“နွေးသီး “

“နွေးသီး”
ကျမလွိုင်ကော်ကနေ အောင်ပန်းကို ပြန်တဲ့နေ့က “ဆောင်းပြောင်း”ဈေးနေ့နဲ့ဆုံနေတော့ကားက လူအရမ်းကျပ်ပါတယ်။
လွိုင်ကော်တောင်ကြီး မနက်စောစောထွက်တဲ့ကားဆိုတော့လည်း တစ်လမ်းလုံးတက်လိုက်ဆင်းလိုက်နဲ့
လူပြတ်တယ်လို့ကိုမရှိပါဘူး။
ဒါတောင်ပါလဲတဲ့ ဒေသထွက်အသီးအနှံတွေ၊ပန်းတွေက ကားဗိုက်ထဲမှာထည့်ထားလို့တော်သေး
တယ်ပြောရမှာပါ။
မိုးဗြဲရောက်တော့ ကားတံခါးဝမှာ တစ်နှစ်ခွဲလောက်ရှိတဲ့ ကလေးကိုချီထားတဲ့သားအမိကိုတွေ့ရပါတယ်။
ကလေးအမေက ဘေးမှာပါလာတဲ့အဖော်နဲ့စကားတွေပြောလာတော့ ကလေးကတော့ ဟိုငေးဒီငေးလုပ်လိုက်၊
အိပ်ငိုက်လိုက်ပေါ့။
ကားပေါ်ကိုခရီးသည်တွေက တက်လိုက်ဆင်းလိုက်လုပ်နေတော့ တိုးရင်းခွေ့ရင်း ကလေးသားအမိက ကျမထို်င်တဲ့ခုံနား
ကိုရောက်လာပါတယ်။
ကျမနားရောက်တော့ အစကတော့ ကျမလဲအမှတ်တမဲ့ ။
“ဝူးဝူူး ဝါးဝါး”အသံကြားလို့ သတိထားကြည့်မှ ကလေးလေးက သူ့အမေအပေါ်ကနေအသံတွေပေးရင်း ကျမကို
ပြုံးပြုံးပြနေတာ တွေ့ရပါတယ်။
အဲဒါနဲ့မတ်တတ်ရပ်နေတဲ့ကလေးအမေဆီက ကလေးကို ကျမချီထားပေးမယ်လို့ပြောပြီးလက်လှမ်းလို်က်တော့
ကလေးလေးက ကျမလက်ထဲကို အသာတကြည်ဘဲရောက်လာပါတယ်။
ကလေး လေးကိုပွေ့ထားရင်းက မန်းလေးမှာကျန်နေခဲ့တဲ့ “နွေးသီး”လေးကို သတိရလို့လာတော့
ကျမမှာမျက်ရည်များတောင် လည်လာပါတယ်။
“နွေးသီး” နဲ့ခွဲရတာ တစ်နှစ်ကျော်နှစ် နှစ်နီးပါးရှိပါပြီ။
“နွေးသီး” လေးအခုလောက်ဆိုရင် အတော်ကြီး အတော်တတ်ရောပေါ့လို့ စိတ်ထဲမှာတွေးရင်းဆွေးပါတယ်။
လူလောကကြီးဆိုတာ ဒီအတိုင်းပါဘဲ ချစ်ရင်လဲခွဲချင်ခွဲရမယ်။
မုန်းပေမယ့်လဲတွဲချင်တွဲနေရတာပါဘဲ။
ကားလေးက ရှေ့ကို တအိအိနဲ့ပြေးနေပေမယ့် ကျမစိတ်ကတော့ အတိတ်ကိုနောက်ပြန်ပြေးနေပါတယ်။
တကယ်တော့ အတိတ်ဆိုတာပြန်လည်ပြင်ဆင်ခွင့်မရှိတဲ့ ပန်းချီကားတစ်ချပ်လိုပါဘဲ။

@ @ @ @ @ @ @ @ @ @ @ @

နွေးသီး အကြောင်းပြောရမယ်ဆိုရင် ကိုကြီး လို့ခေါ်တဲ့ ကိုမင်းကြည် အကြောင်းပါမယ်။
ကိုလတ်အကြောင်းပါမယ်ဆိုရင် လင်းလင်းဆိုတဲ့ လင်းသော်တာ အကြောင်းပါရမယ်။
အားလုံးကို ပြန်စုလိုက်ရင်” ပိုပို”လို့ခေါ်တယ် ကျမအကြောင်းမှာဆုံးရမယ်လေ။
ကျမမန်းလေးက ကိုလတ်တို့အိမ်ကိုရောက်တော့ အသက်၁၄နှစ်။
၈တန်းအောင်ပြီးကိုးတန်းတက်မှာ။
ကိုကြီး က အဲဒီတုံးက ဆယ်တန်းကျောင်းသားပေါ့။
ကျမတို့ဖေဖေက အင်းသား မေမေကအောင်ပန်းသူ။
အောင်ပန်းဘက်မှာ ကြက်သွန်နဲ့အာလူးစိုက်တယ် ဝယ်တယ် ရောင်းတယ်။
ကိုကြီး တို့ဖေဖေက မန်းလေးဈေးချို ကိုင်းတန်းဈေးနားက ကြက်သွန်အာလူး ငရုတ်ပွဲရုံပေါ့။
ပြောရရင် ရှေးခေတ်က တစ်နယ်နဲ့တစ်နယ်အရောင်းအဝယ်လုပ်ကြတယ်ဆိုတာ တစ်ဦးနဲ့တစ်ဦး
သစ္စာရှိကြတယ် ဆွေမျိုးတွေလိုဘဲတစ်ယောက်ကို တစ်ယောက်ကူညီလို့ ရေရှည်ဆက်ဆံကြတယ်လေ။
အခုခေတ်ကတော့ တစ်ယောက်နဲ့တစ်ယောက်ငွေကိုဘဲမြင်နေကြတာများပါတယ်။

