Nazareth….မယ်တော်မာရိ အိမ်…
နာဇာရက်ကို သွားခဲ့တာက နဲနဲကြာပြီဆိုတော့ အချိန်တွေ ဘာတွေ သိပ်မမှတ်မိတော့ဘူး။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ လူတွေမျက်လုံးထဲ ဘာအရင်ပြေးမြင်လဲဆို သဲကန္တာရ အရင်ပြေးမြင်မိတာပဲ။ တကယ်တော့ တနိုင်ငံလုံး ကန္တာရကြည့် မဟုတ်ပါဘူး။ နိုင်ငံလေးက ငယ်ပေမဲ့ အစုံရှိပါတယ်။ သစ်တောတွေ ဖုံးနေတဲ့ မြင့်မားတဲ့ တောင်တန်းတွေလည်း ရှိသလို စိမ်းစိုတဲ့ လွင်ပြင်တွေ၊ ရေခဲဖုံးနေတဲ့ တောင်တွေလည်း ရှိပါတယ်။ နိုင်ငံတောင်ပိုင်းကသာ ကန္တာရလွင်ပြင် ဖြစ်ပေမဲ့ မြောက်ပိုင်းကတော့ တကယ်ကို စိမ်းစို လှပတာပါ။ ဟိုး ….မြောက်ဖျားမှာ Hermon ဆိုတဲ့ တောင်မှာ ဆောင်းဆို ရေခဲတွေ ဖုံးနေပါတယ်။ ရေခဲပြင် စကိတ်တွေ ဘာတွေတောင် စီးလို့ရပါတယ်။ နွေဦးရာသီ ဖြစ်တဲ့ ဧပြီလလောက် မြောက်ပိုင်းဘက် ခရီးထွက်ရင် ရှု့ခင်းတွေများ လှမှလှပါ။ လမ်းဘေး ဝဲယာ အကုန်လုံး သဘာဝပန်းခင်းကြီး အလားပါ။ မြေမှာကပ်ပေါက်နေတဲ့ အဝါရောင် ပန်းလေးတွေက တောင်ကြီးကို အဝါရောင် တောင်ကြီးအလားပါပဲ။ ကြိုးကြား ကြိုကြား တွေ့ရတာက အနီရောင် ပန်းလေးတွေပါ။ ကျွန်မကတော့ စိတ်ထဲမှာ လေးကျွန်းစင်္ကြာနဲ့ တောင် တူသလိုလို။ လမ်းဘေးက ချယ်ရီသီး အခင်းတွေကလည်း ပင်လုံးကျွတ် အဖြူရောင် အပွင့်တွေဝေနေတာများ နှင်းပွင့်တွေ သီးနေသလိုပါ။ တကယ်ကို လှတာပါ။ တောင်ပိုင်းက ကန္တာရက ပိုကျယ်တော့ ရှိနေတဲ့ မြောက်ပိုင်းက သဘာဝအလှကို သေချာဂရုစိုက် ထိန်းကြပါတယ်။ ကျွန်မတို့နိုင်ငံမှာက မြစ်ချောင်း အင်းအိုင် ရေတံခွန်ဆိုတာ ကပေါချင်းသောချင်းလေ။ ဒီနိုင်ငံမှာကတော့ ရှိတဲ့ ရေတံခွန်လေးကို တော်တော်ကို ဂရုတစိုက် ထိန်းပြီး သဘာဝအလှကို ပြစားတာပါ။ Hermon ရေခဲတောင်က ပျော်ကြလာတဲ့ ရေတွေဟာ ချောင်း အဖြစ်စီးလာပြီး တောင်တန်းက ဆင်းလာတော့ လှပတဲ့ ရေတံခွန်လေး ဖြစ်နေတာပါ။ ဒါကို အခကြေးငွေ ကြေးကြီးပေးပြီး ဝင်ကြည့်ခဲ့ရပါသေးတယ်။ ကျွန်မတို့လို နိုင်ငံခြားသားတွေကို ဝန်ထမ်းတွေက မေးပါသေးတယ်။ သူတို့နိုင်ငံက သဘာဝရေတံခွန်လေး သိပ်လှတယ် မဟုတ်လားတဲ့။ ကျွန်မတို့ အတွက်တော့ ကျိုက်ထီးရိုး ရေမြှောင်ကြီးက ရေတံခွန်လောက်မှ မရှိတော့ ရီပဲရီပြခဲ့ရပါတယ်။ အော်…ရှားတော့လည်း တန်ဖိုးထားတာပေါ့လို့ တွေးမိပါသေးတယ်။
