ကျနော်ကြားဘူးသောပုံပြင် ၂ ပုဒ်
ကျနော်ပုံပြောပြပါရစေဗျာ။
အဲ တခုတော့ရှိတယ်ဗျ
(တယောက်တဝက်စားမယ်လို့လာမနောက်နဲ့နော် ဒီမှာအတည်ပြောမလို့)။
မျက်လှဲ့မပြခင်ဆေးရောင်းသလို ဆေးနဲနဲရောင်း (အဲလေ) နဲနဲရွှီးအုန်းမယ်ဗျာ။
ကျနော် ဗီလိန်ဆိုတဲ့ ပို့စ်တင်တော့ လူတော်တော်များများဟာဗီလိန်ဗီဇစိတ်မပါဘူးဆိုတာ
ခံစားသိရှိရတယ်ဗျာ။ဝမ်းသာမိတယ်။အဲဒီစိတ်တွေရှိတာ။
နောက်ဝမ်းနဲမိတယ်။လောက(အထူးသဖြင့်ကျနော်တို့ရဲ့မြန်မာပြည်ကြီး)မှာအများကြီးရှိနေလို့။
ဂေဇတ်အသိုင်းအဝိုင်းကလူတွေလိုများစိတ်သဘောထား၊မြင့်မြတ်ကောင်းမွန်ကြရင်ကျနော်တို့ခင်ဗျားတို့
အရမ်းပျော်ဘို့ကောင်းသွားမှာဘဲဗျာ။ ကျနော့ရဲ့ ပို့စ်မှာ ကော်မန့်ပေးခဲ့သူများကိုကျေးဇူးအထူးတင်ရှိပါတယ်။
အထူးဖော်ပြလိုတာက အကောင်းဆုံးကော်မန့်ပေးခဲ့တဲ့ ကိုနေးချားနဲ့ မရွှေအိ
ကိုအထူးဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။
ကိုနေးချားက သည်သို့ဆိုပါတယ်…………….မင်းသားဇာတ်ကမလား ဗီလိန်ဇာတ်ကမလား
ကိုယ်ကြိုက်တာရွေးလို့ရပါတယ်။ မင်းသားဇာတ်ကမယ်ဆိုရင်တော့ ခက်ခဲမှုရှိနိုင်ပါတယ်။ မင်းသားဇာတ်
ကမယ်ဆိုရင်တော့ သစ္စာတွေ မေတ္တာတွေ ကိုယ်ချင်းစာတရားတွေကို သိရှိ ယုံကြည်ပြီး လိုက်နာဖို့လိုပါမယ်။
ဗီလိန်ဇာတ် ကမယ်ဆိုရင်တော့ ဘာမှမလိုပါဘူး။ ကိုယ့်ရဲ့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကိုယ်ကြိုက်တာ
ကိုယ်လုပ်ရုံပါပဲ။အင်မတန်လွယ်ပါတယ်………………တဲ့။
မရွှေအိကတော့ သည်လိုပါခင်ဗျ……………
သူတပါးအကျိုးပျက်စီးရာပျက်စီးကြောင်း ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တတ်သူကိုတော့ ဗီလိန် (main bad character
in a story (or) criminal) ဆိုတာထက် လူဆိုး၊ လူညစ်၊ လူသွမ်း ၊ လူယုတ်မာ လို့ ဗမာလို အားရပါးရ
ခေါ်လိုက်ချင်တယ် ကိုသစ်မင်းရေ…………………….တဲ့။
ကဲ ဘယ်ကလောက်ကောင်းလိုက်ပါသလဲ ပြောချင်တာက အမှန်တရားကို”ချစ်”တာ။
တရားမျှတမှုကို”ချစ်”တာ။ အဲ အဲဒီလို တကယ် “ချစ်”နိုင်ရင်လူတွေကိုမေတ္တာ ထားနိုင်တယ်လို့ပြောတာနဲ့
တူတူပါဘဲ။
မပြောကြပေမဲ့ အချင်းချင်းရိုင်းပင်းစွာ(အများအားဖြင့်)ရှိကြတဲ့ ဒီဂေဇက်လေးမှာအားလုံးသောမင်ဘာများဟာ
အခုလိုစိတ်တွေရှိသူတွေဘဲဆိုတာသူတို့ရဲ့စာအရေးအသားတွေအရအားလုံးသိပြီးသားပါနော့။
ကျနော်တို့ဂေဇက်လောက်ညီညွတ်ရင်တောင်ကျနော်တို့ချစ်တဲ့မြေ ဟာ သာယာပါပြီဗျာ။
စဉ်းစားကြတာပေါ့နော်။
ကဲ ပုံပြောပါတော့မယ်နော်။ကြားဘူးသူများလဲရှိမှာပါ…..