ကျမရှစ်တန်းဖြေထားတဲ့နှစ် နွေရာသီကျောင်းပိတ်ရက်မှာ ကိုကြီး တို့ မိသားစုက ကျမတို့တောင်ပိုင်းရှမ်းပြည်ကို
မိသားစု ဘုရားဖူးထွက်လာကြပါတယ်။
မိသားစုလိုက်အိမ်မှာဘဲတည်း ပြီးတော့ ကျမတို့မိသားစုနဲ့ ကိုကြီး တို့မိသားစု အတူပေါင်းပြီး ဘုရားဖူးထွက်ကြတာအနှံ့။
အတူနေကြသွားကြတာ ရက်နှစ်ဆယ်လောက်တော့ကြာပါတယ်။
မေမေကြီးနဲ့ ဘဘ တို့က ပြန်လဲပြန်ရော ကျမကို သူတို့နဲ့ခေါ်သွားဘို့ ကျမတို့မိဘဆီမှာခွင့်တောင်းပါတယ်။
ကျမကို မန်းလေးမှာကျောင်းဆက်ထားပေးမယ်ပေါ့။
နောက် ကိုကြီး က တစ်ဦးတည်းသောသား၊ကျမကတော့ သမီးအလတ်။
ကျမမိဘတွေကိုပြောတာပေါ့။
“ပိုပိုကိုခေါ်သွားရင်တောင် မအေးမိုးတို့မှာ သမီးနှစ်ယောက်ကျန်ပါသေးတယ်။
နောက် ကိုကြီး ကလဲတစ်ယောက်ထဲဖြစ်နေတော့ အဖော်မက်တယ် ။
တော်ရုံတန်ရုံလူကိုလဲ ခေါ်မထားချင်ဘူး မအေးရယ် ။
ဘွဲ့ရပြီးရင်တော့ သဘောအတိုင်းပြန်ခေါ်ချင်ခေါ်ပါ။
အခုတော့ သမီးလေးကို ထည့်လိုက်ပါနော်”
လို့တောင်းတောင်းပန်ပန်နဲ့ ပြောပြီးကျမကို မန်းလေးအပါခေါ်ခဲ့ပါတယ်။
မန်းလေးရောက်စကတော့ ကျမအတော်လေးစိတ်ညစ်ပါတယ်။
ရာသီဥတု နေရာထိုင်ခင်း အများကြီးကွာသွားတာကိုး။
အောင်ပန်းအိမ်မှာက မြေကွက်လပ်ကျယ်ကျယ် လေဝဝရူ ပူတယ်ဆိုတာမရှိအေးမြနေတဲ့အပြင်
ခြင်ဆိုတာ မြင်တောင်မမြင်ရသလောက်။
မိုးရွာတယ်ဆိုရင်လဲ ရွာတုန်းခဏ ရွှံ့တို့ဗွက်တို့ ရေဝပ်နေတယ်ဆိုတာရေဝင်တယ်ဆိုတာမရှိ။
ဒီမှာက တိုက်နဲ့နေတယ်ဆိုပေမယ့် တစ်အိမ်နဲ့တစ်အိမ်ကပ်ကပ်သတ်သတ်၊
တိုက်လာတာကလေပူ အသက်ရူလို့မဝ။
ညညဆိုခြင်က ကိုက်။
မိုးရွာရင်ဗွက်ထလို့ရေဝင်။
ရောက်စက အိမ်ပြန်ပြေးချင်တဲ့စိတ်တွေတစ်ရက်ကို သုံးခါလောက်ပေါ်ပါတယ်။

ဒါပေမယ့် ကိုကြီး တို့မိသားစုက ကျမကိုသမီးတစ်ယောက်လိုအရိပ်တကြည့်ကြည့်နဲ့လိုလေသေးမရှိထားပါတယ်။
သူတို့ရဲ့မေတ္တာတွေကြင်နာယုယမူ့တွေက ကျမအပေါ်လွှမ်းခြုံသွားပါတော့တယ်။
နောက်တော့လဲနေသားတကျနဲ့ ပျော်လာပါတယ်။
ကိုကြီး တို့မိသားစုရဲ့ အလုပ်ပိတ်ရက်ဥပုဒ်နေ့ဆိုရင် ကျမမရောက်ဘူးသေးတဲ့ မန္တလေးတောင်၊ရန်ကင်းတောင်၊
အင်းဝ၊စစ်ကိုင်းတောင် ၊ကောင်းမူ့တော် ၊မင်းကွန်း ၊ပြင်ဦးလွင်အနှံလိုက်ပို့ကြတော့ ပျော်စရာအင်မတန်ကောင်းပါတယ်။
နောက် ကိုကြီး က ကျမကို ကျောင်းတက်ရင်အဆင်ပြေအောင်ဆိုင်ကယ်စီးသင်ပေးပါတယ်။
နောက်ကျမဆိုင်ကယ်စီးတတ်သွားတော့ စိတ်ရဲအောင်ဆိုင်ကယ်အစီးကျင့်ရင်း ကိုကြီး နဲ့ကျမနှစ်ယောက်သား
တတွဲတွဲလျှောက်သွားကြတာ မန်းလေးမြို့အနှံ့။