မယ်တော် မာရိအိမ်ကလည်း မြောက်ပိုင်းဘက်မှာပါ။ ကျွန်မတို့ သွားတဲ့ အချိန်ကလည်း ဆောင်းအကုန် နွေဦးရာသီမို့ လမ်းတလျှောက် မြင်ကွင်းတွေက စိမ်းစို လှပနေပါတယ်။ ဧပြီလ ဆိုတော့လည်း ပန်းတွေက အစွမ်းကုန်ပွင့်ပြီးမို့ လှပနေတာပါ။ ဂျုံခင်းတွေကလည်း အနှံတွေ အပြည့်။ စိုက်ခင်းတွေကလည်း တောင်ပိုင်းလို ဂရင်းဟောက်စ်တွေ မလိုလို့ ကွင်းပြင်ကျယ်ထဲမှာ စိမ်းစိုလို့။ ဒီမှာက နိုင်ငံသေးပြီး လူဦးရေ နဲတော့ လုပ်အား ချွေတာရပါတယ်။ ခေတ်မှီတာလည်း ပါတာပေါ့။ အရာအားလုံး စက်အားနဲ့ပဲ စိုက်ကြ ပျိုးကြ ရိတ်သိမ်းကြပါတယ်။ လူက ခွန်နဲ့ အားနဲ့ ထမ်းဟယ် ပိုးဟယ် လုံးဝ မရှိပါဘူး။ အားလုံး စက်နဲ့ပဲ လုပ်ကိုင်နေတာပါ။ မြင်ကွင်းတွေက အံ့ဩစရာ အပြည့်ပါပဲ။ ဟိုင်းဝေးလမ်မကြီး အတိုင်း မောင်းလာရင်း ကားသမားက ဟိုး…တောင်နောက်မှာ နာဇာရက်မြို့ ရှိပါတယ် ပြောလို့ လှမ်းကြည့်တော့ မမြင်ရပါဘူး။ တောင်ကြီး ထီးထီးကြီးပဲ မြင်ရတယ် မြို့ အရိပ်အယောင်တောင် မတွေ့ရ။ နောက် သေချာ ကြည့်တော့ မြင်လိုက်ရတာက တောင်ကို ဖောက်ပြီး ဝင်သွားတဲ့ ကားလမ်း။ တကယ်ကို လှပါတယ်။ တောင်အလယ်လောက်ထိ တံတား အမြင့်ကြီး ရှိနေပြီး တံတား အဆုံး ဝင်ပေါက်က လှိုဏ်ခေါင်းအဝင်ဝပါ။ ကားလမ်းက တောင်ကို ဖေါက်ပြီး ရှိနေတာပါ။ တော်တော်ရှည်တဲ့ လှိုဏ်ခေါင်းပါ။ အဲ..လှိုဏ်ခေါင်း အဆုံးလည်း ရောက်ရော ဘွားဆို တွေ့လိုက်ရတာက နာဇာရက်မြို့ပါ။ ဒီမှာတော့ အာရပ်တွေ အနေများလို့ ဆိုင်းဗုဒ်တွေကလည်း အာရပ်စာတွေပါ။ အမျိုးသမီးတွေလည်း ခေါင်းခြုံထားတာတွေ များပါတယ်။ အလုံအခြုံတွေပါပဲ။ တဲအဗီးလ်က ဂျုးမတွေနဲ့တော့ ကွာပါ့။ မြို့ထဲကို ဖြတ်ကားမောင်း လာရင်း စပ်စုလာပါသေးတယ်။ ခဏနေတော့ လမ်းမကြီးဘေး ကားရပ်လိုက်ပြီး ကျောင်းကို လမ်းလျှောက်သွားရပါတယ်။ ကျောင်းကြီးက ကြီးလွန်းလို့ အဝေးကတောင် လှမ်းမြင်နေရပါတယ်။ ခပ်ပြေပြေ တောင်ကုန်းလေးကို တက်သွားရပါတယ်။ လမ်းဘေးတလျှောက် အထိမ်းအမှတ် ပစ္စည်း အရောင်းဆိုင်တွေနဲ့ စည်ကားနေပါတယ်။ ဘုရားဖူး ခရီးသည်တွေလည်း အများကြီးပါ။ အဖွဲ့လိုက်ကို လေးငါးဖွဲ့ တွေ့ပါတယ်။ ကျောင်းရှေ့ရောက်တော့ ညာဘက်တံခါးက ဝင်ရပါတယ် ဘယ်ဘက်က ထွက်ပေါက်ပါ။ ဂိတ်မှာ အစောင့် တယောက်ရပ်နေပြီး အကျင်္ ီလက်ပြတ် ဝတ်လာသူတွေ၊ ဒူးအပေါ်ထိ တိုနေတဲ့ စကပ် ဘောင်းဘီ ဂါဝန် ဝတ်လာသူတွေကို အဝင်မခံပါဘူး။ ဒါနဲ့ပဲ ကျောင်းရှေ့မှာ ရောင်းနေတဲ့ အာရပ်ပုဝါတွေ ဝယ်ပြီး ပခုံးမှာ ပတ်သူပတ် ခါးမှာ ပတ်သူပတ်ပေါ့။ လုံလုံခြုံခြုံရှိတော့ ဝင်ခိုင်းပါတယ်။ ကျွန်မလည်း ရွာသူား တွေအတွက် ဓါတ်ပုံကို အားပါးတရ ကျောင်းကို ထောင့်ပေါင်းစုံက လိုက်ရိုက်နေတာနဲ့ လူကွဲပြီး ကျန်ခဲ့ပါရော။ ခဏနေတော့ ကျွန်မ ပျောက်သွားလို့ အိမ်က ချစ်ချစ်ကြီးမှာ ပျာတိပျာယာ ရောက်လာပြီး ဆူပါတော့တယ်။ ကျောင်းက အဆောင်ဆောင်နဲ့ အကျယ်ကြီးကိုး။ နိုင်ငံ အနှံအပြားက လှုထားတဲ့ ပန်းချီကားတွေကလည်း အစုံ လှလိုက်တာ ဓါတ်ပုံရိုက်လို့ မဝအောင်ပါပဲ။ ကျောင်းထဲဝင်တော့ အသံမထွက်ရပါဘူး။ ကျောင်းအလယ်မှာ ဘုန်းကြီးတွေ တရားဟောတာလား နာတာလား မသိပါဘူး အများကြီးပဲ။ ဘာသာတူတဲ့ သူတွေကတော့ ထိုင်ပြီး နားထောင်နေကြတယ်။ ကျွန်မတို့လည်း အဲ့ ကျောင်းကနေထွက်တော့ မြောက်ဘက်နားက မာရိနေတဲ့ အိမ်နေရာကို ရောက်ပါရော။ ကျွန်မ အထင် အရင်တုံးက ကျောက်တောင်တွေနေရာမို့ ဂူလို နေရာတွေနဲ့ နေတယ် ထင်တာပဲ။ အပေါ်က အခုတော့ သေသေချာချာ ခမ်းခမ်းနားနား ဆောက်ထားပေမဲ့ အရင်ကတော့ အခုလို မဖြစ်နိုင်လောက်ပါဘူး။ အိမ်နေရာ ဆိုတာကို ဝင်လိုက်တော့ အပေါ်ကတော့ ဘုရားကျောင်းပုံစံပါပဲ။ နောက် အောက်ဖက်ကို လှေကားလေး တလျှောက်ဆင်းသွားရပါတယ်။ အရင်တုန်းက မယ်တော် မာရိ မီးဖိုချောင်နေရာ ဘေဆင်နေရာ အစုံပါပဲ။ ကျောက်တွေကို ထွင်းထားတာပါ။ နောက် ယောသပ်ရဲ့ လက်သမားခန်းနေရာ အဲဒါတွေကိုတော့ သံဇကာနဲ့ ကာထားလို့ ငုံကြည့်ရတာပါ။ ဂူလိုနေရာ တွေပါ။ ဒါကြောင့် အရင်က ကျောက်ဂူတွေမှာများ နေသလားလို့တောင် တွေးမိပါသေးတယ်။ နံရံတွေ