“ဖြစ်သမျှအကြောင်းအကောင်းချည်းပါဘဲ”
ရှေးတုန်းကပေါ့…
တိုင်းပြည်တပြည်မှာမင်းလုပ်အုပ်ချုပ်နေတဲ့ရှင်ဘုရင်ကြီးတပါးမှာ
“ဖြစ်သမျှအကြောင်းအကောင်းချည်းပါဘဲ”လို့ပြောလေ့ရှိတဲ့ ပညာရှိအမတ်တပါးရှိပါတယ်တဲ့။
တနေ့ဘုရင်ကြီးရဲ့မိဘုရားခေါင်ကြီးနာမကျန်းဖြစ်လို့ဘုရင်ကြီးကစိတ်ညစ်နေတာကိုမှူးကြီးမတ်ရာ
သေနာပတိတွေက သူတို့ကပါဘယ်လို စိတ်မကောင်းဖြစ်ရကြောင်းဝိုင်းရွှီးကြသတဲ့။အမတ်ကြီးကတော့
ဆိတ်ဆိတ်သာနေလို့ ဘုရင်က ဟဲ့ အမတ်ကြီး သင်ကရောဘာမှပြောစရာမရှိဘူးလားဆိုတော့
အမတ်ကြီးက “ဖြစ်သမျှအကြောင်းအကောင်းချည်းပါဘဲ”ဖရားလို့ လျှောက်တင်သတဲ့။
ဘုရင် “ခု” သွားပြီပေါ့ဗျာ။သဘောမကျဘူး။
အဲဒါနဲ့ နောက်တပတ်လောက်ကျတော့ ဘုရင့်စီးတော်မြင်းကြီး သေပါလေရော။
ဒီလိုဘဲ ကပ်ဖား၊ရပ်ဖား၊ထိုင်ဖား၊တုံးလုံးပက်လက်ဖား၊
တွေကအကြီးအကျယ်စိတ်မကောင်းကြောင်းအလုအယက်လျှောက်
တင်ကြပေမဲ့ အမတ်ကြီးကတော့ “ဖြစ်သမျှအကြောင်းအကောင်းချည်းပါဘဲ”ဖရားလို့ဘဲ
လျှောက်တင်ပြန်ရောတဲ့။
ဘုရင်”တင်း”ပြီ၊အင်း ဒီအမတ်နော်။ငါနော်ပေါ့။
အတ္တကမာနကိုမွေးတယ်… မာနကအတ္တကိုပြန်ပြီးလုပ်ကြွေးတယ်လေ။
ကြာလေထွားလေ၊ အတ္တနဲ့မာနကိုပြောပါတယ်။(ပြောနေရင်းနဲ့၊လမ်းကနဲနဲလွဲရမှ၊ဝါသနာ)
ဒီလိုနဲ့နေလာရင်း တနေ့တော့ ဘုရင်ကြီးတောလည်ထွက်၊သမင်လိုက်တယ်ပေါ့ဗျာ။
လိုက်ရင်းနဲ့ ဒဏ်ရာရသွားတဲ့ သားကောင်ကို၊” ခြုံတိုးပြီးလိုက်ရင်း ရှေ့ကပိတ်နေတဲ့ ခြုံကိုဓားနဲ့
ခုတ်လိုက်တာမှာကိုယ့်လက်ကိုယ်ပြန်ခုတ်မိလို့ လက်မပြတ်သွားပါရောတဲ့။
ဟာ… ဝရုန်းသုံးကားနဲ့ အမြန်ပြန်လာကြ၊ဆေးဆရာတွေနဲ့ကုရသရနဲ့နန်းတွင်းတခုလုံးပြာယာခပ်သွားတာပေါ့။
ဟောလာပါပြီ မနက်ညီလာခံ၊..
ထုံးစံအတိုင်း အဖားတော် စာရင်းကိုဂုဏ်ထူးနဲ့အောင်ထားကြတဲ့ မှူးကြီးမတ်ရာတွေက
စိတ်မကောင်းကြောင်းကိုအကျယ်ချဲ့နေကြပါသတဲ့။
အဲ ဗျာ၊ အမတ်ကြီးအလှဲ့ရောက်ပါပြီ။
ဘုရင်က ဟဲ့အမတ်ကြီး ငါ့လက်မပြတ်တာရော “ဖြစ်သမျှအကြောင်းအကောင်းချည်းပါဘဲ”လို့
ပြောအုန်းမှာလားလို့မေးသတဲ့………….
အမတ်ကြီးကလဲမှန်လှပါဖရား အဲဒီအတိုင်းပါဘဲလို့လဲ လျှောက်ကရော၊ မရှိတော့တဲ့လက်မနေရာကနာနေရ
တဲ့ဘုရင်ကြီး အကြီးအကျယ် ပေါက်ကွဲပြီပေါ့ဗျာ။
ကောင်းပြီ မောင်မင်း ငါလက်အနာ သက်သာရင်တောပစ်ပြန်ထွက်မယ်၊ ဒီတခါမောင်မင်းပါလိုက်ခဲ့ရမယ်လို့
အမိန့်တော်ချလိုက်သတဲ့။
အဲ နောက် ဘုရင်ကြီးလဲလက်အနာပျောက်ရော အမတ်ကြီးကိုခေါ်ပြီးတောထဲသွားကြတယ်ပေါ့။
ဒီ တခါ လာတာက အမဲလိုက်ဖို့လို့ပြောပေမဲ့ ဘုရင်ကအကြံနဲ့လေ။
တောနက်နက်ကြီးထဲကိုရောက်အောင်သွားကြတယ်။
ပြီးတော့ ချောက်ကမ်းပါး ကြီး တခုဆီလဲရောက်ရော၊
ကဲ အမတ်ကြီးရေ “ဖြစ်သမျှအကြောင်းအကောင်းချည်းပါဘဲ”ဆိုတဲ့အတိုင်း သင့်ဟာသင်ကောင်း
ပေတော့ဆိုပြီးအတင်းဝိုင်းချုပ်ပြီး ချောက်ထဲတွန်းချလိုက်ပါသတဲ့။
အင်း အမတ်ကြီးလဲ ချောက်ထဲကျသွားရှာရောတဲ့။
(အင်း နော် မဖားတတ်တဲ့ကောင် ချောက်ထဲတွန်းချတာ ဟိုတုန်း ကတည်းကကိုး ဟဲဟဲ)