ကျောင်းဖွင့်တော့ ကျမကို အမှတ်(၈)အထက်တန်းကျောင်းမှာထားပေးပါတယ်။
ကျောင်းစတက်စတော့ ကိုကြီး နဲ့အတူသွားပါတယ် သူက ကျမတို့ကျောင်းနဲ့သိပ်မဝေးတဲ့
အမှတ်(၁)အထက်တန်းကျောင်းမှာနေတာ ကိုး ဒီတော့ လမ်းကြုံတယ်လေ။
ကိုကြီး လိုရုပ်ရည်သန့်ပြန့်တဲ့အကိုတစ်ယောက်ရှိတာကျမအတွက်အင်မတန်မျက်နှာပွင့်ပါတယ်။
ယောက်မ တော်ချင်သူများတာကိုး။
အားလုံးက ကျမတို့ကို မောင်နှမအရင်းလို့ဘဲသတ်မှတ်ကြသလိုကျမနဲ့ကိုကြီး ကလဲ တကယ.်မောင်နှမအရင်းလိုနေကြတာပါ။
မေမေကြီးတို့ကလဲ အိမ်ကိုလာတဲ့ ဧည့်သည်တိုင်းကို သားကြီးနဲ့သမီးငယ်လို့မိတ်ဆက်ပေးလေ့ရှိတော့ အိမ်နီးနားချင်းကလွဲရင်
မောင်နှမအရင်းမဟုတ်တာဘယ်သူမှမသိပါဘူး။
နွေရာသီကျောင်းပိတ်လို့ ကျမအောင်ပန်းပြန်ရင်လဲ ကိုကြီး က ကျမတို့အိမ်ကို တလှည့်လိုက်နေ ကျောင်းဖွင့်မှအတူမန်းလေး
ပြန်ကြတာပါ။
အိမ်နေကြတဲ့အခါ အမေတို့ကလဲ ကိုကြီး ကို သားကြီး လို့ဘဲခေါ်သလို ကျမအမတွေညီမတွေနဲ့လဲတကယ်မောင်နှမတွေလို
လုံးလားထွေးလားနဲ့နေခဲ့ကြတာပါ။
သူက တစ်ဦးတည်းသောသားဆိုတော့ အမ တို့ ညီမတို့မက်သလို ကျမတို့အိမ်ကလဲ မိန်းကလေးတွေချည်းဘဲဆိုတော့
အကိုတို့မောင်တို့ မက်ပြန်ရော။
ကျမတို့ မိသားစုအကြားမှာ ကိုကြီးရယ် ကျမတို့ညီအမတစ်တွေရယ်က
မောင်နှမအရင်းထက်တောင်ပိုချစ်ကြတယ်လို့ခံစားမိပါတယ်။
အဲတော့ ကျမတို့ မိသားစုနှစ်ခုပေါင်းမှ ဘဝတစ်ခုက ပြည့်စုံသွားသလိုဖြစ်နေပါတယ်။
ကျမတို့ကလေးတွေရဲ့ ပါတ်သက်မူ့ကြောင့် မိဘတွေက ပိုရင်းနှီးပြီး နှစ်အိမ်တစ်အိမ်လိုဖြစ်နေပါတယ်။
ဒီလိုဘဲ နေကြရင်း ကျမလဲဆယ်တန်းအောင်တော့ ရတနာပုံတက္ကသိုလ်မှာရူပဗေဒအဓိကကျောင်းသူဖြစ်ချိန်
ကိုကြီး ်ကတော့ မြန်မာစာ ကျောင်းသားဘဝကို ကျမထက် တစ်နှစ်စောပြီး ရောက်နေပါတယ်။
ကျောင်းတက်ချိန်မတူတော့ တစ်ယောက် ဆိုင်ကယ်တစ်စီးစီနဲ့သွားတဲ့အခါသွား။
ကျမဆိုင်ကယ်အစီးပျင်းတဲ့ရက်ကျရင် ကိုကြီးနောက်က လိုက်တဲ့အခါလိုက်။
ပျော်စရာကောင်းတဲ့ ရက်များပါဘဲ။
သူငယ်ချင်းတွေက ကိုကြီး ကို တောင်းလို့ယောင်းမခေါ်ရင်ကျေနပ်နဲ့ တက္ကသိုလ်ကျောင်းသူဘဝကို ပျော်ပျော်ကြီးဖြတ်သန်းခဲ့ရပါတယ်။
အိမ်ရောက်ရင်တော့ ကျမက မေမေကြီးကို အချက်အပြုတ်ကူ၊အိမ်ဖော်မထားဘဲကိုယ်တိုင်လုပ်တဲ့အိမ်ဆိုတော့ အဝတ်လျှော်မီးပူတိုက်
ကကျမတာဝန်။
အရောင်းအဝယ်နဲ့ပါတ်သက်တဲ့ စာရင်းအင်းတွေ အကြွေးလိုက်ကောက်တဲ့အလုပ်တွေ ကိုတော့ ကိုကြီး ကလုပ်။
ဒါပေမယ့် စနေတနင်္ဂင်္နွေကျောင်းပိတ်ရက်မှာတော့ နှစ်ယောက်လုံးဈေးကူရောင်းရပါတယ်။
သွေးမတော် သားမစပ် ကိုကြီး နဲ့ကျမ တစ်အိမ်ထဲမှာ ပူးပူးကပ်ကပ် နီးနီးစပ်စပ်နေကြပေမယ့်
ကိုကြီး စိတ်မှာရော ကျမစိတ်မှာ မောင်နှမလို စိတ်မျိုးကလွဲလို့ ဘယ်လိုမှ ထူးခြားမလာခဲ့တာလဲအမှန်ပါဘဲ။
နီးစပ်လို့ တပ်မက်စိတ်ပေါ်တယ်ဆိုတာ အချို့သောသူများတွေအတွက် ဟုတ်ချင်ဟုတ်နိုင်ပေမယ့်
ကျမတို့နှစ်ယောက်ကြားမှာ တော့ရိုးသားခဲ့တာမတော်မတရားစိတ်နဲ့မတပ်မက်ခဲ့တာ
မသန့်စင်သောမေတ္တာတွေနဲ့ မချစ်ခဲ့ ကြတာ ကတော့ သေချာပါတယ်။
နောက်ရုပ်ရှင်တွေ ဝတ္တုထဲကတွေလို ဖိတ်ချင်းဖိတ်ကိုယ့်အိပ်ထဲဖိတ်ဆိုပြီး နှစ်ဖက်မိဘတွေကလဲ ကျမနဲ့ကိုကြီးကို
ပေးစားဘို့ အစီအစဉ်မရှိခဲ့တာလဲအမှန်ပါ။
မိဘတွေကိုယ်တိုင် က ကျမတို့ကို မောင်နှမအရင်းလို သဘောထားပြီးဆက်ဆံလို့ပါ။
ကျမတို့ အရွယ်ရောက်လို့ အပျိုလူပျိုဖြစ်လာပေမယ့်လဲ ခန္ဓာကိုယ်က သာ သဘာဝအရပြောင်းလဲခဲ့ပေမယ့်
ကျမတို့နှစ်ယောက်ရဲ့သန့်စင်သောစိတ်ထားကတော့ မပြောင်းလဲခဲ့တာအမှန်ပါဘဲ။
တစ်ယောက်အခန်းတစ်ယောက်ဝင်ချင်သလိုဝင်၊
တစ်ယောက်နဲ့တစ်ယောက်ဘယ်လို့ဘဲ ပူးပူးကပ်ကပ်နေနေ တပ်မက်မူ့နဲ့ယှဉ်တဲ့ နွမ်းညစ်တဲ့ခံစားမူ့တွေ
ဘယ်တုန်းကမှ ရှိမလာတာက လဲတကယ့်ကို အသေအချာပါဘဲ။
ဒီလိုဘဲ ကျောင်းဖွင့်ရင်မန်းလေးနေ ကျောင်းပိတ်ရင်အောင်ပန်းပြောင်းနေကြ။
ကျမမိဘတွေ မိသားစုတွေကလဲ ကိုကြီး လာရင် အဝေးရောက်နေတဲ့သားအိမ်ပြန်လာသလို ကြိုဆိုကြနဲ့
စိတ်ချမ်းမြေ့ဖွယ်ရာတွေနဲ့မွှမ်းထုံနေတဲ့ မိသားစုကလေး အများမြင်ရင်အားကျခဲ့ရတဲ့မိသားစုလေးပါဘဲ။

အရင်းမဟုတ်တဲ့မောင်နှမတစ်တွေ အတူနေရင်း ဘွဲ့ရခဲ့ပြန်တော့လဲ ကျမက မေမေကြီးတို့နဲ့ဘဲဆက်နေဖြစ်ခဲ့ပါတယ်။
မေမေကြီးကလဲ အရင်ကသာ ဘွဲ့ရရင်အိမ်ပြန်ုလို့ပြောခဲ့ပေမယ့် နှောင်ဖွဲ့ထားတဲ့သံယောဇဉ်ကြိုးက ခိုင်မာလို့နေတော့ မပြန်စေ့ချင်တာအမှန်ပါဘဲ။
မေမေကြီးတို့ကပြန်ဘို့စကားမဟသလို ကျမကလဲ မန်းလေးမှာ နေရာတာပျော်ပါတယ်။
လူလေးယောက်နဲ့ဖွဲ့တည်ထားတဲ့ မိသားစုလေးမှာတစ်ယောက်ဘက်ပဲ့သွးခဲ့ရင်လုပ်ငန်းတွေကအစ
ကသိကအောင့်ဖြစ်သွားမယ်ဆိုတာလဲ သိနေလို့ပါ။
ကျမမေမေက “သမီးပြန်လာချင်လဲရတယ် မပြန်ချင်ရင်လဲ အဲဒီမှာနေ ညည်းမေမေကြီးတို့က
အသက်ကြီးပြီ သူတို့ကို သမီးက တလှည့်ပြန်စောင့်ရှောက်ပါ”
လို့ဖွင့်ပြောထား့ပြန်တော့မေတ္တာနဲ့သံယောဇဉ်ကလွဲရင် ဘာနဲ့မှချည်နှောင်မထားတဲ့ မိသားစုလေးကို ကျမအခွဲခက်ပါတယ်။
တကယ်ပြောရရင်အောင်ပန်းပြန်ရင်တောင်မှ ကျမစိတ်ထဲမှာ သူများအိမ်ကု အလည်သွားသလို
ဧည့်သည်တစ်ယောက်လိုခံစားနေရတာအမှန်ပါဘဲ။