မှာလည်း ယောသပ်က သားဖြစ်သူ သခင်ယေရှု့ကို လက်သမား အတတ်သင်ပေးနေတာလို့ အထင်ရတဲ့ ပန်းချီပုံတွေ တွေ့ရပါတယ်။ သခင်ယေရှု့ကို မွေးရာ ဘယ်သလီဟန်မြို့နဲ့ အခုကြီးပြင်းရာ နာဇာရက်မြို့က တော်တော်ဝေးပါတယ်။
အဲ့ အိမ်နေရာက ပြန်ထွက်လာတော့ ကားပေါ်ပြန်တက်။ နောက် နဲနဲလေး မောင်းမိတော့ မာရိ ရေခပ်တဲ့ ရေတွင်းကို ရောက်ပါတယ်။ ကျောင်းဆောက်ထားပါတယ်။ အတွင်းကို ဝင်လိုက်တော့ ခပ်ကျဉ်းကျဉ်းနဲ့ မှောင်နေပါတယ်။ ကျောက်ကြားက စိမ့်ကျနေတဲ့ စိမ့်တွင်းလေးပါပဲ။ သေသေချာချာ ထိမ်းသိမ်းထားတာပါ။ တချို့တွေကတော့ ရေတွေ ခပ်သောက်နေတာ တွေ့ရပါတယ်။ ဘေးဘက်မှာ စတီးအိုးကြီးနဲ့ ခွက်ကလေး ထားပေးထားပါတယ်။ ကျွန်မတို့လည်း ယောင်တောင်တောင် ဟိုကြည့် ဒီကြည့် လုပ်ပြီး ပြန်ထွက်လာပါတယ်။ အထဲမှာ အလင်းရောင်က သိပ်မရှိတော့ ဓါတ်ပုံရိုက်တာ မည်းမှောင်နေလို့ ပုံကောင်း မရခဲ့ဘူး။ နာဇာရက်မှာလည်း သွားစရာက ဒီနှစ်နေရာပဲမို့ ခပ်စောစောပဲ အိမ်ပြန်လာရပါတော့တယ်။
10 comments
nozomi
October 28, 2011 at 3:38 pm
မရှိတဲ့အရာ ရှားတဲ့ အရာ က ပိုတန်ဘိုးရှိတာပေါ့ အဲဒါကြောင့်လဲ ရေတံခွန်လေးကို တန်ဘိုးထား ထိန်းသိမ်းနေကြတာပေါ့ ၊ ကျွန်တော်တို့ဆီမှာလဲ အရင်က ကျွန်းသစ် ဆိုတာ လူတိုင်း သုံးနိုင်တော့ တန်းဘိုးသိပ်မထားကြဘူး အခုကျတော့လဲ သူဌေးမှ သုံးနိုင်တဲ့ သစ်ဖြစ်လာပြီး တန်ဘိုးထားလာကြတယ် ၊ မြန်မာပြည်မှာ တဖြည်းဖြည်းနဲ့ တန်ဘိုးထားရမဲ့ အရာတွေ များလာလိမ့်မယ် ထင်တယ်
မမှီက “ကျောင်းကို တောင်ဖက်ကနေ ရိုက်ထားတာပါ” ဆိုတာ နဲ့ တင် အညာသူ ပီသနေပြီ ၊ အောက်အရပ်မှာ ဘယ်၊ညာ သာ အသုံးများတော့ အညာ တစ်ခါတစ်လေ ပြန်သွားလို့ တောင်ဘက်မှာလေ မြောက်ဘက်မှာလေ ဆိုရင် နေ ကို အရင် ရှာနေရတယ်
windtalker
October 28, 2011 at 8:57 pm
ကျောင်းအဝင် က သံတခါးကြီးက လက်ရာတော်တော်မြောက်တယ်ဗျို ့
ဘယ်ခေတ်က လက်ရာများပါလိမ့် အန်တီမှီရေ
pooch
October 28, 2011 at 9:07 pm
မမှီရေ ပထမဆုံးပုံက ညောင်ပင်နဲ့ ဆင်သလိုပဲ …..ဟုတ်လားဟင်.. သူတို့ ဆီမှာလည်း ညောင်ပင်ရှိတယ်ပေါ့…
koyinmaung
October 29, 2011 at 4:28 am
အားပေးသွားပါတယ်ခင်ဗျာ…..