ရှင်ဘုရင်လဲ ဝမ်းသာအားရပေါ့။တဟားဟား နဲ့ “ဖြစ်သမျှအကြောင်းအကောင်းချည်းပါဘဲ”ဆိုတဲ့ကောင်
သွားရှာပြီပေါ့။
ပြောလိုက်ရယ်လိုက်နဲ့ ခရီးဆက်ခဲ့ကြတာ၊တောကနက်သထက်နက်ပြီး၊ လမ်းပျောက်ပါလေရော။
မျက်စိလည်နေတုန်းမှာဘဲ လူသားစားလူရိုင်းတွေနဲ့တိုးပါလေရောဗျား။
လူရိုင်းတွေက လူတွေကအများကြီး လက်ထဲမှာလဲ အဆိပ်လူးမျှားတွေနဲ့ မှုတ်ပြောင်းတွေလက်နက်အစုံနဲ့
ဆိုတော့ မခုခံသာဘူးတဲ့။
“ဟူလေတိတ်၊ဟူလေတိတ်၊မပြဲ့နေး၊ မပြဲ့နေး”
“ဟောင်ကေတိတ် ဟောင်ကေတိတ် အမန်းဖိ၊ ကျီနဲ့ချိုး၊ကျီနဲ့ချိုး”
ဆိုပြီး ဝိုင်းဖမ်းပြီးကြိုးတွေနဲ့ ချည်နှောင်ပြီးသူတို့ရွာကိုခေါ်သွားကြပါရောတဲ့။
လူရိုင်းရွာကိုရောက်တော့ ယဇ်ပူဇော်ဘို့တိုင်တွေမှာချည်ကြတယ်။
အဲ နတ်ဘုရားရုပ်ထုကြီးရဲ့ရှေ့တဲ့တဲ့မှာတော့ သူများထက်ထူးပြီး ပြောင်ပြောင်ရောင်ရောင်ဝတ်ထားတဲ့
ဘုရင်ကြီးကို(Special dish) အနေနဲ့ နတ်ကိုယဇ်ပူဇော်ဖို့ တိုင်မှာချည်ထားတယ်ပေါ့နော်။
ခဏကြာတော့နတ်ဆရာလာပါပြီ။
ဘုရင်ကြီးကိုသေသေခြာခြာစစ်ဆေးပါသတဲ့။
တော်တော်ကြာအောင်လဲ စစ်ဆေးပြီးရော နတ်ဆရာ ထအော်တော့တာပါဘဲ။
“မင်းတို့ကောင်တွေ ဘာမှ နားမလည်ကြဘူးလား”
“ဒီလူကိုသေခြာကြည့်စမ်း၊ ဒီလူမှာလက်မတချောင်းမရှိဘူးကွ”
“ဒီလိုအင်္ဂါမစုံတဲ့ သူကို နတ်ပူဇော်လို့မရဘူးဆိုတာ မင်းတို့ကိုဘယ်နှခါပြောရမလဲ၊
သူ့ကိုခုလွှတ်ပေးလိုက်၊ ဒီမှာအသုံးမဝင်ဘူး”လို့ ပြောလိုက်သတဲ့။
လူရိုင်းကောင်တွေလဲ ဘုရင်ကိုကြိုးဖြည်ပေးပြီးလွှတ်လိုက်ကြရတာပေါ့ဗျာ။
ကျန်သူတွေအားလုံးကိုတော့ယဇ်ပူဇော်ဖို့လုပ်ကြတယ်တဲ့။
ရှင်ဘုရင်ကြီးလဲဝမ်းသာအားရနဲ့ မြန်မြန်ထွက်ပြေးတာပေါ့။
ပြေးရင်းနဲ့ စဉ်းစားမိသွားတယ်။
ဟာ အမတ်ကြီးပြောတဲ့ “ဖြစ်သမျှအကြောင်းအကောင်းချည်းပါဘဲ”ဆိုတာမှန်လှချည်လား။
ကြည့်စမ်း ငါလက်မ မပြတ်ရင်ခုလောက်ရှိ ဟိုကျန်တဲ့လူတွေနဲ့အတူယဇ်ပူဇော်ခံရပြီးသေပြီ၊
ခုတော့ လက်မပြတ်ခဲ့တဲ့ ဖြစ်သမျှအကြောင်းလေးဟာကောင်းလှချည်လားလို့စဉ်းစား၊တဆက်ထည်းမှာဘဲ
အမတ်ကြီးကို ကယ်ဘို့ ချောက်ရှိရာပြန်လာခဲ့ပါတယ်တဲ့။
ကြိုးတွေဘာတွေရှာပြီး၊ချောက်ထဲပစ်ချပေးပြီး အမတ်ကြီးကိုကယ်တင်ပြီးနောက်မှာ ရှင်ဘုရင်က
မောင်မင်းပြောတာ….မှန်ပါပေတယ်။ ကျေးဇူးတင်မိပါပြီ။
ခု မောင်မင်းပြောသလိုဖြစ်သမျှအကြောင်းအကောင်းချည်းပါဘဲ မောင်မင်းကိုခုလိုသေကြောင်းကြံမိတဲ့
အပြစ်အတွက်လဲ၊အကျွန်နုပ်ကိုခွင့်လွှတ်ပါလို့ တောင်းပန်သတဲ့။
အမတ်ကြီးက” အရှင်မင်းကြီးရယ်၊တကယ်တမ်းကျေးဇူးတင်ရမှာကကျွန်တော်မျိုးပါ၊
အရှင်မင်းကြီးသာ သေကြောင်းကြံပြီး ဒီချောက်ထဲတွန်းမချခဲ့ရင် ကျွန်တော်မျိုးလဲခုလောက်ရှိယဇ်ပူဇော်ခံရလို့
သေနေပြီပေါ့၊အခုတော့သေကြောင်းကြံခံရတဲ့ ဖြစ်သမျှအကြောင်းကအကောင်းဖြစ်သွားရတာပေါ့”လို့
ပြန်လျှောက်တင်လိုက်ပါတယ်တဲ့။
အင်း ကျနော်တို့လဲအခက်အခဲအကြပ်အတည်းတွေကိုဖြစ်သမျှအကြောင်းအကောင်းလို့မှတ်ယူ(နိုင်တဲ့)အခါ
မျိုးတွေရှိမှာပါနော်။