ပြီးခဲ့တဲ့ နှစ်မှာတော့ ကိုကြီး ရယ် ဖေဖေကြီးရယ်က ရန်ကုန်ကိုသွား ကျမနဲ့မေမေကြီး က အိမ်စောင့်၊
နှစ်ပါတ်လောက်ကြာတဲ့ခရီးကအပြန်မှာတော့ ကိုကြီး ပါးစပ်ဖျားမှာ”လင်းလင်း “ဆိုတဲ့စကားလုံးလေး
ကို သယ်ဆောင်လို့လာပါတယ်။
ကိုကြီးပြန်လာကတည်း က သူတို့တည်းခဲ့တဲ့အိမ်က ကျမနဲ့ရွယ်တူ စီးပွားရေးတက္ကသိုလ်ကနေကျောင်းပြိးထားတဲ့
“ လင်းသော်တာ“ က ကိုကြီးရဲ့ စာမျက်နှာလေးဖြစ်လာပါတော့တယ်။
တစ်နေ့ တစ်နေ့ မျက်နှာလေးကဘယ်လို ကိုယ်လုံးကိုယ်ပေါက်နဲ့
အသားအရေက ဘယ်လိုလှကြောင်း စကားပြောတဲ့အသံသာကြောင်း
သူကို့ ကိုကို လို့ ချွဲချွဲနွဲ့နွဲ့ခေါ်တတ်ကြောင်း ကျိုက်ထီးရိုး ချောင်းသာ ငပလီ အစရှိတဲ့ ခရီးတွေက ပျော်စရာ
ကောင်းကြောင်း ကျမ မမြင်ဘူးတဲ့ “လင်းသော်တာ ဋီကာ”ဖွဲ့လို့ မမောတမန်း
ပြောပြတာကို နားထောင်ရတာအကြိမ်ပေါင်းများလွန်းလို့ အလွတ်တောင်ရလောက်အောင်ပါဘဲ။
တိုးတက်တဲ့ဒီခေတ်ကြီးထဲမှာ လင်းလင်း ဆီက ဖုန်းလာရင်လာ မလာရင် ကိုကြီးကဆက်။
ညဘက်ဆို အင်တာနက်မှာ အသံတိတ်ချက် ။
အီးမေးလ်ကနေပု့ိပေးတဲ့ လင်းလင်းဓါတ်ပုံကို ကျမကိုခေါ်ပြ ပြီး”လှတယ်နော်”လို့ မမေတန်းပြောလို့ပြော။
ကျမကိုတောင် ကိုကြီးက မေ့ထားသလိုပါဘဲ။

နောက်တော့ လင်းလင်းတို့ မိသားစုလည်း မန်းလေးကိုအလည်လာကြပါတယ်။
ပြင်ဦးလွင် စစ်ကိုင်း မင်းကွန်း မုံရွာ အထက်အညာကို ဘုရားဖူးထွက်ကြပါတယ်။
ကိုကြီးပြောသလို လင်းလင်း ကအလွန်ချစ်စရာကောင်းပါတယ်။
ကျမတို့အိမ်မှာတည်းတော့ လင်းလင်းနဲ့ကျမ ညဆိုအတူတူအိပ်။
ကိုကြီး မအားဘူးဆိုရင် ကျမနဲ့လင်းလင်းဆိုင်ကယ်တစ်စီးနဲ့နှစ်ယောက်အတူသွား။
အရွယ်တူဖြစ်နေတဲ့လင်းလင်းနဲ့ ကျမ ခွဲမရသလိုပါဘဲ။
ဒီလိုနဲ့မန်းလေးမှာသူတို့ ရှိနေတုန်းကျောင်းလဲပြီးပြီးသား ။
လူငယ်အချင်းချင်းကလဲအဆင်ပြေ ၊
မိဘတွေကလဲအိုကေတယ်ဆိုတော့ လင်းလင်းနဲ့ကိုကြီးကို လက်ထပ်ဘို့ရက်ပါသတ်မှတ်လို်က်ကြပါတယ်။
ကျမမှာလဲ ချစ်စရာ ယောင်းမရပြီဆို ဝမ်းသာလိုက်ရတာ။
သူတို့မပြန်ခင်ကိစ္စအားလုံးပြီးတော့ လင်းလင်းမှာလဲပျော်လို့။