MaMa
October 29, 2011 at 6:15 am
ခရစ်ယာန်ဘာသာ ပုံပြစာအုပ်လေးတွေမှာ မြက်တဲအိမ်လေးတွေနဲ့ပဲ တွေ့ဖူးတာ။ အခုတွေ့ရတာကျတော့ ကြီးကျယ်ခမ်းနားလိုက်တာ။ အဲဒါတွေက အထိမ်းအမှတ်အနေနဲ့ ပြန်ဆောက်ထားတာတွေလား မသိဘူးနော်။
ကြောင်ကြီး
October 29, 2011 at 11:16 am
မြန်မာပြည်မှာ မေရီသခင်မလို့ ခရစ်ယာန်တွေ အမြတ်တနိုးခေါ်ကြတယ်နော်။ မာရိဆိုတာ ရှေးဟောင်း မူလအသုံးအနှုန်းများ ဖြစ်မလား…။
စုံ စုံ
November 4, 2011 at 4:09 pm
နောက်တခု သူငယ်ချင်းခရစ်ယာန်တစ်ယောက်ဆီကကြားဖူးတာက
သူတို့ကသခင်ယေရှုလို့မခေါ်ဘူး သခင်ယေစူလို့ဘဲခေါ်တယ်တဲ့
ဘာတွေကွာလဲတော့မသိဘူးနော်
မမှီကိုတော့အားကျတယ်
ရောက်ခဲလှတဲ့နေရာတွေကိုရောက်ပြီးမှတ်တမ်းတင်နိုင်လို့လေ
nozomi
November 4, 2011 at 5:34 pm
ဒီနေ့ မမှီရဲ့ ပို့စ် နှစ်ခု ပြန်တက်လာတယ်
မမှီ အခုတလော ပျောက်နေတယ်
အလုပ်ပဲ ရှုပ်နေတာလား ?
ရွာအလည်လွန်ပြီး အိမ်အလုပ်တွေ မပြီးလို့ ယောင်္ကျား အဆူခံများ ထိနေလို့လား?
hmee
November 4, 2011 at 6:17 pm
ကိုနိုဇိုမီရေ အခုတလော နေသိပ်မကောင်းလို့ ရွာထဲကို မဝင်နိုင်လို့ပါ။ အစ္စရေးအကြောင်းတင်စရာ ပို့စ်တွေ ကျန်သေးပေမဲ့ မတင်နိုင်သေးဘူး။ နေပြန်ကောင်းလာရင် ထပ်တင်ပေးပါ့မယ်။ သတင်းမေးတဲ့အတွက် ကျေးဇူးပါ။
nozomi
November 4, 2011 at 6:59 pm
မမှီ ရေ ကျန်းမာရေးတော့ ဂရုစိုက် ဗျ
ရပ်ဝေးမှာ နေရတဲ့သူတွေ ဆိုတော့ ကျန်းမာရေး မကောင်းရင် အိမ်လွမ်းစိတ်တွေ ပိုလာမယ်ထင်တယ်
ပို့စ် တွေ မတင်နိုင်သေးလဲ အချိန် ရရင် ရွာတပတ်လောက်တော့ ပတ်လိုက်ပေါ့