ပြီးသေးဘူးနော်။ ဒီတပုဒ်ထဲနဲ့ပြောစရာရှိရင်အောင့်ထားအုန်းနော်။နောက်တပုဒ်နဲ့ညှိကြည့်မယ်လေ။
“ငါး ၃ ကောင်”
ခပ်တိုတိုလေးပါဘဲ။ဒီပုံပြင်ကတော့ အားလုံးသိပြီးသားလို့ထင်ပါတယ်။ဒါနဲ့ပတ်သက်ပြီးပြောစရာရှိလို့ပါ။
တခါက တံငါသည်တယောက်ဟာ ငါးတွေဖမ်းမိလာတယ်။
လှေဝမ်းထဲမှာရှိတဲ့ ငါတွေထဲမှာ ကံငါး(ကံကိုလွန်စွာယုံ၍နေသောငါး)၊ဉာဏ်ငါး(ဉာဏ်ကြီးသောငါး)
ဝီရိယငါး(ဝီရိလွန်သောငါး) ဆိုတဲ့ငါး ၃ ကောင်ပါ၊ပါတယ်တဲ့။
ကံငါးကကံဘဲ ဆိုပြီးဘာမှမစဉ်းစားဘဲ ညိမ်ညိမ်လေးနေ၊နေပေမဲ့
ဝီရိယငါးကတော့ ဝီရိယတွေလွန်ပြီး လွတ်မြောက်ဘို့ ထထခုန်နေလို့ တံငါသည်ကလှော်တက်နဲ့
ရိုက်ချလိုက်တာစောစောစီးစီး ဇီဝိန်ကြွေသွားပါတယ်တဲ့။
အဲ ဉာဏ်ငါးကတော့ ဉာဏ်နဲ့ စဉ်းစားပြီး လှေတချက်အစောင်းမှာ အားနဲ့တအားခုန်လိုက်တာရေထဲကျပြီး
လွတ်သွားပါရောတဲ့။
ကံငါးလေးကတော့ကံကိုဘဲယုံပြီး နေတာမို့ နောက်ဆုံးသေတဲ့အထဲပဲပါသွားရှာတယ်တဲ့။
ကဲ ကျနော်တို့ ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲဆိုပြီးလဲ နေခဲ့ “ရ” ပြီးပါပြီ။
ကံ= ကမ်မ=အလုပ် ဆိုတာကိုမစဉ်းစားဘဲ ဘာမှမလုပ်ထိုင်စောင့်နေတတ်တဲ့
ကံငါးလို ကံကိုဘဲပုံနေအုန်းမှာလား။
အချိန်မတန်ဘဲဝီရိရစိုက်ထုတ်ခဲ့မိတဲ့အမှားတွေလဲရှိချင်ရှိရှိခဲ့မှာပေါ့နော်။
ဉာဏ်ငါးလို ဉာဏ်ထုတ်ရမဲ့ အချိန်တန်နေပြီဆိုရင်တော့ အားကုန်ရုန်းပလိုက်ရမှာနော်။
ချင့်ချိန်ကြရအောင်ပါ။
“အချိန်တန်ပြီလား”လို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကိုလေးစားပါသည်
မောင်သစ်မင်း(^^)
16 comments
windtalker
November 1, 2011 at 7:28 pm
ကိုရွှေအိ မဟုတ်ဘူး ဂျ ၊ မရွှေအိ တဲ့ ၊ အန်ဂျီအိုက အပျိုမမကြီးပေါ့
ဖြစ်သမျှ အကြောင်း အကောင်းချည်းဘဲ ဆိုတာကို
အနော် တစ်ကယ်ကို လက်ခံယုံကြည်ပါတယ် ကစ်သိုရေ
လူတစ်ယောက်နဲ ့တစ်ယောက် ကံကြမ္မာချင်း မတူနိုင်လို ့၊ ဘိုင်သေ ပြောလို ့မရနိုင်ပေမယ့်
အနော် ကြုံခဲ့တဲ့ အနော့်အတွေ ့အကြုံ အရ ဆိုရင်တော့
“ဖြစ်သမျှ အကြောင်း အကောင်းချည်းဘဲ ” ဆိုတာကို လက်ခံတယ်ဗျို ့
ဒုတိယ ပုံပြင်လေးကတော့
ဥပမာ နှိုင်းယှဉ်ပြရရင်
ကားအဟောင်းတွေ အပ်ခံမယ် ဆိုတဲ့ သတင်းသဲ့သဲ့ စထွက်ချိန် မှာ လူတွေ လုပ်ခဲ့တဲ့ ဖြစ်ခဲ့တဲ့
အတွေးတွေ ၊ လုပ်ပေါက်တွေ နဲ ့တစ်ထပ်ထဲ ကြမယ် လို ့ မြင်မိတယ်ဗျို ့
thit min
November 1, 2011 at 10:20 pm
ညီရေ
သင့်ခရု(သူပြောသလို) ပြင်လိုက်ပြီနော်။ “ကို” နဲ့ “မ” ကို။
blackchaw
November 1, 2011 at 7:41 pm
ကိုသစ်မင်းရေ။
ကျွန်တော် ဝင်ဖတ်သွားပါတယ်ဗျာ။
thit min
November 2, 2011 at 10:51 am
(^^)ကိုပေရေ………………
နောက်ကိုပြန်လှဲ့ကြည့်လိုက်လို့ကိုယ်မှားချင်မှားခဲ့မယ်နော်။
ဒါပေမဲ့ နောက်မမှားဘို့သင်ခန်းစာတော့ဖြစ်သွားတာဘဲ။
အဲ အခက်အခဲဆိုတာကျတော့ Blessing in disguise လဲဖြစ်နိုင်တယ်။
တချို့စိန်ခေါ်မှု Challenges တွေဟာ အခွင့်အလန်း Opportunities/Chances တွေဖြစ်နေတာမျိုးပေါ့။