သူတို့လက်ထပ်ပြီးတော့မန်းလေးမှာလာနေပါတယ်။
လက်ထပ်ပြီးချိန်မှာကိုကြီးက ကျမကို အရင်ကထက်ပိုဂရုစိုက်ပါတယ်။
လင်းလင်းအတွက်ဝယ်ရင်ကျမအတွက်ပါ အမြဲပါ ပါတယ်။
အိမ်မှာလူစိမ်းတစ်ယောက် ဝင်လာတော့ အရင်းအချာမဟုတ်တဲ့ကျမ အောင်ပန်းကိုပြန်ဘို့
လင်းလင်း မသိအောင် ခွင့်တောင်းတော့ မေမေကြီးက ငိုပါတယ်။
ကိုကြီးက မျက်နှာညိုပါတယ်။
ဒါနဲ့ဘဲဆက်နေဖြစ်တယ်ဆိုပါတော့။
ဘဘကြီး က လုပ်ငန်းကို ဝင်မပါ ကိုကြီးကိုဘဲလွှဲထား။
လင်းလင်းက မေမေကြီးနဲ့အိပ်အလုပ်ကို ကူ ကျမနဲ့ကိုိုကိုကြီး က ဆိုင်အတူထွက်။
ညဘက်ဆို မောင်နှမနှစ်ယောက်ခေါင်းချင်းဆိုင်။
ငွေတွေစစ် စာရင်းတွေစစ်။
လုပ်ငန်းမကျွမ်းကျင်တော့ အချိန်တွေပိုကုန် ။
တစ်ခါတစ်ရံကျမတို့မောင်နှမနှစ်ယောက်အလုပ်တွေမပြီးသေးပေမယ့် တီဗွီအစီအစဉ်ပြီးရင်တော့
လင်းလင်းက အိပ်ယာဝင်နှင့်ပေါ့။
ကျမကလဲအရင်တုန်းကလို လင်းလင်းကို သွားချင်ရာလိုက်မပို့နိုင်တော့ တစ်ခါတစ်လေ
သူ့သူငယ်ချင်းတွေနဲ့အတူ လင်းလင်းကလဲ အပြင်ထွက်တတ်ပါတယ်။
ကျမနဲ့ကိုကြီးကတော့ ဆိုင်မှာအလုပ်တွေလုပ်ပေါ့။
ကိုကြီးနဲ့ကျမတို့ နှစ်ယောက်ဆိုင်ကို ဦးစီးပြီးလုပ်တာကိုင်တာစိတ်ချပြီလို့ထင်ရတဲ့အခါမှာတော့
တရားစခန်းကိုဘဲသွားနေကြပါတော့တယ်။
လင်းလင်းကတော့ အိမ်ထောင်သာကျသွားတယ် စကတည်းက အလုပ်လုပ်ဘူးသူမဟုတ်တော့
သူ့ကအိမ်မှာနေအိမ်မူ့ကိစ္စတွေလုပ်။
ဆိုင်ကိုလိုက်လာတယ်ဆိုတာ မရှိသလောက်ပါဘဲ။
ကိုကြီးက အရောင်းအဝယ်နဲ့အပြင်လူတွေနဲ့ရုံးပြင်ကန္နားအလုပ်တွေလုပ်၊
ကျမက ကဆိုင်အမြဲထိုင် ငွေပေးငွေယူတွေကိုစီမံဆိုတော့ အိမ်ရဲ့ဘဏ္ဍာထိန်းရာထူးက
မယူဘဲရသွားပါတယ်။
အိမ်အသုံးစားရိတ်ကတော့ ကိုကြီးဘဲသူ့ဘာသာသူယူပြီး လင်းလင်းကိုပေးပါတယ်။
အဲတော့ မနက် ၈နာရီလောက်မောင်နှမနှစ်ယောက်အိမ်ကအတူထွက် ညရနာရီကျော်မှာပြန်လာ။
အဲဒီအချိန်လင်းလင်းက တီဗွီရှေ့မှာကိုရီးယားလှိုင်းပေါ်ရောက်နေပါပြီ။
ရေမိုးချိုးပြီုးလို့ ထမင်းစားမယ့်အချိန်ရောက်တော့ ညရှစ်နာရီ။
တစ်ခါတစ်လေ လင်းလင်းပါ သုံးယောက်အတူထမင်းစား။
အများအားဖြင့်တော့ ကျမနဲ့ကိုကြီးနှစ်ယောက်ထဲ။
စားသောက်ပြီးလို့ခဏနားပြီးရင်မောင်နှမနှစ်ယောက် စာရင်းတွေလုပ်ငွေတွေစစ်ဆယ်နာရီဆယ့်တစ်နာရီရောက်၊
အဲတော့ ကိုကြီး က လင်းလင်းနဲ့အတူနေချိန်ထက် ကျမနဲ့အတူတွဲပြီးအလုပ်လုပ်နေချိန်ပိုများနေပါတယ်။
ကိုကြီး ကို လင်းလင်းနဲ့အတူသွားနေဘို့ ကျမပြောပေမယ့် နှစ်ယောက်ထဲရှိတဲ့အလုပ်မှာ တစ်ယောက်မလုပ်ရင်
တစ်ယောက်ပိုလုပ်ရမယ်ဆိုတာသိနေတော့ ကျမနဲ့သာအလုပ်ပြီးအောင်လုပ်နေတာများပါတယ်။
ဒီလိုအလုပ်တွေသိမ်းကြုံးလုပ်နေရတဲ့အခါများမှာ ကိုကြီးနဲ့ကျမ လွတ်လပ်ပေါ့ပါးစွာ နေခဲ့ရတဲ့ အပူပင်
မဲ့ခဲ့တဲ့ရက်များကို သတိရမိပါတယ်။
တစ်ရက်အလုပ်တွေလုပ်နေရင်း ကျမဘေးမှာငွေတွေရေနေတဲ့ကိုကြီးပုခုံးပေါ်ခဏလေးဆိုပြီး မှီလိုက်တာကနေ
ကျမအိပ်ပျော်သွားပါတယ်။
အဲဒီအချိန်မှာ လင်းလင်း က တီဗွီကြည့်နေပါတယ်။
ခဏနေတော့ ဒုန်းဆိုတဲ့အသံကြားလိုက်မှ ကျမလန့်နိုးသွားပြီး ကိုကြီးပခုံးပေါ်အိပ်ပျော်သွားတာကိုသိလို်က်ပါတယ်။
ဒီ ဒုန်း ဆိုတဲ့အသံက လင်းလင်း သူတို့ အိပ်ခန်းတံခါးကို ဆောင့်ပိတ်လို်က်တဲ့အသံလေးပါ။
ဒီ ဒုန်းသံလေးက ကျမတို့ရဲ့ သန့်စင်သောချစ်ခြင်းကို ခြေဖျက်ပေးမယ့် ပထမဆုံးသော အချက်ပေးခေါင်းလောင်းသံဆိုတာ
ကို နောက်မှသိရပါတယ်။
အဲဒီနေ့က ကိုကြီးတို့လင်မယား သူတို့ အခန်းထဲမှာ ကျိတ်ပြီးစကားများကြပါတယ်။
သူတို့အခန်းကို ဖြတ်ပြီး အသွား ခပ်ဟဟ ဖွင့်ထားတဲ့တံခါးကြားကနေ
“ လင်းလင်းက ဒီအိမ်မှာ တစိမ်းလိုဖြစ်ပြီးဘေးရောက်နေတာလေ ကိုကို ကိုယ်ချင်းစာကြည့်ပါ”
“ငါတို့က တစ်နေ့တစ်နေ့ အလုပ်ထဲမှာဘဲ အချိန်ကုန်နေကြတာ ကလေးမဆန်ချင်ပါနဲ့ လင်းလင်းရယ်”
ဆိုတဲ့ ကိုကြီးက ဖျောင့်ဖြတဲ့ အသံလေးကိုကြားလိုက်ရပါတယ်။
နောက် မေမေကြီးတို့ တရားစခန်းက အိမ်ပြန်လာတော့ အရင်လိုအေးအေးဆေးဆေးပြန်ဖြစ်သွားပါတယ်။

