ထစ်နေသော စီဒီတစ်ချပ်၏ ပတ္တလားသံသည် ပို၍ချိုမြသည်… (၁)
ကြယ်တွေက ဖွေးခနဲကြွေကြသွားသည်။ ကောင်းကင်က ခဲရောင်တောက်နေ၏။ ရုတ်တရက် မာနကြီးဟန် ပေါက်နေတဲ့ ညခင်းတစ်ခုဟာ ဆော်ဒါနံ့တွေ သင်းပျံ့လာတော့၏။ တော်ရိရောရိ ကိုယ်ဖော့တတ်ရုံလောက်ဖြင့် လူတွေကြားထဲ ရေကူးရတာ ပျင်းဖို့ကောင်းလှပါတယ်။ ကျွန်တော့်ဘဝတွင် ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့သော ကိစ္စများ တော်တော်များနေပါသည်။ လူများစွာနှင့် လိုက်လျောညီထွေအောင် ပေါင်းသင်းတတ်ဖို့ဆိုတာ ပါရမီလိုအပ်ကြောင်း ကျွန်တော် သဘောပေါက်ခဲ့သည်မှာ ကြာခဲ့ပါပြီ။
ရွာထဲကို စတင်ဝင်လာခဲ့စဉ်တုန်းကလည်း ကျွန်တော်မှာ အများသူငါ ရွာသားတွေလို အွန်လိုင်းမိတ်ဆွေတွေလည်း မရှိ။ အဖွဲ့လည်းမရှိ။ ဝမ်းမန်း ကိုယ်ပိုင်ရှိုးပွဲတွေလို ကျင်းပပြီး ကိုယ်ပိုင်သံစဉ်တွေကို ဟစ်ဟော့ပ်လုပ်ဆိုမည် ဟဲမည်၊ ဆိုသော်လည်း ပံပိုးမည့် ပရိုဂျူဆာများလည်းမရှိ…။ မီးခိုးမှိုင်း ထုတ်ပေးမည့်သူ၊ စပေါ့လိုက် မီးထိုးပေးမည့့်သူ၊ ပန်းကုံး စွပ်ပေးမည့့်သူမရှိ၊ စင်မြင့့်အောက်ကနေ လက်ခုပ်တီး အားပေးမယ့့်သူလည်း မရှိ။ ကြာတော့ စာတွေကို ဘယ်လောက်ကြိုးစားရေးရေး လက်မထောင်ပြမည့့်သူ မရှိသောအခါ ကြိုးစားရကျိုးနပ်ပါရဲ့လား။
ကျွန်တော်လက်ခံထားတဲ့ သတင်း၊ စာပေ၊ အနုပညာ လောကဟာ ပွဲတော်တစ်ခုလို အုန်းအုန်းကျက်ကျက် ဖြစ်နေမှမဟုတ်ဘူး။ ကိုယ်တိုင် ဖန်တီးရေးသားနေတဲ့ ပို့စ်တစ်ပုဒ်ဆိုတာ အကျိုးပြု စာပေ အနုပညာတစ်ခု၊ အနုပညာဆိုတာ ပြိုင်ပွဲလုပ်ဖို့မလိုအပ်ဘူး။ အနုပညာမှာ အနိုင်အရှုံးဆိုတာ မရှိဘူး။ အနုပညာမှာ ပုံတူဆိုတာ တန်ဖိုးမရှိဘူး။ အနုပညာဆိုတာ ဘေးတီးလူတွေအားလုံး တခဲနက်အားပေးနေမှ ဖန်တီးနိုင်တာမျိုးမဟုတ်ဘူး။ လူဖြစ်ရှုံးခြင်း ကိစ္စအချို့တွင် အနုပညာကို ပါးနပ်စွာ မခံစားတတ်ခြင်းမှာ အဓိကအားဖြင့် ပါဝင်လေသည်။ မိတ်ဆွေတို့ရော.. ဘယ်လိုမြင်လဲ…?