~~~~~~~~~~~~~~~~~
(^^)ကိုဘလက်ရေ
ကျေးဇူးပါဗျာ။စဉ်းစားစရာအဖြေလေးဘာလေးပါတဲ့ ကော်မန့်လေးလဲချီးမြှင့်ပါအုန်းခင်ဗျာ။
comegyi
November 2, 2011 at 1:27 am
ကိုသစ်တို့ကဗျာ . . ပို့(စ်)တစ်ခုတင်ရင် ပရိသတ်ကြီးကိုစိတ်နှလုံးလည်း ပြုံးရွှင်စေသလို အတွေးစိတ်ကိုလည်း အမြဲအလုပ်ပေးတယ်….ပုံပြင်လေးတွေကတော့လူသားတွေရဲ့ဘဝအဖြစ်သနစ် စုံတွေကနေ စီးဆင်းလာတဲ့ ကောင်းဆိုးကြောင်းကျိုးရသလေးတွေနဲ့ထုံမွှမ်းထားတဲ့အတွက် ကောင်းတဲ့အမြင်၊ ကောင်းတဲ့စိတ်ထား ၊ ကောင်းတဲ့အပြုအမူကိုလက်ခံကျင့်ကြံဖို့အတွက် သိပ်ကိုလွယ်ကူတဲ့စိတ်ကိုဖြစ်ပေါ်စေတယ်။
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဆိုတဲ့ပုံပြင်နဲ့ အောက်က ငါးသုံးကောင် ပုံပြင်နှစ်ခုကိုဖတ်ပြီး ကျွန်တော်လည်း ယှည်ပြီးစဉ်းစားမိတယ်။
အပေါ်က ဖြစ်သမျှအကြောင်းချည်းပဲဆိုတာက ဇာတ်လိုက်သည် ဘယ်လောက်ခံရခံရ နောက်ဆုံးမှာနိုင်သည်ဆိုတဲ့ အဖြေမျိုးနဲ့ဆင်နေတယ်။
အောက်က ငါးသုံးကောင်ပုံပြင်မှာ ကျပြန်တော့လည်း ကံငါးလည်း အခြေအနေမကောင်း၊ ဝီရိယငါးလည်း အခြေအနေမကောင်း၊ ဉာဏ်ငါးတစ်ကောင်ပဲ အခြေအနေကောင်းပြန်တယ်။ အဲဒီအခါကျတော့လည်း ကားမောင်းသမားနဲ့ဆင်ခြင်ကြည့်မယ်။ သိပ်ကိုစည်းကမ်းကောင်းကောင်း သတိရှိရှိနဲ့ကားမောင်းသမားတစ်ယောက်ပေါ့ ပြောရရင်ဉာဏ်နဲ့မောင်းတဲ့လူလို့ပြောနိုင်တဲ့လူစားမျိုးပေါ့ ။ ဒါပေမဲ့ ကားသမားဆိုတာ ကိုယ်ဘယ်လောက်မှန်မှန်တဘက်သားမှားရင်လည်း ယာဉ်တိုက်မှုဖြစ်တတ်တယ်ဆိုတာ ရှိတယ်လေ။ ဒီတော့ အဲဒီနေရာမှာ ဉာဏ်ကိုချည်းပဲအားကိုးလို့ကမရပြန်ဘူး ၊ ကံကလိုအပ်ပြန်ရော။
ဒီတော့ အပေါ်က အမတ်ကြီးလည်း နောက်တစ်ခါကျလို့ရှိရင် ဘုရင်ကြီးကိုလျှောက်တဲ့အခါသူ့ရဲ့အော်တိုမစ်တစ်အဖြေဖြစ်တဲ့ ဖြစ်သမျှအကြောင်းအကောင်းချဉ်းပဲဆိုတာကို ချည်းမလျှောက်ဘဲ အခြေအနေအချိန်အခါကိုကြည့်ချင့်ချိန်လျှောက်စေချင်သလို။ ဉာဏ်သမားငါးကလည်း ကံအကြောင်းမလှစွာ ဥတုရာသီကောင်းလို့ ရေပြင်ငြိမ်သက်လို့ လှေမစောင်း၊ မလှုပ်မရှားဖြစ်တဲ့အခါ ဒုက္ခရောက်တတ်ပါတယ်။ ဒီတော့ဗျာ အားလုံးကြားဖူးတဲ့ ဟာသတစ်ခုလို ကမ္ဘမှာ ရုပ်အဆိုးဆုံးနဲ့ဉာဏ်အကောင်းဆုံး လူတစ်ယောက်နဲ့ ကမ္ဘာမှာ ရုပ်အလှဆုံးနဲ့ဉာဏ်အတုံးဆုံး မိန်းမတစ်ယောက်။ မိန်းမက ရှင်နဲ့ကျွန်မနဲ့ပေါင်းမိရင် ကျွန်မလိုရုပ်လှပြီး ရှင့်လိုဉာဏ်ကောင်းတဲ့ကလေးလေးမွေးရင်သိပ်ကောင်းမှာပဲ။ ယောက်ျားက ငါ့လိုရုပ်ဆိုးပြီးနင့်လိုဉာဏ်တုံးတဲ့ကလေးမွေးလာရင် မခက်လား ဆိုတာကလည်း ရှိပြန်သေးတော့….။ အင်း ကျွန်တော်ကတော့ ကိုသစ်ခင်ဗျား…..လေရှည်မိပါပြီ။ ကိုသစ်ပြောသလိုအချိန်ပြီလားမတန်သေးဘူးလား ကျွန်တော်မဆုံးဖြတ်နို်င်ပေမယ့် ဘယ်အရာနဲ့ကြုံရကြုံရ ကောင်းတဲ့စိတ်ကလေး အထက်တန်းကျတဲ့စိတ်ကလေးထားမယ်ဆိုရင်တော့ ကံ၊ ဉာဏ်၊ လုံ့လဝိရိယဆိုတာလည်း နောက်ကနေ တစ်ယောက်ပြီးတစ်ယောက်လိုက်လာကြလိ်မ့်မယ်လို့တော့ထင်မိသားခင်ဗျ……………..