ဒီလိုနဲ့ဘဲ လင်းလင်း ကိုယ်ဝန်ရှိလာချိန်မှာ ကျမအတွက်တာဝန်တွေပိုပိလာသလိုပါဘဲ။
အိမ်အလုပ်ရော ဆိုင်အလုပ်ရော ကျမဒိုင်ခံလုပ်ပေးရတာကိုး။
နောက်အမေကြီးအစီအစဉ်နဲ့ အိမ်အကူုကောင်မလေးတစ်ယောက်ကိုခေါ်လိုက်ရပါတယ်။
နောက် လင်းလင်းမီးဖွားချိန်မှာတော့ သားလေးမွေးပါတယ်။
တစ်အိမ်လုံးမနားရ ပျော်လိုက်ရတာ ပြောမပြနိုင်အောင်။
ကျမ မှာလည်းတူလေးတစ်ယောက် ရလာတာကို ကြွားမဆုံးပေါ့။
အိမ်ဆည်းလည်းလေးရောက်လာတာကိုး။
ကိုကြီးတို့သားလေးကို ကျမက “နွေးသီး”လို့အိမ်နာမယ်ပေးထားပါတယ်။
ကလေး လေးကို အိမ်ရောက်တာ နဲ့ကျမက ချီလိုက်ပိုးလိုက်နဲ့ပေါ့။
တစ်ခါတစ်ခါ ကလေးအမေ လင်းလင်းကို ပြန်မပေးဘဲ လုပြီးချီတတ်ပါတယ်။
နွေးသီး ဆိုတာက အာလူးသီးကို ကျမတို့အင်းသားအခေါ်နဲ့ခေါ်တာပါ။
သူမျက်နှာက ပါးစုံ့ကြီးတွေက အာလူးသီးလို လုံးလုံးလေးမို့လည်း ဒီနာမယ်ပေးထားတာပါ။
လင်းလင်းကလဲ ဒီနာမယ်ကို အစက မကြိုက်ပေမယ့်နောက်တော့ လဲနားယဉ်သွားတော့
နွေးသီး ဆိုတဲ့နာမယ်လေးက အတည်ဖြစ်သွားပါတယ်။
နောက်လင်းလင်းက နို့ထွက်မကောင်းတော့နို့ဘူးတိုက်မွေးရပါတယ်။
နို့ဘူးတိုက်တယ်ဆိုတော့ ကိုကြီးည အိပ်ရေးပျက်မှာစိုးတော့ ကလေးကို ကျမနဲ့ခေါ်သိပ်ပါတယ်။
ကလေးကလဲ ကျမနဲ့ အနေများသလိုဖြစ်လာပြန်တော့ ကျမမြင်တာနဲ့ ကျမပေါ်ထိုးလိုက်ဘို့ ဟန်ပြင်တတ်ပါတယ်။
တစ်ရက် ကျမတို့အလုပ်ပြန်အလာ အိမ်အဝမှာကလေးက ကျမမြင်တာနဲ့ သူ့ကိုချီဖို့ အချက်ပြပါတယ်။
ကျမက လက်ထဲမှာအထုပ်အပိုးတွေနဲ့ဆိုတော့ သူ့ကို ယူမချီတဲ့အခါ ကလေးက ငိုပါတော့တယ်။
“နင့် အမေအရင်း ကချီထားတာပါ နွေးသီးရယ်”လို့လင်းလင်းကပြောလိုက်တော့
“လင်းလင်း စကားကိုဘယ်လိုပြောနေတာလဲ”လို့ကိုကြီးက လှမ်းဟန့်လိုက်ပါတယ်။
“လင်းက အမှန်အတို်င်းပြောတာလေ တော်ကြာ အရင်းလား အဖျားလား မသိဘဲနေမှစိုးလို့”
ပြန်ပြောလိုက်တဲ့အခါ ကိုကြီး က စိတ်ဆိုးသွားပုံရပါတယ်။
အိမ်ပေါ်ကို တဒုန်းဒုန်းနဲ့တက်သွားပါတယ်။
ကျမလဲ ဘာမှမဖြစ်သလိုနဲ့ ထွက်လာခဲ့ပါတယ်။
ခဏနေတော့ သူတို့အခန်းထဲမှာ သိပ်မတိုးမကျယ်နဲ့စကာများတဲ့အသံတွေကြားရပါတယ်။
“ လင်းကို ကိုကို တို့ တစ်အိမ်လုံး ဝိုင်းပြီး ဖုံးကွယ်ထားကြတာ။
ပိုပိုနဲ့ကိုကို ဘာမှမတော်တာ သူများပြောမှသိရတယ်။
အခုတော့ တစိမ်းက အိမ်မှာသူ့လက်သူ့ခြေ ၊
ချွေးမအရင်းက ဘေးထွက်နေရတယ်။”
ဆိုတဲ့အသံလဲကြားမိရော ကျမနှုလုံးသွေးတွေရပ်သွားသလိုခံစားလိုက်ရပါတယ်။
ကျမလဲသူ့တို့အခန်းနဲ့ဝေးတဲ့ မေမေကြီးတို့ အောက်ထပ်ကိုဆင်းနေလိုက်ပါတော့တယ်။
အဲဒီရက်က မေမေကြီးတို့က ရိပ်သာသွားနေကြတော့ တော်သေးတယ်လို့ တွေးမိပါတယ်။
ထူးခြားတာကတော့ အဲဒီနေ့စကစပြီး နွေးသီး လေးကို ကျမနဲ့အတူမသိပ်တော့တာပါဘဲ။
နောက်နေ့မနက်လင်းတော့ ကျမက မသိသလိုနေပေမယ့် လင်းလင်း ကကျမကိုစကားမပြောတော့ပါဘူး၊။
အပွင့်လင်းဆုံးပြောရရင် တစ်သက်လုံးမောင်နှမလိုနေခဲ့တဲ့ ကိုကြီးကိုတောင်မခေါ်ရဲသလောက်ဖြစ်သွားပါတယ်။
နောက်မှသိရတာက ခေါ်ထားတဲ့အိမ်အကူမလေးက နေ့လည် ကျမတို့မရှိတဲ့အချိန်မှာ သူများအိမ်တွေလျောက်လည်
ပါသတဲ့။ကျမတို့အတွင်းရေးကို တစ်ယောက်ယောက်ကပြောလိုက်ပုံရပါတယ်။
တကယ်ပြောရရင် ကျမတို့ စိတ်ထဲမှာ မောင်နှမအရင်းမဟုတ်ဘူးဆိုတဲ့အတွေးက ရှိကိုမနေတော့တာပါ။
နောက် ပိုင်းမှာ ကိုကြီးတို့လင်မယား စကားများတဲ့အကြိမ်က စိတ်လာသလို အရှိန်ကလဲမြင့်သထက်မြင့်လာပြီး
ပစ္စည်းတွေကိုပေါက်ခွဲတဲ့အဆင့်ထိရောက်လာပါတယ်။
အဲဒီအခြေအနေကတော့ လင်းလင်းက ကိုကြီးနဲ့ကျမကို မရိုးသားဘူးလို့စွတ်စွဲလို်က်တဲ့နေ့ပါဘဲ။
နောက်ရက်တော့ မေမေကြီးတို့ပြန်ရောက်လာပါတယ်။
ဒီအချိန်မှာတော့ တိုက်ပွဲက ခဏရပ်သွားပါတယ်။
ဒါပေမယ့် ကျမ စွန့်ခွာဘိုု့ဆုံးဖြတ်ပြီးပါပြီ။
ကျမကြောင့် မိသားစုတွေကြားမှာစိတ်ဝမ်းမကွဲစေချင်လို့ပါ။
ကျမအိမ်ကို လှမ်းခေါ်ဘို့ ဖုန်းဆက်ရပါတယ်။
အိမ်ကဖုန်းလာတဲ့အခါမှာတော့ မေမေကြီးတို့ကို ငွေတွေစာရင်းတွေအပ်။
ခဏပြန်မယ်ဆိုတဲ့အနေအထားနဲ့ ပြန်ဘို့ခွင့်တောင်းရပါတယ်။
“မေမေကြီးက သမီးငယ် မြန်မြန်ပြန်လာနော် နွေးသီး ကသမီးရှိမှအိပ်တာ”လို့လဲပြောရော
ကျမ စိတ်မထိန်းနိုင်တော့ဘဲ ရှိုက်ကြီးတငှင်ငိုမိပါတယ်။
ကျမဘယ်တော့မှ ပြန်မလာတော့ဘူးလို့ဆုံးဖြတ်ပြီးသားဖြစ်နေလို့ပါ။
နောက်နေ့မနက်ကားနဲ့ကျမဇာတိမြေကိုပြန်ခဲ့ပါတယ်။
ကိုကြီးကိုတော့ ကျမ ပြန်မလာတော့ဘူးဆိုတာ ပြောတော့ ကိုကြီး ရင်ထဲမှာငိုနေတယ်ဆိုတာကျမသိပါတယ်။
မောင်နှမအရင်းလို နေခဲ့ကြ သန့်ရှင်းခဲ့ကြတာကို ကျမတို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှ မသိနိုင်သလို သိဘို့လဲမလိုအပ်ဘူးလို့
ယုံကြည်ပါတယ်။
လောက မှာ သန့်စင်သောချစ်ခြင်းကို မခံစားတတ်ကြသူများပါတယ်။
သွေးသားမတော်တဲ့ ဖိုမဆိုတာနဲ့ တပ်မက်ခြင်းရမ္မက်ကိုသာတွဲမြင်တတ်ကြတာကိုလဲသဘာဝလို့ဘဲသဘောထားလိုက်ပါတယ်။
ကျမ ပြန်ရောက်စကတော့ မနေတတ်ပါဘူး။
ငေးငေးငိုင်ငိုင်နဲ့ စိတ်နဲ့လူမကပ်သလို။
မေမေကြီးနဲ့ဘဘကိုလဲ သတိရတယ်။
နွေးသီးလေးကတော့ သတိအရဆုံးပေါ့။
တသက်လုံးအကိုလိုနေခဲ့တဲ့ ကိုကြီးကိုလဲသတိရသလို
မပြည့်ဝတဲ့ သူငယ်ချင်းလဲဖြစ်ယောင်းမလဲဖြစ်တဲ့ လင်းလင်း ကိုလဲသတိရပါတယ်။
တစ်ချိန်မှာတော့နားလည်လာနို်င်ကောင်းပါရဲ့လို့ အတွေးနဲ့ဘဲဖြေသိမ့်ရပါတယ်။
နောက်တော့လဲ ကိုယ့်အိမ်က ကိုယ့်အိမ် ကိုယ့် မိသားစု က မိသားစုပါဘဲ။
နေသားကျလို့ အလုပ်တွေထဲမှာစိတ်နှစ်လို့ပုံမှန်လည်ပါတ်နေတဲ့ဘဝထဲမှာစီးမျောလို့နေ။
အတိတ်ဆိုတာကို အခုလိုကြုံကြိုက်မှ သတိရဖြစ်ပါတော့တယ်။
ကားကလေးက ရပ်သွားလို့ ကလေးအမေက သူ့ကလေးကိုပြန်တောင်းနေပါပြီ။
အဲတော့ မှကျမအတွေးတွေလဲရပ်လို့သွားပါတယ်။