ကျွန်တော်၏ ဦးခေါင်းထဲတွင် အသစ်အသစ်ရောက်လာသော အကြောင်းအရာတို့ကို အလျဉ်မီအောင် ရေးထုတ်မပစ်နိုင်သောအခါ မင်မိုရီ ဖရီးစပေ့စ် လျော့နည်းလာပြီး ခေါင်းထဲတွင် ဖိုင်တွေ ပြည့်ကျပ်ညှပ်သွားတော့သည်။ ခေါင်းထဲမှာ အတွေးစီးကြောင်းတွေက ဆူဝေအိုင်ထွန်းကာ ပြည့်လျှံလာတတ်ပါသည်။ ခံစားချက်များက လက်က မလိုက်နိုင်သောအခါများမှာတော့… ကျွန်တော် စာမရေးဖြစ်တော့ပါ။ ပုံမကျသော ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်ထားရသလို။ ခပ်တုံးတုံး ဘရိတ်ဓါးနှင့် မုတ်ဆိတ်ရိတ်ထားရသလို၊ မီးပူမတိုက်ထားသော အဝတ်အစားကို ဝတ်ပြီး အလှူသွားရသလိုပါပဲ။ ဘဝမှာ တစ်စုံတစ်ရာ အဆင်မပြေလာသောအခါ တစ်စုံတစ်ယောက်ထံမှ အကြံအဉာဏ်ယူသင့့်သည်ဟု ထင်ပါသည်။
ဒီကြားထဲ ကိုယ့့်အပေါ်နားမလည်သူများနှင့် ယှဉ်တွဲနေထိုင်ရသောအခါ…
ကျွန်တော့် ကောင်းကင်က ကျဉ်းမြောင်းသွား၏
ကျွန်တော့် အိပ်မက်တို့က ခြောက်ကပ်သွား၏
တစ်ခါတစ်လေတော့လည်း ကျွန်တော့်ဘဝက ထစ်နေသော စီဒီလိုပင် ထပ်တလဲလဲဖြစ်နေတဲ့ ကိုယ့်ဘဝကြီးကို စိတ်နာနေမိသည်။
အသက်ကလည်း တဖြည်းဖြည်းနှင့် ကြီးလာတာတောင် အမှန်နှင့်အမှားကို မကွဲပြားချင်သေး။ ဘရက်ပစ် စွန့်ခွာသွားသော ဂျန်နီဖာကို သနားနေတတ်သလို၊ ယူနီဖောင်းဝတ် နယ်စပ်စောင့်ခွေးများက ရေကြီးလို့ ဒုက္ခသုတ်ခတွေနဲ့ နေရပ်ပြန် ဒုက္ခသည်အလုပ်သမားတွေကို ငွေညှစ်၊ အေးဓါးပြတိုက်နေကြတာကို မြန်မာအလုပ်သမားတွေဘက်က မခံချင်ဖြစ်နေတတ်သလို၊ မိုက်ကရိုဆော့ဖ်ကြောင့် ယိုင်နဲ့နဲ့ဖြစ်နေသော ဂူးဂဲလ်အုပ်စုအတွက်လည်း စိတ်ပူပေးချင် ပေးနေတတ်သည်။ ဒီကြားထဲ အကြမ်းဖက်ဝါဒနှင့် အေအိုင်ဒီအက်ရောဂါဆိုးတွေကို ကမာ္ဘမြေပေါ်မှ ပျောက်ကွယ်သွားစေချင်သေးသည်။ မနိုင်ဝန်တွေ ထမ်းပြီး ခါးချိသွားတဲ့ ပုံပြင်ထဲက နှံကောင်ကို မသနားမိဖို့တော့ ကိုယ့့်ကိုယ် အထူးသတိပေးနေရသေးသည်။
မလိုသည်များနှင့် ပြည့့်ကျပ်လေးလံနေသော ကိုရင်စည်သူဆိုသည့် ကျွန်တော့်၏ ဦးခေါင်းတစ်လုံးအား စနစ်တကျ စွန့့်ပစ်ရန် နည်းလမ်းရှိသူများ ကူညီပါလေ…။ ထိုမိတ်ဆွေအား ထိုက်တန်စွာ ကျေးဇူးဆပ်ပါမည်။
3 comments
nikita
October 25, 2011 at 4:13 pm
အဟမ်း
အရေးအသားတော်လိုက်တာ
ဖတ်ပြီး ကို့ရင်လို ဦးခေါင်းတစ်ခုလုံးလေးလံသွားတာတော့မဟုတ်ဘူး
ဦးနှောက်တစ်ခုလုံး မူးဝေသွားတာ {စတာနော် :P}
ဆိုလိုရင်းက
pressure လား
stress လား
လောကကြီးက နေတတ်ရင် နေပျော်ပါတယ်
အကောင်းဆုံးက မဆိုင်တာတွေကို ခေါင်းထဲထည့်မတွေးနဲ့ပေါ့
အင်း…………….