“ဘီလူးကြီး”ogre
November 2, 2011 at 7:55 am
ဖတ်လိုက်ရတော့ အတွေးတွေ အများကြီးတွေးလိုက်ရတယ်
ကံ/ဉာဏ်/ဝီရိယ ကတော့ ဖြင့် ဒီ(၃)ဌာနကိုပေါင်းစပ်ပြီး
ဟန်ချက်ညီညီ ကြိုးစားလုပ်ဆောင်ရမယ်လို့ သိထားတယ်ဗျ
“ဖြစ်သမျှအကြောင်း”ကတော့ ကျုပ် အထင် မြန်မာတွေဟာ
“အကောင်း”ပဲလို့မှတ်ယူထားဘို့ အစဉ်အဆက် တိုက်တွန်းခဲ့ကြတယ်လို့ယူဆပါတယ်
အမှန်ကတော့ “အကြောင်း” မဖြစ်ခင်ကတဲက “အကောင်း”ဖြစ်ဘို့ ကြိုးစားသင့်လှပါတယ်
“ဖြစ်မယ့်အကြောင်း မကောင်း..ကောင်းအောင်လုပ်”ကြဘို့ လိုမယ်ထင်တာပဲလေ….။။။
pan pan
November 2, 2011 at 10:01 am
“ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ”ဆိုတဲ့ ပုံပြင်က အဒေါ်ပြောပြလို့ ကြားဖူးခဲ့ပါတယ်
ကျမပြောချင်တာကတော့ ကျမလည်း အတိုင်းအတာတစ်ခုထိ အဆိုးတွေကြုံတွေ့ခဲ့ရပါတယ်
အဲလိုကြုံတွေ့ခဲ့ရတဲ့ အဆိုးတွေနဲ့သာ မတွေ့ခဲ့ရရင် အဲလိုကြုံတွေ့ပြီးတော့ ဖြစ်လာတဲ့အကောင်းတွေလည်း ရမှာမဟုတ်ပါဘူး
ကျမလည်း ဆိုးဝါးတဲ့အတွေ့အကြုံတွေ ရခဲ့ပါတယ်၊ အဲဒါကြောင့်လည်း အဲဒီအတွေ့အကြုံအလိုက် ရင့်ကျက်ပြီး စိတ်ဓါတ်တွေလည်း ပြောင်းသွားခဲ့ပါတယ်၊ အမြင်လည်း ပိုကျယ်သွားပါတယ်
ဆိုးတာကြုံတိုင်း ကောင်းတာဖြစ်လာမှာမဟုတ်ပါဘူး
အပေါ်က ကိုဘီလူးမန့်သလို “ဖြစ်မယ့်အကြောင်း မကောင်း..ကောင်းအောင်လုပ်”ကြဖို့လည်း ကြိုတင်လုပ်ဖို့ လိုမယ်ထင်ပါတယ်
အကြောင်းမကောင်းလို့ ဆိုးခဲ့ရင်လည်း ဖြစ်ခဲ့တဲ့အဆိုးတွေကြောင့် ထိုင်ဆွေးမနေပဲ ကောင်းအောင်လုပ်နိုင်ဖို့လိုပါမယ်
ငါးသုံးကောင်မှာလည်း
ဝီရိယလွန် ကျွန်ဖြစ်ဆိုတဲ့စကားလည်းရှိပါတယ်
မလိုအပ်ဘဲ ဝီရိယကိုသုံးနေရင်လည်း လိုအပ်တဲ့အခါကျတော့ အခက်တွေ့နိုင်ပါတယ်
ကံချည်းအားကိုးပြီး ငုတ်တုပ်ထိုင်နေရင်လည်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူး
ဉာဏ်ကောင်းနေတာပဲဆိုပြီး ဝီရိယစိုက်မထုတ်ရင်လည်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူး
ဥပမာ-သိပ္ပံပညာရှင်တစ်ယောက်ဟာ သူက သိပ္ပံပညာရှင်ဖြစ်ဖို့ ကံပါကောင်း ပါလာပါလိမ့်မယ်
ဒါကို ငုတ်တုပ်ထိုင်စောင့်နေလို့မရပါဘူး
ဝီရိယသုံးပြီးလုပ်မှရပါမယ်
ဝီရိယသုံးတယ်ဆိုပြီး ဉာဏ်မသုံးဘဲစိတ်ထဲတွေ့သမျှလုပ်နေရင် သူ့စမ်းသပ်မှု အောင်မြင်မှာမဟုတ်ပါဘူး
အတိုင်းအတာတစ်ခုထိ အားလုံးဆုံမှ အောင်မြင်ဖြစ်ထွန်းမယ်လို့ ထင်ပါတယ်
ကံကောင်းလို့ စင်ပေါ်ရောက်ခဲ့ရင်လည်း ဉာဏ်နဲ့ဝီရိယမရှိရင် စင်အောက်ရောက်သွားမှာပါ
ဉာဏ်ရှိလို့ စင်ပေါ်ရောက်ရင်လည်း ဝီရိယနဲ့ဆက်မကြိုးစားရင် စင်အောက်ရောက်သွားမှာပါ