တကယ်တော့ အတိတ်ဆိုတာ ပြန်လည်ပြင်ဆင်ခွင့်မရှိတော့တဲ့ ပန်းချီကားတစ်ချပ်ဆိုတာကတော့
အသေအချာပါဘဲ။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(1-11-11)

25 comments

  • Yin Nyine Nway

    November 1, 2011 at 8:41 am

    ပိုစ့် တကာ့ ပိုစ့်ထဲမှာ ဒီပိုစ့်က ရင်ငြိမ်း အတွက် အမှတ်ရဆုံးဖြစ်နေမယ်ထင်တယ်…
    ကူးသွားပြီနော် …
    ဟုတ်တယ်…ကိုပေါက်ရေ ….
    ဘဝဆိုတာ ပြင်ဆင်လို့မရတဲ့ ပန်းချီကားတချပ်လို
    ပြီးတော့ အတိတ်ဆိုတာ ပြန်လည်ပြင်ဆင်ခွင့်မရှိတဲ့ ပန်းချီကားတစ်ချပ်ဆိုတာပေါ့ …

    • ကြောင်ကြီး

      November 1, 2011 at 9:20 am

      ဝမ်းမနဲပါနဲ့ နွေးသီးရယ်။ အကိုတယောက် ဆုံးရှုံးခဲ့ရပေမဲ့ ကိုကြောင်ကြီးကို မောင်တယောက်လို အစားထိုး ဆက်ဆံနိုင်ပါတယ်။ မမနွေးသီး မုန့်ဖိုးတသိန်းလောက်ပေးပါ…။ 😛
      ဦးပေါက်… ကြောင်ကြီးအကြောင်းကိုလည်း စာတပုဒ်ရေးပေးပါ။ ဇာတ်လမ်းက ဆင်တူပဲ၊ ကျနော်နဲ့ နာနာတို့ရဲ့ ရိုးသားဖြူစင်တဲ့ မေတ္တာဘွဲ့ဇာတ်လမ်းတပုဒ် ရွာသားများသိအောင် ရေးပေးပါ။ နို့မိုရင် ဒင်းတို့ ကြောင်ကြီးကို ဂျလေဘီ မှတ်နေကြတယ်။ 😡

      • etone

        November 1, 2011 at 12:52 pm

        နွေးသီးဆိုတာ .. အာလူးကို ခေါ်တာကိုး … ဟီးဟီး … ရွာထဲက နွေးသီးကတော့.. အားလူးထက် ပို … #@#@!^% 😆

        ချစ်စရာကောင်းတယ်လို့ … အဟီး 😀

      • TTNU

        November 1, 2011 at 2:41 pm

        ကိုကြီးကြောင်
        သေချာဖတ်လေကွာ။ နွေးသီးက ကိုကြီးနဲ့ လင်းလင်းတို့ရဲ ့ သား…ကောင်လေးလေ။
        မမနွေးသီး မဟုတ်ဘူးလေ။
        ရေနွေးကြမ်းသောက်တာများသွားပြီလားကွယ်။

  • chitlay

    November 1, 2011 at 8:57 am

    လေးပေါက်ရေ .. ဖတ်လို့ကောင်းလိုက်တာနော် … မောင်နှမအရင်းမဟုတ်ပေမယ့် သူတို့ အချစ်က ဖြူစင်တယ်နော် .. လင်းလင်းနေရာက ကြည့်ပြန်တော့လဲ သွေးမတော်သားမစပ်ပဲ နေနေတာကို တမျိုးစိတ်ကွက်မှာပေါ့နော် .. မိန်းမတွေဆိုတာကလဲ အူတိုမျိုးကိုး .. မုန့်ကိုသာဝေစားမယ် အချစ်ကိုတော့ ဝေမစားနိုင်ကြဘူးလေ … ပတ်ဝန်းကျင်က သွေးထိုးစကားတွေကြောင့် အဲ့လိုတွေဖြစ်သွားတာ … ပိုပိုလေးလဲ သနားပါတယ်နော် … လေးပေါက်က စာရေးကောင်းလိုက်တာ …

  • ပေါက်ဖော်

    November 1, 2011 at 9:44 am

    အင်း..
    ပိုပိုရေ..လင်းလင်းမိုလို ့..ဒီလောက် သည်းခံတာဗျာ
    လင်းလင်းနေရာမှာ..ကျနော့်အဖွားကြီးဆို….ကွိစိ..ကွိစိပဲ..အဟဲဟဲ.
    😆

  • koyinmaung

    November 1, 2011 at 10:52 am

    အရမ်းကောင်းတဲ့ပို့စ်ပါ..ဆရာပေါက်ရေ
    အားပေးသွားပါတယ်….

  • amatmin

    November 1, 2011 at 11:15 am

    သူက နောက်ကျသွားတာကိုး အခွင့်အရေး တွေကကိုယ့်ဘက်မှာ ရှိခဲ့ပါ လျက်..
    အခုကျတော့..ကိုယ့်သွေးလည်းမဟုတ်.ကိုယ့်သားလည်းမဟုတ်.နဲ့..

    ဖတ်လို့ကောင်းလိုက်တာ.နွေးသီး (ကိုပေါက်)ရယ်..:-)

  • etone

    November 1, 2011 at 11:57 am

    ဖတ်လို့ကောင်းလိုက်တာ လေးပေါက်ရေ … ဖတ်ပြီးနည်းနည်းတောင် ဟက်ထိသွားတယ် … ။
    ကြေကြေကွဲကွဲနဲ့ စွန့်ခွာလာသူ တစ်ယောက်ရဲ့ စိတ်မျိုးပီပြင်အောင်ရေးပြသွားတဲ့ ဒီပို့စ်လေးက တခြားပို့စ်တွေနဲ့ မတူပဲ ကွဲပြားတဲ့ ရသကို ပေးနိုင်လွန်းလို့ပါ … ။ 🙂

