါဘူးလားမေးတော့ ညောင်ရွှေလှေဆိပ်ကလာတဲ့လှေဆိုရင်တော့ ပါပါတယ်တဲ့။
ဒါနဲ့ဘဲ တစ်သက်မှာတစ်ခေါက်လို့ဘဲသတ်မှတ်ရင်ရတဲ့ ဖောင်တော်ဦးဘုရားဖူးခရီးကိုအဆုံးသတ်ခဲ့ပါတယ်။
လှေသမားကို အခုဘယ်ကိုလဲလို့မေးတော့
“ ရှေးဟောင်းကျောင်း ကို“လို့တိုတိုတုတ်တုတ်ဖြေပါတယ။်
ကျနော်တို့ရဲ့လှေကလေးက ဘုရားအနောက်ဘက်ကနေပါတ်သွားတော့တဖြည်းဖြည်းဝေးကျန်တဲ့
ဖောင်တော်ဦးစေတီကိုလက်အုပ်ချီရင်းကန့်တော့လိုက်ပါတယ်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(23-10-2011)
ဆက်လက်ဖော်ပြပါမည်။
11 comments
thit min
October 23, 2011 at 4:24 pm
တခြားကမ္ဘာတခု လိုပါဘဲ။ ကျေးဇူးတင်ပါတယ်။
ဘုရားလဲဖူးရတယ်။ရှူခင်းတွေလဲ (ရေမြင်ရင်သဘောကျတဲ့ကျနော်အမြင်)တော်တော်လှတယ်ဗျ။
ဂျပန်က တီဗီပရိုဂရမ်တခုမှာ အင်းလေးရဲ့ လှေပြိုင်ပွဲကြည့်ရတယ်။
ဂျပန်လူကိုယ်တိုင် အသင်းတသင်းမှာဝင်ပြိုင်တယ်ပေါ့ဗျာ။
၂ရက် ၃ရက်လောက် ခြေထောက်နဲ့လှေလှော်တာ ကိုယ်တိုင်လေ့ကျင့်ပြီးပြိုင်တာနော်။
၂၀၁ဝ ထဲမှာလို့မှတ်ထားမိတာဘဲ။ဒီနှစ်တော့ဟုတ်ဘူးဗျ။
စောစောကပြောမိရင် လှေသမားဒေသခံတွေ ကိုပေါက်မေးကြည့်လို့ရမှာ၊ကျနော်လဲမေ့နေတာဗျ၊ခုမှသတိရလို့။
ကိုပေါက်(မန္တလေး)
October 23, 2011 at 4:55 pm
ကို်သစ်ရေ
ကျနော်နေရာဒေသ အသစ်တစ်ခုရောက်ရင် ဓါတ်ပုံရိုက်လိုက်တာဘဲများတယ်။
ဒါကကျနော်ရှေ့မှာမြင်နေရတာလေ။
ဖျောက်ဖျက်လို့မရတဲ့မှတ်တမ်း။
သူများကို သမိုင်းကြောင်းတွေဘာတွေသိပ်မပေးတော့ ဘူး။
တော်ကြာ မစန္ဒာ ရဲ့ (မြောက်ပေပင်)နဲ့ မိမှာစိုးလို့ပါ။
အင်းလေးထဲက ထွက်ခြင်ပြီ။
လွိုင်ကော်သွားရအုံးမယ်.။
ကော်နက်ရှင်မကောင်းတော့ တင်ရတာမတွင်ကျယ်ဘူး။
ပြိးရင် ဟိုနေ့က မှ မုံရွာက ပြန်လာတာ သမ္ဗုဒ္ဓေက ထူးထူးခြားခြား ပုံလေးတွေတင်ရအုံးမယ်လေ။
နောက် ရေးစရာပိုစ်တွေလဲရှိသေးတယ်ဗျာ။
အချိန်မရဘူးဖြစ်နေတယ်။
ထမင်းစားဘို့အတွက် ကလဲ လူုပ်ရသေးတယ်။
သူများဝန်ထမ်းကိုဗျ ။
ပေါက်ဖော်
October 23, 2011 at 5:03 pm
လေးပေါက်လမ်းသလားတော့..
ရွာသားတွေလဲ နေရာစုံရောက်တော့တာဘဲ
😆
ဆူး
October 23, 2011 at 5:21 pm
အင်းလေးက ဘုရားကို ရောက်တုန်းက စားခဲ့တဲ့ ငါးထမင်းနယ်ကို သတိရမိတယ်။ အဲဒီနားက ဆိုင်ပဲ.. ရှမ်းပြည်မှာ စားတာနဲ့ ဒီမှာ စားတာ အရသာ သိပ်မတူလှဘူး။
windtalker
October 23, 2011 at 5:50 pm
ကိုရီးယား ထမင်းလိပ် စားမလား ပြော
လေးပေါက် ဆီမှာ သာ ပြော
ပေါက်ဖော်
October 23, 2011 at 6:00 pm
အင်း..စားမယ်
ဪ..ယောင်လို ့..ရွာတော်ရှင်ကိုပြောတာ နာ့ကိုပြောတာမှ ဟုတ်ဘဲ 😆
ကိုပေါက်(မန္တလေး)
October 23, 2011 at 9:37 pm
မောင်ပေ
ငါကထမင်းမရောင်းဘူးရယ်။
ဒုတ်ဘဲရောင်းတာလေ။
ကြောင်ကြီး
October 24, 2011 at 11:09 am
ဦးပေါက်က ဟိုဒင်းရောင်းတယ်ဆိုတော့ ဟိုဟာလား…။ 😮
Diamond Key
October 24, 2011 at 3:59 pm
ကိုပေါက်ပြတဲ့ ဆိုင်ကလေးမှာ အခုချက်ချင်းတောင် စားချင်လာပြီဗျာ။
MaMa
October 24, 2011 at 4:53 pm
ကိုပေါက်ရေ ဓာတ်ပုံတွေကူး ကူးပြီး desktop မှာ မကြာခဏပြောင်းတင်လို့ တွေ့တဲ့လူကတောင် ပြောနေပြီ။ ဒါပေမယ့် ဓာတ်ပုံတွေ့ရင် လှလို့ဆိုပြီး မကူးပဲလည်း မနေနိုင်၊ ကူးပြီးရင်လည်း screen saver မှာ တင်လိုက်၊ desktop မှာ တင်လိုက်နဲ့ အမျိုးအမျိုး အလုပ်ရှုပ်နေရတယ်။ 😀
ကိုပေါက်(မန္တလေး)
October 24, 2011 at 5:23 pm
မမရေ
အဖော်ရှိပါဗျာ။
ကျနော်လဲ ဒီအတိုင်းပါဘဲ။
အရင်ကတော့ သူများရို်က်ထားတာလေးတွေရင်တင်။
အခုတော့ ကိုယ်လက်ဖြစ်လေးကိုယ် ကြည့်ပြီး ပီတိဖြစ်ရတာပေါ့။
အတူတူဘဲ မမရေ။