ဝီရိယကြောင့်ဆိုရင်လည်း ဉာဏ်သာတဲ့လူနဲ့တွေ့ရင် ကိုယ်ကအောက်ပြန်ရောက်မှာပါ
“ကံဟာ အလုပ်ပါပဲ”
အလုပ်ကောင်းကောင်းလုပ်ရင်တော့ တချိန်ချိန် ကံကောင်းကောင်းကြုံရမယ်ထင်ပါတယ်
ကံ၊ ဉာဏ၊် ဝီရိယဟာ အားလုံးအချိုးညီညီ မျှတနေဖို့ လိုမယ်ထင်ပါတယ်
ကျမအမြင်နဲ့ကျမမို့ မှားတာ၊ လိုအပ်တာရှိရင် ပြန်ပြောပါဦ
မသိတာတွေလည်း ပညာယူရအောင်လို့ 🙂
thit min
November 2, 2011 at 11:21 am
ကိုခမ်းကြီးရေ
ကိုဘီလူးရေ
ညီမလေးပန်ပန်ရေ
(^^)
ဟုတ်ပါတယ်။တော်တော်ကောင်းတဲ့ကော်မန့်တွေပါဘဲ။ကျေးဇူးပါ။
ဉာဏ်တော်လျှင်ရှေ့သွားမရှိခြင်း ၊ဉာဏ်တော်သို့အစဉ်မလိုက်ခြင်း၊ ဉာဏ်ဖြင့်မဆင်မခြင်အစောတလျှင်ပြုမိ
ခြင်းသည် နတ္ထိမရှိ လို့ ဓာရဏပရိတ်တော်မှာဆိုထားတာကြားဘူးမှာပါ။
မြတ်စွာဘုရားလမ်းစဉ်ပါဘဲ။
ဉာဏ်ဆိုတဲ့အရာကတော့ မဂ္ဂင်ရှစ်ပါးထဲက(အောက်မှာ)၁ ၂ ၃ ရ ၈ ကိုကိုယ်စားပြုတဲ့သဘောဆောင်တယ်လို့
မှတ်ယူပါတယ်။
အဲဒီဉာဏ်ဦးဆောင်တဲ့ ဝီရိယလိုပါတယ် ကံဆိုတဲ့ အလုပ်က သမ္မာကမ္မန္တ၊ မှန်ကန်သော အမှုကို ပြုခြင်း။သမ္မာအာဇီဝ၊ မှန်ကန်သော အသက်မွေးခြင်း ဖြစ်သင့်တာပေါ့။
မှန်ကန်သောအလုပ်ရဲ့နောက်မှာမှသမ္မာဝါယာမ၊ မှန်ကန်သော အားထုတ်ခြင်း(ဝီရိယလို့ပြောပါရစေ)လိုက်ပါမယ်။
၁။ သမ္မာဒိဋ္ဌိ၊ မှန်ကန်သော အသိအမြင်။ (ပညာမဂ္ဂင် ၂-ပါး၊)
၂။ သမ္မာသင်္ကပ္ပ၊ မှန်ကန်သော အကြံအစည်။
၃။ သမ္မာဝါစာ၊ မှန်ကန်သော စကားကို ပြောဆိုခြင်း။ (သီလမဂ္ဂင် ၃-ပါး၊)
၄။ သမ္မာကမ္မန္တ၊ မှန်ကန်သော အမှုကို ပြုခြင်း။
၅။ သမ္မာအာဇီဝ၊ မှန်ကန်သော အသက်မွေးခြင်း။
၆။ သမ္မာဝါယာမ၊ မှန်ကန်သော အားထုတ်ခြင်း။ (သမာဓိမဂ္ဂင် ၃-ပါး၊)
၇။ သမ္မာသတိ၊ မှန်ကန်သော ဆင်ခြင်အောက်မေ့ခြင်း။
၈။ သမ္မာသမာဓိ၊ မှန်ကန်သော တည်ကြည်ခြင်း။
ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲလို့ပြောဆိုတဲ့သူဟာပညာရှိအမတ်ကြီးပါ၊နေရာတကာသုံးတဲ့သဘောမဆောင်
နိုင်ပါဘူး။သူလဲအဲဒီဉာဏ်ဦးဆောင်ပြီးပြောဆိုတဲ့သဘောပါဘဲ။
အဲဒီဉာဏ်ဦးဆောင်ပြီးတော့ဘဲ ဉာဏ်ငါးဟာ ကံပေးလာတဲ့လှေစောင်းသွားချိန်မှာ ခုန်တယ်ဆိုတဲ့ဝီရိယစိုက်ထုတ်ရမယ်
ဆိုတဲ့ဉာဏ်ကြောင့်လွတ်မြောက်သွားပါတယ်။
ဒီပုံပြင်၂ခုရဲ့ဆိုလိုရင်းကတော့
“ကျနော်တို့မတတ်သာလို့ ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲလို့ ဆိုပြီးနေခဲ့ရတာ(နေခဲ့ရတာ)ကြာခဲ့ပါပြီ၊
ခုန်ချိန်တန်လို့ ခုန်ရမဲ့ကံပေးလာရင်ခုန်ဘို့ ဝီရိယနဲ့ ခုန်ရမယ်ဆိုတဲ့ဉာဏ်လိုအပ်တယ်”လို့ထင်မိတာကို
တင်ပြလိုခြင်းပါဘဲ။
ကျနော်တို့ခုန်ချိန်တန်ပြီလားဗျာ??????????????????????