  • နွယ်ပင်

    November 1, 2011 at 12:00 pm

    လေးပေါက်ရေ တကယ့်ကို ရသမြောက်မြောက်ကိုရေးထားတာပါလား
    အရမ်းကောင်းပါတယ် ။

  • TTNU

    November 1, 2011 at 12:33 pm

    ကိုပေါက်ရေ
    အဖြူရောင်မေတ္တာဘွဲ့လေးကို ( one eleven eleven ) နေ့ တည့်တည့်ကြီးမှာ တင်လိုက်တာလား။
    အကယ်၍ ပိုပို နဲ့ ကိုကြီးတို့ရဲ ့ ( platonic love) ကို လင်းလင်းသာ နားလည်ခဲ့သည်ရှိသော်…….
    ပြန်ပြင်လို့ ရတဲ့ ပန်းချီကားတစ်ချပ် ဖြစ်လာမှာပေါ့နော်။

    သွေးမတော် သားမစပ် ဆိုတဲ့ အရိုးစွဲ စိတ်ဓာတ်နေရာမှာ ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်း ဆိုတာလေး
    အစားထိုးရတော့မယ်နော။

    ကိုပေါက်ရေ နွေးသီးလေးကြီးလာတော့ သူ့ ကြီးဒေါ် ဒေါ်ပိုပို ကိုလာတွေ့ပြီး (ကိုကြီးနဲ့ လင်းလင်း မရှိတော့
    တဲ့ လောကကြီးထဲမှာ) ကြီးဒေါ်ကိုပဲ သွေးသားရင်းချာစိတ်ထားပြီး လုပ်ကိုင်ကျွေးမွေးတော့ သတည်း အထိ
    ဆက်ရေးပါ။ ဒါမှ နွေးသီးလေးက ဇာတ်လိုက် (Title Character) လုပ်ရမှာလေ။ 😉

  • windtalker

    November 1, 2011 at 12:45 pm

    အနော် က တော့ ကိုကို ့ကို ဘဲ အားကျနေမိတယ်
    လေးပေါက်ရေ … 🙂

  • etone

    November 1, 2011 at 12:59 pm

    လေးပေါက်ရေ… ကိုလတ်ဆိုတာ ဘယ်သူလဲဟင် … နောက်တပိုင်းလာဦးမှာလား …။

  • comegyi

    November 1, 2011 at 1:27 pm

    သိပ်ကောင်းတဲ့ ပို့(စ်) ပဲ
    ကိုပေါက်ရေ့ အားပါးတရဖတ်ရှုသွားပါတယ်……

  • pooch

    November 1, 2011 at 1:50 pm

    “ပိုပို” ကိုလည်း ပြောချင်တာလေး ရှိတယ်…
    အတိတ်ဆိုတာ ပြန်ပြင်လို့ မရတဲ့ ပန်းချီကားတစ်ချပ်ဆိုပေမဲ့လို့ ….
    အခုဆွဲမဲ့ ပန်းချီကား အသစ်မှာတော့ ကိုယ့်ဘဝကို သူလို ငါလို ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်ပိုင်မိသားစုဘဝလေး ကို တည်ဆောက်နိုင်ပါတယ်လို့……..
    နောက် ခမ်းနားလှပတဲ့ ပန်းချီကားလေးကိုလည်း ပိုပို့ အိမ်ရှေ့ ဧည့်ခန်းမှာရော … နှလုံးသားထဲမှာရော ရာသက်ပန် ချိတ်ဆွဲ ထားနိုင်ပါစေလို့ ….. ဆုတောင်းပေးလိုက်ပါတယ်…..

    (လေးပေါက်ကတော့ ရသစာပေတွေကို လူတွေရဲ့ ရင်ထဲကို ရောက်အောင်ရေးတတ်လိုက်တာ
    ဒါမျိုးလေးတွေက ဖြစ်တတ်တယ် ထင်တယ်)

  • blackchaw

    November 1, 2011 at 2:42 pm

    ရသ သမား ကိုပေါက် လို့ တင်စားချင်ပါတယ်ဗျာ။

  • yaungchikha

    November 1, 2011 at 4:08 pm

    တကယ်တော့ အတိတ်ဆိုတာပြန်လည်ပြင်ဆင်ခွင့်မရှိတဲ့ ပန်းချီကားတစ်ချပ်လိုပါဘဲ ဆိုတဲ့ အရေးအသားလေးကို အရမ်းကြိုက်ပါတယ်……………

  • နီလေး

    November 1, 2011 at 4:26 pm

    အိမ်တစ်အိမ်မှာ တစိမ်းဝင်လာရင် အဲလိုပါပဲ

  • ဆူး

    November 1, 2011 at 5:23 pm

    လေးပေါက်ကတော့ အမြဲတမ်း လက်ရည်က တက်မြဲပဲ
    ဆူးတော့ စာမရေးတာ ကြာတော့ စာရေးပြီးရင်လည်း ကိုယ့်ဟာကို သဘောမကျလှဘူး ဘာလိုနေမှန်းကို မသိဘူး။ စာရေးဆရာ မလုပ်ချင်ဘူး ဆိုတဲ့ စိတ်ဖြစ်မိတယ် ခဏခဏပဲ.. အခုတော့ ကွန်မန်းတွေ ပေးပြီး ရွာထဲမှာ တပ်လှန့်နေတယ်။ ဟိဟိ..

  • ကိုလတ်ဆိုတာက ကိုကြီးလို့ရေးရမှာကိုမှားရေးလိုက်တာပါဗျ။
    မနေ့ညက ပြန်ဖတ်တော့မတွေ့ဘူး၊
    ဒီနေ့တင်ပြီးမှ တွေ့လိုက်တာ။
    ကျနော်အမှားပါ။
    (1-11-11)နေ့နဲ့တိုက်ပြီး ဒီပိုစ်လေးကို သေချာတင်တာပါခင်ဗျာ။

  • Yin Nyine Nway

    November 1, 2011 at 7:02 pm

    1လေးလုံးမှာတိုက်တိုက်ဆိုင်ဆိုင်အမှတ်တရလေး ရသွားလို့…
    တကယ်ဖတ်လို့ကောင်းတယ်
    နောက်ဆက်တွဲလေး မျှော်နေတယ်နော်…

  • TTNU says: (Edit)

    ကိုကြီးကြောင်
    သေချာဖတ်လေကွာ။ နွေးသီးက ကိုကြီးနဲ့ လင်းလင်းတို့ရဲ ့ သား…ကောင်လေးလေ။
    မမနွေးသီး မဟုတ်ဘူးလေ။
    ရေနွေးကြမ်းသောက်တာများသွားပြီလားကွယ်။

    တီတီနုရေ
    ကြောင်ကြီး မမှားဘူးရယ်။
    သူ့မှာက နွေးသီးနဲ့ပါတ်သက်တဲ့ မြုတ်ကွက်လေးတွေရှိတယ်။

    • ကြောင်ကြီး

      November 2, 2011 at 8:59 am

      ကြောင်ကြီးကို ဂျလေဘီ ထင်နေတဲ့အထဲမှာ တီတီနုလည်း ပါလာပြီ။ အမြန်ဆုံး ကြောင်ကြီးနဲ့ နာနာတို့အကြောင်း ပို့စ်တင်ပြီး ဖြေရှင်းပေးပါ ဦးလေးပေါက်။

  • တူတော်မောင်ကြောင်ကြီး
    ယောင်ယောင်ပြီး နာနာလို့အော်တော့
    အိမ်ဘေးနားက အမီနာ
    သူ့ကိုခေါ်တယ်မှတ်
    စိတ်ဓါတ်တွေတက်ကြွ
    မနက်ထထ ရေချိုးတာ

    လေဖြတ်သွားပါသတဲ့ကွယ်။

Leave a Reply