သူ့နေရာနဲ့သူ မနေတတ်ရင်တော့…….
ရသလောက်လဲ မရောင့်ရဲတတ်ရင်တော့……….
လိုအပ်မှုတွေ ၊ မျှော်လင့်မှုတွေ များနေရင်တော့………
အကောင်းဆုံးက ရိုးရိုးလေးတွေးလို်က်
ကြားဖူးတယ်မဟုတ်လား ” ရိုးရှင်းသော ဘဝရဲ့ ပျော်ရွှင်မှု ” တဲ့ 🙂
simple life & simple thought !
padonmar
October 25, 2011 at 9:14 pm
“ရွာထဲကို စတင်ဝင်လာခဲ့စဉ်တုန်းကလည်း ကျွန်တော်မှာ အများသူငါ ရွာသားတွေလို အွန်လိုင်းမိတ်ဆွေတွေလည်း မရှိ။ အဖွဲ့လည်းမရှိ။ ဝမ်းမန်း ကိုယ်ပိုင်ရှိုးပွဲတွေလို ကျင်းပပြီး ကိုယ်ပိုင်သံစဉ်တွေကို ဟစ်ဟော့ပ်လုပ်ဆိုမည် ဟဲမည်၊ ဆိုသော်လည်း ပံပိုးမည့် ပရိုဂျူဆာများလည်းမရှိ…။ မီးခိုးမှိုင်း ထုတ်ပေးမည့်သူ၊ စပေါ့လိုက် မီးထိုးပေးမည့့်သူ၊ ပန်းကုံး စွပ်ပေးမည့့်သူမရှိ၊ စင်မြင့့်အောက်ကနေ လက်ခုပ်တီး အားပေးမယ့့်သူလည်း မရှိ။ ကြာတော့ စာတွေကို ဘယ်လောက်ကြိုးစားရေးရေး လက်မထောင်ပြမည့့်သူ မရှိသောအခါ ကြိုးစားရကျိုးနပ်ပါရဲ့လား။”
ကိုရင်ရေ၊
ရွာထဲမှာ တစ်ယောက်တစ်ယောက် အစထဲကသိလို့ အားပေးတာထက် သူ့စာတွေဖတ်ပြီး သူ့ကိုလေးစားလို့
မျက်နှာတောင်မမြင်ဖူး၊e-mail address တောင် မသိဖူးဘဲ မောင်ရင်းနှစ်မတွေလို ခင်မင်ကြတာပါ။
ကိုရင့်စာတွေက နည်းနည်းမြင့်လို့ မမန့်ရဲကြတာလည်းဖြစ်မှာပါ။အားမငယ်ပါနဲ့။
windtalker
October 25, 2011 at 9:45 pm
ကိုရင်စည်သူ ရေ
ကျုပ် မောင်ပေ တို ့ရဲ ့ “ပေါက်၊ပေ၊လူး” ရဲဘော်အသစ်အဖြစ်
ခင်ဗျားကို ဖိတ်ခေါ်လိုက်ပြီနော်
ဝမ်းမလီးဝဲလကမ်း ပါဗျာ
ပျော်ပျော်ပါးပါး ပါ