ဉာဏ်ဦးဆောင်ပြီးစဉ်းစားရအောင်ပါ။
~~~~~~~~~~~~~~~
အားလုံးကိုကျေးဇူးတင်လေးစားပါတယ်။
ကြောင်ကြီး
November 2, 2011 at 10:26 am
အချိန်တန်လို့
နွားပိန်ကန်
အိမ်ပြန်မတော့
ငစိန်ဆန်.. 🙁
thit min
November 2, 2011 at 10:39 am
နောက်ဆုံးတော့ ကြောင်ကြီးဟာကြောင်ကြီးပါဘဲ။
တော်လိုက်တဲ့ ကိုကြောင်ကြီးပါဘဲ။
ဒီတခါအဖြေမှန်တဲ့၊ဆိုလိုတာကိုတန်းကနဲပြောနိုင်လိုက်သူကတော့။
လူတကာယောင်ပြီးငေးရတဲ့ စူပါကြောင်ကြီးလေးပေါ့ခင်ဗျာ။
ချီးကျူးပါတယ်။
သစ်မင်းရွှေ့ကွက်ကို”မိ”အောင်ဖမ်းနိုင်သောကိုကြောင်ကိုလေးစားပါသည်ခင်ဗျား။
ဒီလိုနှလုံးသားရှိလို့ဒီလိုနားလည်တာဆိုတာသဘောပေါက်ပါတယ်ပေါ့ခင်ဗျာ။
(ဟဲဟဲ လိပ်ဥနဲ့ဆားဘဲနော်ကိုကြောင်ရေ)
etone
November 2, 2011 at 1:53 pm
ကိုသစ်မင်းရဲ့ ပထမပုံပြင် ထဲကလို ပေါ့ဆစ်တစ်ဗ်သင်းကင်း ဆိုတာမျိုးရှိသင့်ပေမယ့် …. အမတ်ကြီးလိုတော့နေရာတကာအမြဲ အကောင်းမြင်တတ်ဖို့ ခက်ခဲပ့ါလိမ့်မယ် … လူဆိုတာမျိုးက စိတ်ခံစားမှုပေါ် မူတည်ပြီး ပြူမူ ပြောဆို ဆက်ဆံတတ်တဲ့ အမျိုးကိုး 🙄
ဒုတိယပုံပြင်ကတော့ ကံကိုယုံပြီး ဆူးပုံမနင်းနဲ့ … ၊ လည်လွန်းတဲ့ ဘီး ချီးသင့် ဆိုတာတွေအပြင် … အကြံကောင်းလျှင် တစ်ချက် ဉာဏ်ကောင်းလျှင် တစ်သက်ဆိုတဲ့ စကားပုံတွေကိုပါ သတိရစေပါတယ် … ။
thit min
November 2, 2011 at 2:12 pm
ညီမ etone ရေ………………..
ကိုယ့်စိတ်ခံစားချက်နဲ့ ဆန့်ကျင်ပြီး ပြုမူပြောဆိုနေရတဲ့ ဘဝတွေလဲများစွာရှိနေပါတယ်။
နုနုလေးနဲ့ နာကျင်ခံခက်လှပါတယ်။ဘယ်သူ့ကိုမှတော့မထိခိုက်ပါဘူးနော်။
ကိုယ့်စိတ်တွေ ပွန်းရတယ်၊အောင်မြင်မှုဆိုတာ သီးခံ ရခြင်းလဲပါသည်လို့ ဆိုပါရစေနော်။
blackchaw
November 2, 2011 at 3:13 pm
မကောင်းလည်း ကျေနပ်၊ ကောင်းလည်းကျေနပ်ဆိုတဲ့ ဘဝ
တရားလည်းခံ မတရားလည်းခံ နေရတဲ့ ဘဝ
မဟုတ်လည်းခေါင်းညိမ့် ဟုတ်လည်း ခေါင်းညိမ့် ရတဲ့ ဘဝ
ကနေ
မှန်ကန်တဲ့ အချိန်တစ်ခုကို မှန်မှန်ကန်ကန် ရွေးပြီး ရုန်းထွက်နိုင်လိုက်တဲ့
ဉာဏ်ငါးကို ဥပမာလေးထားပြီး သတိပေးလိုက်တယ်လို့ ထင်ပါတယ်ဗျာ။
အချိန်မတန်သေးခင် ထုတ်တဲ့ ဝီရိယသမား
အချိန်တန်လျက်နဲ့ အားမထုတ်တဲ့ ကံသမား
အချိန်တန်တာကို သိမှ အားကုန်ရုန်းထွက်တဲ့ ဉာဏ်သမား
အင်း ဆက်ပြောရင် နိုင်ငံရေးတွေ ပါကုန်တော့မယ်ဗျို့။
nozomi
November 2, 2011 at 4:01 pm
အတ္တကမာနကိုမွေးတယ်… မာနကအတ္တကိုပြန်ပြီးလုပ်ကြွေးတယ်လေ
ဒီစကားလေးကို အထပ်ထပ်ရွတ်နေတာ အခေါက် ၂ဝ လောက်တော့ ရှိပြီ၊ ထပ်ရွတ်လိုက်ဦးမယ်
thit min
November 2, 2011 at 4:12 pm
ဒီကနေ့ကျရောက်တဲ့ မွေးနေ့အတွက်
“Happy Birthday!!! ” ပါ ကိုနိုဇိုမိရေ။
စိတ်ရောကိုယ်ပါ အမြဲရွှင်လန်းပါစေလို့ထပ်မံဆုတောင်းပေးပါတယ်ဗျာ။
မာနနဲ့အတ္တ ကင်းစင်ပြီး သာယာသောဘဝတခုကိုလဲပိုင်ဆိုင်ပါစေဗျာ။
comegyi
November 3, 2011 at 1:47 pm
ကိုသစ်ရေ့ …….
ရှင်းသွားပါပြီခင်ဗျား……
ကျေးဇူးပါ ….
အခုအချိန်တန်ပြီးလား မတန်သေးဘူးလား ဆိုတာကို
ကျွန်တော်တို့ရဲ့ နှလုံးသားက
အဖြေပေးပါလိမ့်မယ်လို့ ယုံကြည်ပါတယ် …..
ကျေးဇူးဗျ……